Pages

Friday, April 15, 2016

ကမ္ဘာ့သြဇာအရှိဆုံး စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်က တတိယ နေရာရရှိ

 aung san suu kyi
ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ စစ်တမ်းအရ ကမ္ဘာ့သြဇာအရှိဆုံး စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တတိယ နေရာရရှိပါတယ်။
ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်ကို တိုင်းမ်မဂ္ဂဇင်းက ပဏာမရွေးချယ်တဲ့ လူ ၁၀၀ ထဲက စာဖတ်သူတွေက မဲပေး ရွေးချယ်ရကြတာ ဖြစ်ပါတယ်။
ဒီနှစ်အတွက် သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် အမေရိကန် ဒီမိုကရက်တစ်ပါတီရဲ့  သမ္မတလောင်း ဘာနေ ဆန်ဒါးစ်က မဲအများဆုံး ရရှိပါတယ်။ သူ့နောက်မှာ တောင်ကိုရီးယား တီးဝိုင်းဖြစ်တဲ့ Big Bang က ဒုတိယ ရရှိပါတယ်။
တတိရရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာက်မှာ အမေရိကန် သမ္မတ အိုဘားမားက စတုတ္ထရရှိပါတယ်။
ပါကစ္စတန်က နိုလ်ဘယ်ဆုရှင် မာလာလာ၊ လေဒီဂါဂါ၊ တေလာဆွစ်ဖ်၊ အမေရိကန် သမ္မတကတော် မီချယ် အိုဘားမား၊ ပုပ်ရဟန်းမင်းကြီး ဖရန်နဲ့ သရုပ်ဆောင် လီယိုနာဒို ဒီကက်ပရီယိုလည်း ထိပ်ဆုံးက သြဇာအရှိဆုံး ပုဂ္ဂိုလ်စာရင်းမှာ ပါဝင်ကြပါတယ်။
DVB

ဂျပန်ငလျင် ၂ ဦးသေ



ဂျပန်ငလျင်ဘေးဒဏ်သင့်ဂျပန်ပြည်သူများ (ဧပြီ ၁၄၊ ၂၀၁၆)

ကြာသပတေးနေ့ညနေက ဂျပန်နိုင်ငံတောင်ပိုင်းမှာ ပြင်းထန်တဲ့ ငလျှင်တစ်ခု လှုပ်ခတ်ခဲ့တဲ့ အတွက် အနည်းဆုံး လူ၂ဦးသေဆုံးပြီး၊ ၄၅ဦး ဒဏ်ရာရသွားပါတယ်။ သေဆုံး၊ ဒဏ်ရာရသူအားလုံးဟာ ငလျှင် ဗဟိုချက် အနီးမှာတည်ရှိပြီး၊ ထိခိုက်မှုအများဆုံးဖြစ်တဲ့ Mashiki မြို့က ဖြစ်ပါတယ်။


ဂျပန်နိုင်ငံ ကျူရှူးကွန်းပေါ်က Kumamoto ခရိုင်မှာ ပြင်းအား ၆.၂ ရှိတဲ့ ငလျှင် စတင် လှုပ်ခတ်ပြီးတဲ့နောက် အများအပြား ထပ်လှုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ကနဦး လှုပ်တဲ့ ငလျှင်ကြောင့် အနည်းဆုံး အိမ် ၁၉လုံး ပြိုလဲခဲ့ပြီး၊ ကြောက်ရွံ့နေတဲ့လူတွေဟာ ပြိုကျနေတဲ့ အိမ်တွေထဲမှာ ပိတ်မိနေကြဆဲပဲလို့ ရဲတပ်ဖွဲ့တွေက ပြောပါတယ်။



ကနဦး လှုပ်ခတ်ခဲ့တဲ့ ငလျှင်ရဲ့ ဗဟိုချက်ဟာ ဂျပန်နိုင်ငံမှာ တစ်ခုတည်းသော လည်ပတ်နေတဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုကနေ ကီလို မီတာ ၁၂၀ ကွာဝေးပြီး၊ အဲဒီ နျူကလီးယား စက်ရုံဟာ ပုံမှန် လည်ပတ်နေဆဲပဲလို့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ရန်ကုန်သင်္ကြန် မှုခင်းကျဆင်း


ရေကစားသူများကို စစ်ဆေးနေတဲ့ ရဲလုံခြုံရေးဝန်ထမ်းများ။ ( ဧပြီ ၁၄၊ ၂၀၁၆- သင်္ကြန်အကြတ်နေ့) သတင်းဓာတ်ပုံများ Credit to Yangon Police FB.

ရန်ကုန်မဟာသင်္ကြန်ပွဲတော်ကာလ အရင်နှစ်တွေလိုမဟုတ်ပဲ လုံခြုံရေးကောင်းမွန် လာတဲ့ အပြင် ပြည်သူတွေဘက်က ရဲတပ်ဖွဲ့နဲ့ အပြုသဘော ပူးပေါင်းပြီး စနစ်တကျ ဆောင်ရွက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး အာဏာပိုင်တွေ ကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာ စီးပွားဖြစ် ရေကစား မဏ္ဍပ်ကြီးတွေ ပိတ်ပင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပေမဲ့မြို့နယ်၊ ရပ်ကွက် အလိုက် ရေကစား မဏ္ဍပ်တွေ၊ ဖျော်ဖြေရေးစင်တွေ အများအပြားရှိ လာတာကြောင့် ပြည်သူ အများပျော်ရွှင်စွာ ရေကစားနိုင်ကြောင်းလဲ ရန်ကုန်ဒေသခံတွေက ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ပြောပြမှာပါ။


ရန်ကုန်သင်္ကြန်

NLD ရန်ကုန်တိုင်းအစိုးရသစ်ကနေ ဒီနှစ်သင်္ကြန်ပွဲတော်မှာ အများပြည်သူ စိတ်လက်အေးချမ်းနဲ့ ပျော်ရွှင်မှုရစေဖို့ လုံခြုံရေးကို အရင်နှစ်တွေကထက် အဆပေါင်းများစွာ နဲ့ အထူးစောင့်ကြည့် တာဝန်ယူထားကြောင်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှာ ပါဝင်နေသူ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဗွီအိုအေကိုပြောပါတယ်။
"ကျမတို့ ရဲလုံခြုံရေးအင်အားကို မနှစ်ကထက်လည်း အများကြီး ဖြန့်ပြီးတော့ ချထားတယ်။ နောက်ပြီးတော့ အရပ်ဝတ်သဏ္ဍာန်နဲ့လည်း မဏ္ဍပ်တိုင်း မဏ္ဍပ်တိုင်း နေရာတိုင်း ရန်ကုန်မြို့တမြို့လုံး ၊ ရန်ကုန်တိုင်း တတိုင်းလုံးပါပဲ တတ်နိုင်သလောက် အင်အားတွေကို မနှစ်ကထက် လုံခြုံရေးအင်အားကို ပိုတိုးမြှင့်ပြီး ချထားပါတယ်။ "


ဒါအပြင် NLD အစိုးရသစ်လက်ထက် ဒီနှစ်သင်္ကြန်ကာလ ထူးခြားချက် အဖြစ် ပြည်သူတွေဘက်က ရဲတပ်ဖွဲ့နဲ့ အပြုသဘောဆောင်ပူးပေါင်းပြီး ပွဲတော်ကာလတလျှောက် စနစ်တကျဖြစ်အောင် ဆောင်ရွက်လာတယ်လို့ ရဲတပ်ဖွဲ့ဘက်က တာဝန်ရှိသူတွေကပြောပါတယ်။


ကူညီနေတဲ့ ရဲဝန်ထမ်းများ

ဒါနဲ့ပတ်သက်လို့ ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ် ကလည်း သတင်းထောက်တွေကို ပြောသွားတာက-
"မနေ့ကတုန်းက အကျနေ့ပေါ့။ ၁၃ရက်နေ့မှာတော့ သင်္ကြန်နဲ့ပတ်သက်တဲ့ မှုခင်းပေါင်း အားလုံး ၂၀ ဖြစ်ပါတယ်။ သင်္ကြန်နဲ့မပတ်သက်တဲ့အမှု ၁၈မှုဖြစ်ပါတယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှု ၂၀မှာလည်းပဲ ထိခိုက်ဒဏ်ရာရတာ ငါးယောက်လောက်ပဲ ရှိပါတယ်။ သာမာန်အားဖြင့် ဒဏ်ရာရခြင်းဖြစ်ပါတယ်။ ကားပေါ်ကနေ ပြုတ်ကျတာတို့ သာမာန်အားဖြင့် ထိုးကြိတ်တာတို့ ဒီလောက်ပါပဲ။ ကျန်တာ ကြီးကြီးမားမား လူ့အသက်ကို ထိခိုက်တဲ့  ဒဏ်ရာရတဲ့ အနေအထားမျိုးတွေ သေဆုံးတာတို့ မရှိခဲ့ပါဘူး။ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့လည်း ကျနော်တို့ သင်္ကြန်အကြိုကာလကတည်းက မူးယစ်ဆေးဝါးတွေရော ကာမစိတ်ကြွဆေးတွေရော စသည်ဖြင့် ဒါတွေကိုလည်း အသိပညာပေးတာတွေ ရှာဖွေဖမ်းဆီးတာတွေကို ကျနော်တို့ပိုင်ပိုင်နိုင်နိုင် လုပ်ထားပါတယ်။
အခုချိန်အထိတော့ သင်္ကြန်မဏ္ဍပ်တွေနဲ့ ပတ်သက်လို့ အရေးယူထားတာမရှိပါဘူး။ သူတို့ကလည်း စည်းကမ်းဖောက်ဖျက်တာ ကြီးကြီးမားမား မရှိပါဘူး။ နည်းနည်းပါးပါး သတ်မှတ်ထားချိန် ဆယ်မိနစ် ဆယ့်ငါးမိနစ်ထက် ပိုပြီး ရေကစားတာ ဒါမျိုးတော့ ရှိပါတယ်။ ကျနော်တို့က များသောအားဖြင့်တော့ ဒီမှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးတော့ သူတို့ကလည်း ပြည်သူတွေအနေနဲ့ရော နောက်တခုက မဏ္ဍပ်ကို ဦးဆောင်တဲ့သူတွေရော အားလုံးပေါ့ သူတို့ရဲ့ ကိုယ်ပိုင် တာဝန်ယူထားတဲ့ လုံခြုံရေးအဖွဲ့တွေရော  တကယ်နားလည်မှုရှိစွာနဲ့ စနစ်တကျနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လာတာကို တွေ့ရပါတယ်ခင်ဗျ။   "
အခုတက်လာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအစိုးရက စီးပွားဖြစ်ရေကစားမဏ္ဍပ်ကြီး အတော်များများကို ပိတ်ပင်ခဲ့တာကြောင့် အရင်အစိုးရ လက်ထက်ကလိုမဟုတ်ပဲ လူငယ်တွေရဲ့ ပျော်ပါးမှုကို အာဏာနဲ့ပိတ်ပင်တားဆီးတဲ့ သဘောမျိုးဖြစ်နေတယ်လို့ ဝေဖန်မှုတွေထွက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ရန်ကုန်မြို့ခံ လူငယ်အမျိုးသမီး ပိုပိုကတော့ ဒီနှစ်သင်္ကြန်မှာ လုံခြုံစိတ်ချမှု အပြည့်နဲ့ ပျော်ရွှင်မှုအပြည့်ရှိတယ်လို့ဆိုပါတယ်။
"ဒီနှစ်သင်္ကြန်က ဟိုးအရင်တုန်းက ညီမတို့ငယ်ငယ်တုန်းက သင်္ကြန်လိုပြန်ဖြစ်သွားတယ်ပေါ့။ ပိုစည်သွားတယ်။ လူတွေကလည်း ပိုပြီးတော့ စည်းကမ်းရှိရှိ ပိုမြင်ရတယ်ပေါ့။ အရင်နှစ်တွေကလို တနေရာတည်းမှာပဲ ပြုံပြီးတော့ လမ်းကျပ်တာမျိုး မဖြစ်ပဲနဲ့ ဒီနှစ်မှာ လမ်းတွေ ဘာတွေလည်း ချောင်တယ် သွားရလာရတာလည်း အဆင်ပြေတယ်။"
မေး။   ။ ညီမတို့လူငယ်တွေရော ရေပက်ကစားရတာ ပျော်ရွှင်မှုအပြည့်ရှိလား။
" ဟုတ် ပျော်ပါတယ် လုံခြုံရေးတွေ ဘာတွေလည်း ကောင်းတော့ ဘာပဲဖြစ်ဖြစ် သွားရတာ ပိုပြီး အဆင်ပြေပြီးတော့ ပိုပြီး လုံလုံခြုံခြုံရှိတယ်လို့မြင်တယ်အမ။
မေး။    ။ ညီမတို့ ဒီနှစ်သင်္ကြန်ပေါ့နော် အခုက အစိုးရသစ်လည်းဖြစ်လာတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းမှာလည်း အစိုးရသစ်ဖြစ်လာပြီဆိုတော့ အရင်နှစ်သင်္ကြန်တွေနဲ့မတူပဲ ညီမတို့ လူငယ်တွေအနေနဲ့ရော ဘယ်လိုခံစားမိလဲ။ ဘယ်လိုတွေ့မြင်ရလဲ။
"ကောင်းပါတယ်။ အစစအရာရာ အဓိကကတော့ လုံခြုံရေးပေါ့ အမရယ်။ အဓိက သွားလာနေတဲ့အချိန် လုံခြုံရေးပေါ့ ရန်မဖြစ်ဖို့ရယ် အဓိက အရေးကြီးတာပေါ့ အဲ့တာတွေ သိပ်မရှိတော့ ပိုပြီးတော့ ကောင်းတယ်လို့ မြင်ပါတယ်။"
ဒီနှစ်သင်္ကြန်မှာ ရေကစားမဏ္ဍပ်အများဆုံးရှိပြီး လူအစည်ကားဆုံးနေရာကတော့ ရန်ကုန်-ပြည်လမ်းမကြီး တလျောက်ဖြစ်ပါတယ်။ အင်းယားကန်ဘောင် တလျောက်မှာလည်း လူပေါင်း (၃၀၀နဲ့ ၄၀၀) နီးပါးဆန့်တဲ့ ရေကစား မဏ္ဍပ်ကြီးတွေကို စည်းကမ်းချက် (၄၅)ချက်နဲ့ သတ်မှတ်ပြီး ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုထားပါတယ်။
VOA



