Pages

Saturday, August 31, 2013

သိမ်းထားသည့်မြေများကို အသုံးမလိုတော့ပါက အချိန်မဆွဲဘဲ ပြန်ပေးရန် သမ္မတထံ ဦးရွှေမန်း တောင်းဆို

 
အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းထားသောမြေများကို ဆက်လက်သုံးစွဲရန် မလိုအပ်တော့ပါက အစိုးရက ပိုင်ရှင်လယ်သမားများအား အမြန်ပြန်ပေးရန် ဦးရွှေမန်းက သမ္မတထံသို့ ဩဂုတ် ၂၉ ရက်တွင် သဝဏ်လွှာ ပေးပို့လိုက်သည်။

"ဆင်းရဲနွမ်းပါးပြီး သိရှိနားလည်မှုအား နည်းသော တောင်သူလယ်သမားများအပေါ် စာနာစိတ်ထားရှိ ဆောင်ရွက် ပေးလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသဖြင့်" ထိုသဝဏ်လွှာကို ပေးပို့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သည့် ဦးရွှေမန်းက ထည့်သွင်းရေးသားထားသည်။

သူ သမ္မတထံပို့မည့်သဝဏ်လွှာကို မပို့မီ ဩဂုတ်လ ၂၉ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဦးရွှေမန်းက အမတ်များအားဖတ်ပြခဲ့သေးသည်။

သဝဏ်လွှာတွင် "လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးမှုများအရ တောင်သူလယ်သမားများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့ဘက်မှ ရပ်တည် ဆောင်ရွက်မှုများကို အားရကျေနပ်မှု မရှိဖြစ်နေသကဲ့သို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအပေါ် ယုံကြည်မှုလျော့နည်းကျဆင်းမှု အခြေအနေဖြစ်ပေါ်လျက်ရှိသည်ကို ဝမ်းနည်းစွာ ကြားသိနေရပါသည်" ဟုလည်း ထည့်ရေးထားသည်။

ထို့ပြင် ဦးရွှေမန်းက လယ်သမားအချို့သည် နိုင်ငံရေးအမြတ်ထုတ်သူများ၏ သွေးထိုးမှုခံရပြီး အရေးယူခံနေရသည် ဟုလည်း သုံးသပ်ပြောဆိုခဲ့သည်။

သို့သော်ဦးရွှေမန်းက ယခင်အစိုးရ လက်ထက်က လယ်သိမ်းခဲ့သည့် ကိစ္စများနှင့်ပတ်သက်၍ "(ထိုစဉ်က) စိတ်ကောင်းစေတနာဖြင့် ရည်ရွယ်ချက်ကောင်းများ ဆောင်ရွက်ထားရှိခဲ့ကြသော်လည်း လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်ကြသူအချို့၏ အားနည်းချက်၊ လွဲမှားစွာလုပ်ဆောင်ချက်များကြောင့် လည်းကောင်း၊ အချို့သောအကြောင်းများကြောင့် လည်းကောင်း၊ ရည်ရွယ်သကဲ့သို့ ဖြစ်မြောက်အောင်မြင်မှု မရှိကြခဲ့ခြင်းဖြစ်ပါသည်" ဟု သူ့သုံးသပ်ချက်ကို သဝဏ်လွှာတွင် ထုတ်ဖော်ရေးသားခဲ့သည်။

လယ်ယာမြေများသိမ်းဆည်းခံရမှုများကြောင့် မူလပိုင်ရှင်လယ်သမားများ နစ်နာနေရသည်ဟု ခုနစ်ကြိမ်မြောက် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်အမတ် ၇၀ ဦးက ဆွေးနွေးခဲ့ကြပြီး ထိုသို့ သိမ်းထားသည့် မြေများကို စောလျင်စွာပြန်ပေးရန် အစိုးရကို လွှတ်တော်က တိုက်တွန်းထားသည်။

သို့သော် မည်သည့်အချိန်နောက်ဆုံးထား၍ မြေများကို မူလပိုင်ရှင်လယ်သမားများထံ ပြန်ပေးရန်ကိုမူ လွှတ်တော် က သတ်မှတ်မပေးခဲ့ပေ။

မင်းမင်း
Mizzima - News in Burmese

နေပြည်တော်မှ အလယ်တန်းပြဆရာမ၊ ဒေါ်စိုစိုးခိုင်ကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ရှင်းလင်းခြင်းအပေါ် တက္ကသိုလ်ဆရာ/ဆရာမများအသင်း၏သဘောထားထုတ်ပြန်ကြေညာချက်

 
ဒေါ်စိုစိုးခိုင်ကိစ္စနှင့်ပတ်သက်၍ပညာရေးဝန်ကြီးဌာန၏ရှင်းလင်းခြင်းအပေါ်
သဘောထားထုတ်ပြန်ကြေညာချက်ကို ယနေ. တွင်တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)...က
ထုတ်ပြန်ချက်များကို ဆောင်ရွက်ခဲ့ပါသည်။
  ***********************************************************
တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)

၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၁၀) တွင်ဖေါ်ပြခဲ့သော အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ အလယ်တန်းပြဆရာမ၊ ဒေါ်စိုစိုးခိုင်ကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ရှင်းလင်းခြင်းအပေါ်သဘောထားထုတ်ပြန်ကြေညာချက်

၁၃၇၅ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၁၀) ရက်နေ့ (စနေနေ့)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့

၁။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) မှ အလယ်တန်းပြဆရာမ ဒေါ်စိုစိုးခိုင် ရာထူးမှထုတ်ပယ်ခံရခြင်း ကိစ္စနှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာမှတဆင့် ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်းခြင်းသည် ဒီမိုကရေစီကျင့်စဉ်နှင့် လိုက်လျောညီထွေမှုမရှိသော ဆောင်ရွက်ချက်တစ်ခုအဖြစ် ယူဆပါသည်။ သို့ပါသော်လည်း အဆိုပါရှင်းလင်းချက်ကြောင့် အများ ပြည်သူအား အခြေအနေအမှန်အပေါ် အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေသည့်အပြင် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် ဖြစ်စဉ်တစ်ရပ်လုံးအား ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်စီစစ်သုံးသပ်ပြီး ပြေလည်အောင် ဖြေရှင်းပေးလိုသော သဘောထားများ ထင်ဟပ်မှုမရှိဟုယူဆသည့်အတွက် ကျွန်ုပ်တို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ အဆိုပါရှင်းလင်းချက်ကို ကန့်ကွက်လိုက်ပါသည်။
၂။ အဆိုပါ ရှင်းလင်းချက်တွင် ဖော်ပြထားသော အကြောင်းအရာများသည် ဆရာမဒေါ်စိုးစိုးခိုင်အား ရာထူးမှထုတ်ပယ်သည်အထိ အရေးယူခဲ့သော ပညာရေးဝန်ကြီးဌာန၊ အမှတ်(၂) အခြေခံပညာဦးစီးဌာန၏ မူလတရားဝင်စွပ်စွဲချက်များဖြစ်သည့်
(၁) ဒေါ်စိုစိုးခိုင် သည် ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိခွင့်မဲ့ပျက်ကွက်ခြင်း၊

(၂) ဒေါ်စိုစိုးခိုင်သည် ကျောင်းအုပ်ကြီးထံမှ ကြိုတင်ခွင့်ပန်ကြား ခြင်း မရှိဘဲခရီးဝေး (ရန်ကုန်သို့) ထွက်ခွာခဲ့ခြင်း၊

 (၃) ဒေါ်စိုစိုးခိုင်သည် နိုင်ငံရေးအဖွဲ့အစည်းနှင့် ပါဝင်ပတ်သက်ခြင်း (ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပပြုလုပ်ခဲ့သည့် ၈၈ ကျောင်းသားလှုပ်ရှားမှု ငွေရတု အစီအစဉ်တွင် စာနယ်ဇင်းများနှင့်တွေ့ဆုံရှင်းလင်းတက်ရောက်ခဲ့ခြင်း) စသည့်စွပ်စွဲချက်များနှင့် တိုက်ဆိုင်ဖြေရှင်းထားခြင်းမရှိ သည်ကို တွေ့ရှိရပါသည်။ နိုင်ငံဝန်ထမ်းတစ်ဦးအား အရေးယူ အပြစ်ပေးရေးအတွက် လိုအပ်သော တရားဝင်စွဲချက်များအပေါ်တွင် ဥပဒေကြောင်းအရ လွှမ်းမိုးပိုင်ခွင့်မရှိသော အကြောင်းအရာများဖြစ်သည့် ၀န်ထမ်းတစ်ဦး၏လုပ်ငန်းခွင်အတွင်း သာမန် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံရေးများကိုသာ ရှင်းလင်းထားခြင်းသာ ဖြစ်ပါသည်။ သို့အတွက် ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်သည် ဖြစ်စဉ်တစ်ခုလုံးအတွက် ကျေနပ်လောက်သော ဥပဒေကြောင်းအရ ဖြေရှင်းချက်တစ်ရပ်ဖြစ်သည်ဟု ကျွန်ုပ်တို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ မယူဆပေ။
၃။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်တွင် တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ စုပေါင်း၍ ထုတ်ပြန်ခဲ့သော ကြေညာချက်အတိုင်း ကျွန်ုပ်တို့အနေဖြင့် စည်ကမ်းဥပဒေပျက်ကွက်ခဲ့သော နိုင်ငံဝန်ထမ်းတစ်ဦးအား ပုဂ္ဂိုလ်ရေးဆန်ဆန် ကာကွယ်လိုသော ရည်ရွယ်ချက်အလျဉ်းမရှိဘဲ ပြစ်မှုနှင့်ပြစ်ဒဏ်ကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်စေရန်သာ ရည်ရွယ်ကြောင်း ထပ်မံအသိပေးပါသည်။ ၂၀၁၃ခုနှစ် သြဂုတ်လ ၃၀ရက် ပါ ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်သည် နိုင်ငံဝန်ထမ်းဥပဒေပါ ပုဒ်မများ၊ ဝန်ထမ်းကျင့်ဝတ်ပါ အချက်များကို အခြေခံကာ ရှင်းလင်းထားခြင်းမရှိဘဲ ဖြစ်စဉ်အပေါ်အခြေခံကာ အကွက်ချ ရှင်းလင်း အမှုဆင်ထားခြင်းမျှသာဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါသည်။
၎။ ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်များသည်
(က) နဂိုမူလ စွဲချက်တင်ထားသော အချက်(၃) ချက်ကို မှေးမှိန်စေကာ နောက်ကြောင်းပြန် အမှုဆင်၍ ရှင်းလင်းထားခြင်း၊
(ခ) ၂၀၁၃ခုနှစ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီး နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော နိုင်ငံ့ ဝန်ထမ်း ဥပဒေ အခန်း (၄) အပိုဒ် ၁၁ (ဍ) ပါ နိုင်ငံ့ဝန်ထမ်း၏ ခံစားခွင့်၊ ဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း၍ တင်ပြခွင့်၊ ရှင်းလင်းထုချေခွင့်နှင့် အယူခံခွင့် စသော အချက်များကို စွပ်စွဲခံရသူ ဆရာမ ဒေါ်စိုးစိုးခိုင်အား လုံလောက်စွာ လုပ်ဆောင် နိုင်ခွင့်ကို လစ်လျှူရှု၍ လိုရာကိုဆွဲယူထားပြီး တစ်ဘက်သတ်ရှင်းလင်းထားခြင်း၊
(ဂ) တရားဝင်ဆေးကုသခွင့်လက်မှတ်ရ ဆရာဝန်တစ်ဦး၏ ဂုဏ်သိက္ခာတရားကို ထိပါးပြောဆိုထားခြင်း၊
(ဃ) ၂၀၁၃ခုနှစ် သြဂုတ်လ ၃၀ ရက် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာပါ ရှင်းလင်းချက်များသည် စွပ်စွဲခံရသူကို မူလ ထုတ်ပြန်ထားခဲ့သော ထုတ်ပြန်စာများပါ ရက်စွဲ၊ ဆုံးဖြတ်ချက်၊ ဖြစ်စဉ်များနှင့် ကွဲလွဲမှုများ ရှိနေခြင်း။
(င) စွပ်စွဲခံရသူ၏ု ဝန်ထမ်းဘဝကို နာလန်မထူ အညွန့်တုံးစေမည့် အချက်များဖြင့် ဆုံးဖြတ် ရှင်းလင်းထားသည့်အတွက် နိုင်ငံ့ ဝန်ထမ်းဥပဒေ အပိုဒ် ၅၄ ပါ ဝန်ထမ်းအား ပြစ်ဒဏ်ချမှတ်သည့် အခါ (က) ပညာပေး ပြုပြင်ရေးနှင့် စည်ကမ်းထိန်းသိမ်းမှု ထိရောက်ရေးတို့ကို ဦးတည်ချက်ထားရမည် ဟူသောအချက်နှင့် (ခ) ပြစ်မှုနှင့်ပြစ်ဒဏ် လိုက်လျောညီထွေ ဖြစ်ရမည် ဟူသော အချက်တို့နှင့် သွေဖီနေခြင်း။
(စ) စွပ်စွဲခံရသူသည် ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်း ၄၃ ရက်ရှိခဲ့သည်ဟု ဖော်ပြပါရှိသော်လည်း မူလစွဲချက်တင်ရာတွင် ဤအချက်ကို ထည့်သွင်းထားခြင်း မရှိသကဲ့သို့ ထို ၄၃ ရက်ကာလ ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်းကို နိုင်ငံ့ ဝန်ထမ်းဥပဒေ အခန်း ၁၁ အပိုဒ် ၅၃ (က) ပါ စာဖြင့် သတိပေးခြင်း ဟူသော အချက်ကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးမှ လုပ်ဆောင်ရန် ပျက်ကွက်သည်ကို ဖော်ပြထားမှု မရှိခြင်း။
၅။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၏ အရေးယူအပြစ်ပေးမှုသည် ပြစ်မှုနှင့်ပြစ်ဒဏ် မျှတမှုလုံးဝမရှိဘဲ လုပ်ပိုင်ခွင့် အာဏာကို လွန်ကဲစွာ အသုံးပြုခဲ့သည့်အပြင် ဒီမိုကရေစီဖော်ဆောင်ရေး၏ အခြေခံဖြစ်သော တရားမျှတမှု၊ သာတူညီမျှမှုစသည့် အချက်များကို အခြေခံဆုံးဖြတ်ထားခြင်းမရှိသောကြာင့် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ပါကြောင်း ထပ်မံအသိပေး အကြောင်း ကြားပါသည်။
၆။ မိမိတို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် လုပ်သက်အားဖြင့် (၁၈) နှစ်ရှိပြီဖြစ်သော သင်ကြားရေးအတွေ့အကြုံပြည့်ဝ သော ဆရာမတစ်ဦးအား လွန်ကဲစွာအရေးယူအပြစ်ပေးခြင်းကြောင့် အချီးနှီးဆုံးရှုံးရခြင်းသည် ကာယကံရှင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ နစ်နာဆုံးရှုံးမှု သက်သက်ဟုမမှတ်ယူဘဲ ဒီမိုကရေနိုင်ငံတည်ဆောက်ရေးအတွက် ကြီးမားသောအဟန့်အတားဖြစ်စေသည်ဟု ယူဆပါသည်။ ထို့အပြင် နိုင်ငံအတွက်မရှိမဖြစ်လိုအပ်သည့် လူစွမ်းအားမျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများအတွက် သော်လည်းကောင်း၊ ပညာရေးအသိုင်းအ၀ိုင်း တစ်ခုလုံးအတွက်သော်လည်းကောင်း၊ နိုင်ငံတော်တစ်ခုလုံးအတွက် သော်လည်းကောင်းကြီးမားသော ဆုံးရှုံးမှုကိုဖြစ်စေသည့် လုပ်ဆောင်မှုဟု အလေးအနက်ယူဆပါသောကြောင့် ပညာရေး ၀န်ကြီးဌာနအနေဖြင့် ဖြစ်စဉ်တစ်ခုလုံးအား စိတ်စေတနာအရင်းခံဖြင့် လက်တွေ့ကျကျချဉ်းကပ်ဖြေရှင်းပေးပါရန် တောင်းဆို လိုက်ပါသည်။
၇။ မိမိတို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် ဖြစ်စဉ်တစ်ရပ်လုံးအားပြေလည်စေရန်ရည်ရွယ်၍
ဥပဒေနှင့်အညီလိုအပ်သည့် နည်းလမ်းပေါင်းစုံအသုံးပြုသွားမည်ဖြစ်ပါကြောင်းနှင့် လိုအပ်ပါက ၀န်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း အသိပေးအကြောင်းကြား ထုတ်ပြန်လိုက်ပါသည်။
          8888888888888888888888888888888888888888888888888888888888
Arkar Moethu(Facebook)

"အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်၏ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းခြင်း"

အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်
 ဩဂုတ် ၂၉ ၂၀၁၃

၂၇-၈-၂ဝ၁၃ နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ''အလယ်တန်းပြ ဆရာမရာထူးမှ ထုတ်ပယ်ခဲ့မှု တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ကန့်ကွက်ရှုတ်ချ'' ခေါင်းစဉ်ပါ သတင်းအပါအဝင် ပုဂ္ဂလိကသတင်းစာနှင့် စာစောင်အချို့တွ င် ဖော်ပြပါရှိခဲ့သော အမှတ် (၅) အခြေခံ ပညာအထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြ ဒေါ်စိုးစိုးခိုင် ၏ကိစ္စနှင့် ပတ်သက်၍ပညာရေးဝန်ကြီးဌာနက ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

ရှင်းလင်းချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အထက(၅)နေပြည်တော်မှ ဒေါ်စိုးစိုးခိုင် (အလယ်တန်းပြ) သည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်း ၄၃ ရက် ရှိခဲ့ပြီး ခွင့်ယူရက် လေးရက် ရှိခဲ့ပါသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ဇွန်လ ၃ ရက်နေ့တွင် ကျောင်း စတင်ဖွင့်လှစ်ပါသည်။ ဒေါ်စိုးစိုးခိုင်သည် ၁ဝ-၆-၂ဝ၁၃ ရက်နေ့၊ ကျောင်း ချိန်တွင်အတန်းမှူး ဦးတင်မောင်ဆွေ(အလယ်တန်းပြ)ထံသို့ တယ်လီဖုန်းဖြင့် ခွင့်တိုင်ပါသည်။ အတန်းမှူးမှ မည်သို့မျှပြန်မပြောနိုင်မီဖုန်းချသွားပါသည်။

ကျောင်းအုပ်ကြီးနှင့် အတန်းမှူးတို့က ဒေါ်စိုးစိုးခိုင်၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမပြုခဲ့ပါ။ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင်ကျောင်း အုပ်ကြီးက ထပ်မံဆက်သွယ်ရာ ဒေါ်စိုးစိုးခိုင်၏ မိခင်မှ ဖုန်းကိုင်ပါသည်။ ဒေါ်စိုးစိုးခိုင် အား ကျောင်းအုပ်ကြီးထံ အဆက်အသွယ်ပြုလုပ်ရန် ပြောကြား သော်လည်း ပြန်လည်ဆက်သွယ်ခြင်းမရှိခဲ့ပါ။

ဒေါ်စိုးစိုးခိုင်သည် ၁၇-၆-၂ဝ၁၃ ရက်နေ့တွင်မှ ကျောင်းပြန်တက်ခဲ့ပါသည်။ ခွင့်မဲ့ပျက်ကွက်ရက်မှာ ၈-၆-၂ဝ၁၃ ရက်မှ ၁၆-၆-၂ဝ၁၃ ရက်နေ့အထိ ကိုးရက်ရှိပါသည်။

အဆိုပါ ခွင့်မဲ့ပျက်ကွက်သည့်ကိစ်စနှင့် ပတ်သက်၍ခရိုင်ပညာရေးမှူးရုံးမှ ၂၄-၆-၂ဝ၁၃ တွင် ဌာနတွင်း စစ်ဆေးခဲ့ပါသည်။

