 |
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း စက်မှုဝန်ကြီး တာဝန်ယူစဉ်က ချယ်ရီကားပါမစ်
ဦးဦးဖျားဖျားပေး ခဲ့သော အမျိုးသမီး
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဒေါ်စုစုလှိုင် (တောင်ဒဂုံ/
ကြံ့ခိုင်ရေး အတွင်းရေးမှူးနှင့် ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေ
ကြံ့ခိုင်ရေးအတွင်းရေးမှူး) တို့ကို ထိုစဉ်က လွှတ်တော်အစည်အဝေးတက်ရောက်ပြီး
နားနေချိန်က တွေ့ရစဉ်။ |
““ခင်ဗျားတို့တစ်တွေ အရင်မဆလ စနစ်ဟောင်းက
အမူအကျင့်တွေနဲ့ ဒါမျိုးလာလုပ်ကြပြန်ပြီ၊ ကျွန်တော့်ကို
ဒါမျိုးလာလုပ်လို့မရဘူး””ဟူ၍ ချယ်ရီကားပါမစ် လာတင်သော ရန်ကုန်တိုင်းမှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို စက်မှုပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်းက ပြင်းပြင်းထန်ထန် ပြောခဲ့သော်လည်း အမျိုးသမီး
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သော ဒေါ်လဲ့လဲ့ဝင်းဆွေ(တာမွေ)နှင့်
ဒေါ်စုစုလှိုင် (ဒဂုံတောင်/ယခု ပြည်ထောင်စု ဒုတိယ၀န်ကြီး)တို့ကိုမူ ခေါ်ယူ၍
ကားပါမစ် တစ်စောင်စီ အလွယ်တကူပေးခဲ့ . . .လွန်ခဲ့သောသီတင်းပတ်က
7 Day News ၌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ မြန်မာ
သံတော်ဆင့်အပေါ် စွပ်စွဲပုတ်ခတ် ပြောကြားချက်ကို ဖတ်လိုက်ရသည်။ လက်ရှိအစိုးရ
ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်း ပြောကြားချက်မှာ ““ဒီလိုလုပ်ဆောင်မှုတွေဟာ
အောက်တန်းကျတဲ့ နိုင်ငံရေးလို့ ယူဆတယ်”” ဟူ၍ဖြစ်သည်။ ကျွန်တော်တို့
မြန်မာနိုင်ငံ အစိုးရသမ္မတနှင့် ပြည်ထောင်စု ၀န်ကြီးများကိုသော်လည်းကောင်း၊
နိုင်ငံ့ဦးသျှောင် လူကြီးများကိုသော်လည်းကောင်း၊ စာနယ်ဇင်းကောင်စီ (ယာယီ)
လူကြီးများ ကိုသော်လည်းကောင်း မြန်မာသံတော်ဆင့်အနေဖြင့် အထက်တန်း ကျကျ
နိုင်ငံ့ဂုဏ်ဆောင် ကျက်သရေဆောင် လူကြီးများအဖြစ် ယူဆထားပါသည်။
အဘယ်ကြောင့်ဆိုသော်
အစိုးရအဖွဲ့ လူကြီးများသည် တပ်မတော်တွင် အဆင့်ဆင့်သော တာဝန်များကို
သက်စွန့်ဆံဖျား (ကျွန်တော်၏ ယူဆချက်) ထမ်းဆောင်ခဲ့ရပြီးမှ အနိမ့်ဆုံး
စစ်ဗိုလ်ချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး ရာထူးများကို
အသက်မသေဘဲ ကျန်ရစ် ထမ်းဆောင်ခွင့် ရခဲ့သူများ၊ ထို့အပြင် တပ်မတော်မှ
အငြိမ်းစားယူခဲ့ရသော်လည်း (မည်သို့သော အကြောင်းနှင့်ဖြစ်စေ) အစိုးရ
အဖွဲ့ဝင် အဖြစ် နိုင်ငံ့ တာဝန်များကို ၂၀၁၀ ရွေးကောက်ပွဲကြီး၌ အကြိတ်အနယ်
(NLDမပါဘဲ) ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရ၍သာ နိုင်ငံ့အကြီးအကဲများ
ဖြစ်ခဲ့ကြသော ဘုန်းကံပါရမီနှင့် အရည် အချင်း၊ ပြည်သူ လူထု ထောက်ခံမှုများ
ရရှိခဲ့သူများအဖြစ် မောင်ရေစက်က မှတ်တမ်းပြု လေးစား ရခြင်း ဖြစ်ပါသည်။
ကျွန်တော်
သတိရမိပါသည်။ ပထမဆုံး ပြည်ထောင်စုလွှတ်တော် ခေါ်ယူစဉ်က ရန်ကုန်တိုင်း၊
ကြံ့ခိုင်ရေးပါတီကော်မတီ လူကြီးများထဲမှ ကျွန်တော့်ဆရာသမား (ယခုပြည်သူ့
လွှတ်တော် ရေး ရာ ကော်မတီ တစ်ခု၏ အတွင်း ရေးမှူး) တစ်ဦးက ပထမဆုံး
အတွေ့အကြုံကို စိတ်မ ကောင်းခြင်း ကြီးစွာဖြင့် ပြောခဲ့သည်ကို သတိရခြင်းပါ။