Thursday, April 14, 2016

နိုင်ငံတော်အတိုင်ပင်ခံ သင်္ကြန်တွင်း အရေးကြီးအစည်းဝေး ခေါ်ယူ


နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၄ ရက် သင်္ကြန်အကြတ်နေ့ ရုံးတက်စဉ်။
သကြန်အစိုးရ ရုံးပိတ်ရက် ကာလဖြစ်ပေမယ့်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ဒီနေ့ နေ့လည်ပိုင်က အရေးကြီး အစည်းအဝေး တရပ်ကို ခေါ်ယူကျင်းပခဲ့တယ်လို့ သိရပါတယ်။ အသေးစိတ်ကို မသိရသေးပေမဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဒုတိယ ထုတ်ပြန်ချက်ပါ နိုင်ငံရေး အကျဉ်းသားကိစ္စဖြစ်မယ်လို့ ယူဆမှုတွေရှိနေပါတယ်။ ကိုရန်နိုင်က စုံစမ်းမေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မျက်စိခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မျက်စိခွဲစိတ်ကုသမှုကြောင့် အနားယူဖို့ ရှိနေပေမယ့် လည်း ဒီကနေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကြတ်နေ့မှာ နေပြည်တော်မှာ အရေးပေါ် အစည်းအဝေး တရပ် ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရုံးတက်။
ဒီကနေ့ ကျင်းပခဲ့တဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ရုံးတက်တာပေါ့။ အရေးကြီးကိစ္စတွေပေါ့။ အရေးကြီး ညှိနှိုင်းဖို့ အချိန် အတိုင်းအတာ အားဖြင့် အချိန်အတိုင်းအတာအားဖြင့် လုပ်ဖို့ ဆောင်ရွက်ဖို့ ကိစ္စတွေ သက်ဆိုင်ရာတွေနဲ့ ကျနော်တို့ ညှိနှိုင်းတဲ့ အစည်းအဝေး ထိုင်တယ်ပေါ့။ အဲ့တာပါပဲ။ ကျန်တာကတော့ သူ့ အရေးကြီး လုပ်စရာ၊ ဖြတ်စရာ ကိစ္စလေးတွေ ရှိတာလေးတွေ အဲ့တာလေး  decision ပေး ဖြတ်တာမျိုး လုပ်တာရှိပါတယ်။ အစည်းအဝေး တခု လုပ်တယ်။ ဟုတ်ကဲ့။ ကျန်တာကတော့ အသေးစိတ်တော့ ထုတ်ပြန်ဖို့ မရှိပါဘူး။ အစည်းအဝေး တခု လုပ်ပါတယ်။ အရေးကြီးကိစ္စရပ်ပေါ့နော်။ အဲ့တာ လုပ်တယ်။ နောက်တခုကတော့ ကျန်တဲ့ ရုံးကိစ္စ အရေးကြီးကိစ္စတွေ လုပ်တယ်ပေါ့နော်။ ဟုတ်ကဲ့ဗျ။

အရေးကြီးကိစ္စ အဲ့လိုပဲ ပြောလို့ရမယ်ခင်ဗျ။ အဲ့တာတော့ အသေးစိတ်တော့ ကျနော်တို့ ပြောလို့မရဘူးခင်ဗျ။ ဒီနေ့ သူ ၂နာရီ ၄၅မှာ ရုံးတက်တယ်ပေါ့နော်။ ပြီးရင် ခြောက်နာရီ ဆယ်မိနစ် အခုပဲ ရုံးဆင်းတယ်။ ရုံးကနေ ဆင်းသွားတယ်။

အဓိက ကတော့ သူ့မျက်စိနဲ့ပတ်သက်လို့ ပြည်သူလူထု စိတ်ပူပင်မှုတွေ မရှိအောင် အဲ့တာရယ် နောက်  ကျန်တဲ့စာတွေ တချို့ရယ် စာတွေတော့ အများကြီးတော့ မဖတ်ဘူးပေါ့နော် တချို့ ရေးပြီးသား နည်းနည်းပါးပါးတော့ ဖတ်နေတယ်။  "

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဒုတိယမြောက် ကြေညာချက်မှာတော့ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာရေး အတွက် အမြန်ဆုံးဆောင်ရွက်တဲ့နေရာမှာ သင်္ကြန်ကာလ တိုက်နေတာမို့ သက်ြန်အပြီး အချိန်မှီဆောင်ရွက်မယ်လို့ ထုတ်ပြန် ထားပါတယ်။ ဒါကြောင့်လည်း အခု အရေးကြီးတိုင်ပင်ဆွေးနွေးမှုတွေဟာ သင်္ကြန်အပြီးမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်စေဖို့ ဆောင်ရွက် ချက်ဖြစ်နိုင်တယ် လို့ ယူဆမှုတွေ ရှိပါတယ်။

ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)

သင်္ကြန်အထူး ထိုင်းမြန်မာ ချစ်ကြည်ရေး လက်ဝှေ့ပွဲ

သင်္ကြန်အထူး ထိုင်းမြန်မာ ချစ်ကြည်ရေး လက်ဝှေ့ပွဲကို မြန်မာတွေရော ထိုင်းတွေပါ ကြိတ်ကြိတ်တိုး အားပေးခဲ့ကြ
ထိုင်းနိုင်ငံ မဲဆောက်မြို့ ချစ်ကြည်ရေး တံတားထိပ်က မဲ့မေ စီတီမှာ ဧပြီလ ၁၃ရက်နေ့က ကျင်းပတဲ့ သင်္ကြန်အထူး ထိုင်းမြန်မာ ချစ်ကြည်ရေး လက်ဝှေ့ပွဲမှာ ထိုင်းနဲ့ မြန်မာ လက်ဝှေ့ကျော် ၁၀ တွဲ ထိုးသတ်ရာမှာ ၁ ပွဲ သရေ၊ ၅ ပွဲကို ထိုင်းက အလဲထိုး အနိုင်ရခဲ့ပြီး ၄ ပွဲမှာ မြန်မာလက်ဝှေ့သမားတွေက ထိုင်းလက်ဝှေ့သမား တွေကို အလဲထိုး အနိုင်ရခဲ့ပါတယ်။

ပွဲစဉ် ၅မှာ အလဲထိုး ခံလိုက်ရတဲ့ ထိုင်းလက်ဝှေ့ကျော် Seng Deng Yarmoe ဟာ နှစ်တိုင်း ဆိုသလို မြန်မာ လက်ဝှေ့သမားတွေကို ဒိုင်ပွဲရပ်နဲ့ အလဲထိုး အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံထဲက လက်ဝှေ့ပွဲမှာ မြန်မာ လက်ဝှေ့ကျော် ပဲပြားမောင်မောင်ကို ကြိုးဝိုင်းပေါ်မှာ သေအောင်ထိုး အနိုင်ယူခဲ့ပါတယ်။

အခု မနေ့က ပွဲမှာတော့ မြန်မာလက်ဝှေ့ကျော် ဖါးအံ ဆန်းကျော်က သူ့ကို အရုပ်ကြိုးပြတ် အလဲထိုး အနိုင်ယူသွားခဲ့ပါတယ်။

ဒီပွဲစဉ်တွေကို ထိုင်း အမှတ် ၅ ရုပ်မြင်သံကြား လိုင်းကနေ ကမ္ဘာ့နိုင်ငံ ၁၇၇ နိုင်ငံကို တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပါ တယ်။

BBC Burmese

မော်လမြိုင် အလှမယ် မအိဖြိုးသွယ် ၏ ဈာပန ပိန္နဲကုန်းသုသာန်တွင် ပြုလုပ်


ဓာတ်ပုံ- ဇော်ထိုက် ( မော်လမြိုင် အလှမယ် မအိဖြိုးသွယ် နှင့် မိခင်ဖြစ် သူ ဒေါ်သန်းသန်းအေး တို့ ၏ ဈာပန ကို ပိန္နဲကုန်းသုသာန်တွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။
မော်လမြိုင်၊ ၁၃ ဧပြီ

ယဉ်မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့သည့် မော်လမြိုင် အလှမယ် မအိဖြိုးသွယ် နှင့် မိခင်ဖြစ်သူ ဒေါ်သန်းသန်းအေး တို့ ၏ ဈာပန အခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ နေ့လည်က ပိန္နဲကုန်းသုသာန် တွင် ပြုလုပ်ခဲ့ကြောင်း Shade Model အေဂျင်စီမှ ဒေါ်သီတာပြုံးက ဟင်္သာမီဒီယာသို့ ပြောကြားခဲ့သည်။

Miss Universe Myanmar 2015&2016 ပြိုင် ပွဲတွင် မွန်ပြည်နယ် ကိုယ်စားပြု ဝင်ပြိုင်ခဲ့သည့် မအိဖြိုးသွယ်သည် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်(၉၇) အနီးမှာ ဧပြီ ၁၁ ရက်နေ့ မနက် ၈ နာရီခန့်က ရန်ကုန်မှ အင်းလေး သို့ ဘုရားဖူးသွားစဉ် ကားတိမ်မှောက်ကာ အသက်ဆုံး ရှုံးခဲ့ခြင်းဖြစ်သည်။

“အမ တို့က သူကို အများကြီးမျှော်လင့် ထားတယ်၊ သူက အရပ်က လည်း မြင့်တယ်၊ ကိုယ် အချိုးအစားလည်း လှတယ်၊ သူ အခုလို ဆုံးပါးသွားတော့ အများကြီး စိတ်မကောင်းဖြစ်မိတယ်”ဟု ဒေါ်သီတာက ဆိုသည်။

အလှမယ် မအိဖြိုးသွယ် နဲ့ မိခင်ဖြစ်သူဒေါ်သန်းသန်းအေး တို့အတွက် ရက်လည်ဆွမ်းကျွေးအား ဧပြီ ၁၈ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် အမှတ် ၄၃၁၊ သမိန်ဗရမ်းလမ်း မြိုင်သာရပ် မော်လမြိုင်မြို့ တွင် ပြုလုပ်သွား မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယာဉ်မတော်တဆဖြစ်စဉ်က မအိဖြိုးသွယ်နဲ့ မိခင်ဖြစ်သူ ဒေါ်သန်းသန်းအေး တို့ ဆုံးပါးခဲ့ပြီး၊ ၎င်းအဖေ အပါအဝင် ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။

“မအိဖြိုးသွယ် ဆုံးပါးသွားတော့ မွန်ပြည်နယ်က ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့် အချိန်မကျမှီ ပျောက် ကွယ် သွားသလို ခံစားရတယ်၊ အများကြီး လည်း စိတ်မကောင်းဖြစ်မိတယ်” ဟု ၂၀၁၆ Miss Mawlamyine ဆုရှင် ကျိုက်ထိုမြို့နယ်အလှမယ် ဇင်ရတီလင်းက ပြောသည်။

အသက်ဆုံးပါးသွားသည့် မအိဖြိုးသွယ်သည် Miss Universe Myanmar 2015&2016 ပြိုင်ပွဲတွင် Top ၅ ဝင်ခဲ့သူဖြစ်ပြီး၊ ၎င်း၏ အရပ်မှာ ၅ ပေ ၉ လက်မ ရှိသည်။