ဒေါ်စိုးစိုးခိုင်သည် စစ်ဆေးဆဲ ၂၇-၆-၂ဝ၁၃ တွင်ခွင့်တင်ခဲ့ပြီး ၂၉-၆-၂ဝ၁၃ မှ ၁-၇-၂ဝ၁၃ အထိ သုံးရက်ထပ်မံ ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။ ၂-၇-၂ဝ၁၃ တစ်ရက်၊ ကျောင်းချိန်နောက်ကျ ကျောင်းပြန်တက်ပြီး ၃-၇-၂ဝ၁၃ နှင့် ၄-၇-၂ဝ၁၃ နေ့များတွင် ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်များတွင်ဌာနတွင်း စစ်ဆေးမှုပြုလုပ်ရန်အတွက် ခရိုင်ပညာရေး မှူးရုံးသို့ ၂၈-၇-၂ဝ၁၃မှစ၍ တွဲဖက်အမိန့် ထုတ်ပြန်ခဲ့သော်လည်း လာရောက်ခြင်း၊ ဆက်သွယ်ခြင်းမရှိတော့ပါ။

ခရိုင်ပညာ ရေးမှူးရုံးမှ ဒေါ်စိုးစိုးခိုင်၏ အိမ်သို့ စာဖြင့်လေးကြိမ် သွားရောက်၍ ခရိုင်ရုံးသို့ ရုံးတက်ရန် အကြောင်းကြား ခဲ့သော်လည်း မလာရောက်ဘဲ အကြောင်းမဲ့(ခွင့်မဲ့) ပျက်ကွက်ခဲ့ပါသည်။

၁-၈-၂ဝ၁၃ ရက်နေ့တွင် ဒေါ်စိုးစိုးခိုင်မှာ အမှန်တကယ် ဆက်သွယ်ရမည့် ခရိုင်ပညာရေးရုံးသို့ မဆက်သွယ်ဘဲ အမှတ် (၂) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးသို့ Fax ဖြင့် လစာမဲ့ခွင့် တင်ခဲ့ပါသည်။

စစ်ဆေးချိန်တွင် ခွင့်မဲ့ပျက်ကွက်ရက်များ၌ နေပြည်တော်တွင် အထွထွေသွေေးအားနည်း ရောဂါဖြင့် ဆေးကုသနေ ကြောင်း ပြင်ပဆရာဝန်၏ ဆေးလက်မှတ် တင်ပြလိမ်ညာခဲ့ပါသည်။

စစ်ဆေးရေးအဖွဲ့ မှ သေချာစစ်ဆေး မေးမြန်း သောအခါ ရန်ကုန်သို့ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ၁၅-၆-၂ဝ၁၃ နေ့မှ သာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ၎င်းမှဝန်ခံခဲ့ပါသည်။

ဝန်ထမ်းစည်းမျဉ်းအရ နယ်မြေကျော် လွန်သွားလာခွင့် တင်ပြရမည် ဖြစ်သော် လည်း ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်စိုးစိုးခိုင်သည် ဝန်ထမ်းစည်းကမ်းကို အကြိမ်ကြိမ် လိုက်နာမှု မရှိခြင်းကြောင့် အမှတ်(၂) အခြေခံ ပညာဦးစီးဌာန၏ (၄/၂ဝ၁၃) EC ဆုံးဖြတ်ချက်အရ ၁၅-၈-၂ဝ၁၃ ရက်နေ့တွင် မယူမနေရ အငြိမ်းစားပေးရန် ဆုံးဖြတ်ခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများတွင် အလားတူ ခွင့်မဲ့ ပျက်ကွက်ခြင်းနှင့် အမိန့်မနာခံခြင်းများကို ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ပြစ်မှုထင်ရှားပါက removal (သို့မဟုတ်) Dismiss ပြစ်ဒဏ်များ ချမှတ်ခဲ့ပါသည်။

သို့ဖြစ်၍ ၁၇-၈-၂ဝ၁၃ နေ့တွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ EC ဆုံးဖြတ်ချက်အရ removal အမိန့်ထုတ်ပြန်ခဲ့ ခြင်း ဖြစ်ပါကြောင်းနှင့် ရှင်းလင်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန

ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက် http://www.moi.gov.mm/news/30/08/2013/id-796မှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Posted From Popular Myanmar News Journal

မြန်မာအလှမယ် ခင်ဝင့်ဝါ ဒုတိယမဲအများဆုံး ရနေ

ပြိုင် ပွဲမှာဝတ်မယ့်ပျူဝတ်စုံ(Khin Wint Wah) )






အရှေ့ဥရောပ BELARUS ဘေလာရွတ် နိုင်ငံတွင် ကျင်းပနေသည့် Miss Supranational 2013 အလှမယ် ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ မခင်ဝင့်ဝါ ဝင်ရောက်ယှဉ်ပြိုင် လျှက်ရှိပြီး အွန်လိုင်း နှင့် Facebook သုံးစွဲကြသော မြန်မာပရိသတ်၏ လှုံ့ဆော် မဲပေးမှုကြောင့် မခင်ဝင့်ဝါ သည် ဒုတိယ မဲအများဆုံးဖြင့် ထိပ်တန်းပြေးလျှက်ရှိသည်။

ပထမ မဲအများဆုံးမှာ လူဇင်းဘတ်နိုင်ငံသူ Paulmier Heloise ပေါ်မိလာ ဟယ်လို့ဝစ် ဖြစ် သည်။ ဒီသတင်းရေးနေချိန်ထိ Ms. Paulmier Heloise မှာ မဲအရေ အတွက် ( ၁ သိန်း ၉ သောင်း) နီးပါး ရရှိနေပြီး မခင်ဝင့်ဝါမှာ မဲအရေ အတွက် ( ၁ သိန်း ၄ သောင်း) နီးပါး ရရှိနေသည်။

အိမ်နီးချင်း နိုင်ငံများမှ တရုတ်အလှမယ် Liu Qiang မှာ (၆၆)မဲ ၊ ဖိလစ်ပိုင်မယ် Mutya မှာ မဲ (၅ သောင်း)ကျော် ၊ ထိုင်းနိုင်ငံမှ အလှမယ် Thanyaporn မှာ မဲ(၅သောင်း)နီးပါး နှင့် ရုရှားအလှမယ် Yana မှာမဲ (၆ သောင်း)ကျော် ရရှိနေသည်။ မဲအများဆုံး ရသူကို Miss Supranational 2013 အဖြစ်ရွေးချယ်ပြီး စက်တင်ဘာလ (၆)ရက်တွင် ကြေညာမည် ဖြစ်သည်။

မဲပေးလိုသူများ အောက်ပါလင့်ခ်ကို နှိပ်ကြရန် မခင်ဝင့်ဝါမှ သူမ၏ Facebook https://www.facebook.com/khinwint.wah.73 တွင် ဆော်သြ ထားသည် ။
 အောက်ပါ Link ကိုနှိပ်ပြီး မခင်ဝင့်ဝါ၏ ဓါတ်ပုံကို ၂ချက်နှိပ်ဖွင့်ပါ။ ပုံအကြီး ပေါ်လာလျှင် အနီရောင် စာလုံး Голосовать ကို နှိပ်ခြင်းဖြင့် Vote ပေးနိုင်သည်ဟု ဆိုသည်။ သြဂုတ်လ ၂၆ ရက်နေ့က စပြီး မဲစပေးခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ နာရီ အချိန်ထိ မဲပေးလို့ ရသည်ဟု သိရသည်။


http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286

Miss Supranational 2013 ပြိုင်ပွဲကြီးမှ မြန်မာမလေး “ခင်ဝင့်ဝါ” ကိုအားပေးရန် Link များ

ပရိသတ်များခင်ဗျား မဲပေးနိုင်တာ (၃)မျိုးရှိပါတယ်...အရင်ပေးခဲ့တာတွေအားလုံး အကျိုးရှိပါတယ်...

Russian Webisite မှ ပေးမဲ့ Most Beautiful Woman In the World ဆုအတွက် အောက်ပါ link တွင် မဲပေးနိုင်ပါတယ်...

http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286


Missosology မှ ချီးမြှင့်တဲ့ People Choice Award အတွက်အောက်ပါ Link မှာ LIKE , SHARE နဲ့ Comment များပေးနိုင်ပါတယ်...
https://www.facebook.com/photo.php?fbid=714665621883038&set=a.714663815216552.1073741903.138158146200458&type=1&theater

Miss Supranational 2013 ပြိုင်ပွဲကြီးရဲ့  Miss Internet ဆုနှင့် စကာတင်Top (20)စာရင်းဝင်ဖြစ်ရန် အတွက် တရားဝင် Vote System ကတော့ စက်တင်ဘာလ (၂) ရက်နေ့ ၊ တနင်္လာနေ့မှာ စတင်တော့မှာဖြစ်ပြီး Credit/Debit Card Payment ဖြင့် (၁၀)Votes ကို (၅)ဒေါ်လာဖြင့် ငွေချေပြီး အောက်ပါLink မှ မဲပေးနိုင်ကြောင်းသိရပါတယ်....
http://www.misssupranational.com/VotingPage.html


Miss Supranational Myanmar(Facebook) မှ

ပဲခူးလယ်သမားအရေးကူညီဖို့သွားတဲ့ ဦးဝင်းချိုကို ပဲခူးမှာ ဖမ်းပြီ

ဦးဝင်ချို
၅၀၅/ခ တွေ ဒီမိုကရေစီစနစ်မှာ အရောင်းသွတ်လာပါပြီ ။
ဦးဝင်ချို နဲ့ (၅)ယောက် ပဲခူးမှာ ဈေးဦးပေါက်ပြီ ။

ဦးဝင်ချိုကို ဆက်သွယ်မရတော့ . . . ဖုန်းကိုပါ သိမ်းလိုက်ပြီ ဖြစ်မည် ။ ဖုန်းသိမ်းတော့မည်ဖြစ်ကြောင်း နောက်ဆုံး သတင်းပေးပို့သွားသည် ။
၅၀၅/ခ နှင့် တရားစွဲဆို ချက်ခြင်းစီရင်မည့် သဏ္ဍန်ဖြစ်နေကြောင်း ပြောသည် ။
ဥိးဝင်ချိုနဲ့ (၂) ယောက်က အမှတ် (၁) စခန်းမှာ ချုပ်ပြီး ကျန်သူများကို စခန်း (၂) ၊ (၃) တွင် ခွဲ၍ ချုပ်ထားမည်ဟု ပြောကြားသွားသည် ။ အားလုံးပေါင်း (၆) ယောက် မိန်းကလေးလဲပါတယ် ။ လူငယ်မောင်မယ်တွေ ။ အထူးသဖြင့် တရားမျှတမှုကို ချစ်တဲ့ လးငယ်မောင်မယ်တွေ ။

တော်တော်ကို လွန်လာပါပြီ ။ နိင်ငံတော် ဆိုသည်ကို လိုလိသလို ဘာသာပြန်ပြီး ၊ နိင်ငံသားများ၏ ရပိုင်ခွင့် အနည်းငယ်ကိုပင် ဒီမိုကရေစီဟု ဆိုလျှက် ယခုကဲ့သို့ အောက်ခြေရှိ ဒေသအာဏာပိုင်များမှ ဖမ်းဆီးမှုများ တိုးမြင့်လုပ်ဆောင်နေမှုသည်
ပြည်သူကိုဗဟိုပြု၍ ကောင်းမွန်သော အပြောင်းအလဲများကို ကြိုးစားဖော်ဆောင်နေပါသည်ဆိုသော သမ္မတ ၊ လွှတ်တော်ဥက္ကဠ ၊ ကာကွယ်ရေးဝန်ကြီးချုပ် အပါအ၀င် ပြည်ထောင်စု အစိုးရတစ်ရပ်လုံး နှင့် နိင်ငံအ၀ှမ်းရှိ နိင်ငံသားဖြစ်ခွင့်ရှိပြီးသော နိင်ငံသားထု တစ်ရပ်လုံးကို စိန်ခေးလာခြင်းပင် ဖြစ်ပါသည် ။

နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်တွင် ပြားပြားဝပ်ခဲ့ရသော ကြောက်စိတ်များကို ဒီမိုကရေစီ အသံပေး၍ လမ်းပေးသို့ ထုတ်စေပြီးမှ ယခုကဲ့သို့ စီရင်နေမှုသည် တိုင်းပြည်၏ အလိုအပ်ဆုံးဖြစ်သော အစိုးရနှင့် နိင်ငံသားများ၏ ပြန်လှန်ယုံကြည်မှု တည်ဆောက်ရေး ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တိတိလင်းလင်းဖျက်ဆီးနေပါသဖြင့် နိင်ငံတော် အစိုးရ အဆင့်များနှင့် နိင်ငံသားအားလုံးမှ ဥပဒေနှင့် မညီသော အောက်ခြေရှိ အုပ်ချုပ်ရေး ၊ တရားစီရင်ရေးများ၏ မတရားမှုများကို ယခုထက် ပို၍ ဖော်ထုတ် ဆန့်ကျင် ပူးပေါင်းဖယ်ရှားသွားရတော့မည် ဖြစ်ပါသဖြင့် နိင်ငံတော်အစိုးရ အဆင့်မှ အမြန်ဆုံး ယခုကဲ့သို့ တက်ကြွလှုပ်ရှားသူများ နှင့် အစိုးရကြား အကြည်အညိုပျက်စေနိင်သော အမိန့် ညွှန်ကြားမှုများနှင့် လုပ်ဆောင်နေမှုများကို နိင်ငံသားများနှင့် ပူးပေါင်းကာကွယ် ပြင်ဆင် လမ်းညွှန်ပေးဖို့ ခပ်မြန်မြန် လုပ်ဖို့ လိုတယ်လို့ လေးစားစွာ ရေးသား သိစေအပ်ပါသည် ။

ယခုကဲ့သို့ ပုဒ်မ (၁၈) ၊ ပုဒ်မ ၁၄၄ ၊ ပုဒ်မ (၅၀၅/ခ) သင်းဖွဲ့ (၆) များသည် မြို့နယ် အုပ်ချုပ်ရေးမှူးများမှ လိုသလို ပြည်သူအပေါ် ပြုမူ ဆက်ဆံခြင်းသည် စစ်အုပ်ချုပ်ရေးကာလ အဖိနှိပ်ခံ နိင်ငံသားများ၏ အခြေအနေထက် ပိုမို နာသာခံခက်ဖြစ်ကြရစေပါသည် ။ ဒီမိုကရေစီဟု ဆိုပါလျှက် လိုသ်လို ပုဒ်မတပ် အရေးယူခံနေရခြင်းသည် ပြည်သူ့ဘ၀လုံခြုံမှု ကင်းမဲ့နေကြောင်းကို သိသာမြင်လွယ်သော အကြောင်းတရားများ ဖြစ်လာပါသည် ။

နိင်ငံသားကောင်း ဖြစ်ခွင့် ရှိသော နိင်ငံသားများမှ ယခုကဲ့သို့ လယ်သမား ၊ အလုပ်သမား ၊ တိုင်းရင်းသားများ ၊ နိင်ငံသားများ၏ ဥပဒေအကာအကွယ် ကင်းမဲ့မှုသည် နောင်တစ်ချိန် ခင်ဗျားတို့ လက်ခံရမည့် အကာအကွယ်မဲ့မှုများ မဖြစ်ပေါ်လာစေရန် နိင်ရာထောင့်မှာ မတရားမှု နှင့် မတရားသည့် ဥပဒေများ ၊
ထို ဥပဒေများကို ခုတုံးလုပ်ဆောင်မှုများ ပပျောက်စေရန် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ တေးလင်္ကာ ကို ဆက်ဖတ်ကြည့်ပေးကြပါဗျာ . . .။
-===========================

တစ်ကယ့် တစ်ကယ် တွန်းလှန်ဖို့ အရေးကလဲ
မဝေးတော့ပြီမို့ . . .
အရေးကြီးလျှင်ဖြင့် သွေးနီးရာ ဆိုသည့် အတိုင်း
ကိုင်း . . . ထထကြွကြွ နဲ့ ၀ိုင်းကြပေရော့ . . .

ငြိမ်းချမ်းရေးဖခင်ကြီး သခင် ကိုယ်တော်မှိုင်း

ဆက်သွယ်ရန်
၀၉ ၇၃၂၀ ၆၈၃၈
Kowai Lu -
ဒေါင်းမာန်ဟုန် http://www.dawnmanhon.com/2013/08/blog-post_2474.html#sthash.U1fIVrAd.dpbs

အမေရိကန် အကျဉ်းသားကိုလွတ်ပေးဖို့အား မြောက်ကိုရိးယားတို့ ငြင်းဆန်


Saturday, August 31, 2013

မြောက်ကိုရီးယားတို့ ဖမ်းဆီးထားတဲ့ အမေရိကန် အကျဉ်းသားတစ်ဦးကို လွတ်ပေးဖို့ တောင်းဆိုချက်ကို မြောက်ကိုရီးယား (DPRK) မှ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ Kenneth Bae လို့အမည်ရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦး အဖြစ် မြောက်ကိုရီးယားသို့ သူသျှိုအဖြစ်ရောက်ရှိချိန် ဖမ်းဆီးလိုက်ခြင်း ဖြစ်ပါတယ။် ပြိးခဲ့တဲ့ နှစ် နိုဝင်ဘာလက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၁ နှစ်ပြည့်ပါတော့မယ်။ သူ့ကို DPRK က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ထားပါတယ်။ ယင်း ပြုမှုလုပ်ဆောင်ချက်အတွက် အမေရိကန်တို့ မြောက်ကိုရီးယားကို ပိုမို ဒေါသထွက်စေပြီး ဆက်ဆံရေး ပိုလို့ တင်းမာစေခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ပြေလှယ်ရန် ပြန်လည်ငြိနှိုင်းနေချိန် ယခုကဲ့သို့ ပြောဆို တုန့်ပြန်ချက်အပေါ် အမေရိကန်မှ မည်သို့အရေးယူ ပိတ်ဆို့မှု ပြုလုပ်မယ်ဆိုတာကို စောင့်ကြည့်လျက် ရှိကြ ကြောင်း သိရပါတယ်။
.
Ref: Xinhua
Aung Kham (ရိုးရာလေး)

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသွားမည်


ရန်ကုန် ၊ သြဂုတ် - ၃၀ 
စင်ကာပူ နိုင်ငံ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုး တက်မှုများကိုလေ့လာရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် စင်ကာပူနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် စက်တင်ဘာလအ တွင်း သွား ရောက်ရန်ရှိကြောင်း သိရသည်။

ယင်းခရီးစဉ်သည် စက်တင် ဘာ ၂၀ ရက်နှင့်  ၂၂ရက်များတွင် ပြုလုပ်မည့် ဒုတိယအကြိမ် စင်ကာ ပူထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေးနှင့်ပတ် သက်သည့် အဓိကအချက်အ လက်များခေါင်းစဉ်ဖြင့် ဒေါ်အောင် ဆန်းစုကြည် မှ မိန့်ခွန်းပြောကြား မည်ဖြစ်သည်။  ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူခရီးစဉ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြောရေးဆိုခွင့်ရှိသူနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မြင့်က ''စင်ကာပူခရီးစဉ်ကို ၂၀ ရက်မှာ မြန်မာနိုင်ငံကနေ ထွက် မယ်။ စင်ကာပူ  Summit ကိုတက် ဖို့ သွားမှာပါ။ စင်ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လေ့လာ ဖို့ ဘာတို့ဆိုတာက သွားရင်းနဲ့ လိုအပ်တာတွေကိုလဲ ဆွေးနွေး မှုတွေရှိချင်လဲရှိမှာပါ''ဟု ရန်ကုန် တိုင်းမ် သတင်း စာ ၏ ဆက်သွယ် မေးမြန်းမှုကိုဖြေကြားသည်။

