Pages

Tuesday, January 12, 2016

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ စတင်





ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအဖွင့်မိန့်ခွန်းမှာ ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ဖို့ အဆင့်သင့်ဖြစ်နေကြောင်းနဲ့ ၂၁ ရာစုနှစ်နဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံမျိုးကို မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို မိမိတို့ ဆန္ဒအလျောက်
ပါဝင်လက်မှတ်ရေးထိုးဖို့အတွက် ပြောကြားခဲ့သလို နိုင်ငံတော်ကာကွယ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ရေးကို ကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။ဒီသတင်းကို နေပြည်တော်ကို ရောက်ရှိသတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် စတင်လိုက်တဲ့ ဒီကနေ့ဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။

မကြာမီ အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းတော့မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ထာဝရငြိမ်းချမ်းရေး ရရှိရေးနဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“ယခုအချိန်မှာ ပြည်သူပြည်သားတိုင်းရင်းသားများက ကျမတို့ကို ပေးထားသောလုပ်ပိုင်ခွင့်အာဏာ mandate အပေါ်အခြေခံပြီး ထာဝရငြိမ်းချမ်းရေး ရယူရမယ့်တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်ရှိပါတယ်။ အားလုံးက ပူးပေါင်းပါဝင်ကြမယ်လို့လည်း အထူးမျှော်လင့်ပါတယ်။ ကျမတို့မှာ ၂၁ ရာစုနှစ်နဲ့ ကိုက်ညီမှုရှိတဲ့ ပင်လုံညီလာခံမျိုးကို လုပ်ချင်ပါတယ်။”

တိုးတက်လာတဲ့ ဆက်သွယ်ရေးနည်းပညာတွေနဲ့အတူ ၂၁ရာစုညီလာခံကို ကျင်းပပြီး တိုင်းရင်းသားအကြား အပြန်အလှန်နားလည်ယုံကြည်မှုတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ဖို့ကိုလည်းထည့်သွင်းပြောဆို ပါတယ်။

“တိုင်းရင်းသားများအသီးသီးရဲ့ မျှော်လင့်ချက်များကို စုပေါင်းပြီး အကောင်အထည်ဖော်နိုင်မယ်ဆိုတဲ့ အတွေးအခေါ်အယူအဆဟာ ၂၀ ရာစုနှစ်က စခဲ့ပေမယ့်၊ ၂၁ ရာစုနှစ်မှာ လိုအပ်တဲ့ ပင်လုံစိတ်ဓါတ် ၊ တနည်းအားဖြင့် ပြည်ထောင်စုစိတ်ဓါတ်ပဲ ဖြစ်ပါတယ်။ ယခုအခါ ဆက်သွယ်ရေး နည်းပညာတိုးတက်မှုများကြောင့် ကမ္ဘာတ၀ှမ်း အချိန်နဲ့ တပြေးညီ ဆက်သွယ်မှုတွေရှိနေပါတယ်။ နည်းပညာသစ် အခွင့်အလှမ်းများကို အသုံးချပြီးတော့ ယခင်က မစွမ်းဆောင်နိုင်ခဲ့တာမျိုးကို အခုအခါမှာ အောင်အောင်မြင်မြင်လုပ်နိုင်ခြင်းအားဖြင့် ၂၁ ရာစုနှစ် ညီလာခံကြီးကို ကျင်းပ နိုင်မှာပါ။ တိုင်းရင်းသားများအားလုံး အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန် လေးစားမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြမှသာလျှင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCAကို လက်မှတ်မရေးထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်ပြီး အခုလိုပြောကြားပါတယ်။
“လက်မှတ်ရေးထိုးမှုမရှိသေးတဲ့အဖွဲ့များအပေါ်မှာ တပ်မတော်အနေနဲ့ သံသယစိတ်မထားဘဲ၊ မိမိတို့ စိတ်ဆန္ဒအတိုင်းအချိန်မရွေး လက်မှတ်ရေးထိုးနိုင်ဖို့လည်း တံခါးဖွင့်ထားသလိုပဲ နိုင်ငံတော်အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့၊ ပြင်းပြတဲ့ဆန္ဒအမှန်ကိုလည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး စစ်လက်နက်ဖြုတ်သိမ်းရေး၊ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေအတွက်လည်း အခုလို ဖိတ်ခေါ် ပြောဆိုပါတယ်။

“ ဒီမိုကရေစီနဲ့ Federal ကို အခြေခံတဲ့ ပြည်ထောင်စုအရေး ဆွေးနွေးကြတဲ့အခါ လက်နက်ကိုင်ဆောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်လို့မရနိုင်တဲ့အတွက် ယနေ့နိုင်ငံတကာ ပဋိပက္ခ အပစ်အခတ်ရပ်စဲရေး ဖြေရှင်းဆောင်ရွက်ရာမှာ အသုံးပြုနေတဲ့ DDR/SSR လုပ်ငန်းစဉ်များအတိုင်း သင့်တင့်တဲ့ Time Line သတ်မှတ်ပြီးအကောင်အထည် ဖော်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိနိုင်ငံမိမိကာကွယ်ရေးအတွက် တပ်မတော်တစ်ရပ်သာ ထားရှိကြတာကို တွေ့ကြ ရမှာဖြစ်ပါတယ်။ မိမိတို့နိုင်ငံအနေနဲ့လည်း ယင်းမူဝါဒအတိုင်း ကျင့်သုံးဆောင်ရွက်ပြီး မြန်မာ့တပ်မတော်ကို Standard Army အဖြစ် အဖက်ဖက်က တည်ဆောက် လျက်ရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း တပ်မတော်မှာ တာဝန်ထမ်းဆောင် နိုင်ရေးအတွက် ဖိတ်ခေါ်ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။”

လက်ရှိကျင်းပနေတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား လက်မှတ်ရေးထိုးခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်NCA အရ
စတင်ခဲ့တာဖြစ်ပါတယ်။ လောလောဆည်မှာတော့ NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့သာ လက်မှတ်ရေးထိုးပြီး အဖွဲ့ ၁၀ ဖွဲ့ကျော်လောက်က လက်မှတ်မရေးထိုးသလို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကိုလည်း တက်ရောက်လာတာ မရှိပါဘူး။

ဒီကနေ့ စတင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီနဲ့ ဖိတ်ကြားအပ်တဲ့အစုအဖွဲ့က ကိုယ်စားလှယ်တွေအပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံတမန်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဒီညီလာခံကို ပထမအကြိမ်အဖြစ် ၅ရက်ကြာကျင်းပဖို့ ရှိနေပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ ထားဝယ်လေဆိပ်နှင့် ဘုရားကြီးတွင် အဓိက တာဝန်ထမ်းဆောင်




Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၁၂

တနင်္သာရီတိုင်းအတွင်းရှိ တစ်ခုတည်းသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ (Tourist Police) သည် ထားဝယ်လေဆိပ်နှင့် ထားဝယ်မြို့၊ လောကမာရဇိန် (ဘုရားကြီး) ၀င်းအတွင်း အဓိက တာဝန်ထမ်းဆောင်နေကြောင်း ယင်း ရဲတပ်ဖွဲ့ (ထားဝယ်) တပ်ဖွဲ့စိတ်ရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရီးသွား အ၀င်များသော အခြားနေရာများဖြစ်သော မောင်းမကန်ကမ်းခြေ၊ ရှင်မျှော်ဘုရား (အငူ) စသည့် နေရာများကိုလည်း ကား၊ ဆိုင်ကယ်များဖြင့် အလှည့်ကျ လှည့်ကင်းလှည့်ကာ စောင့်ရှောက်ကူညီလျက်ရှိကြောင်း ထားဝယ် တပ်ဖွဲ့စိတ်ရုံးမှ ၎င်းက ဆိုသည်။

ယင်းအပြင် နိုင်ငံခြားသားများ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ မရေးထားသည့် ဘုရားများနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အပြုအမူများအား သိရှိစေရန် ရှင်းပြလျက်ရှိကာ နိုင်ငံခြားသား သာမက ပြည်သူများ လိုအပ်ချက်များကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

“ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားသား ၀င်ထွက်မှုအဆင်ပြေစေရေး ကူညီဖို့ သက်သက်ပါ”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ထားဝယ်ဒေသရှိ နိုင်ငံခြားသား  ခရီးသွားလုပ်ငန်း ကုမ္ပဏီများအနေနှင့်လည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့ထံ အချိန်မရွေး အကူအညီတောင်းခံနိုင်ကြောင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ (ထားဝယ်)တပ်ဖွဲ့စိတ်ရုံး ထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း အခြားဒေသများတွင် နိုင်ငံခြားသားများနှင့် ပတ်သက်၍ ရာဇ၀တ်မှုအချို့ ရှိခဲ့ပြီး ယင်းတပ်ဖွဲ့ရှိလာခြင်းကြောင့် နိုင်ငံခြားသား ခရီးသွားများ လုံခြုံမှုရှိလာကာ ဒေသအား စိတ်ချယုံကြည်လာနိုင်ကြောင်း နိုင်ငံတကာ ကုမ္ပဏီအချို့တွင် အလုပ်လုပ်ကိုင်ဖူးသော ထားဝယ်မြို့ခံ ဦးညွှန့်နှင်း ကဆိုသည်။

“ဒေသအတွင်း ခရီးသွားလုပ်ငန်း ပိုတိုးတက်လာနိုင်မယ်ထင်တယ်” ဟု ဦးညွှန့်နှင်း ကပြောသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၅ ဇွန်လ ကတည်းက ထားဝယ်ဒေသအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည်များနှင့် ပတ်သက်သည့် အမှုအခင်းမရှိဖူးသေးကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် တပ်ဖွဲ့ဝင်အင်အား ၇ ဦးရှိပြီး မီးတန်းကား တစ်စီး၊ ဆိုင်ကယ် နှစ်စီးနှင့်စက်ဘီး နှစ်စီး တို့ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။

