Pages

Saturday, January 30, 2016

ကရင်နိုင်ငံရေးပါတီ ၅ ခု ပူးပေါင်းမည်


ကရင်ငါးပါတီ တပါတီတစ်ခုတည်း ပေါင်းစည်းရေး ကော်မတီ ဖွဲ့စည်းရေး အစည်းအဝေး- သတင်းဓာတ်ပုံ Credit to KPP.
၂၀၁၅ခုနှစ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကရင်နိုင်ငံရေးပါတီ(၅)ပါတီကနေ တပါတီတည်း အဖြစ် ပေါင်းစည်းသွားဖို့ သဘောတူညီချက် ရရှိခဲ့ပြီးပြီလို့ ကရင် ပါတီ ခေါင်းဆောင်တွေ က ပြောပါတယ်။ လက်ရှိမှာ ပေါင်းစည်းရေးကော်မတီ (၃၀) ဦးကို ဖွဲ့စည်းထားပြီး လာမယ့် ဖေဖေါ်ဝါရီလလောက် မှာ ပေါင်းစည်းရေး လုပ်ငန်းစဉ်တွေ ကို ပြန်လည် ဆွေးနွေး သွားမယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ VOA ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

မတူကွဲပြားစွာ ရပ်တည်နေတဲ့ ကရင်နိုင်ငံရေးပါတီ(၅)ခုကို ဒီနှစ်တောအတွင်း တပါတီတည်းအဖြစ် ပေါင်းစည်းသွားဖို့ သဘောတူညီချက်ရရှိခဲ့ပြီးလို့ ကရင် အမျိုးသားပါတီ ရဲ့ အထွေထွေ အတွင်းရေးမှူး မန်းကျော်ငြိမ်းက အခုလို ပြောပါ တယ်။

" အားလုံးကတော့ ပေါင်းကြဖို့ သဘောတူကြပြီ။ တူကြပြီ ဆိုတဲ့အခါကျတော့ တပါတီကို ခြောက်ယောက်ပေါ့နော်။ ငါးပါတီဆိုတော့ အယောက်သုံးဆယ်နဲ့ ဖွဲ့စည်းဖို့ လုပ်ထားတယ်။ ကျနော်တို့ အဲ့ဒီ့အဖွဲ့ကနေပြီးတော့ ပါတီပေါင်းစည်းရေး အတွက် မူဝါဒ ရေးဆွဲမယ်။ အကုန်လုံး အဲ့တာကို ဆောင်ရွက်ဖို့အတွက်လေ။"

ပါတီ တစ်ခုတည်း ပေါင်းစည်းရေး ကော်မတီ(၃၀)ဦးကို ပြီးခဲ့တဲ့ အင်္ဂါနေ့ အစည်းအဝေး ကနေ ဖွဲ့စည်းပြီး နိုင်ငံရေးပါတီ တစ်ခု အဖြစ် ဖွဲ့စည်းဖို့ သဘောတူ လိုက်တာဖြစ်ပါတယ်။ ပေါင်းစည်းရေးကော်မတီတွေအနေနဲ့ လာမယ့် ဖေဖေါ်ဝါရီလလောက်မှာ ပေါင်းစည်းရေး လုပ်ငန်း စဉ်တွေ ကို ပြန်လည် ဆွေးနွေးသွားမယ်လို့ မန်းကျော်ငြိမ်းကဆက်ပြောပါတယ်။

" ပါတီရဲ့ မူဝါဒတွေကို တယောက်နဲ့ တယောက်တော့ ပြန်ညှိရမှာပေါ့။ မူဝါဒပိုင်းဆိုင်ရာ ကတော့ ကျနော်တို့ ဒီဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့ အတွက်တော့ ဘယ်လို ဖက်ဒရယ်မျိုးကို နှစ်သက်သလဲ ဆိုတဲ့ပုံစံနဲ့ စပြီးတော့ ညှိတော့ ညှိကြရမှာပေါ့။ ပါတီရဲ့ မူဝါဒရေးဆွဲမယ်။ စည်းမျဉ်းစည်းကမ်းတွေပေါ့။ အကုန်လုံးညှိရမှာပေါ့နော်။ "

VOA ကိုနိုင်ကွန်းအိမ်

ကရင်နိုင်ငံရေးပါတီတွေ ပူးပေါင်းရတာဟာ ကရင်ပြည်သူတွေ ရဲ့ တောင်းဆိုချက် အရ နဲ့ ကရင်အမျိုးသားစည်းလုံး ညီညွတ်ရေးကိုရှေးရှုတယ်လို့လဲ သူကဆိုပါတယ်။

ပြီးခဲ့တဲ့(၂၀၁၅)ရွေးကောက်ပွဲမှာ ကရင်နိုင်ငံရေးပါတီကွဲပြားနေမှုကြောင့် ကရင်ပြည်နယ် သံတော်မြို့နယ်မှာ ကရင်ပြည်သူ့ပါတီ ကနေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တဦးသာ အနိုင်ရပြီးကျန်တဲ့(၄)ပါတီကတော့ ကိုယ် စားလှယ်နေရာ အနိုင်ရတာ မရှိခဲ့ပါဘူး။

ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ စတဲ့ ပါတီ ၅ပါတီကနေ နိုင်ငံရေးပါတီတစ်ခုတည်း ဖြစ်အောင်ပူးပေါင်းဖို့အတွက် မတူညီတဲ့ ပါတီမူဝါဒတွေရှိနေပေမဲ့လဲ တူညီတဲ့အပိုင်းကနေ စတင်ပူးပေါင်း လုပ်ဆောင်သွာမယ်လို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။

" ကျနော်တို့ တပါတီတည်းဖြစ်အောင် ပူးပေါင်းမယ်။ မူဝါဒမတူတာတွေကို ချန်ထားရမှာပေါ့ဗျာ။ ဒါပဲပေါ့။"

၂၀၁၅ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာ ၄ နေရာမှာ တိုင်းရင်းသားတွေကို ၃ နေရာပေးလိုက်တဲ့လုပ်ဆောင်ချက်အပေါ်ကြိုဆိုပေမဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ နဲ့  ငြိမ်းချမ်းရေးတည်ဆောက်ရေး အပိုင်းမှာ NLDအစိုးရရဲ့ လုပ်ဆောင်ချက်တွေ ကိုစောင့်ကြည့်သွားရမယ်လို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။

"ကျနော်တို့ ကြိုဆိုပါတယ်။ တိတိကျကျနဲ့ အဖြေမှန်ထွက်ဖို့ကိုပဲ ကျနော်တို့က မျှော်လင့် တယ်။ ဖြစ်နိုင်ရင်တောင် သမ္မတ နေရာမှာ ကျနော်တို့ တိုင်းရင်းသားတွေကို ပေးမယ်ဆိုရင် ကျနော်တို့က ပိုဝမ်းသာတာပေါ့ဗျာ။ NLD အစိုးရကိုတော့ ကျနော်တို့က မျှော်လင့်ချင်တယ်ပေါ့ဗျာ။ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်တို့၊ စစ်မှန်တဲ့ ဒီမိုကရေစီတို့၊ ငြိမ်းချမ်းရေးတို့ကို သူက အကောင်အထည်ဖော်ပေးမယ်လို့တော့ သူကပြောပါတယ်။ သို့သော် လက်တွေ့ ဘယ်လောက်အထိ ဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် အနေအထားရှိမယ်။"

၂၀၁၅ ရွေးကောက်ပွဲတုန်းက ကရင်နိုင်ငံရေးပါတီတွေဖြစ်တဲ့ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင် အမျိုးသားပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ စတဲ့ ပါတီ ၅ပါတီ ကနေ ကရင်ပြည်နယ် မွန်ပြည်နယ် ပဲခူးတိုင်း ဧရာဝတီတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးတွေမှာ ၀င်ရောက် ယှဉ်ပြိုင်အရွေးခံခဲ့ပေမဲ့ ထိုက်သင့်တဲ့ အောင်မြင်မှု မရရှိခဲ့ပါဘူး။

နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ကရင်လူမျိုးတွေကို ကိုယ်စားပြုနိုင်မဲ့ ကရင်နိုင်ငံရေးပါတီ တခုတည်းဖြစ်ဖို့ အတွက် ပါတီချင်းပေါင်းစည်းဖို့ ကြိုးပမ်းနေတာလဲဖြစ်ပါတယ်။

ကရင်နိုင်ငံရေးပါတီ ၅ပါတီ ပူးပေါင်းပြီး ဒီနှစ်အတွင်း ပါတီတစ်ခုတည်းဖြစ်အောင် ဖွဲ့စည်းသွားမယ်လို့ ဇန်နဝါရီလ (၂၇) ရက်စွဲနဲ့ သဘောထား ကြေညာချက်ကိုလဲ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ကွန်းအိမ် VOA

ဂျပန် အတိုးနှုန်း သစ်ကြောင့် အာရှ ရှယ်ယာ ဈေးတက်



ဂျပန်ဗဟိုဘဏ်ဟာ အတိုးနှုန်းကို အနှုတ် သုည ဒဿမ ၁% သတ်မှတ်ဖို့ ကို မျှော်လင့်မထားဘဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဘဏ် အပ်ငွေတွေပေါ် အတိုးနှုန်းကို အရင်က သုည ဒဿမ ၁% နဲ့ နည်းနည်းလေးပဲ ပေးထားတဲ့ ဗဟိုဘဏ်မှာ - လက်ရှိ ငွေအပ်ထားတဲ့ ဘဏ်လုပ်ငန်း တွေအပေါ် သက်ရောက်မှု ရှိစေမှာပါ ဖြစ်ပါတယ်။

ရေနံဈေးနှုန်း နောက်ထပ်ကျဆင်းမယ့် အလားအလာ၊ တရုတ် အပါအ၀င် ထွန်းသစ်စ စီးပွားရေးနိုင်ငံတွေမှာ မရေမရာ အခြေအနေ၊ စီးပွားရေးဆိုင်ရာ ယုံကြည်မှု နဲ့ လူတွေရဲ့ ကျဆင်းနေတဲ့ စိတ်အခံ ပျောက်သွားအောင် လုပ်ဖို့ နှောင့်နှေးသွားစေနိုင်တဲ့ ကမ္ဘာလုံး ဆိုင်ရာဈေးကွက် မတည်မငြိမ်ဖြစ်နေတာ စတဲ့ အန္တရာယ်တွေရှိနေတယ်လို့ ဂျပန်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ဟရုဟိကို့ ကုရိုဒါ (Haruhiko Kuroda) က တိုကျိုမြို့တော်မှာ သတင်းထောက်တွေ ကိုပြောပါတယ်။

လိုအပ်တယ်လို့ ဆုံးဖြတ်တယ်ဆိုရင် အတိုးနှုန်းကို အနှုတ်ရာခိုင်နှုန်း ထပ်ပြီး လျှော့ချမယ်လို့ ဗဟိုဘဏ်အဖွဲ့ဝင်တွေ ၅ မဲ ၄ မဲနဲ့ ဒီကနေ့ မဲခွဲ ဆုံးဖြတ်ပြီးတဲ့နောက် ထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။

အခုလို ဂျပန်ဗဟိုဘဏ်ကနေ အတိုးနှုန်းကို အနှုတ်ရာခိုင်နှုန်း သတ်မှတ်မယ်လို့ မမျှော်လင့်ဘဲ ရုတ်တရက် ကြေညာလိုက်ပြီးတဲ့နောက် အာရှဒေသ အစုရှယ်ယာဈေးတွေ သောကြာနေ့က သိသိသာသာ တက်သွားပါတယ်။ ဂျပန်ဗဟိုဘဏ် ရဲ့ အခုကြေညာချက်ကြောင့် ကမ္ဘာ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ဂျပန်မှာ ငွေထုတ်ချေးတာတွေ အရှိန်အဟုန် နဲ့ ဖြစ်လာမယ့်သဘော ရှိပါတယ်။

တိုကျိုမြို့ Nikkei အစုရှယ်ယာအညွှန်းကိန်းဟာ တက်လိုက် ကျလိုက်နဲ့ ဖြစ်နေပြီးတဲ့နောက် ၂.၈% အတက်နဲ့ ဈေးပိတ်နိုင်ခဲ့သလို၊ ဟောင်ကောင် Hang Seng အစုရှယ်ယာအညွှန်းကိန်းဟာလည်း ၂.၅% အတက်ပြခဲ့ပြီး၊ ရှန်ဟဲ စုပေါင်းအညွှန်းကိန်းဟာလည်း ၃.၁% အတက်နဲ့ ဈေးပိတ်သွားခဲ့ပါတယ်။

ဆစ်ဒနီ၊ စင်္ကာပူ၊ မနီလာနဲ့ တိုင်ပေ ဈေးကွက်တွေမှာလည်း ၂% စီလောက် အတက်နဲ့ ဈေးပိတ်ပါတယ်။ ဥရောပဈေးကွက်မှာလည်း သောကြာနေ့ မနက်ပိုင်းက အာရှဈေးကွက် အတိုင်းပဲ အတက်ပြနေခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

သက်တမ်းကုန်သွားပြီဖြစ်တဲ့ လွှတ်တော်၊ ဘယ်လိုလွှတ်တော်မျိုးလဲ

Burma Politics - Last Parliament Session held in Naypyidaw- MOI
ခုဆိုရင် အရင် စစ်အစိုးရက ဖန်တီးပေးခဲ့တဲ့ ပထမ အကြိမ် လွှတ်တော်တွေ သက်တမ်း ကုန်ဆုံးသွားခဲ့ပါပြီ။ ဇန်န၀ါရီ(၂၈) နဲ့ (၂၉ )ရက်နေ့ မှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်ထောင်စု လွှတ်တော်တွေမှာ နှုတ်ဆက်ပွဲတွေ ကျင်းပကြပါတယ်။ အားလုံးလိုလိုသော အမတ်တွေက သူတို့ လွှတ်တော်ကို သူတို့ ချီးမွမ်းခန်းတွေ ဖွင့်ပြီး လွှတ်တော် မှတ်တမ်းထဲ ၀င်အောင် ပြောဆိုကြပါတယ်။ အဓိက ပြောကြ ဆိုကြတာက နှစ်ပေါင်း ၂၀ ကျော်အတွင်း လွှတ်တော်တွေ ပြန်ပေါ်ပေါက်လာပြီး သူတို့တွေက အသက်သွင်းခဲ့တယ် ဆိုတာမျိုး၊ လွှတ်တော်တွင်းမှာ ပါတီစွဲ လူမျိုးစွဲ မထားပဲ တိုင်းပြည်ကောင်းရာ ကောင်းကျိုး လုပ်ခဲ့ကြတယ် ဆိုတာမျိုး၊ ပြည်သူ့အသံ လွှတ်တော် အသံ ဆိုပြီး ပြည်သူတွေ အကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတယ်ဆိုတာမျိုး၊ ဘယ်လောက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့ ဒုက္ခခံပြီး လုပ်ခဲ့ကိုင်ခဲ့ကြတယ် ဆိုတာမျိုးတွေပါ။ ကုန်ဆုံးသွားပြီဖြစ်တဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်တွေဟာ ဘယ်လို လွှတ်တော်တွေ ဖြစ်ခဲ့သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် စစ်ဗိုလ်ချုပ်နှစ်ယောက်ကို တာဝန်ပေးခဲ့တဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်တွေကို ပြန်ကြည့်ရင် တကယ့် လွှတ်တော်တွေအလား ပီပီပြင်ပြင် အသက်ဝင်အောင် လုပ်ခဲ့တာကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုက ၁၄ ခုသော လွှတ်တော်တွေအားလုံး တစ်ခုမှ ပြည်ထောင်စု အဆင့် လွှတ်တော်လို အသက် မ၀င်ခဲ့လို့ ဖြစ်ပါတယ်။ လွှတ်တော် သက်တန်းကာလ အတွင်း ခေတ်စနစ်နဲ့ လျော်ညီခြင်း မရှိတဲ့ ဥပဒေ တွေကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ အသစ် လိုအပ်တဲ့ ဥပဒေတွေကို ရေးဆွဲ ပြဌာန်းတာတွေကိုတော့ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ ပြဌာန်းလိုက်တဲ့ ဥပဒေတွေဟာ တကယ့် ပြည်သူလူထု အကျိုးအတွက် ဖြစ်ရဲ့လား၊ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ဖယ်ရှားပေးထားတဲ့ ဥပဒေတွေ ဖြစ်ရဲ့လား ဆိုတာကတော့ ဆွေးနွေးစရာ အများကြီး ရှိနေပါတယ်။

နမူနာအားဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေ ဆိုရင် ဒီမိုကရေစီလည်း မကျ၊ ရှုတ်လည်း ရှုတ်ထွေး အခြေအနေမျိုး ဖြစ်အောင် ပြဌာန်းထားတာ တွေ့ရမယ် ဖြစ်ပါတယ်။ အဲလို ရှုတ်ထွေးတဲ့ ဥပဒေကြောင့်ပဲ အရင် အာဏာရှင် ခေတ်က အတိုင်း ပြည်သူလူထုကို ဆန့်ကျင်သူတွေ၊ ကိုယ်ကျိုးသမားတွေ အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှူး နေရာတွေကို ဆက်ပြီး ရယူထားနိုင်သေးတာ တွေ့ရပါတယ်။ နောက် တစ်ခုက ငြိမ်းချမ်းစွာ စုရုံး စီတန်း ဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေ ဖြစ်ပါတယ်။ လွှတ်တော်က ပြဌာန်းလိုက်တဲ့ အဲဒီ ဥပဒေကို အကြောင်းပြုပြီးတော့ပဲ ကျောင်းသားနဲ့ လူပေါင်းများစွာ ဖမ်းဆီး၊ တရားရုံး တင်ပို့ခံရ၊ အကျဉ်းချ ခံနေရတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မျိုးစောင့် ဥပဒေတွေ ဖြစ်ပါတယ်။ နိုင်ငံနဲ့ တိုင်းရင်းသားပြည်သူတွေ အတွက် အကျိုးရှိစေမယ့် ဥပဒေတွေလို့ သတ်မှတ်ဖို့ အလွန်ခက်ခဲပါတယ်။ ဒါတွေက နမူနာ သဘောလောက်ပါ။ လက်ရှိ လွှတ်တော်ဟာ အဲလို ဥပဒေ အများကြီး ပြဌာန်းခဲ့ပါတယ်။