လွှတ်တော်အပြီး ဧည့်ခံပွဲ၌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အချို့
(၄င်းအပါအ၀င်) စက်မှုပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို ထိုစဉ်က
ချယ်ရီမီနီဆလွန်း ကားပါမစ် ဈေးကောင်းရ၍ ကိုယ်တိုင်ပင် လျှောက်လွှာရေး၊
လက်မှတ်ထိုး တင်ပြပေးအပ်ပါသည်။ သူတို့တွေကို ၀န်ကြီးက နှစ်ပြားမတန်
အောင်ပြောခြင်း ခံခဲ့ရသည်ဟု ရင်ဖွင့်ပါသည်။ ““ခင်ဗျားတို့တစ်တွေ အရင်မဆလ
စနစ်ဟောင်းက အမူအကျင့်တွေနဲ့ ဒါမျိုး လာလုပ်ကြပြန်ပြီ၊ ကျွန်တော့်ကို
ဒါမျိုး လာလုပ်လို့မရဘူး””ဟူ၍ ချယ်ရီကားပါမစ် လာတင်သော ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များကို …စက်မှုပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြင်းပြင်း
ထန်ထန် ပြောခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ရန်ကုန်တိုင်း ဒေသကြီးမှ
အမျိုးသမီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သော ဒေါ်လဲ့လဲ့ဝင်းဆွေ
(တာမွေ)နှင့် ဒေါ်စုစုလှိုင် (ဒဂုံတောင်/ယခု ပြည်ထောင်စု
ဒုတိယ၀န်ကြီး)တို့ကိုမူ အလွယ်တကူ ခေါ်ယူ၍ ကားပါမစ် တစ်စောင်စီ ပေးခဲ့သည်ဟု
ကြားသိရပါသည်။ တစ်ဦးမှာ ကားပါမစ်ဖိုး (ငွေသွင်းရန်) ခက်ခဲသော်လည်း
ပြည်ထောင်စုဝန်ကြီး၏ ကရုဏာဖြင့် ထုတ်ခွင့် ရခဲ့ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ ဖြစ်ရပ်မှာ လွှတ်တော်ကိုယ်စားလှယ် အမျိုးသားများအတွင်း
လျင်မြန်စွာ ပျံ့နှံ့သွားပြီး အမျိုးသမီး ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်နှစ်ဦးကို ကားပါမစ် အလွယ်တကူ ဦးဦးဖျားဖျား ထုတ်ပေးလိုက်သော
စက်မှုပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို …..ကြီးဟူ၍ လွှတ်တော်ကိုယ်စားလှယ်
အမျိုးသားများက ကွယ်ရာတွင် ခေါ်ဆိုကြောင်း မြန်မာသံတော်ဆင့်သို့
သတင်းဆောင်းပါးများ မကြာခဏ လာရောက်ပေးတတ်သူ ရန်ကုန်တိုင်းဒေသကြီးမှ
လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဖောက်သည်ချ ပြောကြားပါသည်။
တိုင်းကျိုးပြည်ပြု တရားလွှတ်တော် ရှေ့နေကြီးနှင့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းညွန့် အပါအ၀င် အမတ်မင်းများ၊ ရုပ်ရှင်
မင်းသားမင်းသမီး အချို့လည်း ၄င်းတို့နောက်မှ ကားပါမစ် ရခဲ့ကြောင်း သိရှိ
ခဲ့ရသည်။
ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်တစ်ဦးက ရေးသားပေးပို့ထားသော
မှတ်တမ်းတွင် – ၂၀၁၁ခုနှစ်၊ ဧပြီလ လောက်ကဖြစ်သည်။ ပထမဦးဆုံး ခေါ်ယူသည့်
လွှတ်တော် အစည်းအဝေးတွင် တာမွေမြို့နယ်၊ ပြည်သူ့ လွှတ်တော်အမတ်
ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် ဒဂုံတောင် ပြည်သူ့လွှတ်တော်အမတ် ဒေါ်စုစုလှိုင်တို့
အမျိုးသမီး အမတ်နှစ်ဦးသည် စက်မှုဝန်ကြီးဌာန၏ ပထမဦးဆုံး ချယ်ရီကားများ
ရရှိကြသည်။ အမျိုးသမီးအမတ် နှစ်ဦးတည်း ကိုသာ အဲဒီတုန်းက စက်မှုဝန်ကြီး
ဦးစိုးသိန်းက ကားပါမစ်များ ချပေးခဲ့ခြင်းဖြစ်သည်။
၎င်းရရှိသော
ချယ်ရီကားများအား စက်ရုံမှထုတ်ယူရန် ရန်ကုန်သို့ ကားကျွမ်းကျင်စွာ
မောင်းတတ်သူနှင့် အဖော်ဖြစ်သူ ၄င်း၏မြို့နယ် ကော်မတီ ၀င်(၂)ဦးအား ခေါ်ယူ၍
မောင်းနှင် ယူဆောင်စေခဲ့သည်။ ရန်ကုန် တာမွေမြို့နယ် ရုံး၌