Global Asia Programmed Office  ၏စီစဉ်မှုဖြင့် စင် ကာပူစီးပွားရေးဖွံ့ဖြိုးမှုဘုတ်အ ဖွဲ့၊ စင်ကာပူငွေကြေးအာဏာပိုင် အဖွဲ့ ကုန်သွယ်ရေးနှင့်စက်မှုဝန် ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ GIC နှင့် စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိက တက္ကသိုလ် တစ်ခုဖြစ်သည့်   Temasek  တက္ကသိုလ်တို့မှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့်ပတ်သက်၍ စင်ကာပူ အမျိုးသားတက္ကသိုလ်၏ East Asian Institrte မှ ဧည့်သုတေသီ Dr Alistair Cook  က ''မြန်မာ နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးဖို့ ဆိုရင်ပွင့်လင်းမြင်သာမှု၊ နိုင်ငံရေး ပြုပြင်မှု၊ လွတ်လပ်သည့် တရားစီ ရင်ရေးစနစ်နှင့် တရားဥပဒေစိုး မိုးရေးတို့ကို ပြည်သူအားလုံးအ တွက်လိုအပ်ပါတယ်''ဟု CNA သတင်းဌာန၏ ဖော်ပြချက်တွင် သုံးသပ်ပြောကြားထားသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေအိမ်အကျယ်ချုပ် မှလွတ်မြောက်ပြီး အမေရိကန်၊ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံများသို့ ၂၀၁ဝပြည့်နှစ်အတွင်းက သွား ရောက်ခဲ့ပြီး အာဆီယံဒေသတွင်း အိမ်နီးချင်းနိုင်ငံ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ခုနှစ် အတွင်း သွားရောက်ခဲ့ကာ စင်ကာပူနိုင်ငံ သို့ လာရောက်ခြင်းမှာ ယခုအ ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်းလည်းသိရပြီး ယင်းစင် ကာပူခရီးစဉ်မတိုင်မီ စက်တင် ဘာ ၁ဝရက်တွင် ဥရောပခရီးစဉ် များအဖြစ် ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတ နိုင်ငံများသို့ သွား ရောက်ရန်ရှိကြောင်း သိရသည်။

ကောင်းမြတ်ကျော်  (Yangon Media Group)

ပြည်နယ်တရားသူကြီးကို အယုံအကြည် မရှိကြောင်းအဆို ပြည်နယ်လွတ်တော်အမတ်များ တင်သွင်း

  ပြည်နယ် လွှတ်တော် ( ဓါတ်ပုံ- နိရဉ္စရာ)
 ၃၀-၈-၂၀၁၃
ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် လွတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် ပြည်နယ် တရားသူကြီး ဒေါ်စီစီကို အယုံကြည် မရှိကြောင်း အဆိုကို လွတ်တော်အမတ်များ တင်းသွင်း လိုက်ကြောင်း သိရသည်။
အဆိုပါ အယုံအကြည်မရှိကြောင်း အဆိုကို ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်မှ ဦးဆောင်ကာ လွတ်တော်ကိုယ်စားလှယ် ၁၄ ဦးမှ လက်မှတ်ရေးထိုး တင်သွင်းလိုက်ခြင်းဖြစ်သည်။
ပြည်နယ်တရားသူကြီးကို အယုံအကြည်မရှိ အဆိုတင်သွင်းရသည့်ကိစ္စနှင့်ပတ်သတ်ပြီး ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုကဲ့သို့ပြောသည်။
“ အဓိကတော့ ဒေါ်စီစီရဲ့ လုပ်ဆောင်မှုတွေကို ပြည်သူတွေကတင်ပြလာတဲ့အတွက် ဒီလို အဆိုတင်သွင်းရတာ ဖြစ်ပါတယ်။ မြောက်ဦးမြို့က ဒေါ် မသန်းတင်ဆိုတဲ့အမျိုးသမီးက ဆန်စပါး ရောင်းဝယ်ရေးနဲ့ပတ်သတ်တဲ့ လူ ပေါင်း ၉၀ ကျော်ဆီက ကျပ်သိန်း ပေါင်း ၄၃၀၀ ကျော် လိမ်လည်ထားတဲ့ အမှုတခုရှိတယ်။ ဒီအမှုနဲ့ ပတ်သတ် ပြီး ဒေါ်စီစီက ငွေကြေးအပေးအယူလုပ်ပြီး သူ့အချိန်ဝါကို အသုံးချ ဖုံးကွယ်ထားတဲ့ ကိစ္စတခုရှိတဲ့အတွက် ပျက်စီးနေတဲ့ တရားရေးမဏ္ဍိုင်ကို ခွင့်လွတ်လို့မရတော့ဘူးဆိုပြီး ကျွန်တော်တို့ ဒီအဆိုကို တင်သွင်းလိုက် တာ ဖြစ်ပါတယ်။”
အဆိုပါ ငွေကြေးလိမ်လည်မှုမှာ ၂၀၁၂ ခုနှစ်က မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလိမ် ခံရသူများက ဒေါ် မသန်းတင်ကို တရားစွဲဆိုရန် မြို့နယ်၊ ခရိုင်အဆင့်တို့တွင် တရားစွဲဆိုခဲ့သော်လည်း ဒေါ်မသန်းတင်က ပြည် နယ်အဆင့် ဒေါ်စီစီကို ငွေးကြေးတချို့ပေးချဉ်းကပ်ကာ ဒေါ်စီစီမှ သူ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဒေါ်မသန်း တင်ကို တရားစွဲခွင့်မရှိဟုဆိုကာ ပယ်ချထားသည်ဟု ဆိုသည်။
ယခုအခါ ငွေကြေးလိမ်လည်ခံရသူများမှာ ပြည်နယ်အဆင့် တရားသူကြီးမှ ပယ်ချထားသည့်အတွက် တိုင်ကြား စရာ မရှိသည့်အတွက် လွတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားရာမှ ယခုကဲ့သို့ ပြည်နယ် တရားသူကြီး ပါဝင်ပတ်သတ်မှုရှိနေကြောင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယခုအခါ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး စစ်ဆေး တွေ့ရှိချက်များကို လာ မည့် လွတ်တော်အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း ဦးအောင်မြကျော်က ဆက်ပြောသည်။
“ အခုကျွန်တော်တို့ စုံစမ်းစစ်ဆေးရေး ကော်မီတီတခုဖွဲ့ဖို့ထားပါတယ်။ အဲဒီအဖွဲ့က အမှုနဲ့ ပတ်သတ်ပြီး အားလုံးကို ကွင်းဆင်းစစ်ဆေးမယ်။  အဲဒီစစ်ဆေးချက်တွေကို နောက်တခေါက် လွတ်တော်မှာ တင်ပြပါတယ်။  ကော်မီတီရဲ့တွေ့ရှိချက်တွေ မှန်ကန်တယ်။ လွတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ လက်ခံရင် ဒေါ်စီစီကို ဖြုတ်ချ နိုင်မှာဖြစ်ပါတယ်” ဟုဆိုသည်။
ဥပဒေပုဒ်မ ၃၁၁ တွင်လည်း လွတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ပုံ သဘောတူလျှင် ပြည်နယ် တရားသူကြီးကို ဖြုတ်ချနိုင်ကြောင်း ဖော်ပြထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း တရားရေးမဏ္ဍိုင်မှာ အထူးပျက်စီးနေသည့်အတွက် တရားရေးမဏ္ဍိုင် သန့်ရှင်းရေနှင့် တည့်မတ်နိုင်ရေးမှာ အထူးအရေးကြီးနေပြီ ဖြစ်ကြောင်းလည်း ဦးအောင်မြကျော်က ပြောဆိုသွားသည်။

ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက နိုင်ငံအပြောင်းအလဲ ဖြစ်နိုင် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်း တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I-12 တွင် ပြည်တွင်းပြည်ပ မီဒီယာများနှင့် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ် ။ ဓါတ်ပုံ - National League for Democracy

နေပြည်တော်၊ သြဂုတ် ၃၀

ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအပြောင်းအလဲ ဖြစ်နိုင်ကြောင်း ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ်လ ၃၀ ရက်နေ့က ပြည်သူ့လွှတ်တော်ရုံးတွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် လက်ရှိ ဖြစ်ပွားနေသော ဘာသာရေးအသွင်ဆောင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ၂၀၁၅ အထွေအထွေ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိ မရှိမေးခွန်းကို သတင်းထောက်အချို့က မေးမြန်းရာ ၎င်းက ယင်းသို့ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။

“အခုကတော့ ၂၀၁၃ မကုန်သေးဘူး။ ၂၀၁၅ ရောက်ဖို့ တစ်နှစ်ကျော်ကျော် ကျန်သေးတယ်။ ဒီကြားထဲမှာ နိုင်ငံအပြောင်းအလဲတွေ ဖြစ်နိုင်တယ်” ဟု ၎င်းကဆိုသည်။

သို့သော် မည်သို့သော အပြောင်းအလဲ ဖြစ်နိုင်သည် ဆိုသည်ကိုမူ ပြောကြားခြင်း မရှိပေ။ မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် ရွေးကောက်ပွဲများ ရှိခြင်း မရှိခြင်းကို မစဉ်းစားဘဲ အမြန်ဆုံးပြန်လည် ဖြေရှင်းသင့်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည် နိုင်ငံရေး မတည်ငြိမ်မှုကို ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟူသော စွပ်စွဲပြောဆိုချက်များသည် အထောက်အထား ခိုင်လုံမှု မရှိသဖြင့် မှန်ကန်သည်ဟုဆို၍ မရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယခုဖြစ်ပွားနေသော ဘာသာရေး အသွင်ဆောင် ပဋိပက္ခများကို ဘာသာရေး ခေါင်းဆောင်များက နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်ရန် ကူညီပေးသင့်ကြောင်း ၎င်းက ဆက်လက်အကြံပြုသည်။

ပဋိပက္ခများ ဖြေရှင်းရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အင်အား၊ အထောက်အကူပြု ပစ္စည်းနှင့် ပဋိပက္ခ ထိန်းချုပ်နိုင်သော စွမ်းရည်များ လိုအပ်နေသေးကြောင်း၊ အစိုးရက အမြန်ဆုံး ဖြည့်ပေးရန် တာဝန်ရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လူမျိုးရေးနှင့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက နိုင်ငံအသွင်ကူးပြောင်းမှုကို ထိခိုက်စေနိုင်ကြောင်း အမေရိကန်အစိုးရ၏ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူးကော်မရှင်က သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

ဆီးရီးယားကို အကန့်အသတ်နဲ့တုံ့ပြန်ဖို့ အိုဘားမားစဉ်းစား

အစိုးရက ဓာတုလက်နက်အသုံးပြုမှုရှိနေကြောင်း အထောက်အထားတွေ့နေရတယ်ဆိုသော ဆီးရီးယားနိုင်ငံတွင်း ပဋိပက္ခအခြေအနေ။
ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်သုံးတိုက်ခိုက်တယ်လို့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတုံ့ပြန်တဲ့အနေနဲ့   အကန့်အသတ်နဲ့အရေးယူ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်လို့  အမေရိကန်သမ္မတ Barack Obama က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် တစုံတရာတော့ အပြီးမချမှတ်သေးဘူးလို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရဟာ ပြီးခဲ့တဲ့လတိုက်ခိုက်မှုမှာ ဓာတုအဆိပ်လက်နက်တွေ သုံးစွဲခဲ့တာကို  အမေရိကန်ထောက်လှန်းရေး အချက်လက်တွေက ညွှန်ပြနေတယ်လို့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry သတင်းထောက်တွေကို ပြောကြားပြီး မကြာခင်မှာပဲ သမ္မတ အိုဘားမားက အခုလိုပြောခဲ့တာပါ။

ဆီးရီးယားနိုင်ငံ Damascus မြို့တော်နားမှာ ဖြစ်ပွားတဲ့တိုက်ခိုက်မှုအတွင်း  ကလေးသူငယ် ၄၂၆ ယောက်အပါအဝင် အရပ်သား ၁၄၀၀ ကျော် သေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုမဖြစ်ပွားခင် သုံးရက်အလိုမှာ ဆီးရီးယား အစိုးရ ဓာတုလက်နက်ကိုင်တပ်ဖွဲ့ကို အဲဒီဒေသမှာ တွေ့ရကြောင်း အထောက်အထားတွေ ရခဲ့တယ်လို့ ဝန်ကြီး Kerry ကပြောပါတယ်။
 ဒါ့အပြင် ပစ်ခတ်ခဲ့တဲ့ ရော့ကက်ဒုံးကျည်ဟာ ဆီးရီးယားအစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာကလာတာဖြစ်ပြီး အတိုက်အခံတွေ ခြေကုပ်ယူထားတဲ့နေရာနဲ့ ဝန်းကျင်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဆီးရီးယားအရာရှိတွေက အဆိပ်ဓာတ်ငွေ့သုံး တိုက်ခိုက်တာကို အတည်ပြုကြောင်း  ပြောကြားချက်တွေကို ကြားဖြတ်နားထောင်ထားတဲ့ အထောက်အထားတွေကိုပါ ထောက်လှန်းရေးအစီရင်ခံစာထဲမှာ တွေ့ရတယ်လို့ ဝန်ကြီး ကယ်ရီကပြောပါတယ်။

သမ္မတအိုဘားမားက စစ်တပ်ဘက်ကရော သူ့ရဲ့အမျိုးသားလုံခြုံရေး အဖွဲ့ဝင်တွေဆီကပါ သတင်းအချက်အလက်တွေကို ဆက်ယူနေပြီး အမေရိကန်လွှတ်တော်နဲ့ မဟာမိတ်နိုင်ငံတွေဆီက အကြံဉာဏ်တွေကိုပါ ယူနိုင်ဖို့ တိုင်ပင်နေတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

စစ်ရေးသုံးဖို့ ပြင်သစ် ထောက်ခံဆဲ

ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း
 ဆီးရီးယားကို စစ်ရေးအရ မစွက်ဖက်ဖို့ ဗြိတိန်ပါလီမန်က ကန့်ကွက်မဲပေးခဲ့ပေမယ့် ပြင်သစ်အတွက် ထူးခြားသွားမှာ မဟုတ်ကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက ပြောကြားလိုက်ပါတယ်။

အရင်တပတ်က အရပ်သားတွေကို ဓာတုလက်နက်သုံး တိုက်ခိုက်တယ်ဆိုတဲ့ ကိစ္စအတွက် အာဆတ် အစိုးရကို ပြင်းထန်စွာ အရေးယူဖို့ ထောက်ခံဆဲ ဖြစ်ကြောင်း ပြင်သစ် သတင်းစာကြီးတစောင်ကို မစ္စတာ အော်လန်းက ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ နှောင်းပိုင်းမှာ အမေရိကန် သမ္မတ အိုဘားမားနဲ့ စကားပြောမယ် လို့လည်း သူက ဆိုပါတယ်။

ဒီအချိန်မှာပဲ ဂျာမနီကတော့ ဆီးရီးယား စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ ပယ်ချခဲ့ပါတယ်။

ဂျာမနီ အနေနဲ့ စစ်ရေးနည်းလမ်းကို ရှာဖွေမှာ မဟုတ်သလို စဉ်းစားမှာလည်း မဟုတ်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဂီဒိုဗက်စတာဗဲလားက ဂျာမန် သတင်းစာကို ပြောကြားပါတယ်။

ဆီးရီးယားမှာ စစ်ဆေးမှု ပြီးဆုံးသွားတဲ့ ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးအဖွဲ့ ဆီးရီးယားက မထွက်ခင်မှာ ဒမတ်စကပ်က စစ်ဆေးရုံတွေကို သွားရောက် ကြည့်ရှုခဲ့ပြီး စစ်ဆေးမှုရလာဒ်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)

Friday, August 30, 2013

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ် ရှိကြောင်း ပြင်သစ် ပြောကြား

 
လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။

အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံတစ်ခုလည်း ဖြစ်သည့် ပြင်သစ်နိုင်ငံ၏ သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက မိမိတို့သည် ဓာတုလက်နက်များ အသုံးပြုခဲ့သည့် ဆီးရီးယား အစိုးရအပေါ် အရေးယူရန် အသင့်ရှိနေကြောင်း ကြေညာခဲ့သည်။

ဗြိတိန်တွင် မဲခွဲဆုံးဖြတ်မှုအရ ဆီးရီးယားကို စစ်ဆင်မှု ပြုလုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သော်လည်း ယင်းအချက်ကြောင့် ပြင်သစ်၏ ရပ်တည်မှုကို အပြောင်းအလဲ ဖြစ်စေမည် မဟုတ်ဟုလည်း ဟော်လန်ဒေးက ဆိုသည်။ "ပြင်သစ်ဟာ ဒမတ်စကက်က အစိုးရရဲ့ မလျော်မကန် လုပ်ရပ်ကို အရေးယူဖို့ လိုလားချက်အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

ဟော်လန်ဒေးက ဗြိတိန်က စစ်ဆင်ရေးကိစ္စကို နောက်ဆုတ်သွားသော် လည်း ပြင်သစ်ကမူ အစီအစဉ် အပြောင်းအလဲမရှိဟုလည်း ထပ်လောင်း ပြောဆိုလိုက်သည်။

"နိုင်ငံတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ အထူးသဖြင့် ဒီလို စစ်ဆင်ရေးမျိုးမှာ ပါဝင်မလား၊ မပါဝင်ဘူးလား ဆိုတာကို စိတ်ကြိုက် ဆုံးဖြတ်ခွင့် ရှိပါတယ်။ ဗြိတိန်က ဗြိတိန်အနေနဲ့၊ ပြင်သစ်က ပြင်သစ်အနေနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်"ဟုလည်း ၎င်းက ဆိုသည်။

ဩဂုတ်လ (၂၁)ရက်နေ့က သူပုန်တပ်ဖွဲ့များကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ကြောင်း စွပ်စွဲခံနေရသည့် ဘာရှာအယ်လ် အာဆက်ဒ် အစိုးရကို ပြင်သစ်က ပြစ်ဒဏ်ခတ်ရန်ရည်ရွယ်ပြီး ဖြစ်ကြောင်း
ဟော်လန်ဒေးက ဆက်လက် ပြောဆိုသွားသည်။

Planet Myanmar Network

မြန်မာ့ရွှေဈေး မြင့်တက်

 
ဆီးရီးယားအရေးကြောင့် ကမ္ဘာ့ရွှေဈေးကွက် မြင့်တက်လာမှုနဲ့အတူ မြန်မာ့ရွှေဈေးကွက်လည်း အခုတပတ်အတွင်း မြင့်တက်နေပါတယ်။

ဆီးရီးယားနိုင်ငံက ဓာတုလက်နက်နဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀၀၀ ကျာ် သေခဲ့ရပြီးတဲ့နောက် အမေရိကန်နဲ့ ဗြိတိန်တို့က ဆီးရီးယားကိစ္စကို စစ်ရေးအရစွက်ဖက်ဖို့ ပြင်ဆင်မှုလုပ်လာပြီး အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ် ဖြစ်လာတာနဲ့အတူ ကမ္ဘာ့ရွှေဈေးထိုးတက်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်း ရွှေဈေးကွက်က ဒီရက်ပိုင်းအတွင်း ကျပ် ၇၂၀,၀၀၀ ကျော်အထိ တက်လာပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “ပြီးခဲ့တဲ့ အပတ်က ကမ္ဘာ့ရွှေဈေးကွက်မှာ ဈေးနှုန်းတွေ တက်လာပြီးတော့ ပြည်တွင်း ရွှေဈေးကွက်လည်း လိုက်ပါ မြင့်တက်လာတာပေါ့။ ကမ္ဘာ့ရွှေဈေးမြင့်တက်ရတဲ့အကြောင်းရင်းက ဆီးရီးယား ပြည်တွင်းစစ်ကြောင့်ပေါ့။ ရွှေဈေးတက်သွားလို့ ကြားထဲက ဘာမှ ရိုက်ခတ်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။