နောက်တစ်ချက် လွှတ်တော်ဟာ သမ္မတ နဲ့ အစိုးရ အဖွဲ့ကို ထိန်းကျောင်းတယ်၊ ထိန်းညှိတယ် ဆိုတဲ့ ကိစ္စပါ။ တကယ့်တကယ်ကျတော့ အဲဒီကိစ္စတွေထဲမှာ အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေ၊ ဂိုဏ်းဂဏ တိုက်ပွဲ ပြသနာတွေ အများကြီး ပါဝင်နေတာ တွေ့နိုင်ပါတယ်။ စစ်အစိုးရ ခေတ်လွန်ကို ပြန်ကြည့်ရင် လွှတ်တော်ထဲကို အမတ်ဖြစ်ပြီး ရောက်သွားသူတွေထဲမှာ အရင် အခွင့်ထူးရခဲ့တဲ့ ၀န်ကြီးဟောင်းတွေနဲ့ ခရိုနီတွေ ပါသွားကြပါတယ်။ လွှတ်တော်ကို သူတို့ ကြီးစိုး လွှမ်းမိုးထားပါတယ်။

တစ်ဖက်မှာ အစိုးရ အာဏာရလာတဲ့ သမ္မတ ဦးသိန်းစိန် ဘက်မှာလည်း သူတို့ အုပ်စုနဲ့ သူတို့ ရှိကြပါတယ်။ သမ္မတ ဦးသိန်းစိန် ဘက်မှာ တန်ခိုးကြီးလာတဲ့ ၀န်ကြီး ဦးစိုးသိန်းနဲ့ အုပ်စုဟာ လွှတ်တော်ထဲ ရောက်သွားတဲ့ ၀န်ကြီးဟောင်းတွေနဲ့ ခရိုနီ အုပ်စုတွေကို အရင်ခေတ်တုန်းကလို အခွင့်ထူးတွေ မပေးတော့ပါဘူး။ ပုံစံ အသစ်၊ လူအသစ်တွေနဲ့ လုပ်ပါတယ်။ ဒီလိုနည်းနဲ့ အခွင့်ထူးမရတော့တဲ့ လွှတ်တော်ဘက်က ခရိုနီ အသိုင်းအ၀ိုင်း အုပ်စု အစိုးရဘက်ကို အမျက်တော်ရှပါတယ်။ နောက်ပိုင်း အစိုးရဘက်က လုပ်ရပ်တွေ အထူးသဖြင့် စီးပွားရေး ဆိုင်ရာ လုပ်ရပ်တွေကို စေ့စေ့စပ်စပ် ကြည့်ရှု ဝေဖန်ပါတော့တယ်။ ဒါဟာ အစိုးရနဲ့ လွှတ်တော် ပုံမှန် Check and Balance လုပ်တာမျိုး မဟုတ်ပါဘူး။ ဥပမာအားဖြင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းမှာ နိုင်ငံခြား အော်ပရေတာတွေကို လုပ်ကိုင်ခွင့်ပြုတဲ့ ကိစ္စ၊ နိုင်ငံခြား ဘဏ်တွေကို ၀င်ရောက် ရင်းနှီးမြှုပ်နှံခွင့်ပေးတဲ့ ကိစ္စတွေမှာဆိုရင် လွှတ်တော် ဘက်က အသည်းအသန် ကန့်ကွက်တာမျိုး လုပ်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ဘက်က မအောင်မမြင် ဇာတ်မျောဖြစ်အောင် လုပ်လိုက်တဲ့ ပြသနာကြီးတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ သိမ်းဆည်းထားတဲ့ မြေယာတွေ ပြည်သူတွေ လက်ထဲ ပြန်ရောက်ရေး ကိစ္စပါ။ တကယ်တော့ အရင် စစ်အစိုးရ လက်ထက်က လယ်သိမ်းယာသိမ်း ပြသနာဟာ အတော့်ကို နက်ရှိုင်းကျယ်ပြန့်ပါတယ်။ သိမ်းသူတွေကလည်း မျိုးစုံပါတယ်။ တပ်မတော်၊ ဌာနဆိုင်ရာ၊ စစ်ဗိုလ် နဲ့ ခရိုနီသူဌေး စုံနေအောင် ပါပါတယ်။ လယ်သိမ်းယာသိမ်း လုပ်ခဲ့တဲ့သူတွေ အများကြီးကလည်း လွှတ်တော်ထဲ အမတ်ဖြစ်နေတာတွေလည်း ရှိနေပါတယ်။ နောက်ဆုံး အဲဒီ လယ်ယာမြေ သိမ်းဆည်းခံရမှု ကိစ္စတွေ ကိုင်တွယ်ဖြေရှင်းပေးတဲ့ လွှတ်တော်ဘက်ကလည်း ပြသနာကို ရှင်းလင်းတဲ့အထိ မကိုင်တွယ်ပဲ ဇာတ်မျောအဖြစ် လုပ်ကိုင်ခဲ့တာ တွေ့နိုင်ပါတယ်။

လွှတ်တော်ရဲ့ အရေးအကြီးဆုံးသော ပြသနာ တစ်ခုကတော့ ဖွဲ့စည်းပုံပြင်ရေးကို ကောင်းကောင်းမွန်မွန် မလုပ်ခဲ့တာပါ။ ရွေးကောက်ခံ နဲ့ တပ်တော်သားတွေ ညှိနှိုင်းပြီး ဖွဲ့စည်းပုံကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား ပြင်ဖို့ ကြိုးစားရမှာကို ဖွဲ့စည်းပုံပြင်ရေးကော်မတီ ထဲကနေ တပ်မတော်သားတွေကိုရော အခြားပါတီဝင်တွေကိုပါ ထုတ်ပယ်၊ သူရဦးရွှေမန်း သဘောကျတာကိုပဲ ပြင်ဖို့ ပြည်ခိုင်ဖြိုးပါတီက လုပ်ခဲ့တာပါ။ နောက်ဆုံး တပ်မတော်ဘက်က ပယ်ချခဲ့ပြီး ဘာတစ်ခုမှ အရာမထင်ခဲ့ပါဘူး။

လွှတ်တော် နောက်ဆုံးနေ့ ဇန်န၀ါရီ ၂၈ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ရော သူရဦးရွှေမန်းပါ စကားပြောကြပါတယ်။ သမ္မတ ဦးသိန်းစိန်က “ ထိပ်တိုက်ရင်ဆိုင်မှုများ ကြုံတွေ့ရသော်လည်း ပုဂ္ဂိုလ်ရေး ထိခိုက်နာကျင်မှုများကို မေ့ပျောက်၍ သည်းခံဆောင်ရွက်ခဲ့တယ်”ဆိုပြီး ပြောခဲ့သလို သူရဦးရွှေမန်းကလည်း “ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကျွန်တော့်မှာလည်း ဒါဏ်ရာ ဒါဏ်ချက်တွေ အများကြီးရပါတယ်။ ဒီလိုပဲ ကျွန်တော်နဲ့ နီးစပ်သူတွေလည်း ဒါဏ်ရာ ဒါဏ်ချက်တွေ အများကြီး ရပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဖြစ်ပွားခဲ့တဲ့ ဂိုဏ်းဂဏ တိုက်ပွဲကို ထင်ဟပ်စေတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် ကုန်လွန်ခဲ့တဲ့ လွှတ်တော် သက်တန်းဟာ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ ဆိုတာထက် ကိုယ်ကျိုးစီးပွားနဲ့ ဂိုဏ်းဂဏ တိုက်ပွဲတွေ ပိုပြီး လွှမ်းမိုးခဲ့တဲ့ လွှတ်တော်လို့ သတ်မှတ်ရင် ပို နီးစပ်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)

ကြံခိုင်ရေး အမတ်တွေ ဆင်ဆာတင်ပြီးမှ လွှတ်တော်ထဲ စကားပြောခဲ့ရ

ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းတွေ နဲ့ မညီပဲ အာဏာရှင် ဆန်ဆန် လုပ်ရပ် တွေ ကြံ့ခိုင်ရေး ပါတီတွင်း ဖြစ်ပေါ် ခဲ့။
ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်း မှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ က လွှတ် တော် အမတ် တွေ အနေနဲ့ တစ်ဦး ချင်းစီ သဘောထား အတိုင်း လွတ်လွတ် လပ်လပ် လွှတ်တော် တွင်း အဆိုတင် တာမျိုး ပြုလုပ် လို့ မရခဲ့ ဘူး ဆိုပြီး ကြံ့ခိုင်ရေး ပါတီ မှာ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့ ဖူး သူ တစ်ဦး က ထုတ်ဖော် ပြောဆို လာပါတယ်။

ကြံ့ခိုင်ရေး ပါတီ ဗဟို အလုပ်အမှု ဆောင် ကော်မတီ ဝင် စီအီးစီ တွေ နဲ့ ဖွဲ့စည်း ထားတဲ့ ဆင်ဆာ အဖွဲ့ ရဲ့ စိစစ် အတည်ပြု မှု ကို အရင် ခံယူ ပြီး မှ လွှတ်တော် အတွင်း အဆိုပြု တင်ပြ ရတာ မျိုး ဖြစ်တယ် လို့ ကိုယ် တိုင်လည်း ပါတီ စီအီးစီ တစ်ဦး ဖြစ်ခဲ့ ဖူးတဲ့ သူရ ဦးအောင်ကို က ဘီဘီစီ နဲ့ မေးမြန်းခန်း မှာ ပြောပါတယ်။

ဇန်နဝါရီလ ၂၉ ရက် သောကြာ နေ့ ကပဲ ကြံ့ခိုင်ရေး ပါတီ လွှမ်းမိုး ထားတဲ့ လွှတ်တော် ရဲ့ နောက်ဆုံး ရက် အဖြစ် ကျင်းပ ခဲ့ ပြီး နောက် သူရ ဦးအောင်ကို က သူ့ အနေနဲ့ ကြံ့ခိုင်ရေး ပါတီ နဲ့ ကြား လမ်းခွဲ လိုက် ပြီ လို့ ပြောကြား လာပါတယ်။

ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းတွေ နဲ့ မညီပဲ အာဏာရှင် ဆန်ဆန် လုပ်ရပ် တွေ ပါတီတွင်း ဖြစ်ပေါ် ခဲ့တယ် ဆိုပြီးတော့လည်း သူရ ဦးအောင်ကိုက ဝေဖန် ခဲ့တာ မှာ ပြီးခဲ့တဲ့ နှစ် ဩဂုတ် လက ကြံခိုင်ရေး ပါတီ ရဲ့ ဥက္ကဌ နေရာ ကနေ သူရ ဦးရွှေမန်း ကို အင်အားသုံး ဖယ်ရှား ခဲ့တဲ့ ဖြစ်ရပ် ကို ဥပမာ ပေး ပြောဆို ခဲ့ ပါတယ်။

ကြံ့ခိုင်ရေး ပါတီတွင်း ဦးသိန်းစိန် နဲ့ ဦးရွှေမန်း တို့ အကြား အာဏာလွန်ဆွဲ ပွဲ အပြီး မှာ သူရ ဦးရွှေမန်း နဲ့ နီးစပ်သူ တစ်ဦး အဖြစ် ယူဆရတဲ့ သူရ ဦးအောင် လည်း အဲဒီ့ ပါတီ ရဲ့ စီးအီးစီ အဖြစ် ကနေ ဖယ်ရှား ခံခဲ့ ရပါတယ်။

သူ့ရဲ့ အနာဂတ် နိုင်ငံရေး နဲ့ ပတ်သက်ပြီး ဘီဘီစီ က မေးမြန်း ရာမှာတော့ သူရ ဦးအောင်ကို က သူဟာ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ လူပုဂ္ဂိုလ် ချင်း ခင်မင် ရင်းနှီး သူ တစ်ဦး ဖြစ်ပြီး တိုင်းပြည် အတွက် အတူ ဝိုင်းဝန်း ကူညီ ဖို့ အဖွဲ့ချုပ် ဥက္ကဌ က မကြခဏ ပြောဆို ဖူး တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် တိတိကျကျ ဘယ်လို ရာထူး တာဝန် နေရာ မျိုး မှာ ဝင်ပြီး ဆောင်ရွက်ဖို့ ကိုတော့ ပြောဆို ညှိနှိုင်း ထားတာ မရှိဘူး လို့ သူရ ဦးအောင်ကို က ဆိုပါတယ်။

BBC Burmese

ပေ ၄ဝ ခန့်ရှိ ဝေလငါးကြီး မွမ်ဘိုင်းကမ်းခြေတွင် သောင်တင်သေဆုံး၊ ကရိန်းဖြင့်ဖယ်ရှားခဲ့ရ




နယူးဒေလီ ဇန်နဝါရီ ၂၉

ပေ ၄ဝ ခန့်ရှည်လျားပြီး အလေးချိန် တန် ၂ဝ ခန့်ရှိ ဝေလငါးကြီးတစ်ကောင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ဂျူဟူကမ်းခြေ၌ ဇန်နဝါရီ ၂၈ ရက်ညတွင် သောင်တင်သေဆုံးလျက်ရှိရာ ကရိန်းဖြင့် ဖယ်ရှားခဲ့ရသည်။

အဆိုပါ ဝေလငါးကြီး သောင်တင်သေဆုံးနေမှုကို ကမ်းခြေတွင် သွားလာလှုပ်ရှားနေသူများက မြင်တွေ့ခဲ့ပြီး သစ်တောဌာနသို့ အကြောင်းကြားခဲ့ပြီးနောက် ဝန်ချီကရိန်းဖြင့် ဖယ်ရှားခဲ့ရခြင်းဖြစ်သည်။

''ဝေလငါးကြီးမှာ ထိခိုက်ဒဏ်ရာ ရရှိတဲ့လက္ခဏာတော့ မတွေ့ရပါဘူး။ ဒါပေမယ့် ခွဲစိတ်စစ်ဆေးကြည့်ရပါဦးမယ်။ ကျွန်တော်တို့အနေနဲ့ ဝေလငါးကြီးရဲ့အရိုးစုကို မပျက်စီးအောင် ထိန်းသိမ်းသွားမှာပါ'' ဟု မွမ်ဘိုင်း သစ်တောထိန်းသိမ်းစောင့်ရှောက်ရေး ဌာနမှ မကာရန် ဘီ ဂေါ့ဒ်ကီ က ပြောကြားသည်။

အဆိုပါ ဧရာမဝေလငါးကြီးကို သစ်တောဌာနက ကရိန်းဖြင့် ဖယ်ရှားနေစဉ် လူများက စိတ်ဝင်တစားဖြင့် ဝိုင်းအုံကြည့်ရှုနေသည်ကို ဒေသခံ ရုပ်သံလိုင်းများက ရိုက်ကူးထုတ်လွှင့် ပြခဲ့သည်။

''ဒီငါးကြီးသေဆုံးရတာ အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ရေထုညစ်ညမ်းမှုနဲ့ စက်ရုံတွေကစွန့်ထုတ်တဲ့ အညစ်အကြေးတွေကြောင့်လည်း သေဆုံးစေနိုင်သလို ပလတ်စတစ်ကို စားမိလို့လည်း သေနိုင်ပါတယ်။ ရောဂါတစ်ခုခုကြောင့် သေသွားခဲ့ရင် ငါးကြီးရဲ့ ခန္ဓာကိုယ်အပြင်ပိုင်းမှာ ဒဏ်ရာတွေ့ရမှာ မဟုတ်ပါဘူး'' ဟု သန္တာကျောက်တန်း စောင့်ကြည့် လေ့လာရေးပညာရှင် အနီမက်ရှ် လီမာရီက ပြောကြားသည်။

ဆင်ဟွာ။
The Mirror Daily

Friday, January 29, 2016

ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်ရာထူး အပြောင်းအလဲလုပ်


ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က  နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင် ရာထူးတချို့ကို ပြောင်းလဲခန့်အပ်ပါတယ်။
ဇန်န၀ါရီ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ လိုင်ဇာ ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဥက္ကဋ္ဌအဖြစ် ဦးဇောင်းဟရားက ဆက်လက်တာဝန်ယူပြီး ကေအိုင်အေ စစ်ဦးစီးချုပ် ဂမ်ရှောင်ကို ဒုတိယဥက္ကဋ္ဌ (၁) အဖြစ်ပါ ပူးတွဲတာဝန်ပေးပါတယ်။
ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ပေးခဲ့ပါတယ်။
ဗိုလ်မှူးချုပ် ခေါင်လွမ်းကို ဒုတိယစစ်ဦးစီးချုပ် (၁) နဲ့ ဗိုလ်မှူးချုပ် အောင်ဆိုင်းလာကို ဒုတိယစစ်ဦးစီးချုပ် (၂) အဖြစ် တာဝန်ပေးပါတယ်။
ကေအိုင်အို ဒုတိယဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်လွတ်လပ်ရေးကောင်စီ (ကေအိုင်စီ) ရဲ့ ဒုတိယဥက္ကဋ္ဌတာဝန်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင်က “ဥက္ကဋ္ဌကတော့ ဦးဇောင်းဟရား၊ နဂိုအတိုင်းပဲပေါ့။ ကေအိုင်စီပေါ့နော် ကချင်လွတ်မြောက်ရေးကောင်စီမှာကျတော့ ဒုတိယဥက္ကဋ္ဌက ဗိုလ်ချုပ်အင်ဘန်လပေါ့။ ကေအိုင်အိုပိုင်းက ပါတီပိုင်းကတော့ ဒု-ဥက္ကဋ္ဌ (၁) က ဗိုလ်ချုပ်ကြီးဂမ်ရှောင်ပါ၊ ဒု-ဥက္ကဋ္ဌ (၂) ကတော့ ဗိုလ်ချုပ်ဂွမ်မော်ပါ” လို့ ပြောပါတယ်။
ခေါင်းဆောင်ပိုင်း တာဝန်အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သလို အစိုးရနဲ့ ငြိမ်းချမ်းရေး နိုင်ငံရေးကိစ္စတွေ ဆက်လက်ဆွေးနွေးဖို့ အကြံပေးအဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဗဟိုကော်မတီ အစည်းအဝေးအပြီး ကျင်းပတဲ့ သုံးရက်ကြာ လူထူအစည်းအဝေးမှာ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြံပေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့အတွက်  ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခဲ့တယ်လို့ ဦးဆန်းအောင်က ပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ဟာ ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပေမယ့် စစ်အစိုးရဆင်းကာနီး နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ ဖိအားပေးတဲ့အပေါ် လက်မခံရာက တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ပေါ်ပေါက်လာရေးအတွက် ဦးဆောင်ကြိုးပမ်းရာမှာ ဦးဆောင်ခဲ့တဲ့အဖွဲ့ တဖွဲ့ ဖြစ်ပေမယ့် မနှစ် နိုဝင်ဘာလက အန်စီအေ လက်မှတ်ထိုးရာမှာတော့ ပါဝင်ခြင်းမရှိသေးပါဘူး။
DVB

ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာ ၃၂ ဦးကို ကယ်ထုတ်


မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို လှည့်ဖျားပြီး ငါးဖမ်းလှေပေါ် ရောင်းစားခံခဲ့ရတဲ့ မြန်မာ ၃၂ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်၊ ထိုင်း-မြန်မာသံရုံး အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ကော်မတီနဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းကယ်ထုတ်နိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကစ်ခရိုင် ဖူးကစ်မြို့ ဖယ်ရော့လှေဆိပ်အနီး အခန်းကျဉ်းတခုထဲမှာ ပိတ်လှောင်ခံထားရတဲ့ သူတို့တွေကို ဇန်န၀ါရီ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာ ၀င်ရောက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် (အမ်အေတီ) ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။
“အရင်ဆုံး အဲဒီအလုပ်သမားတွေ ၄ ယောက်က မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ရှိတဲ့ မြ၀တီမှာ သွားပြီးအမှုဖွင့်တယ်။ မြ၀တီ လူကုန်တားကနေပြီး ထိုင်း-မြန်မာသံရုံးနဲ့ ကျနော်တို့အဖွဲ့ကို စာပို့တယ်။ ကျနော်လည်း သူတို့ပေးတဲ့ ဖုံးနံပါတ်ကနေ နယ်မြေထဲက အလုပ်သမားတွေရဲ့ အကူအညီနဲ့ အဲဒီအိမ်ကိုစောင့်ကြည့်တာ၊ ဓာတ်ပုံရိုက်တာ၊ အထဲက အလုပ်သမားတွေနဲ့တွေ့ပြီး စကားပြောဖို့ ကြိုးစားခဲ့တယ်။ အချက်အလက်တွေစုံတာနဲ့ ထိုင်းရဲတပ်ဖွဲ့၊ အထူးအမှုစုံစမ်းရေး ရဲတပ်ဖွဲ့တွေ၊ အာဏာပိုင်တွေနဲ့ပေါင်းပြီး ဇန်န၀ါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာ သွားကယ်ထုတ်ခဲ့တယ်။ လူကုန်ကူးတဲ့အဖွဲ့ထဲက ၃ ယောက်ကိုလည်း ဖမ်းမိတယ်၊ သူတို့ခေါင်းဆောင် ကိုပဲ့ဆိုတဲ့လူကတော့ လွတ်သွားတယ်။”
လူကုန်ကူးခံရသူတွေဟာ သွပ်မိုးသွပ်ကာ အခန်းကျဉ်းတခုထဲမှာ ပြွတ်သိပ်နေကြရပြီး ခေါင်းအုံးမရှိ၊ အဲဒီထဲမှာပဲ ရေချိုးတာ၊ အိမ်သာသွားတာပါ လုပ်နေရတဲ့အတွက် တခန်းလုံး နံဟောင်ပြီး လှောင်နေကာ လူတွေလည်း ချွေးဒီးဒီးကျ အနေဆင်းရဲလှတာကို တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
သူတို့တွေဟာ ငါးဖမ်းလှေရောက်မလာခင် အဲဒီမှာ စောင့်ဆိုင်းနေရတာဖြစ်ကြောင်း၊ ငါးဖမ်းလှေပေါ် တက်သွားတော့လည်း အလုပ်လုပ်တာ စိတ်တိုင်းမကျရင် အလုပ်သမားခေါင်းဆောင် ဒါမှမဟုတ် သူဌေးရဲ့ ရိုက်နှက်တာ၊ ခြိမ်းခြောက်တာ ခံရပြီး ထွက်မပြေးနိုင်အောင်လည်း လူ ၃ – ၄ ယောက်က အမြဲစောင့်ကြည့်နေတာလို့ ဆိုပါတယ်။
အလုပ်သမားတွေဟာ အသက် ၂၀ နဲ့ ၅၀ ကြားရှိပြီး လူရွယ်တွေ အများဆုံးပါဝင်ကြောင်း၊ မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက လာကြတာဖြစ်ပြီး ပြည်တွင်းမှာရှိစဉ် ပွဲစားတွေက ထိုင်းနိုင်ငံမှာ အလုပ်လည်းရ၊ နေထိုင်ခွင့်ကတ်လည်းရအောင် တဦးကို ကျပ် ၈ သိန်းဆီနဲ့ လုပ်ပေးမယ်လို့ သွားရောက်ဆွဲဆောင်တာကြောင့် ရောက်လာခဲ့တာဖြစ်ပြီး ဒီရောက်မှ ငါးဖမ်းလှေပေါ် ရောင်းစားခံခဲ့ရတာလို့ ဆိုပါတယ်။
ရောင်းစားခံရသူတွေထဲက တချို့ဟာ လွန်ခဲ့တဲ့ ၃ လကတည်းက ရောက်ရှိနေတာဖြစ်ပြီး တချို့က ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
လက်ရှိ သူတို့တွေကို ဖူးကစ်ရဲစခန်းက ခေါ်ယူစောင့်ရှောက်ထားပြီး မြန်မာနိုင်ငံ မြ၀တီမြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့လက်ထဲ ပြန်လည်အပ်နှံပေးဖို့ ဆောင်ရွက်နေတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် အနေနဲ့ ဒီ ဇန်န၀ါရီလထဲမှာ လူကုန်ကူးခံရသူတွေကို ကူညီကယ်ထုတ်ပေးခဲ့ရတာ အမှုပေါင်း ၃ ခုက လူပေါင်း ၅၁ ဦးရှိကြောင်း၊ နောက်ထပ်လည်း ကူညီဆောင်ရွက်ဖို့ ၂ နေရာရှိနေပြီး အချက်အလက်တွေ ပြည့်စုံအောင် ကောက်ခံနေတုန်းပဲလို့  ဦးကျော်သောင်းက ပြောပါတယ်။
DVB

လွှတ်တော်ကိုယ်စားလှယ်များ၏ အောင်မြင်ခြင်း မနောအက (ရုပ်သံ)



ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့ နေ့လယ်စာစားပွဲနဲ့ တေးဂီတဖျော်ဖြေပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေက အောင်မြင်ခြင်း မနောအကနဲ့ ကပြဖျော်ဖြေခဲ့ကြပါတယ်။
DVB

အားကျမခံသီချင်းဆိုပြခဲ့သည့် သူရဦးရွှေမန်း (ရုပ်သံ)



နေပြည်တော်မှာ ဇန်န၀ါရီ ၂၉ ရက်နေ့က ကျင်းပတဲ့ ပထမအကြိမ်လွှတ်တော်အစည်းအဝေးများ ပြီးဆုံးခြင်းအထိမ်းအမှတ် လွှတ်တော်ကိုယ်စားလှယ်တွေကို ဂုဏ်ပြုကြိုဆိုတဲ့ နေ့လယ်စာစားပွဲအခမ်းအနားမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တေးသီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။
အဲဒီပွဲမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တေးသီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကပြဖျော်ဖြေခဲ့ကြပါတယ်။
DVB

သီချင်းဆိုလည်းကောင်းသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ (ရုပ်သံ)



ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့ နေ့လယ်စာစားပွဲမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ကျေးရွာဝါဒ တေးသီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

ပြည်သူတွေရဲ့ အောင်ပွဲဖြစ်ကြောင်း သူရဦးရွှေမန်းပြော



ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မိမိရှုံးလို့ စိတ်မကောင်းဖြစ်ပေမယ့် တကယ်တော့ ပြည်သူတွေ အနိုင်ရတာဖြစ်ပြီး ပြည်သူတွေဟာ သူတို့ရဲ့နေရာမှန်ကို ပြန်ရောက်သွားတာဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်နောက်ဆုံးနေ့ နှုတ်ဆက်စကားပြောရာမှာ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောလိုက်တာဖြစ်ပါတယ်။

"မိမိ မဲရှုံးလို့ စိတ်မကောင်းဖြစ်ပေမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ အနိုင်ရတယ်လို့ ပြည်သူ တစ်ယောက်အနေနဲ့ မိမိလည်းနိုင်တယ်လို့ ကျနော်ပြောခဲ့ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်စားလှယ်တွေ အနိုင်ရတာမဟုတ်ဘူး၊ ရွေးချယ်ခံရတာလို့ပြောပါတယ်၊ အနိုင်ရသူတွေ ဟာ ပြည်သူတွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ တကယ်တော့ ပြည်သူတွေ အနိုင်ရတာပါ၊ အနိုင်ရတယ် ဆိုတာထက် သူတို့ရဲ့ကိုယ်ပိုင်နေရာကို သူတို့ပြန်ရောက်သွားတယ်လို့ ဆိုနိုင်ပါတယ်"

လွှတ်တော်သက်တမ်း ၅နှစ်အတွင်း အားမရတာတွေ၊ လိုအပ်တာတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်နိုင်တဲ့ အားနည်းချက်တွေရှိခဲ့ပေမယ့် နှစ်ပေါင်း ၃၀အတွင်း ပထမဆုံး ပြန်လည်ဖြစ်ပေါ်လာတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အားလုံးက နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ မေးခွန်းပေါင်း ၁သောင်း ၁ထောင်ကျော်၊ ကြယ်ပွင့်ပြမေးခွန်း ၄ထောင်ကျော်၊ ကြယ်ပွင့်မပြမေးခွန်း ၆ ထောင်ကျော်မေးမြန်းခဲ့ပြီး အရေးကြီးအဆိုတွေအပါအဝင် အဆိုပေါင်း ၂ ရာကျော် မေးမြန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၅နှစ်တာ လွှတ်တော်သက်တမ်းအတွင်း ဥပဒေပေါင်း ၂၂၉ ခု ပြဌာန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese

ကမ်းလှမ်းလာရင် အစိုးရသစ်နဲ့ လက်တွဲသွားမယ်လို့ သူရဦးအောင်ကို ပြော



လာမယ့် ဒုတိယလွှတ်တော် သက်တမ်းအတွက် ရွေးကောက် တင်မြှောက် မခံရတော့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို က နိုင်ငံရေးမှာ တစ်သီးပုဂ္ဂလအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး လာမယ့် အစိုးရအဖွဲ့ထဲမှာ တာဝန်ယူပေးဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ကမ်းလှမ်းလာရင် လက်တွဲသွားမယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။

အန်အယ်လ်ဒီဘက်က အစိုးရအဖွဲ့နေရာအတွက် ကမ်းလှမ်းပြောဆိုထားတာ ရှိလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ သူရဦးအောင်ကိုက ပြောတာဖြစ်ပါတယ်။

သူရဦးအောင်ကိုဟာ အရင်က ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ ပါဝင်သူတစ်ဦးဖြစ်ပြီး သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ရင်းနှီးသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ သူရဦးရွှေမန်းနဲ့အတူ ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ ရာထူးကနေ ဖယ်ရှားခံရရာမှာ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တာ လွှတ်တော်သက်တမ်းအတွင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အစိုးရရဲ့ဘတ်ဂျက်သုံးစွဲမှုတွေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ထောက်ပြခဲ့သူဖြစ်ပါတယ်။

RFA Burmese

တနင်္သာရီမြို့တွင် သေနတ်နှစ်လက်နှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ


မြင့်မိုရ်(မြိတ်)မြိတ် ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဆင်ခြေဖုံးကျေးရွာအုပ်စု ဗောဓိကမ်းကျေးရွာအနီးရှိ နေအိမ်ခြံဝင်း တစ်ခုတွင် ဇန်နဝါရီလ ၂၈ ရက် ညနေ ၅ နာရီခွဲခန့်က ထိုင်းနိုင်ငံလုပ် သေနတ်နှစ်လက်နှင့်အတူ စိတ်ကြွ ရှုးသွပ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်ဟု တနင်္သာရီမြို့နယ်ရဲစခန်းမှ သိရသည်။
ယင်းခြံဝင်းအတွင်းရှိ ချောင်းနံဘေး လျိုအတွင်း တဲငယ်တစ်လုံးအား တွေ့ရှိသဖြင့် ပိတ်ဆို့ ရှာဖွေခဲ့ရာ တရားခံဟု ယူဆရသူ အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း တနင်္သာရီ ရဲစခန်းမှ သိရသည်။
ယင်းတဲငယ်၏ အနောက်ဘက် လျိုအတွင်း ပလပ်စတစ် ကော်သီးဖြင့် ပစ်ခတ်ရသည့် ဖိုင်ဘာသေနတ် ၁လက်၊ ချောင်း နံဘေး လျိုအတွင်း မှ ဆင်စွယ်ရောင်ဘေးလွယ်အိတ်ဖြင့်ထည့် ထားသည့် အရှည် ၇.၅ လက်မခန့်ရှိ ထိုင်းနိုင်ငံလုပ် ခေါက်ချိုးသေနတ်အတို ၁ လက်၊ ကိုးလုံး ကျည် ၁၂ တောင့်၊ ကျည်ခွံ ၄၀ခု၊ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ပြား၊ ဘိန်းစာမှုန့်၁၀ကျပ်သားနှင့် အခြားပစ္စည်းတချို့အား သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
သေနတ်နှစ်လက်မှာ ခေါက်ချိုးသေနတ်တိုက အစစ်ပါ ပလပ်စတစ် ကော်သီးနဲ့ပစ်ရတဲ့ သေနတ်က လေသေနတ်ပါ ငှက်တွေပစ်ရာမှာ သုံးတဲ့သေနတ် အမျိုးအစားပါဟု အထက်ပါ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်းချကြောင်း သတင်းအရ ဝင်ရောက်ဖမ်းဆီးရာ ယင်းသို့ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသူအား တနင်္သာရီမြို့မ ရဲစခန်းမှ မယ(ပ)၄/၂၀၁၆၊ မူး/စိတ် ပုဒ်မ- ၁၉(က)၊ (ပ) ၉/၂၀၁၆၊ လက်နက်ဥပဒေပုဒ်မ-၁၉(စ)အရ အမှုဖွင့်လှစ်ကာ တရားခံဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှ သိရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၀ ရက်ကလည်း ထားဝယ်မြို့တွင် သေနတ်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။

Dawei Watch

စကော့မာစီအယ်လ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် အတည်ပြု


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်အဖြစ် သမ္မတ ဘားရက်အိုဘားမား ရွေးချယ်ထားတဲ့ စကော့မာစီအယ်လ်ကို လွှတ်တော် ကော်မတီက ဇန်န၀ါရီ ၂၈ ရက်က အတည်ပြုလိုက်ပါတယ်။
ကော်မတီ အဖွဲ့ဝင် ၁၉ ဦးလုံးက စကော့မာစီအယ်လ်ကို ကန့်ကွက်သူမရှိ တညီတညွတ်တည်းဆုံးဖြတ် ရွေးချယ်လိုက်တာလို့ ရိုက်တာ သတင်းမှာရေးပါတယ်။
သံအမတ်အဖြစ် တာဝန်မယူမီ လွှတ်တော်ရဲ့ အတည်ပြုချက်ကို စကော့ မာစီအယ်လ်က ထပ်မံ တာဝန်ယူရမှာ ဖြစ်ပါတယ်။
သူဟာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဗျူရိုရဲ့ လက်ထောက် အတွင်းရေးမှူးဖြစ်ပါတယ်။ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ အင်ဒိုနီးရှားဆိုင်ရာ  အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဘရာဇီးနိုင်ငံတွေမှာလည်း သူက တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
၁၉၈၅ ခုနှစ်ကတည်းက အမေရိကန် နိုင်ငံခြားရေး ဌာနာမှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
ရီပတ်ဘလီကင် အမတ် ကော်ရီဂါနာကတော့ ဒီမိုကရေစီ အစိုးရ အပြောင်းအလဲမလုပ်ဆောင်မီ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့တားမြစ်မှုကို အိုဘားမားအစိုးရအဖွဲ့က အလျင်အမြန်ဖယ်ရှားမှာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။
လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီ အစည်းအဝေးမှာ ပိတ်ဆို့တားမြစ်မှုကို အလျင်အမြန် ဖယ်ရှားမှာမဟုတ်သလို အပြောင်းအလဲတွေကို ကွန်ဂရက်က ဆွေးနွေးသွားမယ်လို့ ပြောတယ်လို့ဆိုပါတယ်။
DVB