ဇော်ထိုက်
Hinthar Media Corporation

ဖားကန့် ပြိုကျအိမ်တွေ ကုမ္ပဏီတွေက ပြန်ဆောက်ပေးမယ်


ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအုပ်စု လဂူးချောင်မှော်ရွာမှာ နေအိမ် ၄၀ ကျော် ပြိုကျပျက်စီးတာကို သက်ဆိုင်ရာကျောက်မျက် တူးဖော်ရေးကုမ္ပဏီ ၅ ခုက ပြန်လည်ပြင်ဆင်ဆောက်လုပ်ပေးမှာဖြစ်ကြောင်း ဒီနေ့ သဘောတူလက်မှတ်ရေးထိုးပြီး ကတိပေးလိုက်ပါတယ်။

ကုမ္ပဏီ ၅ခုနဲ့ ဒေသခံတွေအကြား သဘောတူညီမှုရရှိထားတဲ့အချက်တွေကို ကုမ္ပဏီတွေဘက်က လိုက်နာဆောင် ရွက်ပေးမှာဖြစ်ကြောင်း လက်မှတ်ရေးထိုးပေးသွားတယ်လို့ ဒေသခံ ဦးရွှေသိန်းက ပြောပါတယ်။

"လုံးဝပျက်ဆီးသွားတဲ့ အိမ်တွေကို အသစ်ပြန်လည်ဆောက်ပေးဖို့အတွက် ဆုံးဖြတ်ချက်ချတာရှိတယ်၊ လုံးဝပျက်တာ မဟုတ်ဘဲနဲ့ ယိုယွင်းသွားတဲ့အိမ်တွေကိုကျတော့ ကျွမ်းကျင်တဲ့လက်သမား၊ ပန်းရံဆရာတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ပြန်လည်ပြုပြင်သွားမှာဖြစ်ပါတယ်၊ နိမ့်ကျသွားတဲ့မြေကို လမ်းကြောင်းဖော်ပြီးတော့မှ ပုံမှန်ပြန်ဖြစ်အောင် မြေစာဖို့ပြီးဆောင်ရွက်သွားမှာဖြစ်တယ်"

နေကြာရတနာ၊ စိမ်းကမ္ဘာ၊ မြန်မာ့ဂုဏ်ရည်၊ ကျောက်စိမ်းမင်း စတဲ့ ကုမ္ပဏီ ၅ ခုက လဂူးချောင်မှော်ရွာ မှာ ကျောက်မျက်တူးဖော်ပြီး မြေစာစွန့်ပစ်ကြတာဖြစ်ပါတယ်။

အဲ့ဒီမြေစာပုံအနီးမှာ ရွာသားတွေ အခြေချနေထိုင်နေတာ သုံးနှစ်ကျော်ရှိပြီး ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ ဒီနှစ်ဆန်းပိုင်းက စတင်တူးဖော်ရာမှာ အက်ကြောင်းတွေကနေ တဆင့် မြေပြိုမှုတွေဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစပြီး မတ်လအထိ ပြိုကျခဲ့တဲ့ နေအိမ် ၄၈ လုံးရှိပြီး ယိုင်နဲ့လာတဲ့ နေအိမ်တွေလည်း ရှိနေပါတယ်။

ဒေသခံတွေဟာ ဒီလဆန်းပိုင်းကစတင်ပြီး ၁၂ ရက်ကြာဆန္ဒပြတောင်းဆိုခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ၂ ကြိမ် တွေ့ဆုံဆွေးနွေးအပြီးမှာ သဘောတူညီမှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။

လဂူးချောင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ နီးပါးနဲ့ လူဦးရေ ၇၀၀ လောက် နေထိုင်ကြတာဖြစ်ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြန်မာနိုင်ငံအနှံ့ကနေ ရွှေ့ပြောင်းနေထိုင်ကြသူအများစုဟာ စွန့်ပစ်မြေစာပုံတွေအနီးမှာ ရွာတည်ပြီး အခြေချနေထိုင်ကြတာဖြစ်ပါတယ်။

RFA Burmese

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ဘုရား(၂)ဆူ စိန်ဖူးတော်မြေခ

ယနေ့ ၁၃-၄-၂၀၁၆ ည ၈ နာရီ ၂၀ မိနစ် လှုပ်ခတ်သွားသော ငလျင်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်မြို့နယ်မြရိပ်ရွာ၊ မြရိပ်တောင်ပေါ်ကျောင်းတိုက် တွင် တည်ထားကိုးကွယ်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်ရှိ စေတီ ရှေးဟောင်းကျောက်ထီးတော် မြေခ ခဲ့ရကြောင်း သိရသည်။ ဓါတ်ပုံ - Kyaw Nanda Ko (facebook)

မုံရွာ ဧပြီ ၁၃

ကလေးမြို့၏ အရှေ့ဖက် (၄၂)မိုင်အကွာ မန္တလေးမြို့၏ အနောက်မြောက်ဘက် (၁၁၂)မိုင်ခန့်ကို ဗဟိုပြုပြီး အင်အား ရစ်ချတ် စကေး(၆.၈) အဆင့်ရှိ မြေငလျင် တစ်ခု ဧပြီလ(၁၃)ရက် ည(၈)နာရီ (၂၅)မိနစ်ခန့်က လှုပ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယင်းမာပင် ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ ၀ါးတန်းကျေးရွာ သတ္တမဗောဓိ ဆုတောင်းပြည့်စေတီတော် စိန်ဖူးတော် မြေခခြင်းဖြစ်ပေါ်ခဲ့ပြီး အလားတူ မုံရွာခရိုင် ချောင်းဦးမြို့နယ် တောကျောင်းကြီးကျေးရွာ ရွှေဂူကြီး ဘုရားဝန်းအတွင်းရှိ အရန်စေတီ(၃)ဆူအနက် ဥာဏ်တော်အမြင့် (၄၂)တောင်ရှိ အရှေ့စေတီ စိန်ဖူးတော် မြေခခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများ ရှိပါက အချိန်နှင့် တစ်ပြေးညီ ဆက်လက် တင်ပြမည်ဖြစ်ကြောင်း ကနဦး သတင်း ရရှိသည်။

(တိုင်းဒေသကြီးပြန်/ဆက်)
MOI Webportal Myanmar

မြန်မာနိုင်ငံ၌ ငလျင်လှုပ် ငလျင်ငယ်များ ဆက်လှုပ်နိုင်


ရေစကြိုမြို့ ရွှေတန် ဆာဘုရား
ရန်ကုန် ဧပြီ ၁၃

မြန်မာနိုင်ငံကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ၏ အဖျားခတ်မှုကို ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ခံစားခဲ့ရကြောင်း သိရသည်။

ငလျင်သည် ပြင်းအားရစ်ခ်ျတာစကေး ၆ ဒသမ ၉ အဆင့်ရှိသဖြင့် အင်အားပြင်းငလျင်အဖြစ် သတ် မှတ်ထားကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

''ငလျင်ကြီးလှုပ်ရတာက အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက် မှာ လှုပ်သွားသလို ဖြစ်စဉ်တစ်ခုပါ။ မြေထုချပ်တွေ ရင်ဆိုင်တွန်းတိုက်ရာကနေ အခုလို ငလျင်ပြင်းပြင်း တွေ လှုပ်ခတ်ရပါတယ်။ ဖြစ်နိုင်တာက ငလျင်ကြီးပြီးရင် နောက်ဆက်တွဲတွေ လာတတ်တယ်။ အထူးသဖြင့်တော့ ပြတ်ရွေ့ ဇုန်တစ်ဝိုက်မှာ အဖြစ်များပြီး အင်အားအတော်အသင့် ငလျင်တွေ လည်း ပါလာတတ်လို့ သတိထားကြ ဖို့လိုပါတယ်''ဟု မြန်မာနိုင်ငံ မြေ ငလျင်ကော်မတီမှ ဒေါက်တာ ကျော်ထွန်းက ပြောကြားသည်။
ငလျင်ကြောင့် ပျက်စီးမှု ဓာတ်ပုံများ။ MOI


အဆိုပါ ငလျင်၏နောက်ဆက် တွဲအဖြစ် မြန်မာနိုင်ငံ အနောက် ပိုင်း ဒေသတစ်လျှောက် သတိထား စောင့်ကြည့်ရမည်ဖြစ်ပြီး အထူး သဖြင့် ကဘော်ပြတ်ရွေ့နှင့် စပ်ဆက် နေခြင်းကြောင့် မော်လိုက်မြို့ အပါ အဝင် ပတ်ဝန်းကျင်မြို့များ၌ စောင့်ကြည့်ရမည့် အခြေအနေရှိ ကြောင်း တာတမံများ၏ ကြံ့ခိုင်မှုကို လာမည့်မိုးရာသီမတိုင်မီ စစ်ဆေး ထားရန်လိုကြောင်း ငလျင်ပညာရှင် တစ်ဦးက အကြံပြုသည်။

ငလျင်ဒဏ်ကြောင့် ငလျင်ဗဟို ချက်မနှင့် နီးစပ်သည့် ကျေးရွာများ ကိုလည်း အခြေအနေကြည့်ရှုကြ ရန် ငလျင်ကော်မတီ၏ ဝက်ဘ်ဆိုက် မှတစ်ဆင့် အသိပေးထားသည်။

ငလျင်ဒဏ်ကြောင့် ဆားလင်း ကြီးမြို့နယ် ဝါးတန်းကျေးရွာ သတ္တမ ဗောဓိစေတီ စိန်ဖူးတော်မြေခခဲ့ရပြီး ချောင်းဦးမြို့နယ် တောကျောင်းကြီး ကျေးရွာ ရွှေဂူကြီးဘုရား အရံစေတီ စိန်ဖူးလည်း မြေခခဲ့ရကြောင်းသိရ သည်။ ထို့ပြင် ရေစကြိုမြို့ ရွှေတန် ဆာဘုရား ကွဲအက်ခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး ယင်းမာပင်မြို့ မြရိပ် တောင်ပေါ်ကျောင်းတိုက်အတွင်း နှစ် ၁၅ဝ သက်တမ်းရှိစေတီရှေးဟောင်း ကျောက်ထီးတော် မြေခခဲ့သည်။ မော်လိုက်၊ ကလေးနှင့် တမူးမြို့များ မှ ဒေသခံအချို့ ငလျင်ဒဏ်ကြောင့် မူးဝေ အော့အန်ခြင်းများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အမေရိကန်အခြေစိုက် ဘူမိ ဗေဒတိုင်းတာရေးစခန်း (USGS) မှ အင်အား ရစ်ခ်ျစတာစကေး ၇ ဒသမ ဝ ပြင်းအားရှိ ငလျင်တစ်ခု မြန်မာ နိုင်ငံ အနောက်မြောက်ဘက်ပိုင်း၌ ဧပြီ ၁၃ ရက်က လှုပ်ခတ်သွားခဲ့ ကြောင်း၊ မုံရွာမြို့၏ မြောက်- အ နောက် မြောက်ဘက် ကီလိုမီတာ ၁ဝဝ အကွာ (၆၂မိုင်ခန့်)တွင် လှုပ် ခတ်သွားခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းတစ်ရပ်၌ ဖော်ပြထားသည်။

ငလျင်လှုပ်ခတ်မှုအရှိန်မှာ မြေ အောက်အနက် ကီလိုမီတာ ၁၃၅ အထိ ရိုက်ခတ်မှုရှိသည်။ ဒေသ စံတော်ချိန် ည ၉ နာရီ ၅၅ မိနစ် ခန့်က အိန္ဒိယနှင့် မြန်မာနယ်စပ် ဒေသ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား၌ အဆောက်အအုံများ တုန်ခါမှုဖြစ်ပွား ခဲ့ပြီး အိန္ဒိယအရှေ့ပိုင်းမြို့တော် ဂူဝါဟာတီ၌လည်း ပြင်းထန်စွာတုန်ခါ မှုများ ဖြစ်ပွားခဲ့ကြောင်း ရိုက်တာ သတင်းထောက်များကပြောသည်။

ထို့အတူ ည ၈ နာရီ ၂၅ မိနစ် ၁၈ စက္ကန့်တွင် မန္တလေးမြေငလျင် စခန်းမှ အနောက်မြောက်ဘက် ၁၁၂ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(ကလေးမြို့၏ အရှေ့- အရှေ့တောင်ဘက် ၄၂ မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့် ရှိ အင်အားပြင်းထန်သော မြေ ငလျင်တစ်ခု လှုပ်သွားကြောင်း၊ အဆိုပါ ငလျင်လှုပ်ခတ်မှုအရှိန်ကို မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ညောင်ဦး၊ ရန်ကုန်၊ ကျောက်ဖြူ၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါးမြို့တို့၌လည်း သတိပြုမိ ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