မနေ့ကအထိ ပြည်တွင်းရွှေဈေးက ၁ ကျပ်သားကို ကျပ် ၇၂၆,၀၀၀ ရှိပြီးတော့ ဒီနေ့ရွှေဈေးက ၇၂၄,၅၀၀ ပါ။

အခုလို ပြည်တွင်း ရွှေဈေးမြင့်တက်တာကြောင့် ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအား အခြေအနေနဲ့ပတ်သက်ပြီး တိတ်စိန်ရွှေဆိုင်တာဝန်ရှိသူ ဦးဇော်အောင်က အခုလို ပြောပါတယ်။

“အမေရိကန်-ဆီးရီးယားကိစ္စကြောင့် ရွှေဈေး ၇၂၀၀၀၀ ဖြစ်သွားတာ တပတ်လောက်ရှိသွားပြီ။ အခုရက်ပိုင်း အတက်အကျ အရမ်းများတော့ အရောင်းအ၀ယ်တွေလည်း ပိုသွက်တာပေါ့။”

မြန်မာနိုင်ငံရဲ့ ရွှေဈေးကွက်က အခုနှစ် ဧပြီလတုန်းကတကြိမ် ၇၆၀၀၀၀ အထိ အမြင့်ဆုံးဖြစ်ခဲ့ပြီး အဲ့ဒီအချိန်တုန်းကလည်း ကမ္ဘာ့ဒေါ်လာဈေး မြင့်တက်မှုအရှိန်ကြောင့် ဖြစ်ခဲ့ရတာပါ။

အရှေ့အလယ်ပိုင်း ဒေသ မတည်မငြိမ်ဖြစ်မှုနဲ့အတူ နိုင်ငံတကာမှာ လောင်စာဆီဈေး တက်စပြုနေပေမယ့် မြန်မာနိုင်ငံတွင်းက လောင်စာဆီဈေးကွက်ကိုတော့ သိသိသာသာ ရိုက်ခတ်ခြင်း မရှိသေးပါဘူး။

by ယုဇနကိုကို  (ဒီဗွီဘီ)

ကချင်ဒုက္ခသည် ပြန်လည်နေရာချရေး ကုလအထူးကိုယ်စားလှယ် ဆွေးနွေး

ကုလအတွင်းရေးမှူးချုပ်အထူးအကြံပေး မစ္စတာ ဘီဂျေး နမ်ဘီးယား။
ကုလအတွင်းရေးမှူးချုပ်အထူးအကြံပေး မစ္စတာ ဘီဂျေး နမ်ဘီးယား။
မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ ဒီကနေ့ နေပြည်တော်မှာ ဒုတိယသမ္မတ (၁) ဒေါက်တာစိုင်းမောက်ခမ်းအပါအဝင် တခြား ပြည်ထောင်စု ဝန်ကြီးတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲတွေအတွင်း ဆွေးနွေးခဲ့တာတွေထဲမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကချင်ပြည်နယ်က စစ်ရှောင်ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးကိစ္စတွေလည်း ပါဝင်တယ်လို့ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးတစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ ထားပါတယ်။

မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ဒီကနေ့မှာတော့ မြန်မာအစိုးရရုံးစိုက်ရာ နေပြည်တော်ကို ရောက်ရှိနေပြီး ဒုတိယသမ္မတ အပါအဝင် ပြည်ထောင်စုဝန်ကြီး အချို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။သူရဲ့နေပြည်တော်ခရီးစဉ်မှာ မနက် ၉ နာရီခွဲ က မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုံးမြင့်နဲ့ သင်္ဂဟဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။
မစ္စတာနမ်ဘီးယားနဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ တစ်နာရီနီးပါးကြာ တွေ့ဆုံစဉ်မှာ အဓိက ဆွေးနွေးတဲ့အချက်တွေကိုတော့ ပြည်ထောင်စုဝန်ကြီး ဦးအုံးမြင့်က အခုလို ပြောပါတယ်။

“အဓိက-ကတော့ ကျနော်တို့လုပ်ငန်းတွေကို တိုးပြီးတော့မှ ဆောင်ရွက်သွားမယ့် အခါကျတော့ မစ္စတာနမ်ဘီယားက ၂၅ ရက်နေ့က လုပ်တဲ့ Workshop မှာ တက်ပါတယ်။ သူကလည်း ကျနော်တို့နိုင်ငံကနေပြီးတော့မှ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှု အခြေအနေတွေကို သူတို့လည်း ကုလသမဂ္ဂကနေ အသိအမှတ်ပြု အားပေးပါတယ်ဆိုပြီးတော့ ပြောဆို ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ အဲဒီလို အခြေခံပြီးတော့မှ မြစ်ကြီးနားကို သူတို့သွားပြီး ပြန်လာတဲ့အခါကျတော့ မြစ်ကြီးနားဘက်မှာ သွားကြည့်ခဲ့တဲ့ အပေါ်ကို အခြေခံပြီးတော့ အဲဒီဘက်မှာ ပြန်လည်နေရာချထားတာလေးတွေ၊ ကျေးရွာလေးတွေ ပြန်ပြီးတော့ထူထောင်တာလေးတွေ။ အဲဒီကဏ္ဍနဲ့ ဆက်စပ်နေတဲ့ ဥစ္စာလေးတွေကို ကျန်တဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေနဲ့ သူတို့နဲ့က မိတ်ဆွေတွေ ရှိနေတယ်။ အကူအညီပေးဖို့ စီမံဆွေးနွေးတယ်။ အဓိကအားဖြင့်ပါ။”

မစ္စတာနမ်ဘီးယားဟာ ဒုတိယသမတအပါအဝင် တခြားဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်တွေကိုတော့ ဝန်ကြီး ဦးအုံးမြင့်က အခုလိုပြောပါတယ်။
“ကျနော်သိသလောက်တော့ သူ သမတ္တ (၁) နဲ့ တွေ့ပါမယ်။ ဒု-သမ္မတ (၁) လေ။ ဒေါက်တာစိုင်းမောက်ခမ်းနဲ့တွေ့မယ်။ နောက်တခါ ဗိုလ်ချုပ်ကြီး သာဌေးဝင်းနဲ့တွေ့မယ်။ နောက်တခါ ဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စတွေ တွေ့မယ်။ အကြမ်းဖျင်းကတော့ အဲဒီလိုပဲ သိရပါတယ်ဗျာ။”

ဒု-သမ္မတနဲ့တွေ့ဆုံတဲ့အခါ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံတော်သမတရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်ကြားရေး ဝန်ကြီးဌာနက နောက်ပိုင်းမှာ သတင်းထုတ်ပြန်သွားမယ်လို့ပဲ အကြောင်းပြန်ခဲ့ပြီး အသေးစိတ် မသိရပါဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ကတော့ နေ့ခင်း ၁ နာရီလောက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးဦးအောင်မင်းရဲ့ ကိုယ်ရေးအရာရှိက ပြောပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

ကြာသပတေးနေ့ကတော့ မစ္စတာနမ်ဘီးယားဟာ ပြီးခဲ့တဲ့ မတ်လက အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးက မိတ္ထီလာမြို့ကို သွားရောက်ပြီး ကယ်ဆယ်ရေးစခန်းတွေကိုလေ့လာခဲ့သလို ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အရင်တရက်ကတော့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ KIO အဖွဲ့ဌာနချုပ် လိုင်ဇာမြို့တို့ကို သွားရောက်ခဲ့ပါတယ်။ ကချင်ပြည်နယ်ခရီးစဉ်မှာတော့ စစ်ရှောင်ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာခဲ့သလို KIO ခေါင်းဆောင်တွေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
ကိုမိုးဇော်VOA

ဆီးရီးယားအရေး နိုင်ငံတကာထောက်ခံမှုရဖို့ အမေရိကန် ဆက်ကြိုးစားနေ

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel
အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel
ဓာတုလက်နက်အသုံးပြုနေတယ်ဆိုတဲ့ ဆီးရီးယားအပေါ် တုံ့ပြန်ဖို့အတွက် အမေရိကန်နိုင်ငံနဲ့အတူ ရပ်တည်မယ့် နိုင်ငံတကာမဟာမိတ်တွေကို ဆက်ပြီးရှာဖွေသွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ် (Chuck Hagel) ကပြောပါတယ်။

စစ်ရေးအရ အရေးမယူဖို့ ဗြိတိန်လွှတ်တော်အမတ်တွေက ဆုံးဖြတ်ခဲ့ကြပြီးနောက်တရက်မှာပဲ ဖိလစ်ပိုင်ရောက်နေတဲ့ Mr. Hagel က
သတင်းထောက်တွေကို ခုလို ပြောခဲ့တာပါ။ ဆီးရီးယားအပေါ် စစ်ရေးအရအရေးယူရင် ဗြိတိန်နိုင်ငံ ပါသင့် မသင့်ကို ဗြိတိသျှအောက်လွှတ်တော်မှာ ကြာသပတေးနေ့က အဆိုတင်ခဲ့တာမှာ ပယ်ချခံခဲ့ရပါတယ်။ ဒီဆုံးဖြတ်ချက်ကို မဖြစ်မနေ လိုက်နာစရာ မလိုပေမဲ့ စစ်ရေးအရ အရေးယူမယ်ဆိုတာဟာ စစ်ရာဇဝတ်ကျူးလွန်မှုကို တုံ့ပြန်ဖို့သာဖြစ်ပြီး ဆီးရီးယားအစိုးရကို ဖြုတ်ချဖို့ မဟုတ်ဘူးလို့ တင်ပြခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် David Cameron အတွက်
အားလျော့စရာဖြစ်ခဲ့ပါတယ်။

အမေရိကန်အစိုးရ တာဝန်ရှိသူတွေကလည်း ကြာသပတေးနေ့က အမေရိကန် Congress လွှတ်တော်မှာ အခြေအနေကို ရှင်းပြခဲ့ပါတယ်။ ဆီးရီးယားမှာဓာတုလက်နက်တွေသုံးတိုက်ခိုက်နေတယ်ဆိုတာနဲ့ပါတ်သက်တဲ့ လျှို့ဝှက် ထောက်လှမ်းရေးအချက်အလက်တွေကို အိမ်ဖြူတော်က ဒီကနေ့ သောကြာနေ့မှာ အများပြည်သူသိအောင် ထုတ်ပြန်ဖို့ရှိပါတယ်။

ဆီးရီးယားမှာ စစ်ရေးအရ အရေးမယူရေး ဗြိတိန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့ အဖြေဟာ ပြင်သစ်နိုင်ငံရဲ့ ရပ်တည်မှုအပေါ်မှာ ထိခိုက်မှာ မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ Francois Hollande က ပြောပါတယ်။ Le Monde သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြင်သစ်သမ္မတက ဆီးရီးယားအစိုးရကို ဖြုတ်ချဖို့အတွက် နိုင်ငံတကာဆောင်ရွက်မယ်ဆိုရင် သိပ်အားမပေးလိုပေမဲ့ ဓာတုလက်နက်နဲ့တိုက်ခိုက်နေတဲ့ ကိစ္စကတော့ အရေးမယူဘဲနေလို့ မဖြစ်ဘူးလို့ ပြောပါတယ်။

Russia သမ္မတ Vladimir Putin ရဲ့ နိုင်ငံခြားရေးရာအဓိကအကြံပေးကတော့ ဗြိတိန်လွှတ်တော်အမတ်တွေရဲ့ ဆုံးဖြတ်ချက်ကို ကြည့်ရင် စစ်ရေးအရ တိုက်ခိုက်မှုရဲ့ အန္တရာယ်ကို လူတွေ စပြီး နားလည်လာကြပြီဆိုတာ ဖော်ပြနေတယ်လို့ ဆိုပါတယ်။ ဂျာမနီနိုင်ငံကလည်း စစ်ရေးအရ ဆောင်ရွက်ဖို့ကိစ္စကို ဆွေးနွေးပြောဆိုနေတာ မရှိဘူးလို့ အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။
 ဗွီအိုအေ (မြန်မာဌာန)

ဒုသမ္မတနဲ့ မတွေ့ခင် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေး

ကေအဲန်ယူ အတွင်းရေးမှူး ပဒို စောကွယ်ထူး။ (သြဂုတ်လ ၃၀၊ ၂၀၁၃၊ ဓာတ်ပုံ စည်သူ၊ ဗွီအိုအေ မြန်မာ)
ကေအဲန်ယူ အတွင်းရေးမှူး ပဒို စောကွယ်ထူး။ (သြဂုတ်လ ၃၀၊ ၂၀၁၃၊ ဓာတ်ပုံ စည်သူ၊ ဗွီအိုအေ မြန်မာ)
တိုင်းရင်းသားအားလုံးပါဝင်တဲ့ ညီလာခံကျင်းပနိုင်ရေးနဲ့ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ မူဝါဒတွေကို KNU ကရင်အမျိုးသားအစည်းအရုံးရဲ့အတွင်းရေးမှူး ပဒို စောကွယ်ထူးနဲ့ တိုင်းရင်းသားလူမျိုးစု ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း NBF တို့ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မနက်ဖြန် စနေနေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့တို့ မတွေ့ဆုံခင် ကြိုတင် ညှိနှိုင်းတိုင်ပင်တဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆွေးနွေးပွဲမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ပတ်သက်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို တင်ပြနိုင်ဖို့ အတွက် ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းအဖွဲ့ဝင် ၁၅ ဖွဲ့နဲ့ မနက်ဖြန် စနေနေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီဥက္ကဋ္ဌ ဒေါက်တာစိုင်းမောက်ခမ်းနဲ့
 တွေ့ကြမယ့် WGEC လို့ခေါ်တဲ့ တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့က ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ KNU ၊ CNF ၊ RCSS ၊ ကချင်သမဂ္ဂစတဲ့ အဖွဲ့တို့ စနေနေ့မှာ မတွေ့ဆုံခင် ဒီကနေ့ ကြိုတင် ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

ဒါဟာ တိုင်းရင်းသားလူမျိုးများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့နဲ့ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းတို့ရဲ့ ပထမဆုံး အကြိမ် တွေ့ဆုံပွဲ ဖြစ်တာကြောင့် သမိုင်းဝင်နေ့တနေ့ဖြစ်တယ်လို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း စတင် တည်ထောင်တဲ့ အဖွဲ့ဝင်တဦးဖြစ်သူ စောသန်းမြင့်က ပြောပါတယ်။

“ပြောရမယ်ဆိုရင်တော့ ဒီနေ့ဟာ ကျနော်တို့တိုင်းရင်းသားသမိုင်းမှာ ခေတ်သစ်သမိုင်းမှာ သမိုင်းတွင်တဲ့နေ့ပဲ။ ဘာဖြစ်လို့လဲဆိုရင် အကန့်အသတ်တွေ အများကြီးကြားထဲက အခုလာတဲ့ WGEC အဖွဲ့ကိုယ်စားလှယ်များကလည်း နိုင်ငံတော်နဲ့ နိုင်ငံတော်ရဲ့ဗဟိုအဆင့်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံမယ့် ကိစ္စဖြစ်တဲ့အတွက် ဒု-သမ္မတနဲ့ အစိုးရအဖွဲ့ကို မတွေ့ခင် ကျနော်တို့တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေပေါ့နော် NBF က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လာပြီးတော့ ရင်းရင်းနှီးနှီးတွေ့ဆုံတယ်၊ နောက်ပြီးတော့ မနက်ဖြန် အစိုးရပိုင်းပေါ့နော်။ ဒု-သမတ္တနဲ့ အစိုးရအဖွဲ့ကို သူတို့ ချပြမယ့် တင်ပြမယ့် Frame Work နဲ့ ပတ်သက်ပြီး အကြမ်းကလေးပေါ့နော် roughly တကယ့်အကြမ်းလေးကို နည်းနည်းလေး အမြည်းပေးလိုက်တယ်ပေါ့နော်။ နောက်ပြီးတော့ ပါတီတိုင်းကလည်း ပေးစရာ အကြံတွေ ရှိမယ်။ အဲဒီတော့ မကြာခင် သူတို့ချထားတဲ့ မူကြမ်းကို ကျနော်တို့ လေ့လာမယ်။ သုံးသပ်မယ်။ ပြီးတာနဲ့ ကျနော်တို့က သူတို့ကို အကြံပြုပေးမယ်။ ဘာလို့လဲဆို ကျနော်တို့က ပထမဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနဲ့ အပစ်အခတ်ရပ်ထားတဲ့အဖွဲ့အစည်းနဲ့ ကျနော်တို့ နိုင်ငံရေးပါတီဟာ ကောင်းကောင်းမွန်မွန် ပထမဆုံး တွေ့ဆုံရတဲ့နေ့ ဖြစ်တယ်။ ဒါဟာ အင်မတန်မှ ကျနော်တို့နိုင်ငံရဲ့ တနိုင်ငံလုံးရဲ့အရေး၊ တိုင်းရင်းသားအားလုံးရဲ့အရေးအတွက် ဒီနေ့ဟာ အင်မတန် မင်္ဂလာရှိတဲ့နေ့ပဲလို့ ကျနော်ကတော့ ပြောကြားချင်ပါတယ်။”

ဒီကနေ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းနဲ့ တွေ့ဆုံခဲ့တဲ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးကလည်း မနက်ဖြန်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်းအပြင် တခြား သက်ဆိုင်ရာ တာဝန်ရှိသူ အတော်များများနဲ့ တွေ့ဆုံရမှာဖြစ်တဲ့အတွက် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို တင်ပြနိုင်လိမ့်မယ်လို့ ပြောပါတယ်။

“ဒု-သမ္မတကတော့ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှာ ဥက္ကဋ္ဌဖြစ်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ကော်မတီအဖွဲ့ဝင်မှာလည်း ကျနော်တို့တပ်ဘက်ကလည်း ရှိတယ်။ ဝန်ကြီးအဖွဲ့ဝင်လည်း တချို့ရှိတယ်။ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်လည်း ရှိတယ်။ တိုင်းဒေသက တပ်မှူးတချို့ပါမယ်ဆိုတော့ ပြည့်ပြည့်စုံစုံလို့တော့ ပြောလို့ရနေတယ်။ အဓိကရည်မှန်းချက်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနဲ့တွေ့ဖို့ ဖြစ်တယ်။ ကျနော်တို့ ပြောဆိုမှာက ခုနက ကျနော်ပြောသလိုပဲ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းထဲမှာ သဘောထားခံယူချက် တကယ် ကျနော်တို့တိုင်းပြည်ဟာ တကယ် ငြိမ်းချမ်းရေး လိုလားနေတဲ့ တိုင်ပြည်ဖြစ်တယ်ဆိုတာကို ကျနော်တို့ တင်ပြချင်တာ ဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ရဲ့ အခု ဖြစ်ပွားနေတဲ့ ပဋိပက္ခကို တွေ့ဆုံဆွေးနွေး ဖြေရှင်းရေးဆိုတဲ့နည်းလမ်းနဲ့ ကျနော်တို့ သွားဖို့ဆိုတာကို တင်ပြဆွေးနွေးသွားမှာ ဖြစ်တယ်။ နောက်ပိုင်းမှာကျတော့ ကျနော်တို့ကလည်း ဒီခရီးစဉ်မှာ တခြားအဖွဲ့အစည်းနဲ့တွေ့တာတော့ မရှိသေးဘူး။ ဒါပေမဲ့ နောက်တပိုင်းမှ ဆက်ပြီး စီစဉ်မှာ ဖြစ်တယ်။”