ဗြိတိသျှစစ်တပ်တွင်း ဗိုလ်မှူးတာဝန် ထမ်းဆောင်တော့မည့် ဆိတ်ကလေး







ဗြိတိန်နိုင်ငံမှ ဖျူဆီလီယာလီဝဲလန် အမည်ရတဲ့ ဆိတ်ကလေးတကောင်ဟာ အခြေခံ လေ့ကျင့်သင်ကြားရေးသင်တန်း အောင်မြင်ခဲ့ပြီးနောက်မှာ ဗြိတိသျှတော်ဝင် ၀ဲလ်ခ်ျ စစ်တပ်တွင်းမှာ ဗိုလ်မှူးတာဝန် ထမ်းဆောင်တော့မှာဖြစ်တယ်လို့ မာရှာဘဲလ် (mashable.com) သတင်းမှာ ဖော်ပြပါတယ်။
လီဝဲလန်ရဲ့ ‘တခြားသူတွေထက်ပိုတဲ့ တာဝန်သိမှုကြောင့်’ ပြိုင်ဘက် ပါဝင်ယှဉ်ပြိုင်သူတွေထဲက ခုလိုရွေးချယ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ ခုချိန်မှာတော့ ၀က်တ်ရှိုင်းယားအရပ်က စစ်တပ်တန်းလျားမှာ ပြောင်းရွှေ့နေထိုင်ပြီး ဘ၀သစ်စတင်ရတော့မှာ ဖြစ်ပါတယ်။
စစ်တပ်တွင်း တာဝန်ယူမှုအနေနဲ့ လီဝဲလန်ဟာ တော်ဝင်ဝဲလ်ခ်ျစစ်တပ်ရဲ့ ၁၈ ရာစုတည်းက ကျင်းပခဲ့တဲ့ စစ်ရေးပြ အခမ်းအနားတွေမှာ ပါဝင်ရမှာပါ။
“သူ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဒီနေ့မှာတော့ လီဝဲလန်ကို ကျနော်တို့ ထုတ်ပြနိုင်ခဲ့ပါပြီ” လို့ သတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ – CPL DANIEL WIEPEN RLC

လိပ်ကျွန်းအမှု လူငယ်နှစ်ဦး ထောင်ပြောင်း ခံရပြန်


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ကို ကော့စမွီး တရားရုံးမှာ ရုံးထုတ်လာစဉ် Photo: thaivisa website
ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ယောက်ကို နတ်ခွန်စီထမရတ် အကျဉ်းထောင်မှာ ထိန်းသိမ်းထားရာက ဇန်န၀ါရီလ ၂၇ ရက်နေ့က ဘန်ကောက်မြို့အနီး နွန်ထပ်ဘူရီခရိုင် ဘန်ခွမ် ဗဟိုအကျဉ်းထောင်ကို ထပ်မံ ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။

ထောင်ပြောင်းရွှေ့လိုက်တာနဲ့ ပတ်သက်ပြီး ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ HRDF လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့က မအေးမာချို က RFA ကို အခုလို ပြောဆိုပါတယ်။

"နွန်ထပ်ဘူရီထောင် ကို ပြောင်းသွားပြီ၊ အာဏာပိုင်တွေပြောတာကတော့ ဒီမှာခဏလာထားတာပဲတဲ့၊ အပြစ်ကြီးတဲ့ အမှုသည်တွေဆိုရင် ခုနကထောင်ကိုပို့လိုက်ရတာပေါ့နော်"

မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်ချမှတ်ပြီးတဲ့နောက် ကော့စမွေအကျဉ်းထောင်ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ နခွန်စီထမရတ်ထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီထောင်တွင်းမှာ သူတို့အပေါ် အခွင့်အရေး ချိုးဖောက်ခံရမှုတွေရှိတယ်လို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သူတွေ က ပြောဆိုခဲ့ပြီးနောက် အခုလို ဘန်ခွမ်ဗဟိုအကျဉ်းထောင်ကို ထပ်မံပြောင်းရွှေ့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သူတို့အတွက် အယူခံတင်နိုင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ထိုင်းရှေ့နေများ ကောင်စီအဖွဲ့ဝင်တွေနဲ့ ကူညီပံ့ပိုးပေးနေကြသူတွေ တွေ့ဆုံခဲ့ကြပြီး လာမယ့် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ မတိုင်မီအမှုမှာ အဓိကကျတဲ့ DNA မျိုးရိုးဗီဇ အပါအ၀င် အချက်အလက်တွေ စုဆောင်းရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာလူငယ်နှစ်ဦး စိတ်ဓါတ်မကျဆင်းစေဖို့အတွက် နှစ်ပတ်တစ်ကြိမ် ထောင်ဝင်စာသွားတွေ့ဖို့ စီစဉ်ထားခဲ့ပြီးဖြစ်ပါတယ်။ အခု ထပ်မံပြောင်းရွှေ့လိုက်တဲ့ ဗဟိုအကျဉ်းထောင်မှာ ထောင်ဝင်စာ သွားတွေ့နိုင်ဖို့ ထပ်မံကြိုးစားသွားမှာဖြစ်တယ်လို့လည်း ကူညီသူတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

Thursday, January 28, 2016

လဝကဌာနကို ပြည် ထဲရေးအောက်ပြောင်းရွှေ့ရေးကိစ္စ လွှတ်တော်ဆိုင်းငံ့



လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ထံ ပြောင်းရွှေ့ရေး ကိစ္စကို ဆိုင်းငံ့ထားဖို့နဲ့ လာမယ့်အစိုးရသစ်လက်ထက်ကျမှ ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

လွှတ်တော်သက်တမ်း ကုန်ဆုံးမယ့်ရက် နီးကပ်နေတဲ့အတွက် နောက်အစိုးရသစ်ရဲ့ သဘောထားနဲ့ သာ ဆောင်ရွက်ဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်မှာ ကြေညာလိုက်ပါတယ်။

"ပြည်ထောင်စုအစိုးရအဖွဲ့ အသစ်အနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုအာဏာကို လွှဲပြောင်းလက်ခံရယူပြီး သည့် အချိန်အခါအတွင်းမှသာ အစိုးရသစ်၏သဘောထားနဲ့အညီ ဆောင်ရွင်သင့်ပါကြောင်း တင်ပြထား ပါသည်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်အားလုံးကလည်း လက်ရှိအခြေအနေနဲ့ အချိန်အခါ တွင် ဆောင်ရွက်ရန်မသင့်ကြောင်း တညီတညွတ်တည်း သဘောထားကို အစီရင်ခံစာ တင်ပြလာပါတယ်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ သဘောထားတင်ပြချက်အား မှန်ကန်သင့်မြတ်တယ်လို့ ယူဆပါတယ်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင် ဖွဲ့စည်းရေးနဲ့ စပ်လျဉ်းပြီး လက်ရှိအခြေအနေ အချိန်အခါနဲ့ဆောင်ရွက်ရန် မသင့်ကြောင်းကို လွှတ်တော်က အတည်ပြုကြောင်းကြေညာပါတယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က နိုင်ငံတော်သမ္မတက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ထံ ဦးစီးဌာနတစ်ခုအနေနဲ့ ထည့်သွင်းဖို့ သဝဏ်လွှာပေးပို့ထား တာဖြစ်ပါတယ်။

နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုနဲ့ ပူးပေါင်း ကာကွယ်နိုင်ဖို့၊ ပြည်ထောင်စုဝန်ကြီးဌာနတွေကို ပိုမိုကျစ်လျစ်အောင် ဖွဲ့စည်းနိုင်ဖို့နဲ့ နိုင်ငံတော်ဘဏ္ဍာငွေကုန်ကျမှု ကို လျှော့ချနိုင်ဖို့အတွက် ဦးစီးဌာနတစ်ခုအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ထံ ပြောင်းရွှေ့စေ လိုကြောင်း နိုင်ငံတော်သမ္မတ သဝဏ်လွှာမှာ ပါရှိပါတယ်။

အရင်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနဟာ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနတွေရဲ့ ကွပ်ကဲမှုအောက်မှာထားရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က ဝန်ကြီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးဝန်ကြီးဌာနတွေဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ကိုင်တွယ်တာဖြစ်ပါတယ်။

RFA Burmese

ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးပိတ်သိမ်းလိုက်ပြီ



စလုံး ၊ နေပြည်တော် ၊ ဇန်န၀ါရီ ၂၈ ရက်

ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးများ ကို ဇန်န၀ါရီလ ၂၈ ရက်နေ့ တွင် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ ဖြစ်သူ ဦးခင်အောင်မြင့် ကကြေငြာခဲ့သည်။

“ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး နိုင်ငံတော် နှင့် နိုင်ငံသားတို့ အကျိုးကို ဆက်လက်သယ်ပိုးနိုင်ကြပါစေကြောင်း နှင့် ချမ်းသားကိုယ်စိတ်မြဲာကပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ပထမအကြိမ် အမျိုးသားလွှတ်တေ် အစည်းအဝေးကို ပိတ်သိမ်းကြောင်း ကြေညာပါတယ် ” ဟု ဇန်န၀ါရီလ ၂၈ ရက်နေ့  အမျိုးသားလွှတ်တော် အစည်းအဝေးကျင်ပပြီးစီချိန် ညနေ သုံးနာရီအချိန်တွင်ကြေငြာပေးခဲ့သည်။

ပထမအကြိမ်လွှတ်တော်သက်တမ်းသည် ဇန်န၀ါရီလ ၂၉ ရက်နေ့ တွင် ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းမကုန်ဆုံးမိတစ်ရက်အလိုတွင် အစည်းအဝေးကို ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်လွှတ်တော် သစ်တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်အသစ်များ သည်လည်း အမျိုးသားလွှတ်တော် အစည်းအဝေးသို့ လာရောက်လေ့လာနေကြပြီဖြစ်သည်။

ပထမအကြိမ် အမျိုးသားလွှတ်တော်တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ အမျိုးသာလွှတ်တော်ရှိရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ က ဒုတိယသမ္မတ တစ်ဦးရွေးချယ်တင်မြှောက်ပေးရေးအတွက် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) မှ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်း (ခ) မောင်အုန်း အား ဒုတိယသမ္မတအဖြစ်တင်မြှောက်ခဲ့ကြသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော်ပုံမှန် အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅) ဦးဖြစ်သည့် ဒေါက်တာစိုင်းမောက်ခမ်း (ဒုတိယသမ္မတ) အဖြစ်လည်းကောင်း၊ ဦးဝင်းမြင့် ( ပြည်ထောင်စုဝန်ကြီး) ၊ ဦးခင်မောင်အေး ၊ ဦးခင်ဇော် ၊ ဒေါက်တာမြတ်မြတ်အုန်းခင် တို့ သည် ဒုတိယ၀န်ကြီးများအဖြစ်တာဝန်ပေးအပ်ခံရသည့်အတွက်လည်းကောင်း ၊ အမျိုးသားလွှတ်တော် ဥပဒေပုဒ်မ (၁၁) အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခွင့်ပြုခဲ့ခြင်းတို့ ကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၆) နေရာလစ်လပ်မှုဖြစ်ပေါ်ခဲ့သည်။

လစ်လပ်နေရာ (၆) နေရာအတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင် ပထမအကြိမ် အမျိုးသားလွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ရာ လစ်လပ်မဲဆန္ဒနယ်များဖြစ်သည့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇) တွင် ဦးမင်းဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ် (၃) တွင် ဒေါက်တာမြင့်နိုင် ၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇) တွင် ဦးတင်မြ ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) တွင် ဦးအောင်ကြည်ညွှန့်  ၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၀) တွင် ဦးသိမ်းဆွေ တို့ ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း အမျိုးသားလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး နှင့် စတုတ္ထပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၆) ဦးအား ၀န်ကြီးဌာနများ နှင့် ကော်မရှင် များတွင် တာဝန်ပေးအပ်ခံရသည့်အတွက် အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ် (၆) နေရာ လစ်လပ်ခဲ့ရသည်။

ထို့ ပြင် ဆဌမ ပုံမှန်အစည်းအဝေး နှင့် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတို့ တွင် လွှတ်တော်ကိုယ်စားလှယ် (၄) ဦး ကွယ်လွန်သွားသည့်အတွက် ပထမအကြိမ်အမျိုးသားလွှတ်တော် အစည်းအဝေးပိတ်သိမ်းချိန်တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၉) နေရာ လစ်လပ်လျက်ရှိသည်။

အမျိုးသားလွှတ်တော် ပထမအကြိမ်သက်တမ်းအတွင်း ဥက္ကဌဖြစ်သူ ဦးခင်အောင်မြင့် မှ အမြဲတမ်းကော်မတီ (၄) ရပ်အဖြစ် ဥပဒေကြမ်းကော်မတီ ၊ ပြည်သူ့ ငွေစာရင်းကော်မတီ ၊ လွှတ်တော် အခွင့်အရေးကော်မတီ ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ လေးခုကို ဖွဲ့ စည်းခဲ့သည့် အပြင် အစည်းအဝေးပိတ်သိမ်းချိန်တွင် အမြဲတမ်းကော်မတီ (၄) ခုနှင့် ကော်မတီ ၊ ကော်မရှင် (၁၇) ခုဖွဲ့ စည်းခဲ့သည်ကို တွေ့ ရသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော်သည် ဗီယက်နမ် ၊ လာအို ၊ ကမ္ဘောဒီးယား ၊ ထိုင်း ၊ ဂျပန် ၊ သြစတေးလျ ၊ ပြင်သစ် ၊ ကိုရီးယား ၊ တရုတ် ၊ မလေးရှား ၊ စင်္ကာပူ ၊ ဖီလစ်ပိုင် ၊အင်ဒိုနီးရှား ၊ ဘရူနိုင်း ၊ လပ်ဗီးယား ၊ ပိုလန် နှင့် ဘယ်လာရုစ် နိုင်ငံတို့ ရှိ လွှတ်တော်များ နှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းများဖွဲ့ စည်းခဲ့သည်ကို တွေ့ ရသည်။

အမျိုးသားလွှတ်တော် သက်တမ်း ၅ နှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များမေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း (၁၇၂၃) ခုနှင့် ကြယ်ပွင့်မပြမေးခွန်း (၂၇၆၁) ခု စုစုပေါင်း (၄၄၈၄) ခုမေးမြန်းခဲ့ကြသည်ကိုတွေ့ ရပြီး နှုတ်ဖြင့်မေးခွန်းရသည့် ကြယ်ပွင့်ပြမေးခွန်းများအနက် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေးသည့် မေးခွန်း နှင့် ဖြေကြားချက် (၂၅) ခုကို ဥက္ကဌ ဦးခင်အောင်မြင့် က နိုင်ငံတော် ပြန်တမ်းတွင် ထည့် သွင်းကြေငြာစေခဲ့သည်။

အမျိုးသားလွှတ်တော် စာကြည့်တိုက်တွင် စာအုပ်စုစုပေါင်း ၆၅၇၅ အုပ်ထားရှိဖွင့်လှစ်ခဲ့ပြီး နေ့ စဉ်စာအုပ်ဌားရမ်းသူ (၅၂) ဦးရှိခဲ့သည် ။

ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်တွင် စတင်ခေါ်ယူခဲ့ကာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့ တွင် ဥက္ကဌဖြစ်သူက ပိတ်သိမ်းကြောင်းကြေငြာခဲ့သည်။

အမျိုးသားလွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့ တွင် ထူးခြားခဲ့သည်မှာ အမျိုးသားလွှတ်တော် ဥက္ကဌဖြစ်သူ ဦးခင်အောင်မြင့် က မေးခွန်းမေးမြန်းခဲ့သူများ နှင့် ဖြေကြားခဲ့သည့် ၀န်ကြီးဌာနများကို ဥက္ကဌ ထိုင်ခုံမှ ထိုင်ကာ အရွှန်းဖောက်စကားများ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် မေးခွန်းမေးမြန်းမည့် အစီအစဉ် ကျရောက်ရာ ဥက္ကဌ ဖြစ်သူ ဦးခင်အောင်မြင့် က “ မြို့ မေတ္တာခံယူမယ့် ဦးဖုန်းမြင့်အောင် မေးခွန်းမေးမြန်းမှာ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနက ပြန်လည်ဖြေကြားရာ “ ဖြေကြားမယ့် ၀န်ကြီးဌာနအနေဖြင့်နောက်အစိုးက ဆက်လက်ဆောင်ရွက်ပေးလိမ့်မယ်လို့ ဖြေကြားပေးလိုက်ပါ ” ဟုပြောကြားခဲ့သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီလ တစ်ရက်နေ့ တွင် စတင်မည်ဖြစ်ကာ အမျိုးသားလွှတ်တော် ဥက္ကဌ အဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်းသန်းအားလည်းကောင်း ၊ ဒုတိယဥက္ကဌအဖြစ် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအေးသာအောင် အား အနိုင်ရ ကိုယ်စားလှယ် အများစုကတင်မြှောက် ကြမည်ဖြစ်သည်။

စလုံး
The Street View

NLD အတည်ပြုသော လွှတ်တော်ထိပ်တန်းရာထူးတွင် မူးယစ်နှင့် နာမည်ထွက်ဖူးသူ ကွတ်ခိုင်ပြည်သူ့စစ် ခေါင်းဆောင် ပါဝင်

မကြာမီကျင်းပတော့မည့် ဒုတိယအကြိမ် လွှတ်တော်တွင် တာဝန်ထမ်းဆောင်ကြမည့် လွှတ်တော်ဥက္ကဌ နှင့် ဒုတိယဥက္ကဌ ရာထူးတာဝန်ထမ်းဆောင်မည့်သူ အမည်စာရင်းကို ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဦးဝင်းထိန်က မီဒီယာများ ကို ပြောကြားခဲ့သည် ။



“ လွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌ ပြည်သူ့လွှတ်တော်ကော အမျိုးသားလွှတ်တော်ကော အတည်ပြုလိုက် ပါပြီ။ ပြည်သူ့လွှတ်တော်ဥက္ကဌကတော့ ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝင်းမြင့် ၊ ဒုတိယ ဥက္ကဌ ကတော့ ကြံ့ခိုင်ရေးပါတီက ကချင်အမျိုးသားဦးတီခွန်မြတ် ၊ အမျိုးသားလွှတ်တော်မှာ ဥက္ကဌ ကတော့ ကရင်အမျိုးသား ဦးမန်းဝင်းခိုင်သန်း ။ သူကတော့ အာဇာနည်ခေါင်းဆောင်ကြီးမန်းဘခိုင်ရဲ့  မြေး ပေါ့ ။ ဒုတိယဥက္ကဌ ကတော့ ရခိုင်အမျိုးသား ဦးအေးသာအောင် ။ အဲ့ဒါအတည်ပြုလိုက်ပါပြီ သူတို့လည်း သဘောတူပါတယ် ” ဟု ဦးဝင်းထိန်က ပြောသည် ။


