Pages

Saturday, December 21, 2013

မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်းသားလေးဦးပျောက်ဆုံး

 
ရန်ကုန် ဒီဇင်ဘာ ၂ဝ

ကချင်ပြည်နယ် မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်း သားလေးဦးသည် ယခုလ ၁၃ ရက်က ပျောက်ဆုံး သွားခဲ့ရာ မိုးညှင်းရဲစခန်းသို့ ယနေ့နံနက်ပိုင်းက အမှု ဖွင့်ခဲ့ကြောင်းသိရသည်။

အဆိုပါပျောက်ဆုံးမှုတွင် ဗောဓိကုန်းကျေးရွာနေ ဦးစိုးကွန့်၏သား မောင်ဇေမောင်မောင်(၁၄နှစ်)၊ အောင်ချမ်းသာရပ်ကွက်နေ ဦးသူရထွန်း၏သား မောင်ဟိန်းသူထက်(၁၄နှစ်)၊ စက်ကုန်းရပ်ကွက် နေ ဦးဝင်းမြိုင်၏သား မောင်ရဲရင့်ပိုင်(၁၄နှစ်)နှင့် စိမ်း ရတနာမွန်(တောင်ပိုင်း) ရပ်ကွက်နေ ဦးလဒွဲ၏သား မောင်နော်အောင်(၁၄နှစ်) တို့ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

''ပျောက်တဲ့နေ့က ကာယလေ့ကျင့်မယ်ဆိုပြီး ကျောင်းကနေပြန် မလာတော့တာ။ ညနေပိုင်းရှာတော့ ကျောင်းကိုမရောက်ဘူးလို့ ဆရာမတွေကပြောတယ်။ မဟုတ်တဲ့နေရာတွေ ရောက်သွားမှာ စိုးရိမ်ပါတယ်'' ဟုမောင်ရဲရင့်ပိုင်၏ဖခင် ဦးဝင်းမြိုင်ကပြောသည်။

ယင်းပျောက်ဆုံးမှုကို အခြားရဲစခန်းများသို့ ကူညီ စုံစမ်းပေးပါရန်နှင့် မိုးညှင်းရဲစခန်းက နယ်ထိန်း တပ်ဖွဲ့ဝင်များကို တာဝန်ပေးထားကြောင်း၊ မိုးညှင်း ရဲစခန်း၏ လူပျောက်အမှတ်စဉ် ၅/၂ဝ၁၃ ဖြင့် အမှုဖွင့် ထားကြောင်း ယနေ့မိုးညှင်းရဲစခန်းတာဝန်မှူး ဒုတိယ ရဲအုပ် စောအောင်ဝင်းဝင်း ကပြောသည်။

ယင်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ မိုးညှင်းရဲစခန်း ဝ၇၄-၆ဝဝ၁၂၊ မခင်မာလွင် ဝ၉-၄ဝဝဝ၁၈၁၃၂၊ ဦးဝင်းမြိုင် ဝ၉-၆၄၁ဝ၄၃၉၊ ဦးဝင်းဌေး ဝ၇၄-၆ဝ၂၇၈ တို့အား တွေ့ရှိပါက ဆက်သွယ်အကြောင်း ကြားရန် သက်ဆိုင်ရာကမေတ္တာရပ်ခံထားသည်။

ကျော်ဇင် - The Union Daily

ရန်ကုန်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက်များ တပ်ဆင်မည်

 
ရန်ကုန်၊ ဒီဇင်ဘာ ၂၀

လူဦးရေ ထူထပ်မှုနှင့် မော်တော်ယာဉ် များပြားမှုကြောင့် လေထုအတွင်း ညစ်ညမ်းမှု ပိုမို များပြားလာသော ရန်ကုန် မြို့တော်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့် ကိရိယာများ တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

လေထု အရည်အသွေး တိုင်းတာရေး ကိရိယာများ တပ်ဆင်ခြင်းကို German International Co-Operation (ဂျာမန် နည်းပညာ ပူးပေါင်းအဖွဲ့) နှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ရန်ကုန်၏ လူမှုစီးပွား တိုးတက်လာမှုနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းလာမှု များကို လျင်မြန်စွာ ဖြေရှင်းရန် ဂျပန်နိုင်ငံ IGES အဖွဲ့အစည်းမှ ခေတ်မီ နည်းပညာများကို အသုံးချသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

လေထု ညစ်ညမ်းမှုဆိုင်ရာ တိုင်းတာသည့် စက်ပစ္စည်းများ တပ်ဆင်မည့် နေရာများကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

၂၀၁၃ ခုနှစ် အတွင်းတွင် ရန်ကုန်မြို့တွင် မော်တော်ယာဉ်စီးရေ လေးသိန်းကျော်အထိ မြင့်တက်လာပြီး လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ ပိုမိုပျံ့နှံ့ ရောက်ရှိနေကြောင်း သဘာဝ ပတ်ဝန်းကျင် တက်ကြွ လှုပ်ရှားသူများက ဆိုသည်။

သန်လျင်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီ မြို့နယ်တို့တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် မေလအတွင်း သုတေသနပြု တိုင်းတာခဲ့ရာ၌ သာကေတ မြို့နယ်တွင် Particular Matter (PM10 မှာ120 μg/m3) ရှိပြီး လှိုင်သာယာနှင့် မှော်ဘီမြို့နယ် တို့တွင် Particular Matter (PM10 မှာ102 μg/m3) ရှိခြင်းကြောင့် ယင်းမြို့နယ်များသည် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှု အတိုင်းအဆ များပြား နေသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေး ဦးစီးဌာန လုပ်ငန်းခွင် ကျန်းမာရေးဌာနထံမှ သိရသည်။

The Voice Weekly

စီအိုင်အက်ဖ် အပြောင်းအလဲ စောင့်နေသည့်အတွက် ဆိပ်ကမ်း၌ ကားများ စုပုံနေ

 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက စီအိုင်အက်ဖ် တန်ဖိုးများပြောင်းလဲမည်ဟု
သတင်းများ ထွက်ပေါ်နေသည့်အတွက် ကားတင်သွင်းသူများက ကားများထုတ်ယူရန် စောင့်ဆိုင်း
နေကြသော်လည်း ကားသင်္ဘောများမှာ ပုံမှန်ဝင်ရောက်နေပြီး ဆိပ်ကမ်းများတွင် ကားများစုပုံ
နေကြောင်းသိရသည်။

"နဂိုကတည်းကလည်း ဆိပ်ကမ်းမှာ ကားတွေရှိနေသေးတယ်။ ပြီးတော့ အခု စီအိုင်အက်ဖ်
ပြောင်းမယ်ဆိုတော့ ကျွန်တော် ကိုယ်တိုင်တောင် ကားတွေ သွားမထုတ်သေးဘူး။ ဒါကြောင့်ကား
တွေပိုပုံနေတယ်" ဟု Farmer Auto မှ ဦးစိုးထွန်း က ပြောသည်။

စီအိုင်အက်ဖ် ပြောင်းလဲမည့် သတင်းကြောင့် ကားအရောင်း စင်တာများတွင် အရောင်းအ၀ယ်များ
အေးစက်ခဲ့ပြီး ၀င်ငွေလည်ပတ်မှု နှောင့်နှေးသွားမှုကြောင့် အပါအ၀င် ကားများ ရောင်းမထွက်သေး
သည့်အတွက် ကားအရောင်း စင်တာများတွင် နေရာလွတ်မရှိသောကြောင့် ထုတ်ယူရန် နှောင့်နှေး
နေခြင်းဖြစ်သည်။

"ကားထုတ်ရင် အခွန်က ဆောင်ရဦးမယ်။ အရောင်းအ၀ယ်အေးတော့ ပိုက်ဆံကသိပ်မလည်သေး
ဘူး။ အရောင်းစင်တာ တစ်ခုက ကားအစီး ၅၀ ဆန့်တယ်ဆိုရင် ကားရောင်း မထွက်တော့
ကားထားစရာ နေရာမရှိဘူး။ တစ်နေရာမှာ ထိခိုက်တော့ အကုန်လုံးမှာ ထိခိုက်သွားတဲ့သဘောပဲ"
ဟု ဦးစိုးထွန်းက ပြောသည်။

"ကျွန်တော်ကတော့ ကား သွားမထုတ်ချင်သေးဘူး။ စီအိုင်အက်ဖ် ပြောင်းလဲပြီးမှဆိုရင် ကားတစ်စီး
ကို ငွေ ကျပ် ၁၄ သိန်းကနေ ၁၅ သိန်းကြားအထိ သက်သာမယ်။ စီအိုင်အက်ဖ်တန်ဖိုးလည်း
ထွက်လာတော့မှာဆိုတော့ ဇန်န၀ါရီလကျမှပဲ ထုတ်တော့မယ်။ စီအိုင်အက်ဖ်တန်ဖိုးလည်းကျတော့
ကျသင့်ပေမယ့် ကျွန်တော်တို့ကတော့ စလစ်ဈေးကျတာကို ပိုလိုလားတယ်။ ယာဉ်ဟောင်းအပ်ဖို့
အက္ခရာလည်း ကုန်တော့မယ်ဆိုပေမယ့် နောက်ပိုင်းမှာ ကားဟောင်း ဈေးကွက်ကတော့ သူ့ဟာနဲ့
သူရှိနေဦးမှာပဲ။ လက်ရှိ ကားတင်သွင်းတာကတော့ တစ်ဦးချင်း ပါမစ်နဲ့သွင်းတဲ့သူ ပိုများလာတယ်"
ဟု SKK ကားအရောင်းစင်တာမှ အမှုဆောင်အရာရှိချုပ် ကိုချမ်းကျော်ကျော်က ပြောသည်။

ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကားများအတွက် ကားထားခွင့် နှစ်ပတ်အထိခွင့်ပြုထားပြီး
ကျော်လွန်ပါက ဆိပ်ကမ်းမှ ကားရပ်နားခ ကောက်ခံကာ လာရောက် မထုတ်ယူသေးသော ကား
များအတွက် ရက် ၆၀ ကျော်ပါက လေလံစာရင်း သွင်းထားသည်ဟု ဆိုသည်။

သို့ရာတွင် လေလံ စာရင်းပယ်ဖျက်အဖြစ် လျှောက်ထား၍ ပြန်လည်ထုတ်ယူနိုင်ကြောင်းလည်း
သိရသည်။

သို့သော် နောက်ပိုင်းတွင် ရက် ၆၀ ကြာသည်အထိ လာရောက်ထုတ်ယူခြင်း မရှိသော ကားများကို
လေလံတင်သွားရန် အစီအစဉ်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။

"ဆိပ်ကမ်းမှာလည်း ကားတွေအများကြီး ပုံနေသေးတယ်။ ကားသင်္ဘောအ၀င်များပြီး မထုတ်တဲ့
ကားများတော့ ကားပိုများလာတာပေါ့။ ပထမတစ်ကြိမ် လုပ်ခဲ့တဲ့ အစည်းအဝေးအရ ရက် ၆၀
ကျော်ရင် လေလံစပစ်မယ်လို့တော့ ပြောထားတာရှိတယ်။ သင်္ဘောလိုင်းတွေခေါ်ပြီးတော့
အစည်းအဝေးတစ်ခု လုပ်ဦးမယ်။ ပြီးမှပဲ ဆုံးဖြတ်ချက်ချပြီး ထုတ်ပြန်မယ်လို့ ပြောမယ်။
ဆိပ်ကမ်းမှာ ကားတွေ အရမ်းကျပ်နေရင် နောက်ထပ် ကားသင်္ဘောတွေ ဆိုက်ဖို့မဖြစ်နိုင်ဘူးလေ"
ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ရန်ကုန် ဗိုလ်အောင်ကျော် ဆိပ်ကမ်းနှင့် ဆူးလေဆိပ်ကမ်းတို့တွင် ကားသင်္ဘောများ ဆိုက်ရောက်မှု
နည်းပြီး သီလ၀ါဆိပ်ကမ်းမှာ နေရာကျယ်သည့်အတွက် ကားသင်္ဘောများ ဆိုက်ရောက်မှုများပြား
ကာ ပျမ်းမျှအားဖြင့် ကားစီးရေ ၉,၀၀၀ နှင့် ၁၀,၀၀၀ ကြားအထိဆံ့ပြီး အမ်ပီအေ ဆိပ်ကမ်းတွင်မူ
ကားအစီးရေ ၄,၀၀၀ ခန့် ဆံ့ကာ ၂၀၁၃ ခုနှစ်အတွင်းတွင် ရက် ၆၀ ကျော်သော ကားစီးရေ ၃၅၀
ဝန်းကျင် ခန့်ရှိကြောင်းသိရသည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန် ဆူးလေဆိပ်ကမ်းသို့ ကားသင်္ဘော တစ်စင်း
ဆိုက်ကပ်ခဲ့ပြီး အစီးရေ ၆၄ စင်းရှိကာ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကား သင်္ဘော
ခြောက်စီးရောက်ရှိခဲ့ကာ ကားစီးရေ ၅,၂၀၀ ကျော်ရှိကြောင်း သိရသည်။

အေးငြိမ်းဝင်း  -  (မြန်မာတိုင်းမ်)

ညီညွတ်ရန်နှင့် အောင်မြင်အောင်လုပ်ရန် ကြံ့ခိုင်ရေးနာယကကြီး မှာကြား ဗဟိုအတိုင်ပင်ခံများ ရပ်တည်မှုအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှစ်ခြိုက်အားရမှုရှိ


ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင်  ““အဓိကကတော့ အခြေခံဥပဒေ ကိစ္စပဲထင်တယ် ကျန်တာကတော့ ရှိမှာမဟုတ်ပါဘူး အဲဒါနဲ့ပဲ အချိန်ကုန်လိမ့်မယ်”” . . .

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ဗဟိုကော်မတီ အစည်းအဝေးကို တက်ရောက်ရန် အတွက် တစ်ပြည်လုံးရှိ ဗဟိုကော်မတီဝင် ၃၀၀ ကျော်အား ဖိတ်ကြားထားကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးစောထား လုံက မြန်မာသံတော် ဆင့်သို့ ပြောသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် ယခင်က ပါတီဥက္ကဋ္ဌဦးသိန်းစိန် (နိုင်ငံတော်သမ္မတ) ဦးဆောင်၍ ဗဟိုအတိုင်ပင်ခံ ၃ ဦးဖြစ်သော ဦးအောင်သောင်း (ယခင် စက်မှု ၁ ၀န်ကြီး)၊ ဦးတင်ထွတ် (ယခင်တိုင်းမှူးဗိုလ်ချုပ်)၊ ဦးစိုးသာ (ယခင် အမျိုးသားစီမံကိန်းဝန်ကြီး) တို့က ပါတီ၏ မူဝါဒ ရေးရာများကို အဓိကထား ကိုင်တွယ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များမှာ ယခင် နယက အစိုးရ လက်ထက်က ၀န်ကြီး၊ ဒုဝန်ကြီး အများစုဖြစ်၍ ပါတီဥက္ကဋ္ဌနှင့် စီနီယာဝန်ကြီးများ ဖြစ်ကြသော ဗဟိုအတိုင်ပင်ခံများကို လွန်ဆန်ခြင်း မပြုကြဘဲ ၎င်းတို့၏ ဆွေးနွေး လိုလားချက်များဖြင့်သာ ပါတီ၏ လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ကြောင်း ပါတီ၏ ၀ါရင့် ဗဟိုအလုပ်အမှုဆောင် တစ်ဦးက မြန်မာသံတော် ဆင့်သို့ ပြောကြားခဲ့သည်။ …

ဒီဇင်ဘာ ၂၄ ရက် ၀န်းကျင်တွင် ကျင်းပမည့် အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အဓိကထား ဆွေးနွေးမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကို ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာသံတော်ဆင့်က ဆက်သွယ် မေးမြန်းခဲ့ရာ ““ အဓိက ကတော့ အခြေခံဥပဒေ ကိစ္စပဲ ထင်တယ်။ ကျန်တာကတော့ ရှိမှာမဟုတ်ပါဘူး။ အဲဒါနဲ့ပဲ အချိန်ကုန် လိမ့်မယ် ””ဟု ပြောသည်။

ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အခြေခံဥပဒေ၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် ပြင်ဆင်ပေးနိုင်ရန် ရှိမရှိကိုလည်း ““ဒီဟာကတော့ တစ်ဦးချင်း အနေနဲ့တော့ ဘာမှ သိပ်ပြီးတော့ သဘောထား ပေးစရာ မရှိဘူး။ သို့သော် ဗဟို ကော်မတီမှာတော့ ဆွေးနွေးလိမ့်မယ် ထင်တာပဲ။ ပါလိမ့်မယ်ထင်တယ် ဒီကိစ္စ။ အချက်တော်တော်များများ ပါမယ်။ ဘာလို့လဲဆိုတော့ ဒီအချက်အလက်တွေက အရေးကြီး နေတာကိုး။ အဲဒီကိစ္စတို့၊ ၂၃၆ ကိစ္စတို့ တိုင်းရင်းသားတွေကို ပိုပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးရေးကိစ္စ တွေ သေချာပေါက် ပါမှာပါ”” ဟု ဦးအောင်သောင်းက ၎င်း၏ သဘောထားအမြင်ကို ပြောကြားသည်။

ယခင်နယက အစိုးရအဖွဲ့ဝင်များနှင့် အာဏာရကြံ့ခိုင်ရေးပါတီ အကြီးအကဲများ၏ နိုင်ငံရေးဆရာကြီး တစ်ဦးအဖြစ် လေးစားခြင်း ခံနေရသူ ဦးအောင်သောင်း အနေဖြင့် လွန်ခဲ့သော လပိုင်းက စစ်အစိုးရ အကြီးအကဲ ဖြစ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားရောက် ဂါရ၀ပြု တွေ့ဆုံခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက ပါတီနှင့် ၎င်း၏ တပည့်များဖြစ်ကြသည့် အစိုးရ၊ လွှတ်တော်နှင့် ကြံ့ခိုင်ရေးပါတီ အကြီးအကဲ များကို မည်ကဲ့သို့ မှာကြားသည်ကို ဦးအောင်သောင်းအား မေးမြန်းခဲ့ရာ ““ထွေထွေထူးထူး မရှိဘူးဗျ။ ကျွန်တော်တို့မှာ ဧည့်သည်တွေ များနေလို့ ကျွန်တော်တို့က ခဏလေးပဲ။ ကျန်းမာ ချမ်းသာကြောင်းနဲ့ နေကောင်းလား ဒီလောက်လေးပဲ။ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ကျန်းမာအောင်နေ၊ ညီညီညွတ်ညွတ် လုပ်ကြ၊ အောင်မြင်အောင် လုပ်ကြ။ ဒါပါပဲ””ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မှာကြားချက်ကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့် ဦးအောင်သောင်းနှင့် ဗဟိုအတိုင်ပင်ခံများ ပါတီကို ပဲ့ကိုင်ထိန်းကြောင်း နေသည့်အပေါ် ကျေနပ်အားရမှု ရှိ မရှိ မည်ကဲ့သို့ သဘောထား ရှိကြောင်း မေးမြန်းခဲ့ရာ ““သြော် နှစ်ခြိုက် ပါတယ်။ ဘာမှပြောတာ မရှိပါဘူး။ ကျွန်တော်တို့က သူ့လက်ထက်တည်းက ပါလာတာဆိုတော့ သဘောကျ ပါတယ်””ဟု ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြည်ထောင်စု လွှတ်တော် နာယက၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း လာရောက် ဂါရ၀ပြုစဉ်ကလည်း လက်ရှိနိုင်ငံရေးကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု ဥက္ကဋ္ဌ သူရဦးရွှေမန်းက မီဒီယာများသို့ ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကြံ့ခိုင်ရေးအသင်း ရှိစဉ်က ဗဟို နာယကကြီးအဖြစ် နှစ်ပေါင်း ၂၀ နီးပါး အကြီးအမှူး ပြုခဲ့ပြီ၊ လက်ရှိအစိုးရနှင့် လွှတ်တော်အကြီးအကဲများမှာ ၎င်း၏ ကြံ့ခိုင်ရေး အသင်းဝင်များဖြစ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေးသြဇာမှာ ကြီးမားလျက်ရှိကြောင်း နိုင်ငံရေး သုတေသီများက သုံးသပ် ထားကြသည်။

Myanmartandawsint Newspaper

မြန်မာ ဒုက္ခသည်တွေ ဘဝ အစပျိုးနိုင်ရေး အမေရိကန် အစိုးရထောက်ပံ့

အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်မှာ ရောက်ရှိလာကြတဲ့ မြန်မာ တိုင်းရင်းသား ဒုက္ခသည်တွေအတွက် အမေရိကန် အစိုးရကနေ ဒေါ်လာ ၆ သိန်း ပထမဆုံးအကြိမ် ကူညီပံ့ပိုးပေးခဲ့ပါတယ်။ တိုင်းရင်းသားဒုက္ခသည်တွေရဲ့ ဘ၀ရပ်တည်မှု အစပျိုးနိုင်ဖို့ အဓိက ကူညီပေးတာဖြစ်ပြီး၊ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာန BCCE ကနေတဆင့် အခြေခံလိုအပ်ချက်တွေကို ကူညီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြထားပါတယ်။။

အမေရိကန်အစိုးရ ဌာနတစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာန (Health and Human Services) ကနေပြီး တော့ - အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် အင်ဒီးယားနားပုလိစ့်မြို့မှာ အခြေချနေထိုင် လာကြတဲ့ မြန်မာ နိုင်ငံသား တိုင်းရင်းသားဒုက္ခသည်တွေရဲ့ ဘ၀ရပ်တည်မှု အစပျိုးနိုင်ဖို့ အတွက်ကို ပထမဆုံးအကြိမ် အဖြစ် အမေရိကန် ဒေါ်လာ ၆ သိန်း ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။

ဒီအကူအညီတွေကို အင်ဒီးယားနားပုလိစ့်မြို့မှာရှိတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာန BCCE ကနေတဆင့် ကူညီသွားမှာဖြစ်ပြီးတော့ - အဓိကအားဖြင့် ဒုက္ခသည်တွေ အခြေခံလိုအပ်တဲ့ ပညာရေးလို ကဏ္ဍမျိုးတွေမှာ ဒီအကူအညီတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့BCCE ရဲ့ ညွှန်ကြားရေးမှူး နော်မေဦးက ပြောပါတယ်။