ရန်ကုန်မြို့က ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းမှာ ပြုလုပ်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲအတွင်း တိုင်းရင်းသားများရဲ့ နှီးနှောဖလှယ်ပွဲ သို့တည်းမဟုတ် တိုင်းရင်းသားညီလာခံတခု ပြည်တွင်းမှာ ကျင်းပရေးအတွက် ညီနောင်တိုင်းရင်းသား ပါတီအဖွဲ့ဝင်တွေရဲ့ သဘောထားကို မေးမြန်းတာနဲ့ WGEC တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့က ၂၀၁၂ ခုနှစ် စက်တင်ဘာလက တာဝန်ပေးထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး မူဘောင်ဆိုတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနဲ့ဆိုင်တဲ့ မူဝါဒတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီစည်းဝေးပွဲကို ညီနောင်တိုင်းရင်းသားပါတီများဆက်ဒရေးရှင်းက အဖွဲ့ဝင်ပါတီတွေအပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ကမှ နိုင်ငံရေးပါတီသစ်အဖြစ် ဖွဲ့စည်းခွင့်ရလိုက်တဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
 ကိုဇော်ဝင်းလှိုင်VOA

Thursday, August 29, 2013

ပြည်ပမှ အထောက်အပံ့ယူသည့် နိုင်ငံရေးပါတီကို ဖျက်သိမ်းပစ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က သတိပေး

 
နိုင်ငံရေးပါတီများ နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ ငွေကြေး၊ ပစ္စည်း၊ အထောက်အပံ့များ ယူလျှင် ပါတီကို ဖျက်သိမ်းပစ်သည်အထိ အရေးယူနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပါတီအသီးသီးသို့ သြဂုတ်၂၃ ရက်က သတိပေးစာများ ပေးပို့ခဲ့သည်။

နိုင်ငံရေးပါတီများသည် ပါတီအနေဖြင့်သော်လည်းကောင်း၊ ပါတီလက်အောက်ရှိ အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့်သော်လည်းကောင်း၊ ပါတီဝင် တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း ပြည်ပမှ အထောက်အပံ့များ ယူပါက အခြေခံဥပဒေပုဒ်မ ၄၀၇(ဂ) အရ ထိုပါတီအား ဖျက်သိမ်းပစ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲကော်မရှင်သည် ထိုသို့ စာထုတ်ပြန်ပြီး သတိမပေးမီ ဇူလိုင်လအတွင်းက နိုင်ငံရေးပါတီ ၅၁ ခုလုံးသို့ ပြည်ပမှပေးသည့် အထောက်အပံ့များနှင့် ပတ်သက်၍ သဘောထားမှတ်ချက် တောင်းခံခဲ့ရာ ၁၆ ပါတီကသာ ပြည်ပအထောက်အပံ့များကို လက်ခံနိုင်ရန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ပေးသင့်ကြောင်း တောင်းဆိုခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်က ဆိုထားသည်။

ကျန်ပါတီများအနက် ၁၇ ပါတီက အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွင် ပါသည့်အတိုင်း ပြည်ပအထောက်အပံ့ကို မယူရန် အတိအကျ လိုက်နာသင့်ကြောင်း သဘောထား မှတ်ချက်ပေးခဲ့ပြီး ၁၈ ပါတီကမူ သဘောထားတစ်စုံတရာ ပေးရန်မရှိဟု အကြောင်းပြန်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆက်လက် ရှင်းပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပအိုဝ်အမျိုးသားအဖွဲ့ချုပ်ပါတီမှ အောက်လွှတ်တော်အမတ် ဦးခွန်သိန်းဖေက “ပါတီရန်ပုံငွေအတွက်ဆိုရင်တော့ ကျွန်တော်တို့လည်း လက်မခံပါဘူး။ လူမှုရေးလုပ်ငန်းတွေ လုပ်တာမျိုး၊ ပါတီတွေကတစ်ဆင့် ပြည်သူတွေလက်ထဲကို ရောက်မယ့်ကိစ္စမျိုးဆိုရင်တော့ ယူသင့်ပါတယ်။ ဒီလိုမျိုး ယူလို့ရအောင် ဥပဒေစည်းမျဉ်းတစ်ခု ရေးဆွဲပြီး ပါတီတွေကို ခွင့်ပြုသင့်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အောက်လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းကလည်း “ဥပဒေဆိုတာ လိုရင်လိုသလို မျှော့ကြိုးလို အသုံးပြုလို့ မရပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတီ တည်ထောင်ခွင့်နဲ့ပတ်သက်တာ၊ သမ္မတဖြစ်ခွင့်နဲ့ ပတ်သက်တာတွေမှာလည်း လိုသလို အသုံးပြုလို့ရတဲ့ ပြဌာန်းချက်တွေပါနေလို့ ပြင်ဖို့ ကြိုးစားနေတာပဲ။ ဒီလိုပဲ ပါတီရဲ့ အလှူလုပ်ငန်းတွေအတွက် နိုင်ငံခြားက ထောက်ပံ့တာဆိုရင် ပါတီရန်ပုံငွေလို့ သတ်မှတ်ပြီး ဥပဒေနဲ့ ငြိစွန်းတယ်ဆိုလို့ မရပါဘူး”ဟု မှတ်ချက်ပြုသည်။

ကေဇင်ဦး
Mizzima - News in Burmese

ယာဉ်မောင်းလိုင်စင် ပြုလုပ်ရာတွင် ၀န်ထမ်းများ ပါဝင်ပတ်သက်ပါက အမှုဖွင့် အရေးယူမည်ဟု ဦးစီးဌာနပြော

 
ယာဉ်မောင်းလိုင်စင်ပြုလုပ်ရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)မှ ၀န်ထမ်းများ ပါဝင် ပတ်သက်သည်ဆိုပါက တည်ဆဲဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် သြဂုတ် ၂၇ ရက်က အသိပေး ထုတ်ပြန်လိုက်သည်။

ယင်းသို့ အသိပေးထုတ်ပြန်ရခြင်းမှာ လူမှုကွန်ယက်ဝဘ်ဆိုဒ် ဖေ့စ်ဘွတ်ပေါ်တွင် “Myanmar Car Market” စာမျက်နှာမှ “ယာဉ်မောင်းလိုင်စင် အပြီးအစီးရရန် ဆောင်ရွက်ပေးပါသည်”ဆိုသည့် ကြေညာချက်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းစာမျက်နှာတွင် ဖော်ပြထားသည်မှာ မမှန်ကန် ဆောင်ရွက်ပေးသည့်သဘော သက်ရောက်နေသောကြောင့် ယင်းသို့ ဆောင်ရွက်နေသူများရှိပါက တိကျစွာ တိုင်ကြားရန် ကညနက ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ယင်းအပြင် မမှန်မကန် ဆောင်ရွက်ပေးနေမှုများကို ကညနမှ စုံစမ်းဖော်ထုတ်မည်ဖြစ်ပြီး ၀န်ထမ်းများ ပါဝင် ပတ်သက်နေပါက ဥပဒေအရ အရေးယူမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။

ကညနမှ အကြီးတန်းအရာရှိတစ်ဦးက “လိုင်စင်အတွက် အချိန်သုံးလယူပြီး လုပ်ပေးတာတော့မှန်တယ်။ ဒါပေမယ့် ငွေကုန်ကျစရိတ်က ကွာလွန်းနေတယ် ဆိုပြီး တိုင်တာတွေ ရှိတယ်။ ဒီကြားထဲ ငွေလိမ်သွားတာတွေလည်း ဌာနက လူတွေ ပါတယ်ဆိုပြီး ကြားနေရတော့မှန်မှန်ကန်ကန် အကျိုးဆောင်ပေးတဲ့ လူ တွေအတွက်လည်း အဆင်မပြေတော့ ဘူးပေါ့”ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို သြဂုတ် ၂၈ ရက်တွင် ပြောသည်။

ယာဉ်မောင်းလိုင်စင် ပြုလုပ်ရာတွင် ငါးသောင်းခန့်ကုန်ကျမည်ဖြစ်ပြီး အပြင် အကျိုးဆောင်များမှတစ်ဆင့် လုပ်ကိုင်ရာတွင် ယင်းငွေကြေးထက် ပိုမိုကုန်ကျနေသည်။

ငွေကြေးပိုယူသော်လည်း လိုင်စင်မရသည့် ဖြစ်စဉ်များ ရှိလာသောကြောင့် ယခင်ကတည်းက အကျိုးဆောင်လုပ်နေသူများလည်း သြဂုတ်လလယ်ခန့်မှစ၍ အကျိုးဆောင် လုပ်ပေးရန် ခက်ခဲလာကြောင်း အကျိုးဆောင် တစ်ဦးဖြစ် သည့် ဦးမောင်မောင်က ဆိုသည်။

၎င်းက “အခုတလောမှာ အရှုပ်အရှင်းတွေ အများကြီး ဖြစ်လာတဲ့အတွက် မြင်သာမှာ လိုင်စင်အတွက် ကြားဝင် လုပ်ပေးတာ ခက်လာတယ်။ ကိုယ်က မလိမ်ပေမယ့် လိမ်တဲ့သူတွေရှိတော့ ရုံးကိုတိုင်ကြတော့ ကြားဝင်ပြီး မုန့်ဖိုးယူ လုပ်ပေးတာတွေ လက်မခံတော့ဘူး”ဟု ပြောသည်။
လိုင်စင်ရမည်ဆိုပြီး ငွေကျပ်သိန်းချီ လိမ်လည်သွားသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း လက်ရှိတွင် လိုင်စင်အကျိုးဆောင် လုပ်နေသူ ကညန ၀န်ထမ်းဟောင်းတစ်ဦးဖြစ်သည့် ဒေါ်ဥမ္မာက ဆိုသည်။

၎င်းက “လိမ်တဲ့လူတွေက အဖွဲ့လိုက်လုပ်တာထင်တယ်။ ဒီနားမှာ မသိလို့လာမေးရင် အချဉ်လုပ်တာများတယ်။ ဌာနဆိုင်ရာနဲ့ ပိုင်အောင် ပေါင်းတဲ့လူတွေလဲ ပါတယ်။ ပုံမှန်ပဲ လိုင်စင်ကိစ္စအတွက် ကူညီသူ တွေကတော့ ဒုက္ခရောက် ကုန်တာပေါ့”ဟု မဇ္ဈိမကို ပြောသည်။

ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းတွင် နေထိုင်သည့် အသက် ၂၅ နှစ်ဝန်းကျင် မဇင်မာက လူမှုကွန်ရက်တွင် ဖုန်းနံပါတ်နှင့်တကွ အတိအကျပေးကာ ကြေညာထားသော လိပ်စာတစ်ခုကို ဆက်သွယ်၍ လိုင်စင်လုပ်ခဲ့ရာ လေးလကြာသည်အထိ ဆက်သွယ်မရဘဲ ငွေကျပ်လေးသိန်း ဆုံးရှုံးခဲ့သည်ဟုလည်း သူ၏ ဖြစ်စဉ်ကို ပြောခဲ့သည်။

ကညနမှ ၀န်ထမ်းအချို့သည်လည်း ယာဉ်မောင်းလိုင်စင် အကျိုးဆောင် လုပ်ကိုင်ပေးသူများရှိသော်လည်း လခစားဝန်ထမ်းများ မဟုတ်ဘဲ အကျိုးဆောင်ပေးခဖြင့်သာ ကူညီပေးသူများဖြစ်သည်ဟုလည်း အကျိုးဆောင် ဦးဇင်မင်းက ပြောသည်။

ကညနမှ ၀န်ထမ်းများ ပါဝင်ပတ်သက်မှုရှိကြောင်း တွေ့ရှိရပါက တည်ဆဲဥပဒေအရ အရေးယူမည်ဆိုသော်လည်း အမှန်တကယ် ဆောင်ရွက်ခြင်း ရှိမရှိကို ဆက်လက်စောင့်ကြည့်ရမည်ဟု ကုန်းလမ်းပို့ဆောင်ရေးဌာန၊ လိုင်စင် စိစစ်ရေးဌာနမှ အငြိမ်းစားအရာရှိ တစ်ဦးကလည်း သုံးသပ်လိုက်သည်။

ခိုင်ခိုင်
Mizzima - News in Burmese 

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရာမူးပန်းဝါမှ ဘုန်းတော်ကြီးကျောင်းသစ်များအား ဖွင့်လှစ်ပေးမည်

အသစ်တည်ဆောက်ပြီးစီးသွားသော ပန်းဝါမြို့မှ လျောင်းတော်မူ ဘုရား။ ( ဓါတ်ပုံ- Star)
အသစ်တည်ဆောက်ပြီးစီးသွားသော ပန်းဝါမြို့မှ လျောင်းတော်မူ ဘုရား။ ( ဓါတ်ပုံ- Star)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် လာမည့် စက်တင်္ဘာလ ၃ ရက်နေ့တွင် ရာမူး ပန်းဝါမှ အသစ်ဆောက်လုပ် ပြီးစီးသွားသော ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို ပြန်လည် ဖွင့်လှစ် ပေးသွားမည်ဟု သတင်း ရရှိသည်။
၎င်း ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်းသည် လွန်ခဲ့သောနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က အစ္စလာမ်မစ် အစွန်းရောက်သူများ၏ မီးရှို့ တိုက်ခိုက်မူကြောင့် ပြိုပျက်ခဲ့ရသည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရသည် အဆိုပါ ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း ပြန်လည် တည်ဆောက်ရေးအတွက် ဘင်္ဂလာဒေခ်ျ့ တာကာ ကုဋေ (၂၀)  အသုံး ပြုခဲ့သည်။
မြန်မာကျပ်ငွေ တန်ဖိုးနှင့် ဆိုလျှင် အဆိုပါ ငွေကြေးမှာ ကုဋေ (၂၀၀) ဖိုးခန့် ရှိသည်။
၎င်းကျောင်းတော် ၁၉ ကျောင်းကို အမှတ် (၁၇) ဘင်္ဂလာဒေခ်ျ့ အင်ဂျင်နီယာစစ်တပ်မှ တာဝန်ယူ ပြန်လည် တည်ဆောက်ခဲ့ပြီး ယခုအခါ ပြီးစီးသွားပြီ ဖြစ်သည်။
ယင်းအထဲမှ ပေ ၁၀၀ အရှည်ရှိ လျောင်းတော်မူ ဗုဒ္ဓရုပ် ပွားတော်ကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ချိတ်ဟာဆီးနာမှ တက်ရောက် ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။
ရာမူး ခေါ် ပန်းဝါမြို့တွင် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့က အစွန်းရောက် ဘာသာရေး သမားများ၏ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း အထဲတွင် အဆိုပါ လျောင်းတော်မူ ဘုရားလည်း ပါဝင်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ခရီးစဉ် အတွင်း  ဘင်္ဂလား- မြန်မာနယ်စပ် ဂိတ်များကို ပိတ်ထားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ကော့စ်ဘဇား (ဖလောင်းချိတ်) နှင့် ရာမူး (ပန်းဝါ) ခရီးစဉ်အား စက်တင်္ဘာလ  ၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ရာ မောင်တော- တက်ကနက် ဆိပ်ကမ်း အပါအ၀င် မြန်မာပြည်နှင့် ကူးလူး ဆက်ဆံနေသော အ၀င်အထွက်ဂိတ်များကို စက်တင်္ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ပိတ်ထားမည်ဟု ဆိုသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ခရီးစဉ် အတွင်း ရာမူးမှ တဆင့် မြန်မာ နယ်စပ် အနီးရှိ အိုးခီးယားနှင့် တက်ကနက် မြို့ များသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ကြောင်းလည်း သိရသည်။
(နိရဉ္စရာ- ၂၉ သြဂတ်စ် ၂၀၁၃)/ မောင်အေး

စစ်ကိုင်းတိုင်း တရားသူကြီးချုပ်ကို စစ်ဆေးအရေးယူရန် သူရဦးအောင်ကို လွှတ်တော်တင်

သူရဦးအောင်ကို

ရန်ကုန်၊ သြဂုတ် ၂၈

ကိုယ်ကျင့်တရား ပျက်ပြားမှုနှင့် အဂတိ လိုက်စားသည်ဟုဆိုကာ လွှတ်တော်သို့ တိုင်ကြားခံထားရသူ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ကို ထိရောက်သော စစ်ဆေး အရေးယူမှု ပြုလုပ်ပေးရန် ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို က ပြည်သူ့လွှတ်တော်သို့ တင်ပြတောင်းဆိုလိုက်သည်။

သြဂုတ်လ ၂၈ ရက်နေ့၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ က ဖြောင့်မတ်မှန်ကန်သည့် တရားသူကြီးများ တိုင်းပြည်တာဝန် ရေရှည် ထမ်းဆောင်နိုင်ရန် မေးခွန်းနှင့် စပ်လျဉ်း၍ ၎င်းက ယင်းသို့ တောင်းဆိုခြင်း ဖြစ်သည်။

“စစ်ကိုင်းတိုင်း တရားသူကြီးချုပ်ရဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှုတွေက လွှတ်တော်ထဲမှာ တင်ပြဖို့ မသင့်လို့ မတင်ပြပါဘူး။ လူမှုရေးရာ ဖောက်ပြားမှုတွေများ လွန်းအားကြီးပါတယ်” ဟု သူရဦးအောင်ကိုက ဆိုသည်။

အရာတော်မြို့နယ် ဒုတိယတရားသူကြီး၊ ရဟန်းတစ်ပါးနှင့် လူပုဂ္ဂိုလ် ဆယ်ဦးခန့်က ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီထံ စစ်ကိုင်းတိုင်း တရားသူကြီးချုပ်၏ ကိုယ်ကျင့်တရား ပျက်ပြားမှု၊ လာဘ်ပေးလာဘ်ယူမှုစသည့် အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ကျင်းပနေစဉ် ကိုယ်တိုင်ကိုယ်ကျ လာရောက် တိုင်ကြားခဲ့ကြောင်း သူရဦးအောင်ကိုက ထုတ်ဖော်ပြောကြားသည်။

ထပ်မံ၍ ယင်းတရားသူကြီးချုပ်၏ ကိုယ်ကျင့်တရား ပျက်ပြားမှုကို အမျိုးသမီးတစ်ဦးက လွှတ်တော်သို့ လာရောက် တိုင်တန်းကြောင်း၊ အဆိုပါ တိုင်တန်းမှုများအတွက် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီသုံးခုမှ အတွင်းရေးမှူးများ ဦးဆောင်သည့်အဖွဲ့က သြဂုတ်လအတွင်း ကွင်းဆင်း စစ်ဆေးထားမှုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ သီးခြား တင်ပြမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ထံ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်ရေး အခက်အခဲများကြောင့် မေးမြန်း၍ မရခဲ့ပေ။
အရာတော်မြို့နယ် တရားသူကြီးနှင့် ဒီပဲယင်းမြို့နယ် ဒုတိယ တရားသူကြီးတို့ကို စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်က စစ်ဆေးရာ တရားခွင်၌ ခေါင်းပေါင်းမပေါင်းဘဲ အမှုစစ်ဆေးခြင်း၊ လက်အောက်စာရေးက အမှုသည်ထံမှ ငွေတစ်သောင်း တောင်းခံခြင်းစသည့် ပြစ်ချက်များဖြင့် တာဝန်များမှ ရပ်ဆိုင်းထားကြောင်း ဒေါ်လဲ့လဲ့ဝင်းဆွေက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ကို စုံစမ်းစစ်ဆေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှတ်တော်က အကြောင်းကြားထားသော်လည်း ယနေ့အချိန်ထိ ယင်းဝန်ကြီးဌာနက တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း သူရဦးအောင်ကိုက ဆိုသည်။

သြဂုတ်လ ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီသုံးခုမှ အတွင်းရေးမှူးများက စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ကို လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် နီးစပ်သူများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစန်းကို ကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ကြေညာစာအမှတ် ၁၈/၂၀၁၁ ဖြင့် ခန့်အပ် တာဝန်ပေးထားခြင်းဖြစ်ပြီး ယခင်တရားရုံးချုပ် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင် အကျင့်ပျက် ခြစားမှုများ ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက သြဂုတ်လ ၁၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းထားသည်။

သြဂုတ်လ တတိယပတ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ကို နိုင်ငံတော်က ပေးအပ်သည့် တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိဟုဆိုကာ ရာထူးမှ ထုတ်ပယ်ခဲ့သည်။