Dawei Watch

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပေါ် ပြောကြားချက်များ


အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအကြား နိုင်ငံရေးဆွေးနွေးမှုတွေ ပထမဆုံးအကြိမ် အစပျိုးပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဒီကနေ့မနက်က နေပြည်တော်မှာ စတင်ကျင်းပနေပါတယ်။
ဒီညီလာခံဖွင့်ပွဲမှာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်အကြီးအကဲတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တက်ရောက်ကြပြီး သမ္မတ ဦးသိန်းစိန်ကတော့ ဒါဟာ တိုင်းပြည်ရဲ့သမိုင်းမှာ အင်မတန်ထူးခြားတဲ့ နေ့တနေ့ဖြစ်တဲ့အကြောင်းနဲ့ လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံး တိုင်းပြုပြည်ပြုကိစ္စကို အစပြုနိုင်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
ဒီညီလာခံနဲ့ပတ်သက်ပြီး ပြောကြားချက်တွေကို ကောက်နုတ်စုစည်း တင်ပြပေးလိုက်ပါတယ်။
ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ)
“ဒီငြိမ်းချမ်းရေးညီလာခံကြီးဟာ အစိုးရသစ်ထံ တာဝန်လွှဲပြောင်းမှု ချောမွေ့စေရေးအတွက်ရော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ပါ အချိန်ဇယားအတိုင်း အကောင်အထည်ဖော်ရေး အတွက်ပါ စတင်ရတာ ဖြစ်ပါတယ်။ အချိန်မီ စတင်ရတာ ဖြစ်တဲ့အပြင် ဒီကနေ့ဆွေးနွေးကြမယ့် ကဏ္ဍကြီး ငါးရပ်ဟာလည်း အလွန်ကျယ်ပြန့်တာ ဖြစ်တဲ့အတွက် ဒီ ၅ ရက်တာ ကာလအတွင်းမှာ ဆုံးဖြတ်ချက်တွေ ချမှတ်ခြင်းမပြုဘဲ ဆွေးနွေးမှုတွေကို စုစည်းမှာ ဖြစ်ပါတယ်။ ဒီလိုစုစည်းပြီးနောက် ညီလာခံကို သယ်ဆောင်သွားကြဖို့ ဖြစ်ပါတယ်။ ဒါကြောင့် နောက်အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် အခြေခံအုတ်မြစ်ကောင်း ချမှတ်ခြင်း ဖြစ်တယ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက် ပေါ်ပေါက်လာမယ့် ညီလာခံမှာ ရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် ဒီကနေ့ ဆွေးနွေးမှုများကို အကောင်းဆုံး စုစည်းနိုင်ခြင်းအပေါ်မှာ မူတည်မယ် ဆိုတာကိုလည်း သတိပြုကြစေလိုပါတယ်။”
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)
“မြန်မာနိုင်ငံသမိုင်းမှာ နှစ်ကာလကြာရှည်စွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်စေရေးအတွက် အရေးကြီးဆုံး မဖြစ်မနေ ကျင့်သုံးဆောင်ရွက်ရမယ့် မဟာဗျူဟာဟာ “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး” ပဲ ဖြစ်ပါတယ်။ ကျနော်တို့အားလုံးရဲ့ ဒီနေ့ တွေ့ဆုံကြိုးပမ်း ဆောင်ရွက်နေမှုတွေဟာ အနာဂတ် နိုင်ငံတော်အတွက်၊ အနာဂတ် ကျနော်တို့ မြန်မာ့မျိုးဆက်တွေအတွက်ဆိုတာ လေးလေးနက်နက် ခံယူပြီး စိတ်ရင်းစေတနာမှန်မှန်နဲ့ အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့နဲ့ တပ်မတော်အနေနဲ့လည်း အဖြစ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် အားပေးထောက်ခံ ပူးပေါင်း ဆောင်ရွက်သွားပါမယ်။”
သူရဦးရွှေမန်း (ပြည်ထောင်စုလွှတ်တော်နာယက)
“ငြိမ်းချမ်းရေးဟာ မြန်မာတမျိုးသားလုံး ပြည်ထောင်စုတခုလုံး၏ ဂုဏ်သိက္ခာ၊ ဂုဏ်အင်္ဂါနှင့် သက်ဆိုင်ပါတယ်။ ဒါကြောင့် ဤကိစ္စကို နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ယခုအချိန်ဟာ ရွှေမြန်မာတွေလို့ မည်ကဲ့သို့ပင် အမွှမ်းတင်စကားတွေ၊ သမိုင်းကြောင်းတွေနဲ့ ပြောနေကြပါစေ၊ နိုင်ငံအတွင်းမှာ ပဋိပက္ခများကြောင့် တိုင်းရင်းသား ပြည်သူအများအပြား ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့နေကြလို့ ဂုဏ်မတင့်နိုင်ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အိုးမဲ့အိမ်မဲ့၊ မိဘမဲ့၊ စားရမဲ့ သောက်ရမဲ့၊ ပြေးလွှားပုန်းအောင်း တိမ်းရှောင်နေရသူတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ မျက်နှာငယ်ငယ်နဲ့ နေထိုင်လုပ်ကိုင် စားသောက်နေကြရပါတယ်။ တန်ဖိုးရှိလှသော အသက်နှင့် ခန္ဓာကိုယ်ကို စွန့်ခဲ့ကြရသူတွေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြရသူတွေဟာ များပြားလှပါပြီ။”
ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ)
“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ပထမအစ ခြေလှမ်းသာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် မလွဲမသွေ ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကြားမှာ အန်စီအေစာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အချင်းချင်း စိတ်ဝမ်းမကွဲကြဖို့ အရေးကြီးပါတယ်။ မတရားအသင်းမှ ပယ်ဖျက်ခံရပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မတရားအသင်းမှ ပယ်ဖျက်ခြင်း မခံရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြားမှာ နားလည်မှု လွဲမှားခြင်း မဖြစ်စေဖို့လည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကျမတို့နိုင်ငံမှာ တမျိုးသားလုံး ပြန်လည်သင့်မြတ်ဖို့ အထူးလိုအပ်လှပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ လျစ်လျူရှုထားလို့ မရနိုင်ပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိဘဲနဲ့ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ မတည်ဆောက်နိုင်ပါ။ ယခုအချိန်မှာ ပြည်သူပြည်သား တိုင်းရင်းသားများက ကျမတို့ကို ပေးထားသော လုပ်ပိုင်ခွင့်အာဏာ (Mandate) အပေါ် အခြေခံ၍ ထာဝရငြိမ်းချမ်းရေး ရယူရမယ့် တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်ရှိပါတယ်။”
စောမူတူးစေးဖိုး (ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ)
“ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာလည်း နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုတည်ဆောက်ရေး ယန္တရားတခု ဖြစ်ပါလိမ့်မယ်။ ဒီကနေ့ရထားတဲ့ အဆင့်ကနေ နောင်ဆက်လက်ပြီး အစိုးရသစ်အနေဖြင့် လက်ဆင့်ကမ်းပြီး ဆက်လက် အကောင်အထည်ဖော်ဖို့အတွက် လုံလောက်တဲ့ အခြေခံကို ဒီကနေ့ ဖွင့်ပွဲကစလို့ ၅ ရက်တာကာလ ကျင်းပမယ့် ညီလာခံကနေ ချထားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။  နောက်တခု တင်ပြချင်တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ပြီးမှသာ လုံခြုံစိတ်ချနိုင်တဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ရရှိမှာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သေချာစေမှာ ဖြစ်ကြောင်းလည်း ထောက်ပြလိုပါတယ်။”
ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီခေါင်းဆောင်)
“အလားအလာ ကောင်းပါတယ်လို့ ကျနော် အကောင်းမြင်တဲ့ သဘောနဲ့ သုံးသပ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ခြင်းတခု ရနိုင်ပါတယ်။ ဥပမာ နိုင်ငံရေးဆိုရင် ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီနိုင်ငံတော်ပေါ့။ အဲဒီအတွက် မူလေးတွေရမှာပေါ့။ အခြေခံမူလေးတွေလေ။ လူမှုရေးဆိုရင်လည်း နိုင်ငံတွင်းမှာ အခုဖြစ်ပျက်နေတဲ့ ရွှေ့ပြောင်းနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ အဲဒီကဏ္ဍလေးတွေ အလေးပေး ဆွေးနွေးနိုင်မယ်ထင်တယ်။ ပြန်လည်နေရာချထားရေး အထိပေါ့ဗျာ။ နောက် လုံခြုံရေးမှာလည်းပဲ တပ်မတော်ဘက်က အခြေခံလုံခြုံရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ ချနိုင်မယ်ထင်တယ်။ ညှိညှိနှိုင်းနှိုင်းနဲ့လေ။ နောက်တခုက မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍလည်း အခြေခံမူဝါဒလေးတွေ ချမှတ်နိုင်မယ်လို့ မြင်ပါတယ်။ အခြေခံ အချက်အလက်လေးတွေကတော့ဖြင့် ရဖို့များပါတယ်။ အဲဒီအပေါ်မှာ နောက်လာမယ့် ညီလာခံအထိ၊ ညီလာခံနှစ်ခုကြားမှာတော့ အမျိုးသားအဆင့် ဆွေးနွေးပွဲလေးတွေရှိဖို့ အန်စီအေမှာ သတ်မှတ်ထားတာ ရှိပါတယ်။ အားလုံးပါဝင်တဲ့ ညီလာခံတခုဖြစ်ဖို့တော့ လိုအပ်ပါတယ်။ အားလုံးပါဝင်တဲ့ ညီလာခံဆိုရင် ပြည်ထောင်စုရဲ့ ဖြေရှင်းမှု အစစ်အမှန်ဖြစ်တယ်။ နိုင်ငံရေးအားဖြင့် ရလဒ်ကောင်းတွေ ရမယ်ဆိုတာကို သုံးသပ်ပါတယ်။”
ဦးဒေါင်းခါး (ကေအိုင်အို နည်းပညာကော်မတီ ပြောရေးဆိုခွင့်ရှိသူ)
“တကယ်တန်းကျတော့ ‘တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး’ ဆိုတဲ့အတိုင်းပေါ့နော် အားလုံးကို လွှမ်းခြုံမယ့် အနေအထားမျိုးနဲ့ သွားသင့်တာပေါ့။ ထိုးတဲ့သူတွေက ထိုးပြီးသွားပြီ။ ဒါပေမယ့်လည်း အားလုံးကို လွှမ်းခြုံမယ်ဆိုတဲ့ လမ်းကြောင်းကို စဉ်းစားရင် ဒါက မဟာဗျူဟာ မဟုတ်တော့ဘူးပေါ့။ ‘တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး’ ဆိုတာက အားလုံးရဲ့ သဘောထားဖြစ်ရမယ်။ ဆိုတော့ လက်မှတ်ထိုးလို့၊ လက်မှတ်မထိုးလို့ဆိုတဲ့ ခွဲခြားမှုမျိုး မဟုတ်ဘဲနဲ့ အားလုံး ရာနှုန်းပြည့် ပါဝင်ဆွေးနွေးနိုင်မယ့် လမ်းကြောင်းက အရေးကြီးတယ်။ ဒါပေမယ့်လည်း အခုက နိုင်ငံရေးမူဘောင် ရေးဆွဲတဲ့အချိန်မှာ အားလုံးမပါဝင်တော့ လက်မှတ်မထိုးတဲ့အဖွဲ့က ပါဝင်ရင်လည်း သူတို့က တဘက်သတ် သဘောတူညီထားတဲ့ အပေါ်မှာ လိုက်ပြီးတော့ သဘောတူညီပေးတဲ့ပုံစံမျိုး၊ နောက် မန်းဒိတ်ပေးတဲ့ ပုံစံမျိုးတွေ ဖြစ်လာတဲ့ အနေအထား ဖြစ်နေတာကို။ ဆိုတော့ လက်မှတ်မထိုးတဲ့ အဖွဲ့အတွက်တော့ အကျုံးမ၀င်တဲ့ပုံစံမျိုး ဖြစ်သွားပြီ။ အန်အယ်လ်ဒီ အနေနဲ့လည်း ဒီလမ်းကြောင်းကို သူတို့က အဲလို ခွဲခြားပြီးတော့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်သွားဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။  ပြီးရင် စစ်တပ်ရဲ့ သဘောတူညီချက် မရဘဲနဲ့လည်း အန်အယ်လ်ဒီအစိုးရအနေနဲ့ အကောင်အထည်ဖော်ဖို့ အခက်အခဲလည်း ရှိပါတယ်။”
မိုင်အိုက်ကျော် (ပီအက်စ်အယ်လ်အက်ဖ်/တီအန်အယ်လ်အေ တအာင်းပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ပြန်ကြားရေးဌာနမှူး)
“အန်စီအေစာချုပ် ရေးဆွဲတဲ့အချိန်က ကျနော်တို့ပါတယ်။ အစည်းအဝေးတိုင်းလည်း ကျနော်တို့ တောက်လျှောက်တက်တယ်။ ဒီနောက်ဆုံးညှိတဲ့ အချိန်ကျတော့ အန်စီအေကို အကုန်လုံး လက်ခံနိုင်တဲ့ အဆင့်ရှိတယ်။ အန်စီအေစာချုပ်ပါတိုင်း အကုန်လုံးက လက်မှတ်ထိုးမယ် ဆိုရင်တော့ ကျနော်တို့က လက်မှတ်ထိုးဖို့ အဆင်သင့်ရှိတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အစိုးရဘက်က ကျနော်တို့အဖွဲ့ကို ချန်ခဲ့တယ်။ လက်မှတ်ထိုးတဲ့အချိန်လည်း တိုင်းရင်းသား ၈ ဖွဲ့နဲ့ပဲ လက်မှတ်ထိုးသွားတာ တွေ့ရတယ်။ ဒီနောက်ပိုင်း သူ့ဟာသူ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် မူဘောင်တွေ ရေးဆွဲတာရှိတယ်။ တောက်လျှောက် သူတို့ ဆွေးနွေးပွဲတွေ လုပ်တယ်။ အဲဒီနောက်ပိုင်းမှာ လုပ်ဆောင်တဲ့ အရာမှန်သမျှကို ကျနော်တို့က လက်ခံနိုင်တဲ့အဆင့် မရှိဘူး။ ဒီ အခုကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကလည်း  တိုင်းရင်းသားအားလုံးပါဝင်တဲ့ ညီလာခံ မဟုတ်တဲ့အတွက် အဓိပ္ပာယ်ပြည့်စုံတဲ့ ညီလာခံတခု မဖြစ်နိုင်ဘူး။ အနှစ်သာရလည်း ရှိလာမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးညီလာခံလို့လည်း ခေါ်လို့ မရပါဘူး။”
ဦးရွှေမျိုးသန့် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး-၂)
“ကောင်းကျိုးအပိုင်းကို ကျနော်တို့ ပြောနိုင်တာကတော့ ဒီညီလာခံကြီးမှာ တည်ပေးလိုက်တဲ့ ခေါင်းစဉ်တွေက ဒီတိုင်းပြည် ပြုပြင်ပြောင်းလဲရေးအတွက် အင်မတန်အရေးကြီးတဲ့ ခေါင်းစဉ်တွေ ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အပေါ်မှာ ပါဝင်ဆွေးနွေးခွင့်ရတဲ့ အစုအဖွဲ့တွေကြားထဲမှာ ဘယ်လောက် တန်းတူညီတူ အခြေခံတဲ့ ဆွေးနွေးခွင့်ရသလဲ ဆိုတာကို ကျနော်တို့ အကဲဖြတ်ခွင့်ရမှာပေါ့။ နောက် ဆိုးကျိုးလို့ မပြောချင်ပါဘူး။ ဒါပေမယ့် ထောက်ပြချင်တာက ပြည်ထောင်စုညီလာခံကြီးလို့ ပြောတဲ့နေရာမှာ ဒီ အန်စီအေစာချုပ်ဟာ  ပြည်ထောင်စုအတွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်အောင် ရေးဆွဲတဲ့စာချုပ်ဖြစ်တယ်။ ဒါပေမယ့် အဲဒီလို မလုပ်နိုင်သေးဘဲနဲ့ အဆောတလျင်သွားနေတဲ့ အပိုင်းကိုလည်း မြင်တွေ့နေရတာပေါ့လေ။ ဒီအပိုင်းကို ပြန်ကြည့်ဖို့ လိုပါမယ်။ တခုက ကျနော်တို့ စောင့်ကြည့်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်။ တဘက်မှာကကျတော့ မပြည့်စုံမှုတွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။”
DVB