ခင်ရတနာ
Myanmaalinn

မြန်မာနိုင်ငံမှာ အင်အား ၆ဒသမ၈ရှိ ငလျင်လှုပ်


 စစ်ကိုင်းတိုင်းအတွင်းငလျင်လှုပ်
မြန်မာနိုင်ငံမှာ ဧပြီလ ၁၃ရက် ည၈နာရီ ၂၅မိနစ်က စစ်ကိုင်းတိုင်း ကလေးမြို့တောင်ဘက် ၄၂မိုင်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ပြင်းအားရှိ ငလျင်တခု လှုပ်သွားကြောင်း မိုးလေဝသနဲ့ဇ လဗေဒဉီးစီး ဌာနသတင်းတွေအရ သိရပါတယ်။ အမေရိကန် ဘူမိဗေဒ ဌာနကတော့ ပြင်းအား ၆ဒသမ၉ ရှိတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ အာသံနဲ့ အနောက် ဘင်္ဂလားပြည်နယ် တွေမှာလည်း ငလျင်လှုပ်တဲ့ဒဏ်ကို ခံရပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒက္ကာမြို့နဲ့ အိန္ဒိယနိုင်ငံ ကာလကတားမြို့တွေမှာ လူနေအထပ်မြင့် အဆောက်အအုံ တွေကနေ လူတွေ အထိတ်လန့် ထွက်ပြေးကြပါတယ်။

ကလေးမြို့မှာ ပျက်စီးမှု တချို့ရှိတယ်လို့ ကနဉီးသတင်းတွေထွက်ပေါ်နေပြီး အသေးစိတ် စာရင်းတွေ ဆက်လက် ထွက်ပေါ်လာ ဆဲဖြစ်ပါတယ်။

BBC Burmese

လက်ပံတောင်း ကြေးနီစီမံကိန်းစက်ရုံ အက်ဆစ်နံ့ ရွာသားတွေကန့်ကွက်



လက်ပံတောင်းဒေသက စပယ်တောင်ကြေးနီစီမံကိန်း လုပ်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ မိုးကြိုး ဆာလဖျူရစ် အက်ဆစ်စက်ရုံက ဓာတ်ငွေ့ ယိုစိမ့်ပေါက်ထွက်မှုတွေကြောင့် အက်ဆစ်နံ့တွေ ဆိုးရွားမှုကို မခံနိုင်တဲ့ ကံကုန်းရွာသား ၅၀၀ ကျော်ဟာ စက်ရုံပိတ်ပေးဖို့  အင်္ဂါနေ့ညက သွားရောက် တောင်းဆိုခဲ့ပါတယ်။ အသေးစိတ်ကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက စပယ်တောင်မှာ ကြေးနီထုတ်လုပ်နေတဲ့ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ အက်ဆစ်စက်ရုံက ဓာတ်ငွေ့တွေ ယိုစိမ့်မှုတွေကြောင့် အသက်ရှူမ၀ ဖြစ်လာတဲ့အပေါ်မှာ ကံကုန်းကျေးရွာသားတွေက သွားရောက် ကန့်ကွက်ခဲ့တာပါ။ အစပိုင်းမှာ ကျေးရွာသားတွေရဲ့ ကန့်ကွက်မှုကို စက်ရုံဘက်က လက်ခံ ဖြေရှင်း တုံ့ပြန်မှုမရှိပေမဲ့ ရွာသားအင်အား ၅၀၀ ကျော် တောင်းဆိုတဲ့အခါမှာတော့ ဖြေရှင်းပေးဖို့ လက်ခံခဲ့တယ်လို့ ကံကုန်းရွာက ရွာသားတဦးက အခုလို ရှင်းပြပါတယ်။
“အာခေါင်တွေ ယားယံတယ်။ နှာခေါင်းတွေ ယားယံတယ်။ နှာတွေမွှန်တယ်။ နောက် မျက်စိတွေစပ်တယ်။ အသက်ရှူမ၀တာတွေ ကျနော်တို့ရွာသားတွေမှာ အဲ့ဒီပုံစံမျိုးတွေ အများကြီးဖြစ်တယ်။ ခဏခဏ ဒီလိုမျိုးဖြစ်နေတယ်ဆိုတဲ့ ဥစ္စာကို ကျနော်တို့သွားပြီးတော့ ပြောဆိုတာပေါ့ဗျာ။ ပထမတော့ဗျာ ရွာသား ၄-၅၀ လောက်နဲ့ အက်ဆစ်ကန်ရှေ့ကို သွားပြီးတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ တောင်းဆိုနေတဲ့အချိန်မှာ တစုံတယောက် တာဝန်ရှိသူ ဘယ်သူကမှ ဖြေရှင်းမပေးဘဲနဲ့ အချိန် ၂ နာရီကျော် ကြာသွားတဲ့အချိန်မှာ ရွာသားတွေက တဖြေးဖြေးများလာပြီးတော့ ၅၀၀ ၀န်းကျင်အထက်မှာ ရှိခဲ့တယ်ပေါ့ဗျာ။ ကျနော်တို့က ဒီအနံ့နဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ဆိုပြီးတော့ ကျနော်တို့က ဒါတွေကို ပြေပြေလည်လည် ပြောခဲ့တာလေ။ သူတို့ မဖြေရှင်းပေးလို့သာ ဒီလိုမျိုး အင်အားတွေ များလာတဲ့ အနေအထားတခု ရောက်သွားတာ။”
ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပါအ၀င် ရွာသားအများအပြား တောင်းဆိုတဲ့အခါမှာတော့ စက်ရုံဘက်က ဖြေရှင်းပေးမယ်ဆိုတဲ့အကြောင်း အခုလို တုံ့ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။
“ပေါက်သွားလို့ပေါ့။ ပေါက်သွားလို့ ဒီလိုမျိုးဖြစ်သွားတယ်ဆိုတာကို သူတို့ဝန်ခံတယ်။ နံလွန်းလို့ ရွာသူရွာသားတွေ ဒီနေရာကို ရောက်လာတယ်ဆိုတဲ့ဥစ္စာကိုလည်း သူတို့ ၀န်ခံတယ်ဆိုတာ သိရတယ်။ သူတို့စက်ရုံတွေကိုလည်း ပြင်ဆင်မှုတွေ လုပ်ဆောင်ပါ့မယ်။ သင်္ကြန်တွင်းမှာ စက်မလည်ရဘူးဆိုတာကို သူတို့ဝန်ခံတယ်။ နောက် ရွာသားတွေက ဘာကို တောင်းဆိုသလဲဆိုရင် ဒီနေ့ဒီရက်ဒီအချိန်မှာ ဒီစက်ရုံကို ရွာသားတွေအနေနဲ့ လာခဲ့တဲ့အကြောင်းရင်းက အနံ့နံလွန်းလို့ လာခဲ့တယ်ဆိုတဲ့ဥစ္စာကို တရားဝင် စာထွက်ပေးပါဆိုပြီး တောင်းဆိုခဲ့တာကိုလည်း သူတို့က စာ ပြန်ပေးပါ့မယ်ဆိုပြီး အဲ့လိုပုံစံမျိုးနဲ့ ဖြေရှင်းလို့ရခဲ့တယ်ပေါ့။”
အက်ဆစ်စက်ရုံ စတည်ထောင်ကတည်းက အကြိမ်ပေါင်းများစွာ ရွာသားတွေက ကန့်ကွက်မှုတွေ လုပ်ခဲ့ရကြောင်း အဲဒီအက်ဆစ်အနံ့တွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေ လည်ချောင်းကင်ဆာ အပါအ၀င် တခြား အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေနဲ့ သေဆုံးခဲ့မှုတွေအတွက် ရွာသားတွေက အက်ဆစ်စက်ရုံအပေါ်မှာ သံသယရှိနေကြတာပါ။ ဒီလိုအဖြစ်တွေကြောင့် အကြိမ်ပေါင်း ၁၀ ကြိမ်မနည်း သွားရောက် ကန့်ကွက်ခဲ့ရတယ်လို့လည်း ဒေသခံက ဆက်ပြောပြပါတယ်။
“ပြီးခဲ့တဲ့ ၂ လလောက်အကြာမှာပဲ ဒီစက်ရုံဝင်းထဲမှာရှိတဲ့ ၉ တန်းကျောင်းသားတယောက်က လည်ချောင်းကင်ဆာရောဂါနဲ့ အသက်ရှူလမ်းကြောင်းမှာ ကင်ဆာနဲ့ သေသွားတာ ကျနော်တို့မှာ ရှိခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့မှာ တခု ဘာရှိသလဲဆိုတော့ ဒီအကြောင်းကြောင့်ဖြစ်တယ်ဆိုတာကို တိတိကျကျ မပြောနိုင်သော်ငြားလည်း ဒီစက်ရုံကြောင့်ဖြစ်နေရတယ်ဆိုတဲ့ ကျနော်တို့စိတ်ထဲမှာ သံသယစိတ်တွေ အရမ်း ကြီးထွားနေရတယ်။ ပြောမယ်ဆိုရင်တော့ ၂၀၀၆-၂၀၀၇ သူတို့စက်ရုံတည်ပြီးနောက်ပိုင်းမှာ ဒီလိုမျိုး အကြိမ်ကြိမ်အခါခါတွေ ကျနော်တို့ ဖြစ်ခဲ့တယ်။ အခုအချိန်ထိ ဖြေရှင်းပေးတာတွေ မရှိဘူး။ နောက်နှစ်မှာလည်း ဒီလိုမျိုး ကျနော်တို့ အက်ဆစ်ငွေ့က ဘယ်လိုသုံးသလဲဗျာ။ ရာသီဥတုပြောင်းလဲတဲ့ အချိန်အခါမျိုးမှာ ဒီအက်ဆစ်ငွေ့တွေကြောင့် စိုက်ခင်းတွေ ပျက်စီးခဲ့တယ်။ ဒါကို ကျနော်တို့ သွားရောက်ပြောဆိုကြတဲ့အချိန်မှာ စက်ရုံက ကျနော်တို့ကို ဖြေရှင်းမှုမပေးခဲ့ဘူး။ ဒီလိုမျိုးနံတာကတော့ အကြိမ်ပေါင်း မနည်းတော့ဘူး။ ရွာသားတွေကိုယ်တိုင်ကလည်း ဒီလိုနံလို့သွားပြောတဲ့အချိန်မှာ တချို့ဟာတွေက ပိုက်ပေါက်လို့နံတယ်။ အဲဒီမှာ ရပ်ပေးတာလိုမျိုးရှိခဲ့တယ်။ တချို့ဟာတွေက လုံးဝကို ဖြေရှင်းမပေးဘဲနဲ့ လျစ်လျူရှုခံခဲ့ရတဲ့ဟာမျိုးတွေလည်း ကျနော်တို့ ရှိခဲ့တယ်ဗျ။”
သဘာဝပတ်ဝန်ကျင်း လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့တွေကလည်း ဒီကိစ္စအပေါ်မှာ ဝေဖန်မှုတွေရှိနေပေမဲ့ အက်ဆစ်စက်ရုံ လည်ပတ်မှုတွေကတော့ ရပ်နားသွားခြင်း မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ အခုအခါမှာတော့ အက်စစ်ငွေ့တွေ ယိုစိမ့်မှုတွေဟာ လေတို်က်တဲ့အခါတိုင်း ကျေးရွာသားတွေ အသက်ရှူမ၀ ဖြစ်တာဟာ အခုအခါမှာ အဆိုးဆုံးအခြေအနေကို ရောက်ရှိခဲ့ရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
VOA

Wednesday, April 13, 2016

မြို့ကြီး ၈ ခု စံချိန်တင် ပူပြင်းခဲ့



သင်္ကြန်ပွဲစတင်လိုက်တဲ့ ဧပြီ ၁၂ ရက်၊ အကြိုနေ့မှာပဲ မြန်မာပြည်တ၀န်းရှိ မြို့ကြီး ၈ ခုမှာ စံချိန်တင် ပူပြင်းခဲ့တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။
မကွေးတိုင်း၊ ချောက်မြို့မှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အပူချိန် ၄၆.၂ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အပူချိန် ၄၃.၈၊ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ နှစ်ပေါင်း ၂၀ လောက်အတွင်း ၄၃.၈၊ မန္တလေးတိုင်း ရမည်းသင်းမြို့မှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ၄၃.၆၊ မိတ္ထီလာမှာ နှစ်ပေါင်း ၆၀ အတွင်း ၄၃.၅၊ ကျောက်ဆည်မှာ ၁၇ နှစ်အတွင်း ၄၃.၂၊ မိုးကုတ်မှာ ၃၄ နှစ်အတွင်း ၃၅.၄ နဲ့ ရှမ်းပြည်နယ်၊ ဟဲဟိုးမှာ ၃၇ နှစ်အတွင်း ၃၆.၈ ဒီဂရီစင်တီဂရိတ် အသီးသီး စံချိန်တင်ပူပြင်းခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ရဲ့ အကျိုးဆက်ကြောင့် မြန်မာပြည်တ၀န်း အပူချိန်မြင့်မားနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ သောက်သုံးရေရှားပါးခြင်း၊ ကျန်းမာရေး ထိခိုက်ခြင်းတို့ ဖြစ်ပွားနိုင်လို့ သတိပြုနေထိုင်ကြဖို့ မိုးလေ၀သဌာနက သတိပေး နှိုးဆော်ထားပါတယ်။
DVB