အန်အယ်လ်ဒီမှာ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် အတည်ပြုလိုက်သည့် စာရင်းတွင် ပါဝင်လာ သည့် ဦးတီခွန်မြတ်မှာ  မူးယစ်ဆေးဝါး ရောင်းဝယ်မှု ထုတ်လုပ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာမီဒီယာ အချို့ တွင် ဖော်ပြခံခဲ့ရဖူးပြီး ၄င်းကို လွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ပေးအပ်မှုအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်လာပါသည် ။


“ မူးယစ်ခေါင်းဆောင်များ မွေးထုတ်ပေးပြီး ၊ ၂၁ ရာစု ၏ မူးယစ်ဘုရင် ခေါင်းဆောင်သစ်အတွက် ခန့်အပ် တာဝန်ပေးသလိုဖြစ်နေပြီ ၊ ဘိန်းဘုရင် ပြီးနောက် မူးယစ်ဘုရင်နဲ့ ပါလာမယ့် ၊ စစ်လက်နက်တွေဝယ် စစ်ဘုရင်ဖြစ်ဖို့ မဟာဗျူဟာချ မှတ် အနာဂါတ်မှာ ပြည်သူအားလုံးပါဝင်တဲ့ စစ်သားတိုင်းပြည်ဖြစ်လာမှာ မလွဲပါ ၊ တမျိုးပြောရရင် ပြည်သူ့စစ်တိုင်းပြည်အတွက် တဘက်ကနေ အားပေးနေသလို သံသယဖြစ်မိ ပါတယ် ” ဟု  သျှမ်းပြည်နယ်မြောက်ပိုင်း ဇာတိဖြစ်သည့်   စိုင်းဦးက ပြောသည် ။


သျှမ်းပြည်မူးယစ် စောင့်ကြည့်ရေးအဖွဲ့ကလည်း ဦးတီခွန်မြတ်အား လွှတ်တော်ရောက် မူးယစ်ရာဇာ တဦး ဟု ၄င်းတို့ထုတ်လုပ်သည့် Shan Drug Watch တွင်ရေးသားထားပါသည် ။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးတီခွန်မြတ်သည် ကချင်အမျိုးသား တဦးလည်း ဖြစ်ပြီး ဥပဒေရေးရာနှင့် ပတ်သက်၍ ကျွမ်းကျင်သူတဦးလည်း ဖြစ်ပါသည် ။ ခေတ်အဆက်ဆက် စစ်အစိုးရများ နှင့် ပြေလည်အောင်ပေါင်းသင်းနိုင်ခဲ့သူလည်း ဖြစ်သည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူ များက ပြောဆိုပါသည် ။


သျှမ်းပြည်နယ်အရေး စောင့်ကြည့်လေ့လာသူ ဦးခွန်ဆိုင်းက ‘ ဦးတီခွန်မြတ်နဲ့  ပတ်သက်ရင် ကွတ်ခိုင်နယ် ထဲမှာရှိတဲ့ လူတွေကိုမေးလိုက်ရင်ပဲ သူ့ရဲ့လက်ထောက် ဟိုတယောက်ပါတယ် ။ ဒီတယောက် မူးယစ်ဆေး ၀ါး ကိစ္စမှာ ပါတယ်ဆိုပြီး ပြောနေတာပဲ ။ အဲဒီတော့ ငါမပါဘူးလို့ ပြောဖို့ ခက်တယ် ။ အဲဒါတော့ပြောဖို့လို တယ် ။ ကျနော့်ကိုလည်း အရင်တုန်းက တရားပြန်စွဲမယ်ဆိုတဲ့ အခြေနေရှိတယ် ။ နာမည်ဖျက်တယ်ပေါ့ လေ ။ ကိုယ်တို့ရဲ့  ဆထရင်းကြားတွေကလည်း သူကိုယ်တိုင်လုပ်တာတော့ မတွေ့ဘူး ။ သို့သော် သူ့လူတွေလုပ်တာတော့တွေ့တယ်ဆိုတဲ့ သဘောပြောတယ် ။ ‘ ဟု  မှတ်ချက်ပြုပြောဆိုသည် ။


သျှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသည့် တအာင်းပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA/PSLF ကလည်း -  ဦးတီခွန်မြတ်ကို လွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် ခန့်အပ်မည်ဖြစ်သော်လည်း  သျှမ်းပြည်နယ်မြောက်ပိုင်းမှ ပြည်သူများ၏ ကြည်ညိုလေးစားမှုကို ရရှိမည်ဟု မထင်ကြောင်း - TNLA အဖွဲ့၏ ပြောခွင့်ရ တာ့အိုက်ကျော်က ပြောသည် ။


ပြည်သူ့စစ်တွေရဲ့လုပ်ရပ်ကို သျှမ်းပြည်မြောက်ပိုင်းက လူတိုင်းကသိတယ် ။ ပြည်သူ့စစ်အဖွဲ့တိုင်းက မူးယစ်ဆေးဝါးနဲ့ မပတ်သက်တာမှ မရှိတာ - ဟု တာအိုက်ကျော်က ပြောသည် ။


ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်မည့် ဦးဝင်းမြင့်မှာ တာမွေမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သည့် NLD ပါတီ၏ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၊ ဒုဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်မည့် ဦးတီခွန်မြတ်မှာ ကွတ်ခိုင်မြို့နယ်မှ အနိုင်ရရှိခဲ့သည့် ကိုယ်စားတစ်ဦးဖြစ်သည် ။


အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်မည့် ဦးမန်းဝင်းခိုင်သန်းမှာ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၈) မှ အနိုင်ရရှိခဲ့သူဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သည့် မန်းဘခိုင်၏ မြေးလည်းဖြစ်သည် ။


ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်မည့် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၆) မှ အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ရခိုင့် ဝါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်ပါသည် ။  ယခင် စစ်အစိုးရလက်ထက်တလျှောက် အန်အယ်လ်ဒီနှင့် ရင်းနှီး ဆက်ဆံမှု ရှိခဲ့သူ တဦးလည်းဖြစ်သည် ။
သျှမ်းသံတော်ဆင့် http://panglongburmese.blogspot.com/2016/01/nld_28.html

နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု

နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းတွင် “နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူအား နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့်ကာလအတွင်း တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ၎င်းအား တရားစွဲဆိုခြင်းတို့ မရှိစေရ”ဟု ပြည်သူ့လွှတ်တော်က ပြင်ဆင်ထားသည့်အတိုင်း ပြည်ထောင်စုလွှတ်တော်က ယနေ့ (ဇန်န၀ါရီ ၂၈ ရက်) တွင် အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးခဲ့ပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ရာ ပြင်ဆင်ချက်များ သဘောထားကွဲလွဲမှုများရှိသဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေး၍ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲခဲ့သည့် အချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးခဲ့ပြီး လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့သည့် ၁၁ ချက်လုံးကို ပြည်သူ့လွှတ်တော်၏ အတည်ပြုထားသည့်အတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် ဥပဒေကြမ်းအရ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ ကိုယ်ရံတော်ဦးဆောင်သည့် လုံခြုံရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ပေးအပ်ရမည် ဖြစ်ကြောင်း သိရသည်။

မူလဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးကို ကာကွယ်ရေးဝန်ကြီးဌာန သို့မဟုတ် ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးရမည့် အချက်များကို ပြည်ထောင်စုလွှတ်တော်က ထိုသို့ ပြင်ဆင်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အရ နိုင်ငံတော်သမ္မ တတာဝန်ထမ်းဆေင်ခဲ့သူသည် ဤဥပဒေအရ လုံခြုံရေးအကာအကွယ်ပေးခြင်းကို နိုင်ငံတော်သမ္မတရာထူး သက်တမ်းကုန်ဆုံးသည့် နေ့ရက်မှစ၍ ခံစားခွင့်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group

အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာမည့် ဦးအေးသာအောင်နှင့် အင်တာဗျုး



ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့် (အန်အယ်လ်ဒီ)၊ ဒုဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ် (ကြံ့ခိုင်ရေး)၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးမန်းဝင်းခိုင်သန်း၊ ဒုဥက္ကဋ္ဌ အဖြစ် ဦးအေးသာအောင် (အေအန်ပီ) တို့ကို အတည်ပြု ရွေးချယ်လိုက်ပါတယ်။
အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌအဖြစ်အတည်ပြုရွေးချယ်ခံရတဲ့ ဦးအေးသာအောင်ကို ဒီဗွီဘီက မေးမြန်းထားပါတယ်။

မင်းပြား လွှတ်တော်ကိုယ်စားလှယ်တဦး ထောင်ဒဏ် ၆ လ ချမှတ်ခံရ


ရခိုင်အမျိုးသားပါတီက ၂၀၁၅ မှာ ရွေးကောက်ခံထားရတဲ့ မင်းပြားမြို့က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦး ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရပါတယ်။
မင်းပြားပြည်နယ်လွှတ်တော်အမှတ် ၁ က ရွေးကောက်ခံထားရတဲ့ ရခိုင်ပါတီ ကိုယ်စားလှယ်လောင်း ဦးလှအောင်ညွန့်ကို ဒီနေ့ပဲ မြေပုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်တာလို့ အဲ့ဒီပါတီက ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
“ရွေးကောက်ပွဲမတိုင်မီ ဒေါ်ဦးမြကြည်က အဲ့ဒီကိုယ်စားလှယ်လောင်းဟာ သူ့အိမ်ထဲကို ၀င်လာပြီးတော့ ဒေါက်တာ စံရွှေအောင်ဘက်ကနေပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မလုပ်နဲ့ အမကို အသေသတ်လို့ရတယ်။ ဒီအိမ်မှာ အသေသတ်ပစ်ခဲ့လို့ရတယ်လို့ ခြိမ်းခြောက်ပြီးတော့ ထွက်သွားပါတယ်ဆိုပြီးတော့ စွဲဆိုခဲ့တဲ့အမှု ပုဒ်မ ၄၅၁ (ပိုင်နက်ကျူးလွန်မှု)က ၆ လ၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု) ဒုတိယပိုင်းက ၆ လ ဒီနေ့ပဲ ချလိုက်တယ်။”
ရုံးပြောင်းစစ်ဖို့ တင်ပြခဲ့လို့ မင်းပြားကနေ မြေပုံတရားရုံးမှာ ပြောင်းစစ်ပြီး အခုလို အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်အဆင့် ကိုယ်စားလှယ် ၂၃ ဦး ရွေးကောက်ခံထားရပြီး အခု တဦး ထောင်ကျသွားတဲ့အတွက် ၂၂ ဦးပဲ ကျန်တော့မှာ ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအတွင်း ပါတီ ၂၀ ကျော်က ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ကျော်ရှိတဲ့အနက် အခု ကိုယ်စားလှယ်လောင်းတဦး ထောင် ၆ လ ပြစ်ဒဏ်ချမှတ်ခံရတာ ပထမဆုံး ဖြစ်ပါတယ်။
ပြည်နယ်တိုင်းဒေသကြီး ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေ တရပ်ရပ်အရ ထောင်ဒဏ်အကျခံရလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု သတ်မှတ်ပြဌာန်းထားပါတယ်။
DVB

လွှတ်တော်အကြီးအကဲ ရွေးချယ်မှုအပေါ် တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့်ရက်ပိုင်းအတွင်း စတင်မယ့် လွှတ်တော်အသစ်မှာ ဦးဆောင်ဖို့ လျာထားတဲ့ လွှတ်တော်အကြီးအကဲ လေးဦးစာရင်းကို ထုတ်ပြန်ခဲ့တဲ့အပေါ် တိုင်းရင်းသားနိုင်ငံရေးသမားတွေက ကြိုဆိုလိုက်ကြပါတယ်။
စာရင်းထဲမှာ အဖွဲ့ချုပ်ကသာမကဘဲ လက်ရှိ အာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်း ရင်းသားပါတီတွေက ပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပါတယ်။  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ ဗမာတိုင်းရင်းသား (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ ကချင်တိုင်းရင်းသား (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းဟာ ကရင်တိုင်းရင်းသား (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ဟာ ရခိုင်တိုင်းရင်းသား (ရခိုင်အမျိုးသားပါတီ) တို့က ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီမနက် ဒုတိယအကြိမ်လွှတ်တော်မှာ တာဝန်ထမ်းဆောင် ကြမယ့် အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကို အမှာစကားပြောရင်းနဲ့ အမည်စာရင်းပြောသွားတာလို့ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဝင်းထိန်က ပြောပါတယ်။
“လွှတ်တော်တာဝန်တွေထမ်းဆောင်ရင်းနဲ့ တိုင်းပြည်တာဝန်ကို ပြည်သူလူထုမျှော်မှန်း သလို ထမ်းဆောင်နိုင်အောင်လို့ အဲ့လိုပြောရင်းနဲ့ အတည်ပြုတာကတော့ ပြည်သူလွှတ်တော် ဥက္ကဋ္ဌကတော့ ဦးဝင်းမြင့် ဒုတိယဥက္ကဋ္ဌက ကြံ့ခိုင်ရေးပါတီက ဦးတီခွန်မြတ်၊ နောက်အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကြတော့ အန်အယ်လ်ဒီကပဲ ကရင်အမျိုးသား ဦးမန်းဝင်းခိုင်သန်း၊ သူက အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်မြေး၊ ရခိုင်က ဦးအေးသာအောင်က ဒုတိယဥက္ကဋ္ဌ၊ အဲ့ဒါကို အတည်ပြုလိုက်ပါပြီ။ အခုကတော့ သူတို့ဆီကလက်ခံတဲ့ သဘောတူညီချက် ရသွားပါပြီ” လို့ သတင်းထောက်တွေကို ပြောပါတယ်။
အစိုးရအဖွဲ့အကြီးအကဲ လျာထားစာရင်းနဲ့ပတ်သက်လို့ မေးမြန်းချက်ကိုတော့ စောင့်ဆိုင်းကြပါလို့သာ ရယ်မောဖြေဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်တွေကို အဓိကမှာကြားတာနဲ့ပတ်သက်လို့ ဦးဝင်းထိန်က “အဓိကက ကြိုးစားဖို့၊ ပြည်သူလူထုကမျှော်လင့်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကို ရွေးချယ်တဲ့အခါမှာ ပြည်သူလူထုရဲ့မျှော်လင့်ချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့အရည်အချင်းပေါ်မှာတည်တယ်။ ဒါကြောင့်မို့ ကြိုးစားကြပါ၊ စည်းကမ်းရှိကြပါ၊ အများပြည်သူက အထင်သေးမယ့်၊ အမြင်သေးမယ့် အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ ဆင်ခြင်ကြပါလို့ မှာတယ်” လို့ ပြောပါတယ်။
ဒီတာဝန်အပ်နှင်းဖို့ အဆိုပြုလျာထားခံရတာနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီက အမတ် ဦးတီခွန်မြတ်က “ဘာလို့လဲဆိုလို့ရှိရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုက လွှတ်တော်အင်အား ရှိမှ၊ လွှတ်တော်အင်အားရှိဖို့ အားလုံးပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ၀ိုင်းဝန်းဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့လွှတ်တော်တွေရဲ့ ဥက္ကဋ္ဌတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အငြိမ်းစားဗိုလ်ချုပ်ကြီးတွေကို တာဝန်ပေး အပ်ရွေးချယ်ခဲ့ပြီး အရပ်သား ၂ ဦးကို ဒုတိယဥက္ကဋ္ဌတာဝန်ပေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်း၊ ဒုဥက္ကဋ္ဌအဖြစ် ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်အောင်မြင့်နဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမြညိမ်းတို့ တာဝန်ယူခဲ့ကြပါတယ်။
ဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အကြီအကဲ ရွေးချယ်မှုအပေါ် ရှမ်တိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “ကောင်းတာပေါ့ဗျာ၊ သူလည်း ပြောထားတာပဲလေ တိုင်းရင်းသားတွေနဲ့ အမျိုးသားရင်ကြားစေ့ရေးလိုတယ်၊ တိုင်းရင်းသားချင်း ညီညွတ်ဖို့လိုတယ် ဟုတ်လား၊ တိုင်းရင်းသားပြသနာကို သူရှင်းပေးမယ်လို့ ပြောထားတာပဲ။ အဲဒီတော့ တိုင်းရင်း သားတွေ ကို အခွင့်အရေးပေးလိုက်တာ ကောင်းပါတယ်။” လို့ ပြောပါတယ်။
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဒေါက်တာတူးဂျာကလည်း “ကောင်းတယ်၊ ကောင်းပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ကောင်းပါ တယ်။ ရှေ့အလားအလာအတွက် ကောင်းတဲ့ခြေလှမ်းပါပဲ။ ဘာကြောင့်လဲဆိုတော့ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ်။ လွှတ်တော်တွေမှာလည်း ဒီတခေါက်တော့ အပြောင်းအလဲ ကြီးကြီးမားမားလိုချင်တဲ့အတွက်ကြောင့် တိုင်းရင်းသားပြည်နယ်တွေမှာလည်း ပြည်သူတွေက အန်အယ်လ်ဒီကို မဲပုံပြီးပုံပြီးပေးလိုက်တာလေ။ အဲဒီအခါကျတော့ လွှတ်တော်တွေမှာ တိုင်းရင်းသား တွေရဲ့အသံက အင်မတန် တိုးသွားမယ့်သဘောရှိတယ်။ အဲဒီအခါကျတော့ အန်အယ်လ်ဒီအနေနဲ့ အခုလို တိုင်းရင်းသားတွေကို အတတ်နိုင်ဆုံး နေရာပေးသွားတယ်ဆိုတာ အင်မတန်ကောင်းပါတယ်။ ဒါက ကြိုဆိုသင့်ကြိဆိုထိုက်တဲ့ ပထမခြေလှမ်းပါပဲလို့ ပြောချင်ပါ တယ်ဗျ” လို့ ပြောပါတယ်။
ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်စံလွင်က “ဖွဲ့စည်းနိုင်တဲ့အစိုးရအဖွဲ့ကို ကျနော်တို့ ပါတီတွေအနေနဲ့ လက်တွဲရမယ်၊ တိုင်းပြည်ကောင်းဖို့အတွက်။ သူ့ပါတီက အောင်မြင်တဲ့ဥစ္စာ၊ သူတို့ကိုယ်စားလှယ်နဲ့ ရွေးတဲ့ဥစ္စာကိုတော့ ကျနော်တို့ သဘောထားပေးတာ အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ထင်တယ်။ အခုက သူ့စိတ်ကြိုက်ရွေးချယ်တဲ့ ဟာတခုဖြစ်တော့ ကျနော်တို့က အကုန်လိုက်မသိရဘူး။ လူတိုင်းကတော့ လိုချင်ကြတဲ့ ဆန္ဒတခုရှိကြတယ်။ သို့သော်လည်း ဖြစ်နိုင်တယ်၊ မဖြစ်နိုင်တယ်ဆိုတာကတော့ ဖြစ်သင့်တယ်၊ မဖြစ်သင့်တယ်ဆိုတာက သူတို့ဆုံးဖြတ်ချက်၊ သူတို့ပေးတယ်၊ မပေးတယ်ဆိုတာ သူတို့သဘောထားလည်း လိုသေးတယ်။ ပြည်နယ်မှာရှိတဲ့ပုဂ္ဂိုလ်တွေ ထည့်ထားတဲ့ အနေအထား တခုကတော့ ကောင်းတဲ့လက္ခဏာတခုလို့ တွေ့ရတာပေါ့။”
တအာင်းပလောင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးထွန်းကျော်က “ကောင်းပါတယ်၊ ၀မ်းသာပါတယ်။ သူတို့ကတော့ အနိုင်ရတဲ့ပါတီပဲလေ။ အနိုင်ရတဲ့ပါတီဆိုတော့ သူတို့က လုပ်ပိုင်ခွင့်ပိုရှိပါတယ်။ သူတို့ရွေးထားတဲ့လူနဲ့ သိသလောက်တော့ ကောင်းပါတယ်။ ကျန်တဲ့ ပါတီတွေလည်း ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ အရေးကြီးတာပေါ့။ တချို့ကိစ္စတွေမှာ တိုင်းရင်းသားတွေ ပါဝင်မှလည်း အဆင်ပြေတယ်လေ။ တအာင်းဒေသတွေမှာ တိုက်ပွဲတွေ ဘာတွေ ဖြစ်တယ်ဆိုတော့ သူတို့တိုင်း သူတို့ဒေသမှာ ပါဝင်ဆုံးဖြတ်နိုင်တာပေါ့။ ကောင်းပါတယ်။”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မနှစ်နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။
ပထမအကြိမ် လွှတ်တော်သက်တမ်းပြီးဆုံးရန် အချိန် ၂ ရက်သာကျန်ရှိတော့ပြီး လာမယ့် လွှတ်တော်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့စတင်မှာဖြစ်ပါတယ်။ မဲအပြတ်အသတ် အနိုင်ရပြီး လွှတ်တော်အမတ်နေရာအများစုကို လွှမ်းမိုးထားတာကြောင့် အဆိုပြုလွှတ်တော်ဥက္ကဋ္ဌ အမည်စာရင်းကို ခန့်အပ်နိုင်ဖို့ သေချာသလောက်ရှိပါတယ်။
DVB

