
ရန်ကုန်မြစ်အတွင်းမှာ ရှာဖွေနေတဲ့ ဓမ္မစေတီခေါင်းလောင်းကို တွေ့ရှိထားတယ်လို့ ခေါင်းလောင်း ရှာဖွေရေးအဖွဲ့က ကြေညာ လိုက်ပါတယ်။
အကြီးဆုံးရွှေရောင် နဂါးမင်းကြီးနဲ့တကွ နဂါး အပေါင်းတို့က ဓမ္မစေတီခေါင်းလောင်းတော် ကြီးကို အကြီးကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေတဲ့ အတွက်ကြောင့် သတင်းထုတ်ပြန်ရန် နောက်ကျရတာဖြစ်တယ်လို့ ခေါင်းလောင်းရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်း မြေပုံ- ကော့သောင်း) ရဲ့ ထုတ်ပြန်ချက်မှာ) ရေးထားပါတယ်။
ခေါင်းလောင်းကို ဒီရက်ပိုင်းအတွင်း ကုန်းပေါ်ကို သယ်ယူမှာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။နှစ်ပေါင်း ၄၀၀ လောက်ကြာအောင် နစ်မြုပ်နေတဲ့ ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေရေးနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေ များပြားသလို ယုံကြည်သက်ဝင်တဲ့ လူတွေကိုလည်း တွေ့နေရပါတယ်။
တချို့ကတော့ အဲဒီ ခေါင်းလောင်းကြီးက တကယ်ကော ရှိခဲ့ရဲ့လားလို့ မေးထားသလို တချို့ကလည်း ခေတ်မှီနည်းစနစ်တွေ အသုံးပြုပြီး ရှာဖွေဖို့ ပြောဆိုတာကို ရှာဖွေရေးအဖွဲ့က ငြင်းဆိုထားပြီး နတ်ပူဇော်တာတွေ လုပ်ဆောင်နေတဲ့အပေါ် ဝေဖန်နေကြတာ ဖြစ်ပါတယ်။ တချို့ကလည်း အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ ဘက်ကို အာရုံရောက်မသွားအောင် ဓမ္မစေတီခေါင်းလောင်းနဲ့ ပြည်သူတွေရဲ့ အာရုံကို လွဲလိုက်တာလို့လည်း ပြောနေကြပါတယ်။
အဲဒီခေါင်းလောင်းကို နတ်တွေ၊ နဂါးတွေ၊ ဂဠုန်တွေက စောင့်ရှောက်ထားတာ ဖြစ်တဲ့အတွက် သိပ္ပံနည်းကျကျ ရှာဖွေမှုအစား အခုလို မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ ရှာဖွေမှ အောင်မြင်မယ်လို့ ဟောကိန်းထုတ်ထားတဲ့အတွက် အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း မြန်မာသမိုင်းပညာကော်မရှင်က ဦးချစ်စံဝင်းက အေအက်ဖ်ပီကို ပြောပါတယ်။
အဲဒီခေါင်းလောင်းဟာ အလေးချိန်အားဖြင့် တန်ချိန် ၂၉၀ ကျော်ရှိတဲ့လို့ ပြောဆိုတဲ့အတွက် Boeing 777 လေယာဉ် တစ်စီးစာ အလေးချိန်လောက် ရှိပါတယ်။
အခုလောလောဆယ် ခေါင်းလောင်းရှာဖွေနေတဲ့ ရန်ကုန်မြစ် တဝိုက်မှာတော့ ဆယ်ယူရေးလုပ်ငန်း လုပ်နေတဲ့ နေရာသွားဖို့ လှေငှားစားတဲ့လူတွေ၊ ဓမ္မစေတီ ခေါင်းလောင်းအကြောင်း ရေးထားတဲ့ စာစောင်ကို ရောင်းချတဲ့လူတွေနဲ့ ပြည့်နှက်နေပြီး နေ့စဉ်နေ့တိုင်း လူပေါင်း ထောင်နဲ့ချီ လာရောက်ကြည့်ရှုနေကြတယ်လို့လည်း သိရပါတယ်။
ABC Radio Australia