"ဒီရာက်လာတဲ့မြန်မာပြည်သားတွေ သူတို့ဘဝ စပြီး တည်ထောင်ဖို့ လုပ်တဲ့အခါမှာ လိုသမျှ ပြင်ဆင်မှုတွေ ပညာရေးအားဖြင့် သင်တန်းတွေ၊ Workshopတွေ၊ အတန်းတွေ ကျမတို့ဖွင့်ထားတာရှိတယ်။ အခမဲ့ပေါ့လေ ကျမတို့ပညာရေးအစီအစဉ်တွေ လုပ်ထားတာရှိတယ်။ ပညာရေးသပ်သပ်လို့ ဆိုတဲ့အခါမှာ အထူးသဖြင့်ကျောင်းသားတွေ ကျောင်းမှာ ရှိနေတဲ့ မူလတန်း၊အလယ်တန်း၊ အထက်တန်းနဲ့ ဒီကောလိပ်ကို သွားနိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေရဲ့ ပညာရေး အတွက်ကို ကျမတို့ ကူညီတယ်။ နောက်ပြီးတော့ ပြင်ဆင်မှုတွေ အကုန်လုံးပေါ့လေ။ ပညာရေးထောက်ပံ့ကြေးလျောက်တာ၊ ကျောင်းဝင်ခွင့်လျောက်တာ အကုန်လုံးပေါ့ နောက်တခုက  Wrokforce Development အသက်မွေးကျောင်း ဆိုင်ရာမှာ ကျမတို့ အလုပ်ရှာတာ၊ အလုပ်အတွက်ပြင်ဆင်တာတွေ၊  ကျမတို့ အစီအစဉ်တွေ လုပ်ပေးတယ်။ သူတို့သင်တန်းလိုတယ်ဆိုရင်လည်း ဘယ်မှာ ဘယ်လို သင်တန်းမျိုးလဲ၊ ကျမတို့မပေးနိုင်တဲ့သင်တန်းမျိုးဆို ဘယ်မှာ သင်တန်းတွေရှိသလဲ စသည်ဖြင့်ပေါ့လေ။ အသိပညာပေးတာ၊ သင်ပေးတာတွေရှိတယ်။

နောက်တခုက ကျမတို့ ရောက်လာတဲ့အခါ မိသားစုကိစ္စ ပြဿနာတွေ အမျိုးမျိုးပဲရှိတယ်။ အခက်အခဲတွေ အများကြီးရှိတယ်။ ကျမတို့မိသားစုကိစ္စတွေ ကူညီတာရှိတယ်။ ပြီးရင် ကျမ်းမာရေးကိစ္စ၊ သူတို့နေရေးထိုင်ရေး အိုးအိမ်ကိစ္စတွေ ကျမတို့ကူညီတာရှိတယ်။ ဒီအလုပ်တွေကိုပဲ ကျမတို့ ဆက်ပြီးလုပ်သွားမှာဖြစ်တယ်။ ဒီအလုပ်တွေအတွက်ကိုပဲ အစိုးရဆီက ကျမတို့ အထောက်အပံ့ရတာဖြစ်ပါတယ်။"

အခုလိုမျိုး အမေရိကန်အစိုးရ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာနကနေပြီးတော့ အင်ဒီးယားနားပုလိစ့်မြို့မှာရှိတဲ့ မြန်မာတိုင်းရင်းသားဒုက္ခသည်တွေကို ကူညီဖို့ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့လည်း နော်မေဦးက အခုလို ရှင်းပြပါတယ်။

" အဓိက ဒီအထောက်အပံ့တွေကို သူတို့ပေးတာက၊ တခြားနိုင်ငံ ကနေပြီးတော့ ရောက်လာတဲ့ အရင်တုန်းက ဒုက္ခသည်တွေ၊ ကိုယ့်ကို ကိုယ်ပြန်ပြီးတော့ ကိုယ်ထူ ကိုယ်ထ လုပ်ငန်းတွေမှာ လုပ်ဆောင်နိုင်ဖို့ အတွက် သူတို့ အထောက်အပံ့တွေပေးတာဖြစ်တယ်။ ကျမတို့မြန်မာလူမှု အသိုင်းအဝိုင်းကလည်း တော်တော်လေးရှိတယ်။ လူသစ်တွေလည်း အများကြီးရှိတယ်။ ရောက်ပြီးတာ နည်းနည်းကြာ သွားတဲ့သူတွေလည်းရှိတယ်။

ဒီကိုယ်ထူကိုယ်ထလုပ်ငန်းတွေမှာ ကျမတို့ဌာနက လုပ်တာဆိုတော့ ဒီဌာနရဲ့လုပ်ငန်းတွေမှာ ပိုပြီးတော့ အထောက်အကူဖြစ်စေဖို့ လျောက်တော့ ရတာဖြစ်တယ်။"

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာန BCCE ရဲ့ ညွှန်ကြားရေးမှူး နော်မေဦး ဖြစ်ပါတယ်။

ဒီ BCCE မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာနကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက အင်ဒီးယားနား ပုလိစ့်မြို့မှာ ဖွင့်လှစ် ခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံက တိုင်းရင်းသားဒုက္ခသည်တွေကို အခုလိုပဲ ကူညီပံ့ပိုးပေးနေခဲ့တာဖြစ်ပါ တယ်။

အဲ့ဒီ အင်ဒီးယားနားပုလိစ့်မြို့လေးမှာ မြန်မာဒုက္ခသည်ဦးရေ ၁ သောင်းကျော်နေ ထိုင်ပြီး၊ အများစုက ချင်းတိုင်းရင်းသားတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံ မှာ ပြည်တွင်းစစ် စတင်ကတည်းက အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြတဲ့ မြန်မာတိုင်းရင်းသားဒုက္ခသည် သန်းနဲ့ချီရှိပြီး၊ သူတို့ထဲက တချို့ကို UNHCR ကနေတဆင့် တတိယနိုင်ငံတွေမှာ ခိုလှုံခွင့်ရအောင် ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ မြန်မာဒုက္ခသည်ဦးရေဟာ အခုဆိုရင် ၁ သိန်းပြည့်တော့မှာဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံသား ဒုက္ခသည်တွေအပါအ၀င် ကမ္ဘာတ၀ှမ်းက ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ၁၉၇၅ ခုနှစ်ကနေ စတင် လက်ခံလာခဲ့တာဖြစ်ပြီး အခုဆိုရင် ၃ သန်းကျော်သွားပြီဖြစ်ပါတယ်။
နန္ဒာချမ်း(VOA)

ခွင့်ပြုမိန့် မရသောကြောင့် ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုများ တနေရာတည်း၌ စုဝေး၍ လူထုအခမ်းအနားနဲ့ KIO,KIA အဖွဲ့ကို ဆန္ဒထုတ်ဖေါ်


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ၀န်းသိုကျောင်းတိုက်အတွင်း၌ ဒီဇင်ဘာလ ၂၀ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်ကာ  မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဖားကန့်၊ ဟိုပင်၊ အင်းတော်ကြီး၊ ၀ိုင်မော်၊ ခက်ချို၊ မိုင်းနား၊ တာလောကြီး၊ ဇီးကျွန်း၊ နောင်ခမ်းရှမ်း စသည့်မြို့ရွာများမှ ရှမ်းမျိုးနွယ်စု (၁၀၀၀၀) ၀န်းကျင်ခန့် စုဝေးခဲ့ကြပြီး စီတာပူရပ်ကွက်၊ KIO,KIA  ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအထောက်အကူပြုအဖွဲ့၊ ဆက်ဆံရေးရုံးရှေ့အထိ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒဖေါ်ထုတ်ဖို့ စီစဉ်ခဲ့ကြသော်လည်း ပြည်နယ်-ရဲမှူးကြီး ဦးမြင့်လွင်မှ ခွင့်ပြုမိန့်မပေးခဲ့သောကြောင့် ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်အတွင်းမှာသာလျှင် စုဝေး၍ လူထုအခမ်းအနားနဲ့ ဆန္ဒဖေါ်ထုတ်ခဲ့ကြတယ်လို့ သိရှိရသည်။
 
အဆိုပါ စုဝေးဆန္ဒဖေါ်ထုတ်သော ရှမ်းမျိုးနွယ်စုများသည် -

-မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ၏ ဆန္ဒဖေါ်ထုတ်ပွဲ
-နိုင်ငံတော်အစိုးရမှ လက်နက်မဲ့ပြည်သူများအား အကာအကွယ်ပေးပါ
-ငြိမ်းချမ်းရေး အမြန်ဆုံးရအောင် ဖေါ်ဆောင်ကြပါ
-အဖမ်းဆီးခံ ရှမ်းလူငယ်များအား အမြန်ဆုံးပြန်လွှတ်ပေး
-KIA တို့၏ အဓမ္မ စစ်သားသစ် စုဆောင်းမှု အလိုမရှိ
-KIO,KIA တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ပေး
-လက်နက်ရှိသူက လက်နက်မဲ့သူအား အနိုင်ကျင့်စော်ကားမှု အလိုမရှိ
-မီဒီယာများအား အမှန်တရားကို မျှတစွာ ဖေါ်ပြပါ - စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်လျက်

အဓမ္မ စစ်သားစုဆောင်းတဲ့ KIA အလိုမရှိ၊ အဓမ္မ ဆက်ကြေးကောက်တဲ့ KIA အလိုမရှိ၊ KIO,KOA  အလိုမရှိ၊ လူထုဆန္ဒ အောင်ရမည်, အောင်ရမည်၊ ရှမ်းလူမျိုးများ ညီသလားဟေ့ -  ညီတယ်ဟေ့ ညီတယ်ဟေ့ လို့ ကြွှေးကြောခဲ့တယ်လို့လည်း သိရှိရပါသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ရှမ်းမျိုးနွယ်စုများ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒဖေါ်ထုတ်မည့် အစီအစဉ်ကို ပြည်နယ်ရဲမှူးကြီးမှ တရားဝင် ကန့်ကွက်ခဲ့ပြီး၊ ဒီဇင်ဘာလ ၂၄ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ ခွင့်ပြုပေးခဲ့ပါတယ်။ မနေ့ညက ၇ နာရီလောက်မှ အကြောင်းပြန်လာတာပါ၊ အားလုံးစီစဉ်ထားပြီး နီးမှလာပြောတာကတော့ ကျွန်တော်တို့ အစီအစဉ်ကို ပြည်နယ်အစိုးရက လျစ်လျူရှုထားတဲ့ သဘောပဲ၊ ကျွန်တော်တို့ကလည်း တရားဥပဒေအတိုင်းပဲ လုပ်ချင်ပါတယ်၊ ဘယ်သူ့ဘယ်သူကိုမှ မထိခိုက်စေချင်ပါဘူး ဒါကြောင့် ကျောင်းဝင်းအထဲမှာပဲ အခုလို လူထုအခမ်းအနားနဲ့ ဆန္ဒဖေါ်ထုတ်တာပါလို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒု-ခေါင်းဆောင်း ဦးစိုင်းစန်းဝေက ပြောဆိုပါတယ်။

KIO,KIA အဖွဲ့ကို လူထုအခမ်းအနားနဲ့ ဆန္ဒဖေါ်ထုတ်ဖို့ စီစဉ်ရခြင်းရဲ့ အကြောင်းကိုတော့ - မြန်မာပြည်မြောက်ပိုင်းပေါ့ ကချင်ပြည်နယ် နေရာအနှံ့အပြားမှာရှိတဲ့ ရှမ်းမြို့၊ ရှမ်းရွာတွေမှာ အဓမ္မ စစ်သားစုဆောင်းနေတာတွေ၊ ဆက်ကြေးကောက်နေတာတွေ၊ ရှမ်းမျိုးနွယ်စုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ရင်ထဲမှာ မခံမရပ်နိုင်တော့လို့ မမျိုသိပ်နိုင်တော့လို့ ဆန္ဒဖေါ်ထုတ်ဖို့ စီစဉ်ရတာပါ။

ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ကာ မန်စီမြို့နယ်အတွင်း ရှမ်းရွာများမှ ရှမ်းလူငယ်များအား KIA မှ ဆက်တိုက်သလို တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်ခဲ့ပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဆက်မလုပ်ဖို့ တောင်းဆိုထားတဲ့ကြားက ပြုလုပ်ခဲ့တဲ့အတွက် အခုလို လူထုအခမ်းအနားနဲ့ ဆန္ဒဖေါ်ထုတ်ဖို့ အစီအစဉ်တွေ ဖြစ်ပေါ်လာရတာဖြစ်တယ်လို့ ဦးစိုင်းစန်းဝေကပဲ ပြောဆိုပါတယ်။

ရှမ်းနီပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က - တော့ KIA တပ်မတော် စတင်တည်ထောင်ချိန်မှ စ၍ နှစ်ပေါင်း ၅၀ ကျော်သော ယနေ့အချိန်ထိ ရှမ်းနီလူမျိုးများနေထိုင်ရာ ရှမ်းမြို့ရှမ်းရွာများတွင် အဓမ္မ စစ်သားသစ် စုဆောင်းမှုများ ပြုလုပ်လေ့ရှိခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လယ်ယာနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးချ စေခိုင်းခြင်း၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေးအရ ခြိမ်းခြောက်ခိုင်းစေခြင်းများ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

­­ပြီးခဲ့တဲ့ ဒီဇင်ဘာလ ရက်သတ္တပတ်များအတွင်း KIA မှ တပ်သားသစ် စုဆောင်းမှုဦးရေ ၁၀၀ ကျော်ထိ ရှိခဲ့ရာမှ ရှမ်းတိုင်းရင်းသား ဦးရေစာရင်း ၆၀ ကျော်ရရှိခဲ့တယ်လို့ ရှမ်းနီပါတီက ပြောဆိုထားပြီး၊ ဒီရက်ပိုင်းအတွင်း  KIA က ရှမ်းနီလူမျိုး ၂၆ ဦး ပြန်လွတ်မြောက်လာခဲ့တယ်လို့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က BBC ကို ပြောဆိုထားပါတယ်။

ဧရာဝတီမြစ်ဖျားဆီက

အဖျက်အမှောင့်လုပ်ရန်အဖွဲ့သုံးဖွဲ့ က ကြံစည်နေဟုဆို

 
ညောင်ဦး ဒီဇင်ဘာ ၁၉

ဖောက်ခွဲမှုများလုပ်ဆောင်ရန် အတွက် အဖွဲ့သုံးဖွဲ့က ကြံစည် နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန က အကြောင်းကြား အသိပေးထား သဖြင့် ညောင်ဦးမြို့ပေါ်တွင် လုံခြုံ ရေး တိုးမြှင့်ဆောင်ရွက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်ဝင်းက ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တွင် နှစ်ပတ်တစ်ကြိမ်ကျင်းပသည့် အစည်းအဝေးသို့တက်ရောက်လာသူ များကိုသတင်းပေး၍လုံခြုံရေးသတိ မလစ်စေရန် တိုက်တွန်းပြောကြား ခဲ့သည်။

ပထမအဖွဲ့''နိုဝင်ဘာ ၂ဝ ရက်မှာ မူဆလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မိုဟာမက်အလီခေါင်းဆောင်တဲ့ အင်အားငါးဦးခန့် (ဖောက်ခွဲရေး ကြေးစားအဖွဲ့)က စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်ဒေသတွေ မှာဖောက်ခွဲဖို့ ရန်ကုန်မြို့ကထွက် လာတယ်။ အဆိုပါအဖွဲ့က ထိုင်း နိုင်ငံ မဲဆောက်မြို့ တောင်ဘက် ဘန်ကောက်မြို့ သွားရာလမ်း တောင်ဘက်မှာရှိတဲ့(ဖုန်ပုံရှန်) ဒုက္ခ သည်စခန်းကနေ မြဝတီမြို့ကို ဖြတ်ပြီး နိုဝင်ဘာ ၂ဝရက်မှာ ရန်ကုန်မြို့ကို ရောက်ရှိတယ်။ဖောက်ခွဲရေးလုပ်ငန်းတွေကို လုပ် ဆောင်မယ့် လက်နက်ကိရိယာတွေ တော့ တစ်ပါတည်းပါလာခြင်းမရှိ ဘဲနဲ့ ရှမ်းပြည်နယ် တာချီလိတ်က တစ်ဆင့် သူတို့ကိုဆက်သွယ်ပေး အပ်ပြီး (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲကို ဖောက်ခွဲဖျက်ဆီးမယ်ဆိုပြီးသတင်း ရရှိတယ်။ ဒီသတင်းနဲ့ပတ်သက် ပြီးတော့ ကျွန်တော်တို့အားလုံး လုံခြုံရေးသတိ ရှိရပါမယ်ဆိုပြီး အသိပေးလိုခြင်းဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

ဒုတိယအဖွဲ့''နောက်တစ်ဖွဲ့က တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု ထဲက နိုင်ငံတော်နဲ့ ငြိမ်းချမ်းရေး မယူတဲ့အဖွဲ့ခွဲပေါ့။ မလိုလားတဲ့ အဖွဲ့။ အဲ့ဒီအဖွဲ့က ဆီးဂိမ်းကို ဖောက်ခွဲဖို့ကြိုတင်ပြင်ဆင်ပြီး ဝင် လာတာရှိပါတယ်။ အဲ့ဒီအဖွဲ့က လိပ်သိုဘက်ကနေပြီးတော့ ရှမ်း ပြည်နယ် အဲ့ဒီကနေပြီး တောလမ်း အတိုင်းလာပြီးတော့ နေပြည်တော် ဆာဖာရီဥယျာဉ်ကိုဖြတ်ပြီးနေပြည် တော်ကို ဖောက်ခွဲဖျက်ဆီးဖို့လာ တယ်လို့ သတင်းရရှိထားတာ ရှိပါ တယ်။ အဲ့ဒီသတင်းနဲ့ပတ်သက်ပြီး တော့ ကျွန်တော်တို့ဒေသမှာလဲ လုံခြုံရေးနဲ့ပတ်သက်ပြီးယခင်ထက် ပိုမိုဆောင်ရွက်ကြရမှာဖြစ်ပါတယ်'' ဟု ဆက်လက်ပြောကြားခဲ့သည်။

တတိယအဖွဲ့ထို့ပြင်အဖွဲ့တစ်ခုမှအကြမ်းဖက် သမားသုံးဦးကလည်း လိုင်ဇာဘက်မှ ထွက်ခွာလာသည့် သတင်းရရှိထား ကြောင်း၊ ယင်းအဖွဲ့တွင် ဗိုလ်ကြီး အဆင့်ရှိသူ ရန်အောင်အသက်(၂၈) နှစ်ခန့်၊ ကရင်လူမျိုး၊ အသားလတ်၊ ယာမျက်ခုံးမှဲ့နက်ရှိ၊ ဆံပင်အလယ် ခွဲ၊ မျက်နှာဝိုင်းနှင့် ဖြစ်ကြောင်း၊ နောက်တစ်ဦးမှာ ဒုအရာခံဗိုလ်အဆင့် ရှိ မျိုးနိုင် အသက်(၂၇)နှစ်ခန့်၊ ကရင်လူမျိုး၊ အသားဖြူ၊ယာဘက် လက်ဖျံတွင် ဆေးမင်ကြောင်ဖြင့် မိဘမေတ္တာဟု စာတန်းထိုးထားကြောင်း၊ နောက်တစ်ဦးမှာတပ်ကြပ် အဆင့်ရှိသူတစ်ဦးဖြစ်ကြောင်း၊ ၄င်းတို့ကို ပြည်ထဲရေးဝန်ကြီးဌာနက သတင်းဆက်လက်ဖော်ထုတ်၍ ဖမ်းဆီးရမိရေးဆောင်ရွက်ရန် မှတ် ချက်ပြုညွှန်ကြားထားကြောင်း၊ယင်း ကိစ္စများနှင့်ပတ်သက်၍ ညောင်ဦး မြို့နယ်တွင်းသို့ စိမ့်ဝင်လာခြင်းမရှိစေရန် သတိထားဆောင်ရွက်နိုင်ရန် အတွက် ချပြရခြင်းဖြစ်ကြောင်း၊ ပုဂံ၊ ညောင်ဦးမြို့နယ်များအတွင်း တွင်လည်း နှစ်နေရာခွဲ၍လုံခြုံရေး အရ စစ်ဆေးခြင်းများပြုလုပ်နေပြီး ကျန် ကျေးရွာ/ရပ်ကွက်များတွင် လည်း အုပ်ချုပ်ရေးမှူးများက ကိုယ့်နယ်မြေလုံခြုံရေး ဆောင်ရွက် နိုင်ရန်၊
ထူးခြားပါက သတင်းပေး နိုင်ရန် တင်ပြရခြင်းဖြစ်ကြောင်း ဖြင့် ၄င်းက ထပ်လောင်းပြော ကြားခဲ့သည်။

စွမ်းရဲထွဋ် - The Union Daily

မြန်မာ-အမေရိကန်ပူးပေါင်းပြီး မဟာဘွဲ့လွန်သင်တန်းဖွင့်မည်

 
ရန်ကုန်တက္ကသိုလ်နဲ့ အမေရိကန်ပြည်ထောင်စုက ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်တို့ဟာ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် မဟာဘွဲ့လွန်သင်တန်း ဖွင့်လှစ်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမယ့်ကိစ္စ ဒီဇင်ဘာ ၁၉ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

Johns Hopkinsပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်နဲ့ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ အာရှရေးရာ ဒါရိုက်တာ ပရော်ဖက်ဆာ ဒေါက်တာ ကားလ်ဂျက်ဆန်တို့ ရန်ကုန် တက္ကသိုလ်နယ်မြေက International centre of Excellence ဌာနမှာ နှစ်နိုင်ငံ တက္ကသိုလ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ ဆွေးနွေးမှုတွေထဲမှာ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ကျောင်းသားတွေ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှာ မြန်မာစာသင်တန်း တက်ရောက်ရေးနဲ့ ရန်ကုန်တက္ကသိုလ်မှာ အီလက်ထရွန်းနစ် စာကြည့်တိုက် (e-library) ဖွင့်လှစ်ရေးကိစ္စတွေလည်း ပါဝင်တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ရန်ကုန်ဆေး တက္ကသိုလ်က လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနရဲ့ အမှုထမ်းတွေကို သင်တန်းပေးဖို့နဲ့ မြန်မာ ဆေးသိပံ္ပဌာနနဲ့ ဆေးနည်းပညာဆိုင်ရာကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပါသေးတယ်။