သေဒဏ်ကျခံ မြန်မာ ၂ ဦးကို ကူညီရန် ဥပဒေပညာရှင်အဖွဲ့ ထိုင်းနိုင်ငံ ရောက်ရှိ

ဓာတ်ပုံ - ထူးချစ်ဖေ့စ်ဘွတ်ခ်

ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ နခွန်းစီထမရတ် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အတွက် တရားမျှတမှုရရှိရေး ကူညီပေးဖို့ သမ္မတ ဦးသိန်းစိန် စေလွှတ်ထားတဲ့ ဥပဒေကျွမ်းကျင်ပညာရှင်အဖွဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပါတယ်။
အဲဒီကျွမ်းကျင်ညာရှင်အဖွဲ့မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေပညာရှင် ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စိုးနိုင်ဦးနဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူ ဦးဖေခင်တို့ ပါဝင်ပါတယ်။
ဒီအဖွဲ့ဟာ ဇန်န၀ါရီ ၁၁ ရက်က ထိုင်းနိုင်ငံကို ရောက်ရှိပြီး သေဒဏ်ကျ မြန်မာနိုင်ငံသား ၂ ဦးအတွက် လိုက်ပါကူညီပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီက ရှေ့နေတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သံရုံး အထူးစုံစမ်းရေးကော်မတီဝင် ဦးထူးချစ်က ပြောပါတယ်။
“တွေ့တဲ့အချိန်မှာ အဲဒီအမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို မေးမြန်းတယ်၊ နောက် အယူခံဝင်မယ့် ကိစ္စပေါ့။ အယူခံကို ဘယ်လိုဝင်မလဲ။ အမှုဖြစ်သွားတဲ့ အမှုတခုလုံးကိုလည်း သမ္မတကနေ လွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့က တောင်းတယ်။ သူတို့ ပြန်လေ့လာသုံးသပ်မယ်။ ပြီးရင် အခု ထိုင်းရှေ့နေများကောင်စီက ပြင်ဆင်နေတဲ့ အယူခံမှာလည်း သူတို့ လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးမယ်ပေါ့။”
ဒါ့အပြင် အဲဒီအဖွဲ့ဟာ အကျဉ်းကျနေတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို မနက်ဖြန် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ သွားရောက်တွေ့ဆုံဖို့ရှိသလို ထိုင်းနိုင်ငံ တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
ထိုင်းရှေ့နေများကောင်စီ အဖွဲ့ကလည်း ဒီအမှုကို ဆုံးခန်းတိုင်တဲ့အထိ တာဝန်ယူမှာဖြစ်ကြောင်း၊ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက်လည်း ၀မ်းသာကြောင်းနဲ့ လိပ်ကျွန်းအမှုတွေသာမက တခြား ရွှေ့ပြောင်းအလုပ်သမားနဲ့ သက်ဆိုင်တဲ့ အမှုခင်းကိစ္စတွေမှာ အတတ်နိုင်ဆုံး မြန်မာအစိုးရ အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
သေဒဏ်ကျ မြန်မာလူငယ် ၂ ဦးရဲ့ အယူခံကို တလအတွင်း တင်ရမှာဖြစ်ပေမယ့် ရှေ့နေတွေဘက်က အချိန်တိုးပေးဖို့ တောင်းဆိုထားတဲ့အတွက် တရားရုံးက ခွင့်ပြုထားပါတယ်။
ဒါကြောင့် အယူခံကို ဖေဖော်ဝါရီ ၂၄ ရက်မတိုင်ခင် တင်နိုင်လိမ့်မယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်လူငယ် ၂ ဦး အသတ်ခံရမှုနဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ ထိုင်းတရားရုံးက အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမျတ်ခဲ့တာ ဖြစ်ပါတယ်။
DVB

Monday, January 11, 2016

ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံ ရောက်ရှိ (သတင်းဓာတ်ပုံ)







မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဂျွန်နီကိုလပ်စ် ရေးနိုးလ်ဟော်တွန်ကို မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  သတင်းထုတ်ပြန်ပါတယ်။
ကြိုတင် ကြေညာခြင်းမရှိဘဲ ရောက်ရှိလာတဲ့ ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခရီးစဉ် အသေးစိတ်နဲ့ ပတ်သက်လို့တော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
အနောက်နိုင်ငံတွေရဲ့ ကာကွယ်ရေးဦးစီးချုပ်တဦး မြန်မာနိုင်ငံကို ရှားရှားပါးပါး လာရောက်လည်ပတ်မှုဖြစ်ပြီး သူ့အရင်က ဗြိတိန်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချက်ဒ်ဟာလည်း ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ကာ  လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမှာ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။
သတင်းဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ့စ်ဘွတ်ခ်
DVB

သက်တမ်းကြာမြင့်ပြီး မီးနှစ်ကြိမ်တိုင် လောင်ကျွမ်း ပျက်စီးခဲ့သည့် မင်္ဂလာဈေးအား အသစ် ပြန်လည် တည်ဆောက်သွားမည်


မီးသင့်ခဲ့သော မင်္ဂလာဈေး ပြန်လည် တည်ဆောက်မည့် အစီအစဉ်များကို သမ္မတ ဦးသိန်းစိန် ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဇန်န၀ါရီ ၁၁ ရက် (ဆင်ဟွာ)

    သက်တမ်းအားဖြင့် နှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီး နှစ်ကြိမ်တိုင် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် ရန်ကုန်မြို  မင်္ဂလာတောင်ညွှန့် မြို့ နယ်ရှိ မင်္ဂလာဈေးကြီးအား အသစ်ပြန်လည် တည်ဆောက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ဇန်န၀ါရီ ၁၁ ရက်တွင် ဈေးသူဈေးသားများနှင့် တွေ့ ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် မင်္ဂလာဈေးကြီးအား ဖြိုကျပြီး ခေတ်မီပြီး မီးဘေးအန္တရာယ် လုံခြုံစိတ်ချရသည့် ဈေးသစ်ကြီးအဖြစ်  အမြန်ဆုံး ဆောင်ရွက်သွားနိုင်ရန် ပြုလုပ်သွားမည် ဖြစ်ပြီး နောင်ဖြစ်ပေါ်လာမည့် ဈေးသစ်ကြီး၏ ပုံသဏ္ဍာန်တွင် မော်တော်ယာဉ် တက်သည့် လမ်းများ ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆင့်မြင့် မင်္ဂလာဈေး ဥက္ကဌ ဒေါက်တာ ဦးစောလှထွန်းက ပြောသည်။

မီးလောင်ပျက်စီးနေသော အဆင့်မြင့်မင်္ဂလာဈေးအား တွေ့ရစဉ် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလ လမ်း နှင့် စက်ရုံ လမ်း ထောင့် ရှိ အဆင့်မြင့်မင်္ဂလာဈေးအား ၁၉၈၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဈေးတွင် ဆိုင်ခန်းပေါင်း ၄၆၀၇ ဆိုင် ၊ စားသောက်ဆိုင် ၂၄ ဆိုင် ဖွင့်လှစ်ခဲ့သည်။

မင်္ဂလာဈေး၌ ၂၀၁၀ခုနှစ် မေလ အတွင်းက ပထမအကြိမ် မီး အကြီးအကျယ် လောင်ကျွမ်း ခဲ့ပြီး နောက် ဒုတိယ အကြိမ်မြောက် တစ်ကျော့ပြန်အဖြစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ကြီးမားသည့် မီးလောင်ကျွမ်းမှု ထပ်မံ ဖြစ်ပွားခဲ့ရာ ယင်း မီးလောင်မှုကြောင့် တန်ဖိုးငွေ သိန်းပေါင်း ၃၆,၆၀၂ သိန်းဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