Tuesday, April 12, 2016

ရဝမ်ဒါရှိ အကြီးဆုံး အကျဉ်းထောင်အား ပြတိုက်အဖြစ် ပြောင်းလဲ ပြသမည်


ရဝမ်ဒါရှိ အကြီးဆုံး အကျဉ်းထောင်ဖြစ်သည့် ခီဂါးလီ ဗဟို အကျဉ်းထောင် အားတွေ့ရစဉ်-(ဓါတ်ပုံ-အင်တာနက်)
    ခီဂါးလီ၊ဧပြီ၁၂ရက်(ဆင်ဟွာ)

    ရဝမ်ဒါနိုင်ငံရှိ အကြီးဆုံး နှင့်သက်တမ်းအကြာဆုံးဖြစ်သော လုံခြုံရေးအတင်းကျပ်ဆုံးဖြစ်ပြီး ၁၉၃၀ အကျဉ်းထောင် ဟု လူသိများသည့် ခီဂါးလီ ဗဟို အကျဉ်းထောင် အား သမိုင်းဝင် ပြတိုက်တစ်ခု အဖြစ် ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကျဉ်းထောင်း၌ နိုင်ငံတွင်းရှိ နာမည်ကြီး အကျဉ်းသား အများစုကို ထိန်းသိမ်းထားပြီး ၂၀၁၆ခုနှစ် ဇွန်လ တွင် ပြတိုက်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ခီဂါးလီ မြို့အာဏာပိုင်များက ပြောကြားခဲ့သည်။

ခီဂါးလီ မြို့တော်ဝန် Monique Mukaruriza က ယင်း အကျဉ်းထောင်ရှိ အကျဉ်းသားများအား Nyarugenge ဒေသတွင် အသစ်ဆောက်လုပ်ထားသည့် Butamwa အကျဉ်းထောင် သို့ ရွှေ့ပြောင်းပေးသွားမည်ဖြစ်ပြီး ပြတိုက်အဖြစ်ပြောင်းလဲထားသည့် ခီဂါးလီ ဗဟို အကျဉ်းထောင် မှတစ်ဆင့်  ပြည်တွင်း၊ပြည်ပ ခရီးသွားများ သည် ရဝမ်ဒါနိုင်ငံ အကြောင်းကို ပိုမိုလေ့လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက အဆိုပါ အကျဉ်းထောင် အား အထွေထွေပြတိုက်တစ်ခုအနေဖြင့်သာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အကျဉ်းထောင် သမိုင်း ပြတိုက်အဖြစ် ပြသသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ခီဂါးလီ ဗဟို အကျဉ်းထောင် သည် ပြတိုက်ဖြစ်လာပါက ရဝမ်ဒါနိုင်ငံ၏ ကိုးခုမြောက် ပြတိုက်ဖြစ်လာမည် ဖြစ်သည်။

ရဝမ်ဒါနိုင်ငံအတွင်းရှိ ရှားပါးသည့် တောင်တန်းနေ ဂေါ်ရီလာ လူဝံများ၊ သမိုင်းဝင် ပြတိုက်များ၊ လှပသည့် ကြိုးတံတားလျှောက်လမ်းများ စသည့် အထင်ကရ ဆွဲဆောင်မှုများကြောင့် ရဝမ်ဒါနိုင်ငံ၏ ခရီးသွားလုပ်ငန်း သည် ထိပ်ဆုံးသို့ ဆက်လက် တိုးတက်လျက်ရှိကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းသည် ရဝမ်ဒါနိုင်ငံ ၏ အကြီးမားဆုံး နိုင်ငံခြားဝင်ငွေရရှိသည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။

(Xinhua)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရဲစခန်းရှေ့ဆန္ဒပြလူအုပ်ပေါ်သို့ ဓါတ်ကြိုးပြုတ်ကျမှုကြောင့် ၁၁ဦးသေဆုံး


အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Assam ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုတစ်ခုအားတွေ့ရစဉ်-(ဓါတ်ပုံ-အင်တာနက်)
    နယူးဒေလီ၊ဧပြီ၁၂ရက်(ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Assam ပြည်နယ်တွင် ဧပြီလ၁၁ရက်က  ရဲသားတစ်ဦးပစ်လိုက်သည့် ကျည်ဆံ ကြောင့် ရဲစခန်း ရှေ့တွင် ဆန္ဒပြသူများ ပေါ်သို့ ဓါတ်ကြိုးပျက်ကျခဲ့ရာ အနည်းဆုံး ၁၁ဦးသေဆုံးခဲ့ပြီး ၂၀ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်တွင်မီဒီယာများကဖော်ပြခဲ့သည်။

ယင်းမတော်တဆဖြစ်ရပ်သည် Tinsukia ဒေသ ရဲစခန်းအတွင်း လူသတ်မှု သံသယရှိသူအဖြစ် ဖမ်းဆီးထားသည့် လူငါးဦး အား ပြန်လည်လွှတ်ပေးရန် အတွက် ဓားများ၊ တုတ်များကိုင်ဆောင်ထားသည့် ဆန္ဒပြသူများက ရဲစခန်းအား ကျောက်ခဲများဖြင့် ပစ်ခတ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Trust of India သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

ဆူပူဆန္ဒပြနေသည့် လူထုအား လူစုကွဲစေရန် အတွက် ရဲတပ်ဖွဲ့က သေနတ်အား မိုးပေါ်ထောင်၍ ပစ်ခတ်လိုက်စဉ် ကျည်ဆံသည် ဓါတ်ကြိုးအား ထိမှန်ခဲ့ကာ ဆန္ဒပြနေသူများအပေါ် ပျက်ကျခဲ့ပြီး အနည်းဆုံး ၁၁ဦး ချက်ချင်း သေဆုံးခဲ့ကြောင်း သိရသည်။

Assam ပြည်နယ်သည် အိန္ဒိယနိုင်ငံရှိ အဆင်းရဲဆုံးပြည်နယ်များအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

(Xinhua)

ခြိမ့်ခြိမ့်သဲနွှဲပျော် နေပြည်တော် သင်္ကြန်ပွဲတော်


နေပြည်တော် ဧပြီ ၁၂

နေပြည်တော် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် အကြိုနေ့ သင်္ကြန် ရေကစားမဏ္ဍပ်များ ဖွင့်ပွဲကို ပြည်သူ့အချစ်တော် သရုပ်ဆောင်များ၊ အဆိုတော်များ၊ အနုပညာရှင်များ၊ ယိမ်းအကအဖွဲ့များ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ခေတ်ပေါ် အကအဖွဲ့များ၏ မြူးထူးတက်ကြွသည့် ဖျော်ဖြေတင်ဆက်မှုများဖြင့် ယနေ့နံနက်ပိုင်း မှစ၍ ခြိမ့်ခြိမ့်သဲသဲကျင်းပလျက်ရှိသည်။


နေပြည်တော် ဟိုတယ်ဇုန်ရှိ ရွှေသံလွင်မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်း အနားကို ယနေ့ညနေ ၄ နာရီတွင် အဆိုပါမဏ္ဍပ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့ တက်ရောက် အားပေးကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရွှေသံလွင်ကုမ္ပဏီ နာယက ဒေါ်နီနီ၊ ဂျပန်နိုင်ငံ NHK ကော်ပိုရေးရှင်း အကြီးတန်းတွဲဖက်ညွှန်ကြားရေးမှူး မစ္စတာ ဟီရိုရှီ ယာမာမိုတိုနှင့် ဂျပန်နိုင်ငံ ဆီကွန်ကုမ္ပဏီ ဦးဆောင်ညွန်ကြားရေးမှူး မစ္စတာ တာကာဟာရှီတို့က ရွှေသံလွင်ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။


ရွှေသံလွင်မိသားစုရေးကစားမဏ္ဍပ်တွင် နိုင်ငံကျော် သရုပ်ဆောင်နှင့် အဆိုတော် များဖြစ်ကြသည့် လူမင်း၊ ဇော်ပိုင်၊ သူထူးစံ၊ မုန်းအောင်၊ ဘိုဖြူ၊ စိုင်းအောင်ထီးခမ်း၊ ဘရိတ်ကီ၊ ရိန်မိုး၊ ရိုတ၊ ကီးချိန်း၊ ကောင်းကောင်း၊ ပိုင်ကြီး၊ ဒီမို၊ သီဟနှင့်အဖွဲ့၊ ရွှေသင်္ကြန်အဖွဲ့၊ သန်းမြတ်စိုး၊ ရန်ပိုင်စိုး၊ ချိုပြုံး၊ မေဆွိ၊ စိုးပြည့်သဇင်၊ မိုးယုစံ၊ ဆုန်သင်းပါရ်၊ အိုင်းရစ် ဇင်မာမြင့်၊ နှင်းဝတ်ရည်တို့နှင့်အတူ ယဉ်ကျေးမှုအဖွဲ့မှ သင်္ကြန်တေးသံသာများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသဖြင့် သင်္ကြန်ချစ်သူ များ အကြိုက်တွေ့သဖြင့် အထူးစည်ကား လျက်ရှိသည်။
ထို့ပြင် ရွှေသံလွင်မိသားစုက နေပြည်တော်သင်္ကြန်ပါဝင် ဆင်နွှဲကြသူများနှင့် ပြည်သူများအား စတုဓိသာ ကျွေးမွေးလှူဒါန်းလျက်ရှိသည်။


နံနက် ၉နာရီကလည်း နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန်ရှိ ဟိုတယ်အေစီအီး မိသားစုရေကစား မဏ္ဍပ်ကို တာဝန်ရှိသူများက အစီအစဉ်အတိုင်း ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူ့အချစ်တော် သရုပ်ဆောင်များ၊ အဆိုတော်များ၊ ယိမ်းအက အဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ခေတ်ပေါ်အကအဖွဲ့များ၏ မြူးကြွသည့် သင်္ကြန်တေးသံသာ၊ အကအလှများဖြင့် အားပါးတစ်ရ ဖျော်ဖြေတင်ဆက်မှုများကြောင့် နေပြည်တော် သင်္ကြန်ပွဲတော် ပါဝင်နွှဲပျော်ကြသူများ အထူးစည်ကားများပြားလျက်ရှိ သည်။

အေစီအီးမိသားစုရေကစားပဏ္ဍပ်တွင် နိုင်ငံကျော် သရုပ်ဆောင်များနှင့် အဆို တော်များဖြစ်ကြသည့် နော်နော်၊ ထူးအယ်လင်း၊ L လွန်းဝါ၊ ဟက်ကတ်၊ ဒိန်းဒေါင်နှင့် အဖွဲ့၊ ခင်လှိုင်နှင့်အဖွဲ့၊ မင်းမော်ကွန်း၊ ပူစူး၊ တင်မောင် ဆန်းမင်းဝင်း၊ ဒိုရေမီ၊ ထွန်းထွန်း(EXALPLE)၊ အာဒဲ၊ ကျော်ကျော်ဗိုလ်၊ Snare၊ မေမြင့်မိုရ်၊ ခင်ဝင့်ဝါ၊ ဆောင်း အိနြေ္ဒထွန်း၊ စိုးထက်၊ အိန္ဒြာမိုး၊ အောင်ဖြိုး၊ ညလင်းထယ်၊ ဆူးလေး၊ ဟန်ဂေရီ၊ နီတာ၊ ဂရေ့စ်၊ နှင်းဝတ်ရည်၊ လီလီမြင့်၊ စူးစူး၊ ဆာဟာ၊ အိမွန်မွန်စိုးတို့က အလှည့်ကျသီဆို ဖျော်ဖြေခဲ့ကြသည်။

နေပြည်တော်စည်ပင်သာယာရေးမိသားစုရေကစားမဏ္ဍပ်နှင့် ရပ်ကွက်များ အတွင်းရှိ မိသားစုရေကစား မဏ္ဍပ်ငယ်များတွင်လည်း စည်းကားစွာ ရေပက်ကစား လျက်ရှိသည်။