ပတ်ဝန်းကျင်လူအများ တွေ့မြင်စေမှာစိုး၍ မြို့နယ် EC များအား
အကာအကွယ်များနှင့် ကာထားခိုင်းပြီး ရုံးတံခါးအားလည်း တစ်ဝက်ပဲ
ဖွင့်စေခဲ့သည်။ မြို့နယ် EC များကလည်း ရင်ထဲ၌ စိတ်ရင်း အမှန် ဒါမှ
ငါတို့အတွင်းရေးမှူးဟု ဂုဏ်ယူလျက် ချယ်ရီအစိမ်းရောင် ကားလေးအား ရုံးသို့
လာရောက်ကြသူ ရပ်ကွက် EC များအား ကြွားဝါပြသခဲ့သည်။ ရသည် မရသည်တော့မသိ။
ကားမောင်းပေးသူ မြို့နယ် ကော်မတီဝင် EC နှင့် တူတော်သူ မြို့နယ်
ကော်မတီဝင်တို့ (၂)ဦး တို့အား အခြားမြို့နယ် EC များမသိအောင် လက်သိပ်ထိုး
ကားပါမစ် လျှောက်ပေးခဲ့သည်။ ဘယ်လောက်ပဲ လူမသိစေချင်ခဲ့လည်း နောက်တော့
လွှတ်တော်အမတ် အမျိုးသမီးနှစ်ဦး ပထမဆုံး ချယ်ရီကားများ ရရှိခဲ့ကြောင်း
ဂျာနယ် စာစောင်များက ဖော်ပြခဲ့ကြသည်။ ၄င်းချယ်ရီကားအား လက်ထဲကြာကြာ
မထားလိုက်ချေ။ ဈေးကောင်းရချိန် အမြတ်ထုတ် ရောင်းလိုက်လေသည်။
ပြည်သူ့လွှတ်တော် သွားတက်တာ ရှိုးဂျော့စီးပွားရေး သွားရှာ နေသလိုပါပဲလားဟု
အများက ထင်မြင်နေကြသည်။
မြန်မာသံတော်ဆင့်သို့ လာရောက် ပြောကြားသော
လွှတ်တော် ကိုယ်စားလှယ်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှာ မကြာခဏ
မိမိတို့၏ အကြီးအကဲများက ငြိုငြင် ဆုံးမခြင်း ခံနေရ၍ (မင်းတို့က မီဒီယာ
လုပ်မှာလား၊ လွှတ်တော်တက်မှာလားဟု မေးမြန်းခြင်း ခံရမှုအပါအ၀င်) ၄င်းတို့၏
အမည်များကို မြန်မာသံတော်ဆင့် သတင်းဌာနက ထိန်းသိမ်းလျှို့ဝှက်၍
ဖော်ပြရခြင်းကို စာဖတ်သူများ နားလည်ပေးမည်ဟု ယူဆပါသည်။
ပူပူလောလော
ဖြစ်စဉ်တစ်ခုမှာ ကျိုက်လတ်မြို့၊ (၇)လမ်း၊ မြို့လယ်ကောင်
အိမ်ကြီးအိမ်ကောင်း (၆) လုံး မီးလောင်ခဲ့ပြီး အပြစ်မဲ့ ကလေးနှစ်ဦး
မီးလောင်သေဆုံးခဲ့ရမှု ဖြစ်စဉ်တွင်ပင် မြို့နယ် မီးသတ်ကားများမှ ရေမပက်ရဘဲ
ကားပျက်နေ၍ အနီးရှိ ဗလီထဲမှရေဖြင့် အဓိက ပက်ဖျန်းခဲ့ရခြင်း၊ စည်ပင်မှ
အချိန်မီ ရေမလွှတ် နိုင်ခဲ့ခြင်း၊ အစိုးရသတင်းစာမှ အမှန်တကယ် ဆုံးရှုံးမှု
ကျပ်သိန်းရာချီ နေသည်ကို (၁၃) သိန်းမျှသာ အသိအ မှတ်ပြု ဖော်ပြခြင်းကို ဒေါသ
ထွက်နေကြသည့် ကာယကံရှင်များနှင့် မြို့လူထု၏ အုပ်ချုပ်ရေးနှင့် သတင်း
ထုတ်ပြန်ရေးအပေါ် အယုံအကြည် ကင်းမဲ့စေသော ဖြစ်ရပ်များကို ဘူးပေါ်သလို
ပေါ်အောင် မြန်မာသံတော်ဆင့်က သတင်းရေးသားဖော်ပြခဲ့ပြီး၊
မြန်မာသံတော်ဆင့်သို့
ပွင့်ပွင့်လင်းလင်း ပြောကြားပေးရှာသော ပြည်မြန်မာ စက်မှုလက်မှု လုပ်ငန်းရှင်
ကိုကြာကတ်မှာ သက်ဆိုင်ရာ အချို့က တရားစွဲမည် ဟူ၍လည်းကောင်း၊ အမှုဆင်
ဖမ်းဆီးနိုင်သည်ဟု ယူဆ၍ ၄င်းကိုကြာကတ်သည် အိမ်တွင်းမှအိမ်ပြင်သို့ ၃၊ ၎
ရက်ခန့် မထွက်ဝံ့ဘဲ လန့်ဖျားပင် ဖျားနေခဲ့ရခြင်းတို့မှာ ပြည်သူများ၊
ဌာနဆိုင်ရာနှင့် မီဒီယာတို့၏ သရုပ်သကန်ပင် ဖြစ်ပါသည်။
ထို့မှတစ်ဖန်
အထက်ကို မဖား၍ ကြံ့ခိုင်ရေးမှ နုတ်ထွက်ခဲ့သော ယခင်က ပဲခူးတိုင်း
အတွင်းရေးမှူး ဦးသက်ဦးမင်း (ယခု ပြည်မြို့နယ် ဂုဏ်သရေရှိ
မြို့မိမြို့ဖ)ကို တွေ့ဆုံ၍ အတွေ့အကြုံများ ရေးသား ဖော်ပြခဲ့ရာ
ထိုပုဂ္ဂိုလ်အတွက် သတင်းရေးသား၍ မဲဆွယ်နေသည်ဟု ပြောလိုပြော၊ (၂၁-၉-၂၀၁၃)နေ့
ညပိုင်းတွင် ခင်ဗျားတို့ ဂျာနယ်က စစ်တပ်အကြောင်းတွေ မသိဘဲ ပုတ်ခတ်