ဒီ သဘောတူညီချက်တွေထဲမှာတော့ ပညာသင်ကြားမှုစနစ်နဲ့ စွမ်းအင်မြှင့်တင်ရေး အစီအစဉ်တွေဆောင်ရွက်ပေးဖို့ ပါဝင်ပါတယ်။

အလားတူ အမေရိကန် တက္ကသိုလ်တခုဖြစ်တဲ့ ယူအက်စ် ဘက်တ် လစ်ဘရယ် ၀ိဇ္ဇာ ကောလိပ် (U.S Bart Liberal Art College) လည်း မြန်မာကျောင်းသားတွေအတွက် ၄ နှစ် ဒီဂရီ သင်တန်းတခု ဖွင့်လှစ်ဖို့ မြန်မာနဲ့ သဘောတူညီမှု ရှိထားပါတယ်။

By ဒီဗွီဘီ

တနိုင်းမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၈ ဦးကို ဖမ်းမိ

 
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ်အတွင်း နိုင်ငံခြားသားများ သွားလာခွင့် ကန့်သတ်ထားသော တနိုင်းမြို့နယ်သို့ ခွင့်ပြုချက်မပါဘဲ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၈ ဦးကို တနိုင်းမြို့နယ် ကောင်ရာကျေးရွာ စစ်ဆေးရေးဂိတ်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း မြစ်ကြီးနားမြို့ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။

တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၈ ဦးမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှ မန္တလေးမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မန္တလေးမြို့မှ အထူးအမြန် အိပ်စင်ရထားဖြင့် မြစ်ကြီးနားမြို့သို့ လိုက်ပါလာခဲ့ကာ တနိုင်းမြို့သို့အသွား ကောင်ရာကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

၎င်းတို့နှင့်အတူ မြန်မာနိုင်ငံသား ယာဉ်မောင်းငါးဦး ပါဝင်ပြီး ဖမ်းဆီးရမိသူ အားလုံးကို ဒီဇင်ဘာလ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့ နယ်မြေခံရဲစခန်းသို့ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေက အလည်အပတ် ဗီဇာနဲ့ ရောက်လာသူတွေ ဖြစ်ပါတယ်။ တရားဝင် ခွင့်ပြုချက်မပါဘဲ ကန့်သတ်နယ်မြေကို သွားတဲ့အတွက် ဖမ်းတာပါ။ ဘာကိစ္စနဲ့ တနိုင်းဘက်သွားတယ် ဆိုတာလည်း စစ်ဆေးနေတုန်းပါ။ အထက်ကို တင်ပြပြီးမှပဲ ဘယ်လို အရေးယူမယ်ဆိုတာ သိမယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးရမိထားသော တရုတ် နိုင်ငံသားများကို မြစ်ကြီးနားမြို့ အမှတ် (၁) နှင့် အမှတ် (၂) ရဲစခန်းတို့တွင် ရှစ်ဦးစီခွဲကာ ထိန်းသိမ်း ထားရှိကြောင်း အမှတ် (၁) ရဲစခန်းထံမှ သိရသည်။

The Voice Weekly

NLD ပါတီရဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကိစ္စ D-Wave ပြန်ရှင်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က သာယာဝတီ မြို့မှာကျင်းပတဲ့ အခြေခံ ဥပဒေ ဆိုင်ရာ လူထုဟောပြောပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံမပြင်ခဲ့ရင် ၂ဝ၁၅ ခုနှစ် 
ရွေးကောက်ပွဲကို သပိတ်မှောက်မယ် စသဖြင့် ရေးသားပြောဆိုမှုတွေအပေါ် NLD ပါတီဂျာနယ် D-Wave က ရဲ့ ဖေ့စ်ဘုတ်မှာ အခုလို ပြန်လည် ရှင်းလင်းထားပါတယ်။ 



ယခုရက်ပိုင်းအွန်လိုင်းမီဒီယာအချို့နှင့်ပုံနှိပ်မီဒီယာအချို့တွင်ဖေါ်ပြနေကြသော ၂၀၁၅ ရွေးကောက်ပွဲ အား ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ချုပ်က သပိတ်မှောက်မည်။ ရွေးကောက်ပွဲမ၀င်ဘူး ဟူသော
ဖေါ်ပြချက်များသည် ၁၅၊၁၂၊၂၀၁၃ သာယာဝတီမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ကြားချက်များကို အဓိပ္ပါယ်လွဲမှားစေနိုင်သော ဖေါ်ပြချက်များ ဖြစ်နေသည်ကိုတွေ့ရှိရပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်
ပြောကြားချက်များကို ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။


သာယာဝတီမိန့်ခွန်းကောက်နှုတ်ချက်။ ...

“ ကျွန်မကတော့ တပ်မတော်မှာရော၊ အခြားအဖွဲ့အစည်းတွေမှာရော၊ အခြားနိုင်ငံရေးပါတီတွေမှာရော ကိုယ့်သိက္ခါကိုတန်ဘိုးထားတဲ့သူတွေ ရှိတယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။ ကိုယ့်သိက္ခါကိုယ် တကယ်တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်များဟာ ၂၀၁၅ ကြရင် ၂၀၀၈ ဖွဲ့စည်းပုံမပြင်ပဲနဲ့ ရွေးကောက်ပွဲ မ၀င်ဘူးလို့ ထင်တယ်။ ကိုယ့်ဘက်ကိုကိုယ်အလေးသာအောင်လုပ်ထားပြီးမှ ၀င်တယ်ဆိုတာ မသင့်တော်ဘူး။

ဥပမာဆိုပါစို့ ကျွန်မတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကို ထောက် ထားပြီး ၀င်မယ်ဆိုရင်ကျွန်မတို့က စွန့်စားပြီး ၀င်ရမှာ။ မမျှတတဲ့အခြေအနေမှာ စွန့်စားပြီး ၀င်ရမှာ။ ကျွန်မတို့က သိက္ခါကျစရာဘာမှမရှိဘူး။ အဆင်သင့်ယူပြီးတော့ ၀င်တဲ့လူတွေအတွက်တော့ သိက္ခါမရှိဘူးလို့ ကျွန်မ ဒီလိုပဲ ပြောချင်ပါတယ်။ “
.......

အာအက်ဖ်အေရေဒီယိုမြန်မာပိုင်း၊ ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်
အသံလွှင့် အစီအစဉ် ( ၁၉၊၁၂၊၂၀၁၃) မှ အမေးအဖြေ။

ဦးခင်မောင်စိုး။ ။ … ကိုယ့်သိက္ခါကိုယ် တကယ်တန်ဘိုးထားတဲ့ ပုဂ္ဂိုလ်တွေဟာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံကို မပြင်ပဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တစ်ချို့က လာမယ့်ရွေးကောက်ပွဲကို NLD က သပိတ်မှောက်မယ့် သဘောလို့ ယူဆနေကြပါတယ် ခင်ဗျာ။ ဒါနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းပြောဆိုပေးပါ ခင်ဗျာ။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒါကတော့ မတရားတဲ့ ရွေးကောက်ပွဲကို မ၀င်ဘူးဆိုတာက ဒီလိုဟာမှာ ယှဉ်ပြိုင်ချင်တဲ့စိတ် မရှိရဘူးလို့ ဒီလိုပြောတာပါ။ ကိုယ့်ဘက်ကနေပြီးတော့ တစ်ဖက်ကနေပြီးတော့ အသာရထားတဲ့ပွဲမှာ ယှဉ်ပြိုင်ချင်တဲ့စိတ်ရှိတာဟာ ကိုယ့်သိက္ခါကိုယ် မထောက်ထားရာ ရောက်တာပေါ့။
အိမ့်သံစဉ်(ဧရာဝတီ)

သတင်းထောက် ၂ ဦးအပေါ် ထိုင်းရေတပ် စွဲဆိုချက် ရုပ်သိမ်းပေးဖို့ CPJ တောင်းဆို


မြန်မာနိုင်ငံကနေ လှေစီးပြေး ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးတာတွေမှာ ထိုင်းရေတပ် ပါဝင်ပတ်သက်နေတယ်လို့ ရေးသားခဲ့တဲ့ ထိုင်းနိုင်ငံ ဖူးခက် အခြေစိုက် သတင်းထောက် နှစ်ဦးကို ထိုင်းရေတပ်ကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ထိုင်းတော်ဝင် ရေတပ်မတော်က သတင်းထောက်တွေကို အသရေဖျက်မှု တရားစွဲဆိုမှုကို ချက်ချင်း ရုပ်သိမ်းသင့်တယ်ဆိုပြီး သတင်းထောက် ကာကွယ်ရေး ကော်မတီ CPJ က တောင်းဆိုလိုက်တဲ့ အကြောင်း မသီင်္ဂီထိုက်က တင်ပြထားပါတယ်။

ထိုင်းတော်ဝင် ရေတပ်မတော်က ထိုင်းနိုင်ငံ ဖူးခက် အခြေစိုက် Phuketwan အွန်လိုင်း သတင်းဌာနက သတင်းထောက် နှစ်ဦး ဖြစ်တဲ့ Alan Morison နဲ့ Chutima Sidasathian တို့ နှစ်ဦးကို သူတို့ ရေးသားခဲ့တဲ့ သတင်းတပုဒ် အတွက် ၂၀၀၇ ခုနှစ် ကွန်ပျူတာ ရာဇ၀တ်မှု အက်ဥပဒေနဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းထောက် နှစ်ဦးက မြန်မာနိုင်ငံကနေ လှေစီးပြီး ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ အပေါ်ကနေ ထိုင်းစစ်တပ်က အကျိုးအမြတ်တွေ ရယူနေတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ကို ဇူလိုင်လ ၁၇ ရက်နေ့က ရေးသားဖော်ပြခဲ့ကြတာပါ။

ထိုင်းတော်ဝင် ရေတပ်မတော် အနေနဲ့ ဒီသတင်းရေးသားသူတွေကို တရားစွဲဆိုမှု လုပ်မယ့် အစား ဒီသတင်းအချက်အလက်တွေ မှန်ကန်နေသလား ဆိုတာကို ရေတပ်မတော်အတွင်း စုံစမ်းစစ်ဆေးမှု လုပ်သင့်ပါတယ်လို့ အမေရိကန် အခြေစိုက် သတင်းထောက် ကာကွယ်ရေး ကော်မတီ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း တာဝန်ခံ Shawn Crispin က ဆိုပါတယ်။

အခုလို သတင်းထောက်တွေကို တရားစွဲဆိုတာရဲ့ ရည်ရွယ်ချက်ကလည်း ဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတင်းတွေ ဖော်ထုတ်ရေးသားမှုကို အဟန့်အတား ဖြစ်အောင် လုပ်ဆောင်တာလို့ CPJ ရဲ့ ကြေညာချက်မှာ သူကထည့်သွင်းပြောဆိုပါတယ်။ ထိုင်း တော်ဝင် ရေတပ်မတော် အနေနဲ့ သတင်းထောက်တွေကို ရာဇ၀တ်မှုနဲ့ တရားစွဲဆိုမှုကို ချက်ချင်း ပယ်ဖျက်ပေးဖို့လည်း CPJ က တောင်းဆိုလိုက်ပါတယ်။ CPJ ရဲ့ အာရှအစီအစဉ်ရဲ့ တာဝန်ခံ Bob Dietz ကတော့ ဒီကိစ္စ အပေါ်မှာ အခုလို ပြောဆိုလိုက်ပါတယ်။

"အခုဟာက အသရေဖျက်မှုနဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ ဘာတွေ့ရသလဲ ဆိုတော့ သတင်းထောက်တွေရဲ့ အခွင့်အရေးကို ပံ့ပိုး ပေးမယ့် အစား တရားဥပဒေ အရ အရေးယူနိုင်အောင် လုပ်ဆောင်နေပါတယ်။ ဒီကိစ္စမှာ ဆိုရင်လည်း အစိုးရက ဒီနည်းလမ်းကို သုံးတာဘဲ ဖြစ်ပါတယ်။ ထိုင်းတော်ဝင် ရေတပ်မတော် အနေနဲ့လည်း သတင်းထောက် နှစ်ယောက်ကို အခုလို တရားစွဲဆိုမှုကို ပြန်ပြီး သုံးသပ်စဉ်းစားသင့်ပါတယ်။"

အခု ထိုင်းရေတပ်ကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ Alan Morison နဲ့ Chutima Sidasathian တို့ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ မတိုင်ခင် တရားရုံးတင် စစ်ဆေးမယ့်လို့ ခန့်မှန်းရပါတယ်။ တကယ်လို့ ထိုင်းရေတပ်မတော်ကို အသရေဖျက်ခဲ့တယ်လို့ ပြစ်မှု ထင်ရှားရင်တော့ ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ်လည်း ထိုင်းဘတ်ငွေ ၁ သိန်း၊ အမေရိကန် ဒေါ်လာ ၃ ထောင်ကျော် ဒဏ်ကြေးငွေ ပေးဆောင်ရမှာလည်း ဖြစ်ပါတယ်။

သိင်္ဂီထိုက် (ဗွီအိုအေ)

လျှပ်စစ်မီတာခ တိုးကောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူ ၄ ဦးကို အမိန့်ချမှတ်

 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့စတင်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာချက်ထွက်လာတာကို ကန့်ကွက်ကြောင်း ဖယောင်းတိုင်ထွန်းပြီး ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုအဖွဲ့ MDCF က ကိုသိန်းအောင်မြင့်အပါအဝင် ၄ ဦးကို ပုဒ်မ ၁၈ နဲ့ ဒီနေ့ ပန်းပဲတန်းမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်လကျခံဖို့ ဒါမှမဟုတ် ဒဏ်ငွေ ၁ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

သူတို့ ၄ ဦးအတွက် ဒဏ်ငွေ ၄ သောင်းကို အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပေးဆောင်ခဲ့တယ်လို့ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

“ဒဏ်ငွေတစ်သောင်း ပေးဆောင်ရမယ်၊ ဒဏ်ငွေတစ်သောင်း မပေးဆောင်နိုင်ပါက ထောင်တစ်လဆိုပြီးတော့ အဲဒီအမိန့်သံပဲ ကျနော်ကြားလိုက်တယ်၊ ကျနော်တို့ကို ဒဏ်ငွေပေးဆောင်ခိုင်းတာပဲဖြစ်ဖြစ် ထောင်ချတာပဲဖြစ်ဖြစ် အနိုင်ကျင့်တယ်လို့ပဲ ကျနော်ခံယူတယ်၊ ထောင်ထဲကိုလည်း ကျနော်တို့က ပြန်ပြီးတော့ သွားစရာအကြောင်းမရှိဘူး၊ တိုင်းပြည်တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပေးထားတာလည်း မဟုတ်ဘူး၊ အများပြည်သူအတွက်နဲ့ အစိုးရရဲ့ ဂုဏ်သိက္ခာအတွက် ကြားထဲက ကူညီဆောင်ရွက်ပေးတာပဲ၊ ဒဏ်ငွေကိုလည်း ပေးဆောင်စရာအကြောင်း မရှိဘူး၊ ဒဏ်ငွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အကျိုးကို ကူညီပြီးတော့ဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က သူဝင်ဆောင်သွားပါတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ရက်နေ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခ ၂ ဆနီးပါး တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာချက်ထွက်လာတာကို ကန့်ကွက်ကြသူတွေဟာ ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ်၊ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားအထိ ဖယောင်းတိုင်ထွန်းပြီး လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာကြောင့် ပန်းပဲတန်းမြို့နယ်ရဲစခန်းက တရားလိုပြုလုပ်ကာ စီတန်းလှည့်လည်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

RFA Burmese

ကချင်ပြည်နယ် အစိုးရကို ဒေသခံ ရှမ်းအမျိုးသားတို့ အယုံအကြည် မရှိ

 
KIA ခေါ် ကချင်လွတ်လပ်ရေးတပ်မတော်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ် မပေးတဲ့ အတွက်ဆိုပြီး ကချင်ပြည်နယ်မှာ ရှိတဲ့ ရှမ်းလူထု အစည်းအဝေးပွဲတရပ်က ကချင်ပြည်နယ်အစိုးရကို ရှုံ့ချကြောင်း ဆုံးဖြတ်ချက်တရပ် ချမှတ်ခဲ့ပါတယ်။  KIA က ဖမ်းဆီးသွားတဲ့ ရှမ်းအမျိုးသားတွေ လွတ်မြောက်ရေး နဲ့ပတ်သက်ပြီးတော့ ဒီကနေ့ မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်မှာ ကျင်းပတဲ့ ရှမ်းလူထုအစည်းအဝေးမှာ အခုလိုဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလဆန်းပိုင်းက စပြီး KIA က ဖမ်းဆီးသွားတဲ့ ရှမ်းလူမျိုးတွေ ပြန်လည် လွတ်မြောက်ဖို့အတွက် လူ၎သောင်းလောက်တက်ရောက်ပြီး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ  ဆန္ဒပြဖို့ မူလက စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အာဏာပိုင်တွေဆီက စီတန်းလှည့်လည်ဆန္ဒပြခွင့် ခွင့်ပြုချက်မရတာကြောင့် စုရပ်ဖြစ်တဲ့ ၀န်းသိုကျောင်းတိုက်မှာပဲ လူထုအစည်းအဝေးကျင်းပခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းစန်းဝေက ပြောပါတယ်။

" ပြည်နယ်ရေးမှူးကနေပြီးတော့ မနေ့ညက ၇နာရီမှာ ဒီရက်ကို ခွင့်မပြုဘူးဆိုတာ အကြောင်းပြန်ကြားပါတယ်။ ကြိုတင်ပြီးမှ ကျနော်တို့က မသိရဘူး။ ကျနော်တို့ကတော့ ဆန္ဒပြဖို့က အဆင်သင့်ပဲ။ ဒါပေမဲ့ ဥပဒေအရ တားထားတယ်ဆိုတော့ ကျနော်တို့က ဥပဒေကို ကျော်လွန်ပြီးတော့ မလုပ်ဘူးပေါ့လေ။ ဒီလမ်းလျောက်ပြီးမှ ဆန္ဒပြခွင့် မရတဲ့အတွက်ကြောင့်မို့လို့ ဘုန်းကြီးကျောင်းမှာပဲ စုခွင့်ရတဲ့အတွက် ဒီမှာ လူထုအစည်းအဝေး လုပ်တာပေါ့လေ။ ရှမ်းအားလုံးရဲ့ လူထုအစည်းအဝေး လုပ်လိုက်တာပေါ့လေ။ "

ဒီလူထုအစည်းအဝေးကနေ အချက် ၅ချက်ကို ဆုံးဖြတ် တောင်းဆိုခဲ့ကြကြောင်း ဦးစိုင်းစန်းဝေက ဆက်ပြောပါတယ်။

" ကေအိုင်အေကနေပြီးမှ ညှင်းပမ်းနှိပ်စက်တာ၊ လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်ပေးနိုင်ခြင်းမရှိခဲ့တဲ့အတွက် ဒီကချင်ပြည်နယ်အစိုးရအဖွဲ့အပေါ်မှာ ရှမ်းလူထုက အယုံအကြည်မရှိတဲ့အကြောင်းပေါ့လေ။ တခြားအချက် က ကေအိုင်အေ ကနေပြီးတော့မှ အဓမ္မ ဆက်ကြေးကောက်ခံ တာတွေ၊ တပ်သားစုဆောင်းတာတွေ၊ လုံးဝ ရပ်ဆိုင်းဖို့ နောက်တချက်က အရင့်အရင်တုန်းက ဖမ်းဆီးထားတဲ့ လူတွေကို အမြန်ဆုံးပြန်လွှတ်ပေး ဖို့ တောင်းဆိုတာပေါ့။ နောက်တချက်က လက်နက်ကိုင်ပြီးတော့မှ ဥပဒေမဲ့အနိုင်ကျင့်တဲ့ အဖွဲ့ကို မလိုလားဘူးပေါ့။ "

နောက်ဆုံးအချက်ကတော့ အပစ်အခတ်ရပ်စဲအမြန်ရပ်စဲပြီး ငြိမ်းချမ်းရေးကို ဆောင်ရွက်ဖို့ လူထုတရပ်လုံးက တိုက်တွန်းကြောင်းဖြစ်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ လူထုအစည်းအဝေးပွဲကိုတော့ လူထုပရိသတ် ၂သောင်းလောက်တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

KIO လုပ်ငန်းညှိနှိုင်းအဖွဲ့ Technical Team ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကတော့ ရှမ်းလူမျိုးတွေရဲ့ တောင်းဆိုချက်ကို ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

" ကျနော်တို့ကလည်း အောက်ခြေကို ပြန်စုံစမ်းရတာဗျ။ တခါတလေ ကျတော့လည်း အောက်ခြေရဲ့ သတင်းကလည်း အခြေပြတ်တယ်ခင်ဗျ။ ဆိုတော့ ပြန်စုံစမ်းကြည့်တော့ မှန်ကန်တယ်ဆိုရင် လွှတ်ပေးရိုး ထုံးစံရှိတာပဲ။ ကျနော်တို့ တိုင်းရင်းသားတွေကြားထဲမှာကျတော့ တခါတလေ စုစည်းတဲ့ အချိန်ကျတော့ အားလုံးကို လူမျိုးကြည့်ပြီး စုစည်းတာမဟုတ်ဘူးလေ။ တခါတည်း အားလုံးကို သိမ်းကြုံး စုစည်းခဲ့တာမျိုးလည်း ရှိခဲ့တာပဲ။ အားလုံးကို သိမ်းကြုံးခေါ်သွားတယ် ခေါ်သွားပြီးတော့မှ ရောက်တဲ့နေရာမှာ သူ့ရဲ့ ပြန်လည် စိစစ်ပြီးမှ ပြန်ခိုင်းတဲ့သူကို ပြန်ခိုင်းတယ်။ ဒါ အရင်ကတည်းက အခုအချိန်ထိ ဖြစ်နေတာပဲ။"

မန်စီမြို့နယ်အတွင်းက KIA ဖမ်းဆီးသွားသူတွေအနည်းဆုံး ၆၀ကျော်အနက်က ဒီလ ၁၈ရက်နေ့မှာ ရှမ်းလူမျိုး ၂၂ဦးကို ပြန်လည်လွှတ်ပေးကြောင်း သတင်းတွေဖြစ်ပေါ်နေပါတယ်။ ရှမ်းလူမျိုးအရေးကိုဆောင်ရွက်နေတဲ့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့နဲ့ ရှမ်းနီအမျိုးသားတိုးတက်ရေးပါတီကတော့ အတည်ပြုချက် မပေးသေးပါဘူး။

ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ရှမ်း လူထုစည်းဝေးပွဲကျင်းပပြီးချိန်မှာ ဗြိတိန်သံအမတ်ကြီးနဲ့ အဖွဲ့လည်း လာရောက်ပြီး ရှမ်းလူထုအခြေအနေတွေကို စုံစမ်းမေးမြန်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဗြိတိန်သံအမတ်ကြီးနဲ့ အဖွဲ့ဟာ KIO ရဲ့ လုပ်ငန်း ညှိနှိုင်းရေးအဖွဲ့ Technical Team က ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံခဲ့သလို ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗြိတိန်သံအမတ်ကြီးရဲ့ ၃ရက်ကြာ ကချင်ပြည်နယ်ခရီးစဉ်မှာတော့ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာဖို့ ရှိနေတာဖြစ်ပါတယ်။  -

ကိုမိုးဇော် (ဗွီအိုအေ)

ပညာရေး မူဝါဒသစ်တွေကို ဆရာများ သမဂ္ဂက လက်မခံနိုင်

 
ပညာရေးစံနစ် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေတဲ့ ကာလမှာ အာဏာပိုင်တွေဖက်က မူကြမ်း အဖြစ် ရေးဆွဲထားတဲ့ ပညာရေး မူဝါဒက အချက်တွေကို တက္ကသိုလ် အသီးသီးက ဆရာများ သမဂ္ဂက လက်မခံနိုင်ကြဘူးလို့ သိရပါတယ်။

အဆင့်မြင့်ပညာ ဦးစီးဌာန ထိန်းချုပ်မှုအောက်ကနေ ဗဟိုကောင်စီ ထိန်းချုပ်မှုအောက်ကို ပြောင်းလဲသွားမှာ ဖြစ်တဲ့အတွက် အမည်သာ ပြောင်းလဲသွားပြီး တက္ကသိုလ်တွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တကယ်တမ်း မရမှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဒဂုံတက္ကသိုလ် ဆရာများ သမဂ္ဂ အတွင်းရေးမှုး ဦးဇော်မျိုးလှိုင်ကို မေးမြန်းကြည့်တဲ့ အခါ အခုလ ၁ဂ ရက်နေ့တုန်းက အစည်းအဝေး ဆုံးဖြတ်ချက် မူကြမ်းကို သူတို့ကို ပြခဲ့ပြီး တက္ကသိုလ် ဗဟို ကောင်စီ မလိုဘူးလို့ ပြောခဲ့ကြောင်း သူက ရှင်းပြပါတယ်။

မူကြမ်းထဲမှာ ပါမောက္ခချုပ်တွေ ၇၅ ရာခိုင်နှုန်း ၊ တခြား အဖွဲ့က ပညာရှင်တွေ ၂ဝ ကျော်နဲ့ ဆရာ တယောက်စီ ၊ ကျောင်းသား တယောက်စီ ပါဝင် ဗဟိုကောင်စီကို ဖွဲ့စည်းဖို့ ပြင်ထားတယ်လို့ သူက ဆိုပါတယ်။

ဆရာသမဂ္ဂက Education Freedom ရဖို့ အတွက် Autonomy ပေးမယ်လို့ ဆိုထားပြီး ဗဟိုကောင်စီ ဖွဲ့မှာကို စိုးရိမ် နေတယ်လို့ သူက ပြောပါတယ်။

တက္ကသိုလ် တခုချင်းက သီးခြား လွတ်လပ်နေရမှာ ဖြစ်ပြီး တက္ကသိုလ် အပေါ်မှာ ဗဟိုကောင်စီ ရှိနေရမှာ မဟုတ်ဘဲ အခုတော့ မူကြမ်း ရေးနေချိန်မှာ အပေါ်က ပါချုပ်တွေနဲ့ ပေါင်းရေးပြီး သူတို့ကို လာပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှေ့ဆက်ပြီးလုပ်သွားမှာကတော့ ဒီဇင်ဘာ ၂၁ ရက်မှာ အီးစီ အဖွဲ့ဝင်တွေနဲ့ အစည်းအဝေး ထိုင်ပြီး အသင်းဝင် အများစုက လက်မခံရင် ဆရာများ သမဂ္ဂက ကန့်ကွက်စာ ပို့မှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Friday, December 20, 2013

မြန်မာအသင်းက မလေးရှားအသင်းကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

မြန်မာအသင်းက မလေးရှားအသင်းကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ ကြေးတံဆိပ်ကို ရရှိသွားပြီ ဖြစ်ပါသည်။
Photo

Photo: မြန်မာ ၅ - ၀ မလေးရှား

မြန်မာ တစ်ဂိုးထပ်ရရှိသွားပြန်ပါပြီ !!z

မြန်မာနိုင်ငံ မှ ရိုးရာလှေလှော် ပြိုင်ပွဲတွင် ရွှေတံဆိပ် ထပ်မံရယူနိုင်ခဲ့



ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်ရှိ ငလိုက်ဆည်မှာ ကျင်းပခဲ့တဲ့ ရိုးရာ လှေလှော် ပြိုင်ပွဲ မှာ အိမ်ရှင်မြန်မာနိုင်ငံ အနေနဲ့ ရွှေတံဆိပ် ၃ ခု ထပ်မံရယူ
နိုင်ခဲ့တယ်လို့ သိရပါတယ်။ အိမ်ရှင် မြန်မာနိုင်ငံ အနေနဲ့ အမျိုးသား ၁၀ တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာ အသင်းဟာ ထိုင်းအသင်းနဲ့ အဓိက ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲ အတွင်း ဖိအားပေးခြင်း ကိုလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့် အကောင်းဆုံး ယှဉ်ပြိုင်နိုင် ခဲ့တာကြောင့် ပြိုင်ပွဲ ပြီးဆုံးချိန်မှာ ရွှေတံဆိပ်ဆုကို ထိုက်တန်စွာ ဆွတ်ခူး နိုင်ခဲ့တာ ဖြစ်ပါတယ်။
 
မြန်မာအမျိုးသား အသင်း အနေနဲ့ ပန်းဝင်ချိန်မှာ ၂ မိနစ် ၁၁.၈၁၃ စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အသင်းကို ဖိအားပေးခဲ့တဲ့ ထိုင်းအသင်း ကတော့ ပန်းဝင်ချိန်မှာ ၂ မိနစ်၊ ၁၂.၉၉၃ စက္ကန့်နဲ့သာ ပန်းဝင်နိုင် ခဲ့တာကြောင့် ငွေတံဆိပ် ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ တတိယဆု ကိုတော့ အင်ဒိုနီးရှား နိုင်ငံက ရရှိခဲ့ပါတယ်။ နောက်ထပ် ပြိုင်ပွဲတစ်ခု ဖြစ်တဲ့ အမျိုးသမီး ၂၀ တက်လှေလှော် ပြိုင်ပွဲ မီတာ ၅၀၀ မှာလည်း အိမ်ရှင်မြန်မာ အမျိုးသမီး အသင်းက ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ မြန်မာ အမျိုးသမီးအသင်း အနေနဲ့ ဒီပြိုင်ပွဲမှာ အင်ဒိုနီးရှား အသင်းနဲ့ အဓိက ယှဉ်ပြိုင်ခဲ့ ရပါတယ်။ ပန်းဝင်ချိန်မှာ မြန်မာအမျိုးသမီး အသင်းဟာ ၁ မိနစ် ၅၉.၆၃၅ စက္ကန့်နဲ့ ပန်းဝင် နိုင်ခဲ့ပါတယ်။
 
နောက်ထပ် အမျိုးသမီးပြိုင်ပွဲ တစ်ခုဖြစ်တဲ့ ၁၀ တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲ မှာလည်း မြန်မာအမျိုးသမီး အသင်း အနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပြီး ရွှေတံဆိပ် ဆုကို ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲ မှာလည်း မြန်မာ အမျိုးသမီး အသင်းဟာ ထိုင်းအသင်းနဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရပြီး ပန်းဝင်ချိန်မှာ ၂ မိနစ်၊ ၂၃.၃၆၉ စက္ကန့်နဲ့သာ ပန်းဝင် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ ကလည်း ရိုးရာ လှေလှော်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၆ ဆုအထိ ရရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ လက်ရှိ အချိန်မှာ ရိုးရာ လှေလှော် ပြိုင်ပွဲမှ ရွှေတံဆိပ်ဆု ၉ ဆုအထိ ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။
  MRTV4

ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ၃ ဆုရရှိခဲ့သည့် အိမ်ရှင်မြန်မာနိုင်ငံ

 
ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော် ဇေယျာသီရိ အားကစားရုံမှာ ကျင်းပခဲ့တဲ့ ဗိုဗီနမ် အားကစား ပြိုင်ပွဲမှာ အိမ်ရှင်မြန်မာနိုင်ငံ ရွှေတံဆိပ် ၃ ဆု
ရရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အမျိုးသမီး ၆၀ ကီလိုတန်း အတိုက် အပြပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ပပ၀င်းနဲ့ ခြူးသင်ဇာစိုး တို့က ရမှတ် ၁၇၀ နဲ့ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီး တစ်ဦးချင်း ဓါးအလှ ပြိုင်ပွဲမှလည်း နှင်းသီတာက ရမှတ် ၂၆၉ မှတ်နဲ့ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲ တွေမှာ အိမ်ရှင်မြန်မာနိုင်ငံမှ ကစားသမားတွေ အနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင် ခဲ့တာကြောင့် ယခုလို ရွှေတံဆိပ် ရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ အမျိုးသား အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံမှ ခိုင်ဇာဝင်း၊ ဆုလဲ့ဖြိုး တို့က ရွှေတံဆိပ်ဆု ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ ဗိုဗီနမ် ပြိုင်ပွဲမှာ အိမ်ရှင် မြန်မာနိုင်ငံမှ အားကစားသမားတွေ အနေနဲ့ ရွှေတံဆိပ် ရယူနိုင်ဖို့ ပစ်မှတ်ထား မျှော်လင့်ခဲ့တဲ့ အတိုင်း ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုဗီနမ် ပြိုင်ပွဲမှ ကစားသမားတွေ အနေနဲ့ အိမ်ရှင်မြန်မာနိုင်ငံ အနေနဲ့ ရွှေတံဆိပ် ၃ ဆုအထိ ရရှိအောင် စွမ်းဆောင် နိုင်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4

ကျပ် ၁၀ သိန်းပမာဏအထိ မိုဘိုင်းဖုန်းအချင်းချင်းငွေ လွှဲပြောင်းပေးပို့နိုင်သည့် မိုဘိုင်းဘဏ်စနစ် စတင်အသုံးပြုနိုင်ပြီ

 
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။
ကျပ် ၁၀ သိန်းပမာဏအထိ မိုဘိုင်းဖုန်း အချင်းချင်း ငွေအပြန်အလှန် လွှဲပြောင်းပေးပို့နိုင်သည့် မို ဘိုင်းဘဏ်စနစ် (Myanmar Mobile money)စတင်အသုံး ပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယင်းမိုဘိုင်း ဘဏ်စနစ်မှာ ဘဏ်ဖြင့်ချိတ်ဆက်ရန်မလို အပ်ဘဲ ဖုန်းမက်ဆေ့ခ်ျပေးပို့ရုံ ဖြင့် တိုင်းနှင့်ပြည်နယ်ဒေသ အသီးသီးသို့ ငွေပေးပို့နိုင်သည့် ဝန်ဆောင်မှုဖြစ်ပြီး ငွေသား ထုတ်ယူရာတွင်လည်း ဘဏ် တွင်ဖြစ်စေ၊ သတ်မှတ်ပေးထား သည့် ကိုယ်စား လှယ် (Agent) များတွင်ဖြစ်စေ ငွေထုတ်ယူ နိုင်ကြောင်း သိရသည်။

''ဖုန်းနဲ့ ငွေလွှဲနိုင်ရုံမကဘဲ ငွေသားကိုင်ဆောင်အသုံး မပြုချင်တဲ့သူတွေအတွက်လဲ ဖုန်းမှာ ပိုက်ဆံဖြည့်ထားရုံနဲ့ ဈေးဝယ်နိုင်တယ်။ ပိုက်ဆံပေး ချေနိုင်တယ်။ ဥပမာ-တခြား သူ ဖုန်းကို ငွေဖြည့်ကတ်ကအစ ဖြည့်ပေးနိုင်တယ်။ ဒီစနစ် အ သုံးပြုချင် တဲ့ သူတွေအတွက် ဖုန်းနံပါတ်၊ မှတ်ပုံတင်တို့နဲ့ ကိုယ်စားလှယ်တွေဆီမှာ စာ ရင်းဖွင့်လို့ရပါတယ်''ဟု Myanmar Mobile Money မှ စီ အီးအို ဦးကျော်ထူးလင်းက ပြောသည်။

ယင်းကဲ့သို့ ကိုယ်စားလှယ် များကို မြို့ကြီးများတွင်သာမက နေရာအနှံ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စား လှယ် ၁၀၀၀ ခန့်ထားရှိပေးသွား မည်ဖြစ်ကာ မြို့နယ်တစ်မြို့နယ် တွင် ကိုယ်စားလှယ်သုံးဦးခန့် ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ''ငွေထုတ်တဲ့အခါ ဘဏ် မှာဖြစ်ဖြစ် နီးစပ်ရာကိုယ်စား လှယ်မှာဖြစ်ဖြစ် ထုတ်ယူလို့ရ တယ်။ အဲဒီအတွက် ဝန်ဆောင် ခကိုလဲ နည်းအောင်သတ်မှတ် ပေးထားတယ်။ ငွေကြေးနဲ့ပတ် သက်တဲ့ ကိစ္စရပ်တွေဖြစ်လို့ ဗဟို ဘဏ် ရဲ့ လမ်းညွှန်မှုတွေနဲ့ ဆောင်ရွက်ထားပါတယ်''ဟု ယင်းက ထပ်မံပြောသည်။

အဆိုပါစနစ် အသုံးပြု နိုင်ရန် ကိုယ်စားလှယ်များထံ တွင် ငွေကြေးဖြည့်သွင်းလိုပါ က အနည်းဆုံးကျပ် ၂ဝဝဝမှ စ၍ မိမိစိတ်ကြိုက်ပမာဏဖြည့် သွင်းထားနိုင်ကြောင်း သိရသည်။ Myanmar Mobile Money စနစ်အား အသုံးပြုလိုပါက မှတ်ပုံတင် ကြေးကျပ် ၅၀၀၊ လစဉ်ကြေး ကျပ် ၂၀၀၀ သတ် မှတ်ထားကြောင်း၊ သုံးစွဲနေစဉ် အတွင်း အခက်အခဲရှိပါက ဖုန်း နံပါတ်၁၂၁၂သို့ ဆက်သွယ်စုံ စမ်းနိုင်ကြောင်း သိရသည်။

ဖူးပွင့်သော်
Yangon Media Group

ခင်ပွန်းဖြစ်သူက အလိုမတူဘဲ သားမယားပြုကျင့်ဟု လက်ထပ်ပြီးခါစ ဇနီးသည်က ရဲစခန်းတွင် အမှုဖွင့်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။ ။
လက်ထပ် ပြီးခါစဇနီးသည်က ယောက်ျားဖြစ်သူအား အလို မတူဘဲ သားမယားအဖြစ်ပြု ကျင့်သည်ဟုဆိုကာ ကမာရွတ် မြို့နယ်တွင် တိုင်တန်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းအရ သိရ သည်။

အမျိုးသမီးမှာ ခင်ပွန်း ဖြစ်သူနှင့် ဒီဇင်ဘာ ၅ရက်တွင် လက်ထပ်ခဲ့သူဖြစ်ပြီး ဇနီးဖြစ် သူ၏မိဘများ သဘောမတူ သည်ကို မကျေမနပ်ဖြစ်ကာ ခင်ပွန်းဖြစ်သူမှ အရက်ပုလင်း နှင့် ရိုက်နှက်ခြင်း၊ အခန်းတံခါး သော့ ပိတ်ထားပြီး အပြင် သို့ အော် ဟစ် အကူအညီ တောင်းခံပါက မီးဖိုချောင်မှ ဓားဖြင့်ထိုးသတ် မည်ဟု ခြိမ်းခြောက်ခြင်းများပြု ကာ ဒီဇင်ဘာ ၈ရက်မှ ၁၄ရက် အထိ အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့သည့်အတွက် ဒီဇင် ဘာ ၁၈ရက်တွင် ကမာရွတ်ရဲ စခန်း၌ တိုင်ချက် ဖွင့်ခဲ့ ကြောင်း သိရသည်။

တိုင်ချက်ဖွင့်ခဲ့သူ အသက် ၂ရနှစ်အရွယ် အမျိုးသမီးမှာ ဒီဇင်ဘာ ၃ရက်က ရည်းစား ဖြစ်သူနှင့်ချိန်းဆိုစဉ် ရည်းစား ဖြစ်သူမှ ခိုးရာလိုက်ရန်ပြော ကြောင်း၊ ကားအားရပ်တန့်ရန် ပြောဆို၍မရခဲ့သဖြင့် ချောင်း သာသို့ ခိုးရာလိုက်ပြေးခဲ့ ကြောင်း၊ ယင်းနောက် ရန်ကုန် သို့ထွက်ခွာခဲ့ပြီး ဗိုလ်တထောင် တရားရုံး၌ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ခင်ပွန်းဖြစ် သူမိခင်၏စီစဉ်ပေးမှုဖြင့် ကမာ ရွတ် (၄)ရပ်ကွက် သင်္ဘောကျင်း တွင် တိုက်ခန်းငှားရမ်းနေထိုင် ခဲ့ပြီး မိခင်ဖြစ်သူ ပြန်သွားပြီး နောက် ခင်ပွန်းဖြစ်သူ၏ခြိမ်း ခြောက်ရိုက်နှက်မှုများခံရပြီး ဒီဇင်ဘာ ၁၅ရက်တွင် ခင်ပွန်း ဖြစ်သူ အိပ်ပျော်နေစဉ် ထွက်ပြေး ၍ ဒေါပုံမြို့နယ်ရှိ အဒေါ်ဖြစ်သူ နေအိမ်သို့ ထွက်ပြေးခဲ့သည်။

တိုင်တန်းသူ အမျိုးသမီး မှာ အသက် ၂ရနှစ်အရွယ်ရှိပြီး အသုတ်မြို့ ဗိုလ်မင်းရောင်ရပ် ကွက်တွင်နေထိုင်သူဖြစ်ပြီး ခင် ပွန်းဖြစ်သူမှာ အသက်၂၃နှစ် ရှိကြောင်း သိရသည်။ ယင်းတိုင်တန်းမှုနှင့်ပတ် သက်ပြီး ကမာရွတ်မြို့နယ်ရဲစ ခန်းမှ (ပ)၅၃၅/၁၃၊ ပြစ်မှုပုဒ်မ ၃၇၆/၃၄၃/၃၂၃/၅၀၆ ဖြင့် ဒီဇင်ဘာ ၁၈ရက်တွင် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

သော်ဇင်ထက်

Yangon Media Group

အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများတွင် နောက်ကွယ်မှ ကြိုးကိုင်သူဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုးမှာ KNU တပ်မဟာ (၅) တွင် ရှိနေ

အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများအတွင်း နောက်ကွယ်မှ ကြိုးကိုင်သူဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုး ဆိုသူမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ တွင် ရှိနေကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ တည်းခိုခန်း တစ်ခုတွင် ဗုံးပေါက်ကွဲမှုမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်စသည့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှု များ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းမိခဲ့သူများနှင့် သံသယ ရှိသူများမှာ KNU အဖွဲ့ အစည်းနှင့် ပတ်သက်နေသည်ဟု အစိုးရဘက်က ထုတ်ပြန်မှုများ ရှိခဲ့သည်။
ယင်းအပေါ်တွင် KNU ဘက်ကလည်း ပြန်လည် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကာ ၎င်းတို့နှင့် ပတ်သက်မှုရှိပါက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
KNU အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်တွင် KNU ကာကွယ်ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး စောရော်ဂျာခင် ဦးဆောင်သော စုံစမ်းရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းထားကြောင်းနှင့် အစိုးရမှ ဖမ်းဆီးရမိ ထားသူများကို စစ်ဆေးပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် စောနေတိုးကို လာရောက် အစစ်ဆေးခံရန် ကြေးနန်းရိုက် ခေါ်ထားကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
''လက်ရှိ နောက်ဆုံး အနေအထားကတော့ ကော်မရှင်ကို လာရောက် အစစ်ဆေးခံဖို့ စောနေတိုးကို ကော်မရှင်က ကြေးနန်းရိုက်ပြီး ခေါ်ထားတဲ့အဆင့်ပဲ ရှိသေးတယ်။ အဲဒီအဆင့်မှာ ကျွန်တော် ခရီးထွက်လာတာပါ။ သူက တပ်မဟာ ၅ မှာရှိတယ်။ အဖွဲ့အစည်းရဲ့ ထုံးစံအရတော့ ဒီလိုပြဿနာ ရှိထားတဲ့သူကိုတော့ တာဝန်က ယာယီရပ်ဆိုင်းထားတယ်'' ဟု ၎င်းက ပြောကြားသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံ အနှံ့အပြား ဗုံးဖောက်ခွဲမှုများ၏ နောက်ကွယ်တွင် ကြိုးကိုင်မှုများ ရှိနေကြောင်းနှင့် ၎င်းတို့မှာ ရွှေတိဂုံ ဘုရားတွင်ပါ ဗုံးဖောက်ခွဲရန် ရည်ရွယ်ထားကြောင်း၊ နောက်ကွယ်မှ ခိုင်းစေသည်ဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုးမှာ KNU ဗဟို၏ စီးပွားရေး တာဝန်ခံ မဟုတ်ဘဲ မြို့နယ်အဆင့် တာဝန်ခံ တစ်ဦးသာ ဖြစ်ကြောင်း၊ စီးပွားရေးသမား ဖြစ်သည့်အတွက် ငွေကြေးကြောင့် နိုင်ငံရေး သမားများ၏ အသုံးချမှုကို ခံရသူသာ ဖြစ်ကြောင်း၊ KNU နှင့် တစ်စုံတစ်ခု ပတ်သက်နေသည့်အတွက် တာဝန်ယူ၊ တာဝန်ခံသွားမည် ဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲမှုများမှာ KNU ၏ သဘောထား မဟုတ်ဘဲ ပုဂ္ဂလိက ခံစားချက် များကြောင့် သာဖြစ်ပြီး နိုင်ငံရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အောက်တိုဘာ လအတွင်း ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် KNU ဘက်က ပြောကြားထားသည်။
Eleven Media Group

တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များအား ပေးခဲ့ကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင် ပြောကြား

 5
မြန်မာ-ထိုင်း နယ်စပ်မှ Lamborghini ကားတစ်စီးအား တင်သွင်းလာစဉ်
တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များကို ပေးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရရှိခဲ့သော ငြိမ်းချမ်းရေး ကားပါမစ်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ဒီဇင်ဘာ ၁၉ ရက်က Myanmar Peace Center ၏ နေရာထိုင်ခင်း စီစဉ်ပေးမှုဖြင့် Business Alliance ဟိုတယ်၌ ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
''အဲဒီကားပါမစ်က ကျွန်တော်ပဲ ယူလာတာ။ ကျွန်တော်တို့ ဟိုးမနှစ်ကတုန်းက ပြည်ထောင်စုနေ့ ဧည့်ခံပွဲ ၁၃ ရက်နေ့ကျတော့ သမ္မတကြီးက ဧည့်ခံတယ်။ သမ္မတကြီးက သူ့လယ်တောအိမ်မှာ ဧည့်ခံပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို စာအိတ် တစ်အိတ်စီ ပေးတယ်။ ကျွန်တော်ကလည်း ဘာမှန်းမသိဘူး။ ဖောက်လည်း မကြည့်မိဘူး။ ကိုယ်နဲ့မဆိုင်တော့ ကျွန်တော်က ယူလာပြီး ကျွန်တော်တို့ ဥက္ကဋ္ဌကို ပေးလိုက်တာ။ နောက်တော့မှ အဲဒါက ကားပါမစ် ဖြစ်နေတယ်'' ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
ထိုသို့ ပေးအပ်ခဲ့သည့် ပါမစ်အရေအတွက်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဦးဆောင် လုပ်ကိုင်နေသည့် သမ္မတရုံး ၀န်ကြီးဌာန-၄ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် MPC မှ တာဝန်ရှိသူများက တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပဒိုမန်းငြိမ်းမောင်ကမူ ၎င်းတို့အဖွဲ့ ရရှိခဲ့သော အရေအတွက်အပြင် အခြားအဖွဲ့များ ရရှိသည့် အရေအတွက်စာရင်း အတိအကျကို စာရွက်ကိုင်လျက် ထုတ်ဖော် ပြောကြားခဲ့သည်။
အစိုးရ အနေဖြင့် လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့သို့ ကားပါမစ်များ ပေးအပ်ထားပြီး စုစုပေါင်း အနေဖြင့် အခွန်လုံးဝ ကင်းလွတ်သည့် အစီးရေ ၂၉၀ နှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင်ရသည့် အစီးရေမှာ ၅၈၀ အထိ ရှိကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။
၎င်းတို့အဖွဲ့ အနေဖြင့်မူ လုံးဝ အခွန်ကင်းလွတ်ခွင့် အစီး ၄၀ ရပြီး ရာခိုင်နှုန်း ၆၀ အခွန်ဆောင် အစီး ၈၀ ရကြောင်း၊ လုံးဝအခွန်ကင်းလွတ် အစီး ၄၀ ကို ခရိုင် တစ်ခုစီနှင့် တပ်မဟာ တစ်ခုစီကို ကားနှစ်စီးနှုန်းဖြင့် ဝေပေးပြီး ကျန်သည့် ကားများကို ဗဟိုကယူကြောင်း၊ ကျန်သည့် အခွန်ဆောင်ရသည့် ကားများမှာမူ ရောင်းထုတ်လိုက်သည့် သဘောရှိကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
လက်ရှိအချိန်အထိ ကားပါမစ် လက်ခံထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ရှိပြီး ထိုအဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ '၀' သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ကြောင်း သိရသည်။
နောက်ထပ် အစိုးရက ကားပါမစ် ချပေးရန် ရည်မှန်းထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(KIO)သို့ အခွန်လုံးဝကင်းလွတ် အစီး ၄၀ နှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင်အစီး ၈၀၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် လားဟူ ဒီမိုကရက်တစ်သမဂ္ဂ (LDU)သို့ လုံးဝအခွန်ကင်းလွတ် ၁၅ စီးစီနှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင် အစီး ၃၀ စီဖြစ်ပြီး အဆိုပါ အဖွဲ့များမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်မှု မရှိသေးသည့်အတွက် ရယူခြင်း မရှိသေးကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
8.1.1
ပြည်တွင်း သတင်းထောက်များကို ပဒိုမန်းငြိမ်းမောင် ရှင်းလင်းနေစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
The Daily Eleven မှ ရရှိခဲ့သော အချက်အလက်များအရ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန) တွင် ငြိမ်းချမ်းရေး ကားပါမစ်များအတွက် အစီး ရေ ၃၀၀၀ ချန်ထားကြောင်း သိရသည်။ သို့ရာတွင် ထိုအစီးရေ ၃၀၀၀ အနက် မည်မျှကို ပါမစ်ထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် မည်သည့်ကား အမျိုးအစားများ တင်သွင်းနေသည် ဆိုခြင်းကို အစိုးရ တာဝန်ရှိသူ မည်သူတစ်ဦး တစ်ယောက်ကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
အခြားတစ်ဖက်တွင်မူ သမ္မတကိုယ်တိုင် ထုတ်ပေးထားသော ငြိမ်းချမ်းရေး ကားပါမစ်များကို ပြန်ဝယ်ပြီး Rolls-Royce၊ Bentley အစရှိသော မြို့ပေါ်သုံး အဆင့်မြင့် ဇိမ်ခံကားများ၊ တန်ဖိုးမြင့် ပြိုင်ကားများကို တင်သွင်းနေသဖြင့် ကားပါမစ်ရရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ထိုက်သင့်သည့်တန်ဖိုး မရရှိဘဲ ဖြစ်နေသည့်အပြင် နိုင်ငံတော် အနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာ နစ်နာပြီး ကြားပွဲစား အဆင့်ဆင့်နှင့် ပါမစ်ဝယ်ယူ တင်သွင်းသူ အချို့သာ ကောင်းစားသွားခြင်းများ ရှိနေကြောင်း သိရသည်။
ထို့အပြင် ငြိမ်းချမ်းရေး ကားပါမစ် အစီအစဉ်အရ တင်သွင်းလာသည့် လက်ရှိအစီးရေ ၁၀၀၀ အတွက်ပင် အနည်းဆုံး အခွန်ငွေမှာ ကျပ်ဘီလျံ ၂၀၀ အထိ နစ်နာလျက် ရှိနေကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင် တန်ကြေးရှိသော Rolls- Royce ကဲ့သို့ ကားတစ်စီးအား အခွန်ပေးဆောင်၍ တင်သွင်းမည် ဆိုပါက အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အထိ ကျသင့်မည်ဖြစ်ပြီး အခွန်ဆောင်ပြီး ကားတစ်စီး တန်ဖိုးသည် ကျပ်သိန်းပေါင်း ၁၃၀၀၀ ၀န်းကျင်အထိပင် ကျသင့်မည် ဖြစ်ကြောင်း၊ အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ပါမစ် ဆိုပါက ၀ယ်ယူတင်သွင်းသူသည် အခွန်ငွေ ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အား လုံးဝပေးဆောင်ရန် မလိုသည့်အတွက် ပြည်သူ့ဘဏ္ဍာများစွာ နစ်နာနေခြင်း ဖြစ်သည်။
ပါမစ်တန်ဖိုးမှာ တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အမှန်တကယ် ရရှိသည့် တန်ဖိုးမှာ ပါမစ်တစ်စောင်အတွက် အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ်သိန်း ၁၅၀၀ သာ ရရှိမည်ဖြစ်သည်။
ငြိမ်းချမ်းရေး ပါမစ်များဖြင့် လက်ရှိ တင်သွင်းထားသည့် အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင်အထိ တန်ကြေးရှိသော Rolls- Royce အမျိုးအစား ကားများမှာ ယခုအခါ မြန်မာနိုင်ငံအတွင်း အစီးရေ ၃၀ ၀န်းကျင် အထိပင် ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ သုံးသိန်းအထိ တန်ကြေးရှိသော Bentley အမျိုးအစား ကားများသည် အစီး ၂၀ နီးပါးအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
အဓိကအားဖြင့် ငြိမ်းချမ်းရေး ကားပါမစ်များဖြင့် တင်သွင်းနေသော ဇိမ်ခံကားများကို မြ၀တီနယ်စပ်နှင့် တာချီလိတ်တို့မှ တင်သွင်းလျက် ရှိကြောင်းနှင့် ကညနသို့ ဆက်သွယ်မေးမြန်းချက်အရ ငြိမ်းချမ်းရေးပါမစ်ဖြင့် တင်သွင်းသည့် ကားများထဲတွင် Rolls-Royce, Bentley, Lamborghini, Lexus, BMW ကဲ့သို့ကားများ အများဆုံး နံပါတ် ထုတ်ယူကြောင်း သိရသည်။
အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကားပါမစ်များ ထုတ်ပေးနေသည့် အစီအစဉ်ကို မကြိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သော RFA သတင်းဌာနနှင့် အင်တာဗျူး အစီအစဉ်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။
''အစ်မကတော့ မကြိုက်ဘူး။ ဘယ်လို အဓိပ္ပါယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲ အစ်မနားမလည်ဘူး။ ကားပါမစ်က ကားပါမစ်သက်သက် ကိစ္စပေါ့နော်။ သူ့ဘာသူ သူ့လမ်းနဲ့သူ သွားရမှာ။ အပစ်အခတ် ရပ်စဲရေးတွေကတစ်ဆင့် တိုင်းရင်းသားတွေကို ကူညီချင်တယ်ဆိုရင် တခြားဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ အများကြီး ကူညီလို့ ရတာပဲ။ ဒီကားပါမစ်ကိစ္စက အများကြီး ရှုပ်ရှုပ်ထွေးထွေးလည်း ရှိတတ်တယ်လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
နေထွန်းနိုင်၊ ဇင်ဘိုလွင် (Eleven Media Group)

မြောက်ပိုင်း ကျောင်းသားများ သေဆုံးမှုအတွက် အစီရင်ခံစာကို မကြာမီ ထုတ်ပြန်မည်

ဓာတ်ပုံ-http://brasilhnetyoe.blogspot.com/2013/01/absdf_9685.html

ABSDF မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား အချင်းချင်း သတ်ဖြတ်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာ ထုတ်ပြန်ရန်အတွက် ပထမအဆင့်ဖြစ်သည့် ပါဝင်ပတ်သက် သူများနှင့် တွေ့ဆုံမေးမြန်းခြင်းက ပြီးဆုံးသလောက် ဖြစ်နေပြီး ဒုတိယ အဆင့်ဖြစ်သည့် အချက်အလက် သုံးသပ်ရေးကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရကာ ထိုအဆင့်ပြီးပါက အစီရင်ခံစာကို စတင်ရေးသားတော့မည် ဖြစ်ကြောင်း ABSDF ဗဟိုမှ ဖွဲ့စည်းပေးထားသည့် အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး ကော်မတီမှ တာဝန်ရှိသူ ဦးကျော်ကျော်လင်းက ပြောကြားသည်။

ဦးကျောင်ကျော်လင်းက ''အခုထုတ်ပြန်မယ့် အစီရင်ခံစာမှာ အဓိက လူ့အခွင့်အရေး ရှုထောင့်ကနေ ရေးမယ့် အစီရင်ခံစာပါ။ ညှဉ်းပန်းနှိပ်စက်မှု တကယ်ရှိခဲ့လား၊ ဥပဒေချိုးဖောက်မှု ရှိခဲ့လား ဆိုတာကို အဓိက ချဉ်းကပ်တာပါ။ ထောင်လှမ်းရေး ဟုတ်မဟုတ် ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ အဲဒီလို ဆုံးဖြတ်မယ် ဆိုရင်လည်း ဒီထက်မကတဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ရမှာပါ'' ဟု ပြောကြားသည်။

၎င်းအစီရင်ခံစာကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်မည်ဖြစ်ပြီး အစီရင်ခံစာ ထုတ်ပြန်နိုင်ရန်အတွက် အချိန်အများဆုံး ပေးရသည့် ပထမပိုင်းအား ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ပိုမိုမြန်ဆန်ရန်သာ ရှိသည်ဟုလည်း ပြောကြားသည်။ အစီရင်ခံစာအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေမည်ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲလည်း ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ပါဂျောင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများတွင် ကိုယ်တိုင် ပါဝင်ပတ်သက် နေခဲ့သည့် ဦးကျော်နိုင်ဦးကတော့ ထိုအစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး မည်သို့မှ မျှော်လင့်ချက် မရှိကြောင်း ပြောကြားလိုက်ပြီး ကော်မတီ၏ လုပ်ဆောင်ချက်များမှာ အားရဖွယ် မရှိကြောင်းလည်း ထုတ်ဖော် ပြောကြားသည်။

ဦးကျော်နိုင်ဦးက ''ကော်မတီက လုပ်တဲ့ပုံစံက သိပ်ကလေးဆန်လွန်း အားကြီးတယ်။ ကျွန်တော်တို့ လိုချင်တာက ကျွန်တော်တို့ကို လာမေးလိုက်၊ ဟိုဘက်ကလူတွေကို သွားမေးလိုက် လုပ်စေချင်တာ မဟုတ်ဘူး။ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ လူတွေအားလုံး ဒီမြန်မာပြည်ထဲမှာ ရှိနေပါလျက်နဲ့ ဘာလို့မျက်နှာချင်းဆိုင် တွေ့မပေး တာလဲလို့ သိချင်ပါတယ်'' ဟု The Daily Eleven ၏ မေးမြန်းချက်ကို တုံ့ပြန်ခဲ့သည်။ ထို့နောက် ဆက်လက်ပြီး ယခုအဖြစ်အပျက် အကြောင်းကို အားလုံးက သိရှိပြီး ဖြစ်ပါလျက် အစီရင်ခံစာတွင် မည်သူက မည်ကဲ့သို့ ပြောပါသည်၊

မည်သည်ကို တွေ့ရှိပါသည်ဟု ရေးသားဖော်ပြချက်မှာ ထူးခြားမှု မရှိနိုင်ကြောင်း ပြောကြားသည်။
ကော်မရှင်၏ လုပ်ကိုင်သည့်ပုံစံမှာ ပြဿနာ ပြင်းထန်နေသည့် အချိန်တွင် ငြိမ်သက်သွားစေရန် အာရုံလွှဲမှု တစ်ခုသာဖြစ်နေပြီး ယခုကိစ္စကြောင့် သေဆုံးသူများ၏ မိသားစုများ ထိခိုက်နစ်နာမှုကို ABSDF အနေဖြင့် အသိအမှတ်ပြုပုံမျိုး မဟုတ်ကြောင်းကို ဦးကျော်နိုင်ဦးက ''တကယ်ကို ဒီကိစ္စမှာ အမှန်တရား ပေါ်စေချင်တယ်ဆိုရင် လုပ်ရမယ့် ပုံစံက ဒီပုံစံမဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် အပြောခံရမှာမို့လို့ ပူးပေါင်းဆောင်ရွက် ပေးတာပါ။ ဒီအစီရင်ခံစာကို ကျွန်တော်တို့ မျှော်လင့်မထားဘူး။ ဒီအစီရင်ခံစာကနေပြီး ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတွေကို နှိမ့်သိမ့်မပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ Report တောင်မှ ထွက်တော့မယ် အခုအချိန်အထိ ABSDF ရဲ့ ရပ်တည်ချက် အနေနဲ့ ၀မ်းနည်းပါတယ် ဆိုတာကို စိတ်ပါလက်ပါ မလုပ်သေးဘူး။

 သေဆုံးသွားတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီးကို ကျဆုံးသွားတဲ့ ကျောင်းသား တပ်မတော်က ရဲဘော်တွေလို့ မသတ်မှတ်သေးဘူး။ ကျွန်တော်တို့က အဲဒါကို ၀မ်းအနည်းဆုံးပဲ။ ကိုသံခဲကို ကျွန်တော်မေးခဲ့တယ်။ ကျွန်တော်တို့ကို အေဘီရဲဘော်တွေ အနေနဲ့ မသတ်မှတ်ရင် နေပါ။ ကိုထွန်းအောင်ကျော်တို့၊ ကိုချိုကြီးတို့ကို အေဘီရဲဘော်တွေအဖြစ် သတ်မှတ်ဖို့ ပြောတော့ ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြပါ့မယ်လို့ ပြောသွားပြီး၊ အဲဒီ ဗဟိုကော်မတီ အစည်းအဝေးက ခြောက်ကြိမ်လောက် လုပ်ပြီးသွားပြီ အခုထိဘာမှ အဖြေပြန်မလာဘူး'' ဟု ပြောကြားသည်။ ထို့နောက် လက်ရှိ အေဘီမှ တာဝန်ရှိသူများ အနေနှင့် ပြတ်သားသော ဆုံးဖြတ်ချက်ပေးနိုင်ခြင်း မရှိသည့် အပေါ်တွင် မျှမျှတတ ရပ်တည်နေသည်ဟု မယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့အပြင် သာယာဝတီ ထောင်တွင်းရှိနေသည့် သံချောင်းအပေါ်၌ ထားရှိသည့် သဘောထားအဖြစ် ၎င်းအနေနှင့် သံချောင်း တစ်ဦးကိုသာ တရားခံအဖြစ် သတ်မှတ်နေခြင်း မဟုတ်ဘဲ၊ သံချောင်းမှာ စေခိုင်းခံရသူ တစ်ဦးသာ ဖြစ်သည်ဟု ၎င်းအနေနှင့် နားလည်လက်ခံကြောင်း အပြင်တွင် ကျန်ရှိနေသေးသည့် သူများလည်း ရှိနေသေးကြောင်း၊ MPC တွင် လာရောက် သင်တန်းတက်နေသည့် ကျော်ကျော်၊ အပြင်တွင် လွတ်မြောက် နေသည့် စိန်အေး၊ ထောက်လှမ်းရေးမှ သန်းဇော်နှင့် ဇော်ဇော်၊ အောင်စိုးမြင့်တို့လည်း ရှိနေပြီး သံချောင်းတစ်ဦး တည်းအား ပြယုဂ်ဖြစ် အသုံးပြုကာ လမ်းကြောင်း လွှဲနေခြင်း ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ ကိုကျော်နိုင်ဦးက သူ့အနေနှင့် သံချောင်းကိုလည်း လွတ်စေချင်သလို အခြားလက်ရှိ နေသူများနှင့် ခံစားခဲ့ရ သူများအား ထိပ်တိုက်တွေ့ဆုံ ပေးစေလိုသည်ဟုလည်း တောင်းဆိုလိုက်သည်။
၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်အတွင်း ရှိပါဂျောင် ဒေသတွင် ထောက်လှမ်းရေးဟု စွပ်စွဲကာ အချင်းချင်းသတ်ဖြတ် ညှဉ်းဆဲမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၃၅ ဦးခန့် သေဆုံးခဲ့ရသည်။ ပြည်သူများအကြား မြောက်ပိုင်းကိစ္စ ပျံ့နှံ့လာချိန်တွင် ABSDF မှ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၈ ရက်က ဖွဲ့စည်းခဲ့သော်လည်း နှစ်နှစ်ကြာချိန်အထိ အစီရင်ခံစာ ထုတ်ပြန်နိုင်ခြင်း မရှိပေ။
Eleven Media Group

အကယ်ဒမီကို သူတို့ ဘာတွေ ပြောကြမလဲ (၁)

  ဒေါ်ခင်လေးသိမ့်, အကယ်ဒမီ, ရုပ်ရှင်အစည်းအရုံး
 ဆုရွေးချယ်ရေးအဖွဲ့ဝင် အကယ်ဒမီဒေါ်ခင်လေးသိမ့် (ဓာတ်ပုံ – အေးဇော်မိုး / Facebook) နှင့် မြန်မာ့ ရုပ်ရှင် အစည်းအရုံး ဒု ဥက္ကဋ္ဌ ၁ ဒါရိုက်တာ ညီညီထွန်းလွင် (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)