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ဝေဖန်မှုများအား ပြည်သူ့လွှတ်တော် ဒု - ဥက္ကဌလောင်း ဦးတီခွန်မြတ် တုန့်ပြန်

မိမိအား မူးယစ်ဆေးဝါးနှင့် ပတ်သက်သည်ဟုဝေဖန်စွပ်စွဲသူများအား တရားဝင် အထောက်ထားပြ၍ ဥပဒေကြောင်း အရ တရားဝင် ရှင်းလင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌလောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးတီခွန်မြတ်က ပြောသည် ။



NLD ပါတီမှ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် တင်သွင်းမည့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စား လှယ်ဖြစ်သူ ပြည်သူ့ စစ်ခေါင်းဆောင် ဦးတီခွန်မြတ်သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်ခဲ့ဖူးကြောင်း သတင်းမီဒီယာ အချို့က ဖော်ပြခဲ့ဖူးပြီး ၄င်းကို လွှတ်တော်ထိပ်တန်းတာဝန်ရှိသူအဖြစ် ရွေးချယ်မှုအပေါ် ဝေဖန်မှုများရှိလာနေခြင်း ဖြစ်သည် ။


ခွေးဟောင်တိုင်း ထကြည့်စရာမလို - ဟုလည်း ဦးတီခွန်မြတ်က ယနေ့ ဂျန္နဝါရီ ၂၈ ရက်နေ့တွင် သတင်းမီဒီယာ များကို ပြောဆိုသည် ။
သျှမ်းသံတော်ဆင့်

လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီ NLD ဖွဲ့စည်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ကို တွေ့ရစဉ်

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပမယ့် လွှတ်တော်အသီးသီးအတွက် လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းလိုက်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့စွဲနဲ့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
အဲဒီကော်မတီထဲမှာ ဦးဝင်းမြင့်က အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ဦးမန်းဝင်းခိုင်သန်း၊ ဦးမင်းဦး၊ ဒေါ်ခင်စန်းလှိုင်နဲ့ ဦးအောင်စိုးတို့ ပါဝင်ပါတယ်။
ကော်မတီအနေနဲ့ လွှတ်တော်အစည်းအဝေးတွေကျင်းပဖို့ အစီအစဉ် ရေးဆွဲခြင်း၊ လွှတ်တော်အစည်းအဝေးတွေ တက်ရောက်ဖို့ ဧည့်သည်တော်တွေကို ဖိတ်ကြားခြင်း၊ လွှတ်တော်အစည်းအဝေးတွေကို လေ့လာခွင့်ပြုတာတွေကို စိစစ်ခွင့်ပြုခြင်း၊ လွှတ်တော်သတင်းတွေကို ရယူမည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေကို စိစစ်ခွင့်ပြုခြင်း၊ တစ်ခြားလွှတ်တော်ဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ခြင်း တာဝန်တွေကို ထမ်းဆောင်ကြရမှာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
RFA

ပြည်သူ့ လွှတ်တော်ဥက္ကဌ ၊အမျိုးသား လွှတ်တော်ဥက္ကဌ များအတည်ပြု


ပြည်သူ့ လွှတ်တော်ဥက္ကဌအဖြစ် ဦးဝင်းမြင့် ( NLD)
ဒုဥက္ကဌ အဖြစ် ဦးတီခွန်မြတ်( ကြံခိုင်ရေး)
အမျိုးသား လွှတ်တော်ဥက္ကဌ အဖြစ် ဦးမန်းဝင်းခိုင်သန်း
 ဒုဥက္ကဌ အဖြစ် ဦးအေးသာအောင် ( ANP) တို့ကို ဒေါ်အောင်ဆန်းစုကြည်ကခန့် အပ်
အတည်ပြု လိုက်ပြီလို ဦးဝင်းထိန်က ဘီဘီစီကိုပြောပါတယ်။

BBC Burmese (Facebook)

မြန်မာ အစိုးရသစ်ကို ကူညီမယ်လို့ ဂျပန်ဆို


28 January 2016
 ဂျပန်နိုင်ငံ ​နိုင်ငံခြားရေး ​ဝန်ကြီး ​Fumio ​Kishida ​က ​NLD ​ဦးဆောင်တဲ့ ​အစိုးရသစ်ကို ​ထောက်ခံ ​ကူညီသွားမယ်လို့ ​ပြောဆိုလိုက်ပါတယ်။

ဂျပန်အနေနဲ့ ​ဖွံ့ဖြိုးရေး ​လုပ်ငန်းမှာ ​ကူညီမှာ ​ဖြစ်သလို ​ပုဂ္ဂလိကဆိုင်ရာ ​ရင်းနှီးမြုပ်နှံရေးတွေမှာ ​အရှိန်မြင့် ​ကူညီဆောင်ရွက်သွားမယ်လို့ ​ပြောခဲ့တာပါ။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida (Credit: ABC)
အခုလောလောဆယ် ​NLD ​ပါတီရဲ့ ​စီးပွားရေး ​ပေါ်လစီမှာ ​အဓိက ​တာဝန်ယူတဲ့ ​ဦးမျိုးမြင့်ဦးဆောင်တဲ့ ​ကိုယ်စားလှယ်အဖွဲ့နဲ့ ​မနေ့တုန်းက ​တွေ့ဆုံမှုအတွင်း ​ဂျပန်နိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောသွားခဲ့တာ ​ဖြစ်ပါတယ်။

NLD ​အစိုးရ ​လက်ထက်အတွင်း ​ငြိမ်းချမ်းရေးနဲ့ ​ဖွံ့ဖြိုးရေးက ​အရေးကြီးတဲ့ ​အချက်တွေ ​ဖြစ်ပြီး ​NLD ​စီးပွားရေး ​ကော်မတီနဲ့ ​ဂျပန်က ​နီးနီးကပ်ကပ် ​အလုပ်လုပ်သွားမယ်လို့ ​ဆိုပါတယ်။

ဦးမျိုးမြင့်ကလည်း ​မြန်မာအနေနဲ့ ​စိန်ခေါ်စရာတွေ ​အများကြီး ​ကြုံတွေ့ရတဲ့ ​ကာလဖြစ်တာကြောင့် ​ဂျပန်ဘက်က ​ကူညီမယ်ဆိုတာကို ​သိရတာ ​အားရတဲ့အကြောင်း ​ဂျပန်နဲ့ ​ဆက်ဆံရေး ​ပိုမိုတိုးတက်တာကို ​လိုလားပြီး ​မီဒီယာကနေတဆင့် ​ပွင့်လင်းတဲ့ ​ဆက်ဆံတွေ့ဆုံမှုမျိုးကို ​လိုလားတယ်လို့ ​ပြောသွားခဲ့ပါတယ်။

NLD ​ကိုယ်စားလှယ် ​အဖွဲ့ဟာ ​စနေနေ့အထိ ​ဂျပန်နိုင်ငံကို ​လည်ပတ်မှာ ​ဖြစ်ပြီး ​ဂျပန် ​ဘဏ္ဍာရေး ​ဝန်ကြီးနဲ့ ​တခြား ​ငွေရေးကြေးရေး ​အဖွဲ့အစည်းက ​ထိပ်တန်း ​အရာရှိတွေအပြင် ​ကူညီထောက်ပံ့ရေး ​အဖွဲ့တွေနဲ့လည်း ​တွေ့ဆုံခဲ့ပြီ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

Wednesday, January 27, 2016

အုပ်ချုပ်ရေးနဲ့ တရားရေးကဏ္ဍတွေ မှာ ခြစားမှုတွေ ရှိ


ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် Photo: RFA
 တရားဥပဒေစိုးမိုးရေးရှိဖို့အတွက် အုပ်ချုပ်ရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေတာကို တွေ့ရကြောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက ဒီနေ့ ပြည်သူ့လွှတ်တော်ထံ တင်သွင်းတဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ရေးရာကော်မတီက ၁၂ ခုက နောက်ဆုံးအစီရင် ခံစာတွေ တင်သွင်းခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီရဲ့ အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက အခုလိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

"တရားဥပဒေစိုးမိုးရေးရှိရန်နှင့် တည်ငြိမ်အေးချမ်းမှုရှိရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ အဓိကဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ရန်လိုအပ်ပါသည်၊ အထူးသဖြင့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ပိုင်းက ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက တရားဥပဒေစိုးမိုးရေး လုပ်ငန်း သည် မအောင်မြင်နိုင်ပါ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလတွင် ဗဟိုကပြုပြင်မှုများ၊ ဖြေလျှော့မှုများ လမ်းညွှန်ပြောကြားနေသော်လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော်စွဲကပ်နေသော အလေ့အကျင့်၊ စရိုက် လက္ခဏာများ၊ အကျင့်ပျက်ခြစားမှုများ မပျောက်မပျက် တည်ရှိနေခြင်းတို့ကို သုံးသပ်တွေ့ရှိရပါသည်"

ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့တွေ စားဝတ်နေရေးပြေလည်စေရေးအတွက် နိုင်ငံတော်အစိုးရက တာဝန်ယူ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းထား ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ငွေစာရင်းကော်မတီ၊ ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီ စတဲ့ ကော်မတီပေါင်း ၂၄ ခု ရှိပါတယ်။ အဲဒီထဲက ကျန်းမာရေး မြှင့်တင်မှုကော်မတီ၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာကော်မတီ စတဲ့ ကော်မတီ ၁၂ ခုက အစီရင်ခံစာ တင်သွင်းကြတာ ဖြစ်ပါတယ်။

RFA Burmese

အုပ်ချုပ်ရေးနဲ့ တရားရေးကဏ္ဍတွေ မှာ ခြစားမှုတွေ ရှိ


ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် Photo: RFA
 တရားဥပဒေစိုးမိုးရေးရှိဖို့အတွက် အုပ်ချုပ်ရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေတာကို တွေ့ရကြောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက ဒီနေ့ ပြည်သူ့လွှတ်တော်ထံ တင်သွင်းတဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ရေးရာကော်မတီက ၁၂ ခုက နောက်ဆုံးအစီရင် ခံစာတွေ တင်သွင်းခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီရဲ့ အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက အခုလိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

"တရားဥပဒေစိုးမိုးရေးရှိရန်နှင့် တည်ငြိမ်အေးချမ်းမှုရှိရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ အဓိကဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ရန်လိုအပ်ပါသည်၊ အထူးသဖြင့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ပိုင်းက ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက တရားဥပဒေစိုးမိုးရေး လုပ်ငန်း သည် မအောင်မြင်နိုင်ပါ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလတွင် ဗဟိုကပြုပြင်မှုများ၊ ဖြေလျှော့မှုများ လမ်းညွှန်ပြောကြားနေသော်လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော်စွဲကပ်နေသော အလေ့အကျင့်၊ စရိုက် လက္ခဏာများ၊ အကျင့်ပျက်ခြစားမှုများ မပျောက်မပျက် တည်ရှိနေခြင်းတို့ကို သုံးသပ်တွေ့ရှိရပါသည်"

ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့တွေ စားဝတ်နေရေးပြေလည်စေရေးအတွက် နိုင်ငံတော်အစိုးရက တာဝန်ယူ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းထား ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ငွေစာရင်းကော်မတီ၊ ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီ စတဲ့ ကော်မတီပေါင်း ၂၄ ခု ရှိပါတယ်။ အဲဒီထဲက ကျန်းမာရေး မြှင့်တင်မှုကော်မတီ၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာကော်မတီ စတဲ့ ကော်မတီ ၁၂ ခုက အစီရင်ခံစာ တင်သွင်းကြတာ ဖြစ်ပါတယ်။

RFA Burmese

မဟာချိုင်မှာ မြန်မာလုပ်သားတွေ အဖမ်းခံရ



ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်သမား တွေကို တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးဖို့ ထိုင်း အစိုးရ က ညွှန်ကြားထား။
ထိုင်း နိုင်ငံ မဟာချိုင် မြို့ က ငါးပုဇွန် ရေထွက် ပစ္စည်း ထုတ်လုပ် တဲ့ လုပ်ငန်း တွေ ကို ထိုင်းရဲ တွေ ဝင် စစ် ခဲ့ ကြတာ မှာ တရား မဝင် အလုပ် လုပ်ကိုင် နေလို့ ဆိုပြီး မြန်မာ နိုင်ငံသား ၁၀ ဦး အခု ရက်ပိုင်း ကပဲ အဖမ်း ခံလိုက် ရပါတယ်။

အဲဒီလို တရားမဝင် လုပ်သား တွေ ကို အသုံးပြု တဲ့ အလုပ်ရှင် ၅ ယောက် လည်း အဖမ်း ခံခဲ့ ရပါတယ်။

ထိုင်း နိုင်ငံ ရဲ့ ရေထွက် လုပ်ငန်း တွေ မှာ အထူး သဖြင့် ငါးဖမ်း လှေတွေ ပေါ် မှာ ဆိုရင် လူမှောင်ခို တွေရဲ့ ရောင်းစား ထားတာ ခံရတဲ့ မြန်မာ နိုင်ငံ အပါအဝင် ဒေသတွင်း တချို့ နိုင်ငံ က သူတွေ ဟာ ခေတ်သစ် ကျွန် တွေ သဖွယ် မတရား ခိုင်း စေခံ နေရတဲ့ အဖြစ် တွေ ကို ဥရောပ က ပြစ်တင် ပြောဆို နေပြီး အလုပ်သမား အခွင့် အရေး ပြဿနာ ကို မဖြေရှင်း ရင် ဥရောပ ကို ထိုင်း ရေထွက် ပစ္စည်း တွေ အဝင် မခံ ဘူး ဆိုပြီး သတိ ပေးထား မှု တွေ ရှိပါတယ်။

အဲဒီ့ သတိပေး မှု ရဲ့ နောက်ဆက် တွဲ အနေနဲ့ ထိုင်း ဒေသခံ အာဏာပိုင် တွေ က သူတို့ အနေနဲ့ အရေးယူ ဆောင် ရွက် တာ ပြသ ချင်လို့ မဟာချိုင် မှာ အခုလို ဖမ်းဆီး တာ မျိုး လုပ်တာ ဖြစ်ပြီး အဲဒီလို ဆောင် ရွက် ချက် တွေဟာ တကယ်တမ်း အလုပ်သမား အခွင့်အရေး ပြဿနာ မပြေလည် စေဘူးလို့ အလုပ်သမား အခွင့်အရေး လှုပ်ရှား ကြသူ တွေက ဝေဖန် နေပါတယ်။

ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်သမား တွေကို တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးဖို့ ထိုင်း အစိုးရ က ညွှန်ကြားထား တာ ရှိရက် နဲ့ အခုလို အလုပ်သမားတွေ ကို ဖမ်းဆီးနေတာ နည်းလမ်း မကျဘူး လို့ မဟာချိုင်း အခြေစိုက် အယ်လ်ပီအဲန် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ရက်က ဒါရိုက်တာ စုမ်ဖုန်း စာကယောက် က ဘီဘီစီ ကို ပြောပါတယ်။