MOI Webportal Myanmar

အာဖဂန်တွင် ရဲသင်တန်းသားသစ်များ စီးလာသည့်ကား ဗုံးခွဲတိုက်ခိုက်ခံရ၊ ၁၂ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ ရဲသင်တန်းသားသစ်တွေ စီးလာတဲ့ ဘတ်စ်ကား ဧပြီ ၁၁ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတပ်သားသစ် ၁၂ ဦး  သေဆုံးသွားပါတယ်။
နိုင်ငံအရှေ့ပိုင်းက နန်ဂါနာပြည်နယ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ရဲတပ်သားသစ်တွေ ကဘူးလ်မြို့တော်မှာရှိတဲ့ ရဲသင်တန်းကျောင်းကို သွားရောက်နေချိန် လမ်းခရီးမှာ တိုက်ခိုက်ခံရတာပါ။
မော်တော်ဆိုင်ကယ်ထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ပြီး အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲခဲ့တာလို့ ဒေသခံ လုံခြုံရေးအာဏာပိုင်တွေက ပြောဆိုပြီး တခြားသတင်းတွေမှာတော့ အသေခံဗုံးခွဲသူတဦးက ဖောက်ခွဲရေးဆိုင်ကယ်နဲ့ ရဲဘတ်စ်ကားကို ၀င်တိုက်ခဲ့တာလို့လည်း ပြောပါတယ်။
တာလီဘန် အစွန်းရောက်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ရဲ့လက်ချက်လို့ တာဝန်ခံ ကြေညာထားကြောင်း ရိုက်တာသတင်းတရပ်က ဆိုပါတယ်။
DVB

Monday, April 11, 2016

NLD အစိုးရသစ်ကို ဂျပန်အစိုးရမှ အကြီးစား ကူညီထောက်ပံ့မှု ပေးရန် စီစဉ်နေ၊ ODA အစီအစဉ်ဖြင့် ဒေါ်လာ သန်း ၉၀၀ ကျော် ကူညီမည်


------- ----- ---- ---
မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံနှင့် မြို့ပြစီမံကိန်း ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံက ယန်းဘီလီယံ ၁၀၀ ကျော် (ဒေါ်လာသန်း ၉၀၀) ခန့်အထိ ကြီးကြီးမားမား ကူညီထောက်ပံ့မှုပေးရန် ညှိနှိုင်းသုံးသပ်လျက်၇ှိသည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်များက ဆိုသည်။
ဧပြီလတွင် စတင်တာဝန်ယူမည့် NLD အစိုးရသစ် လက်ထက်တွင် အဓိက ပြုပြင်ပြောင်းလဲမှုများအတွက် အထောက်အပံ့ဖြစ်စေရန် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု တရားဝင် အထောက်အပံ့ (ODA) အစီအစဉ်ဖြင့် ကူညီထောက်ပံ့ရန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရက စီစဉ်နေသည်ဟု ယနေ့ ဂျပန်တိုမ်းသတင်းစာက ဖော်ပြထားသည်။
ဂျပန်အစိုးရသည် အကူအညီ အစီအစဉ် အသေးစိတ်အား ဇွန်လတွင် NLD အစိုးရသစ်နှင့် ဆွေးနွေးညှိနှိုင်းရန် လိုလားလျက်ရှိပြီး ထိရောက်သည့် ကူညီထောက်ပံ့မှု အစီအစဉ်များကို အခြားနိုင်ငံများထက် ဦးစွာ ချမှတ်လိုနေသည်ဟု ဆိုသည်။
ဂျပန်ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဟီရိုတိုအီဇူမိက ဖေဖော်ဝါရီလအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ လာရောက်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အကူအညီ တောင်းခံခဲ့သဖြင့် ထိုသို့ကူညီရန် စီစဉ်နေခြင်းဖြစ်သည်။ ဂျပန်၏ ODA အစီအစဉ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မြှင့်တင်ရေး၊ ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ အဆင့်မြှင့်ရေးတို့ ပါဝင်သည်။
နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်တွင် မီးပျက်မှုများ မကြာခဏ ကြုံတွေ့နေရပြီး မော်တော်ကား အရေအတွက် ရုတ်တရက် မြင့်တက်လာခြင်းကြောင့် လမ်းပိတ်ဆို့မှုများလည်း ကြုံတွေ့နေရသည်။ မြန်မာ့ မြစ်ကြောင်းများတွင် ရေကြောင်း ပို့ဆောင်ရေးစနစ်များ တည်ဆောက်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ အီဇူမိကို ပြောကြားခဲ့သည်ဟု ဆိုသည်။
နိုင်ငံအတွင်း ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်း မြှင့်တင်ရန်လည်း NLD က စီစဉ်လျက်ရှိပြီး ဂျပန်နိုင်ငံက ယင်းတို့၏ မူဝါဒများနှင့်အညီ စီမံကိန်းတစ်ခု ဆောင်ရွက် သွားမည်ဟု ဆိုသည်။ ဂျပန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား NLD အစိုးရသစ်၏ စစ်မှန်သည့် ခေါင်းဆောင်အဖြစ် မှတ်ယူထားကြောင်း မစ္စတာ အီဇူမိက ပြောကြားသည်။
မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးမှ အရပ်သားတစ်ပိုင်း အစိုးရသို့ ပြောင်းလဲခဲ့သည့် ၂၀၁၁ မှစတင်ကာ ဂျပန်နိုင်ငံမှ ဘဏ္ဍာရေး ထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။ ဂျပန်နိုင်ငံသည် စစ်အစိုးရလက်ထက်တွင် ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု အားလုံး လိုအပ်နေပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်ရန် လိုလားနေသော ဂျပန်နိုင်ငံနှင့် လက်တွဲလုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည်က အသင့်ရှိနေသည်ဟု ဆိုသည်။
Ref - Japan Times
The Ladies News

ထားဝယ်စီးပွားဇုံနားမှာ တရုတ်က ရေနံသန့်စင်ရုံ ဆောက်မယ်


Caltex ရဲ့ ရေနံ သန့်စင်ရေး စက်ရုံတစ်ခု (Credit: AFP) 
တရုတ်နိုင်ငံက ​ကုမ္ပဏီတစ်ခုဟာ ​ထားဝယ် ​အထူးစီးပွားရေးဇုံအနားမှာ ​ရေနံသန့်စင် ​စက်ရုံတစ်ခု ​တည်ဆောက်မယ်လို့ ​Nikkei ​သတင်းမှာ ​ဖြော်ပထားပါတယ်။

အဲဒီ ​စက်ရုံက ​ဂျပန်နဲ့ ​ထိုင်းတို့ ​တည်ဆောက်နေတဲ့ ​ထားဝယ် ​အထူးစီးပွားရေးဇုံနား ​ဖြစ်နေတာကြောင့် ​ဂျပန် ​ကုမ္ပဏီတွေက ​ဒီကိစ္စကို ​ပြန်လည် ​သုံးသပ်မှု ​လုပ်နိုင်တယ်လို့ ​ရေးသားထားပါတယ်။

မတ်လ ​အကုန်တုန်းကပဲ ​မြန်မာနိုင်ငံက ​ရင်းနှီးမြုပ်နှံရေး ​ကော်မရှင်က ​Guangdong ​Zhenrong ​Energy ​ကို ​ဒေါ်လာ ​၃ ​ဘီလီယံ ​ကုန်ကျမယ့် ​ရေနံ ​သန့်စင်ရေး ​စက်ရုံ ​တည်ဆောက်ခွင့်ပြုလိုက်တာလို့ ​ဆိုပါတယ်။

ဒါဟာ ​အကြီးစား ​ရေနံ ​သန့်စင်ရေး ​စက်ရုံဖြစ်ပြီး ​၂၀၁၉ ​ခုနှစ်မှာ ​စီမံကိန်း ​စတင်မယ်လို့ ​ဆိုပါတယ်။

အဲဒီ ​စက်ရုံက ​တစ်ရက်အတွင်း ​ရေနံစည်ပေါင်း ​တစ်သိန်းကို ​သန့်စင်နိုင်မှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​ခေတ်မှီတဲ့ ​သန့်စင်ရေး ​စက်ရုံတွေ ​မရှိတဲ့အတွက် ​ရေနံနဲ့ ​သဘာဝ ​ဓာတ်ငွေ့ကို ​တခြားနိုင်ငံကနေ ​ဝယ်ယူ ​တင်သွင်းနေရတာ ​ဖြစ်ပါတယ်။

Guangdong ​Zhenrong ​Energy ​ဟာ ​တရုတ်အစိုးရနဲ့ ​ဆက်စပ်မှု ​ရှိတဲ့ ​ကုမ္ပဏီ ​ဖြစ်တယ်လို့ ​ဖော်ပြထားပြီး ​အရှေ့အလယ်ပိုင်းက ​ရေနံစိမ်းတွေကို ​တရုတ်နိုင်ငံထဲ ​တင်သွင်းတဲ့ ​ကုမ္ပဏီ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​ရေနံ ​သန့်စင်ရေး ​စက်ရုံ ​တည်ဆောက်မယ့် ​ကိစ္စမှာ ​တရုတ်အစိုးရလည်း ​ပါဝင်မယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

တရုတ်ရေနံသန့်စင်ရေး ​စက်ရုံက ​ထားဝယ် ​အထူးစီးပွားရေးဇုံထဲမှာ ​မပါဝင်ပေမယ့် ​တရုတ်က ​အဲဒီဒေသမှာ ​ပထမဆုံး ​အကြီးစားလုပ်ငန်း ​လုပ်ကိုင်တဲ့အတွက် ​ဂျပန်က ​သူတို့ရဲ့ ​အစီအစဉ်အပေါ် ​ပြန်လည် ​သုံးသပ်နိုင်တယ်လို့ ​ဆိုပါတယ်။

ထားဝယ် ​အထူးစီးပွားရေးဇုံ ​အကောင်အထည် ​ဖော်ရာမှာ ​ငွေကြေးအခက်အခဲ ​ရှိတဲ့အတွက် ​အီတလီနဲ့ ​ထိုင်းကုမ္ပဏီက ​ဂျပန်ကို ​ဖိတ်ခေါ်ခဲ့တာ ​ဖြစ်ပါတယ်။  ​ဂျပန်က ​အထူးစီးပွားရေးဇုံမှာ ​လျှပ်စစ်စက်ရုံတွေ၊ ​ဓာတုစက်ရုံနဲ့ ​ကြီးမားတဲ့ ​စက်တွေ ​ထုတ်လုပ်နိုင်မယ့် ​စက်ရုံကို ​ထားရှိဖို့ ​စီစဉ်နေတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ထိုင်းအခြေခံ ဥပဒေမူကြမ်း နိုင်ငံရေးပါတီတွေ ဆန့်ကျင်


ဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva (မေလ ၃ ရက်နေ့ ၂၀၁၄)

ထိုင်းနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ ဒီမိုကရက် ပါတီ ခေါင်းဆောင်တွေနဲ့ တခြားနိုင်ငံရေးပါတီတွေဟာ စစ်တပ်က ထောက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပူးပေါင်းဆန့်ကျင်လိုက်ကြပါတယ်။
ဒီလို Democrat Party က ဆန့်ကျင်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို လူထုဆန္ဒခံယူပွဲ သြဂုတ်မှာ ကျင်းပမယ့်ကိစ္စ အများကို သံသယဝင်စေပြီး တခြားနိုင်ငံရေးပါတီတွေကလည်း အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ဆန့်ကျင်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva ဦးဆောင်တဲ့ ဒီမိုကရက် ပါတီ ခေါင်းဆောင်တွေက ဒီ ဖွဲ့စည်းပုံဥပဒေ မူကြမ်းကို ပေါ်ပေါ်တင်တင်ဝေဖန်ပြီးဒီမိုကရေစီကို အနားပေးထားကြတယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း Abhisit က ဒီ ဖွဲ့စည်းပုံဥပဒေ မူကြမ်းဟာ ဒီမိုကရေစီ သဘောထားတွေကို ပျက်ပြားစေတယ်။ အာဏာပိုင်တွေနဲ့ နှိုင်းယှဉ်ရင် ပြည်သူတွေရဲ့ အင်အားကို ယုတ်လျော့စေတယ်လို့ တနင်္ဂနွေနေ့ညပိုင်းမှာ ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ဒါ့အပြင် နိုင်ငံရေးဖြစ်စဉ်မှာ လူထုရဲ့ ပါဝင်နိုင်ခွင့်ကို ပိတ်ပင်ထားတယ်လို့ သူကဝေဖန်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဏာရလာခဲ့တဲ့ စစ်အစိုးရဟာ စစ်တပ်ကိုယ်စားလှယ် အမတ် ၂၅၀ ပါဝင်တဲ့ အထက်လွှတ်တော်ကိုထည့်သွင်းရေး သူတို့ဒုတိယအခေါက် အပြီးရေးဆွဲတဲ့ဖွဲ့စည်းပုံဥပဒေ မူကြမ်းကို အတည်ပြုဖို့ တိုက်တွန်းနေတာပါ။ ဒါဟာ မူကြမ်းရေးဆွဲရေးကောင်မတီရေးဆွဲတဲ့ အဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ရွေးချယ်တဲ့ ကိုယ်စားလှယ် ၂၀၀ အထက်လွတ်တော်မှာ ထည့်သွင်းမယ်ဆိုတာနဲ့ ကွဲလွဲနေတာပါ။ ၂၀၁၄ မှာ အာဏာလက်လွှတ်ခဲ့ရတဲ့ Pheu Thai ပါတီကလည်း ဒီဖွဲ့စည်းပုံဥပဒေ မူကြမ်းကို ပယ်ချပြီး သြဂုတ်လ လူထုဆန္ဒခံယူပွဲကို ဆန့်ကျင်ကြဖို့ နှိုးဆော်နေပါတယ်။
လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayut Chon-o-cha ကတော့ ဒီဖွဲ့စည်းပုံဥပဒေ မူကြမ်းကိုဝေဖန်သူတွေကို တိုက်ခိုက်ပြောဆိုတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
VOA