အခုကျင်းပနေတဲ့ SEA Games ပွဲကြီးအပြီး ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရုပ်ရှင်ဝါသနာရှင် ပရိသတ်များ စိတ်ဝင်စား မျှော်လင့် နေကြတဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကြီးကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ မနှစ်က ဆုရွေးချယ်ရေး စနစ်နဲ့ ပေးအပ်ခဲ့တဲ့ဆု တချို့အပေါ် ပရိသတ်တွေရဲ့ ဘဝင်မကျတဲ့ စောဒကတက်သံတွေ ရှိခဲ့တာမို့ ဒီနှစ်အတွက် ဆုတွေကို ရွေးချယ်ပုံနဲ့ ပတ်သတ်ပြီး ဆုရွေးချယ်ရေး အဖွဲ့ဝင်တချို့ရဲ့ ထင်မြင်ချက်၊ မှတ်ချက်တွေနဲ့ တကွ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင် များရဲ့ အကယ်ဒမီအပေါ် ကြိုတင် ရင်ခုန်သံများ၊ သဘောထားအမြင်များကို ဧရာဝတီက စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့မှာတော့ ဆုရွေးချယ်ရေး အဖွဲ့ဝင် အကယ်ဒမီ ဒေါ်ခင်လေးသိမ့်နဲ့ မြန်မာ့ ရုပ်ရှင်အစည်းအရုံး ဒု ဥက္ကဋ္ဌ ၁ ဒါရိုက်တာ ညီညီထွန်းလွင်တို့ရဲ့ အသံတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဆုရွေးချယ်ရေးအဖွဲ့ဝင် အကယ်ဒမီဒေါ်ခင်လေးသိမ့်
ဇာတ်ကားတွေကို ဘုတ်အဖွဲ့က ရွေးချယ်တဲ့ နေရာမှာ ပထမ အဆင့်ကတော့ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်လုပ်ငန်းက သင့်လျော်တဲ့ ဆင်ဆာအဖွဲ့ဝင်တွေထဲကမှ ၁ နှစ်လုံး ရိုက်ခဲ့တဲ့ ၁၇ ကားကို ကြည့်တာပေါ့။  ဒုတိယ အဆင့်အနေနဲ့ အပေါ်ကို တင်ပေးတာ ၇ ကားပါ။
အဲဒီ ၇ ကားမှာမှ အကယ်ဒမီ သတ်မှတ်ထားတာက ၁၁ ဆုရှိတယ်။ ဒီနှစ်က ထူးထူးခြားခြား မနှစ်တုန်းက အားလုံးရဲ့ တောင်းဆိုမှုနဲ့ အထူးဆု ၁ ဆုကို အကယ်ဒမီပေးဖို့ အတွက် ရည်ရွယ်ထားတယ်။ နောက်နှစ်တွေမှာလည်း အထူးဆု ၁ ခုက ရှိနေမှာပဲ။ ၁၁ ဆုထဲမှာ မပါတဲ့ ကိစ္စတွေ ပေါ်လာလို့ရှိရင် ပေးနိုင်အောင် အဲဒီတဆုကို ထပ်ပြီးလျာထားတာပေါ့။ အဲဒီ အထူးဆုက ဒီနှစ်ကစပြီးပေးမှာ။ ဟိုးအရင်တုန်းကတော့ ပေးခဲ့ဖူးတယ်။ မပေးတာ ကြာသွားတော့ အဲဒီဆုအတွက်ကို လိုအပ်နေသေးတယ် ဆိုတာ လူကြီးတွေကသိလာတော့ အဲဒီဆုကိုထပ်ပြီး ထည့်တာ။ နောက်နှစ်တွေမှာ အမြဲတမ်းရှိနေပေမယ့်၊ ပေးတဲ့ဆုကတော့ တူချင်မှတူမှာပေါ့။
ဒီ အထူးဆုက ၁၁ ဆုထဲမှာ မပါတဲ့ဆု၊ ပေးသင့်ပေးထိုက်တဲ့ ဆုတခုပေါ့။ မဖြစ်မနေ ပေးရမယ်လို့တော့ မဟုတ်ဘူး။
ပေးမယ့်ဆု ၁၁ ဆုထဲမှာ ပါတဲ့ဆုတွေကတော့ အဓိကက ရုပ်ရှင်ကား တကားရိုက်ရင် မဖြစ်မနေ ပါဝင်တဲ့ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု၊ အဓိက အမျိုးသား ဇာတ်ဆောင်၊ အမျိုးသမီး ဇာတ်ဆောင်၊ အမျိုးသား ဇာတ်ပို့၊ အမျိုးသမီး ဇာတ်ပို့၊ နောက်ခံ တေးဂီတ၊ တည်းဖြတ်၊ ဇာတ်ကားဆု၊ ဓာတ်ပုံဆု၊ အသံဆုတို့ပါ။
ရည်ရွယ်ထားတဲ့ အထူးဆုကတော့ ဘယ်ထဲကရမလဲ ဆိုတာ မသိဘူးပေါ့။ ထူးခြားတဲ့ ဟာမျိုးတွေပေါ့။အတိအကျ ပြောလို့ မရဘူး။
အန်တီက ဇာတ်ညွှန်း အဓိကဆိုတော့ ရွေးချယ်တဲ့နေရာမှာ ဘယ်လို အချက်မျိုးတွေ အဓိကထား ရွေးချယ်လဲ ဆိုတော့
ကားတကား ကောင်းပြီ ဆိုရင် ဒီကားမှာပါတဲ့ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင် အကုန်လုံး ကောင်းကြမှာပဲလေ။ ဇာတ်ညွှန်း မကောင်းဘဲနဲ့တော့ ကားတကားက ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီတော့ ကျမတို့က အရင်ဆုံး ကောင်းတဲ့ကားတွေ ပရိသတ် ကြိုက်တာရော၊ အဆင့်အတန်း ရှိတာရော ကြည့်ပြီး ရွေးလိုက်တာပေါ့။ ဒီကားတကား ကောင်းရင် သူ့ရဲ့ ဇာတ်ညွှန်းကြောင့်လား၊ ဒါရိုက်တာ ကြောင့်လား အဲဒီ နှစ်ခုကို ကြည့်ရတာပေါ့။  ဇာတ်ညွှန်းက ဇာတ်ကားရဲ့ ပုံစံအတိုင်း သဘောက အကုန်လုံး မဟုတ်ဘူး။ ဇာတ်ညွှန်းက တခြား၊ ကားကတခြား ရိုက်ထားတယ် ဆိုရင်တော့ ဇာတ်ညွှန်းသမားနဲ့  မဆိုင်ဘူးပေါ့။ ဒါရိုက်တာနဲ့ပဲ ပတ်သက်မှာပေါ့။ ပထမဆုံး ကားအကောင်းတွေ အကုန် ရွေးလိုက်တယ်။
ဇာတ်ညွှန်းနဲ့ ရိုက်ထားတာတွေက ဘယ်လိုအပ်စပ်မှု ရှိတယ် မရှိဘူး ဆိုတာကို ကြည့်ရတာပေါ့။
ဒီနှစ် ကားတွေအပေါ်မှာ သုံးသပ်ရရင် ကားတွေရဲ့ ဇာတ်လမ်းက ရသစုံတယ်။ ခေတ်က ပြောင်းလာတဲ့ အခါကျတော့ မော်ဒန် ဖြစ်လာတာတွေလည်း ပါတယ်။ နိုင်ငံခြားမှာ သွားရိုက်ပြီးတော့ အားထုတ်မှုတွေလည်း ပါလာတယ်။ ဘာပဲဖြစ်ဖြစ် အဆင့်အတန်းရှိတဲ့ ကားတွေ ပါလာတယ်။ နောက် ရိုးရာမပျက်တဲ့ ကားတွေလည်း ပါလာတယ်။ ကားတွေစုံတော့ အကုန်လုံးက အဆင့်မရှိတဲ့ ကားတွေမဟုတ်ဘူး။ အဆင့်အတန်းရှိတဲ့ ကားတွေပါတယ်။ ယေဘုယျ ကားတွေလည်း ပါတာပေါ့။ အပေါ်ကို တက်လာတာ ကောင်းတဲ့အချက် တခုခုပါနေလို့ပဲ။ ဒီ ၁၁ ဆုထဲမှာ ရနိုင်တဲ့ ဆုတခုခု ပါရင်လည်း အပေါ် တင်ပေးလိုက်တာပဲ။
ကားတွေ စုံလို့ ရွေးချယ်ရ ခက်လာတာမျိုးတော့ မဟုတ်ပါဘူး။ အမြဲတမ်းကတော့ ခက်မှာပဲ။ အနုပညာဆိုတာ ၁ နဲ့ ၁ ပေါင်းတော့ ၂ ဖြစ်တာ မဟုတ်ဘူးလေ။ သူတို့က အမြဲတမ်း အားထုတ်ထားတယ် ဆိုရင်တော့ ကံ၊ ဉာဏ်၊ ၀ီရိယ အကျိုးကတော့ ရှိနေမှာပဲ။ ကံကတော့ ကျမတို့ ဗုဒ္ဓဘာသာ အရပေါ့။ အမြဲတမ်းကတော့ ကိုယ့်ဘက်က ကြိုးစားနေဖို့ အရေးကြီးတာပဲ။
မနှစ်တုန်းက အကယ်ဒမီ ဆုတွေအပေါ် လူတွေ မကျေနပ်ချက် အသံတချို့ ရှိခဲ့တဲ့အတွက်ကြောင့် ဒီနှစ်မှာ ကျမတို့ ၁၆ ဦးကို သူတို့က အိတ်ပိတ်ပြီး ပေးလိုက်တဲ့ဟာက လူကြီးအထိပေါ့၊ ၀န်ကြီးအဆင့် မသွားဘူး။ ရုပ်ရှင်လုပ်ငန်းက တာဝန်အရှိဆုံး သူနဲ့  ကျမတို့ အဖွဲ့မှာဆိုရင် ခေါင်းဆောင်ပေါ့။ အဓိကက သူတို့နှစ်ယောက်ကို တင်ပေးရတယ်။ အဖွဲ့ခေါင်းဆောင် ဆိုရင်လည်း ကျမတို့အားလုံးရဲ့ ကိုယ်စားပေါ့။ ပထမ အဆင့်မှာလည်း အဖွဲ့ခေါင်းဆောင် ရှိတယ်၊ ဒုတိယမှာလည်း အဖွဲ့ခေါင်းဆောင် ရှိတယ်။ ကျမတို့အဖွဲ့ ခေါင်းဆောင်နဲ့ သူတို့အရှေ့မှာ စာအိတ်ကို ဖောက်ပြီးတော့ ဒီအမှတ်တွေကို အတိအကျရွေးပြီးတော့ အကယ်ဒမီပေးမယ်လို့ ကျမတို့က သိထားတာပေါ့။ အဲဒီတော့ အဖြေကိုတော့ ကျမတို့ စောင့်ကြည့်ရမှာပေါ့။ ဒါပေမယ့် ကျမတို့ ကျတော့ လူကြီးတွေ ဖွင့်ဖောက်တဲ့အမှတ်ကို မသိတော့ဘူးလေ။ ကျမတို့ ပေးတဲ့အမှတ်လည်း ကိုယ့်ဟာကိုယ်ပဲ သိတာပေါ့။
ကိုယ့်ရဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေကိုပဲ အကဲဖြတ်ရတာတော့ မဟုတ်ဘူး။ အားလုံးကိုတော့ အကဲဖြတ်ရတယ်။ ကျမ ပေးထားတာချည်းပဲ သိထားရတာ။ ဒါပေမယ့် ရမ်းသမ်းပြီး ပေးတာတော့ မဟုတ်ဘူး။ ကိုယ်ကတော့ Specialized သမားကိုတော့ မေးရတာပေါ့။ ဒီထဲမှာ Specialized သမားတွေ အကုန်လုံး ထည့်ထားတယ်။ သူတို့ကို အဓိကထားတော့ ပရမ်းပတာတော့ မဖြစ်ဘူးပေါ့။
စိစစ်ရွေးချယ်ရေး Board အဖွဲ့ထဲမှာ ဒီနှစ် စာပေပညာရှင် နှစ်ယောက် ပါပါတယ်။ အနုပညာရှင် ဘက်ကမဟုတ်ဘဲ စာပေပညာရှင် နှစ်ယောက်ကို ထည့်ထားတာ အဲဒီအတွက် နယ်ပယ် ပိုစုံသွားတာပေါ့။ ဒီနှစ် အကယ်ဒမီဆုပေးတာ အရင်နှစ်တွေနဲ့ မတူဘူး။ လုံးဝကို မတူတာ။ ဘုတ်အဖွဲ့မှာ ထည့်တဲ့ မန်ဘာတွေကိုက မပါသလောက်ပါပဲ။ စာပေပညာရှင် နှစ်ယောက်ရယ်၊ ဓာတ်ပုံပညာရှင် ဆိုလည်း ဓာတ်ပုံမှာ အကြီးဆုံးကို ထည့်ထားတယ် ဆိုတော့ နောင်ဆိုလည်း ဆက်ပြီး သူတို့ လုပ်ကိုင်သွားရမှာပဲ။ အန်တီတို့ အနေနဲ့ ပြောရမယ်ဆိုရင် ရုပ်ရှင်နဲ့ မပတ်သက်တာ ဒီသုံးယောက်ပဲလို့ ပြောရမှာပေါ့။ အရင်နှစ်တုန်းက ဆိုရင် ရုပ်ရှင်နဲ့ မဆိုင်တဲ့ ဌာနဆိုင်ရာ ပြင်ပပုဂ္ဂိုလ်တွေ ပါတယ်လေ။ အခုနှစ်ကတော့ လုံးဝမပါဘူး။ အနုပညာရှင် သီးသန့်ပဲ ပေးထားတယ်။ မြန်မာ့ရုပ်ရှင် လုပ်ငန်းဘက် အပိုင်းကတော့ သူတို့ကတော့ Leader တစ်ယောက်ကို ထားထားတယ်။ ဒါပေမယ့် အဲဒီလူက လုံးဝ ပါဝင်ပတ်သတ်မှု မရှိဘူး။ ဆွေးနွေးခြင်းလည်း မရှိဘူး။ ကျမတို့ကို ထမင်းချိန် ထမင်း၊ ကော်ဖီချိန် ကော်ဖီ ကျွေးမွေးပြုစုတယ်။ တကယ်လို့ ဇာတ်ကားကို ကျမ တယောက်တည်းဖြစ်စေ၊ အများနဲ့ဖြစ်စေ ကြည့်ချင်ရင် ပြန်ဖွင့်ပေးတယ်။ ၁ လ လုံးလုံးက တယောက် ကြည့်ချင်လည်း ပြပေးတာပဲ၊ နှစ်ယောက် ကြည့်ချင်ရင်လည်း ပြပေးတာပဲ။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့က ဆုတခုကို ထောက်ခံပြီဆိုရင် ဘာအတွက်ဆိုတာ ပြန်ရေးပေးရတဲ့ အတွက် သူတို့ ပြန်ပြပေးတယ်။
အနုပညာနဲ့ မူးယစ်ဆေးမှုတွေ ကိစ္စကတော့၊ အဲဒါတွေက မဆိုင်ဘူး။ အနုပညာက အနုပညာ သီးသန့်ပဲ။ ကျမတို့ အမှတ်ထဲမှာ ဒီအမှတ်တွေ မပါဘူး။ ဟိုအရင်တုန်းက ဆိုရင် အဲဒီလိုမျိုး ပြဿနာတွေရှိရင် ဆုမပေးတာတို့ ဘာတို့ ဆိုတာကတော့ ကျမပြောတဲ့ ကံ၊ ဉာဏ်၊ ဝီရိယ ထဲကမှ ကံကို ပြောတာပေါ့။ ကံဆိုတာ ဒီလိုအကယ်ဒမီ ပေးဖို့အတွက် ဦးဆောင်တဲ့သူက ချမှတ်တယ် ဆိုရင် မရတော့တာတို့ ဘာတို့ ဖြစ်တာပေါ့။ ကျမတို့ကတော့ အစကတည်းက အဲဒီအချက် မပါဝင်ဘူး။ ဒါကြောင့် ကံလို့ပြောတာ။ အခုအချိန်မှာ သူရိုက်ထားတာ ကလည်း ရှိနေတယ်။ လူကြီးတွေ ချမှတ်တဲ့ စည်းမျဉ်း စည်းကမ်းကလည်း တမျိုးဖြစ်နေရင် သူ့ကံပဲပေါ့။ ဒါမျိုးတွေကလည်း ကျမတို့ဘ၀မှာ အများကြီးကြုံခဲ့ရတယ်။ ရုပ်ရှင်မှာ ငါအရမ်းတော်တာပဲ ဆိုလို့ ရချင်မှရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကံတခုက ရှိနေတာကိုး။ ဒီနှစ်မှာ ကံဆိုတဲ့ အရာကတော့ ကျမတို့ရဲ့ စည်းမျဉ်း စည်းကမ်းထဲမှာ လုံးဝမပါဝင်ဘူး။ အထက်ကလူကြီးတွေလည်း လုံးဝကို ထိန်းချုပ်မှု မရှိဘူး။
မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုအတွက် မနှစ်တုန်းက ပြောခဲ့သလို ပရိသတ် ဆန္ဒမဲဆိုတာ ကားတွေအားလုံးက ပရိသတ်တွေ ရှေ့မှောက် မရောက်ဘူး။ အရင်တုန်းက ဆိုရင် ကျမတို့ကားတွေ အကုန်လုံးပြခဲ့ပြီးမှပဲ အကယ်ဒမီ ပေးတာလေ။ အခုက တချို့ကားတွေက ပရိသတ် မကြည့်ရသေးတာ ရှိတယ်။ အဲဒီလို အခက်အခဲကြောင့် သူတို့က မထည့်ထားဘူးပေါ့။ အကယ်ဒမီ မတိုင်ခင်မှာ ရန်ကုန်နဲ့တကွ နယ်တွေ အားလုံးက ပြပြီးသွားရင် အဲဒီစနစ် ဖြစ်လာမှာပေါ့။ အဲဒါမျိုးကလည်း ဖြစ်သင့်တာပေါ့။ ကားတွေက အရမ်းနည်းတော့ ရန်ကုန်မြို့ရဲ့ တနေရာဝင်တာနဲ့ အကယ်ဒမီ စာရင်းဝင်အဖြစ် သတ်မှတ်လိုက် တာကိုး။
မြန်မာ့ရုပ်ရှင် လုပ်ငန်းအနေနဲ့ ဒီနှစ်လည်း အကယ်ဒမီ ကိစ္စမှာ သူတို့တာဝန် ယူထားတယ်ဆိုပေမယ့် ကျမတို့ကိုပဲ အကုန်လုံး လွှဲပေးထားပါပြီ။ ဘာမှတော့ ထူးခြားမှာ မဟုတ်ဘူး။ ဆုပေးမှာတော့ နိုင်ငံတော်ကပဲ ဆုပေးမှာလေ။ လုပ်တဲ့ လုပ်ငန်း အားလုံးကိုတော့ ကျမတို့ ရုပ်ရှင်အစည်းအရုံးကိုပဲ မနှစ်ကတည်းက စခိုင်းထားပြီ ဆိုတော့ ဒီနှစ်က အကုန်လုံးလိုလို လုပ်တတ်သွားပြီပေါ့။ အမှားအယွင်း မရှိတော့ဘူးပေါ့။ ဒီနှစ်ကိုက သူတို့ဘက်က မလုပ်သလောက်ကို ရှိပါတယ်။ ဆုကတော့ နိုင်ငံတော်ကပဲ ပေးမှာပေါ့။ ဒီဆုက နိုင်ငံတော်ဆုကိုး။ ပိုကောင်းအောင်တော့ ဉာဏ်ကွန့်ပြီး လုပ်ထားတယ်။ မနှစ်တုန်းက ဆိုရင် ကိုယ့်အချင်းချင်းပဲ ပေးတယ်။ ဒီနှစ်ကကျတော့ ရုပ်ရှင်မှာ သဘာရှိတဲ့ သရုပ်ဆောင်တွေနဲ့ ဂျာနယ်လစ်တွေ ခေါ်ပြီးပေးခိုင်းတယ်။ ဒါကတော့ ကျမတို့သဘောနဲ့ သူတို့တွေက လုပ်ခွင့်ပေးထား တာပေါ့။
အကယ်ဒမီပွဲနဲ့ ပတ်သတ်ပြီး ဖြည့်စွက်ပြောရမယ်ဆိုရင် ဒီနှစ်အကယ်ဒမီပေးပွဲကတော့ ထူးခြားမယ်ထင်ပါတယ်။ ငွေရေးကြေးရေးရော၊ တင်ထားတဲ့ တင်ဒါတွေကလည်း ငွေကို အဓိကမထားဘဲ ပိုပြီးတော့ အနုပညာမြောက်အောင် အခါတိုင်းနှစ်တွေနဲ့ မတူဘဲ၊ ပိုပြီးစိတ်ဝင်စားစရာ ကောင်းမယ်လို့ ကျမကယူဆပါတယ်။ ပုံစံကလည်း လုံးဝပြောင်းသွားပြီး ခါတိုင်းလို ပုံစံမျိုးမဟုတ်ဘဲ တင်ပြပုံတွေ ပြောင်းသွားတယ်။ ပေးတာကတော့ နိုင်ငံတော်အဆင့်က ပေးပြီး ကျန်တဲ့ကိစ္စတွေ ကိုတော့ ရုပ်ရှင် အစည်းအရုံးကလို့ ခွဲခြားပေးလိုက်တာပေါ့။ အခုယူထားတဲ့ တင်ဒါကုမ္ပဏီကလည်း လုပ်ချင်တာကို ဇွတ်မလုပ်ဘူး။ လူကြီးတွေကို အကုန်တိုင်ပင်ပြီးမှ လုပ်တယ်။ ကုမ္ပဏီကသာ အကုန်လုံး တာဝန်ယူတယ်ဆိုပေမယ့် ကျမတို့ ရုပ်ရှင်အစည်းအရုံးကပဲ လုပ်ပေးနေရတာပေါ့။ အချိန်ကလည်း အရမ်းကပ်တော့ သူတို့အဖို့မှာ ညတိုင်း ပင်ပန်းစွာ လုပ်ပေးနေတာ တွေ့ရပါတယ်။
မြန်မာ့ရုပ်ရှင်အစည်းအရုံး  ဒုဥက္ကဌ(၁)၊ ဒါရိုက်တာညီညီထွန်းလွင်
ဒါရိုက်တာ တယောက်အနေနဲ့ အကယ်ဒမီ ဇာတ်ကားတွေ ရွေးချယ်ရာမှာ ဘယ်လိုစည်းမျဉ်းတွေနဲ့ ရွေးချယ်သင့်လဲ ဆိုရင် သူတို့မှာ စည်းကမ်းတွေ၊ နည်းလမ်းတွေ မျိုးစုံရှိတယ်။ ဒါရိုက်တာရဲ့စံက ဇာတ်ကောင် ရွေးချယ်တာ၊ တည်နေရာ ရွေးတာ မှန်ကန်ရမယ်။ ဇာတ်လမ်း တခုလုံးကိုလည်း ကိုင်တွယ်တာ မှန်ကန်ရမယ်။ ဇာတ်ကားတခုလုံးကို ခြုံကြည့်ရင် သဘာဝ ကျတာမျိုး ဖြစ်ရမယ်ပေါ့။ အကယ်ဒမီ အရည်အချင်းမှာကိုက ဇာတ်လမ်းနာမည် ရွေးချယ်တာလည်း အဓိကကျတယ်။ ပညာရပ်ပိုင်း ဆိုင်ရာတွေကတော့ အများကြီး ပါသေးတာပေါ့။
ဇာတ်ကားမှာပါတဲ့ အနုပညာရှင်တွေရဲ့ အရင်တုန်းက၊ လူမှုရေး နိုင်ငံရေးပြစ်ချက် တခုခုကြောင့် အကယ်ဒမီမပေးတာ မျိုးက
ဟိုးတုန်း ကတော့ ရှိခဲ့တယ်။ ဦးညီ အထင်ကတော့ အရင်အစိုးရတွေ လက်ထက်တုန်းကဆို နိုင်ငံရေးငြိစွန်းတာ မပြောနဲ့၊ အကယ်ဒမီတောင် တက်ရောက်လာတဲ့ သူကိုပဲ ပေးတာ။ မလာတဲ့သူဆိုရင် မပေးဘူး။ ဦးညီတို့ သဘောအရ ဆိုရင် လာလာ မလာလာ သူ ရထိုက်ရင် ပေးရမယ်ပေါ့။ သေချာ သတိထားကြည့်ရင် အကယ်ဒမီပွဲကို မလာတဲ့သူကို ပေးတယ် ဆိုတာ တော်တော် ရှားတယ်။ ကိုယ်စား ယူသွားတယ်ဆိုတာ ရှိတော့ ရှိတယ် ရှားတယ်။ သူက အတော်ဆုံး ထိုက်တန်တဲ့သူ ဆိုရင် ပေးရမှာပေါ့။ အကယ်ဒမီရထိုက်ပြီး နစ်နာခဲ့တာတွေ ရှိခဲ့တာပေါ့။ ဒီတယောက်က ပြစ်ချက်ကလေးတခု ရှိသွားတယ်ဆိုရင် မပေးတာရှိတယ်။ သူက အကယ်ဒမီ တစ်ပြေးတဲ့ စာရင်းထဲမှာ ပါတယ်ပေါ့။ ဥပမာ နေပြည်တော် မဟုတ်ဘဲ ရန်ကုန်မှာ လုပ်တုန်းကဆိုရင် တချို့လည်း မသွားမိဘူး၊ အဲဒါကို အိမ်တွေဘာတွေကို အတင်းလိုက်ခေါ်တဲ့ ဟာမျိုးလည်း ကြားဖူးတယ်။ အဲဒါကြောင့် ဦးညီတို့က နောက်တာပေါ့၊ အကယ်ဒမီ ပေးတာလား၊ အကျင့်စာရိတ္တကို ရွေးတာလားပေါ့။ အမှန်ကတော့ မဆိုင်ဘူး။ အရည်အချင်းရှိပြီး သရုပ်ဆောင်တာ ကောင်းတယ်ဆိုရင် ပေးရမယ်။ အရင်ကတော့ အကယ်ဒမီ ပေးပွဲအပေါ်မှာ လူရည်လူရည်မွန်ပဲ ပေးတာလားလို့ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်ခဲ့တယ်။
အခုဆိုရင် အကယ်ဒမီအနား နီးမှ အရင်ကလုပ်ခဲ့တဲ့ မူးယစ်ဆေးမှုတွေ ပေါ်ပေါက်လာတဲ့အပေါ် မှတ်ချက်ပေးရမယ်ဆိုရင် အဲဒါတွေက လွန်ခဲ့တဲ့ငါးနှစ်က ကိစ္စတွေ facebook မှာ ပြန့်နေတာကို ပြောတာပေါ့နော်။ အဲဒီမှာဆိုရင် တယောက်က ရသင့်တယ်ပေါ့။ ရသင့်တဲ့ အပေါ်မှာပဲ လွန်ခဲ့တဲ့ငါးနှစ်က ကိစ္စတွေက ပေါ်လာတယ်။ ဦးညီသဘောအရ ဆိုရင် ဒါတွေက မဆိုင်ဘူး။ အရေးကြီးတာ ဒီနှစ်ထဲမှာ အတော်ဆုံးလို့ သတ်မှတ်နေရင်တော့ သူ့ကိုပေးရမှာပေါ့။
ဒီနှစ်ရွေးချယ်တဲ့ အကဲဖြတ်ဘုတ်အဖွဲ့ကတော့ အဲဒါမျိုးတွေမကြည့်ပါဘူး။ ဘုတ်အဖွဲ့ထဲ ပါတဲ့ သူတွေကလည်း ရုပ်ရှင် သမားတွေဆိုတော့ သူတို့ကတော့ အဲဒါတွေ လုပ်မှာမဟုတ်ဘူး။ အကျင့်စာရိတ္တ ရွေးချယ်တဲ့ ပွဲကြီးလည်း မဟုတ်ဘူးလေ။ ဦးညီအပေါ်က ပြောတာတွေက အရင်တုန်းက ဖြစ်ခဲ့တာတွေပေါ့။ အခုကတော့ အဲဒါတွေ မရှိတော့ပါဘူး။ အပြင်လူ အနေနဲ့ကတော့ ဒါတွေက ရိုက်ခတ် လာနိုင်မလားပေါ့။ ဘုတ်အဖွဲ့ထဲမှာ ပါတဲ့ ရုပ်ရှင်သမားတွေ ကတော့ ထည့်သွင်း စဉ်းစားမယ် မထင်ဘူး။
အကယ်ဒမီ ဘုတ်အဖွဲ့ထဲမှာ ကိုးယောက်ရှိတယ်ဆိုရင် နှစ်ယောက်အပြိုင် ဖြစ်နေရင်တော့ မဲနဲ့လုပ်မှာပေါ့နော်။ မဲများတဲ့ သူကို ရွေးပေးတာပေါ့။ နှစ်တိုင်းကတော့ မဲစနစ်နဲ့လုပ်ခဲ့တာပဲ။
အကယ်ဒမီ ရွေးချယ်ရေးမှာ ၀ိဝါဒတွေ ကွဲနေတာကတော့ ဦးညီတို့သဘောအရ ပြောရင် ရုပ်ရှင်သမားတွေမှာ ၀ိဝါဒကွဲတယ်။ ဥပမာ တည်းဖြတ်တို့၊ အသံစနစ်တို့၊ အရုပ်တို့ဆိုရင် ဒီဘက်က ရုပ်ရှင်ပညာရှင်တွေ အကဲဖြတ်ပေးပေါ့။ ကျန်တဲ့ ဇာတ်ကားကို ခံစားတဲ့ အပိုင်းဆိုရင် ဦးညီသဘောအရ အပြင် စာပေပညာရှင်တို့ကို အကဲဖြတ် ပေးစေချင်တယ်။ တချို့ကပြောတာ ရုပ်ရှင် ပညာကိုတတ်မှ အကဲဖြတ် ခိုင်းရမယ်ပေါ့။ ဦးညီသဘောအရ ဆိုရင် အဲဒီလိုမဖြစ်နိုင်ဘူး။ ဦးညီကလည်း ကိုယ့်ရုပ်ရှင် သမားတွေရဲ့ အခြေအနေကို သိနေတော့လေ။ သူတို့က ကားတကားလုံးကို ကောင်းတယ် မကောင်းဘူး ဆုံးဖြတ်ဖို့ကျတော့ မှန်ပါ့မလားလို့ ဦးညီကတော့ သံသယရှိတယ်။ အပြင်ပရိသတ်၊ ဒါမှမဟုတ်လည်း အပြင်ပညာရှင်တွေကို လုပ်စေချင်တယ်။  ဥပမာ ဆရာမဂျူး တို့လို့ စာရေးဆရာမတွေက ရုပ်ရှင်ဝေဖန်တာ တော်တော်ကောင်းတော့ အဲဒီလို ပညာရှင်မျိုးတွေ ထည့်သွင်း ပါဝင်စေချင်တယ်။ ရုပ်ရှင်ဇာတ်ကားကို ဝေဖန်ရေး ပညာရှင်တွေ၊ စာနယ်ဇင်း ပုဂ္ဂိုလ်တွေ ဝေဖန်ပြီး အကဲဖြတ် ပေးတာကို ကြိုက်တယ်။ ဒါပေမယ့် ရုပ်ရှင်လောကထဲက တချို့တွေကျတော့လည်း ရုပ်ရှင်လောကထဲက သူတွေ ဆုံးဖြတ်တာ အမှန်ပဲလို့ ယူဆတယ်။ ဦးညီအနေနဲ့ ကျတော့ တမျိုးဖြစ်နေတယ်။ ရုပ်ရှင်သမားတွေ ဆုံးဖြတ်တာက မှန်နိုင်မယ် ဆိုတာထက် ဘက်လိုက်မှုတွေ နည်းနည်း ရှိနေတယ်လို့ ထင်တယ်။ တကယ်လို့ ဦးညီသာ ဒိုင်ဖြစ်နေရင် ကိုယ်သံယောဇဉ် ရှိတဲ့သူကို ဦးစားပေး မိမယ်။ ရုပ်ရှင်သမားချင်း ဆိုတော့ ကိုယ်နဲ့ပတ်သက်ရာ ပတ်သက်ကြောင်း ကလည်း ရှိနေတယ်။ အဲဒါကြောင့် ရုပ်ရှင်သမားတွေကို ဦးညီကတော့ မပါစေချင်ဘူး။ နောက်တခုက ပရိသတ်ရဲ့ ရွေးချယ်မှုပေါ့။ နိုင်ငံခြားမှာလို ဆန္ဒခံယူတာ နည်းနည်း မှန်နိုင်တယ်ပေါ့။  မြန်မာပြည်မှာကားက ၁ နှစ်ကို ၁၅ ကားလောက်ပဲ ထွက်တော့ သိပ်လည်း ခေါင်းစားစရာ မရှိပါဘူး။
အခု အကယ်ဒမီပေးတာက မြန်မာ့ရုပ်ရှင်လုပ်ငန်းက ပေးတာကိုး။ ဦးဇင်ဝိုင်း လက်ထက်တုန်းကတော့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ပေးဖို့ တောင်းထားတာတော့ ရှိတယ်။ ဒါပေမယ့် အဲဒါက မြန်မာနိုင်ငံ အမျိုးသား ရုပ်ရှင်ကောင်စီ ပေါ်လာရင် အဲဒီက ပေးသင့်တယ်လို့ တောင်းထားတယ်။ ဒါပေမယ့် အမျိုးသားရုပ်ရှင် ကောင်စီဆိုတာလည်း မပေါ်လာ သေးဘူးလေ။ ဒါကြောင့် နောက်နှစ်တွေမှာလည်း အစည်းအရုံးက တောင်းထားတာကို မပေးဘဲ မြန်မာ့ ရုပ်ရှင်လုပ်ငန်းကပဲ ပေးစေချင် ပါတယ်။ အဲဒါက ရုပ်ရှင်သမားတွေမှာ ၀ိဝါဒ ကွဲလွဲနေတာပဲ။ တချို့က ကိုယ့်ဟာကိုယ် ပေးမယ်ပေါ့။ ဦးညီအနေနဲ့ ကျတော့လည်း မပေးစေချင်ဘူး။ မပေးစေချင်ဘူး ဆိုတာက ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်း ကပဲ ပေးစေ ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စာပေဗိမာန်ဆုနဲ့ အမျိုးသားစာပေ ဆုတောင် မတူဘူးလေ။ ဘယ်ဟာမြင့်တာလဲ မပြောချင်ဘူး။ စာပေဗိမာန်ဆုက စာပေဗိမာန်ကပေးတာ။ အမျိုးသားစာပေဆုက အစိုးရကပေးတာလို့ နားလည်တာကိုး။ အကယ်ဒမီကိုလည်း အစိုးရကပေးတာ ပိုကောင်းမယ်လို့ ထင်တယ်။ အစည်းအရုံးက ပေးတာတော့ မဖြစ်စေချင်ဘူး။ ဦးညီ ကတော့ မဖြစ်စေချင်ဘူး ဘက်ကရှိတယ်။
ဒီနှစ်မှာ အကယ်ဒမီနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ ရှေးနှစ်ကဖြစ်ခဲ့တဲ့ မကျေနပ်ချက် အသေးအမွှား လေးတွေ၊  အမှားလေးတွေ၊ အလွဲလေးတွေကို သင်ခန်းစာယူပြီး လုပ်ကြမှာပါ။ မနှစ်ကတော့ ပြောစရာလေးတွေ ရှိခဲ့တော့ ပြောစရာ မဖြစ်အောင် လူကြီးတွေက ဆင်ခြင်မှာပါ။
- ဆက်လက်ဖော်ပြပါမည်။
ဧရာဝတီ သတင်းထောက် မေမြန်မာ စုစည်းဖော်ပြသည်။
http://burma.irrawaddy.org/entertainment/2013/12/19/52453.html မှတိုက်ရိုက်ကူးယူဖော်ပြသည်။