ရေးသားနေကြောင်း မကြားဝံ့ မနာသာ ၄င်းကိုယ်၎င်း ဗိုလ်မှူးကြီး တစ်ဦးဆိုပြီး
ရှေ့တန်းက ပြန်လာလျှင် အကြောင်း သိစေရမည်၊ ယခု မင်းတို့ဂျာနယ်ကို
မီးရှို့နေတယ်ဟူ၍ ဖုန်းဆက်ခါ ခြိမ်းခြောက် ဆဲဆိုခြင်းတို့မှာ တစ်ချိန်က
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်ဖြစ်ခဲ့သော ၁၉၄၈- ၁၉၅၈
ကာလများကို သတိရမိသည်။ လွတ်လပ်ရေး ကြိုးပမ်းစဉ်က တပ်မတော်သည်
လွတ်လပ်ရေးရပြီး ၁၉၅၈ အိမ်စောင့်အစိုးရ ကာလအထိ မြို့သစ်ဖောက်ပေး စသည်ဖြင့်
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဘ၀၊ ထိုမှတစ်ဖန် ၁၉၆၂ တော်လှန်ရေး
ကောင်စီ အာဏာ သိမ်းခဲ့သော်လည်း ပြည်ထောင်စု ပြိုကွဲမည့် အရေးကို အချိန်မီ
ထိန်းသိမ်းနိုင်သော တပ်မတော်အဖြစ် ပြည်သူလူထုက ယုံကြည်ကိုးစားခဲ့ကြသည်။
အမေရိကန် အစိုးရနှင့် အနောက်နိုင်ငံများကပင် အာဏာသိမ်းခဲ့သော တပ်မတော်
အစိုးရကို၊ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းကို ဖိတ်ကြား
ဧည့်ဝတ်ပြု၍ ထောက်ခံသမှု ပြုခဲ့ကြသည်။
ထို့နောက်ပိုင်းတွင်
အုပ်ချုပ်ရေးပိုင်း၌ အာဏာမစွန့်တော့ဘဲ တပ်မတော် အကြီးအကဲများ
အရပ်ဝတ်ပြောင်း၍ အုပ်ချုပ်ခဲ့ကြသော စနစ်ထွန်းကားခဲ့ကာ တပ်မတော်နှင့်
ပတ်သက်သူများ စီးပွားရေး ခိုင်မာတောင့်တင်းပြီး တပ်မတော်နှင့် မသက်ဆိုင်သော
ပုဂ္ဂိုလ်များ၊ တပ်မတော်နှင့် မရင်းနှီးသော၊ မကျွမ်းဝင်သော ပြည်သူလူထုနှင့်
စီးပွားရေးသမားများမှာ မျိုးစုံ ဖိနှိပ်မှုများ ကြုံခဲ့ရသည်။
၎င်းဖြစ်စဉ်ကို ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ပင် လွှတ်တော်ဥက္ကဋ္ဌ
ဦးဆန်းဆင့်လက်ထက် အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား တင်းမာမှုများက သက်သေ
ထူလျက်ရှိသည်။ တပ်မတော်နှင့် ရင်းနှီးကျွမ်းဝင်သော ပုဂ္ဂိုလ်များမှာ ယခုအခါ
ခရိုနီများအဖြစ် ဆင်းရဲသား ပြည်သူများက ကြောက်ရွံ့ မုန်းတီးမှုများ အတန်သင့်
ခံနေရပြီး ၄င်းတို့၏ လှူဒါန်း ပေးကမ်းမှုများကိုပင် မျှော်လင့် နေကြရသော
နေရာများလည်း ရှိနေပေသည်။ မကြာမီက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်တစ်ခုတွင်
တပ်မတော်အနေဖြင့် အုပ်ချုပ်ရေး (အာဏာရရေး) ကို အဓိက မထားတော့ဘဲ
တိုင်းကျိုးပြည်ပြု တာဝန်များကိုသာ ထမ်းဆောင်သွားရန်၊ အခြေခံ ဥပဒေကို
လိုက်နာ စောင့်ရှောက်သွားရန်၊ သဘောမျိုး ပြောကြားချက်များ သိရှိရ၍
တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်သားများ ဘ၀ကို ပြန်လည်
ရောက်ရှိ စေလိုသည်။ အုပ်ချုပ်ရေးအာဏာ မမက်သော တပ်မတော်သားများက အသက်ခန္ဓာ
စွန့်လွှတ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်တို့ကို
ကာကွယ် စောင့်ရှောက်နေသော သမိုင်းပေးတာဝန်သည် လွန်စွာမှ မွန်မြတ်လှပေသည်။
ဤသို့သော အခြေအနေ မျိုးကို ပြည်သူတိုင်းက လိုလားမျှော်လင့် နေကြမည်သာ
ဖြစ်သည်။
တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်
တပ်မတော်သားများဘ၀ကို ပြည်သူတိုင်းက လိုလားမျှော်လင့်နေကြ
အုပ်ချုပ်ရေးအာဏာမမက်သော တပ်မတော်သားများက အသက်ခန္ဓာစွန့်လွှတ်၍
နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ကာကွယ်
စောင့်ရှောက်နေသော သမိုင်းပေးတာဝန်သည် လွန်စွာမှ မွန်မြတ်လှပေသည် . . .
၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထောက်ခံပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲများသည်
ယခုအခါ အငြင်းပွားဖွယ်များ ရှိနေပြီး ကြိုတင်မဲများဖြင့်
ကြံ့ခိုင်ရေးအမတ်များ အနိုင်ရခဲ့ကြောင်း တိုင်ကြားမှုများ၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ကို မဲဆန္ဒရှင်များက လက်မှတ်ရေးထိုး၍ တိုင်ကြားသော်လည်း
အရေးယူရန် အစီအစဉ် မရှိသေးကြောင်း သိရှိရမှုများသည် မြန်မာနိုင်ငံ၏
နိုင်ငံရေး လှည့်ကွက်များအပေါ် ပြည်သူများ နားလည်သင့်ပြီ ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏
စာနယ်ဇင်း လောက၌လည်း တပ်မတော်အစိုးရ တစ်ခေတ်လုံး ပြန်ကြားရေး ၀န်ကြီးဌာနက
ချုပ်ကိုင်ခဲ့သော မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့တွင် ပါဝင်ခဲ့သော
ပုဂ္ဂိုလ်များသည် ယခုခေတ်တွင် စာနယ်ဇင်း ခရိုနီများအဖြစ် ပြောဆိုရေးသားခြင်း
ခံနေရပြီး ယခုခေတ်တွင်လည်း သတင်းစာ၊ ဂျာနယ် ထုတ်ဝေ ခွင့်ရသော
ပုဂ္ဂိုလ်အချို့က အာဏာပိုင်များကို ဖော်လံဖား၍ ၄င်းတို့အလိုကျ ပြောဆိုရေးသား
ပေးနေရခြင်းသည် အဖိနှိပ်ခံနေရသော ပြည်သူများနှင့် ဆင်းရဲသား
လူတန်းစားများဘက်မှ ရပ်တည်မှု နည်းပါး နေသော မီဒီယာလောက ဖြစ်ရပ်များကို
ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ အမှန်အတိုင်း မိမိတို့၏ ရပ်တည်ချက်ကို
လုပ်ဆောင် သွားကြရမည့်အစား ဝေဖန်ထောက်ပြသော မီဒီယာကို ရန်လိုနေသည့်
အာဏာပိုင် အချို့အကြိုက် ရေးသားပေးနေ သူများသည်လည်း အမှန်တရားလိုလားသူ
ပြည်သူများ၏ တုံ့ပြန်ရှောင်ကြဉ်မှုကို ခံကြ ရမည်သာ ဖြစ်သည်။ မီဒီယာလောကတွင်
နှောင်ကြိုးမဲ့ဟူ၍ ပြောနေ၊ ရေးနေစေကာမူ ၄င်းတို့၏ ရပ်တည်ချက်
သမိုင်းကြောင်းမှာ စာမျက်နှာထက်တွင် မော်ကွန်းတင်ပြီးသားဖြစ်၍ စာဖတ်သူများက
အသိဆုံးပင် ဖြစ်ပေ လိမ့်မည်။
လေ့လာမိသရွေ့ တပ်မတော်တွင်
တာဝန်ကြီးများ ထမ်းဆောင်ခွင့်ရသော အရာရှိကြီးများမှာ တပ်မတော်မှ
အနားပေးခြင်း၊ အနားယူခွင့်ပြုခြင်း၊ အငြိမ်းစားပေးခြင်း၊ အငြိမ်းစားယူခွင့်
ပြုခြင်းတို့သည် မည်သည့် အကြောင်းကြောင့် ဖြစ်ကြောင်း ကာယကံရှင်များက
အသိဆုံး ဖြစ်ပေလိမ့်မည်။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ခါနီးမှ ကပ်၍
အငြိမ်းစားယူခဲ့ သူများတွင် ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးရာထူးများ
အထိပါဝင်ခဲ့ပြီး ထိုကာလ မတိုင်မီ အငြိမ်းစားယူခဲ့ရသော သူများလည်း
ရှိပေသည်။ နယက အစိုးရ လက်ထက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊
ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည်
၂၀၁၀ ရွေးကောက်ပွဲအပြီး လွှတ်တော်များ ပေါ်ပေါက်မှသာ အငြိမ်းစားယူခဲ့ပြီး
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် အစိုးရသစ်
လက်ထက်မှသာ တပ်မတော်မှ အငြိမ်းစားယူ၍ ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ခြင်း၊ စစ်ရာထူး ခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဆင့်သည်
၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ကြံ့ခိုင်ရေး အမတ်လောင်း လျာထားခြင်းခံရသော
တပ်မတော် အကြီးအကဲများကို ကိုယ်တိုင် လက်မှတ်ရေးထိုး၍ အငြိမ်းစား