The Voice Weekly

ရွှေတိဂုံ စေတီတော်ပုံ တံဆိပ်နှိပ်ထားသည့် လက်ဖက်ခြောက်ဘူးများကို ရှာဖွေသိမ်းဆည်းနေ

ရွှေတိဂုံ စေတီတော်ပုံကို လက်ဖက်ခြောက် ဘူးများပေါ်တွင် တံဆိပ်နှိပ်၍ လက်ဆောင်ပေးခဲ့သော တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာရှိ ဖူးရှင်းဘရားသား(စ်) ကုမ္ပဏီကို သာသနာရေး ၀န်ကြီးဌာနမှ နောက်နောင်ထိုကဲ့သို့ မပြုလုပ်ရန် ခေါ်ယူသတိပေးခဲ့ကြောင်း သာသနာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက ပြောကြားသည်။
ပြည်တွင်းမှ ရော်ဘာများကို ပြည်ပသို့ တင်ပို့ပြီး တရုတ်ပြည်မှ ဆေးလိပ်၊ နှို့မှုန့်နှင့် အခြားစားသောက်ကုန်များကို တင်သွင်းဖြန့်ချိလျက်ရှိသော ဖူးဘရားသား (စ်) ကုမ္ပဏီသည် စီးကရက်ဘူး အရွယ်ရှိသော လက်ဖက်ခြောက် ဘူးငယ်များကို ထည့်ထားသော စက္ကူဘူးကြီးနှင့် လက်ဆွဲအိတ် အပေါ်တို့တွင် ရွှေတိဂုံစေတီတော်ပုံကို တံဆိပ်နှိပ်၍ နိုင်ငံခြားသား ဧည့်သည်များနှင့် ပြည်တွင်းမိတ်ဆွေများကို လက်ဆောင်အဖြစ် ပေးခဲ့သည်။
"ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာန အနေနဲ့ ဒီလိုကိစ္စမျိုးကို ကန့်ကွက်ပါတယ်။ ဖူးရှင်းဘရားသား (စ်) ကုမ္ပဏီက ဦးအိုက်ထွန်းပိုင်တဲ့ ကုမ္ပဏီတွေထဲက တစ်ခုပါ။ သူတို့က နိုင်ငံခြားသားတွေကို လက်ဆောင်ပေးဖို့ လက်ဖက်ခြောက်ဘူးတွေကို ယူနန်ပြည်ကနေ ငါးလပိုင်းကမှာပြီး ရှစ်လပိုင်းမှာ ရောက်ရှိလာခဲ့ပါတယ်။ နောက်ကို ဒီလိုမျိုး မလုပ်ဖို့ကိုလည်း ခံဝန်ကတိပြုခိုင်းခဲ့ပါတယ်" ဟု သာသနာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက သြဂုတ် ၂၈ ရက်တွင် ပြောကြားသည်။
ယခုအခါ လက်ဆောင်ပေးထားပြီးသော ရွှေတိဂုံ စေတီတော်ပုံပါ လက်ဖက်ခြောက်ဘူးများကို ရှာဖွေသိမ်းဆည်းလျက်ရှိကြောင်း တာမွေမြို့နယ်၊ မြို့မရဲစခန်းမှ ရဲမှူးဦးခင်မောင်မြက သြဂုတ် ၂၈ ရက်တွင် ပြောကြားသည်။
Eleven

အသင်းအဖွဲ့ ဥပဒေကြမ်းမှာ ပြစ်ဒဏ် အခန်းကို ပယ်ဖျက်

 
ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိတဲ့ အသင်းဖွဲ့ဆိုင်ရာ ဥပဒေ မူကြမ်းထဲမှာ ပြစ်ဒဏ်အခန်းကို ဖျက်သိမ်းလိုက်ကြောင်း နဲ့ မှတ်ပုံတင်ကြေးတွေကိုလည်း လျှော့ချလိုက်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင်တွေနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP တို့ တွေ့ဆုံစဉ် လွှတ်တော်တာဝန်ရှိသူတွေက ပြောပါတယ်။

မနေ့က နေပြည်တော် လွှတ်တော်ဝင်း လွှတ်တော်ရုံးအမှတ် (၂၀)မှာ UNDP အဖွဲ့နဲ့ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုကော်မတီတို့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေမူကြမ်း ကိစ္စရပ်တွေ ဆွေးနွေးခဲ့ရာမှာ လွှတ်တော်ဖက်က ပြင်ဆင်ချက်တွေကို ဆွေးနွေးပြခဲ့တာဖြစ်ကြောင်း အဲဒီကော်မတီ အဖွဲ့ဝင် ဦးအောင်ထွန်းသာက RFA ကိုပြောပါတယ်။

"ပြည်သူ့ရေးရာ စီမံခန့်ခွဲမူ ကော်မတီက တင်ပြထားတဲ့ အသင်းအဖွဲ့ဥပဒေမှာ ဖော်ပြထားတဲ့ အသင်းအဖွဲ့ ဆိုင်ရာ နောက်ဆုံးအဆင့် ဥပဒေမှာ ပြစ်ဒဏ်တွေ အကုန်လုံးကို လျော့ချလိုက်ပြီး၊အရင်တုန်းက အသင်း မှတ်ပုံတင်ထားတဲ့ ရည်ရွယ်ချက်အတိုင်း မလုပ်ဘူးဆိုရင် အသင်းကိုလည်း ဖျက်သိမ်းမယ်။နောက်ထပ်လည်း အသင်းအဖွဲ့ ထူထောင်ခွင့် မပြုဘူး။အခုကျတော့ မှတ်ပုံတင်ခွင့်ကို ဖျက်သိမ်းမယ်။ဒါပေမယ့် ပြင်သင့်တာ ပြင်ပြီးရင်တော့ အသင်းထူထောင်လို့ ရပါတယ်။"

အရင်က မူကြမ်းထဲက အခန်း (၈) ဟာ ပြစ်မှုပြစ်ဒဏ် သတ်မှတ်ထားတဲ့ အခန်းဖြစ်ပြီး အဲဒီကိစ္စကို လူမှု အဖွဲ့အစည်း ၁၀၀ ကျော်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သြဂုတ်လ ၁၅ ရက်နေ့က ဆွေးနွေးစဉ် ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြခဲ့တဲ့အတွက် အခုလို ပြစ်ဒဏ်အခန်းကို ဖျက်သိမ်းလိုက်တာလို့ သိရပါတယ်။

ဒါ့အပြင် မှတ်ပုံတင်ကြေးတွေကိုလည်း တပြည်လုံး အတိုင်းအတာနဲ့ လုပ်ဆောင်မယ့် အသင်း အဖွဲ့တွေအတွက် ကျပ်( ၅) သိန်းကနေ ကျပ်(၅)သောင်းအထိ လျှော့ချလိုက်ကြောင်း ၊ ပြည်နယ်တိုင်း ဒေသကြီးနဲ့ မြို့နယ်အဆင့်ပဲ လုပ်ကိုင်ကြမယ့် အသင်းအဖွဲ့တွေ အတွက်ကိုတော့ ကျပ်(၃) သောင်း အထိလျှော့ချလိုက်ကြောင်း အဲဒီဥပဒေမူကြမ်းမှာ ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

အဲဒီဥပဒေမူကြမ်းကို လာမယ့် နိုဝင်ဘာလလောက်မှာ ပြန်လည်ကျင်းပမယ့် ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။

အခုနေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေဟာ သြဂုတ်လ ၃၀ ၇က်နေ့မှာ ရပ်နားမယ်လို့ သိရပါတယ်။

RFA Burmese

မစ္စတာ နမ်ဘီးယား ကေအိုင်အို ဌာနချုပ်ကို သွားရောက်

 
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားဟာ ဒီနေ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကိုလာရောက်ခဲ့ပြီး IDP ဒုက္ခသည်စခန်း ၃ခုကို သွားရောက်ကြည့် ရှုသွားတယ်လို့ သိရပါတယ်။

မစ္စတာနမ်ဘီယားနဲ့ အဖွဲ့ဟာ လိုင်ဇာမြို့ကို မနက် ၁၁ နာရီကျော်မှာလာရောက်ခဲ့ပြီး ညနေ ၄ နာရီခွဲမှာ ပြန်လည် ထွက်ခွာသွားပါတယ်။

ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေ မလုပ်နိုင်ခဲ့ဘူးလို့ ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဦးတွဲတီဆာက ပြောပါတယ်။

မစ္စတာနမ်ဘီယားနဲ့အတူ ငြိမ်းချမ်းရေး အကျိုးဆောင် ၄ ဦးပါ လိုက်ပါလာခဲ့တဲ့ အပြင် မစ္စတာနမ်ဘီယားဟာ KIO ခေါင်းဆောင်တွေနဲ့ ခေတ္တတွေ့ဆုံခဲ့ပေမယ့် ဘာတွေဆွေးနွေးခဲ့သလဲ ဆိုတာမသိရသေးပါဘူး။

အလားတူ KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ဒုက္ခသည်များ နေရပ်ပြန်ရေး သဘောတူညီခဲ့ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဦးတွဲတီဆာက ပြောပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားဟာ ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ရှမ်းမျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ မနေ့ ညနေပိုင်းက မြစ်ကြီးနားမြို့မှာ သီးသန့် တွေ့ဆုံခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်တဲ့ ရှမ်းမျိုးနွယ်စု ခေါင်းဆောင်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

RFA Burmese

၆ နှစ်သားမျက်လုံး အရှင်လတ်လတ် ဖောက်ခိုး

တရုတ်နိုင်ငံမှာ ၆ နှစ်အရွယ် ကလေးငယ်တယောက်ကို တိုက်ခိုက်ပြီး မျက်လုံးကို ဖောက်ယူသွားခဲ့သူဟာ မှောင်ခိုဈေးကွက်မှာ မျက်ကြည်လွှာကို
ရောင်းစားဖို့ ရည်ရွယ်ပုံရတယ်လို့ အစိုးရပိုင် သတင်းက ဖော်ပြပါတယ်။

Shanxi ပြည်နယ် ကျေးလက်ဒေသမှာ ခြံသမားမိဘတွေက အလုပ်လုပ်နေချိန် စနေနေ့မှာတုန်းက လယ်ကွင်းထဲမှာ သွားနေတဲ့ ကလေးငယ်ကို ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အမျိုးသမီးတဦးက တိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကလေးငယ်ရဲ့ မျက်လုံးကိုတော့ နောက်ပိုင်း အနီးအနားမှာ ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းလည်း ဒေသခံရဲတွေက ပြောခဲ့တာပါ။

ကလေးငယ်ကို ဆေးရုံတင်ပေးခဲ့ပေမဲ့ မျက်စေ့ကွယ်တာကိုတော့ ဆရာဝန်တွေက ကုသမပေးနိုင်ခဲ့ပါဘူး။ အစိုးရပိုင် သတင်းကတော့ ကလေးငယ်ရဲ့ မျက်လုံးက မျက်ကြည်လွှာကို ယူသွားတာ တွေ့ရပြီး၊ မှောင်ခိုဈေး ကွက်မှာ ပြန်ရောင်းဖို့ ဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့တာပါ။

ဒါပေမဲ့လည်း ရဲတွေကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အတိအကျ မသိရဘူးဆိုပြီး သတင်းတွေကို လက်မခံခဲ့ကြပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းပေးနိုင်သူကို ဒေါ်လာ ၁၆၀၀၀ ပေးဖို့လည်း ရဲတပ်ဖွဲ့က ဆုငွေထုတ်ထားပါတယ်။

ဒီသတင်းကြောင့် တရုတ် အင်တာနက် လူမှုကွန်ရက်တွေမှာတော့ မကျေမနပ်သံတွေနဲ့အတူ တရားမျှတမှုရအောင် ဖော်ထုတ်ဖို့
တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ တရုတ်နိုင်ငံဟာဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းသူတွေ နည်းပါးတဲ့အတွက် မျက်ကြည်လွှာနဲ့ တခြားအစားထိုးနိုင်တဲ့ ကိုယ်တွင်းအင်္ဂါတွေ မလုံလောက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

လွှတ်တော်အမတ်၏ စွပ်ဆွဲစကားကြောင့် ဒေသခံများ ဆန္ဒဖော်ထုတ်

 
ပဲခူးတိုင်း ဒေသကြီး(နောက်)ပြည်ခရိုင် ပေါင်းတည်မြို့နယ် တွင် သြဂုတ်လ(၂၈)ရက် မနက်(၈း၃၀)အချိန်ခန့်၌ ဈေး(၂)ရပ်ကွက် မင်းလက်ယာ မင်းလက်ဝဲ စေတီအရှေ့ဘက် ဘုရားကြီးလမ်းထိပ် တွင် ဒေသခံပြည်သူ အင်အား(၁၅၀)ကျော် ဆန္ဒဖော် ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

"ဒေါက်တာမြဦးက ပေါင်းတည်ကုသိုလ်ဖြစ် ဆေးခန်းရဲ့နောက်မှာ အရောင်အသွေးတွေ ရှိနေတယ်။ ပါတီ နဲ့နိုင်ငံခြားက ကူညီထောက်ပံ့မှု့တွေ ရနေတယ်။ ဆေးရုံကြီးကိုလည်း ဒီအဖွဲ့က ငွေအားနဲ့ဖိအားပေးနေတယ်လို့ (၂၀)ရက်နေ့အစည်းအဝေးမှာ ပြောခဲ့တာကို ပြည်သူလူထုက မကျေနပ်လို့ အခုလိုဆန္ဒဖော်ထုတ်ကြတာပါ။ ဆန္ဒဖော်ထုတ်ဖို့ (၂၃)ရက်နေ့က မြို့နယ်ကိုစာတင်တယ်။ (၂၆)ရက်နေ့မှာ ၀ိတ်ရှိတဲ့သူတွေကိုကြောက်တာနဲ့၊ စွယ်တော်ပွဲကနီးနေပြီတို့၊ပုဂိုလ်ရေးကိုထိခိုက်နိုင်တယ်ဆိုတဲ့ မရေမရာစကားတွေနဲ့ မြို့နယ်ရဲမှုးက ခွင့်ပြုမိန့်မပေးခဲ့ပါဘူး။ပြည်သူတွေအကျိုးအတွက် ဆောင်ရွက်မပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ရပ်နားပေးဖို့ တောင်းဆိုဆန္ဒ‘ပြတာပါဟု" ဒေသခံပြည်သူ ကိုမိုးလှိုင်က ပြောဆိုခဲ့သည်။

"ကုသိုလ်ဖြစ်ဆေးခန်းကို မြို့ခံပြည်သူလူထုရဲ့ ထောက်ပံ့လှုဒါန်းငွေနဲ့ မတည်ပြီး လုပ်ခဲ့တာပါ။ ဆေးရုံဆေးခန်းသွားဖို့ ပိုက်ဆံမတတ်နိုင်တဲ့ မရှိဆင်းရဲသားတွေကို အခကြေးငွေမယူဘဲနဲ့ ကုသပေးနေတာပါ။ ဆေးခန်းရဲ့ (၁)ရက်လက်ရှိကုန်ကျစရိတ်က ရေရှည်မှာမလည်ပတ်နိုင်မှာဆိုးလို့ ရပ်ကွက်မှာ အလှုခံရတာတော့ရှိပါတယ်။ ဆေးခန်းဆောက်ဖို့အတွက် မော်တော်ယာဉ်ဟောင်းနေရာကိုလည်း   ပြန်မပေးသေးဘူး။ မဲဆွယ်တုန်းကတော့ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေးအတွက် အစွမ်းကုန်ဆောင်ရွက်ပါ့မယ်လို့ ပြောခဲ့တဲ့ ဦးမြဦးက အခုစွပ်ဆွဲပြောဆိုခဲ့တဲ့ စကားနဲ့က တလွဲစီဖြစ်နေတယ်။ ဒါကို လုံးဝမကျေနပ်ပါဘူး။ ဆေးခန်းကိုလည်း အရောင်အသွေးပါတယ် ဆေးရုံကိုလည်း ဖိအားပေးတယ်ဆိုတဲ့ စကားမျိုးက ကျုပ်တို့ဒေသခံတွေကို ခွေးလုံးလုံးဖြစ်ရောပေါ့ဗျာ ဟု" မြို့ခံပြည်သူ ဦးအေးလွင် ကပြောဆိုခဲ့သည်။

သြဂုတ်လ(၂၀)ရက်နေ့၌ န၀ရတ်ခန်းမတွင် ပြုလုပ်ကျင်းပသော အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဦး မှ ပေါင်းတည်ကုသိုလ်ဖြစ်ဆေးခန်းအဖွဲ့အစည်းတွင် အရောင်အသွေးများပါရှိနေကြောင်း ပါတီအဖွဲ့အစည်း နှင့် နိုင်ငံရပ်ခြားမှ ငွေကြေးအကူအညီရယူနေကြောင်း ဆေးရုံကြီးအား ကုသိုလ်ဖြစ်ဆေးခန်းအဖွဲ့မှ ငွေအားဖြင့်ဖိနေပါကြောင်း ပြောဆိုခဲ့သည်ဟု အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဦးလူမြင့် နှင့် ဦးကံမြင့်တို့ထံမှ သိရှိရသည်။

ဆန္ဒပြပွဲတွင် ရဲအုပ်မျိုးဝင်းမှ "ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် အမိန့်မရရှိပဲ တရားမ၀င် လူစုခြင်း၊ ကြွေးကြော်ခြင်း၊စီတန်းလှည့်လည်ခြင်း၊မပြုလုပ်ရန် နှင့် လူစုခွဲပေးပါရန် ၊ လူစုခွဲရန် ပျက်ကွက်ပါက တရား ဥပဒေ နှင့် အညီအရေးယူ ဆောင်ရွက်သွားမည်ဟု" ပြောဆိုခဲ့ကြောင်းသိရသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ဆေးရုံပြုပြင်ပေးရေး ၊ မော်တော်ယာဉ်ရုံးအား မှုလပိုင်ရှင်ထံပြန်ပေးရေး ၊ လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူ့ဆန္ဒရှေးရှု့ရေး ၊ ပြည်သူ့ဆေးရုံ ဒို့ဆေးရုံ ၊ အသင်းအဖွဲ့စော်ကားသူ အလိုမရှိ ဟူသော ကြွေးကြော်သံများ နှင့် ၄င်းစာသားများပါရှိသော ဗီနိုင်းပိုစတာအချပ်ပေါင်း (၄၀)ကျော်တို့အား ဒေသခံပြည်သူလူထုမှ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ရာ နံနက်(၉း၃၀)အချိန်ခန့်၌ ပြီးဆုံးခဲ့ပြီး အဆိုပါဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်တောင်းခဲ့သော်လည်း ခွင့်ပြုမိန့်မရရှိခဲ့ကြောင်း ယခုအချိန်ထိ သက်ဆိုင်ရာ ရဲစခန်း မှ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း ဒေသခံပြည်သူများဖြစ်ကြသော ဦးအေးလွင် နှင့် ဦးမိုးလှိုင် တို့မှ ပြည်သတင်းသို့ ပြောကြားခဲ့သည်။

ပြည်သတင်း + Nyi Nyi Htwe

ဆီးရီးယားကို အမေရိကန်က မကြာခင် ၀င်တိုက်ဖွယ်ရှိ

 
ဒီနေ့အတွက် ကမ္ဘာ့သတင်းတွေမှာ ရှေ့ဆုံးက နေရာယူထားတာကတော့ ဆီးရီးယား အရေးပါဘဲ။ ဆီးရီးယား နိုင်ငံကို အမေရိကန်က နာရီအနည်းငယ် အတွင်း တိုက်ခိုက်ဖွယ် ရှိနေပါတယ်။ 

အမေရိကန်ဟာ ဆီးရီးယားကို အချက် ၅ ချက်ကြောင့် ဝင်တိုက်ရပါတော့မယ် လို့ အမေရိကန် အခြေစိုက် CNN သတင်းတပုဒ်က ဆိုပါတယ်။ 