မိုးထိမိုးမိ ပဋိပက္ခ ၉ ဦး ဒဏ်ရာရ

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိ မိုးမိ တောင်က ရွှေလုပ်သား ၁၀၀ကျော် ဟာ အဲဒီ့ဒေသမှာ လုပ်ကိုင်စားသောက်ခွင့်ပြန်ရရေးအတွက် ဆန္ဒပြ တောင်းဆိုရာမှာ ဒီဇင်ဘာလ ၁၈ရက်နေ့ညက ရဲတွေနဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး နှစ်ဖက်လုံးက ထိခိုက်မူတွေ ရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေဘက် ကတော့ ၉ဦးထက် မနည်း ထိခိုက်ဒဏ်ရာရပြီး ၅ဦးခန့်က အတွင်းလူနာအဖြစ် ရမည်းသင်းဆေးရုံမှာ ဆေးဝါးကုသခံနေရဆဲလို့ဆိုပါတယ် ရဲတွေဘက်ကလည်း ထိခိုက်မူတွေရှိတယ်လို့ ပြောပါတယ်။ မအေးအေးမာက သတင်းပေးပို့ထား  ပါတယ်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိ မိုးမိ တောင် ကရွှေလုပ်သားတွေ ဟာ ၂၀၁၂ ခုနှစ်ကစပြီး အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ နားလည်မူ ယူကာ မိုးထိမိုးမိတောင်မှာ နှစ်ရှည် တနိုင်တပိုင် ရွှေတူးဖော်ခွင့်တွေ ရဖို့အတွက် သဘောတူထားခဲ့ပြီး ၆လလောက်အကြာမှာ ဖယ်ရှားခိုင်းရာကနေ ဆန္ဒပြမူတွေ ဖြစ်လာခဲ့တာပါ။

ဒီ့နောက် ဆန္ဒပြသူတွေ ဖမ်းဆီးခံရသလို ကုမ္ပဏီနဲ့ ရွှေလုပ်သားတွေကြား စာချုပ်ခဲ့ကြပေမဲ့ စာချုပ်ပါအတိုင်း မဖြစ်ခဲ့တဲ့အပေါ်မှာ သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒပြမူတွေ ဆက်ဖြစ်ခဲ့ပါတယ်။ 
ဒီဇင်ဘာလ ၁၈ရက်နေ့ ညနေပိုင်းမှာတော့ ရွှေမြင်တင် ဘုရားဘက်နေ ချီတက်ပြီး ဆန္ဒပြသူတွေနဲ့
ရဲတွေကြား ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်မူတွေဖြစ်ခဲ့ရာမှာ ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင် ကိုဝင်းအောင်က ဆိုပါတယ်။

" ဆည်ကြီးရွာနားရောက်တော့ ကျနော်တို့အပိတ်ခံရတယ်ဗျ။ ဒိုင်းကာတွေနဲ့ဗျာ။ နံပါတ်ဒုတ်တွေနဲ့ပေါ့နော်။ အဲဒါတွေနဲ့ ဖြိုခွဲတာခင်ဗျ။ ဖြိုခွဲတာဆိုတော့ ကျနော်တို့ ဘက်က ကိုးယောက်လောက် ဆေးရုံတင် လိုက်ရတယ် ခင်ဗျ။ တော်တော်နာ သွားတဲ့လူတွေကတော့ အခုတော့ အတွင်းလူနာပေါ့ဗျာ။ အတွင်းလူနာကတော့ အခုတော့ ငါးယောက်လောက်ရှိမယ်။ မနေ့က မြို့နယ်မှူးကပြော တာရှိတယ် ခင်ဗျ။ ခယက အရာရှိပေါ့ဗျာ။ အမြန်ဆုံးပြေလည် ဖို့ရန် ငါပြောပေးမယ်ပေါ့နော်။ အတပ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ပြောတယ်ခင်ဗျ။ အခု ဒီနေ့ကျတော့ ကျနော်တို့ကို ဖမ်းဖို့ရာ လာပြီးတော့ လုပ်တယ် ခင်ဗျ။ အခုက ဖမ်းဖို့ရာ အချုပ်ကားတွေရော၊ ရဲတွေရော အင်အားတစ်ရာ နီးပါးလောက် ရှိမယ်ခင်ဗျ။ ရဲအင်အားတွေ ဒီမှာ ထပ်ပြီးရောက်လာတယ်ဗျ။ ကျနော်တို့ကို ထပ်ပြီးဖြိုခွဲတော့မှာ သေချာတယ်။"

ဗုဒ္ဓဟူးနေ့ညကဖြစ်သွားတဲ့ ရုန်းရင်းဆန်ခတ်မူတွေ အတွင်း ရွှေလုပ်သားတွေကို ရဲတွေကရိုက်နှက်ခဲ့တာနဲ့ပတ်သက်လို့ ရမည်းသင်းရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ တာဝန်ကျရဲအရာရှိတဦးက အခုလိုဖြေပါတယ်။

"ဒဏ်ရာရတဲ့သူတော့ မရှိဘူးနော်။ ကျနော်တို့ ရဲပဲ လုံခြုံရေးလုပ်နေတာ။"

ရွှေလုပ်သားတွေဘက်ကလည်း ရဲတွေကရိုက်နှက်ခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ်မူတွေ အတွင်း ခဲတွေနဲ့ ပြန်လည်ပစ်ပေါက်မူတွေ ရှိတယ်လို့တော့ပြောပါတယ်။

" လမ်းပေါ်မှာဆိုတော့။ ကိုယ့်လူတွေဗျာ ဒီအတိုင်းကြီးရိုက်နေတာဆိုတော့ မခံနိုင်တဲ့လူ ဆိုတော့ စိတ်တိုပြီးတော့။  ကျောက်ခဲလေးတွေ။ လမ်းပေါ်မှာ ရှိတဲ့ ကျောက်ခဲလေးတွေပေါ့နော်။ ခဲပေါက်တဲ့သူကတော့   ခဲပေါက်တဲ့သူ ရှိတဲ့သူတော့ ရှိပါတယ်။ အမေဗျာ အမေလိုဟာမျိုး ပစ်လဲသွားတဲ့ဟာမျိုး ကလေးတွေ ကျတော့လည်း ပေါက်မိမှာလေ။ သူ့အမေကို ဒီလိုရိုက်ရပါ့မလား ဆိုပြီး တော့လေ။ အဲဒါမျိုးလေးတွေတော့ရှိတယ်ဗျ။ ဟိုလို တအားကြီးကတော့ သူတို့ကို ပစ်စလခတ် လုပ်တာတော့ မရှိပါဘူးခင်ဗျ။"

မိုးထိမိုးမိတောင်မှာ တနိုင်တပိုင်ရွှေတူးဖော်ခွင့်ရဖို့ အတွက် တောင်းဆိုနေတဲ့ရွှေ လုပ်သားတွေဟာ ကုမ္ပဏီဘက်ကနေ စာချုပ်ပါအခွင့်အရေးတွေ ချိုးဖောက်မူတွေ ရှိတယ်လို့ လည်းပြီးခဲ့တဲ့လတွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြောဆိုထားပါတယ် ။ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

နှစ်ရှည်လများ မိုးထိမိုးမိတောင်မှာ တနိုင်တပိုင် ရွှေတူးဖော်ရေး လုပ်ကိုင်နေကြတဲ့ ရွှေလုပ်သားတွေဟာ အမျိုးသား ကြီးပွား တိုးတက်ရေး ရွှေတူးဖော်ရေး ကုမ္ပဏီက  ၀င်ရောက် တူးဖော် ခွင့်ရပြီးတဲ့နောက်မှာတော့ သောင်းနဲ့ချီရှိတဲ့  အလုပ်သမားတွေဟာ အလုပ် လက်မဲ့ဖြစ်ရတဲ့ အခြေအနေအပေါ်မှာ တင်းမာမူတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

ရွှေလုပ်သားတွေဟာ အထက်အဆင့်ဆင့် တိုင်ကြားပြီး ဆန္ဒထုတ်ဖော် ခွင့်တောင်းဆိုခဲ့ပေမဲ့ ခွင့်ပြုမိန့်များ ပယ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရွှေလုပ်သားတွေဟာပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းကခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ပြီး ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီထိ သွားရောက်ဆန္ဒပြကာ အသေးစားရွှေ တူးဖော်ခွင့်လုပ်ငန်းတွေရဖို့အတွက် တောင်းဆိုခဲ့ကြတာပါ။

ရွှေလုပ်သားတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး ခွင့်ပြုချက်မရပဲ ဆန္ဒထုတ်ဖော်မူ ပုဒ်မ ၁၈ ဆူပူမူပုဒ်မ ၅၀၅ ခ တို့နဲ့ ခေါင်းဆောင်ပိုင်း ကို ထောင်၆လစီ ချလိုက် တာဖြစ်ပါတယ်။ ဖြိုခွဲမူတွေ လုပ်ခဲ့ပြီးတဲ့နောက် မှာတော့ ရွှေလုပ်သား အတော်များများဟာ မိုးထိမိုးမိတောင်ပေါ်ကနေ ဆင်းပေးခဲ့ရပါတယ်။

အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီအနေနဲ့ မိုးထိ မိုးမိတောင် ရွှေထုတ်လုပ်မှု အသေးစားလုပ်ငန်းတွေကနေ  အကြီးစားလုပ်ငန်းတွေကို ပြောင်းလဲ လုပ်ကိုင်ဖို့အတွက်  စီစဉ်နေပြီး ပြီးခဲ့တဲ့၂၀၁၂ခုနှစ်ထဲမှာ ရွှေလုပ်သားတွေထဲက တချို့ကို  အင်း နစ်နာကြေး ကျပ် ၁၅ သိန်းနှုန်း ပေးလျော်ခဲ့ပြီး ဆန္ဒပြမှုများကို အဆုံးသတ်ဖို့အတွက် ကုမ္ပဏီက လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မိုးထိမိုးမိတောင်က ရွှေလုပ်သား ၁၀၀ကျော်ကတော့  အလုပ်လုပ်ခွင့် မရတာကြောင့်တောင်ခြေတ၀ိုက်မှာ အာဏာပိုင်တွေ ဖိအားပေးနေတဲ့ကြားက ဆက်လက်နေထိုင်နေပြီး ဆန္ဒပြမူတွေ ဆက်လုပ်တဲ့အတွက် အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့မူတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
VOA

အမျိုးသမီးဘောလုံးအသင်း ဆုငွေ သိန်း ၁၂၀၀ ကျော်ရရှိ

 
မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ လက်ရှိအချိန်ထိ ဆုကြေးငွေ မြန်မာကျပ်ငွေ သိန်း ၁၂၀၀ ကျော်ရရှိနေပြီလို့ အမျိုးသမီးဘောလုံးအသင်း အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဌေး က RFA ကို ဒီကနေ့ ပြောလိုက်ပါတယ်။