ယူခွင့်ပြု ခဲ့ကာ အထက်အကြီးအကဲ ဆန္ဒအရ ၄င်းကိုယ်တိုင်လည်း အငြိမ်းစားယူ၍
ကြံ့ခိုင်ရေးပါတီ အမတ်အဖြစ် ရွေးကောက်ပွဲဝင်ခဲ့ခြင်း စသည်တို့မှာ
တပ်မတော်မှ အစဉ်အလာကောင်းများဟုလည်း ဆိုနိုင်ပေသည်။ ထိုအထဲတွင် အထက်ပါ
ကာလများထက် လွန်စွာစော၍ တပ်မတော်မှ အငြိမ်းစားယူခဲ့ရသူများ၊ တပ်မတော်
တာဝန်များမှ အရပ်ဘက် တာဝန်များကို ပြောင်းရွှေ့ ထမ်းဆောင်ခဲ့ရသူများ
အနေဖြင့်မူ မည်သို့သော အကြောင်းတရားများကြောင့် ဆိုသည်ကိုလည်း
မှန်မှန်ကန်ကန်သိရှိ ရေးသား မှတ်တမ်းတင်ခဲ့ခြင်းမျိုး မတွေ့ရပေ။ တပ်မတော်
အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်း(ငြိမ်း)၏ မြေးများနှင့် မိသားစုဝင်
အချို့ကိုမူ တရားဥပဒေ ဖောက်ဖျက်၍ အရေးယူခဲ့ခြင်း၊ တပ်မတော်ထောက်လှမ်းရေး
တစ်ဖွဲ့လုံးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့် မိသားစုကိုပါ အရေးယူခဲ့ခြင်း
စသည်တို့သည် ကမ္ဘာကျော်ခဲ့သော မြန်မာနိုင်ငံ ခေါင်းဆောင်များ၏ မှုခင်း
ဖြစ်ရပ်များပင် ဖြစ်သည်။
““ပြည်သူတွေက ရူးနေကြတာ…””စသည်ဖြင့်
ပြောကြားခဲ့ကြသော အာဏာရ ကြံ့ခိုင်ရေးပါတီ လူကြီးအချို့ကြောင့်
မဲဆန္ဒရှင်ပြည်သူများက မိမိတို့၏ဘ၀ကို လွန်စွာစိတ်ပျက် သနားမိကြပြီး
ထိုအကြောင်း အရာအချို့ကို ရေးသားခဲ့ကြသည့် မီဒီယာများကိုလည်း
၎င်းအာဏာရပါတီက မလိုမုန်းထား ဆက်ဆံခြင်း၊ စစ်ဆေးမေးမြန်းခြင်းများမှာ
လက်ရှိနိုင်ငံရေး ဖြစ်ရပ်အမှန်ပင် ဖြစ်သည်။ တရားဥပဒေ စိုးမိုးမှုကို လိုလား
နေသော ပြည်သူများသည် တရားဥပဒေ ဘက်တော်သားများ ဖြစ်သော အစိုးရနှင့်
ရဲတပ်ဖွဲ့တို့အပေါ် လွန်စွာ အားကိုးသည်မှာ ဓမ္မတာပင် ဖြစ်သည်။ သို့သော်လည်း
အစိုးရ အဖွဲ့ဝင် အချို့၏ ပြောဆို ဆက်ဆံမှုများ ကြောင့် ပြည်သူများ
အဆင်မပြေဖြစ်ရသည့် ကိစ္စရပ်များကိုမူ မီဒီယာက ထောက်ပြရေးသား ရသည်မှာလည်း
ဓမ္မတာပင် ဖြစ်သည်။ အစိုးရအပါအ၀င် တာဝန်ရှိသူများအနေဖြင့် မီဒီယာက ဆက်သွယ်
မေးမြန်းလာလျှင် အဆင်ပြေအောင် ဖြေကြားပေးရမည်မှာလည်း အစိုးရအပေါ်
ပြည်သူများက အပ်နှင်းထားသော တာဝန် တစ်ရပ်ပင် ဖြစ်သည်။ သို့သော်လည်း ဆက်သွယ်
မေးမြန်းခံရသည့် ပုဂ္ဂိုလ်များမှာ ရံဖန်ရံခါဖြစ်သလို ဖြေကြားခြင်းကြောင့်
သတင်းအမှန်များ ပပျောက်၍ သို့လောသို့လော ထင်စရာ သတင်းများ ထွက်ပေါ်လာခြင်း၊
ပြည်သူများ၏ ယုံမှားသံသယ ကြီးထွားစေခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။
လွန်ခဲ့သော
သီတင်းပတ်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင် မပြောဆိုဟူ၍
သက်သေပြရန် မြန်မာ သံတော်ဆင့်သို့ အသံဖိုင်ကို တောင်းယူပြီး မီဒီယာ
ရှင်းလင်းပွဲတစ်ရပ် ရန်ကုန်တိုင်း အစိုးရရုံး၌ ပြုလုပ်ရာ မြန်မာသံတော်ဆင့်
သတင်းထောက်က ၄င်းအသံဖိုင်သည် တောင်းတိုင်း ပေး၍မရဘဲ ဥပဒေနှင့်အညီ
ရုံးတော်မှသာ တောင်းယူပါရန် ပြန်လည်ပြောကြား၍ ရဲမှူးကြီးက ထိုသို့ပြောသော
သတင်းထောက်ကို လွန်စွာ ဒေါသထွက်ပြီး ပြန်လည် ပြောဆိုကြောင်း၊ ထိုအခါ
အသံဖိုင်ကို သက်သေလုပ်၍ မရကြောင်းလည်း ရဲတပ်ဖွဲ့မှ ပြောပြန်ကြောင်း၊
ဤသို့ရှင်းသော မီဒီယာရှင်းလင်းပွဲကို သတင်းရေးသားခြင်းမပြုရန်
ပိတ်ပင်ကြောင်းဖြင့် သတင်းမီဒီယာများအပေါ် ပြုမူဆက်ဆံချက်များသည်လည်း
လက်ရှိအစိုးရ၏ မည်သို့သော နိုင်ငံရေး နည်းလမ်းဖြင့် သွားနေသည်ကို
စဉ်းစားစရာ များစွာဖြစ်ခဲ့ရသည်။
