Pages

Thursday, September 20, 2012

မန်းဟိုတယ်ဇုန်သစ်တွင် ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်

ဟိုတယ်အလုံးပေါင်း ၃ဝဝ နီးပါးပါဝင်မည့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့အနီးမှ ဟိုတယ် ဇုန်သစ်တွင် ရင်းနှီးမြှုပ်နှံလိုသူများသည် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (MTF)သို့ လျှောက်ထားနိုင်ပြီဟု သိရသည်။
ဧက ၅၄၈ဝ ရှိ အဆိုပါ ဇုန်သစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အလုံး ၁ဝဝ နှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၁၉၂ လုံး၊ ရုပ်ရှင်ရုံ၊ ဘဏ်၊ စူပါမားကက်၊ စားသောက်ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ မြန်မာ့ ရိုးရာလက်မှုပညာလုပ်ငန်းများ၊ ဟိုတယ်ဆိုင်ရာ သင်တန်းကျောင်းများ ပါဝင်မည်ဖြစ်ကြောင်း MTF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရင်းနှီးလိုသည့် တိုင်းရင်းသား လုပ်ငန်းရှင်များသည် မြေဝယ်ယူခွင့် ရမည်ဖြစ်ပြီး နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအတွက် အငှားစနစ်ဖြင့်  ဆောင်ရွက် မည်ဖြစ်ကြောင်း၊ မြေကွက်များကို ၃ဧကမှ ၁ဝဧကအထိ ရှိသည့် အကွက်များဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းရှင်တစ်ဦးလျှင် အများဆုံး ၅ ဧကခန့်အထိ ဝယ်ယူခွင့်ရနိုင် ဖွယ် ရှိသည်ဟု ၄င်းက ပြောသည်။
”ကျွန်တော်တို့ မိုးကုန်တာနဲ့ မြေပြင်တိုင်းတာခြင်း လုပ်ငန်းစလုပ်မယ်။ လမ်းဖောက်တာ၊ ရေနုတ် မြောင်းဖောက်တာတွေ စလုပ်မယ်၊ ဒီလုပ်ငန်းတွေအတွက် ကျွန်တော် တို့ တည်ထောင်မယ့် အများပိုင် ကုမ္ပဏီကနေ တင်ဒါခေါ်သွားပါ မယ်”ဟု ၄င်းက ပြောသည်။
အောက်တိုဘာလတွင် ဟောင်ကောင်၌ ပြုလုပ်မည့် ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွင်လည်း မန္တလေး ဟိုတယ်ဇုန်ကို သွားရောက်ပြသကာ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမည် ဟုလည်း သိရသည်။
ပြီးစီးရန်အချိန် သုံးနှစ်နီးပါး ကြာမြင့်မည့် အဆိုပါစီမံကိန်းတွင် ဒေသခံများ၏ ယာမြေများ ပါဝင်နေသောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ MTF နှင့်  ဒေသခံများ ညှိနှိုင်းကာနှုန်းတစ်ခု သတ်မှတ်ပေး နိုင်ရန် စီစဉ်သွားမည်ဟု အထက် ပါပုဂ္ဂိုလ်က ပြောသည်။
ယာမြေများအတွက် နစ်နာကြေးနှင့် ပတ်သက်၍ ဟိုတယ်ဇုန် ကြီးကြပ်ရေးအဖွဲ့တွင် ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ”နစ်နာကြေး ဘယ်ရွေ့ဘယ်မျှဆိုတာ ကျွန်တော်တို့ မသတ်မှတ်ရသေးပါဘူး။ ဒါက တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဒေသခံတွေနဲ့ အကြိမ်ကြိမ် အသေးစိတ် ညှိနှိုင်းပြီးတော့မှ သတ်မှတ်ပေးရမှာပါ” ဟု ပြောသည်။
ဇုန်ဧရိယာတွင် ရွာငါးရွာလည်း ပါဝင်နေပြီး အဆိုပါ ရွာငါးရွာကို မရွှေ့ပြောင်းစေဘဲ မူလအတိုင်း ထားမည်ဟု သိရသည်။
ဇုန်သစ်စီမံကိန်းနှင့် ပတ်သက် ၍ ဒေသခံဟိုတယ် လုပ်ငန်းရှင်တစ် ဦးက ”နေရာကလည်းကောင်းတယ်၊ အင်းဝနဲ့လည်း နီးတော့ ဧည့်သည်တွေ အတွက် အဆင်ပြေ တယ်၊ လုပ်ငန်းရှင် တော်တော်များများက ရင်းနှီးမြှုပ်နှံချင်ကြတယ်”ဟု ဆိုသည်။
မန္တလေးနှင့် ၁၄ မိုင် အကွာတွင်ရှိသော အဆိုပါဇုန်သစ် ဖော်ထုတ်ရန် ၂ဝ၁၁ ခုနှစ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် စက်တင်ဘာတွင် လုပ်ငန်းများစတင်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့က အတည်ပြုပေးလိုက်ခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းသည် ဟိုတယ်ဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်း ခြောက်သောင်းခန့် ဖန်တီးပေး နိုင် မည့် စီမံကိန်းတစ်ခုလည်း ဖြစ် ကြောင်း သိရသည်။ မေဇင်ဝင်း