ထိုင်း နိုင်ငံ ထဲမှာ အလုပ်သမား အခွင့်အရေးကို အလေးထား ဆောင်ရွက်ဖို့ နဲ့ လူကုန်ကူးမှု ပပျောက်ရေးကို ၆ လ အတွင်း အထူးလုပ်ဆောင်ဖို့ ဥရောပသမဂ္ဂက တိုက်တွန်း ထားပါတယ်။

BBC Burmese

မင်္ဂလာဒုံ ပျဉ်းမပင် ကျူးကျော်တွေကို ဖယ်ရှား



ရာသီ ဥတု ဆိုးရွား နေချိန် မှာ အခုလို အင်အားသုံး ဖြေရှင်းတာ နဲ့ ပတ်သတ်လို့ ဝေဖန်မှု တွေ ရှိနေ
အင်္ဂါနေ့ မနက်ခင်းက မင်္ဂလာဒုံ ပျဉ်းမပင် စက်မှုဇုံ အနီး လွန်ခဲ့တဲ့ နှစ် ၂၀ လောက် နီးပါးက နေခဲ့ ကြတဲ့ အိမ် ထောင်စု တစ်ထောင် ကျော် လောက်ဟာ နေစရာ မရှိ ဖြစ်သွားကြ ပါပြီ။

ဒဂုံမြို့သစ် ဆိပ်ကမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖယ်ရှားခဲ့ သလို မင်္ဂလာဒုံ ပျဉ်းမပင် စက်မှူ ဇုံ ဧရိယာထဲ ရောက်နေတဲ့ အိမ် ထောင် ကျော် ကို အင်္ဂါနေ့က ဖယ်ရှား လိုက်တာပါ။

လွန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက ကျူးကျော်တွေ ကို အစိုးရက ဖယ်ရှင်းဖို့ ကြိုးစား ခဲ့တာ ဖြစ်ပြီး အခု အစိုးရ သက်တမ်း ကုန်ကာ နီးမှာ အရှိန်မြင့် ဆောင်ရွက် ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း အတွင်းရှိ ဒဂုံမြို့သစ် ဆိပ်ကမ်း က ကျူးကျော် နေထိုင် သူတွေ ကိုအခု လိုပဲ အင်အား သုံးပြီး ဖယ်ရှား ခဲ့ပါတယ်။

ရာသီ ဥတု ဆိုးရွား နေချိန် မှာ အခုလို အင်အားသုံး ဖြေရှင်းတာ နဲ့ ပတ်သက်လို့ အစိုးရ အပေါ် ဝေဖန်မှု တွေ ရှိနေပါတယ်။

ရန်ကုန်မှာ ကျူးကျော် နေထိုင် သူတွေ အိမ်ခြေသောင်း နဲ့ ချီရှိပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ ဆိပ်ကမ်း မြို့နယ် တွေမှာ အများဆုံး ဖြစ်ပါတယ်။

ရန်ကုန်တိုင်း နယ်စပ် ရေးရာ လုံခြုံရေးဝန် ကြီးကတော့ ရန်ကုန်တိုင်း အတွင်း အစိုးရ စီမံကိန်း နေရာ တွေက ကျူးကျော် သူတွေ အားလုံးကို ဖယ်ရှားမယ် လို့ပြီး ခဲ့တဲ့ ရက်ပိုင်းက ပြောထား ပါတယ်။

လူ ၈ သန်း လောက် နေထိုင် တဲ့ ရန်ကုန် မြို့မှာ တရား ဥပဒေ အရ အခု လို အစိုးရ ပိုင် မြေတွေမှာ ကျူးကျော် သူတွေ ကို ဖယ်ရှား တာဆိုရင် စည်ပင်ပိုင် မြေတွေနဲ့ ပြည်သူပိုင် မြေတွေကို နည်း အမျိုးမျိုးနဲ့ ကျူးကျော် ဆောက်လုပ် ထားတဲ့ အစိုးရနဲ့ နီးစပ်သူ တွေရဲ့ ဈေးဝယ် စင်တာတွေ၊ နေအိမ် တွေ၊ အဆောက် အဦ တွေ၊ အုတ်တံတိုင်း ကိုလည်း ဖယ်ရှား သင့်တယ်လို့ သုံးသပ် ပြောဆိုမှု တွေ ရှိနေ ကြပါတယ်။

BBC Burmese

Tuesday, January 26, 2016

ဒေါ်အောင်ဆန်းစုကြည် နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
ရွေးကောက်ပွဲကာလမှာ ဆောင်ရွက်ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ကြောင်းနဲ့ ရွေးကောက်ပွဲကာလမှာ အသိပညာပေးလုပ်ငန်းတွေ အားနည်းတာတွေရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုင်းခမ်းဝင်း က ပြောပါတယ်။
"တွေ့ဆုံပြီးတော့ ရွေးကောက်ပွဲကာလမှာ လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းပေါ့ ဗျာ၊ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ တွေ့ဆုံဖို့လိုအပ်တဲ့ပုဂ္ဂိုလ်တွေကို လိုက်တွေ့တဲ့သဘော ပါပဲ၊ ရွေးကောက်ပွဲကာလမှာ ဘယ်လိုတွေဆောင်ရွက်ခဲ့တယ်ပေါ့၊ ဒီရွေးကောက်ပွဲအချိန်မှာ အဓိကကတော့ မဲအသိပညာပေးလုပ်ငန်းတွေ အားနည်းတဲ့အကြောင်းတွေ ထည့်ပြောပါတယ်၊ အထွေအထူးတော့မရှိပါဘူး၊ ပညာပေးလုပ်ငန်းတွေလုပ်ငန်းတွေ များများလုပ်ဖို့လိုတယ်ဆိုတဲ့ အကြောင်းတွေပေါ့"
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌတို့ သီးသန့်တွေ့ဆုံတာ ဒါပထမဆုံး အကြိမ်ဖြစ်ပြီး တစ်နာရီနီးပါးကြာမြင့်ခဲ့ပါတယ်။
တွေ့ဆုံပွဲကို အန်အယ်လ်ဒီပါတီက ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဖြိုးဇေယျာသော် နဲ့ ဒေါက်တာ ဒေါ်တင်မာအောင်တို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ဥက္ကဌ ဦးတင်အေး အပါအ၀င် ကော်မရှင် အဖွဲ့ဝင် ၁၅ ယောက် တက်ရောက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာအသုံးပြုခဲ့တဲ့ မဲဆွယ်စည်းရုံးရေးစရိတ် မတင်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ အန်အယ်လ်ဒီပါတီက ၃ဦး ပါဝင်ပြီး အနိုင်ရကိုယ်စားလှယ်တွေကို ကန့်ကွက်တဲ့ အမှုတွေထဲမှာလည်း အန်အယ်လ်ဒီပါတီက ကန့်ကွက်တဲ့အမှုတွေရှိသလို ကန့်ကွက်ခံရတဲ့ အမှုတွေလည်း ရှိနေပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံရာမှာ အဲဒီလိုအမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
RFA

ဖားကန့်နယ်မြေ စက်ယန္တရား အစီးတစ်သောင်းကျော် စစ်ဆေးနိုင်ခဲ့

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကွင်းဆင်းစစ်ဆေးနေတဲ့ အထူးစုံစမ်းရေးအဖွဲ့ဟာ ကျောက်မျက် တူးဖော်ရေးကုမ္ပဏီတွေ အသုံးပြုနေတဲ့ စက်ယန္တရားအစီးရေ တစ်သောင်းကျော်ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီနှစ်ရာကျော်ရဲ့ စက်ယန္တရားတွေကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောပါတယ်။

"ဘတ်ဟိုးပါတယ်၊ ဘူဒိုဇာပါတယ်၊ နောက်မြေသယ်ယာဉ်ကြီးတွေပါတယ်၊ နောက်ကျောက်ဖောက်စက်တွေ ပါတယ်၊ နောက်အုပ်ချုပ်မှုယာဉ်ပေါ့၊ အုပ်ချုပ်မှုယာဉ်ဆိုတာ ကုမ္ပဏီတွေသုံးတဲ့ယာဉ်ပေါ့ အဲ့ငါးခုပါတယ်၊ ကုမ္ပဏီ အားလုံးပေါင်း ကျနော်သိတာ ၂၆၂ ကိုစစ်တယ်ဗျာ၊ အားလုံးပေါင်းလိုက်တဲ့အခါ အစီးရေ တစ်သောင်းကျော်တယ်၊ အရင်တုန်းက ဖားကန့်ဒေသမှာ စက်ယန္တရားအရေအတွက် စာရင်းအတိအကျမရှိဘူး၊ ဒါလာစစ်တဲ့အတွက် စာရင်းအတိအကျလည်းဖြစ်ပါတယ်၊ ဒါတွေလည်း စနစ်စကျဖြစ်သွားနိုင်တဲ့ အနေအထားတွေပေါ့"

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဦးဆောင်တဲ့ အထူးကွင်းဆင်းစစ်ဆေးရေး အဖွဲ့ဟာ ပြီးခဲ့တဲ့ဇန်န၀ါရီလ ၁၆ ရက်နေ့ကစပြီး ၂၂ ရက်နေ့အထိ တပတ်ကြာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့မှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန၊ အကောက်ခွန်၊ သတ္တုတွင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန စတဲ့ ပြည်ထောင်စုအဆင့် အရာရှိအယောက် ၂၀ ကျော်လိုက်ပါဝင်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို သတင်းထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒီနှစ်အတွက် နိုင်ငံတော်ကိုအခွန်ဆောင်ပြီး ကျောက်တူးဖော်ဖို့ ရောက်ရှိနေတဲ့ စက်ယန္တရား ၇၀၀ ကျော်ရှိပြီး ဂျိတ်လင်းမြန်မာ၊ ခိုင်မြန်မာ၊ မြောက်ပိုင်းတော်ဝင်၊ ဧရာရတနာ စတဲ့ကုမ္ပဏီ ၁၃ ခုရဲ့ စက်ယန္တရားတွေဖြစ်တယ်လို့ သိရပါတယ်။
RFA

လက်ပံတောင်းဒေသခံတောင်သူတွေနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေကြား ပဋိပက္ခဖြစ်








စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်း သိမ်းဆည်းထားသော မြေယာများအတွက် သီနှံလျော်ကြေးနှင့် ပတ်သတ်ပြီး လက်ပံတောင်း ဆက်ဆံရေးရုံးအတွင်း ဖြေရှင်းရာကြမှ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနှင့် ဒေသခံတောင်သူတွေ အကြား မပြေမလည်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၅ ရက်နေ့က သီးနှံလျော်ကြေးအတွက် ဒေသခံတောင်သူတွေနှင့် ကုမ္ပဏီအကြား ညှိနှိုင်းပေးမည်ဟု ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူးက ကတိပေးပြောကြားခဲ့ပြီးနောက် ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီခန့်က လက်ပံတောင်းဆက်ဆံရေးရုံးအတွင်း ဖြေရှင်းရာမှာ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများဟာ တရုပ်ပြည်မသို့ ခေတ္တပြန်သွားတဲ့အတွက် အုပ်ချုပ်ရေးပိုင်းက အဆုံးဖြတ်မပေးနိုင်ကြောင်း တိုင်းဒေသကြီးအုပ်ချုပ်ရေးပိုင်း တာဝန်ရှိတွေက ဒေသခံတွေကို လာရောက်အကြောင်းကြားခဲ့ပါတယ်။
လာရောက်အကြောင်းကြားဖြေရှင်းရာမှာ စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန်းနိုင်၊ သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်အပါအဝင် ဒေသဆိုင်ရာ တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါတယ်။
အဆိုပါ ဆက်ဆံရေးရုံးအတွင်း အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများနှင့် လက်ပံတောင်းဒေသခံများ တွေ့ဆုံရာမှ နှစ်ဘက် စကားအခြေတင်များရာမှ ပဋိပက္ခဖြစ်ပြီး ရုံးအတွင်းမှာတွင်ပင် ဆန္ဒထုတ်ဖော်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ဆက်ဆံရေးရုံးသို့ လာရောက်တွေ့ဆုံခဲ့ ရာမှာ မိုးကြိုးပြင်၊ ဇီးတော၊ ဆည်တည်း၊ တုံရွာအုပ်စု စသည့် ကျေးရွာများမှ ဒေသခံတောင်သူ ၂၀၀ ကျော် ပါဝင်ကြောင်း သိရပါတယ်။
ဒေသခံများအနေဖြင့် သီးနှံလျော်ကြေးရရှိရန် ဆန္ဒထုတ်ဖော်ရာမှာ အကြိမ်ရေ ၅ ကြိမ်ရှိခဲ့ပြီး ယခုလို ဆက်ဆံရေးရုံးသို့ မတွေ့ဆုံခင် တစ်ရက်က ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော် နေစဉ်မှာ ယင်းမာပင်အုပ်ချုပ်ရေးမှူးက ကြေးနီစီမံကိန်းက တာဝန်ရှိသူများနှင့် ဒေသခံတောင်သူ တွေအကြား သီးနှံလျော်ကြေးအတွက် တွေ့ဆုံဖြေရှင်းညှိနှိုင်းပေးမည်ဟု ဒေသခံတောင်သူတွေ ကို ကတိပေးပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
သတင်းနှင့် ဓာတ်ပုံ – ရန်နိုင်စိုး
DVB

မြန်မာပါဝင်သည့် မဲခေါင်မြစ်တွင်း မှုခင်းထောက်လှမ်းရေးသင်္ဘော စတင်ကင်းလှည့်


မြန်မာနိုင်ငံအပါအ၀င် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေ ပူးပေါင်းပြီး မဲခေါင်မြစ်တွင်း ပြစ်မှုမှုခင်းစုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကင်းလှည့် သင်္ဘောခရီးစဉ်ကို ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ စတင်လိုက်ပါတယ်။
၎ ရက်တာကြာမြင့်မယ့် ဒီကင်းလှည့်ခရီးစဉ်ကို တရုတ်နိုင်ငံအနောက် တောင်ပိုင်း၊ ယူနန်ခရိုင်၊ စီရွှန်းဘန်နာမြို့၊ ဂူအန်လိုင်ဆိပ်ကမ်းမှာ မနက် ၈ နာရီက စတင်ရေချခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
ဒီခရီးစဉ်မှာ ဥပဒေကြောင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ့် သင်္ဘော ၈ စီး ပါဝင်ပြီး တရုတ်နိုင်ငံမှ ၅ စီးနဲ့ လာအိုနိုင်ငံမှ ၃ စီးပါဝင်တာဖြစ်တယ်လို့ ဆိုပါတယ်။
သင်္ဘောပေါ်မှာ နိုင်ငံလေးနိုင်ငံမှ ဥပဒေပြစ်မှုဆိုင်ရာအရာရှိတွေပါဝင်ပြီး ရွှေတြိဂံ ဒေသဆီ ဆက်လက်ထွက်ခွာကာ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူမှောင်ခိုကူးတာတွေ လိုပြစ်မှုကျူးလွန်တာတွေကို စုံစမ်းစစ်ဆေးကြမှာ ဖြစ်ပါတယ်။
ခုလိုလေးနိုင်ငံပူးပေါင်းပြီး ကင်းလှည့်သင်္ဘောလှည့်ခရီးစဉ်ကို ၂၀၁၁ ခုနှစ် ဒီဇင် ဘာလမှာ စတင်ခဲ့တာဖြစ်ပြီး ဒါဟာ ၄၂ ကြိမ်မြောက်ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်အောက်တိုဘာလ ၅ ရက်နေ့မှာ ထိုင်းရေပိုင်နက်တွင်းမှာ တရုတ် ကုန်တင်သင်္ဘော ၂စီးကို လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်ပြီး တရုတ်သင်္ဘောသား ၁၃ ဦးအသတ်ခံခဲ့ရတဲ့နောက်ပိုင်းမှာ ခုလိုပူးပေါင်းစစ်ဆေးမှုစတင်ခဲ့တာလို့ ဆိုပါတယ်။
DVB

ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ လုံခြုံရေးအပြည့်ဖြင့် ဘိန်းခင်းများ စတင်ဖျက်ဆီး


ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ချီဖွေနဲ့ ကန်ပိုင်တီဒေသက ဘိန်းခင်းတွေကို သွားရောက် နှိမ်နင်းဖျက်ဆီးမယ့် ကချင်ပြည်နယ်လူထုအခြေပြု မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ ဟာ လုံခြုံရေး အပြည့်နဲ့ ဒီကနေ့ (ဇန်န၀ါရီလ ၂၆ ရက်)မှာ လမ်းဘေးမှာတွေ့တဲ့ ဘိန်းခင်းတွေကို စတင်ဖျက်ဆီး နေပါတယ်။
သူတို့အဖွဲ့ဝင်ပေါင်း တစ်ထောင်ကျော်ဟာ ပြည်နယ်တိုင်းမှူးနဲ့ ပြည်နယ်ရဲတပ်ဖွဲ့တို့ က ထပ်မံ စီစဉ် ဖြည့်ဆည်းပေးလိုက်တဲ့ လုံခြုံရေးတွေနဲ့အတူ ချီဖွေမြို့နယ် ချမ်းေ၈ျာ်ရွာကနေ မနက် ၇ နာရီ ကတည်းက စတင်ထွက်ခွါခဲ့တယ်လို့ မြစ်ကြီးနားမြို့နယ် ကချင်မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးတန်ဂွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ဒီနေ့ ကျနော်တို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ဝင်ပေါင်း တစ်ထောင်ကျော်ရော၊ မပခတိုင်းမှူးနဲ့ ပြည်နယ်ရဲမှူးကြီးတို့ စီစဉ်ပေးလိုက်တဲ့ ရဲနဲ့ စစ်တပ်ပေါင်း ၅၀ ကျော် ခြေကျင်နဲ့ ခရီးထွက် ကြတယ်။ အခုဘိန်းခင်းသွား ဖျက်မယ့်နေရာက နောက်ထပ် မိုင် ၃၀ ကျော်ဝေးပြီး ကားလမ်း မပေါက်ဘူးလေ။ အဲဒါ အားလုံးဘဲ ခြေကျင်လျှောက်ရတယ်။ ပန်ဝါဘက်က ပြည်သူ့စစ်အင်အား ၁၅၀ နဲ့ မြစ်ကြီးနား၊ ၀ိုင်းမော်ဘက်က ရဲကား ၁၅ စီးလည်း လုံခြုံရေးယူပေးဖို့ လိုက်သွားပြီ ပြောတယ်။ ညနေ ၄ နာရီကျော်လောက်မှာတော့ ချီဖွေမြို့နယ် ဂျိတ်လွယ်ဒေသမှာ လမ်းဘေးမှာ တွေ့တဲ့ ဘိန်းပင်တွေကို စပြီး ဖျက်ဆီးသွားပါတယ်ခင်ဗျ။”
မူလက ဘိန်းခင်းတွေကို ဇန်န၀ါရီလ ၁၉ နေ့က စပြီး ဖျက်ဆီးဖို့ စီစဉ်ခဲ့ပေမယ့် ဘိန်းခြံပိုင်ရှင်နဲ့ ဘိန်းစိုက်တောင်သူတွေက တုတ်၊ ဓား၊ လက်နက်အပြည့်အစုံနဲ့ ခုခံကာကွယ်ဖို့ စောင့်နေ တာကြောင့် ဒီကနေ့မှ စတင်အကောင်အထည်ဖော်ရတာလည်း ဖြစ်ပါတယ်။
DVB