၁။ ကမ္ဘာပေါ်က အခြား အာဏာရှင်တွေလည်း အခုအခင်အကျင်းကို စောင့်ကြည့်နေကြတာ 
၂။ ဓာတုလက်နက်တွေနဲ့ အနာဂတ် စစ်မြေပြင်တွေမှာ အသုံးပြုလာနိုင် 
၃။ ဆီးရီးယားပြည်တွင်းစစ်ဟာ ပိုပို ပျံ့နှံ့လာပြီး အခြေအနေတွေကို ပိုဆိုးလာနေတာ 
၎။ စစ်ရေးအရ အရေးမယူခဲ့ရင် ဆီးရီးယား သမ္မတ အာဆတ်နဲ့ သူ့မဟာမိတ်တွေ အောင်ပွဲခံလာကြမယ် ၅။ အလွန်စက်ဆုပ်မုန်းတီးဖွယ်ကောင်းတဲ့ အခုလို ၀မ်းနည်းကြေကွဲစရာတွေကို မျိုးဆက်သစ်တခုကတော့ ဆက်ပြီး သတိရနေလိမ့်မယ် ဆိုတဲ့ အမေရိကန်ဘက်က အကြောင်းပြချက် ၅ ချက်ပါ။ 

ဆိုလိုတာက သမ္မတ အိုဘားမားကတော့ ကမ္ဘာပေါ်က အာဏာရှင်တွေ နောက်နောင် ဓာတု လက်နက် မသုံး ရေး စဉ်းစားချက်ကို အလေးထားနေပါပြီ။ 

ကုလ သမဂ္ဂရဲ့ ဆီးရီးယားက ဓာတုလက်နက်သုံး၊ မသုံး စုံစမ်းရေး အရာရှိကတော့ ကနဦး အာဆတ်အစိုးရ သုံးတဲ့ လက္ခဏာမတွေ့ရဘူးပြောပေမယ့် ဓာတုလက်နက်အခင်းဖြစ်နေရာကို မရောက်နိုင်သေးပါဘူး။ ဒါပေမယ့် အာဆတ်ရဲ့ ညီဖြစ်သူက ဓာတုလက်နက်နဲ့ ဖြိုခွင်းဖို့ အမိန့်ပေးခဲ့တယ်လို့တော့ သံသယဖြစ်တယ် ဆိုတဲ့ သတင်းတွေနဲ့အတူ အမေရိကန်ကတော့ ဆီးရီးယား အစိုးရဟာ ဓာတုလက်နက်အသုံးပြုခဲ့တာဟာ အခိုင်အမာဖြစ်တယ်လို့ ဆိုထားတာပါ။ 

ဒါကြောင့်လည်း ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ပြင်ဆင်ပြီးဖြစ်လို့ အမေရိကန်နဲ့ အတူ ဗြိတိန်၊ ပြင်သစ် စ တဲ့ မဟာမိတ်နိုင်ငံတွေက ဆီးရီးယား ရေပိုင်နက်အပါအ၀င် ဆီးရီးယားရဲ့ အရေးပါတဲ့ စစ်ဘက်ပစ်မှတ်တွေ ကို အချိန်တိုတွင်းတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေက ပြောထားပါတယ်။ 

ရုရှားကဆို အမေရိကန်တွေ ဆီးရီးယားကို စစ်ရေးအရ ၀င်တိုက်မယ်ဆိုရင် မလွယ်ကူတဲ့အကြောင်း ထောက်ပြ ပြီး အီရန်ကတော့ အလွန်အန္တရာယ် များတဲ့ ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့လည်း ပြောတယ်။ 

အမေရိကန် စစ်ဘက် အကြီးတန်း အရာရှိတွေကတော့ ဆီးရီးယားကို ဆင်နွှဲမယ့်စစ်ရေးအရ အရေးယူမှု ဟာ အချိန်တို လေးအတွင်း အပြီးသတ်သွားမှာလို့ ပြောကြပါတယ်။ 

တဖက်မှာလည်း အီရန်အနေနဲ့ သမ္မတ အာဆတ်အလွန် ဆီးရီးယားနဲ့ပတ်သက်တဲ့ အရံအစီအစဉ်တခု လည်း ရှိနေပုံရ ပါတယ်။ 

အမေရိကန်က ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သဘောတူမှု ရယူပြီးမှ ဆီးရီးယားကို စစ်ရေးအရ အရေး ယူမှာလားဆိုတဲ့ မေးခွန်းအပေါ် အမေရိကန်ဘက်က ဘယ်လိုမှ မှတ်ချက်ပေးထားမှု မရှိပါဘူး။ 

လုံခြုံရေး ကောင်စီမှာလည်း ထုံးစံအတိုင်း ရုရှားတို့၊ တရုတ်တို့က ဆီးရီးယားဘက်က ရပ်တည်ပြီး စစ်ရေး အရ အရေးမယူဖို့ ကန့်ကွက်နေကြတာပါ။ 

ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကတော့ ကုလစုံစမ်းရေးမှူးတွေရဲ့ ဆီးရီးယားဟာ ဓာတု လက်နက်သုံး၊ မသုံး ခိုင်မာတဲ့ နောက်ဆုံး တွေ့ရှိချက် ရတဲ့ အထိ ခဏစောင့်ပေးဖို့ တိုက်တွန်း ထားပါ တယ်။ 

ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့အတွက် အမေရိကန်ဘက်ကတော့ ဗြိတိန်၊ ပြင်သစ်က အခိုင်အမာ ရပ်ပြ နေပါတယ်။ သူတို့ကလည်း ဆီးရီးယားကို စစ်ရေးအရ အေ၇းယူမယ်ဆိုရင် အဆင်သင့်ဖြစ်ကြောင်း ပြော ထားပြီး ဖြစ်ပါတယ်။ 

ဆီးရီးယားကို အမေရိကန်က စတင် ၀င်ရောက်တိုက်ခိုက်တာနဲ့ ဆီးရီးယားကလည်း အစ္စရေးကို ပစ်မှတ် ထား တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့အတွက် အစ္စရေးကလည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားပြီး သားပါ။ 

အမေရိကန်ဟာ တချိန်က အီရတ်၊ အာဖဂန် စတဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့စဉ်ကလည်း လက်ဦးမှု ရယူတဲ့ မဟာဗျူဟာ ကို ကျင့်သုံးပြီး လုံခြုံရေး ကောင်စီရဲ့ သဘောတူညီမှုဆုံးဖြတ်ချက်ကို မစောင့်ဆိုင်းခဲ့ပါဘူး။ 

ထူးခြားတာက သမ္မတ အိုဘားမားဟာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်လည်းဖြစ် ဒီမိုကရက်တစ်ပါတီ ကလည်း ဖြစ် ဆိုတော့ ဆီးရီးယားအရေး ကိုင်တွယ်မယ့် နေရာမှာ အလွန်အကန့်အသတ်ရှိတဲ့ စစ်ရေးအရ အရေးယူ မယ့် ပုံစံ မျိုး အချိန်အလုံ အလောက်ယူနေတာ သတိထားမိပါတယ်။ 

အခြေအနေက စက္ကန့်တံများ တချက်ချက် မြည်သံနဲ့အတူ သမ္မတ အာဆတ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေး မယ့် အချိန်ရောက်လာနေပါပြီ။ 

တကယ်တော့ အမေရိကန်ဟာ တချိန်က သူထောက်ခံအားပေးခဲ့သူတွေနဲ့ ပြန်လည် စစ်ခင်းရလို ဖြစ်နေပြီး တချိန်က ရန်သူတော်များဘက်က ရပ်တည်ပေးတဲ့ လက္ခဏာလည်း ဖြစ်နေသလိုပါ။ 

Znet မှာ ဝေဖန်ရေးသမား မစ္စတာ ရောဘတ် ဖစ်ခ် ( Robert Fisk) ကတော့ ဆီးရီးယား အစိုးရကို တိုက် ရင် အမေရိကန်ဟာ သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် အယ်လ် ကေးဒါးတွေ ဘက်က နေပေးသလို ဖြစ် သွားလိမ့်မယ် ဆိုတာ အိုဘာမား သိသလား လို့ ထောက်ပြထားပါတယ်။ 

ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို နောက်ထပ် အချိုးအကွေ့ ဖြစ်စေမယ့် ဆီးရီးယား အပေါ် အမေရိကန်နဲ့ မဟာမိတ်တွေ စစ်ရေးအရ အရေးယူဖို့ နောက်ဆုံး ဆုံးဖြတ်ချက်အတွက် အချိန်စက္ကန့်တွေက တရွေ့ရွေ့။ 


လင်းသန့် ~ ဧရာဝတီ 

Wednesday, August 28, 2013

Money Gram ဖြင့် AGD ဘဏ်သို့ နိုင်ငံပေါင်း ၇၀ ကျော်မှ မိနစ်ပိုင်းအတွင်းငွေလွှဲနိုင်



 နိုင်ငံပေါင်း ၇၉ ခုခန့်တွင်ရှိသော ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် အမေရိကန်အခြေစိုက် Money Gram နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) တို့ ချိတ်ဆက်ပြီးဖြစ်၍ AGD ဘဏ်ခွဲများတွင် ငွေလွှဲလက်ခံမှုရရှိနိုင်ပြီး
ဖြစ်ကြောင်း AGD ဘဏ်ဥက္ကဋ္ဌ ဦးသန်းရီက ပြောသည်။

ပြည်ပရောက်မြန်မာများက မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သောသူများကို ငွေလွှဲလိုပါက လွှဲနိုင်သည့်အပြင် လာရောက် လည်ပတ်သော
နိုင်ငံခြားသားများ ငွေလိုပါကလည်း သက်ဆိုင်ရာ နိုင်ငံများမှ လွှဲပေးနိုင်ပြီဖြစ်ကြောင်း ဆက်ပြော သည်။

သြဂုတ် ၂၇ရက်မှစပြီး AGD ဘဏ်ခွဲ ၃၀ ခု နှင့် နိုင်ငံခြားငွေလဲလှယ်ရေးစင်တာ ၁၇ ခုခန့်တွင် ၀န်ဆောင်မှုကို ရရှိနိုင်ပြီဖြစ်သည်။

“၀န်ဆောင်ခကိုတော့ ငွေလွှဲပို့တဲ့သူဆီကပဲ ယူတယ်။ ငွေပမာဏကတော့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အများဆုံး သတ်မှတ်ထားတယ်”ဟု ၎င်းက ဆိုသည်။

“ နိုင်ငံခြားသားတစ်ယောက်ဟာ ဆီးဂိမ်းအားကစားပွဲကိုလာရင်း ပိုက်ဆံပြတ်သွားရင် အိမ်ကို ပိုက်ဆံ လှမ်းတောင်း လိုက်။ ပြီးရင် ဒီကနေ့သွားထုတ်လိုက်ရုံပဲ။ အရင်တုန်းကလို ပိုက်ဆံကို သယ်နေစရာမလို တော့ဘူး”ဟု AGD ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ဆိုသည်။

ယင်းငွေလွှဲဝန်ဆောင်မှုသည် အချိန်အားဖြင့် ၁၀ မိနစ်အတွင်း
ထုတ်ယူနိုင်မည်ဖြစ်ပြီး ငွေမည်မျှပေးပို့ ထားကြောင်းနှင့် ရည်ညွှန်းနံပါတ်ကို သိရှိရမည်ဖြစ်သည်။ ငွေထုတ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် နိုင်ငံကူး လက်မှတ် တစ်ခုကို ယူဆောင်လာရမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်စာရင်းအရ ပြည်ပရောက် မြန်မာနိုင်ငံသား ငါးသိန်းကျော်ခန့်ရှိနေပြီဖြစ်ရာ Money Gram ၏ ငွေလွှဲ ၀န်ဆောင်မှုမှတစ်ဆင့် ငွေလွှဲနိုင်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် ယင်းသို့ငွေလွှဲဝန်ဆောင်မှုကို Western Union နှင့်ဘဏ်အချို့လည်း ချိတ်ဆက် လုပ်ဆောင်နေသည်။


မင်းသူရ -Mizzima - News in Burmese

သံတွဲ၌ ပဋိပက္ခ ဖြစ်ပွားလုဆဲ ရဲတပ်ဖွဲ့ အချိန်မီ ထိန်းသိမ်း

 
ရန်ကုန်၊ သြဂုတ် ၂၇

ရခိုင်ပြည်နယ် သံတွဲမြို့ နံတော်တောင် တောင်ခြေရင်းတွင် သီတင်းသုံးနေ သည့် ဘုန်းတော်ကြီး တစ်ပါးကို အစ္စလာမ် ဘာသာဝင် တစ်ဦးက ဆဲဆိုသည်ဟု ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်တွင် ယင်းနေရာ သို့ လူ ၆၀ ခန့် စုဝေးလာသဖြင့် ရဲတပ်ဖွဲ့က အချိန်မီ တားဆီး ခဲ့ကြောင်း ဒေသခံများနှင့် သံတွဲမြို့နယ် ရဲတပ်ဖွဲ့ စခန်းတို့မှ သိရှိရသည်။

နံတော်တောင် တောင်ခြေရင်းတွင် သီတင်းသုံးသည့် အရှင်ပညာသာမိ ၏ ကျောင်းဝင်းသို့ အစ္စလာမ် ဘာသာဝင် ကမန်လူမျိုး တစ်ဦးဖြစ်သူ မြင့်ထွန်း (ခေါ်) မူံရွှေရည်၏ ဆိတ်များ ဝင်ရောက်သဖြင့် ဆရာတော်က မဝင်စေရန် ပြောဆိုမှုကို မြင့်ထွန်းက ပြန်လည် ပြောဆိုရာမှ ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ မြင့်ထွန်းကို သံတွဲမြို့နယ် ရဲတပ်ဖွဲ့ စခန်းက ခေါ်ယူ စစ်ဆေးနေကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဆရာတော်ကို ဆဲဆိုပြီး ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဟူသော သတင်းများ ထွက်ပေါ်လာ သဖြင့် ဒေသခံ ၆၀ ခန့် ယင်းနေရာတွင် ရောက်ရှိ စုဝေးခဲ့ရာ ရဲတပ်ဖွဲ့နှင့် ဒေသခံ အချို့က ဝိုင်းဝန်း ထိန်းသိမ်းခဲ့သဖြင့် အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ အမှုဆောင် တစ်ဦးဖြစ်သူ ဦးမြင့်မိုးက ဆိုသည်။

တောင်ကုတ်မြို့သူ တစ်ဦး ဇွန်လ ၃၀ ရက်နေ့က မုဒိမ်းကျင့်ခံရ သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး သံတွဲမြို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ် အချို့ မီးရှို့ခံခဲ့ရပြီး ပဋိပက္ခအရှိန် မြင့်လာသဖြင့် ညမထွက်ရအမိန့် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly

ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး မြေသားစမ်းသပ်မှု စတင်

 
ရန်ကုန်-ဒလ တံတားဒီဇိုင်းပုံစံ ထုတ်ရန်အတွက် မြစ်လယ်မြေသား စမ်းသပ်မှုကို သြဂုတ် ၂၇ ရက်မှ စတင်၍ ဘုန်းကြီးလမ်းဆိပ်ကမ်းအနီး ၌ ပြုလုပ်နေပြီဖြစ်ကြောင်း သိရ သည်။

မြစ်လယ်မြေသားစမ်းသပ် စစ် ဆေးမှုကို ကိုရီးယားနိုင်ငံမှ ပညာရှင် လေးဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ ပြုလုပ်ေ နခြင်း ဖြစ် သည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သိန်းနုက ပြောသည်။

ဘုန်းကြီးလမ်းဆိပ်ကမ်းနှင့် ကမာကဆစ်ကမ်းခြေကြား ရန်ကုန် ဘက်မှ ရေလယ်မီတာ ၁ဝဝ အကွာ တွင် လှေအကြီးနှစ်စင်းအား တွဲဆက် ပလက်ဖောင်းပြုလုပ်ကာ ယခုလ ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်အထိ မြေစမ်းသပ်မှု ပြုလုပ်သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကထုတ်ပြန်သည်။

”ခုမြေသားစမ်းသပ်မှုလုပ်တာ က ပုံကြမ်းဒီဇိုင်းထုတ်ဖို့ပါ။ အဲဒီ ပုံကြမ်း ရရှိပြီဆိုရင်တော့ တံတား စဆောက်နိုင်ဖို့ကို လွှတ်တော်အသီး သီးကို တင်ပြပြီး တည်ဆောက်ေ ရး လုပ်သွားမှာပါ”ဟု ဒုတိယ အင်ဂျင်နီ ယာမှူးကြီး ဒေါ်သိန်းနုက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

ယင်းမြေသားစမ်းသပ်မှုများ စတင်နိုင်ရန်အတွက် သြဂုတ် ၁၉ မှ ၂၁ ရက်အတွင်း ကိုရီးယားနှင့် ဆွေး နွေးခဲ့ကြသည်။

မြေသားစမ်းသပ်သည့် ရက် များအတွင်း ရေယာဉ်များအနေဖြင့် မြေသား စမ်းသပ်မှုပြုလုပ်နေသည့် ယာဉ်၏ ဘေးပတ်လည် ပေ ၁ဝဝ အကွာမှ ဖြတ်သန်းမောင်းနှင် သွား ကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် က သြဂုတ် ၂၃ ရက်တွင် ရေကြောင်း သတိပေးချက်ထုတ်ပြန်ကြေညာ ထားသည်။

ရန်ကုန်-ဒလ တံတားမှာ ကိုရီး ယား -မြန်မာချစ်ကြည်ရေးအနေဖြင့် တည် ဆောက်မည်ဖြစ်ပြီး တောင်ကို ရီးယား ဒုတိယဝန်ကြီးချုပ် ယခုနှစ် လာရောက်ခဲ့သည့် မြန် မာနိုင်ငံ ခရီးစဉ် တွင် တံတားတည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့သည်။

သုတလင်း၊ စိုင်းလမင်း

Popular Myanmar News Journal

ပြည်ပ ကုမ္ပဏီနှစ်ခု လုပ်ငန်း စတင်နိုင်ရန် ဆက်သွယ်ရေးဥပဒေ ပြည်ထောင်စုလွှတ်တော် အတည်ပြု

 
ရန်ကုန်၊ သြဂုတ် ၂၇

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် တင်ဒါ အောင်မြင် ထားသည့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု လုပ်ငန်းစရန် အဓိက လိုအပ်နေသော ဆက်သွယ်ရေး ဥပဒေကို သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြု လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဆက်သွယ်ရေး ဥပဒေကို ပြည်ပ ကုမ္ပဏီနှစ်ခု အချိန်မီ လုပ်ငန်း စတင်နိုင်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဖြစ်၍ နိုင်ငံတော်သမ္မတထံ ပေးပို့ကာ ရက်ပိုင်းအတွင်း အတည်ပြု ပြဋ္ဌာန်းဖွယ် ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

“သမ္မတကသာ သဘောထား မှတ်ချက် တစ်စုံတစ်ရာနဲ့ ပြန်ပို့လာမယ် ဆိုရင်တော့ ဒီလွှတ်တော် အစည်းအဝေးမှာ ဆက်သွယ်ရေး ဥပဒေကို ပြဋ္ဌာန်းဖို့ မဖြစ်နိုင်တော့ဘူး” ဟု ၎င်းက ထောက်ပြသည်။