တက္ကသိုလ်ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ဖတ်ကြား
တင်သွင်းသည့် စာတမ်းကို ကိုယ်တွေ့ အတွေ့အကြုံဖြင့် နှိုင်းယှဉ်၍
စဉ်းစားမိသည်။ တက္ကသိုလ်များမှ ကျောင်းသူကျောင်းသားများ ကိုယ်စားဟု
ဆိုပါလျှင် မည်သည့်တက္ကသိုလ်များတွင် အခြေခံတည်၍ ဆွေးနွေးခဲ့ပါသနည်း။
မည်သည့် ကျောင်းသားများက ဆွေးနွေးထောက်ခံ၍ ၄င်းစာတမ်းကို
တင်သွင်းခဲ့ပါသနည်း။ စာတမ်းရှင်မှာ မည်သည့် တက္ကသိုလ်
ကျောင်းသားအဖွဲ့အစည်းများက ရွေးချယ်စေလွှတ်၍ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့
အခမ်းအနားကို ဒီမိုကရေစီ နည်းလမ်းကျကျ တက်ရောက် စေခဲ့ပါသနည်း။
အဖြစ်အမှန်ကို ကျွန်ုပ်မသိပါ . . .အပြည်ပြည်ဆိုင်ရာ
ဒီမိုကရေစီနေ့ဟူ၍ အာဏာရ ကြံ့ခိုင်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဌေးဦး ဦးစီးကျင်းပခဲ့ရာ မီဒီယာများလည်း
သတင်းယူခွင့်ရခဲ့သည်။ အဆိုပါ အခမ်းအနား၌ စာတမ်းများလည်း ဖတ်ကြားခဲ့ကြရာ
စိတ်ဝင်စားခဲ့သော စာတမ်းတစ်ခု မှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ
ကိုယ်စား ကျောင်းသူတစ်ဦးက ဖတ်ကြားတင်သွင်းသည့် စာတမ်းကို ကိုယ်တွေ့
အတွေ့အကြုံဖြင့် နှိုင်းယှဉ်၍ စဉ်းစားမိသည်။ တက္ကသိုလ်များမှ ကျောင်းသူ
ကျောင်းသားများ ကိုယ်စားဟု ဆိုပါလျှင် မည်သည့် တက္ကသိုလ်များတွင် အခြေခံတည်၍
ဆွေးနွေးခဲ့ပါသနည်း။ မည်သည့် ကျောင်းသားများက ဆွေးနွေး ထောက်ခံ၍
၎င်းစာတမ်းကို တင်သွင်းခဲ့ပါသနည်း။ စာတမ်းရှင်မှာ မည်သည့်တက္ကသိုလ်
ကျောင်းသား အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်၍ အပြည်ပြည်ဆိုင်ရာ
ဒီမိုကရေစီနေ့ အခမ်းအနားကို ဒီမိုကရေစီ နည်းလမ်းကျကျ တက်ရောက်စေခဲ့
ပါသနည်း။ အဖြစ်အမှန်ကို ကျွန်ုပ်မသိပါ။
ကျွန်တော်သိသော နယက
(တပ်မတော်) အစိုးရလက်ထက် ပညာရေးစုံညီပွဲတော် (၂၀၀၁)၌မူ ကျွန်တော်က တက္ကသိုလ်
ကျောင်းသားများ၏ ကိုယ်စား ဗဟိုအဆင့် အခမ်းအနား ကျင်းပရာ ရန်ကုန်မြို့
သုဝဏ္ဏ အားကစားရုံကြီး၌ စာတမ်းတစ်စောင် ဖတ်ကြားခဲ့ရပါသည်။ ထိုစာတမ်းမှာ
ကြိုတင်၍ ရေးသားထားပြီးသား စာတမ်းဖြစ်၍ ကျွန်တော့်ကို ဒဂုံတက္ကသိုလ်
အသင်းအဖွဲ့များတွင် အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသော နောက်ဆုံးနှစ်
ကျောင်းသားဖြစ်၍ ရွေးချယ်ကာ ဖတ်ကြားစေခြင်းဟု ယူဆရပါသည်။ ထိုစဉ်က
ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်သင်းက ရွေးချယ်၍ အဆင့်မြင့်ပညာ
ဦးစီးဌာန (အောက်မြန်မာပြည်) ရုံးချုပ်သို့ ကျွန်တော့်ကို စေလွှတ်ပြီး
အခမ်းအနား မတိုင်ခင် ၃ရက်ခန့် အလို၌ အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယ
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့် (ယခုဒုဝန်ကြီး) က စာတမ်းကို
စနစ်တကျ ရှင်းပြ၍ စာချောအောင် ဖတ်ကြားရန် သွန်သင်ခဲ့ပါသည်။
စာတမ်း၏အစမှာ
““ယနေ့ အခမ်းအနားသို့ ကြွရောက်လာသော မြန်မာနိုင်ငံ ပညာရေးကော်မတီဥက္ကဋ္ဌ၊
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
အတွင်းရေးမှူး(၁)….””ဟူ၍ အစချီထားပြီး အခမ်းအနား ကျင်းပရာ မြန်မာနိုင်ငံ
ပညာရေး စုံညီပွဲတော်ကြီး၏ သတင်းညပိုင်း ရုပ်သံထုတ်လွှင့်ရာ၌လည်း ကျွန်တော်
ဖတ်ကြားသည်ကို အစအဆုံး ထုတ်လွှင့် သွားခဲ့ပါသည်။ ယခုအခါ သမဂ္ဂ အဖွဲ့အစည်းများ