ထားဝယ်တွင် ဆယ်ကျော်သက် လူငယ်နှစ်ဦး ရိုက်နှက် လုယက်ခံရ

|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၂၆
ထားဝယ်မြို့ ၊ ရွှေဝယ်သီရိ အားကစားကွင်းအတွင်း ဇန်န၀ါရီလ ၂၃ ရက် ညက ဆယ်ကျော်သက်လူငယ်နှစ်ဦးထံမှ ဆိုင်ကယ်နှင့် ပစ္စည်းများ ရိုက်နှက်လုယက်ခံရကြောင်း ထားဝယ်ရဲစခန်းမှ သိရသည်။
ယင်းနေ့ ည ၇နာရီအချိန်ခန့်တွင် အသက်၁၅အရွယ်  ယောင်္ကျားလေး ဆယ်ကျော်သက်တစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ ထိုင်စကားပြောနေစဉ် ကစားကွင်း ပွဲကြည့်စင်ဖက်မှ လူနှစ်ဦး ရောက်လာပြီး ယောက်ျားလေး ဆယ်ကျော်သက်အား ရိုက်နှက်ထိုးကြိတ် ကန်ကျောက်ကာ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းအား လုယူသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထိုးကြိတ်ခံရသည့် အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ဦးခေါင်းထိပ် ဖူးရောင်၊ ယာ မျက်ခုံးအောက် ပွန်းခြစ်ဒဏ်ရာ၊ ၀ဲလက်မောင်း နာကျင်ဖူးရောင်စသည့် ဒဏ်ရာများ ရရှိကာ ထားဝယ်ပြည့်သူ့ ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရပြီး စိုးရိမ်ရသည့် အခြေအနေမဟုတ်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ယခုဖြစ်ပွားသည့် နေရာဝန်းကျင်သည် အရင်ခေတ်အဆက်ဆက် ကတည်းက ယင်းကဲ့သို့ အခင်းဖြစ်ပွားမှု ဖြစ်လေ့ရှိသည့် နေရာဖြစ်ပြီး လူငယ်များအနေဖြင့် မိမိအတွက် အန္တာရာယ်ရှိ/မရှိ သေချာစဉ်းစားပြီးမှ သွားသင့်ကြောင်း သင်္ဘောဆိပ်ရပ်ကွက်မှ ကိုသိုက်ထွန်းက မှတ်ချက်ပြုသည်။
“လူသူရှင်းတဲ့နေရာကို သွားတာက ပြဿနာကို လက်ယပ်ခေါ်သလိုဖြစ်နေတယ်” ဟု  ကိုသိုက်ထွန်း ကပြောသည်။
လူငယ်များအနေဖြင့် အအေးဆိုင်ကဲ့သို့သော လုံခြုံစိတ်ချရသည့် နေရာမျိုးတွင်သာ ထိုင်စကားပြောသင့်ပြီး မိန်းကလေးများကလည်း ယခုကဲ့သို့ လူသူတိတ်ဆိတ်ပြီး မှောင်နေသည့် နေရာမျိုးကို မသွားသင့်ဟု ၄င်းက ဆက်ပြောသည်။
အဆိုပါ (CLICK I -125)ုဆိုင်ကယ်နှင့် HUAWEI လက်ကိုင်ဖုန်းတို့အား ရိုက်နှက်လုယူ  လွတ်မြောက်နေဆဲဖြစ်ပြီး (ပ)၃၄/၂၀၁၆ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထားဝယ်ရဲစခန်းမှ သိရသည်။

Dawei Watch

လက်ရှိအစိုးရလက်ထက်တွင် သေဒဏ်ကျအကျဉ်းသားများကို ကွပ်မျက်ခဲ့ခြင်း မရှိ

သေဒဏ်ကျအကျဉ်းသား ၈၀၀ ကျော်ရှိပေမယ့် တဦးတယောက်ကိုမှ ကွပ်မျက်စီရင်ခဲ့တာ မရှိဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။
ဇန်န၀ါရီ ၂၅ ရက်နေ့ အမျိုးသားလွှတ်တော်မှာ သေဒဏ်ကျအကျဉ်းသားတွေ၊ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေနဲ့ ပက်သက်ပြီး  သိရှိလိုကြောင်း မေးခွန်းနဲ့ ပတ်သက်လို့ ပြန်လည်ဖြေဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ လက်ရှိအစိုးရမတိုင်ခင် သေဒဏ်ကျအကျဉ်းသား ၆၅၇ ဦးနဲ့ လက်ရှိအစိုးရလက်ထက်မှာ ၁၈၁ ဦး စုစုပေါင်း ၈၃၈ ဦးကို ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ) ပြင်ဆင်ခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဆိုပါတယ်။
ပုဂ္ဂလိကနစ်နာမှုတွေဖြစ်တဲ့ အသရေဖျက်မှု၊ ပစ္စည်းဥစ္စာခိုးမှု၊ ဖျက်ဆီးမှု၊ ကိုယ်အင်္ဂါထိခိုက်နစ်နာမှု၊ မုဒိမ်းမှုနဲ့ လူသတ်မှုတွေ ကျူးလွန်တဲ့ အကျဉ်းသားစုစုပေါင်း ၁၁၅၇၄ ကိုလည်း အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့တယ်လို့ ပြောပါတယ်။
DVB

လက်ပံတောင်းဒေသတွင် သိမ်းဆည်းမြေယာများအတွက် သီးနှံလျော်ကြေးရရှိရန် ဆန္ဒပြ၊ အုပ်ချုပ်ရေးမှူး လာရောက်ညှိနှိုင်း


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း သိမ်းဆည်းထားတဲ့ မြေယာတွေအတွက် သီးနှံလျော်ကြေးရရှိဖို့ ဒေသခံတောင်သူ ၁၀၀ လောက်က  ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လည်ပိုင်းက  ပုသိမ်-မုံရွာလမ်းထိပ် ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဆန္ဒထုတ်ရာမှာ ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူးက လာရောက်ညှိနှိုင်းဖြေရှင်းခဲ့ပါတယ်။
ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းက ဒေသခံတောင်သူတွေနဲ့ ကုမ္ပဏီအကြား ဖြေရှင်းညှိနှိုင်းဖို့  ဇန်နဝါရီ ၂၆ ရက် ဒီနေ့မှာ  လက်ပံတောင်းတောင်ညှိနှိုင်းရေးရုံးမှာ နှစ်ဘက်တွေ့ပေးမယ်လို့ ဒေသခံတောင်သူတွေကို ကတိပေးခဲ့ပါတယ်။
သီးနှံလျော်ကြေးဟာ လယ်မြေဧက ၂၀၀၀ နီးပါး ပေးလျော်ရမည်ဖြစ်ပြီး လျော်ကြေး မရရှိသေးလို့ အခုနှစ်မှာ သီးနှံထပ်မံစိုက်ပျိုးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း ဒေသခံတောင်သူတွေက ဆိုပါတယ်။
သီးနှံလျော်ကြေးရရှိဖို့ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့ မိုးကြိုးပြင်၊ ဆည်တည်းနဲ့ တုံကျေးရွားစတဲ့ ဒေသခံ ၆၀ ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတဲ့အတွက်လည်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းရှေ့မှာ  ညနေချိန်အထိ ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သီးနှံလျော်ကြေးရဖို့  ဝမ်ပေါင်ကုမ္ပဏီကို စာနဲ့ တင်ပြ တွေ့ခွင့်တောင်းပေမယ့် မရတဲ့အတွက် ဒေသခံ တောင်သူတွေက ၅ ကြိမ်မြောက်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။
DVB

ဖားကန်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင်း မြေဇာပုံထပ်မံပြိုကျ

ဖားကန့်တွင် ကုမ္ပဏီမြေဇာစွန့်ပစ်သည့် ကားနှင့် ရေမဆေးကျောက်ရှာဖွေနေကြသူများ

ကချင်ပြည်နယ် ဖားကန်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကမ်ခမ်းရွာအနီးမှာ ဇန်န၀ါရီလ ၂၅ ရက်နေ့က စွန့်ပစ်မြေစာပုံ ထပ်မံပြိုကျခဲ့ပါတယ်။
လူတစ်ရာကျော် မြေစာပုံအောက်ရောက်သွားပေမယ့် အားလုံးထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့  လုံးခင်းရဲစခန်းတာဝန်ကျ ရဲတပ်ကြပ်ကြီးတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့က ညနေ ၁၆ နာရီ ၅၀ မိနစ်အချိန်  မြေစာပုံပြိုတဲ့သတင်းရရချင်း  တာဝန်မှူး ဒုရဲအုပ် ၀င်းလွင် ဦးဆောင်တဲ့အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။  မြေစာပုံပြိုတဲ့နေရာက ရဲစခန်းရဲ့ အနောက်တောင်ဘက် ၁၅ မိုင်လောက်အကွာ ကမ်ခမ်းရွာနားမှာ၊ ရတနာရောင်ခြည် ကျေက်တူးဖော်ရေးကုမ္ပဏီနဲ့ မြစ်ဆုံဧရာကျောက်တူးဖော်ရေးကုမ္ပဏီတို့က မြေစာလာ သွန်တဲ့ နေရာမှာပါ။ မြေစာပုံက အမြင့်ပေ တစ်ထောင်လောက်ရှိပြီး ပြိုသွားတဲ့ အပိုင်းကတော့ အလျား ပေ ၁၅၀ အနံ ပေ ၄၀ အမြင့်ပေ ၁၀၀ ရှိပါတယ်။ မြေစာပုံပြိုပြိုချင်း အနီးရှိ ကုမ္ပဏီဝန်ထမ်း တွေရော  အလုပ်သမားတွေကပါ ခရမှုတ်အချက်ပေးတာတွေ၊  အော်ဟစ်အချက်ပေးတာတွေ လုပ်တဲ့အတွက် မြေစာပုံကြားမှာ ကျောက်ရှာတဲ့သူ တစ်ရာကျော်လောက် အားလုံး ထွက်ပြေး လွတ်မြောက်ခဲ့ပြီး သေဆုံးသူ၊ ဒဏ်ရာရသူ တဦး တယောက်မှ မရှိခဲ့ပါဘူး ခင်ဗျာ။”
ဒါပေမယ့်လည်း အန္တရာယ်မရှိစေရေးအတွက် လုပ်ငန်းတွေယာယီရပ်ဆိုင်းထားဖို့ လုပ်ကွက်တာ ၀န်ခံ၊ ကင်းတာဝန်ခံနဲ့ မက်လင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပြောခဲ့တယ်လို့ ရဲစခန်းက ဆက်ပြောပါတယ်။
မနေ့က မြေစာပုံပြိုကျတဲ့နေရာဟာ ပြီးခဲ့တဲ့လ (၂၀၁၅ ခုနှစ် ဒီဇင်ဘာလ) တွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တဲ့ နေရာနားမှာဘဲလို့  မြေပြိုရာနေရာကို သွားကြည့်ခဲ့တဲ့ လုံးခင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးလောခန်က ဒီဗွီဘီကို ပြောပါတယ်။
“ဒီတစ်နေရာ ပတ်ဝန်းကျင်မှာဘဲ  ခဏခဏမြေပြိုနေတာ၊ ကျနော်မှတ်မိသလောက်ဆို ဒီတလ ၂ လထဲမှာကို ၄ ခါရှိပြီ မနေ့က ပြိုတာကတော့ အဲဒီမြေစာပုံအောက်မှာ ရေမဆေးကျောက်ရှာ တဲ့သူတွေ အယောက် လေးငါးဆယ် ပိတ်မိနေတယ်လို့  အလုပ်သမားတွေပြောတယ်။ ကျနော်တို့ သွားကြည့်တဲ့ အချိန်မှာတော့ ဒဏ်ရာရသူတွေ၊ အလောင်းတွေတော့ မတွေ့ပါဘူး။ မီးသတ် တပ်ဖွဲ့ဝင်တချို့က ရှာဖွေနေတာတော့ တွေ့ရတယ်။ လူပျောက်စာရင်းအတိအကျလည်း ဘယ်သူမှ မပြောနိုင်ဘူး။ ”
မြေစာပုံပြိုရတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကိုလည်း ခုလိုပြောပြပါတယ်။
“ကျနော့်အမြင်ပြောရရင်တော့ အဲဒီ မြေကြီးအောက်မှာ စိမ့်ရေရှိနေတာလေ။ သူတို့က အပေါ် ကနေ မြေစာပုံတွေ သွန်ချတော့ အောက်မှာ ရေထွက်လမ်းကြောင်းက ပိတ်သွားတယ်။ အဲဒီမှာ ရေတွေက အောင်းနေပြီး အောက်မှရွှံ့တွေချည်းဖြစ်နေတာပေါ့။ အပေါ်က မြေစာပုံတွေ ကျလာတော့ အောက်မှာဝေါကနဲ ဆည်ဖွင့်လိုက်သလို ဖြစ်သွားတာ၊ တောင်ကြောအောက်က စိမ့်ရေ စမ်းရေတွေကို ပိတ်ပစ်လိုက်သလို ဖြစ်သွားတာကိုး။”
ဒီပြဿ   နာကို ဖြေရှင်းဖို့အတွက် သက်ဆိုင်ရာက မြေစာတွေ လျှော့သွန်ဖို့ ပြောပေမယ့် သွန်မြဲ သွန်နေတာ တွေ့ရတယ်လို့ သူကဆက်ပြောပါတယ် ။
ဖားကန့်မှာ အခုလို မြေပြိုကျမှု မကြာခဏ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး လွှတ်တော်နာယက သူရဦးရွှေမန်းက  အစိုးရအနေနဲ့ လွှတ်တော်မှာ အမြန်ရှင်းလင်းတင်ပြပြီး ဆက်လက်စီမံလုပ်ေ ဆာင်ဖို့ သ၀ဏ်လွှာပို့ တိုက်တွန်းထားပါတယ်။
သတ္တုတွင်းဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ဖားကန့်နဲ့ လုံးခင်းမှာ ကုမ္ပဏီပေါင်း ၈၅၀ ကျော်ကို စုစုပေါင်းဧရိယာ ၂၂၅၅ ဒသမ ၃ဝ ဧက လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရပါတယ်။
DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး

Photo -တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook

နေပြည်တော်၊ ဇန်န၀ါရီ ၂၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်း တို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရွေးကောက်ပွဲလွန်ကာလ Transition နှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များ၊ လွှတ်တော်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ နောင်ဖြစ်ပေါ်လာမည့် အစိုးရဖွဲ့စည်းရေးဆိုင်ရာများ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


သတင်းနှင့်ဓာတ်ပုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Monday, January 25, 2016

အအေးဒဏ်ကြောင့် ထိုင်ဝမ်မှာ ၈၅ဦး သေဆုံး


 တောင်ကိုရီးယားမှာ အပန်းဖြေ ခရီးသွား ၆ သောင်းလောက် လေဆိပ်တွေမှာ ပိတ်မိနေ။
အာရှ အရှေ့ပိုင်း ဒေသမှာ အပူချိန် ရုတ်တရက် ကျဆင်းမှုကြောင့် ထိုင်ဝမ်မှာ အနည်းဆုံး ၈၅ ယောက် သေဆုံး ခဲ့ပြီး၊ တောင်ကိုရီးယား မှာတော့ ကမ္ဘာလှည့် ခရီးသွား ၆ သောင်းလောက် ပိတ်မိ နေတယ်လို့ သိရပါတယ်။

အပူချိန်ဟာ အခု သီတင်းပတ် အကုန်မှာ နှစ်ပေါင်း များစွာအတွင်း မကြုံဖူးတဲ့ ဒီဂရီ အထိ ရုတ်တရက် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်က သေဆုံးသူ အများစုဟာ ကိုယ်ပူချိန် ကျဆင်းတဲ့ ရောဂါ၊ နှလုံးနဲ့ ဆက်နွယ်တဲ့ ရောဂါတွေကြောင့် သေဆုံးရတဲ့ အသက်ကြီးပိုင်းတွေ ဖြစ်တယ်လို့ ထိုင်ဝမ် သတင်းမီဒီယာက ဆိုပါတယ်။

ဆီးနှင်းတွေ စံချိန်တင် ကျဆင်း တဲ့အတွက် တောင်ကိုရီးယား မှာလည်း အပန်းဖြေ ခရီးထွက်ရာ ဂျေဂျူးကျွန်း လေဆိပ်ကို ပိတ်ထား ရပြီး လေယာဉ် ခရီးစဉ်တွေကို ပယ်ဖျက် ခဲ့ရပါတယ်။

အပူချိန် ကျဆင်းတဲ့ ဒဏ်ကို တရုတ်ပြည် တောင်ပိုင်း၊ ဟောင်ကောင်နဲ့ ဂျပန် တို့မှာလည်း ကြုံတွေ့ ခဲ့ပါတယ်။

BBC Burmese