Pages

Wednesday, September 12, 2012

အထက(၄) အလုံတွင် ကျောင်းချိန်အတွင်း ဗုံးဟောင်း ၂၅ လုံးတွေ့

ရန်ကုန်၊စက်တင်ဘာ - ၁၀

အလုံမြို့နယ် အောက်ကြည့်မြင်တိုင် လမ်းပေါ်ရှိ အထက(၄)အလုံ ကျောင်းဝင်းအတွင်း စက်တင်ဘာ ၁၀ ရက် နံနက် ၇ နာရီခွဲခန့်က စစ်ကျန်ဗုံးဟောင်း ၂၅ လုံး တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဘောလုံးကွင်းပွဲကြည့်စင် တည်ဆောက်ရန် မြေတူးရာမှ ဒုတိယကမ္ဘာစစ်က လက်ကျန်ဗုံးဟု ယူဆရသည့် ဗုံးအဟောင်း၂၅ လုံးအား တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သက်ဆိုင်ရာ

မှ စုံစမ်းသိရှိရသည်။

“ဗုံးတွေက အန္တရာယ်မရှိတော့ပါဘူး”ဟု အမည်မဖော်လိုသူ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော့်သားရဲ့ ဖယ်ရီသမားက ဗုံးသတင်းကြားပြီးတော့ ကားပေါ်က ကျောင်းသားတွေကို အိမ်ပြန်ပို့လိုက်တာ။ သေချာမသိရတော့ မနက်ဖြန်ကျောင်းကို ကိုယ်တိုင်လိုက်သွားပြီး အခြေအနေကြည့်မယ်”ဟု ကျောင်းသားမိဘတစ်ဦးက စက်တင်ဘာ ၁၀ ရက် ညဦးပိုင်းက ပြောသည်။

ဗုံးအရွယ်အစားမှာ အရှည် ၇ လက်မခွဲ၊ လုံးပတ် ၂ လက်မခွဲခန့်ရှိပြီး ယင်းဗုံးအဟောင်းများကို မြေသုံးပေအနက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အထက(၄)အလုံ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်သက်သက်စံက ကျောင်းသားမိဘများ စိတ်မပူရန် ယခုကဲ့သို့ ရှင်းပြသည်။

“သံသေတ္တာထဲမှာ အဲဒီဗုံးတွေကို ထည့်ထားတာ။ အားလုံးက ဆွေးမြေ့နေပြီ။ ကျောင်းသားတွေကို ပြန်မလွှတ်ပါဘူး။ ကျောင်းသားမိဘတွေက စိုးရိမ်ကြ၊ မေးကြတယ်။ မိဘတွေကို သောကမဖြစ်စေချင်ဘူး။ အကြီးကြီးထင်ပြီး စိုးရိမ်နေကြမှာ စိတ်ပူတယ်”ဟု ဆရာမကြီးကဆိုသည်။

ယင်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂,၈၅၈ ဦးရှိပြီး စာသင်ဆောင် ငါးဆောင်ရှိသည်။
7Day News Journal