ငြိမ်းချမ်းရေးညီလာခံ လူထုအသံကို ထင်ဟပ်နိုင်မည်မဟုတ်


မနက်ဖြန် စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ လူထုဆန္ဒကို အမှန်တကယ် ကိုယ်စားပြုမယ့်သူတွေ ပါဝင်ခွင့် မရှိသေးတဲ့အတွက် လူထုရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူးလို့  အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လူထုနဲ့ ဆွေးနွေးပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မပြုလုပ်ဘဲ ဒီညီလာခံကို ဆက်လုပ်သွားမယ်ဆိုရင် လူထုအသံတွေ ပါဝင်နိုင်မှာ မဟုတ်တဲ့အကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်း ၅၁၈ ဖွဲ့နဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) နဲ့ လူမှုအဖွဲ့ ၅၃ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ဒို့မြေကွန်ရက်အဖွဲ့တွေက ပူးတွဲထုတ်ပြန်လိုက်တာပါ။
MATA အဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုအောင်ကျော်မိုးက “အဓိကက သူတို့ဆွေးနွေးမယ့် အခန်းကဏ္ဍ ၅ ခု တွေ့ရတယ်။ အဲဒီမှာ သုံးထားတဲ့ စကားလုံးက အဲဒီဆွေးနွေးပွဲကနေပြီးတော့မှ မူတခုကို ချလိမ့်မယ့်ပုံစံမျိုး အနေနဲ့ လုပ်မယ်ဆိုတာ ကျနော်တို့ လေ့လာရတာပေါ့နော်။ အဲတော့ မူတခု ချလိုက်မယ်ဆိုရင် ဒီဟာက အားလုံးပါဝင်နိုင်ခြင်း မရှိသေးဘဲ ဒီမူတခုကို ချမယ်ဆိုတဲ့ကိစ္စဟာ နောက်ထပ် ဆွေးနွေးပွဲတွေမှာ ဒီမူကိုပဲ အခြေခံပြီး ဆွေးနွေးရမယ်ဆိုတဲ့ အကြောင်းတရားတွေ ဖြစ်လာလို့ရှိရင် ဒါတွေဟာ တော်တော်ကို နောက်ပိုင်းတွေမှာ အခက်အခဲတွေ ဖြစ်လာမှာပါ။ တကယ်လို့ မူတွေပေါ်မှာ ကျနော်တို့လူထုနဲ့ မအပ်စပ်တဲ့ကိစ္စတွေ၊ လက်မှတ်မထိုးရသေးတဲ့ အန်စီအေထဲမှာ မပါသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကြံပြုချက်တွေ ဒီဟာတွေကို အသိအမှတ်မပြုမှာကိုလည်း ကျနော်တို့ စိုးပါတယ်။”
အလားတူ မြန်မာ့အမျိုးသမီးသမဂ္ဂကလည်း ‘ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့.တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အဓိပ္ပာယ်ပြည့်ဝစွာ ဖော်ဆောင်ရန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် လက်နက်ကိုင် အင်အားစုများ၊ ဒီမိုကရက်တစ်အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသော အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ အမျိုးသမီးအင်အားစုများ စသဖြင့် အားလုံးပါဝင်နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးဖို့’ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၂၆ ဖွဲ့ကတော့ တနိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ အပစ်ခတ်ရပ်စဲရေး ဖော်ဆောင်ခြင်း မရှိသေးဘဲ အခုလို နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ ကြိုးစားနေတာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေတယ်လို့  ကြေညာထားပါတယ်။
မနက်ဖြန် ဇန်န၀ါရီ ၁၂ ရက် စတင်မယ့် နေပြည်တော် ငြိမ်းချမ်းရေးညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်တွေ စတဲ့ ခေါင်းစဉ် ၅ ခုအောက်မှာ ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။
ဒီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အန်စီအေ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တက်ရောက်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
DVB http://burmese.dvb.no/archives/130590

အိုင်အက်စ် အဖွဲ့ဝင်အဖြစ် သံသယရှိသူ ၃၃ ဦးအား တူရကီ ထိန်းသိမ်း



    အန်ကာရာ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

    အစ္စတန်ဘူလ် နှင့် အက်ဒါနာပြည်နယ် တောင်ပိုင်းတွင် အိုင်အက်စ် (IS) အဖွဲ့ဝင်ဟု ယူဆရသူ ၃၃ ဦးအား တူရကီ ရဲများက ထိန်းသိမ်းထားကြောင်း ပြည်တွင်း ဒိုဂန် သတင်း အေဂျင်စီက ဇန်နဝါရီလ ၁၀ ရက် (တနင်္ဂနွေနေ့) က ပြောခဲ့သည်။

ထိုနေ့ အစောပိုင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲများသည် အစ္စတန်ဘူလ်ရှိ ပြည်နယ် ငါးခုအား စစ်ဆင် ရေးများ တပြိုင်နက် ပြုလုပ်ခဲ့ရာ အိုင်အက်စ် အဖွဲ့ဝင်အဖြစ် သံသယရှိသူ ၁၀ ဦးအား ဖမ်းဆီးနိုင်ခဲ့ သည်။

အဆိုပါ ထိန်းသိမ်းခံရသူများသည် ပဋိပက္ခ ဇုန်များအတွင်း IS စစ်သွေးကြွများနှင့် ဆက်သွယ်မှု ရှိသူများ ဖြစ်ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြထားသည်။

IS နှင့် ဆက်သွယ် ပူးပေါင်းမည့် နိုင်ငံခြားသား ၁၆ ဦးနှင့် IS စစ်သွေးကြွ အဖြစ် စုဆောင်းထားသူ တူရကီ နိုင်ငံသား ၇ ဦး ပါဝင်သည့် သံသယရှိသူ ၂၃ ဦးကိုမူ အက်ဒါနာတွင် အကျဉ်း ချထားကြောင်း သိ ရသည်။

သတင်းများ တင်ပြချက်များအရ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲများသည်  IS အဖွဲ့ဝင် စုဆောင်းသူ ၇ ဦးက IS အဖွဲ့သို့ ဝင်ရောက်မည့် နိုင်ငံခြားသူများနှင့် ကလေးများနှင့် အတူ ခရီးသွားလာနေကြောင်း သတင်းပေးမှု မှတဆင့် ထိုစစ်ဆင်ရေးအား စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းပေးချက်အရ IS တို့ လက်နက် တပ်ဆင်ပေးထားသည်ဟု သံသယရှိသော တူရကီ နိုင်ငံသား ၁၀ ဦးကို ရုရှား အမျိုးသမီး တစ်ဦးနှင့် အီဂျစ်လူမျိုး ၁၅ ဦး နှင့် အတူ ဖမ်းဆီးခဲ့သည်။

၎င်းတို့အား ကျန်းမာရေး စစ်ဆေးပြီးနောက် နိုင်ငံခြားသား ၁၆ ဦးကို ပြည်နှင်ဒဏ် ပေးရန်အတွက် ရွှေ့ပြောင်း သွားလာရေးဆိုင်ရာ  စီမံခန့်ခွဲမှုဌာနသို့  လွှဲပြောင်းပေးလိုက်ကြောင်း Daily News ကဖြည့်စွက် ဖော်ပြထား သည်။

 (Xinhua)
http://www.xinhuamyanmar.com

အစိုးရသစ် အမည်စာရင်း လွှတ်တော်သစ် မစခင် ထုတ်ပြန်မယ်


 ဇန်နဝါရီ ၁၂ ငြိမ်းချမ်းရေး ညီလာခံ ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီ အနေနဲ့ အစိုးရသစ်ဖွဲ့စည်းရေးနဲ့ ပတ်သတ်လို့ လွှတ်တော်သစ်တွေ မစခင်မှာ ထုတ်ပြန် ပြောကြားဖို့ ရှိတယ်လို့ ပါတီ ဗဟို အလုပ်အမှုဆောင်လဲ ဖြစ် ပါတီပြောခွင့်ရသူလဲ ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောလိုက်ပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့က ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် တွေ နေပြည်တော်မှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ပါတီ အနေနဲ့ အစိုးရသစ်ဖွဲ့စည်းရေး လွှတ်တော်ဖွဲ့စည်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအလုပ်အမှုဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးမှုတွေ တော်တော်များများပြီးမြောက် နေပြီ ဖြစ်ပေမယ့် ဆုံးဖြတ်ချက်မချရသေးတဲ့အတွက် အသေးစိတ်ထုတ်မပြောနိုင်သေးဘူးလို့ ပါတီဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်တဲ့ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံကို အစိုးရ စစ်တပ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ အပြင် နိုင်ငံရေးပါတီ တွေ နဲ့ တက်သိပညာရှင်တွေ အပါအဝင် စုစုပေါင်း အယောက် (၇၀၀) ကျော်လောက် တက်ရောက်ဖို့ ရှိနေပါတယ်။

NLD ပါတီရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အစိုးရသစ် ဖွဲ့ပြီးမှ ထုတ်ပြန်မယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

လက်ရှိ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသက်တမ်းဟာ လာမယ့် မတ်လကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဒီနောက်တော့ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကအစိုးရသစ် ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

BBC Burmese

ကုမ္ပဏီတချို့ကို လုပ်ခွင့်ပေးတာကို NLD မသိရ


(Credit: Reuters) 
မြန်မာနိုင်ငံမှာ ​လက်ရှိ ​အစိုးရ ​သက်တမ်းမကုန်ခင်မှာပဲ ​ကုမ္ပဏီတချို့ကို ​လုပ်ကိုင်ခွင့် ​လိုင်စင် ​ချမှတ်တာတွေ ​လုပ်တာကို ​NLD ​က ​မသိရဘူးလို့ ​ဆိုပါတယ်။

လွှတ်တော်အမတ်တွေ ​အနားယူတဲ့အခါ ​ရရှိမယ့် ​ပင်စင်စနစ်တွေ၊ ​သမ္မတဟောင်းကို ​အရေးယူခွင့် ​မရှိတဲ့အပြင် ​အစောင့်အကြပ်တွေနဲ့ ​အကာအကွယ်ပေးရမယ့် ​ဥပဒေတွေကိုလည်း ​အစိုးရက ​မကြာသေးခင်တုန်းကပဲ ​ချမှတ်ခဲ့ကြပါတယ်။

ဒါ့အပြင် ​သမ္မတ ​ဦးသိန်းစိန်ဟာ ​လွှတ်တော်ရဲ့ ​အတည်ပြုမှုကို ​ယူစရာမလိုတဲ့ ​စီးပွားရေး ​လုပ်ပိုင်ခွင့် ​တချို့ကိုလည်း ​ကုမ္ပဏီတွေကို ​လုပ်ကိုင်ခွင့် ​ပေးလိုက်တာမျိုးတွေ ​လုပ်တယ်လို့ ​The ​Wall ​Street ​Journal ​မှာ ​ဖော်ပြထားပါတယ်။

အဲဒီလို ​လုပ်ဆောင်တဲ့အခါမှာလည်း ​တချိန်ကျရင် ​အစိုးရဖြစ်လာမယ့် ​NLD ​ပါတီနဲ့ ​တိုင်ပင်တာမျိုး ​မရှိဘူးလို့ ​ဆိုပါတယ်။

သမ္မတရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​ဆက်သွယ်ရေးဝန်ကြီး ​ဦးရဲထွဋ်ကတော့ ​သမ္မတကို ​အကာအကွယ်ပေးတဲ့ ​ဥပဒေဟာ ​သမ္မတ ​ဦးသိန်းစိန်ကိုပဲ ​ကောင်းကျိုး ​ဖြစ်စေတာမဟုတ်ပဲ ​နောက်တက်လာမယ့် ​သမ္မတအတွက်ပါ ​အကျိုးရှိစေမယ်လို့ ​တုန့်ပြန်ထားပါတယ်။

NLD ​ကတော့ ​လုပ်ကိုင်ခွင့် ​လိုင်စင်တွေကို ​အလျင်စလို ​ပေးတာမျိုး ​မလုပ်ပဲ ​နိုင်ငံကို ​တကယ်အကျိုးပြုမှ ​ပေးတာမျိုး ​ဖြစ်သင့်ကြောင်း၊ ​အစိုးရက ​ကုမ္ပဏီတချို့ကို ​စီးပွားရေး ​လုပ်ပိုင်ခွင့်တွေ ​ထပ်မံ ​ချမှတ်ပေးလိုက်တာတွေက ​နောင်တက်လာမယ့် ​အစိုးရသစ်အပေါ် ​ဝန်ထုတ်တွေ ​ဖြစ်စေနိုင်တယ်လို့ ​NLD ​ပါတီက ​ပြောပါတယ်။