ဖွဲ့စည်း ဖြစ်ပေါ်လာရာ ဖြစ်ရပ်များကို တွေးတော ပုံဖော်မိပါသည်။
ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်) ရေးသော ““မြန်မာနိုင်ငံသမဂ္ဂများ””
အကြောင်း ဖတ်မိပါသည်။ ယခုအခါ ဒီမိုကရေစီ နည်းလမ်းကျကျ လုပ်ထုံး
လုပ်နည်းများ စတင်၍ အခြေခံ ဆောင်ရွက် သင့်ကြပြီဟု ထင်မြင်မိပါသည်။
ခေတ်ဟောင်း စနစ်ဟောင်းများမှ လုပ်ထုံး လုပ်နည်းများသည် တစ်ပါတီ
ပြိုင်ဘက်ကင်း အစိုးရတစ်ရပ် အာဏာရှင်စနစ်အရ ဗဟိုဦးစီး စနစ်ဖြင့်သာ
မိမိတို့အပေါ် ကောင်းကြောင်း ရေးမိ၊ ပြောမိနိုင်သော သူများကိုသာ စင်တင်သော
အမူအကျင့် များသည် ယနေ့ ခေတ်ကာလနှင့် နှိုင်းယှဉ်ပါလျှင် ချက်ချင်းလက်ငင်း
မသိသာသော်လည်း အချိန်ကာလ အတိုင်းအတာတစ်ခုသို့ ရောက်ရှိလာပါလျှင် ဘူးပေါ်သလို
ပေါ်တတ်ကြောင်း သတိပြုသင့် လှပေသည်။ သာဓက ထုတ်နုတ်ပြရပါလျှင် ယနေ့
အစိုးရသစ် လက်ထက် ငြိမ်းချမ်းရေး ဆွေးနွေး၍ နှစ်ဦးနှစ်ဖက် အဆင့်တူ
သတ်မှတ်ကာ လက်ဆွဲနှုတ်ဆက် နေကြသော မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော လက်ကျန်
ဘိန်းဘုရင်ဟု ဆိုနိုင်သည့် ဦးရွက်ဆစ်ကို ဒုတိယဗိုလ်ချုပ်ကြီး ယွတ်စစ်ဟူ၍
နိုင်ငံတော် အစိုးရနှင့် နိုင်ငံပိုင် သတင်းမီဒီယာက ရေးသား ပေးနေသော်လည်း
၎င်းနိုင်ငံတော် လူကြီးများ၏ အလိုကျ နယက အစိုးရ လက်ထက်တွင် သတင်းစာများ၌
ရေးသားပေးခဲ့သော စာရေးဆရာ တက္ကသိုလ်မြတ်သူက ““နယ်စပ်တွင် ပြဿနာ ဖန်တီးနေသော
ဘိန်းသောင်းကျန်းသူများ”” ဟူ၍ အချက်အလက်များစွာဖြင့် အစိုးရသတင်းစာတွင်ပင်
ရေးသား ဖော်ပြခဲ့သည်တို့မှာ မြန်မာ့နိုင်ငံရေးစနစ်၏ သရုပ်သကန်ပင်ဖြစ်သည်။
အမှန်စင်စစ်
သုံးသပ်ရပါမူ မိမိတို့ အစိုးရ၏ နိုင်ငံရေးလမ်းကြောင်းကို ၄င်းအစိုးရ၏
မီဒီယာသမားများက သိသင့်လှပေသည်။ မြန်မာသံတော်ဆင့် စတင်ထွက်ခါစက သံတော်ဆင့်
ကာတွန်းတစ်ပုဒ် အတွက်ပင် ၄င်းမီဒီယာက ဆောင်းပါးတစ်ပုဒ် ပြန်လည်ရေးသား၍
ပုဒ်မကြီးများ တပ်ကာ ချက်ချင်းလက်ငင်း အရေးယူသင့် ကြောင်း
တွန်းထိုးခဲ့ကြသည်။ အစိုးရကမူ တုတ်တုတ်ပင် မလှုပ်ခဲ့၊ အဘယ်ကြောင့်ဆိုသော်
၎င်းကာတွန်းတွင် ညွှန်းဆိုနေသည်ဟုဆိုသော အဆိုပါ မီဒီယာဂျာနယ်
အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ““မင်းသမီး”” သည်ပင်လျှင် မြန်မာနိုင်ငံ၏ လွှတ်တော်
နိုင်ငံရေး မျက်နှာစာ၌ အစိုးရ၏ အရေးတယူ အလေးပေးခြင်း ခံရသော နိုင်ငံရေး
ခေါင်းဆောင် နေရာရလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ဖြစ်ကြောင်းကုန်စင်ကို
ပြန်ပြောင်း၍ ပြောဆို ရေးသား ရပါလျှင် ကုန်နိုင်ဖွယ် မရှိပေ။ မီဒီယာကြောင့်
ဒေါသထွက်တတ် သူများကိုသာ စိတ်ထိန်းကြရန် မျှော်လင့်မိ သည်။
မီဒီယာအနေဖြင့်မူ ချစ်သူတစ်ရာ မုန်းသူတစ်ယောက် ရှိတတ်ကြောင်း ထုံးနှလုံးမူ၍
အများအကျိုး၊ တိုင်းပြည် အကျိုး၊ ဘာသာသာသနာ ထွန်းကားရာ ထွန်းကားကြောင်း၊
အမျိုးသားရေး အသိရှိရှိဖြင့် ဆက်လက် ချီတက်ကြရမည်ဖြစ်သည်။
ဤသို့ဆိုပါလျှင်
““အောက်တန်းကျတဲ့ နိုင်ငံရေးလို့ ယူဆတယ်”” ဟူ၍ ပြောခဲ့၊ ရေးခဲ့ကြသူများသည်
ကိုယ်တိုင်မြန်မာ့ နိုင်ငံရေး နယ်ပယ်၌ ပါဝင်နေကြသူများဖြစ်၍ မိမိတို့၏
နိုင်ငံရေး သမိုင်းကြောင်း အစ၊ အလယ်၊ အဆုံး၌ ထိုကဲ့သို့ မဖြစ်ရန်လည်း
လိုအပ်ကြောင်း သတိပြုသင့် လှပေသည်။
မောင်ရေစက်
Myanmartandawsint Newspaper