တင်ဒါ အောင်မြင်ထားသည့် နော်ဝေကုမ္ပဏီ တယ်လီနောနှင့် ကာတာ ကုမ္ပဏီ အော်ရီဒူးတို့ ဝန်ဆောင်မှု လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ရေး ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းရန် မဖြစ်မနေ လိုအပ်လျက် ရှိပြီး ယင်းအတွက် လွှတ်တော်က အမြန်ဆုံး ဆောင်ရွက်ပေးထားကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးပို့သည့် ဆက်သွယ်ရေး ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ပြဋ္ဌာန်းပြီးပါက ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန သည် ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေ တစ်ရပ် ရေးဆွဲရမည် ဖြစ်ပြီး လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်းနှင့် စည်းမျဉ်း စည်းကမ်းများ သတ်မှတ်ရန် မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် တစ်ရပ်ကိုလည်း အမြန်ဆုံး ဖွဲ့စည်းရမည် ဖြစ် သည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်း မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်ရန် သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် ရွေးချယ် ခွင့်ပြုထားသော ပြည်ပကုမ္ပဏီ နှစ်ခုသည် ၎င်းတို့၏ ဝန်ဆောင်မှု လုပ်ငန်း များကို လာမည့် ဇန်နဝါရီလတွင် စတင်မည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly

Tuesday, August 27, 2013

» ထီထိုးသူ များလာသောကြောင့် စက်တင်ဘာမှ စတင်ပြီး အက္ခရာတစ်လုံး တိုးရောင်းမည်

 
ထီစောင်ရေ များလာစေရန်အတွက် လာမည့် စက်တင်ဘာလ၌ စတင်ရောင်းချမည့် ၂၉၇ ကြိမ်မြောက် အောင်ဘာလေထီတွင် အက္ခရာတစ်လုံးတိုး၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အောင်ဘာလေသိန်းဆုဌာနမှ သိရသည်။

ယင်းသို့ အက္ခရာတစ်လုံးတိုး၍ ရောင်းချပေးခြင်းမှာ ထီထိုးသူ များလာ၍ဖြစ်ပြီး တိုးလိုက်ပါက အက္ခရာ ၃၆ လုံးအထိ ဖြစ်သွားမည်ဖြစ်ကာ သြဂုတ်လအထိ ၃၅ လုံးသာ ရောင်းချပေးသည်ဟု အောင်ဘာလေ သိန်းဆုဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က သြဂုတ် ၂၆ ရက်တွင် ပြောသည်။

ဦးသိန်းနိုင်က “အက္ခရာတိုးတယ်ဆိုတာ ရောင်းလိုအား ၀ယ်လိုအားတွေ တိုးလာလို့ပါ။ အောင်ဘာလေ ထီရောင်း ရတော့ အခွန်ပိုရတယ်။ အခွန်ပိုရတော့ တိုင်းပြည်ရဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းပေးရာ ရောက်တယ်။ ပြည်သူအတွက် ဆုမဲပိုရတော့ ဆင်းရဲမွဲတေမှု ပပျောက်ဖို့ အထောက်အကူ ဖြစ်တယ်” ဟု ပြောသည်။

၂၉၇ ကြိမ်မြောက် အောင်ဘာလေထီတွင် အက္ခရာ “က” မှ “ကဂ” အထိ ၃၆ လုံး ရောင်းချပေးသွားမည် ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။ ယင်းထီဖွင့်ပွဲတွင် ဆုမဲပေါင်း ၂၆,၉၉၉ ဆု ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး ငွေကျပ်သန်းပေါင်း ၃,၅၀၀ ကျော် တန်ဖိုးရှိမည် ဖြစ်သည်။

စက်တင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည့် ၂၉၆ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အက္ခရာ “က”မှ “ကခ” အထိ ၃၅ လုံး ရောင်းချပေးပြီး ဆုမဲစုစုပေါင်း ၂၆,၈၁၂ ဆု ဖွင့်လှစ်ပေးမည် ဖြစ်သည်။

၂၉၇ ကြိမ်မြောက် အောင်ဘာလေထီတွင် ဖွင့်လှစ်သွားမည့် ဆုမဲများမှာ ကျပ်သိန်း ၁၅၀၀ ဆု တစ်ဆု၊ ကျပ်သိန်း ၁၀၀၀ဆု တစ်ဆု၊ ကျပ်သိန်း ၅၀၀ဆု တစ်ဆု၊ ကျပ်သိန်း ၃၀၀ဆု သုံးဆု၊ ကျပ်သိန်း၂၀၀ဆု ငါးဆု၊ မင်္ဂလာစုံတွဲ ၁၆ ယူနစ် ၁၆ယ၅၆၀ ဆု၊ ဖြည့်စွက် ၂ ယူနစ် ၄၀၀ ဆု၊ အပိုဆု ၂၉ ဆုနှင့် မိတ်သ ဟာဆု ၉၉၉၉ ဆု ဖြစ်သည်။

ရန်ကုန်မြို့ရှိ ကျောက်တံတားမြို့နယ်မှ သားကောင်းရတနာထီဆိုင်မှ ထီရောင်းသူတစ်ဦးက “အောင်ဘာလေထီ ထိုးတဲ့သူ အများအားဖြင့်က နယ်တွေကပါ။ ထီဆုကြီးပေါက်တဲ့ ဒေသတွေဆို ပိုရောင်းကောင်းတယ်။ အခုလို ရေကြီးမိုးရွာဆို ရောင်းအားကျတယ်။ အခု အက္ခရာ ၃၆ လုံး ရောင်းမယ်ဆိုတော့ အရင် လတွေထက် အက္ခရာများ လာတယ်။ ဆုမဲအရေအတွက် များလာတယ်”ဟု ပြောသည်။

အောင်ဘာလေထီတွင် ရောင်းရငွေ အားလုံး၏ ၄၀ ရာခိုင်နှုန်းကို ဘဏ္ဍာငွေအဖြစ် နိုင်ငံတော်က ရယူပြီး ၆၀ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ခွဲဝေပေးသည်။ အက္ခရာ၃၆လုံးအတွက် ထီရောင်းရငွေမှာ ကျပ်သန်းပေါင်း ၅၈၀၀ ကျော်ရှိသည့်အတွက် ဘဏ္ဍာငွေသန်းပေါင်း နှစ်ထောင်ကျော် အစိုးရက ရရှိမည်ဖြစ်သည်။

လစဉ် ထီထိုးသူတစ်ဦးဖြစ်သည့် အသက် ၆၀ ၀န်းကျင်အရွယ်ရှိ ဦးမြင့်အေးက “လစဉ်တော့ ထီထိုးဖြစ်တယ်။ ကံကောင်းရင်လည်း ထီပေါက်သွားနိုင်တာပေါ့။ ထီဆုကြီးတွေ ပေးရင်တော့ ပိုကောင်းမယ်”ဟု ပြောကြားခဲ့သည်။

နန်းမြင့်
Mizzima - News in Burmese

နည်းပညာတက္ကသိုလ်တိုင်း စာသင်နှစ်တစ်နှစ်စီ တိုးမြှင့်မည်

 
ရန်ကုန်၊ သြဂုတ် ၂၆

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နည်းပညာ တက္ကသိုလ်တိုင်းတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ စာသင်နှစ်တစ်နှစ် ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး စုစုပေါင်း စာသင်နှစ်ခြောက်နှစ် ရှိသွားကြောင်း ယင်းတက္ကသိုလ် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ စာသင်နှစ် တိုးမြှင့်ခြင်းနှင့်အတူ အေဂျီတီအိုင် ဒီပလိုမာစနစ်ကိုလည်း ဖျက်သိမ်းမည် ဖြစ်ကြောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် အခြားနည်းပညာ တက္ကသိုလ်များသည် ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် (Center of Excellence) တို့၏ ပညာသင်နှစ်နှင့် တူညီသွားပြီ ဖြစ်ကြောင်း အဆိုပါ အသိုင်းအဝိုင်းက ထပ်မံပြောကြားသည်။

လက်ရှိပြောင်းလဲထားသော စာသင်နှစ်တွင် B.Tech သင်တန်းပြီးဆုံးသည် အထိ လေးနှစ်တက်ရောက်ရပြီး အင်ဂျင်နီယာဘွဲ့ ရရှိသည်အထိဆိုပါက ၂ နှစ် ထပ်မံတက်ရောက် ရသည့်အတွက် စာသင်နှစ်စုစုပေါင်း ခြောက်နှစ် သင်ကြားရမည် ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှ နည်းပြဆရာတစ်ဦးက The Voice သို့ ရှင်းပြသည်။

နည်းပညာတက္ကသိုလ်နှင့် အစိုးရ နည်းပညာကောလိပ် ဝင်ခွင့်အတွက် ယခုပညာသင်နှစ်တွင် ရမှတ် ၃၈၀ နှင့်အထက် ရှိသူများကိုသာ လက်ခံသွားမည်ဖြစ်ပြီး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၁၁,၆၅၀ ဦး လက်ခံမည် ဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် ဝင်ခွင့်များအတွက် ရမှတ် ၄၈၀ နှင့်အထက် ရရှိရန်လိုအပ်ပြီး တက္ကသိုလ်နှစ်ခုပေါင်း ကျောင်းသားဦးရေ ၆၀၀ လက်ခံမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်တွင် Center of Excellence နည်းပညာတက္ကသိုလ် နှစ်ကျောင်း၊ စက်မှုလက်မှုသိပ္ပံကျောင်း ၁၀ ကျောင်း၊ နည်းပညာ တက္ကသိုလ်ပေါင်း ၃၀ နှင့် နည်းပညာ ကောလိပ် လေးကျောင်းတို့ ရှိသည်။

The Voice Weekly

ဂျမိုင်ကောင်စခန်းမှာ ကချင်ဒုက္ခသည်တွေနဲ့ ကုလအထူးအကြံပေး တွေ့ဆုံ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကချင်ဒုက္ခသည်စခန်းကို ယခင်က သွားရောက်လည်ပတ်စဉ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကချင်ဒုက္ခသည်စခန်းကို ယခင်က သွားရောက်လည်ပတ်စဉ်။
ကချင်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အကြား မကြာခင်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား (Vijay Nambiar) က ပြောကြားလိုက်ပါတယ်။ မစ္စတာ နမ်ဘီယားဟာ ဒီကနေ့ နေ့လည်ပိုင်း ကချင်ပြည်နယ် ဂျမိုင်ကောင် ဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် အဲဒီလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ ဒီကနေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့ကို လေယာဉ်နဲ့
ရောက်ရှိသွားပြီး နေ့လည်ပိုင်းမှာ ဂျမိုင်ကောင် ဒုက္ခသည်စခန်းကို လာရောက် လည်ပတ်ခဲ့တယ်လို့ စခန်းတာဝန်ခံ ဦးအောင်မြတ်က ဗွီအိုအေကို ပြောပါတယ်။

ဒုက္ခသည်တွေအနေနဲ့ မေးချင်တာမေးဖို့ မစ္စတာ နမ်ဘီယားက ခွင်ပြုတဲ့အတွက် ဒုက္ခသည်တွေဘက်ကလည်း သူတို့ရဲ့ စိုးရိမ်မှုတွေကို မေးမြန်း ပြောဆိုခဲ့တယ်လို့ ဦးအောင်မြတ်က ပြောပါတယ်။

“တယောက်ပြောတာက အခု ပြန်လို့ရပြီဆိုတာ အားလုံးတော့ ပြောနေကြတယ်။ ဒါပေမဲ့ ကျနော်တို့ ပြန်တဲ့အချိန်မှာ တိုင်းရင်းသားတွေက အားလုံး တောင်သူတွေပဲ လုပ်စားကြတယ်။ တောင်ယာတွေပဲ ခုတ်စားကြတော့ တောင်ယာသွားတဲ့လမ်းမှာ လုံခြုံတာမျိုးမရှိဘူး။ ကျနော်တို့တွေဟာ စစ်တပ်နဲ့တွေ့တဲ့အချိန် ဖမ်းတာ၊ နှိပ်စက်တာမျိုး၊ မသင်္ကာဖြစ်တာမျိုး အဲ့လိုမျိုး ခဏခဏဖြစ်တယ်။ အဲ့ဒါကြောင့် ဒီမှာ ပြန်လုပ်ရတယ်လို့ ပြောဆိုနေပေမဲ့ တကယ့် လက်တွေ့ကျမှ ကျနော်တို့ ပြန်လို့မရဘူးလို့ သူတို့က အဲ့လိုမျိုး ပြောကြတယ်။ အဲ့ဒါတွေကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ ပြောကြတယ်။”

မြန်မာအစိုးရနဲ့ ကချက် လက်နက်ကိုင် အဖွဲ့အစည်းကြားက တွေ့ဆုံဆွေးနွေးမှုတွေဟာ တိုးတက်မှုရှိပြီး ကချင်ပြည်သူလူထု လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မစ္စတာ နမ်ဘီယား က ပြောဆိုသွားတယ်လို့ ဦးအောင်မြတ်က ဆက်ပြောပါတယ်။

“ကျနော့်အမြင်ရော သူတို့လာတာကတော့ တကယ် ဒီ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တာတွေ တော်တော် အဲ့ဒါ အကျိုးသက်ရောက်မယ်လို့ ကျနော် မြင်မိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒီနေ့ သူ ခွန်အားပေးသွားတာက သူ ဒီ ဒီ နောင်ဖြစ်လာမယ့်အချိန်မှာ တခြား ပဋိပက္ခ မရှိဖို့ အားလုံး ကြိုးစားကြပါတယ်လို့ သူက အဲ့လို ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာ ဇွန်လမှာ ကျင်းပတဲ့ ဒီ KIO နဲ့ သူတို့ ဒီ စစ်တပ် အစိုးရတွေ ညှိနှိုင်းတဲ့ ဒီဟာ မြစ်ကြီးနား မနောပွဲမှာ ကျင်းပတဲ့ ဒီဟာ ပထမဆုံး Agreement ပေါ့နော် ဒီဟာ အချက် ၇ ချက်ပါ တကယ့် ဒီဟာ ဖော်ဆောင်တာတွေ အကျိုးသက်ရောက်မယ့် တကယ့် ညှိနှိုင်း ဆွေးနွေးဖြစ်ပါတယ် ဆိုပြီးတော့မှ ပြောပါတယ်။”

“ပြီးတော့ အဲ့ဒါ ခွန်အားပေးသွားတာကတော့ ဒီဟာ အခု မင်းတို့ မျှော်လင့်ထားတဲ့ တန်းတူညီမျှ အခွင့်အရေးရဖို့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ် ဖော်ဆောင်လာမှာပါလို့ အဲ့လိုမျိုးပြောပြီးမှ ခွန်အားပေးသွားတာပါ။”

သူ အရင်တခေါက် မြန်မာပြည်ကို လာရောက်စဉ်ကလည်း ဒီ ဂျမိုင်ကောင် ဒုက္ခသည်စခန်းကို လာသွားခဲ့ပါသေးတယ်။ မစ္စတာ နမ်ဘီယား မြစ်ကြီးနားမြို့ ကို ရောက်လာပြီး မြန်မာအစိုးရဘက်က ဆောင်ရွက်ပေးတဲ့ အခြေအနေတွေကိုတော့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ကျနော်တို့နဲ့ မတွေ့ဘူးဗျ။ သူ့ဟာသူ ဟိုဟာနဲ့တွေ့တာ။ ဟိုဟာပေါ့ KBC သွားတယ်ဗျာ။ KBC ဆိုတာ ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံအဖွဲ့ပေါ့။ အခု အဲ့ဒါ မနက်ရောက်ပြီး ခဏ လေဆိပ်မှာနားပြီး သွားတွေ့တယ်။ တွေ့ပြီးရင်တော့ သူ IDP Camp တွေ လျှောက်သွားမှာပေါ့ဗျာ။ သူက သွားတယ် ကျနော်တို့ မပါဘူးဗျ။ ကောင်းတာက သူတို့ကို မေးရင်တော့ အပြည့်အစုံရမယ်။ ကျနော်တို့ကျတော့ တခါတည်းမေးလိုက်တယ် လိုက်ဖို့လိုလားလို့။ သူတို့က လွတ်လွတ်လပ်လပ်ပဲ သွားမယ်ဆိုတော့ ပြီးသွားရောပေါ့ဗျာ။ မနက်ဖြန် လိုင်ဇာသွားပါမယ်။ လိုင်ဇာသွားရင်လည်း ကျနော်တို့ မပါပါဘူး။ ကျနော်တို့က စီစဉ်ပေးလိုက်တာ။ ကားတွေ၊ လုံခြုံရေးတွေ အေးဆေးပါပဲ။”

မေး။          ။ ဆိုတော့ မြန်မာအစိုးရဘက်က တယောက်မှ မပါဘူးဆိုတဲ့ သဘောလားခင်ဗျ။
ဖြေ။           ။ “ဟုတ်တယ်။ ကျနော်တို့ မလိုက်ပါဘူး။ မလိုက်ဘူးဆိုတာ သူတို့က သူတို့ဟာသူတို့ သွားပြင်တာလေ။”

မနက်ဖြန်မှာတော့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို မစ္စတာ နမ်ဘီယား သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ KIO အဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ ယူဆရပေမဲ့ ဘယ်သူတွေပါမယ်ဆိုတော့ အတိအကျတော့ မသိသေးဘူးလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က တာဝန်ရှိသူ ဦးလမိုင်ခွန်ဂျာက ပြောပါတယ်။

“သူတို့က KIO ဗဟိုမှာသွားမယ်ဆိုတော့ ဗဟိုလူကြီးတွေ အားလုံးနဲ့ တွေ့မယ်ကတော့ မသိဘူးလေ။ ဗဟိုကို သွားမှာဆိုတော့ အားလုံးနဲ့ တွေ့ဖြစ်လိမ့်မယ်ထင်တယ်။ ကျနော့်အထင်ပါ။”

မေး။          ။ ကျနော်တို့ကြားတာက ဦးခွန်ဂျာတို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကနေပြီး ကြားဝင် ဆောင်ရွက်ပေးသလားလို့ပါ။ အဲ့လို နှစ်ဘက်တွေ့ဆုံဖို့အတွက်လေ။ မစ္စတာ နမ်ဘီယားနဲ့ KIO ဗဟိုက တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ကိစ္စအတွက်။
ဖြေ။           ။ “အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ သူတို့က တိုက်ရိုက် ဆက်သွယ်တာတော့ မရှိဘူး။ သူတို့ရောက်လာတဲ့အချိန်မှာပဲ လိုက်ပို့ဖို့အတွက် ကျနော်တို့ PCG ကို တာဝန်ပေးထားတယ်ခင်ဗျ။”

မေး။          ။ ဟုတ်ကဲ့ ဦးခွန်ဂျာတို့ဘက်က လိုက်ပို့ပေးမယ်ပေါ့နော်။ သဘောက သူနဲ့အတူတူ လိုက်သွားမယ်ပေါ့။
ဖြေ။           ။ “ဟုတ်ကဲ့။ ဟုတ်ကဲ့”

မစ္စတာ နမ်ဘီးယားဟာ မနက်ဖြန် သြဂုတ်လ ၂၈ ရက်နေ့ကျရင် လိုင်ဇာမှာ KIO အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ကချင်ပြည်နယ်ကနေ ပြန်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ကျန်ရက်တွေမှာ ဘယ်သူနဲ့တွေ့မယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ဒါဟာ မစ္စတာ နမ်ဘီယားအနေနဲ့ မြန်မာနိုင်ငံကို ၆ ကြိမ်မြောက် လာရောက်ခြင်းလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ KIO အဖွဲ့တို့ မေလအတွင်း တွေ့ဆုံကြစဉ်တုန်းက ကေအိုင်အိုအဖွဲ့နဲ့ သီးခြား တွေ့ဆုံခဲ့သူလို မေလ ၃၀ ရက်နေ့မှာ သဘောတူညီချက် (၇) ချက်ကို လက်မှတ်ထိုးကြစဉ်တုန်းကလည်း လေ့လာသူအဖြစ်နဲ့ တက်ရောက်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်အတွေ့အကြုံတွေကိုတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဖွဲ့စည်းထားတဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ကို မစ္စတာ နမ်ဘီယား တင်ပြခဲ့ပါတယ်။

မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ကိုတော့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နိုင်ငံပေါင်း ၁၄ နိုင်ငံနဲ့ ဖွဲ့စည်းခဲ့ပြီးတာဖြစ်ပါတယ်။ 
ကိုဇော်ဝင်းလှိုင်(VOA)