ရခိုင်ပြည်နယ်က ​ကျောက်ဖြူရေနက်ဆိပ်ကမ်း ​တစ်ခုကို ​CITIC ​လို့ခေါ်တဲ့ ​တရုတ်အစိုးရပိုင် ​လုပ်ငန်း ​တစ်ခုကို ​လုပ်ကိုင်ခွင့် ​ပေးလိုက်တာတွေနဲ့ ​စစ်တပ်နဲ့ ​နီးစပ်တဲ့ ​လူတွေကို ​စီးပွားရေး ​လုပ်ကိုင်ခွင့် ​ပေးထားတာကို ​ကြည့်ခြင်းအားဖြင့် ​မြန်မာ ​စစ်တပ်အနေနဲ့ ​စီးပွားရေး ​လောကမှာ ​ဆက်လက် ​လွှမ်းမိုးမှု ​ရချင်လို့ ​ဖြစ်နိုင်တယ်လို့လည်း ​သုံးသပ်ထားပါတယ်။

ABC Radio Australia

ထိုင်းနိုင်ငံတွင် ဘဏ်ကပ်ပြားများ အတုလုပ်နေသည့် တရုတ်ဂိုဏ်းဝင်များအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့  ထုတ်ပြန်



ထိုင်းနိုင်ငံ မှုခင်း နိမ်နင်းရေးတပ်ဖွဲ့ နဲ့  လူဝန်မှု ကြီးကြပ်ရေး ၀န်းထမ်းများ ပူးပေါင်းဖမ်းဆီး နိုင်ငံတဲ့ တရုတ်နိုင်ငံသား ဘဏ်ကပ်အတုလုပ်နေတဲ့ ဂိုဏ်းဝင်တွေကို ယနေ့  သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြသခဲ့ပါတယ်။

တရုတ်နဲ့  နိုင်ငံတကာက ဘဏ်ကိုအသုံးပြု့ ငွေလွှဲနေကြတဲ့ သူတွေ ဆီက အချက်အလက်တွေ ခိုးယူကြီး ကပ်ပြားအတုတွေနဲ့  ဘဏ်တွေကနေ ထုတ်ယူခဲ့တာဟာ ထိုင်းဘတ်ငွေသန်းပေါင်း၂၂၅သန်း(ကျပ်သန်းပေါင်း၆၇၅၀) လောက် ဘဏ်ကပ်ပိုင်ရှင်တွေ ဆီကနေ ထုတ်ယူသွားပြီး ဖြစ်ပါတယ်။

တရုပ်နဲ့  ထိုင်ဝမ် နိုင်ငံသားများပါဝင်တဲ့ အဆိုပါ ကပ်အတုဂိုဏ်းဟာ အွန်န်လိုင်းကနေ ငွေပို့ နေကြတဲ့ သူတွေရဲ့  အချက်အလက်တွေကို ကူးယူပြီး ပိုင်ရှင်အစစ် ကိုင်နေတဲ့ Credit card ဘဏ်ကပ်အတိုင်း ပုံစံတူ လုပ်ပြီး ထိုင်းနိုင်ငံ ကုန်တိုက်နဲ့  အရောင်းဆိုင်ကြီးတွေ အဖိုးတန်ပစ္စည်းတွေ လိုက် ၀ယ်ကြပါတယ်။

ဂိုဏ်းဝင်(၂၀)ဦး ကို သက်သေခဲ အတုလုပ်စက် တွေနဲ့  အတူ ဘန်ကောက်မြို့ မှာ ဖမ်းမိခဲ့ပြီး အမျိုးသမီး (၇)ဦးပါဝင်ကြောင်း သိရပါတယ်။

Social Action for Women - SAW
sawburma.net

ခရက်ဒစ်ကတ်ဖြင့် ငွေပေးချေစနစ်အား မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလတွင် စတင်အသုံးပြုနိုင်ရန် ဧရာဝတီဘဏ် စီစဉ်လျက်ရှိ



    ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

    နိုင်ငံတကာတွင် အသုံးပြုနေသော Credit ကတ်ဖြင့် ငွေပေးချေနိုင်သော စနစ်ကို မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလမှစ၍ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

Credit ကတ်ဆိုသည်မှာ ကြိုတင်သတ်မှတ်ထားသော ငွေပမာဏကို သတ်မှတ် ထားသော အတိုးနှုန်းဖြင့် ချေးယူအသုံးပြုနိုင်သော ကတ်အမျိုးအစားဖြစ် ပြီး ယင်းကတ်ဖြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းများ၊ စိန်ရွှေရတနာဆိုင်များ၊ အမှတ် တရပစ္စည်းအရောင်းဆိုင်များ အစရှိသော စီးပွားရေးလုပ်ငန်းများတွင် ငွေသားကိုင် ဆောင်စရာမလိုဘဲ ပေးချေနိုင်ကြောင်း သိရသည်။

ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက “ဒီကတ်ကို ထုတ်ဖြစ်တာက မြန်မာလူမျိုးတွေရဲ့ ဘဝနေထိုင်မှု ပုံစံကို ချိန်း ပေးချင်တာပါ။ ကတ်နဲ့ငွေပေးချေတဲ့ စနစ်ဆိုတာ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်ကို အသုံးပြုနေကြတာလေ။ အခုကတ် ကတော့ ပြည်တွင်း မှာပဲ အသုံးပြုနိုင်တာပေါ့။ ဒါကပထမခြေ လှမ်းပါ။ နောက်ကျရင် ပြည်ပ ထိပါ သယ်သွားလို့ရတဲ့ ကတ်ကိုလည်း ထုတ်သွားဖို့ရှိပါတယ်။’’ ဟု ပြောသည်။

ဧရာဝတီဘဏ်ရဲ့ MPU Credit ကတ်အား အခမဲ့လျှောက်ထားနိုင်ကြောင်း၊ ကတ်အခိုးခံရပြီဆိုလျှင် ဝ၉-၄၂ဝဝ၅၅၅၈၂ကို ချက်ချင်းဆက်သွယ် အကြောင်းကြားနိုင်ကြောင်း၊ နီးစပ်ရာ ဧရာဝတီဘဏ်ခွဲများသို့  အကြောင်းကြားနိုင်ပြီး ကတ်အသစ်ပြန်လျှောက် မည်ဆိုပါက ငွေကျပ် ၃ဝ,ဝဝဝ ကျသင့်ပြီး လျှို့ဝှက်နံပါတ်ပြောင်းမည်ဆိုပါက ငွေကျပ် ၁ဝ,ဝဝဝ ကျခံရမည် ဖြစ်ကြောင်း သိရသည်။

 (Xinhua)

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစိုးရဖွဲ့စည်းရေး ဆွေးနွေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်း ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရဖွဲ့စည်းရေးအတွက် ဆုံးဖြတ်ချက်မချနိုင်သေးဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီကနေ့ နေပြည်တော် ဥတ္တရသီရိမြို့နယ် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ သုံးနာရီ နီး ပါးကြာ ပြုလုပ်ခဲ့အပြီးမှာ ဦးဥာဏ်ဝင်းက ပြောကြားခဲ့တာပါ။
"ကျနော်တို့ အစိုးရဖွဲ့စည်းရေး ဘာညာ၊ ဘာညာအဲ့ဒါဆွေးနွေးတယ်၊ ဆုံးဖြတ်ချက်မရှိသေးဘူးနော်၊ ဆုံးဖြတ်ချက် မရှိတော့ အသေးစိတ်တော့ ကျနော်မပြောနိုင်ဘူး၊ ကျနော်တို့ နောက်တစ်ကြိမ်အစည်းအဝေးတွက် အခက်အခဲအများ ကြီးရှိတယ်၊ ကျနော်တို့အခုဆုံးဖြတ်လို့မရဘူး၊ နှစ်ပတ်တစ်ခါအစည်းဝေး လုပ်တယ်၊ နောက်နှစ်ပတ်ဆိုရင် အရမ်း အလုပ်ရှုပ်တယ်၊ အဲ့ဒါဘာလုပ်ရမှန်းမသိသေးဘူး၊ နီးတော့မှ ကျနော်တို့ ဆုံးဖြတ်မယ်၊ အခက်အခဲက လူရွေးပြီးရင် လူတိုင်းကိုရွေးပြီးတော့ ကိုယ့်ဘာသာ ရွေးလို့မရဘူး၊ သူ့ရဲ့သဘောတူညီချက်လဲလိုတယ်"
အဲဒီအစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦး အနက် ဦးဝင်းထိန်မှအပ ကျန်ဗဟို အလုပ်အမှုဆောင် ၁၄ ဦး တက်ရောက် ခဲ့ပါတယ်။
ဦးဝင်းထိန်က ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုနဲ့ ခွင့်ယူထားတဲ့အတွက် မတက်ရောက်နိုင်ခဲ့တာလို့ သိရပါတယ်။
ပါတီရဲ့နှစ်ပတ်တစ်ကြိမ်ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဖြစ်ပြီး နောက် နှစ်ပတ်ကြာရင်လည်း ထပ်မံခေါ်ယူဦးမယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ဦးထွန်းထွန်းဟိန်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

RFA

ဘားအံမြို့ ကရင်နှစ်သစ်ကူး ပွဲ နိုင်ငံတော်သမ္မတ တက်ရောက်


ဇန်နဝါရီ ၁ဝ ရက်နေ့က ကျင်းပတဲ့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်တွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်
Photo: MOI Webportal Myanmar/ Facebook

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကျင်းပပြုလုပ်တဲ့ ၂၇၅၅ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့ ဖိတ်ကြားမှုကြောင့် တက်ရောက်ခဲ့တာ ဖြစ်တယ်လို့ KNU ဘားအံ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး ရှီးရှိုက ပြောပါတယ်။
"နှစ်သစ်ကူးပွဲတော်ကို လာပြီးတော့ သမ္မတကြီးက သြဝါဒမိန့်ခွန်းလာပြောတယ်၊ သူ့သက်တမ်း ၅ နှစ်မှာတစ်ခါမှ မရောက်လာဘူးပေါ့နော်၊ လာလည်တဲ့ သဘောပေါ့နော်၊ ကရင်ပြည်နယ်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေများ လာတာ ပေါ့နော်၊ နောက်ထပ်ကောင်းလာအောင်လဲ နိုင်ငံတော်အစိုးရအနေနဲ့ အများကြီး ဆောင်ရွက်သွားဖို့ ရှိတာပေါ့နော်၊ သူကမိန့်ခွန်းတိုတိုလေးပဲ၊ အရှည်ကြီးလဲမဟုတ်ဘူး"
ဘားအံမြို့ သီရိအားကစားကွင်းမှာ ပြုလုပ်တာဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာအပစ်ခတ် ရပ်စဲရေး NCA လက်မှတ်ရေး ထိုးပြီးနောက် ကရင်ပြည်နယ် ဘားအံမြို့ မှာကျင်းပတဲ့ ကရင်နှစ်ကူးပွဲတော်ကို တက်ရောက်လာတာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း ပြောပါတယ်။
အဲဒီကရင်နှစ်သစ်ကူးပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ ဥက္ကဌ မူးတူးစေးဖိုးတို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
RFA