အဲဒီ ဆုကြေးငွေတွေထဲမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ရဲ့ ဆုကြေးငွေတွေအပြင် မန္တလေးမြို့ခံတွေရဲ့ ဆုကြေးငွေတွေလည်း ပါဝင်တယ်လို့ အသင်းအောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဌေးက ပြောပါတယ်။

"အများဆုံး ချီးမြှင့်တာကတော့ ဦးအောင်ကိုဝင်းပေါ့နော် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ သိန်း ၆ဝဝ ရယ်၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သိန်း ၂ဝဝ၊ အောင်နိုင်ရေးကော်မတီ ဥက္ကဌ ဦးလှဌေးက သိန်း ၂ဝဝ၊ ဒီကြားထဲမှာ အမျိုးသမီးဘောလုံးအဖွဲ့ချုပ် ဥက္ကဌနဲ့ အဖွဲ့တွေကလည်း တစ်ဦးကို ရွှေဆွဲကြိုးတစ်ကုံးဆီချဖို့ ၂၉ ခုစာ သူတို့လုပ်ထားပါတယ်၊ ထူးဖောင်ဒေးရှင်းကလည်း ချဖို့ပြောထားပါတယ်"

မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ မနေ့ညက ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ထိုင်းအသင်းကို ပင်နယ်လ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားခဲ့ပေမဲ့ တတိယနေရာကို ရအောင်ယူသွားမှာဖြစ်တယ်လို့ မြန်မာအမျိုးသမီး ဘောလုံးအသင်း ကွင်းလယ်ကစားသမား နံပါတ် ၇ မသန်းသန်းထွေးက RFA ကိုပြောပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ မလေးရှားအမျိုးသမီးအသင်းနဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

RFA Burmese

အိန္ဒိယ သံတမန်အမှု ရုပ်သိမ်းဖို့ ကန်ကိုတောင်းဆို

အိန္ဒိယသံတမန် Devyani Khobragade
ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ လိမ်လည်တဲ့စွဲချက်နဲ့ နယူးယောက်မြို့မှာ အဖမ်းခံခဲ့ရတဲ့ အိန္ဒိယသံတမန်ရဲ့အမှုကို ပယ်ဖျက်ဖို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုကို တောင်းဆိုထားပါတယ်။

Devyani Khobragade အပေါ် အမေရိကန်က တရားစွဲဆိုစရာ အမှုရှိတယ်လို့ အိန္ဒိယအနေနဲ့ မယုံကြည်တဲ့အကြောင်း အိန္ဒိယ နိုင်ငံခြားရေးရာဝန်ကြီး Salman Khurshid က သတင်းထောက်တွေကို ကြာသပတေးနေ့မှာ ပြောပါတယ်။ Khobragade ကို သာမန် ရာဇ၀တ်သားတစ်ဦးလို ပြုမူ ဆက်ဆံခဲ့တယ်လို့လည်း ၀န်ကြီးကပြောပါတယ်။

Khobragade အပေါ် စွဲတင်ထားတဲ့အမှုအားလုံးကို ချက်ခြင်းရုပ်သိမ်းပေးဖို့ အိန္ဒိယက တောင်းဆိုထားကြောင်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီနဲ့ ကြာသပတေးနေ့နှောင်းပိုင်းမှာ သူစကားပြောမယ်လို့ ၀န်ကြီး Khurshid က ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် Khobragade ဟာ သူ့ရဲ့အိမ်အကူလုပ်သားအဖြစ် လုပ်ကိုင်ဖို့ အမေရိကန်ပြည်ထောင်စုဆီ ခေါ်ယူခဲ့တဲ့ အိန္ဒိယနိုင်ငံသားရဲ့ ပြည်ဝင်ခွင့်ဗီဇာလျှောက်လွှာမှာ အချက်အလည်တွေ လိမ်လည်ဖော်ပြခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

Devyani Khobragade အပေါ် တခြားလူတွေထက် အများကြီးပိုတဲ့ ယဉ်ယဉ်ကျေးကျေး အပြုအမူနဲ့ ဆက်ဆံခဲ့ပါတယ်လို့ မန်ဟက်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စုရှေ့နေ Preet Bharara က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီးပြောခဲ့ပါတယ်။ အခုဖြစ်ရပ်ကြောင့် အမေရိကန်-အိန္ဒိယ ဆက်ဆံရေးမှာ အစွန်းအထင်းဖြစ်နေရပါတယ်။ 
 
ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာ့ ကျေးလက် ဖွံ့ဖြိုးရေး ဂျပန်ကူငွေ ဒေါ်လာ ၁၂ သန်း ADB ကွပ်ကဲမည်

မြန်မာကျေးလက်ပြည်သူလူထုလူနေမှုဘဝ။
မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံဖြိုးရေးအတွက်  ADB အာရှ ဖွံဖြိုးရေးဘဏ်နဲ့ ဂျပန်နိုင်ငံတို့ကနေ အမေရိကန်ဒေါ်လာ ၁၂ သန်းဖိုး အကူအညီတွေ ထပ်ပေးသွားဖို့ရှိတယ်လို့ ADB က ထုတ်ပြန်ပါတယ်။ ကျေးလက်ဒေသ လူမှုဘ၀ ဖွံဖြိုးတိုးတက်ရေး ဒီအကူအညီတွေဟာ ဒေသခံလူမှုအသိုင်းအ၀ိုင်းတွေရဲ့ လူမှုဘ၀တွေ ၀င်ငွေတွေကို တိုးတက်မြင့်မားလာစေဖို့ဖြစ်တယ်လို့ ADB အာရှဖွံဖြိုးရေးဘဏ်ရဲ့ အကြီးတန်းကျွမ်းကျင်သူတဦးဖြစ်တဲ့ Pavid Ramachandran က ပြောပါတယ်။

အောက်ခြေအဆင့်အထိ အကျိုးခံစားခွင့် ရလာစေဖို့မှာ စီမံကိန်း                    လုပ်ငန်းတွေကို ကျေးရွာသားတွေ ကိုယ်တိုင်က ရွေးချယ် ဆုံးဖြတ် ရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဆင်းရဲမွဲလျော့ပါးရေးဆိုင်ရာ ဒီအကူအညီတွေကို ဂျပန်နိုင်ငံက ပေးအပ်မှာဖြစ်ပြီး၊ ADB အာရှဖွံဖြိုးရေးဘဏ်က ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ကျေးလက်ဒေသဆင်းရဲမွဲတေမှုနှုန်းဟာ မြို့ပြဒေသ            ထက် နှစ်ဆကျော်မြင့်မားနေပြီး၊ ဒီအတွက် ဖွံဖြိုးမှု         အားနည်းတဲ့ ကျေးလက်ဒေသတွေမှာ အစီအစဉ်တွေကို ဦးစားပေးဆောင်ရွက် သွားမှာဖြစ်တယ်လို့လည်း ADB
က ပြောပါတယ်။ ကျေးလက်ဒေသ ပြည်သူ ခုနှစ်သိန်းကျော် အကျိုးခံစားခွင့်ရဖို့ အတွက် ရည်မှန်းထားတဲ့ ဒီစီမံချက်တွေကို လေးနှစ်ကြာဆောင်ရွက်
သွားမှာဖြစ်ပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်းခြောက်သွေ့ဇုံ၊ တနင်္သာရီဒေသနဲ့ ရှမ်းပြည်နယ်တွေမှာ စီမံကိန်းတွေ ဆောင်ရွက်ဖို့ လျာထားပါတယ်။ လူမှု အဖွဲ့အစည်းတွေကို အားထားပြီး လုပ်ဆောင်တဲ့ ဒီစီမံကိန်းတွေကိုတော့ ADB အနေနဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေ မှာ အောင်အောင်မြင်မြင်ဆောင်ရွက်
ခဲ့ဖူးတယ်လို့ ADB က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ် လာခဲ့တဲ့အတူ နိုင်ငံတကာ
အကူအညီတွေ ပြန်လည်ဝင်ရောက်လာရာမှာ၊ ADB ကလည်း နည်းပညာရော ငွေကြေးအရပါ အကူအညီတွေ မြန်မာပြည် ကို ပြန်ပေးလာခဲ့ပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

ဗိုဗီနမ် ဖွင့်ပွဲနေ့တွင် မြန်မာအမျိုးသမီးအသင်းက ရွှေတံဆိပ်သုံးခုရရှိ


နေပြည်တော် ဒီဇင်ဘာ ၁၉
ပရိသတ်သုံးထောင်ဆံ့ ဇေယျာသီရိအားကစားရုံ(အေ)တွင် ဗိုဗီနမ် (ဗီယက်နမ်ရိုးရာ ကိုယ်ခံပညာ)
 သိုင်း ပြိုင်ပွဲ များကိုဒီဇင်ဘာ၁၉ရက်နေ့နံနက်၉နာရီကစတင်ကျင်းပခဲ့ရာအဖွင့်ပွဲစဉ်နေ့
တွင်မြန်မာအမျိုးသမီးအသင်းက ရွှေတံဆိပ် သုံးခုသိမ်းပိုက်နိုင်ခဲ့သည်။

ယင်းဆုများကို အမျိုးသမီးနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် ပပယင်းနှင့်ခြူးသင်ဇာစိုးတို့က ရမှတ် ၂၇ဝဖြင့် ရရှိခဲ့ ခြင်းဖြစ်ပြီးဗီယက်နမ်အသင်းက ရမှတ် ၂၆၅မှတ်ဖြင့်ငွေတံဆိပ်နှင့် လာအိုအသင်းက ရမှတ် ၂၅မှတ်ဖြင့် ကြေးတံဆိပ်ရရှိခဲ့ကြပြီး

 အမျိုးသမီး တစ်ကိုယ်တော် အပြပြိုင်ပွဲတွင် နှင်းသီတာကရမှတ် ၂၆၉မှတ်ဖြင့် ပထမရွှေတံဆိပ်၊ ဗီယက်နမ်ကစားသမားကရမှတ် ၂၆၆ဖြင့် ငွေတံဆိပ်နှင့်အင်ဒိုနီးရှားကစားသမားက ၂၆၂မှတ်ဖြင့် ကြေးတံဆိပ် ဆုများရရှိခဲ့ကြသည်။

The Voice

အဖမ်းခံ ရှမ်းတိုင်းရင်းသားများ အရေး မြစ်ကြီးနားမှာ ဆန္ဒပြမည်


ကချင် လွတ်မြောက်ရေး တပ်မတော် လိုင်ဇာ အနီး စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂
ကချင် လွတ်မြောက်ရေး တပ်မတော် လိုင်ဇာ အနီး စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂
ကချင်လွတ်လပ်ရေးတပ်မတော်KIA က ဖမ်းဆီးသွားတဲ့ ရှမ်းအမျိုးသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ ဆန္ဒပြပွဲကို အစိုးရက ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ တက်ရောက်လာသူတွေရဲ့ ဆန္ဒသဘောထား အရ ဆောင်ရွက်သွားမယ်လို့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က တာဝန်ရှိသူတဦးက ဒီနေ့ ပြောဆိုပါတယ်။ ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က  မန်စီမြို့နယ်အတွင်း ရှမ်းလူမျိုး ၆၀ကျော် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဒီလ ၂၀ရက်နေ့မှာ လူအင်အား လေးသောင်းနဲ့ မြစ်ကြီးနားမြို့မှာ  ဆန္ဒပြဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းက ရှမ်းအမျိုးသားတွေကို KIA က တပ်သားသစ် စုဆောင်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဒီလ ၄ရက်နေ့က မန်စီမြို့နယ် မန်ဖွရွာက ၂၀ဦး၊ ၇ရက်နေ့က မန်ဖွရွာက ၆ဦးပါအ၀င် ၄၆ဦး၊ ၉ရက်နေ့မှာ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ကချင်ပြည်နယ်က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့အတွက် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က မြစ်ကြီးနားမြို့မှာ ဒီလ ၂၀ရက်နေ့မှာ လူအင်အား၎သောင်းနဲ့ ဆန္ဒပြဖို့အတွက်လည်း အစိုးရဆီမှာ တင်ပြထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆန္ဒပြဖို့ ခွင့်ပြုချက်ကတော့  ဒီနေ့ အထိမရရှိသေးပါဘူး။

ဒီအခြေအနေမှာ သောကြာနေ့မှာ ပြုလုပ်မယ့်  ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ နာယက ဦးစိုင်းသာဇုံက ပြောဆိုလိုက်ပါတယ်။

"ကချင်ပြည်နယ် တစ်ပြည်နယ်လုံးမှာရှိတဲ့ သူတို့ ရှမ်းတိုင်းရင်းသားတွေကနေ ဦးဆောင်ပြီးတော့မှ ကေအိုင်အေတို့ရဲ့ ဖိနှိပ်ခံရတဲ့ လူဆွဲခံရတဲ့ ဆက်ကြေးတောင်းခံရတဲ့ ပြည်သူလူထုမှန်သမျှ မိမိတို့ရင်ထဲမှာရှိတဲ့ ဆန္ဒကိုဖော်ထုတ်ဖို့အတွက် စီစဉ်ထားတယ်လေ။ ၁၅ရက်နေ့က ကျနော်တို့ တရားဝင်တင်ထားတယ်ဗျ။ ၂၀ရက်နေ့ပြမယ်ဆိုပြီးတော့ တရားဝင်တင်ထားတယ်။ အင်အားလည်းပေးထားပြီးသား။ သူတို့ ကျနော်တို့ကို ၄၈နာရီအတွင်း အကြောင်းပြန်မယ်လို့ ပြောထားတယ်လေ။ အခုလောလောဆယ်တော့ အကြောင်းပြန်မှု ကျနော်တို့မရသေးပါဘူး။ ထို့အတူပဲ မလုပ်ရဘူးဆိုတာလည်း မရသေးပါဘူးခင်ဗျ။ အဲဒီကြောင့် ကျနော်တို့ကတော့ ဌာနဆိုင်ရာကနေ ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ တက်ရောက် လာတဲ့ပြည်သူလူထုဆန္ဒက မနက်ဖြန်မှာပြမယ်လို့သူတို့ အကုန်တက်ရောက်လာမယ့် ပြည်သူလူထုက သဘောတူညီချက်ရရင် မနက်ဖြန်မှာပြမယ်။ တက်ရောက်လာတဲ့ပြည်သူလူထုက မပြဘူးဆိုလို့ရှိရင် စည်းဝေးပြီးမှ ထုတ်ပြန်ချက်တို့ဘာတို့ပဲ ကျနော်တို့လုပ်မယ်ဗျ။"

လောလောဆည်မှာတော့ ဆန္ဒပြပွဲကို တက်ရောက်မယ့် ပြည်သူတွေဟာ မြစ်ကြီးနားမြို့ကို လာရောက်နေကြပြီလို့လည်း ဦးစိုင်းသာဇုံက ပြောပါတယ်။

"မိုးညှင်း ဟိုပင် တင်းပေါ ဆန်းမော် နမ်းခွင် ထုံးရေပေါက် အုန်းပေါင် ဖောင်နီ ကညင်မြိုင် မိုးကောင်း နမ့်မတူ အဲဒါအကုန်လုံးပေါ့ဗျာ။ နောက်ပြီးတော့ သံမခန်။ ဖားကန့် သံမခန်ဖက်ကလည်းလာမယ်ဗျ။ သူတို့လည်း မနက်က ထွက်ခဲ့ပြီလို့ပြောပါတယ်ခင်ဗျ။  ဗန်းမော်ဖက်ကလည်း လာမယ်ခင်ဗျ။  နောက်ပြီးတော့ စစ်ကိုင်းတိုင်း ဗန်မောက်ကလည်း လာမယ်ဗျ။ မိုးညှင်း တင်းပေါ ဟိုပင် ထွက်လာတဲ့လူတွေက လမ်း တစ်ဝက်ရောက်နေပြီလို့ ပြောပါတယ်ခင်ဗျ။ အင်အားက ဘယ်လောက်ဆိုတာ ကျနော် မပြောနိုင်သေးဘူးဗျ"

ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားတွေရဲ့ ဆန္ဒပြပွဲကို ခွင့်ပြုချက်ပေး၊ မပေးဆိုတာကို မြစ်ကြီးနားမြို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို  ဆက်သွယ်မေးမြန်းရာမှာတော့ --

"ကျနော်တို့အနေနဲ့က မြို့နယ်က ခွင့်ပြုချက်ပေးလို့မရဘူး။  မြို့နယ်အုပ်ချုပ်ရေးမှူးကပဲ ခွင့်ပြုချက်ပေးလို့ရတယ်။ ခွင့်မပြုတာပြုတာက  သူတို့နဲ့ပဲဆိုင်တယ်။ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့က လုံခြုံရေးလုပ်ပေးဖို့ပဲ။ သူတို့ခွင့်ပြုတယ်ဆိုရင် ကျနော်တို့ လုံခြုံရေးလိုက်လုပ်ပေးပေါ့။ ဒါပဲရှိတာပဲ။ ခွင့်ပြုတယ် ခွင့်မပြုတာပြုတာက  သူတို့မြို့နယ်အုပ်ချုပ်ရေးနဲ့ပဲဆိုင်တယ်။ နော့် မေးကြည့်လိုက်ပါ။ သူတို့ကိုနော့"

မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကို ဆက်သွယ်ရာမှာတော့ တာဝန်ကျဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

"မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို မေးပါတဲ့။ အဲမှာမေးမှ သူတို့ ရဲနဲ့ဆိုင်လို့လေ"

ဆန္ဒပြပွဲကျင်းပဖြစ်တယ်ဆိုရင်တော့ သောကြာနေ့ မနက် ၈နာရီမှာ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံ ဒါမှမဟုတ် ၀ိုင်းမော်ကတို့ဆိပ်မှာ လူစုပြီး KIOအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းအဖွဲ့ရုံးကို ချီတက်ဆန္ဒပြမှာဖြစ်ပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ နဲ့ အရင် KIO ဒုဥက္ကဋ္ဌဟာင်း ဒေါက်တာ တူးဂျာကတော့ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အခြေအနေမှာ နှစ်ဖက် ညှိနှိုင်းဆွေးနွေးဖြေရှင်းစေလိုကြောင်း ပြောပါတယ်။

"ပြောမယ်ဆိုလို့ရှိရင်တော့ ဒါအခုအချိန်အခါမှာကတော့ တည်ငြိမ် ငြိမ်းချမ်းရေး က အင်မတန် အရမ်းအရေးကြီးနေ တာပေါ့။ ပြောမယ်ဆိုရင်။  ချင့်ချင့်ချိန်ချိန် စဉ်းစဉ်းစားစားနဲ့ လုပ်ရမယ် အချိန်အခါမျိုးတော့ဖြစ်ပါတယ်။ နှစ်ဖက်ပေါ့နော်။ လွန်လွန်ကျွံကျွံ ဖြစ်မှာဆိုတော့။  ကျနော်တို့က စိုးရိမ်မိတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ပါတီအနေနဲ့ပဲ ပြောပြော ကျနော်ပုဂ္ဂိုလ်ရေးအရပဲပြောပြောပေါ့လေ။ အခုတည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားစေချင်တာပဲ။ အဲဒါကို လိုအပ်တဲ့ဟာတွေကို ညှိ နှိုင်းဆွေးနွေးပြီးတော့မှ ဖြေရှင်းသွားတဲ့ နည်းနာကိုပဲ ကျင့်သုံးစေချင်ပါတယ်။

အခုလို KIAက ရှမ်းအမျိုးသားတွေကို လူသစ်စုဆောင်းတာနဲ့ပတ်သက်ပြီး KIO လုပ်ငန်းညှိနှိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကို အရင်ရက်တွေက မေးမြန်းရာမှာ ဒီကိစ္စကို စုံစမ်းနေဆဲရှိကြောင်းနဲ့ တကယ်လို့ ဖမ်းဆီးတာမှန်ရင် ပြေလည်အောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ မန်စီမြို့နယ်အတွင်းက ဖမ်းဆီးခံရတဲ့ ရှမ်းအမျိုးသား ၂၀ကျော် ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ 
ကိုမိုးဇော်(VOA)

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအချိန်စာရင်းထုတ်ပြန်

            ၂၀၁၄ ခုနှစ် မတ်လတွင်ကျင်းပမည့်တက္ကသိုလ်ဝင် စာမေးပွဲအချိန်စာရင်း
နေပြည်တော်  ဒီဇင်ဘာ ၁၉

၂၀၁၄ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို အောက်ပါအချိန်စာရင်းအရ
ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

                   ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအချိန်စာရင်း

ရက်စွဲ                                   အချိန်                              ဘာသာရပ်

၁၂-၃-၂၀၁၄                နံနက် ၉ နာရီမှ ၁၂နာရီအထိ          မြန်မာစာ
ဗုဒ္ဓဟူးနေ့
၁၃-၃-၂၀၁၄                နံနက် ၉ နာရီမှ ၁၂နာရီအထိ          အင်္ဂလိပ်စာ
ကြာသပတေးနေ့
၁၄-၃-၂၀၁၄                နံနက် ၉ နာရီမှ ၁၂နာရီအထိ           သင်္ချာ
သောကြာနေ့
၁၇-၃-၂၀၁၄                 နံနက် ၉ နာရီမှ ၁၂နာရီအထိ          ဓာတုဗေဒ
တနင်္လာနေ့ 
၁၈-၃-၂၀၁၄                နံနက် ၉ နာရီမှ ၁၂နာရီအထိ           ရူပဗေဒ
အင်္ဂါနေ့
၁၉-၃-၂၀ဎ၄                နံနက် ၉ နာရီမှ ၁၂နာရီအထိ           ဇီဝဗေဒ
ဗုဒ္ဓဟူးနေ့                                                                  ဘောဂဗေဒ
၂၀-၃-၂၁၁၄               နံနက် ၉ နာရီမှ ၁၂နာရီအထိ            ပထ၀ီဝင်
ကြာသပတေးနေ့
၂၁-၃-၂၀၁၄                နံနက် ၉ နာရီမှ ၁၂နာရီအထိ            သမိုင်း
သောကြာနေ့
၂၂-၃-၂၀၁၄               နံနက် ၉ နာရီမှ ၁၂နာရီအထိ          စိတ်ကြိုက်မြန်မာစာ

မြန်မာ့အလင်းနေ့စဉ်သတင်းစာ(၂၀-၁၂-၂၀၁၃) မှ