မြန်မာဝန်ကြီးများ အမေရိကန်ကို အလည်အပတ် ခရီးရောက်ရှိ



အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပညာရေးနဲ့ယဉ်ကျေးမူဌာနရဲ့ဖိတ်ကြားချက် အရ မြန်မာနိုင်ငံက ပြည်ထောင်စုဝန်ကြီး နှစ်ဦိး နဲ့ ပြည်နယ်တိုင်း ဝန်ကြီးချုပ် နှစ်ဦးတို့ ဧပြီလ ၉-ရက်နဲ့ ၁၀-ရက်နေ့တွေက ၀ါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိလာပါတယ်။

ပြည်ထောင်စုဝန်ကြီးများဖြစ်တဲ့ ကျန်းမာရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာမြင့်ထွေးဟာ စနေနေ့က ၀ါရှင်တန်ကို ရောက်ရှိပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီးဌာန၀န်ကြီး ဦးအုန်းဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနဲ့ တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် တို့ဟာ သောကြာနေ့ မနက်ပိုင်းက ၀ါရှင်တန်ဒီစီကို ရောက်ရှိခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံက အစိုးရအဖွဲ့ဝင် ၁၂-ဦးကိုဖိတ်ကြားခဲ့ပေမယ့် လေးဦးသာ လာရောက်နိုင်ပြီး သူတို့ဟာ ဧပြီလ ၁၆-ရက်နေ့ အထိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်မှာဖြစ်ပြီး သူတို့ဟာ အပြည်ပြည်ဆိုင်ရာ ခေါင်းဆောင်မူ လေ့လာရေးအစီအစဉ်အရ အမေရိကန် အစိုးရ ပိုင်းခေါင်းဆောင်တွေ ပညာရှင်တွေကို တွေ့ဆုံမှာဖြစ်ပါတယ်။
RFA

SSA (ဝမ်ဟိုင်း) နှင့် တပ်မတော် တိုက်ပွဲများဖြစ်ပွား



 သတ်မှတ်နယ်မြေ ကျော်လွန်ဝင်ရောက်လာသည့် SSA (ဝမ်ဟိုင်း) အဖွဲ့အား တပ်မတော်မှ လိုက်လံ ရှင်းလင်းစဉ် တိုက်ပွဲများဖြစ်ပွား

နေပြည်တော် ဧပြီ ၁၀

၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ၊ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/SSA-S) အဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊နမ့်ဆန်၊ ကျောက်မဲ မြို့နယ်များအတွင်း သို့ နယ်မြေကျော်လွန် ဝင်ရောက်ခဲ့သဖြင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)(RCSS/SSA-S) အဖွဲ့နှင့် TNLA အဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့ရာ ကျောက်မဲ ခရိုင်အတွင်းမှ ဒေသခံပြည်သူများ ကျောက်မဲ မြို့ပေါ်နှင့် မိုးမိတ်၊ နန့်ခမ်းမြို့နယ်များရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရသည်။


ယခုအခါတွင်လည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လွယ်လတ်၊ မန်ပိုင်၊ လွယ်တန်နှင့် မုံးပေါ်ကျေးရွာအုပ်စု များရှိ ကျေးရွာများမှ ရှမ်းတိုင်းရင်းသား လူမျိုးများကို KIA၊ TNLA အဖွဲ့များက အဓမ္မ လူသစ် စုဆောင်းခြင်း၊ မူယစ်ဆေးဝါး သုံးစွဲသည်ဟု အကြောင်းပြကာ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ကျေးရွာများမှ ဆက်ကြေး ရိက္ခာကောက်ခံခြင်း တို့ ဆောင်ရွက်ခဲ့ရာ ယင်းလုပ်ဆောင်ချက်များကို ကာကွယ်ပေးရန် အကြောင်းပြ၍ ယခုနှစ် နှစ်ဆန်းပိုင်းတွင် SSA (ဝမ်ဟိုင်း)အဖွဲ့သည့် နယ်မြေကျော်လွန်ဝင်ရောက် လှုပ်ရှားလာခဲ့သဖြင့် တပ်မတော် စစ်ကြောင်း များက နယ်မြေရှင်းလင်းခဲ့ရာ မတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် တီးမားကျေးရွာနှင့် မုံးပေါ် ကျေးရွာ အကြား ထိတွေ့တိုက်ပွဲ ၄ ကြိမ်၊ ပန်းနားကျေးရွာ အနီးတွင် ၁ ကြိမ် စုစုပေါင်း ၅ ကြိမ် ဖြစ်ပွားခဲ့ကာ SSA(ဝမ်ဟိုင်း)အဖွဲ့များ ဆုတ်ခွာထွက်ပြေးခဲ့ပြီး အလောင်း ၃ လောင်းနှင့် ၎င်းတို့ ယာယီ အခြေပြု နေထိုင်ခဲ့သော ပစ်ကျင်းများ ပတ်ပတ်လည် တူးထားသည့် ယာယီတဲများအား သိမ်းဆည်း ရမိခဲ့သည်။

ဆုတ်ခွာသွားသော SSA (ဝမ်ဟိုင်း) အဖွဲ့အား လိုက်လံပိတ်ဆို့ ရှင်းလင်းရာ မတ် ၃၀ ရက်မှ ဧပြီ ၅ ရက်အထိ SSA(ဝမ်ဟိုင်း)အဖွဲ့မှ တပ်ဖွဲ့ဝင် ၂၀ အား ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့အား စစ်ဆေး မေးမြန်းခဲ့ပြီး ထွက်ဆိုချက်များအရ သိုဝှက်ထားသော နေရာများမှ လက်နက်မျိုးစုံ ၄၉ လက်၊ ကျည်အိမ်မျိုးစုံ ၁၀၉ ခု၊ ကျည်းမျိုးစုံ ၄၁၂၀ ၊ မိုင်းမျိုးစုံ ၃၆ လုံး၊ ဗုံးသီးမျိုးစုံ ၅၅ လုံး၊ လက်ပစ်ဗုံး ၈ လုံး၊ ဆက်စပ်ပစ္စည်းများ၊ ဘိန်းဖြူမှုန့် အနည်းငယ်နှင့် ပန်းရောက်စိတ်ကြွ ရှုးသွပ်ဆေးပြားများ၊ လက်လျှောက် စကားပြောစက်များ၊ ဖုန်းများ၊ SSA ဘတ်တံဆိပ်ပါ ယူနီဖောင်းများ၊ ရိက္ခာများ၊ ငွေကြေးတချို့နှင့် အခြားအသုံးအဆောင် ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။

တိုက်ပွဲများဖြစ်ပွားနေစဉ် မူဆယ်၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်မြို့ များနှင့် ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် SSA (ဝမ်ဟိုင်း) အဖွဲ့က ဖောက်ခွဲ ဖျက်ဆီးရေး ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် တပ်မတော် စစ်ကြောင်းများက ပိတ်ဆို့ရှင်းလင်းမှု ပြုလုပ်ခဲ့ရာ မတ် ၃၀ ရက် ည ၁၁ နာရီခန့်တွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက် ပြည်ထောင်စုလမ်းမကြီးနှင့် ပန်လုံ ၄ လမ်းထိပ်နေရာ၌ ဖောက်ခွဲ ဖျက်ဆီးရန် ရောက်ရှိနေသော SSA (ဝမ်ဟိုင်း) အဖွဲ့ဝင် တစ်ဦးအား ပစ္စတို ၁ လက်၊ ၎င်းကျဉ်း ၁၅ တောင့်၊ ကျည်အိမ် ၁ခု၊ ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုသော ယမ်းနှင့် ဆက်စပ် ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

SSA (ဝမ်ဟိုင်း) အဖွဲ့များအနေဖြင့် နယ်မြေကျော်လွန် ဝင်ရောက် လာခြင်းကြောင့် တပ်မတော် စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး၊ ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်ကာကွယ် စောင့်ရှောက်ရေး အတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြဝတီ
MOI Webportal Myanmar

ထိုင်းရောက် မြန်မာဒုက္ခသည်တွေ ဌာနေပြန်ဖို့ မျှော်လင့်


ထိုင်းရောက် ကရင်ဒုက္ခသည်များ

 မြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ် တက်လာပြီး တပါတ်လောက် အတွင်းမှာပဲ နိုင်ငံရေး ကျဉ်းသား တော်များများ ပြန်လွတ်လာ တာလို အပြောင်းအလဲတွေ တွေ့လာရတာမို့ ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ခိုလုံနေရတဲ့ ဒုက္ခသည်တွေ ကလည်း သူတို့အရေးကို အမြန်ဆုံး ဖြေရှင်းပေးဖို့ မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပိုထားပါတယ် ။
ထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလုံနေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်က တသိန်းခွဲလောက် ရှိနေတာပါ။ အများစုက မြန်မာနိုင်ငံကို ပြန်ချင်နေကြပြီလို့ ကရင်ဒုက္ခသည်ကော်မတီက တာဝန်ရှိသူတဦးက ပြောပါတယ်။
“ ကျနော်တို့ဒီမှာက နေလာတာလည်းကြာပြီ။ အိမ်ရှင်ကိုလည်း ကျနော်တို့အားနာလာပြီ။ နောက်ပြီးတော့ ကျနော်တို့ Future ကလည်း ဒီအထဲမှာမရှိဘူးလေ အဲဒါကြောင့်မို့လို့။”
နေရပ်ရင်းကိုပြန်လာဖို့ အတွက် အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ခေါ်ခဲ့ပေမဲ့ ပြန်ရင် ရင်ဆိုင်ရမယ့် ပြဿနာတွေကို ကြောက်နေကြတဲ့အတွက် ဒုက္ခသည်အများစုက မပြန်ခဲ့ကြဘူးလို့လည်း ပြောပါတယ်။