ပီကာဆို၏ ကြွင်းကျန်အနုပညာလက်ရာ ၁၈၀ ကျော်ကို မြေးဖြစ်သူ လေလံတင် ရောင်းချမည်


ပီကာဆို၏လက်ရာတစ်ခု
ကမ္ဘာကျော် အနုပညာရှင်တဦးဖြစ်တဲ့ ပီကာဆိုရဲ့ အများပြည်သူ မသိရှိခဲ့တဲ့ ကြွင်းကျန် ပန်းချီကားနဲ့ လက်မှုအနုပညာတွေကို မြေးဖြစ်သူက လေလံတင်ရောင်းချတော့မှာ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
စုစုပေါင်း ၁၈၀ ကျော်လောက်ရှိမယ့် အဲဒီပန်းချီကားနဲ့ ကြွေထည် မြေထည် အနုပညာ လက်ရာတွေကို ပီကာဆိုဟာ အများပြည်သူကို မပြသခဲ့ဘဲ သူ့ရဲ့ဘ၀တလျှောက်လုံး စတူဒီယိုထဲမှာ သိမ်းဆည်းထားခဲ့တာပါ။
အသက် ၆၅ နှစ်အရွယ် မြေးဖြစ်သူ မာရီနာဟာ ပီကာဆိုရဲ့ သားအကြီးဆုံးဖြစ်တဲ့ ပေါ်လိုရဲ့ သမီးဖြစ်ပြီး သူ့ရဲ့နေထိုင်ရာနေအိမ် အပါအ၀င် အနုပညာလက်ရာ ၁ သောင်းနီးပါးကို ဆက်ခံရရှိခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း သူပိုင်ဆိုင်တဲ့ မြေနေရာထဲက ကြွေထည်မြေထည် လက်မှုအနုပညာလက်ရာ ၁၂၆ မျိုးကို စုစုပေါင်း စတာလင်ပေါင် ၁၂ ဒသမ ၃ သန်းနဲ့ လေလံတင် ရောင်းချခဲ့ပါသေးတယ်။
အခုရောင်းချမယ့် အနုပညာလက်ရာတွေကိုတော့ တခုချင်းစီအလိုက် တန်ဖိုးငွေ စတာလင်ပေါင် ၄၀၀၀ ကနေ ၁၈၀၀၀၀ ထိ ခန့်မှန်းထားတာဖြစ်ပြီး စုစုပေါင်း ရောင်းရငွေ ၉ ဒသမ ၈ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားတာပါ။
သည်ဝေါလ်စထရိဂျာနယ်နဲ့ အင်တာဗျူးမှာတော့ မာရီနာက “ဒါဟာ ကျမဘ၀သမိုင်းမှာ အစိတ်အပိုင်းတခုပါ။ ခုလက်ရှိ လေလံဈေးနှုန်းတွေကလည်း မာနေပါတယ်” လို့ ဖြေခဲ့ပါတယ်။
အဲဒီလေလံတင်ရောင်းချပွဲကို လာမယ့် ဖေဖော်ဝါရီ ၅ ရက်နေ့ လန်ဒန်မြို့ Sotheby’s လေလံပွဲမှာ ကျင်းပသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
DVB

စမ်းချောင်း၊ဂွဈေးအနီး မီးလောင်မှုဖြစ်ပွား

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ဂွဈေးအနီးရှိ မြသီတာလမ်းတွင် ယနေ့ နံနက် ၁၁ နာရီ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ဆယ့်လေးလုံးခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ၁၁ နာရီ ၃၅ မိနစ်ခန့် အကြာတွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှု အဆင့် ၄ သတ်မှတ်၍ ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၆၇ စီး ၊မီးသတ်တပ်ဖွဲ့ဝင် ၃၀၀ ခန့် ဖြင့် ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ယနေ့(ဇန်န၀ါရီ ၁၁ ရက်) နံနက် ၁၁ နာရီ ၁၅ မိနစ်က စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကာ မီးသတ် တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


(ဓာတ်ပုံ - ရှိုင်းလင်းအောင်၊ ဝေလင်းအောင်)

မီးလောင်မှုဖြစ်ပွားသည့် နေရာတွင် တပ်မတော်သားများလည်း လုံခြုံရေးယူပေးနေပြီး မီးစတင်လောင်သည့်အိမ်ရှင် ဒေါ်ရင်ရင်သန်းကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူမည် ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။
7 Day

ဇန်န၀ါရီ ၁၁ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး

ဇန်န၀ါရီ ၁၁ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့
အမေရိကန် ၁ ဒေါ်လာကို ၁၃၀၀ ကျပ်၊
၁ ယူရိုငွေကို ၁၄၁၂ ဒသမ ၅ ကျပ်၊
စင်ကာပူ ၁ ဒေါ်လာကို ၉၀၀ ဒသမ ၈၄ ကျပ်၊
 မလေးရှား ၁ ရင်းဂစ်ကို ၂၉၄ ဒသမ ၆၂ ကျပ်၊
ထိုင်း ၁ ဘတ်ကို ၃၅ ဒသမ ၇၇ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ၀ယ်ဈေး ၇၅၃၂၀၀ ကျပ် ဖြစ်ပြီး ရောင်းဈေးကတော့ ၇၅၃၄၀၀ ကျပ် ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၁၀၄  ဒသမ ၁ ဒေါ်လာ ဈေးပေါက်ပါတယ်။
DVB

အလကာင်္ကျော်စွာ ရွှေမန်းတင်မောင်၏သား ဇာတ်သဘင်နှင့် ရုပ်ရှင်မင်းသားကြီး ၀င်းဗိုလ် ကွယ်လွန်


ဇာတ်သဘင်နှင့် ရုပ်ရှင်မင်းသားကြီး ၀င်းဗိုလ်သည် ဇန်န၀ါရီ ၁၁ ရက် နံနက် ၆ နာရီ မိနစ် ၅၀ ကျော်က ရန်ကုန်မြို့ ၀ိတိုရိယဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။ မင်းသားကြီး ၀င်းဗိုလ်သည် ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီဖြစ်သည်။
မင်းသားကြီး ၀င်းဗိုလ်သည် အစာအိမ်တွင် အနာဖြစ်ခြင်းကြောင့် ခွဲစိတ်ကုသမှုများကို လွန်ခဲ့သည့် လအနည်းအငယ်ခန့်က ပြုလုပ်ခဲ့သည်။ ခွဲစိတ်ကုသမှုမှ ရောဂါသက်သာခဲ့ပြီးနောက် နှလုံးရောဂါ၊ သွေးတိုးရောဂါများကြောင့် ကျန်းမာရေး အခြေအနေ ပြန်လည်စိုးရိမ်ခဲ့ပြီး ၀ိတိုရိယဆေးရုံတွင် ပြန်လည်တက်ရောက် ကုသနေစဉ်အတွင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ မင်းသားကြီး ၀င်းဗိုလ်အား ဇန်န၀ါရီ ၁၃ ရက်တွင် ရေဝေးသုဿန်၌ သဂြိုလ်ရန် စီစဉ်ထားသည်ဟု သိရသည်။
အလကာင်္ကျော်စွာ ရွှေမန်းတင်မောင်၏ သားဖြစ်သူ ဦးဝင်းဗိုလ်သည် သစ္စာမေတ္တာ ရွှေမန်းသဘင်တွင် ပါဝင်ကပြခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။ ထို့ပြင် ဦးဝင်းဗိုလ်သည် ရုပ်ရှင်မင်းသား အဖြစ်လည်း ဇာတ်ကားများ ရိုက်ကူးခဲ့သူဖြစ်သည်။
Eleven Media Group

ပြည်တွင်းစစ်ရပ်တန့်ရေးအတွက် ကျောက်ဖြူတွင် ဆန္ဒပြ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ပြည်တွင်းစစ်ရပ်တန့်ရေးအတွက် ဒေသခံ ၃၀၀ လောက်က  ဇန်န၀ါရီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကျောက်ဖြူမြို့ ဘုရားကြီးတောင်ကွင်းကနေစပြီး မြို့တွင်းလှည့်လည်ကာ stop civil war ပြည်တွင်းစစ် ချက်ချင်းရပ်၊ ငြိမ်းချမ်းရေးသာ အလိုရှိသည်၊ စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြခဲ့ကြတာပါ။
“ရခိုင်တပ်မတော်နဲ့ အစိုးရတပ်မတော် တိုက်ပွဲတွေ ဖြစ်နေတာကို ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆီ သွားနေပါတယ်လို့ ပြောနေတဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်တွေဖြစ်နေတာ တွေ့နေရတယ်။ စစ်ဖြစ်နေရင် ဖွံ့ဖြိုးတိုးတက်ရေးဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီကို အမြန်သွားချင်ပါတယ်။ စစ်ပွဲအမြန်ရပ်ပေးပါလို့ တောင်းဆိုပါတယ်” လို့ ဆန္ဒပြဦးဆောင်သူတဦးဖြစ်တဲ့ ကိုထွန်းကြည်က ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်တွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးဖြေရှင်းသင့်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုစိုးလွင်က ပြောပါတယ်။
“စစ်ဖြစ်နေရင် လူတွေလည်း ဒုက္ခရောက်တယ်။ ငြိမ်းချမ်းရေးကို စားပွဲဝိုင်းဆွေးနွေးပွဲမှတဆင့် အဖြေရှာသင့်ပါတယ်။ စစ်ကို အမြန်ဆုံး ရပ်တန့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။”
ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား ဒီဇင်ဘာ ၂၇ ရက်ကစ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် စစ်ဘေးထွက်ပြေး တိမ်းရှောင်ခဲ့ရလို့ အခုချိန်ထိ အိမ်မပြန်နိုင်သေးပဲ ရှိနေကြပါတယ်။
DVB

အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းမီ သတ္တုဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့် ပါမစ်သစ်များ ချပေးသွားမည်ဟု ဆို



ကမ္ဘာ့ကျောက်စိမ်း ထွက်ရှိမှု၏ ၉၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးသည့် ဖားကန့်ဒေသတွင် တူးဖော်ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်နေခြင်း အပေါ် ပြည်သူလူထု၏ ဝေဖန်မှုများ မြင့်တက်လျက်ရှိသော်လည်း သတ္တုတွင်း ၀န်ကြီးဌာနသည် ၂၀၁၅ သြဂုတ်က ဖိတ်ခေါ်ခဲ့သည့် လုပ်ငန်းလုပ်ကိုင်ခွင့် ပါမစ်အသစ်များ အတွက် နောက်ဆုံး လျှောက်ထား ရမည့်ရက်ကို ၂၀၁၆ ဇန်န၀ါရီ ၁၈ ထိ တိုးမြှင့်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

ထိုပါမစ်များအား စစ်ကိုင်းတိုင်းအတွင်းရှိ ခန္တီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းရှူး နှင့် မော်ဟန် ဒေသများ ပါဝင်သည်။ ရှမ်းပြည်နယ်အလယ်ပိုင်းရှိ မိုင်းရှူး ဒေသမှ ပတ္တမြားထွက်ရှိမှုကြောင့် လူသိများပြီး လက်ရှိတွင် အစိုးရ စစ်တပ်နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ SSPP တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

သတ္တုတွင်း ၀န်ကြီးဌာန မြန်မာ့ကျောက်မျက်လုပ်ငန်းမှ ဦးသက်ခိုင်က ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတွင်း စီမံကိန်းများကို ရပ်နားမည် မဟုတ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။ ပါမစ်သစ်များ အတွက် လျှောက်လွှာတင်သွင်းရန် နောက်ဆုံးရက်ကို ပြောင်းလဲ သတ်မှတ်ပေးရခြင်းမှာ လိုအပ်သည့် စာရွက်စာတမ်းများ ပြင်ဆင်ချိန် ရရှိစေ ရန် ဖြစ်သည်ဟု ယင်းကဆိုသည်။

လက်ရှိ သတ်မှတ်ထားသည့် လုပ်ကွက်များအတွင်း (သို့) ပြင်ပတွင် လုပ်ငန်း ပါမစ် လျှောက်ထားလိုသူများသည် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက် လုပ်ငန်း ရုံးချုပ်တွင် လျှောက်လွှာ တင်သွင်း ရမည် ဖြစ်ပြီး လျှောက်လွှာနှင့် အတူ အာမခံငွေ ၁၀ သိန်းကျပ်နှင့် လုပ်ငန်းခွင်ကြေးများ ကြိုတင်ပေးသွင်းရမည်ဟု ဆိုသည်။

The Ladies News

မင်္ဂလာဈေးမီးလောင်မှုတရားခံများဖမ်းမိ



ရန်ကုန် ဇန်နဝါရီ ၁ဝ

ယမန်နေ့ နံနက် ၁ နာရီ မိနစ် ၂ဝ ခန့်က မင်္ဂလာတောင်ညွန့်မြို့ နယ် သပြေကုန်းရပ်ကွက် မင်္ဂလာ ဈေးမီးလောင်မှုဖြစ်စဉ်တွင် ထွက် ပြေးတိမ်းရှောင်နေသည့် သံပန်း လုပ်သားသုံးဦးအနက် နှစ်ဦးကို ထပ်မံဖမ်းဆီးရမိပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှစခန်းမှူး ဒုရဲမှူးသန်းဦးက ပြောသည်။
''နောက်ထပ် နှစ်ယောက် ထပ်မိပါပြီ။ ကိုချမ်းရယ်၊ ကိုညွန့် ဝင်းရယ် ထပ်မိပါတယ်။ တစ် ယောက်ကတော့ မိခါနီးပါပြီ။ လွတ်နေသေးတာက အောင်အောင် ပါ''ဟု ၄င်းကပြောသည်။

မီးလောင်မှုဖြစ်ပွားရခြင်းမှာ မင်္ဂလာဈေးလေးလွှာ၊ ဆိုင်အမှတ် ၄၅၁ ဆိုင်ရှင်ဖြစ်သူ ဦးလှဝင်းလိပ်ဆွဲတံခါးတပ်ဆင်ရန် သံပန်းအလုပ်သမား ခေါင်းဆောင် ဦးအောင်ဘွားထံ အလုပ်အပ်နှံခဲ့ကြောင်း၊ ယခုလ ၈ ရက်ည မင်္ဂလာ ဈေးသာယာရေးမှ မင်္ဂလာဈေးဝင်းအတွင်းကျင်းပနေသည့် သီတဂူ ဆရာတော်အရှင်ဥာဏိဿရ၏တရားပွဲပြီးမှသာ လုပ်ငန်းစတင်လုပ် ကိုင်ရန် ခွင့်ပြုထားခဲ့သော်လည်း မင်္ဂလာဈေးလျှပ်စစ်တာဝန်ခံ ကျော်ဆန်း ဦး(ခ)ဖိုးကျော်လေးက တရားပွဲမပြီးမီ ည ၁ဝနာရီတွင် လုပ်ငန်းလုပ်ကိုင်ရန် လျှပ်စစ်မီးဖွင့်ပေးခဲ့၍ ဦးအောင်ဘွားပါ သံပန်း လုပ်သား စုစုပေါင်းငါးဦး ဝင်ရောက်ကာ လိပ်ဆွဲတံခါးတပ်ဆင်ရာမှ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်းမီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၃၆ဝ၆ဝ၂ သိန်းဆုံးရှုံးခဲ့ ကြောင်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီးအားပေါ့ဆစွာအသုံးပြု ခဲ့သည့် မင်္ဂလာဈေး လျှပ်စစ်တာဝန်ခံ ကျော်ဆန်းဦး၊ သံပန်းအလုပ် သမားခေါင်းဆောင် ဦးအောင်ဘွား၊ သံပန်းလုပ်သား မင်းသိန်း(ခ) မှတ်ကြီး၊ ညွန့်ဝင်း၊ ကိုချမ်း၊ အောင်အောင်တို့ကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသန်းဦးက တရားလိုပြုလုပ်တိုင်ကြား ခဲ့ပြီး (ပ)၃၆/၂ဝ၁၆ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

နေထက်ဝေ
The Union Daily

နှစ်ပေါင်း ၁၅ နှစ်အကြာတွင် သာဂရမြို့ဟောင်းကို တတိယအကြိမ် တူးဖော်



|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၁၀
ခရစ်နှစ် နှစ်ထောင်ခုနစ်ဝန်းကျင်က နောက်ဆုံးတူးဖော်ခဲ့သည့် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မြို့ဟောင်း ကျေးရွာရှိ သာဂရမြို့ဟောင်းကို တတိယအကြိမ်အဖြစ် တူးဖော်နေပြီဖြစ်ကြောင်း တူးဖော်နေသည့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ)ထံမှ သိရသည်။
သာဂရမြို့ဟောင်း ဧရိယာအတွင်းရှိ ကုန်းအမှတ် SGR 1 ကို ၁၉၉၉-၂၀၀၀ ခုနှစ်တွင်လည်းကောင်း၊ ကုန်းအမှတ် SGR 2 ကို ၂၀၀၀-၂၀၀၁ ခုနစ်တွင်လည်းကောင်းတူးဖော်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၁၅ နှစ်ကြာမှ ကုန်းအမှတ် SGR 3 ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အခုတူးနေတာက တော့ ဘာဖြစ်မယ်ဆိုတာကို ကောက်ချက်မဆွဲနိုင်သေးဘူး။ သာသနိက အဆောက်အ အုံတစ်ခုခုဖြစ်ဖို့ ခန့်မှန်းတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
လက်ရှိတူးဖော်နေသည့်ကုန်းအမှတ် SGR 3 တွင် အုတ်ရိုးများ၊ စဥ့်ထည်အပိုင်းအစများ၊ ပန်းကန်ကဲ့သို့သော ကြွေထည်အပိုင်းအစများ၊ သံ နှင့် ကြေးအပိုင်းအစတစ်ခုစီကို တွေ့ရှိခဲ့ရပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းကုန်းအမှတ် SGR 3 ကို ဧရိယာကို ၅မီတာကွက် ၆ ကွက် သတ်မှတ်ကာ တူးဖော်လျက်ရှိကြောင်း သိရသည်။
“တစ်လလောက်တူးမယ်လို့ တော့ သတ်မှတ်ထားတယ်။ ဒါပေမယ့် တူးဖော်ရရှိတဲ့ကွင်းဆက်ပေါ်မှာ မူတည်ပြီး အချိန်က ဒီထက်ပိုကြာရင်ကြာသွားနိုင်တယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
နှစ်ပေါင်း ၁၅ နှစ်ကျော်ကြာမှ ပြန်လည်တူးဖော်ဖြစ်ခြင်းမှာ ၀န်ထမ်းအင်အားအခက်အခဲကြောင့် ဖြစ်ပြီး မြို့ဟောင်းထိန်းသိမ်းရေးလုပ်ငန်းများကိုမူ ၂၀၁၂ ခုနှစ်တွင် မြို့ဟောင်းကျေးရွာရုံးခွဲဖွင့်ချိန်မှ စတင်လုပ်ဆောင်လျက်ရှိကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။
၁၉၉၉-၂၀၀၀ ခုနှစ်တွင် ပထမအကြိမ် တူးဖော်စဉ်က အထူးသဖြင့် ခေါင်းလောင်းအသေးတစ်လုံး၊ ခေါင်းလောင်းဆံတစ်ခုနှင့် ခေါင်းလောင်းတွင် ချိတ်ဆွဲသည့် ညောင်ရွက် တို့ကို တွေ့ရှိခဲ့ရပြီး ၂၀၀၀-၂၀၀၁ ခုနှစ်တူးဖော်ရာတွင် ဗိသုကာလက်ရာ B ပုံသဏ္ဍာန်အုတ်များကို တွေ့ရှိခဲ့ရပြီး အုတ်များမှာ အရွယ်အစား တစ်ခုနှစ် တစ်ခု မတူညီကြကြောင်း တူးဖော်စဉ်က ပါဝင်ခဲ့သူ တစ်ဦးထံမှ သိရသည်။

Dawei Watch
 

Sunday, January 10, 2016

ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်



ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကရော၊ မြန်မာငြိမ်းချမ်းရေးစင်တာကပါ အတည်ပြု ပြောဆိုပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ စစ်ဘက် ထိပ်တန်းခေါင်းဆောင် တဦးလည်း မိန့်ခွန်းပြောမယ့် ဒီညီလာခံဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲ တွေအတွက် ပထမဆုံးအကြိမ်ကျင်းပတဲ့ ညီလာခံလည်းဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထား တဲ့ နန်းလောဝ်က တင်ပြထားပါတယ်။

ဇန်န၀ါရီလ ၁၂ ရက်နေ့မှာကျင်းပမယ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်မှာကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့  ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက VOA ကို အတည်ပြုပြောဆိုပါတယ်။

“အဲဒီ သတင်း ဟုတ်တယ်လေ။ မှန်တယ်ပေါ့။ အဲဒါပဲပြောနိုင်တယ်။ ၁၀ မိနစ်ပါ။ ကျွန်တော်တို့က အဲဒီ ညီလာခံ အတွက် နေပြည်တော် ရောက်နေတာလေ။ ကျွန်တော်သိတာကတော့ အဲဒီ မိန့်ခွန်းပြောတဲ့အထဲမှာ သမ္မတ ပါမယ်၊ လွှတ်တော်ဥက္ကဌတွေ ပါမယ်။ ကျွန်တော် တိတိကျကျ မဟုတ်ဘူးနော်။ ကျွန်တော် ကြားတာကို ပြောနေတာ။”

ငြိမ်းချမ်းရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမယ့် ကိစ္စနဲ့ပတ်သက်လို့ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC ကအကြီးတန်းအကြံပေး ဦးလှမောင်ရွှေကို VOA ကမေးမြန်းတာမှာ သူက အခုလို ပြောပါတယ်။

“နိုင်ငံရေးပါတီများ ဖိတ်ကြားတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ဖို့ရှိတယ်။ ပြီးရင်တော့ တိုင်းရင်းသားတွေ ဘက်ကလည်း ဘယ်သူပြီး ဘယ်သူဆိုတာ ပြောနိုင်ဖို့ ပြင်ဆင်နေတာတွေ ရှိတော့ သူတို့အနေနဲ့ ကြိုဆို နှုတ်ခွန်းဆက်စကားကို လာပြောပေးဖို့ ဆိုပြီးတော့ အစည်းအဝေးတွေမှာ ဆွေးနွေးတာ ရှိပါတယ်။ အဲဒီတော့ ဒီဆွေးနွေးပွဲမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံရဲ့ အရေးကြီးတဲ့၊ နိုင်ငံရေးကဏ္ဍက အရေးကြီးတဲ့သူတွေအားလုံး လာပြောတယ်ဆိုတာကတော့ သူတို့ရဲ့ သဘောထားတွေနဲ့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ရှေ့ကိုဆက်ပြီးတော့ သွားနိုင်ဖို့တော့ ပိုပြီးတော့ သဘာဝလည်း ကျတယ်ပေါ့လေ၊ အဓိပ္ပါယ် လည်းရှိတယ်၊ အကျိုးလည်းရှိတယ်လို့တော့ မြင်တယ်ဗျ။”

ညီလာခံတက်ရောက်ဖို့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးထားခြင်းမရှိသေးတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖိတ်ကြားခဲ့ရာမှာ အဖွဲ့သုံးဖွဲအကြောင်းပြန်ကြားခဲ့ပြီး ဒီထဲမှာ နာဂ အဖွဲ့ကတော့ တက်ရောက်မယ်လို့အကြောင်းပြန်သလို SSPP ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ကတော့မအားလပ်တာကြောင့်မတက်ရောက်နိုင်ကြောင်းနဲ့KIO တပ်ဖွဲ့တို့ကတော့NCAလက်မှတ်မရေးထိုးရသေးတဲ့အတွက်တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်တဲ့အကြောင်း ဦးလှမောင်ရွှေက VOA ကို ပြောပါတယ်။

 မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကြား လတ်တလော တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့်၊ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီကလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီညီလာခံကို ဂျပန်နိုင်ငံနဲ့တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်တွေတက်ရောက်ကြမှာဖြစ်သလို ကုလသမဂ္ဂဘက်ကတော့ အထူးကိုယ်စားလှယ် မစ္စတာ ဘီဂျေးနမ်ဘီးယားတက်ရောက်မှာဖြစ်ပါတယ်။ ဒီပွဲကို ဆွေးနွေးဖက်တွေအဖြစ် ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ကိုမြအေးတို့ကိုလည်းဖိတ်ကြားခဲ့ တယ်လို့ဆိုပါတယ်။

ညီလာခံအဖွင့်မိန့်ခွန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားမှာဖြစ်သလို ကာကွယ်ရေးဦးစီးချုပ်သို့်မဟုတ် တပ်မတော်ဘက်က ကိုယ်စားလှယ်တယောက်ယောက်ကတက်ရောက်မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

နန်းလောင်ဝ် / ဗွီအိုအေ (မြန်မာပိုင်း)

အစိုးရ ဖွဲ့ရေး ကိစ္စ NLD ပါတီခေါင်းဆောင်တွေ ဆွေးနွေးဆဲ


အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောခွင့်ရ ဦးဉာဏ်ဝင်း ။ (ဇန်နဝါရီလ ၄ရက်နေ့၊ ၂၀၁၆) 
အစိုးရသစ် ဖွဲ့စည်းရေး၊ လွှတ်တော်ပိုင်း ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အစည်းအဝေး တရပ်ကို နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ နှင်းဆီ စံအိမ်မှာ ဒီကနေ့ ကျင်းပပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေ တက်ရောက်တဲ့ အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက်တော့ မချခဲ့ဘူးလို့ ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်း ကပြောပါတယ်။

မကြာခင်သီတင်းပတ်တွေအတွင်း သက်တမ်းအသစ်စတင်မယ့် လွှတ်တော်တွေ အတွက် လည်း NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ပြင်ဆင်နေကြပါပြီ။ သူတို့ကို ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်သူလူထု စိတ်မပျက်စေရပါဘူး လို့ ရွေးကောက်ခံ NLD လွှတ်တော်အမတ်တဦးက ကတိပေး ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြောပြပါမယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရသစ်တရပ်ဖွဲ့စည်းခွင့်ရနိုင်တဲ့အထိ မဲရလဒ် အပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်တွေနဲ့ ဗဟိုအလုပ်အမှုဆောင်တွေ အစိုးရသစ် ဖွဲ့စည်းရေးအတွက် အရေးပါတဲ့ဆွေးနွေးချက်တွေကို ဒီကနေ့ နေပြည်တော်မှာ စည်းဝေးဆွေးနွေးခဲ့ကြပါတယ်။

အစိုးရသစ်နဲ့ လွှတ်တော်သစ် ဖွဲ့စည်းရေးနဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ အရေးပါတဲ့ ဆွေးနွေးချက်တွေကို ဗဟိုအလုပ်အမှုဆောင်တွေ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း နေပြည်တော်က ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် NLD ပြောခွင့်ရပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

"အစည်းအဝေးမှာကတော့ အခုအချိန်မှာ အစိုးရဖွဲ့စည်းရေး၊ လွှတ်တော်ဖွဲ့စည်းရေး၊ ဒီ Subjects တွေ အကုန်ပါတာပေါ့နော်။ ဒီကနေ့ ဆွေးနွေးတာ။ သို့သော် ဆုံးဖြတ်ချက်အနေနဲ့တော့ မချဘူး။ ဆုံးဖြတ်ချက်မချတဲ့အတွက် အန်ကယ်လ်တို့က အသေးစိတ်တော့ ပြောလို့မရပါဘူး။"

အခုလိုမျိုး အစိုးရဖွဲ့စည်းနိုင်ရေး အရေးတကြီး ဆွေးနွေးနေကြချိန်မှာပဲ လာမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကျင်းပတော့မယ့် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေအတွက် ကိုယ်စားလှယ်အရေအတွက်အများဆုံး ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ NLD ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်တက်ဖို့ ပြင်ဆင်နေကြပြီဖြစ်တယ်လို့ ဦးဉာဏ်ဝင်းကပြောပါတယ်။

"ဒီက လွှတ်တော်ရုံးကပဲ သူတို့ နေရေးထိုင်ရေး ကိစ္စတွေ၊ ဘာတွေ သူတို့ပြင်ဆင်နေတယ်။ နောက် လုပ်ထုံးလုပ်နည်းတွေ ဘာတွေ စာအုပ်တွေ ပေးမယ်။ အဲ့တာတော့ သိတယ်။"

လွှတ်တော်တွင်း တိုင်းပြည်နဲ့ပြည်သူ အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ဆောင်ရွက် သွားကြမှာဖြစ်တယ်လို့လည်း NLD ဗဟို အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

"လွှတ်တော်တက်ဖို့ရာအတွက် ၂၅ရက်ထက် မစော၊ ၂၆ရက်နေ့ ထက် နောက်မကျပဲ လွှတ်တော်ကို သတင်းပို့ဖို့ အကြောင်းကြားထားပါတယ်။ လွှတ်တော် ဒုတိယအကြိမ်သက်တမ်း၊ ပထမဆုံး အစည်းအဝေးပေါ့လေ။ ကျနော်တို့က ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို Capacity Building ပေါ့နော် ကျနော်တို့ အဲ့တာတွေ လုပ်ထားပါတယ်။

ဒီလွှတ်တော် ဒုတိယသက်တမ်းမှာ ဆိုလို့ရှိရင် ယေဘူယျအားဖြင့် ပြောမယ်ဆိုရင် ငါးနှစ်သက်တမ်းလို့ ပြောသော်လည်းပဲ တကယ်အချိန်က လေးနှစ်ခွဲလောက်ပဲ ရတာပေါ့လေ။ အဲ့တော့ ကျနော်တို့ လုပ်ပေးနိုင်တာ ရေတိုကာလမှာ အဖြေရနိုင်တဲ့ အဖြေရနိုင်တဲ့ဟာတွေကို လုပ်ငန်းတွေ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ကို ဆောင်ရွက်ပါ့မယ်။

ကျနော်တို့ ပြည်သူလူထုကို သူတို့ပေးခဲ့တဲ့ မဲအတွက် စိတ်မပျက်စေရပါဘူးလို့ပဲ ဒီလို အမှာစကားလေး ပါးချင်ပါတယ်။"

အခုအချိန်မှာတော့ အစိုးရဖွဲ့စည်းနိုင်ရေး၊ လွှတ်တော်အရေး စသဖြင့် နေပြည်တော် မှာ NLD ဘက်က ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးနေကြပေမဲ့ လို့ အသေးစိတ်အချက်အလက်တွေကို အတိုက်အခံပါတီဘက်က တရားဝင် ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

လက်ရှိအစိုးရဘက်ကတော့ အာဏာလွှဲပြောင်းရေး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်မယ် လို့ သမ္မတဦးသိန်းစိန်ဘက်က ကတိပေးပြောဆို ထားသလို လက်ရှိအခြေအနေမှာလည်း အနိုင်ရ NLD ပါတီ တာဝန်ရှိသူတွေနဲ့ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရဘက်က တာဝန်ရှိသူတွေ ဟာ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းရေး အတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ပါတယ်။

အာဏာစနစ်တကျလွှဲပြောင်းရေးအတွက် အစိုးရဘက်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ မှာ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ပါဝင်ပြီး NLD ဘက်ကတော့ ဦးဝင်းထိန်၊ ဒေါက်တာအောင်သူ နဲ့ ဒေါက်တာမျိုးအောင်တို့ ပါဝင်ပါတယ်။

အစိုးရဖွဲ့စည်းနိုင်ရေးနဲ့တပြိုင်နက်တည်း လွှတ်တော်တွင်း လွှတ်တော် လုပ်ငန်းရပ်တွေ ပြောင်းလွှဲနိုင်ရေး အတွက်ကိုလည်း လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အနိုင်ရပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့လည်း မကြာခဏ ဆိုသလို တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)

တောင်ကိုရီးယားနိုင်ငံပေါ် အမေရိကန်ဗုံးကျဲလေယာဉ် ပျံသန်း


အမေရိကန် ဗုံးကျဲလေယာဉ် တစင်း ဒီကနေ့ တနင်္ဂနွေနေ့မှာ တောင်ကိုရီးယား နိုင်ငံပေါ်မှာ ပျံဝဲခဲ့။
မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံး နျူးကလီးယား စမ်းသပ်မှုကို တုံ့ပြန်တဲ့ အနေနဲ့ ခရီးဝေး ပျံသန်းနိုင်တဲ့ အမေရိကန် ဗုံးကျဲလေယာဉ် တစင်း ဒီကနေ့ တနင်္ဂနွေနေ့မှာ တောင်ကိုရီးယား နိုင်ငံပေါ်မှာ ပျံဝဲခဲ့ပါတယ်။

နျူးကလီးယား လက်နက်တွေ သယ်ဆောင်နိုင်စွမ်းရှိတဲ့ B- 52 ဗုံးကျဲလေယာဉ်ဟာ Guam အနီးက အခြေစိုက် စခန်းကို မပြန်ခင် တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ နယ်စပ်နဲ့ ၇၂ ကီလိုမီတာ အကွာက Osan လေတပ် အခြေစိုက်စခန်းပေါ်မှာ ပျံဝဲနေတာကို တွေ့ခဲ့ကြရပါတယ်။

ဗုံးကျဲလေယာဉ်ကိုတော့ အမေရိကန်နဲ့ တောင်ကိုရီးယား တိုက်လေယာဉ် နှစ်စင်းတို့ ခြံရံ ပျံသန်းခဲ့ကြပါတယ်။ ဗုံးကျဲလေယာဉ်ပျံသန်းမှုဟာဆိုရင် မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမိမြေ အမေရိကန် ပြည်ထောင်စုကို ခိုင်ခိုင်မာမာ ကာကွယ်သွားမယ်ဆိုတာကို အမေရိကန်က ပြသတာပဲ ဖြစ်တယ်လို့ အမေရိကန် ပစိဖိတ် ဒေသဆိုင်ရာ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး Harry B. Harris, Jr. က ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။ မြောက်ကိုရီးယား နိုင်ငံက တတိယမြောက် နျူကလီးယား စမ်းသပ်ခဲ့ချိန် ၂၀၁၃ ခုနှစ်တုန်းကလည်း အမေရိကန်တို့က ခရီးရှည် ပျံသန်းနိုင်တဲ့ ဗုံးကျဲလေယာဉ် တစင်းကို တောင်ကိုရီးယားနိုင်ငံကို စေလွှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဟိုက်ဒြိုဂျင်ဗုံးလို့ ပြောဆိုတဲ့ ဗုံးကို စမ်းသပ်တာကို ကာကွယ်ပြောဆိုတဲ့ အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက အချုပ်အခြာအာဏာပိုင် နိုင်ငံတခုရဲ့ တရားဝင် အခွင့်အရေး တရပ် ဖြစ်ပြီး ဝေဖန်စရာ မရှိတဲ့ မျှတတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြည်သူ့တပ်မတော်ဆိုင်ရာ ၀န်ကြီးဌာနမှာ မိန့်ခွန်းပြောစဉ်မှာ ထည့်သွင်း ပြောဆိုခဲ့ပြီး နာရီပိုင်း အကြာ ဒီကနေ့ တနင်္ဂနွေနေ့မှာဘဲ အမေရိကန် ဗုံးကျဲလေယာဉ် B-52 ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)