“ဒီ conflict ထဲမှာ ကျနော်တို့က သားကောင်တွေပဲလေ။ အဲဒီတော့ conflict ကိုစတဲ့လူမပြောနဲ့ ဒီ conflict မှာပါတဲ့လူတွေက conflict ကို ချုပ်ငြိမ်းမှ၊ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မှ ကျနော်တို့ရဲ့ လုံခြုံရေး၊ ကျနော်တို့ရဲ့ ရှေ့ဆက်ရပ်တည်ရေးကို ကျနော်တို့ရနိုင်မှာဖြစ်တာပေါ့ ဟုတ်တယ်မလား။ ဥပမာ ကျနော်တို့ပြန်တယ်ဗျာ နောက်ထပ် တိုက်ပွဲကြီးစဖြစ်လာရင် ထပ်ပြေးလာမယ်ဆိုရင် ဒါရေရှည်ခံတဲ့အကျိုး အဖြေတခုမဟုတ်ဘူး။ ပြန်ကြည့်မယ်ဆိုရင် dignity ပိုင်းမှာ ကျနော်တို့ကို အသိအမှတ်မပြုဘူး။ ပြန်လို့ရှိရင် သူပုန်ပြည်ကသူတွေပြန်လာတယ်ဆိုရင် ကျနော်တို့ဘယ်မှာ မျက်နှာသွားထားမလဲ ဟုတ်တယ်မလား။ ကဲကောင်းပြီ ကျနော်တို့ပြန်တယ်ဆိုရင် ဘယ်လို ပြန်လည်ထူထောင်တာမျိုးတွေလုပ်မလဲ၊ ကျနော်တို့ရဲ့ မြေယာပြဿနာတွေဘယ်လိုလုပ်မလဲ။ ကျနော်တို့ livelihood တွေဘယ်လိုလုပ်မလဲ၊ ဒီဟာတွေကို ဘယ်သူအာမခံချက်ပေးနိုင်မလဲ။ ဆိုတော့ သူတို့ကလည်း ဟိုမှာ ပြဿ     နာတွေအများကြီးရှိတဲ့အပေါ်မှာ ကျနော်တို့ရဲ့ issue ကို အမြန်အဆန်မလုပ်ပဲနဲ့ ဖြေးဖြေးနဲ့ တိတိကျကျဖြစ်ဖို့အရးကြီးတယ်လေနော်။”
ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အဆိုးမြင်မူတွေကို သင်ကြားနေတာတွေ့ရတာမို့ စိုးရိမ်မှုတွေ ရှိနေတာမို့ အခု အသစ်တက်လာတဲ့အစိုးရ အနေနဲ့ ဘယ်လို ဖြေရှင်းပေးမယ် ဆိုတာကို သိချင်နေကြတဲ့ အပြင် သူတို့ ဘဝ ရပ်တည် ရှင်သန်ရေးအတွက် အစီအစဉ်တွေ ကို သိချင်နေကြတယ်လို့လည်း ပြောပါတယ်။
“ဥပမာ ကျနော်တို့ပြန်တယ်ဆိုရင် ကျနော်တို့ရဲ့ skill တွေကို အသိအမှတ်ပြုပေးနိုင်မလား။ မှတ်ပုံတင်ပြန်ပေးမလား။ ကျနော်တို့က ကရင်တွေကြီးပဲရှိတာမဟုတ်ဘူး။ မူဆလင်တွေလည်းရှိတယ် ဒီလိုဟာမျိုးတွေလည်း ကျနော်တို့ထားခဲ့လို့သင့်မလား။ အရင်အစိုးရက ကျနော်တို့ကို သူပုန် သားသမီး၊ ဆွေမျိုးတွေ လို့သတ်မှတ်ထားတယ်မလား။ အခုအဲလိုမျိုးတွေရှိနေသေးလား။ အထက်တန်းကျောင်းမှာလည်း သူတို့မြန်မာ့သမိုင်းမှာလည်း ယနေ့အထိသင်တုန်းပဲလေ။ ယိုးဒယားဘက်မှာရောက်နေတဲ့ ဒုက္ခသည်တွေက သူပုန်တွေကို ထောက်ခံတဲ့ အုပ်စုရှိတယ်ဆိုတာ။ NLD အစိုးရ အခုသမ္မတရဲ့ အစိုးရကလည်း ကျနော်တို့ကို ဘယ်လိုသဘောထားသေးလဲဆိုတာ။ ကျနော်တို့ က အတွင်းကဟာပဲ သိချင်တာလေ။။”
ပြီးခဲ့တဲ့အစိုးရလက်ထက်က ရန်ကုန် UNHCR ကိုယ်စားလှယ်တွေကတော့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်တဲ့အခါမှာ တဦးချင်းပြန်မလား အုပ်စုလိုက်ပြန်မလား ဆိုတဲ့သဘောထားတွေကို မေးမြန်းခဲ့သလို ဘာတွေပြင်ဆင်ပေးရမလဲဆိုတဲ့ အခြေအနေတွေကို ပါ မေးမြန်းခဲ့ပါတယ်။
အဲဒီတုန်းက ဒုက္ခသည်တွေဘက်က ကုလသမဂ္ဂ ရဲ့ ဒုက္ခသည်တွေအပေါ် ချမှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့အညီနေရပ်ရင်းကို ပြန်လိုတယ် လို့ပြောဆိုခဲ့ကြဖူးပါတယ် ။
ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည် စခန်း ၉ ခု ရှိပြီး ဒုက္ခသည် တသိန်းခွဲခန့်ခိုလုံနေထိုင်နေကြပါတယ်။
ဒီဒုက္ခသည် အရေးကိစ္စဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ နယ်စပ်ရေးရာမှာ တာဝန်ယူနေတဲ့ ၀န်ကြီးဌာနတွေ နဲ့လည်းသက်ဆိုင်တာမို့  အစိုရသစ် အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်ပြီးမှာသာ
အဆင်ပြေနိုင်မယ်လို့ လည်း ဒုက္ခသည်တွေကယူဆနေကြတာပါ။
အမျိုသားဒီမိုကရေစီအဖွဲချုပ်က ပြီးခဲ့တဲ့နိုဝင်ဘာရွေးကောက်ပွဲမှာအနိုင်ရပြီးတဲ့နောက်မှာ
 ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း အဓိကထားလုပ်ဆောင်မယ်လို့ ပြောဆိုထားတာမို့ အမြန်ဆုံး ဖြစ်လာဖို့ တော့ မျှော်လင့်နေကြပါတယ်။
VOA

သျှမ်းပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာ မိုးသက်လေပြင်းတိုက်ခတ် ပျက်စီးမှုများပြား



ဧပြီလ ၁၀ ရက် ၂၀၁၆

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ဧပြီလ ၉ ရက် စနေနေ့ညနေ က လေပြင်းမုန်တိုင်း တိုက် ခတ်လို့ ကျင်းပနေဆဲ ယန်းပူးကျောင်းတိုက်က ဆရာတော် ဦးဇောတိက သတ္ထမ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆွတ်ခူး ရရှိခြင်း ဂုဏ်ပြုအခမ်းအနားက ပြခန်းတချို့နဲ့ ဆိုင်းဘုတ်၊ အလှဆင် ထား တဲ့ နေရာတော်တော်များများ လွင့်ပါပျက်စီးခဲ့တယ်လို့ ကျောင်းသား စိုင်းခမ်းက ပြောပါ တယ်။

“လေကရုတ်တရက်ကြီး ဝင်မွှေ့သွားတာ ။ တအားပြင်းတော့ ဆိုင်းဘုတ်တွေ ဘာတွေတောင် လွှင့်တယ်။ မိုးသီးတော့မကျဘူး။ ”

ဆရာတော်ကိုဂုဏ်ပြုတဲ့အခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့မှာကျင်းပခဲ့ တာဖြစ် ပါတယ်။


တနင်္ဂနွေနေ့ မနက် ၁ နာရီလောက်မှာတော့ သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ နယ်မှာ လေပြင်း မုန်တိုင်းတိုက် ခတ်လို့ လူနေအိမ်အမြောက် အများပျက်စီး ခဲ့ရ ပါတယ်။ ဓါတ်တိုင်တွေ၊ သစ်ပင်ကြီး တွေ ကျိုးကျတာတွေ၊ အိမ်ခေါင် မိုးတွေအတွဲလိုက် လေနဲ့လွှင့်ပါသွားပါတယ်။ သို့ပေမယ့် ထိခိုက် ဒဏ်ရာရ မှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။

အလားတူ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမြို့နဲ့ ချင်းမိုင်မြို့ မြောက် ဘက်ခြမ်း မှာလဲ ဧပြီလ ၉ ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသီးကြီးေ တွကြွေကျလို့ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့တယ် လို့သိရပါတယ်။

သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း

အိန္ဒိယ ဘုရားကျောင်းမီး လူ ၁၀၀ ထက်မနည်း သေဆုံး



အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်က ဘုရားကျောင်းတခုမှာ တနင်္ဂနွေနေ့အစောပိုင်းက ကြီးမားတဲ့ မီးလောင်မှုတခုဖြစ်ပွားခဲ့လို့လူ ၁၀၀ လောက်သေဆုံးပြီး ဘုရားဖူး ရာနဲ့ ချီ ဒဏ်ရာရခဲ့ပါတယ်။
ဘုရားကျောင်းနှစ်ပတ်လည် ဘာသာရေးပွဲတော်ရဲ့ မီးရှူးမီးပန်း တွေကို ကြည်ရှုဖို့ ထောင်နဲ့ချီတဲ့ ဘုရားဖူးတွေ စုရုံးနေချိန်မှာ အခုလို မီးလောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ၀မ်းနည်းစရာ မီးလောင်ကျွမ်းမှု ဟာ ပြည်နယ်မြို့တော် Thiruvananthapuram နဲ့ ကီလို မီတာ ၇၀ လောက်အကွာ Kollam ခရိုင် Paravur ကမ်းရိုးတန်းမြို့ က Puttingal Devi ဘုရားကျောင်းနားမှာ မီးရှူးမီးပန်း ဖောက်ပြီး နာရီအနည်းငယ်အကြာ မနက်ခင်း ၃ နာရီလောက် မှာ ဖြစ်ပွားခဲ့တာပါ၊
မီးရှူးမီးပန်း လောင်စာတွေ အများကြီးသိုလှောင်ထားတဲ့ တဲငယ်ပေါ်ကို မီးပွားတခုကျပြီး ဆက်တိုက်ဆိုသလို မီးလောင်ပေါက်ကွဲမှုတွေဖြစ်ပြီးတော့ မီးခိုးပြာနဲ့မီးပွားတွေတမဟုတ်ချင်း်ပျံ့နှံ့ခဲ့ပါတယ်။
ဒါကြောင့် ဘုရားကျောင်း တာဝန်ရှိသူတွေရဲ့ ရုံးခန်း တစစီပျက်စီးပြီး ဘုရားကျောင်းအမိုးတစိတ်တပိုင်း မီးကျွမ်း ပျက်စီးခဲ့ပါတယ်။ ကြီးမားတဲ့ မီးခိုးလုံးကြီးတွေကိုလည်း ညဘက် ကောင်းကင်မှာ မြင်ကြရပါတယ်။ မီး လောင်ရာကနေ ကြောက်လန့်တကြားထွက်ပြေးလို့ လူအများကြီး လူအုပ်ပိ ဒဏ်ရာရတာတွေလဲရှိခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့က Paravur ကမ်းရိုးတန်းမြို့ကို ရောက်လာပြီး လက်နက်ကိုင်တပ်တွေကလည်း ဒဏ်ရာရသူတွေကိုဆေးရုံပို့ဆောင်ဖို့ အကူအညီပေးကြပါတယ်။ ဒဏ်ရာရသူတွေကို ပြည်နယ်ထဲက ပိုကြီးတဲ့ ဆေးရုံကို ပို့ပေးဖို့ ရေတပ်သင်္ဘော ၃ စီးနဲ့ ရဟတ်ယာဉ်တွေကို ပို့ထားတယ်လို့ ရေတပ်ပြောခွင့်ရသူ D.K. Sharma က VOA ကို ပြောပါတယ်။
 
VOA

ကုလားတန်မြစ်ကြောင်း စီမံကိန်း အိန္ဒိယသံအမတ် ရှင်းလင်း

ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိနေတဲ့ အိန္ဒိယသံအမတ်ကြီး Gautam Mukhopadhaya ကို ဧပြီလ ၉ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ တွေ့ရစဉ်။ Photo: Min Thein Aung/ RFA
ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးကဏ္ဍကို အဓိက အခြေခံပြီး ကုန်စည်ကူးသန်းရောင်းဝယ် မှုတွေ ဆောင်ရွက် သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Gautam Mukhopadhaya က ပြောပါတယ်။

အိန္ဒိယသံအမတ်ကြီး က ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံပြီး စီမံကိန်းအကြောင်း ဒီနေ့ ရှင်းပြရာမှာ စကားပြန်က တဆင့် ပြောကြားခဲ့တာပါ။

"ရခိုင်ပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ကို အရေးပါခြင်းဖြစ်ပါတယ်၊ ကျနော်တို့ အိန္ဒိယနဲ့ ချင်းပြည်နယ်ကြားမှာလည်းပဲ ကုန်သွယ်စီးဆင်းမှုမြန်ဆန်လာမှာဖြစ်ပါတယ်၊ အဲ့ဒါလည်း စိုက်ပျိုးရေးနဲ့ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပြီး ကုန်သွယ်စီးဆင်းမှုကို ပြုလုပ်သွား မှာဖြစ်ပါတယ်"

အဲဒီစီမံကိန်းမှာ စစ်တွေဆိပ်ကမ်းနဲ့ ပလက်ဝဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေပါဝင်ပြီး အဲဒီဆိပ်ကမ်းနှစ်ခု ဟာ လာမယ့် ဇူလိုင်လမှာ ပြီးစီးမယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် ပလက်ဝဆိပ်ကမ်း ကနေ အိန္ဒိယနိုင်ငံအထိ ၁၀၉ ကီလိုမီတာ ရှည်လျားမယ့် မော်တော်ကား လမ်းဖောက်လုပ်ရေး စီမံကိန်းကိုတော့ လာမယ့် သြဂုတ်လမှာစတင်မှာဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက စီမံကိန်းကနေ ရခိုင်ပြည်နယ်အတွက် ဘာတွေအကျိုးခံစားခွင့်ရရှိမလဲဆိုတာနဲ့ စီမံကိန်းကြောင့် သိမ်းယူခံရတဲ့ လယ်ယာမြေတွေအရေး ဘယ်လိုဖြေ ရှင်းပေးမလဲဆိုတာတွေကို မေးမြန်းခဲ့ပါတယ်။ အဲဒီမေးမြန်းမှုတွေနဲ့ ပတ်သက်ပြီး တိတိကျကျ ပြန်လည်ဖြေ ကြား ပေးတာမရှိခဲ့ပါဘူး။

တွေ့ဆုံပွဲကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ စစ်တွေမြို့ခံတွေ နဲ့ အရပ်ဖက်အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese