Pages

Tuesday, December 30, 2014

ရိုဟင်ဂျာ နိုင်ငံသား ပေးဖို့ ကုလ ဆုံးဖြတ်

ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာတွေ
မြန်မာ နိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင် တွေကို နိုင်ငံသား အခွင့်အရေး အပြည့်အဝ ပေးဖို့ နဲ့ နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့် ပေးဖို့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ က လိုက်နာ ဆောင်ရွက်စရာ မလိုတဲ့ ဆုံးဖြတ်ချက် ချမှတ် ခဲ့ပါတယ်။

၁၉၈၁ နိုင်ငံသား ဥပဒေ အရ ရိုဟင်ဂျာ လူမျိုး ၁၃ သိန်း လောက် နိုင်ငံမဲ့ ဖြစ်နေပြီး သန်းခေါင် စာရင်း ကောက်ခံရာမှာ သူတို့ကို ရိုဟင်ဂျာ အမည် စာရင်းကို ထည့်သွင်းခွင့် မပြုခဲ့ ပါဘူး။

ရခိုင် ပြည်နယ်မှာ နေထိုင်သူ အားလုံးကို အစိုးရက ကာကွယ် စောင့်ရှောက် ပေးဖို့၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိစေဖို့ အထွေထွေ ညီလာခံက တောင်းဆိုခဲ့ပါတယ်။

ဒီ ဆုံးဖြတ်ချက် မူကြမ်းကို ဥရောပ သမဂ္ဂက ရေးဆွဲ တင်သွင်း ခဲ့ပြီး မြန်မာ အစိုးရက ကန့်ကွက်ခဲ့ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပျောက်ဆုံး Air Asia မှ ရုပ်အလောင်း ၄၀ ကျော်ရှာတွေ့


တနင်္ဂနွေနေ့က မုန်တိုင်း ကျနေချိန်အတွင်း ပျက်ကျသွားတဲ့ AirAsia လေကြောင်းလိုင်းက ခရီးသည်တင် ဂျက်လေယာဉ်ရဲ့ အပျက်အစီး အစအနတွေကို တွေ့ရတဲ့ ပင်လယ်ထဲကနေ အလောင်း ၄၀ ထက်မနည်းကို ပြန်ဆယ်ယူရရှိထားပြီလို့ အင်ဒိုနီးရှား တာဝန်ရှိ သူတွေက ပြောပါတယ်။

Borneo ကျွန်းအနောက် တောင်ဘက် မိုင် ၁၀၀ အကွာလောက်မှာ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေက Java ပင်လယ်ထဲမှာ မျောနေတဲ့ ရုပ်အလောင်းတွေ ဆွဲတင်နေတာကို ဒေသတွင်း ရုပ်သံသတင်းဌာနတွေက ဒီနေ့ ထုတ်လွှင့်ပြသပါတယ်။

အသက်ကယ်အင်္ကျီမပါတဲ့ ရုပ်အလောင်းတွေ Java ပင်လယ်ထဲမှာ မျောနေတဲ့ပုံတွေကို တွေ့ရတော့ ဒီလေယာဉ်ခရီးစဉ်မှာ ပါသွားကြသူ ၁၆၂ ဦးရဲ့ မိသားစုတွေ အချင်းချင်းပွေ့ဖက်ပြီး ငိုကြွေးခဲ့ကြပါတယ်။ ညရောက်လာတဲ့အထိ  လေယာဉ်ပျက်ကျတဲ့ထဲမှာ ပါသွားတဲ့ ခရီးသည်တွေထဲက လေးပုံ တပုံလောက်ရဲ့ အလောင်းတွေကိုပဲ ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အသက်ရှင် ကျန်ရစ်သူတယောက်မှ ရှာမတွေ့ပါဘူး။ လိမ္မော်ရောင် အသက်ကယ်ဝတ်စုံတစုံ၊ ခရီးဆောင်သေတ္တာ၊ အနီနဲ့ အဖြူရောင်သုတ်ထားတဲ့ အရေးပေါ်တံခါးလို့ ယူဆရတာတွေ အပါအဝင် လေယာဉ်ကနေ ပြုတ်ကျတဲ့ ပစ္စည်းတွေကို ရှာတွေ့ခဲ့ပြီး မကြာခင်မှာပဲ ရုပ်အလောင်းတွေ တွေ့ရှိတာပါ။

ရေမျက်နှာပြင်အောက်မှာ အရိပ်ကြီးတခုကို တာဝန်ရှိသူတွေ တွေ့ရှိထားပြီး ပျက်ကျတဲ့ လေယာဉ်ကိုယ်ထည်လို့ ယူဆရပါတယ်။ ပင်လယ်ထဲမှာ တွေ့ရတဲ့ အပျက်အစီးတွေဟာ အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့ကနေ စင်္ကာပူနိုင်ငံဆီကို တနင်္ဂနွေနေ့က ပျံသန်းတဲ့ နှစ်နာရီကြာ ခရီးတိုအတွင်း လမ်းထက်ဝက်လောက်မှာ ပျောက်ဆုံးသွားတဲ့ Airbus A320-200 လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစတွေ ဖြစ်တယ်လို့ Air Asia က အင်္ဂါနေ့ညပိုင်းမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အတည်ပြုသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ မဲရလဒ် ထုတ်ပြန်

 ရန်ကုန်၊ ဒီဇင်ဘာ ၂၉
ပြည်သူလူထု စိတ်ဝင်စားမှု နည်းပါးခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ ရလဒ်တွေကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကနေ ကော်မတီအဆင့် ၄ ဦး၊ ခရိုင်အဆင့် ဝင်ပြိုင်သူတွေထဲကနေ ၁၂ ဦး၊ မြို့နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်သူတွေ ထဲကနေ ၉၉ ဦး စုစုပေါင်း ၁၁၅ ဦး ရွေးချယ်ခဲ့ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်မှာ အရှေ့ပိုင်းခရိုင်အတွက် ထောက်ခံမဲ ၁၂၁၉၃ မဲနဲ့ ဦးဌေးအောင်၊ အနောက်ပိုင်းခရိုင်မှာ ထောက်ခံမဲ ၃၈၈၃ မဲနဲ့ ဦးခင်လှိုင် (ဇောတိက)၊ တောင်ပိုင်းခရိုင်မှာ ထောက်ခံမဲ ၈၈၇၂ မဲနဲ့ ဒေါက်တာအေးမင်း၊ မြောက်ပိုင်းခရိုင်မှာ ထောက်ခံမဲ ၁၀၀၇၈ မဲနဲ့ ဦးခင်မောင်တင့်က အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။
ရွေးကောက်ပွဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်၊ ခရိုင်ဥက္ကဋ္ဌ ရပ်မိရပ်ဖ၊ ခရိုင်လူမှုရေး အဖွဲ့အစည်း၊ ခရိုင်တတ်သိပညာရှင်၊ မြို့နယ်ဥက္ကဋ္ဌ ရပ်မိရပ်ဖ၊ မြို့နယ်လူမှုရေး အဖွဲ့အစည်း၊ မြို့နယ်တတ်သိပညာရှင် နေရာတွေအတွက် လူပေါင်း ၂၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
မဲပေးခွင့်ရှိသူ တချို့ပင် မဲပေးခွင့် မရခဲ့တဲ့တာကြောင့် ပြည်သူတွေရဲ့ ဆန္ဒထင်တပ်မှု အပြည့်ရှိတဲ့ ရွေးကောက်ပွဲတော့ မဖြစ်ခဲ့ဘူးလို့ ဒေါက်တာအေးမင်းက ပြောပါတယ်။
အရှေ့ပိုင်းခရိုင်မှာ မဲပေးခွင့်ရှိသူ ၁၁၆၅၂၅ ဦး ရှိပေမယ့် မဲပေးသူ ၃၄၆၁၀ ဦးပဲ ရှိပြီး အနောက်ပိုင်းခရိုင်မှာ မဲပေးခွင့်ရှိသူ ၅၁၁၅၈ ဦးထဲက မဲပေးသူ ၁၂၂၄၉ ဦး၊ တောင်ပိုင်းခရိုင်မှာ မဲပေးခွင့်ရှိသူ ၉၂၁၇၉ ဦးထဲက မဲပေးသူ ၂၉၈၈၂ ဦး၊ မြောက်ပိုင်းခရိုင်မှာ မဲပေးခွင့်ရှိသူ ၁၅၀၀၂၇ ဦးထဲက မဲပေးသူ ၂၉၃၄၈ ဦးပဲ မဲပေးခဲ့တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ပါတယ်။
The Voice

လက်ပံတောင်း သပိတ်စခန်းကို သတိပေး


စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီးက ဆည် တည်းရွာ မြောက်ဘက်မှာ မနေ့ညက စတင်ဖွင့်ထားတဲ့ သပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ လုံခြုံရေး ရဲတပ်ဖွဲ့ ၀င်တွေက ဒီနေ့ အသံချဲ့စက်တွေနဲ့ လိုက်လံ ကြေညာ ခဲ့ပါတယ်။

သပိတ်စခန်း ဖွင့်ထားတဲ့ နေရာက ပုဒ်မ ၁၄၄ ထုတ်ထား တဲ့နေရာဖြစ်တဲ့ အတွက် သပိတ်စခန်းကို ဖျက်ပေးဖို့ နဲ့ ခြံစည်းရိုး ခတ်တာကို မနှောင့်ယှက်ဖို့ ကြေညာ တာဖြစ်တယ်လို့ ဆည်တည်း ကျေးရွာသူ မနွယ်နွယ်ဝင်း က ပြောပါတယ်။

" အခုစခန်းချထားတဲ့ နေရာက ပုဒ်မ ၁၄၄ ထုတ် ထားတဲ့နေရာဖြစ်တယ်၊ စီမံကိန်း ဧရိယာ လဲဖြစ်တယ်၊ အဲ့တော့ ခြံစည်းရိုးပြန်ခတ်မယ်ပေါ့၊ အဲ့လိုခတ်တဲ့ အခါမှာ လာပြီး တော့မနှောက်ယှက် ဖို့ရယ်၊ လူစုအမြန်ခွဲပေးဖို့ဆိုပြီးတော့ အော်တယ်၊ ညီမ တို့ဘက် ကတော့ လျော်ကြေးလုံးဝ ယူထားခြင်း မရှိတဲ့ လယ်ယာတွေကို ခြံစည်းရိုးခတ်တာကို လက်မခံနိုင်ဘူး၊ ညီမတို့အနေနဲ့ ငြိမ်းချမ်းစွာ တောင်းဆို သွားမယ်ပေါ့၊ ဆက်ပြီးသူတို့က လူစုခွဲခိုင်းလဲ ညီမတို့ ဆက်ပြီးတောင်းဆို သွားမှာပဲ၊ သူတို့ကတော့ လုံထိန်းအင်အား အပြည့်နဲ့ နေရာယူထားတယ်၊ ညီမတို့ ဒေသခံတွေ ကတော့ လူစုမခွဲဘူး၊ ဒီတိုင်း ပဲ နေနေတယ်၊ ညီမတို့မနေ့က ဖြိုထားတဲ့နေရာတွေကို သူတို့ကခြံစည်းရိုးပြန်လာခတ်တယ် ဆိုရင် ညီမတို့ကတော့ ငြိမ်းချမ်းစွာ တောင်းဆို ပြီးတော့ သူတို့ကိုအကြမ်းမဖက်ဖို့ ညီမတို့ကတော့ ငြိမ်းချမ်း စွာ ဆန္ဒပြသွားမှာပါ"

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာအဖြစ် ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ခတ်ထားတဲ့ လယ်ယာမြေတွေ ထဲက လျော်ကြေးမယူထားတဲ့ ဆည်တည်းရွာ မြောက်ဘက်က ခြံစည်းရိုးတွေကို ဒေသခံ ၂၀၀ လောက်က မနေ့က ဖြိုဖျက်ပြီး သပိတ်စခန်းဖွင့်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ သပိတ်စခန်းအနီးမှာ ရဲတပ်ဖွဲ့အင်အား ၂ဝဝ ကျော်လောက်ကို လုံခြုံရေးချထားပါတယ်။

ဒီလ ၂၂ ရက်နေ့က လျော်ကြေးမယူထားတဲ့ လယ်ယာမြေနေရာတွေကို ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး ခတ်တာကို တားမြစ်ခဲ့တဲ့ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ ၀င်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး မိုးကြိုးပြင် အလယ်ရွာကတောင် သူ ဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးခဲ့သလို ရွာသား ၁ဝ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီအတောအတွင်း ကျောက်ပန်းတောင်းမြို့နယ်က သံဃာတော် အပါး ၂ဝဝ ကျော်လောက်နဲ့ ဒေသခံ ၅ဝ လောက် က လက်ပံတောင်းတောင်မှာ ပဋိပက္ခတွေ ထပ်မံမပေါ်ပေါက်ဖို့အတွက် ဒီနေ့ ကျောက်ပန်းတောင်းမြို့ကို တစ်ပတ် ပတ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ခဲ့ပါတယ်။

RFA Burmese

ကြက်ခြေနီ တပ်ဖွဲ့ဝင်များကို ပါတီနိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကိစ္စများတွင် တာဝန်မပေးရန် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

သဘာဝဘေးအန္တရာယ်ဒဏ် ခံစားရသူများ၊ အရေးပေါ် ဒဏ်ရာရရှိသူများကို ကူညီကယ်ဆယ်ရန် ရည်ရွယ်ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် တပ်ဖွဲ့ဝင်များကို ပါတီနိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကိစ္စများတွင် တာဝန်ပေးအပ်ခြင်း မပြုရန် ထုတ်ပြန်ထားကြောင်း အဆိုပါအသင်း အမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်လှက The Voice သို့ ပြောကြားသည်။

ယင်းထုတ်ပြန်ချက်ကို ဒီဇင်ဘာလ ၂၉ ရက်နေ့က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကြက်ခြေနီ တပ်ဖွဲ့ဝင်များကို တာဝန်ပေးအပ်ခြင်း မပြုရန် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများကို အသိပေးထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (ထ/၁၆) ရပ်ကွက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲတွင် ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးက ထိုးကြိတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသည့်အတွက် ယင်းသို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အခြေအနေမှန်ကို စုံစမ်းနေတယ်။ တကယ်လို့ အပြစ်ရှိတယ် ဆိုရင်တော့ တပ်ဖွဲ့စည်းမျဉ်းအရ အရေးယူမယ်” ဟု ဦးခင်မောင်လှက ဆိုသည်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ကျင်းပသည့် ဒီဇင်ဘာလ ၂၇ ရက် ည ၇ နာရီခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးကို မဲပေးခွင့် မရခဲ့သူတစ်ဦးက အကျိုးအကြောင်း လာရောက်မေးမြန်းစဉ် အုပ်ချုပ်ရေးမှူးရုံးတွင် ရှိနေသည့် အရပ်ဝတ် ဝတ်ထားသော အမျိုးသားတစ်ဦးက ပြန်လည်ရှင်းပြစဉ် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူး ရုံးတွင်းရှိ အရပ်ဝတ် ဝတ်ထားသည့် အမျိုးသားမှာ ကြက်ခြေနီတပ်ဖွဲ့ဝင် အရာရှိတစ်ဦး ဖြစ်သည်ဟု သိရှိရကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အဆိုပါ ကိစ္စအပေါ် စုံစမ်းနေသူ တစ်ဦးထံမှ သိရှိရသည်။
The Voice

သာကေတတွင် လူသိများသော ဆရာဝန်တစ်ဦး အသတ်ခံရ


   
ရန်ကုန်၊ ဒီဇင်ဘာ ၂၉

လူနာများအပေါ် ဆက်ဆံရေးကောင်းစွာ ဆေးကုသပေးမှုကြောင့် လူသိများလာသော သာကေတမြို့နယ် ၂/မြောက်ရပ်ကွက်၊ ဇင်္ဂမလမ်းတွင် နေထိုင်သူ အသက် ၅၇ နှစ် အရွယ်ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးမှာ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉ နာရီခွဲက ၎င်း၏နေအိမ်၌ ဦးခေါင်းနှင့် မျက်နှာ ပေါက်ပြဲဒဏ်ရာများဖြင့် အသတ်ခံရကြောင်း မျက်မြင်တွေ့ရှိသူများနှင့် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အသတ်ခံရသူ ဒေါက်တာကြည်ဝင်းမှာ လူနာများနှင့် ပြောဆိုဆက်ဆံရာတွင် စိတ်သဘောထား ကောင်းမွန်သူ ဖြစ်ကြောင်း၊ လူငယ်တစ်ဦးက ဆရာဝန် လာရောက်ပင့်ခေါ်စဉ် ဆေးခန်းတံခါး ပိတ်ထားသဖြင့် ပတ်ဝန်းကျင်ကို မေးမြန်းပြီး မသင်္ကာသောကြောင့် ရပ်ကွက် တာဝန်ရှိသူများက ဆေးခန်းအတွင်း ဝင်ရောက်ကြည့်ရှုရာမှ အဝတ်မပါဘဲ သေဆုံးနေသော ဆရာဝန်ကို တွေ့ရှိခဲ့ရကြောင်း သေဆုံးသူ နေအိမ်မျက်နှာချင်းဆိုင်ရှိ ပညာရွှေပြည် ပုဂ္ဂလိက အထက်တန်းကျောင်းမှ ကျောင်းအုပ်ဦးစိုးအောင်က ပြောကြားသည်။

“တံခါးဖွင့်လိုက်တော့ သူ့အိပ်ခန်းထဲမှ ဝတ်လစ်စားလစ်နဲ့ ပက်လက်လန်ပြီး သေဆုံးနေတာ၊ သူ့အနားမှာလည်း သွေးစွန်းနေတဲ့ မီးပူတစ်လုံးနဲ့ မီးခံသေတ္တာကို ရိုက်ဖွင့်ထားတာလည်း တွေ့ရတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ အသတ်ခံရသူ ဒေါက်တာမှာ ၎င်းသေဆုံးခဲ့သော နေအိမ်တွင် အထွေထွေရောဂါကု ဆေးခန်းဖွင့်လှစ်ခဲ့သည်မှာ နှစ် ၃၀ ခန့် ကြာမြင့်နေပြီး လူပျိုကြီးဖြစ်ကာ တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း၊ အသတ်မခံရမီ နံနက် ၈ နာရီခန့်က ကျန်းမာရေးအတွက် လမ်းလျှောက်ပြီး နေအိမ်ပြန်လာသည်ကို အိမ်နီးချင်းများက တွေ့ရှိခဲ့ကြောင်း ယင်းအိမ်နီးချင်းများထံမှ စုံစမ်းသိရှိရသည်။

“ဆရာက မနက်တိုင်း လမ်းလျှောက်ထွက်တယ်၊ လူသတ်မှုမဖြစ်ခင် အမျိုးသား သုံးလေးယောက်က ဆေးခန်းထဲ ဝင်သွားပြီး သိပ်မကြာဘူး ပြန်ထွက်သွားပြီး ဆေးခန်းတံခါးကို ပြန်စေ့ခဲ့တာကို မြင်တဲ့သူ ရှိတယ်။ ဒီလို အသတ်ခံရမယ်လို့ ဘယ်သူမှ ထင်မထားဘူး၊ ဆရာက အရမ်းသဘောကောင်းတာ” ဟု ဇင်္ဂမလမ်းတွင် နေထိုင်သူ အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသမီးက ပြောဆိုသည်။

သေဆုံးခဲ့သော ဒေါက်တာမှာ သံဃာများကို အခမဲ့ ဆေးကုသပေးပြီး အနီးအနားမှ ဆေးလာကုသသည့် ဆင်းရဲနွမ်းပါးသူများကို ဈေးနှုန်းချိုသာစွာ ကုသပေးမှုကြောင့် လူသိများသည့် ဆရာဝန်တစ်ဦး ဖြစ်သကဲ့သို့ လူငယ်များနှင့် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံသူ ဖြစ်ကြောင်း ဇင်္ဂမလမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။

“လူသတ်မှုဖြစ်တဲ့ နေအိမ်ထဲ ဝင်တော့ ပေါင်းအိုးမီးလည်း လင်းနေတုန်း၊ ဆရာအိပ်တဲ့အခန်းက ဆလိုက်တံခါးလည်း ပျက်သွားပြီး လူသတ်သမားက တံခါးပြန်ထောင်ခဲ့တာမို့ တံခါးမှာ သွေးကွက်တွေ ပေကျံနေတယ်” ဟု ပညာရွှေပြည် ပုဂ္ဂလိက အထက်တန်းကျောင်းမှ ကျောင်းအုပ် ဦးစိုးအောင်က ပြောဆိုသည်။

အဆိုပါ ဒေါက်တာဦးကြည်ဝင်းမှာ ဆယ်ကျော်သက် လူငယ်များနှင့် ရင်းနှီးဆက်ဆံ နေထိုင်တတ်သူတစ်ဦး ဖြစ်ပြီး ကာလသားရောဂါ ကုသရာတွင် နာမည်ကြီး ဆရာဝန်တစ်ဦး ဖြစ်ကြောင်း၊ လူသတ်မှု ကျူးလွန်သူများက မီးခံသေတ္တာ ရိုက်ဖွင့်ခဲ့သော်လည်း ပျောက်ဆုံးမှုစာရင်းကို အတိအကျ သိရှိနိုင်ရန် ရပ်ဝေးတွင် နေထိုင်သည့် ၎င်း၏ မိသားစုဝင်များနှင့် ဆက်သွယ်ပြီး စုံစမ်းစစ်ဆေးနေကြောင်း သာကေတ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

လူသိများသော အထွေထွေရောဂါကု ဆရာဝန် အသတ်ခံရမှုကြောင့် ယင်းဆေးခန်းတွင် လာရောက်ကုသဖူးသူများနှင့် သာကေတမြို့နယ်တွင် နေထိုင်သူများ လာရောက်ကြည့်ရှုခဲ့သောကြောင့် သေဆုံးသူ ဒေါက်တာ၏ နေအိမ်ရှေ့တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း၊ သေဆုံးသူ ဆရာဝန်မှာ ဘယ်ဘက်မျက်လုံး ပေါက်ထွက်ကာ မျက်နှာနှင့် ဦးခေါင်းတို့၌ ပေါက်ပြဲဒဏ်ရာများဖြင့် ဝတ်လစ်စားလစ် သေဆုံးခဲ့သည့် ၎င်း၏ ရုပ်အလောင်းကို ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲအပ်ခဲ့ပြီး လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း သာကေတ မြို့မရဲစခန်းထံမှ သိရှိရသည်။
The Voice

ကြေးနီစီမံကိန်း ခြံစည်းရိုးကို လက်ပံတောင်း တောင်သူများ ဖြိုချ၊ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်

 
မုံရွာ၊ ဒီဇင်ဘာ ၂၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် ရဲတပ်ဖွဲ့၏ အကာအကွယ် ရယူကာ ဝမ်ပေါင်ကုမ္ပဏီက ခတ်ထားသော ခြံစည်းရိုးကို ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲတွင် လက်ပံတောင်း ဒေသခံ ၅၀၀ ကျော်က ပြန်လည်ဖျက်သိမ်းခဲ့ရာ ဒေသခံတောင်သူများက ခြံစည်းရိုးကို ဖြိုဖျက်နေချိန်တွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ခဲ့ကြောင်း လက်ပံတောင်း ဒေသခံများက ပြောကြားသည်။
“ဆည်းတည်းရွာနဲ့ တုံရွာကြားက အဓမ္မ သိမ်းယူခတ်ထားတဲ့ ခြံစည်းရိုး ကိုက် ၅၀ ကျော်ကို ပြန်ဖျက်လိုက်တာပါ။ ဆည်းတည်း၊ မိုးကြိုးပြင်၊ တုံရွာ စတဲ့ ကျေးရွာတွေက တောင်သူတွေ ပါတယ်။ ရဲတွေကတော့ ကိုယ်ထိလက်ရောက် လာတားတာတော့ မရှိဘူး။ သေနတ်ထောင် ပစ်တယ်” ဟု ဒေါ်ဝင်းဌေးက ဆိုသည်။
ဝမ်ပေါင်ကုမ္ပဏီက ခတ်ထားသော ခြံစည်းရိုးကို ဖျက်သိမ်းပြီးနောက်တွင် မတရားသိမ်းယူ ခံခဲ့ရေသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆည်းတည်းရွာ၏ အရှေ့မြောက်ဘက်တွင် ဆုံးရှုံးသွားသော လယ်ယာမြေများ ပြန်လည်ရရှိရေး စခန်းကို ဖွင့်လှစ်ခဲ့ကြောင်း တုံကျေးရွာ ဒေသခံ တောင်သူများက ပြောကြားသည်။
ဒီဇင်ဘာ ၂၂ ရက်နေ့မှ စတင်ကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် ဝမ်ပေါင်ကုမ္ပဏီ ရဲတပ်ဖွဲ့၏ အကူအညီဖြင့် လျော်ကြေးရယူထားခြင်း ယာမြေများတွင် ခြံစည်းရိုးခတ်ရာမှ ဒေသခံတောင်သူများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်ရွာမှ အသက် ၅၃ နှစ်အရွယ်ရှိ ဒေါ်ခင်ဝင်းမှာ နဖူးတွင် သေနတ်ကျည်ဆံ ထိမှန်သေဆုံးခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်ဖြစ်သူ ဒေါ်ခင်စန်းလှိုင်၊ ပညာရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမင်းခင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင် ဦးဆောင်သောအဖွဲ့ကို တွေ့ဆုံရာ၌ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကို လိုက်နာရန် အားနည်းခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
“လိုက်နာမှု အားနည်းတာ မဟုတ်ပါဘူး။ အစတည်းကိုက မလိုက်နာတာပါ။ ယုံကြည်ကိုးကွယ်မှုအရ လယ်တီသိမ်နဲ့ စေတီ ရွေ့ပြောင်းတဲ့ ကိစ္စမှာဆိုရင် ရှေးမူမပျက် ပြောင်းရွေ့ပေးဖို အစီရင်ခံစာမှာ အကြံပြုခဲ့ပေမယ့် ဒေါ်လာသန်းချီ ကုန်မယ်ဆိုပြီး မလုပ်ခဲ့ဘူး” ဟု လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ပညာရှင်အဖွဲ့ဝင် ဦးမင်းခင်က ဆိုသည်။
ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဖြစ်ပွားသော ပဋိပက္ခကြောင့် လက်ပံတောင်း ဒေသခံတစ်ဦး သေဆုံးမှုနှင့် ပတ်သတ်ပြီး တရုတ်အစိုးရနှင့် ဝမ်ပေါင်ကုမ္ပဏီက မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲခဲ့ရကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သော်လည်း မြန်မာအစိုးရကမူ ရက်သတ္တတစ်ပတ် ပြည့်မြောက်သည့် အချိန်ထိ ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။
The Voice

သစ်တော လက်ထောက်ညွှန်မှူးနှင့် သစ်တောဝန်ထမ်းများ အသတ်ခံရ


လင်းခေး၊ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် သစ်တော လက်ထောက်ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများသည် တရားမဝင်သစ်များ ဖမ်းဆီးရန် သွားရောက်စဉ် တောတွင်းတစ်နေရာ၌ လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့သောကြောင့် လက်ထောက်ညွှန်မှူး အပါအဝင် သစ်တောဝန်ထမ်း လေးဦး သေဆုံးခဲ့ကြောင်း လင်းခေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့က လက်ထောက်ညွှန်မှူး ဦးလှမင်းနှင့် သစ်တောဝန်ထမ်း ၁၀ ဦးခန့်သည် တရားမဝင်သစ်များ ဖမ်းဆီးရန် လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ သွားရာလမ်းရှိ ဝမ်ဆလောင်းရွာ အနီးသို့ ရောက်ရှိစဉ် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများမှာ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်း၊ တောခေါင်းဦးဘိုမင်း၊ ဦးသန်းထိုက်အောင်နှင့် ဦးစစ်ထွေးတို့ ဖြစ်ပြီး သစ်တောဦးစီးအရာရှိ ဦးခိုင်မော်နှင့် ကျန်ဝန်ထမ်းများ ဒဏ်ရာရရှိခဲ့ကြောင်း လင်းခေးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနရုံးသို့ ဆက်သွယ်မေးမြန်းရာ သစ်တောဝန်ထမ်းများ အသတ်ခံရသည်မှာ မှန်ကန်သော်လည်း အတိအကျပြောခွင့် မရှိကြောင်း အဆိုပါရုံးရှိ အရာထမ်းတစ်ဦးက ပြောဆိုသည်။

လင်းခေးမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အထိ ပထမ သတင်းပေးတိုင်ချက် မဖွင့်နိုင်သေးကြောင်း၊ ယင်းသို့ မဖွင့်နိုင်ခြင်းမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် အရာရှိအချို့သည် ရဲစခန်းနှင့် မိုင် ၃၀ ခန့် ဝေးကွာသည့် အခင်းဖြစ်နေရာမှ ပြန်လည် မရောက်ရှိသေးသောကြောင့် ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ယင်းဒေသသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၌သာမက သစ်ကုန်သည်များသည်လည်း တရားမဝင် လက်နက်ကိုင်ဆောင်သောကြောင့် သစ်ခိုးထုတ်သူ အချို့၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံ သစ်ကုန်သည်အချို့က မှတ်ချက်ပြု ပြောဆိုသည်။
The Voice

သစ်တော လက်ထောက်ညွှန်မှူးနှင့် သစ်တောဝန်ထမ်းများ အသတ်ခံရ


လင်းခေး၊ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် သစ်တော လက်ထောက်ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများသည် တရားမဝင်သစ်များ ဖမ်းဆီးရန် သွားရောက်စဉ် တောတွင်းတစ်နေရာ၌ လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့သောကြောင့် လက်ထောက်ညွှန်မှူး အပါအဝင် သစ်တောဝန်ထမ်း လေးဦး သေဆုံးခဲ့ကြောင်း လင်းခေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့က လက်ထောက်ညွှန်မှူး ဦးလှမင်းနှင့် သစ်တောဝန်ထမ်း ၁၀ ဦးခန့်သည် တရားမဝင်သစ်များ ဖမ်းဆီးရန် လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ သွားရာလမ်းရှိ ဝမ်ဆလောင်းရွာ အနီးသို့ ရောက်ရှိစဉ် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများမှာ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်း၊ တောခေါင်းဦးဘိုမင်း၊ ဦးသန်းထိုက်အောင်နှင့် ဦးစစ်ထွေးတို့ ဖြစ်ပြီး သစ်တောဦးစီးအရာရှိ ဦးခိုင်မော်နှင့် ကျန်ဝန်ထမ်းများ ဒဏ်ရာရရှိခဲ့ကြောင်း လင်းခေးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနရုံးသို့ ဆက်သွယ်မေးမြန်းရာ သစ်တောဝန်ထမ်းများ အသတ်ခံရသည်မှာ မှန်ကန်သော်လည်း အတိအကျပြောခွင့် မရှိကြောင်း အဆိုပါရုံးရှိ အရာထမ်းတစ်ဦးက ပြောဆိုသည်။

လင်းခေးမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အထိ ပထမ သတင်းပေးတိုင်ချက် မဖွင့်နိုင်သေးကြောင်း၊ ယင်းသို့ မဖွင့်နိုင်ခြင်းမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် အရာရှိအချို့သည် ရဲစခန်းနှင့် မိုင် ၃၀ ခန့် ဝေးကွာသည့် အခင်းဖြစ်နေရာမှ ပြန်လည် မရောက်ရှိသေးသောကြောင့် ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ယင်းဒေသသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၌သာမက သစ်ကုန်သည်များသည်လည်း တရားမဝင် လက်နက်ကိုင်ဆောင်သောကြောင့် သစ်ခိုးထုတ်သူ အချို့၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံ သစ်ကုန်သည်အချို့က မှတ်ချက်ပြု ပြောဆိုသည်။
The Voice

Monday, December 29, 2014

ဝမ်းပျက်ဝမ်းလျှောဖြစ်သူများ ထားဝယ်ဆေးရုံကြီးသို့ ဆက်တိုက်ရောက်လာနေ


|Dawei Watch| ထားဝယ်၊ ဒီဇင်ဘာ ၂၈
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခြင်းကြောင့် ထားဝယ်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင်  
ဆေးဝါးတက်ရောက်ကုသမှုခံယူရန်အတွက် ဒီဇင်ဘာလ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ တနေ့လျှင် ၁၀ဦးမှ 
၁၅ ဦးခန့်အထိ နေ့စဉ် ရောက်လာကြောင်း  တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ 
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများမှာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အပေါ်ရှိ 
ရပ်ကွက်အချို့နှင့် 
ထားဝယ်ဒေသအတွင်းရှိ ကျေးလက် ဒေသအတွင်း နေထိုင်သူများဖြစ်ကြောင်း သိရသည်။
ဆေးရုံတွင် ဆေးဝါးကုသခံယူနေသည့် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူများအနက် 
ထက်ဝက်ကျော်သည် 
ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။
ရောဂါဖြစ်ပွားသူများမှာ ရာသီဥတုအခြေအနေ၊ စားသုံးသည့်  အစားအသောက် ၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့နှင့် ဆက်စပ်ကာ ဖြစ်ပွားခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။
“အစားအသောက်က ဖြစ်တာများတယ်၊ ရေကြောင့်ဖြစ်တာတော့ လက်တလော မတွေ့သေးဘူး၊ 
လက်ရှိ ဆေးရုံမှာ၂၀ဦး  ဆေးဝါးကုသမှု ခံယူနေတယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ယင်းသို့ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုနှုန်းများလာခြင်းကြောင့် ထားဝယ်မြို့တွင် 
ကျန်းမာရေးဝန်ထမ်းအင်အား ၇၀ဦး၊ 
စည်ပင်ဝန်ထမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်းပြီး 
ကျန်းမာရေးအသိပညာပေးခြင်း၊ ရေတွင်း ရေကန်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရောဂါဖြစ်ပွားသူများကို 
ရှာဖွေကုသပေးခြင်းတို့ကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှစတင် နေ့စဉ်လုပ်ဆောင်လျက်ရှိသည်ဟု 
တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
“၀မ်းလျှောပြီး အန်တယ်၊ ဘာအစားမှားပြီး ၀မ်းကျ(၀မ်းသွား)တယ်ဆိုတာ မသိရသေးဘူး” ဟု 
ကြက်စားပြင်ရပ်ကွက်မှ ထားဝယ်ဆေးရုံကြီး ဆေးဝါးကုသ ခံယူနေရသော အသက် 
၁၃နှစ်အရွယ်ရှိသော လူငယ်တစ်ဦး၏ အစ်ကိုက ဆိုသည်။
ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသူများအနက် ၁၀ရာခိုင်နှုန်းက ရောဂါဖြစ်ပွားမှု ပြင်းထန်ကာ ရေခန်းခြောက်မှုဖြစ်ပွားသည်ဟု တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ရေကိုကျိုချက်သောက်ရန်၊ ယင်နားစာများ မစားရန်၊ 
ယင်လုံအိမ်သာ အသုံးပြုရန်၊ အစာမစားမီနှင့် အိမ်သာမှအဆင်းတွင် လက်နှစ်ဖက်လုံးကို ဆပ်ပြာဖြင့် 
စင်ကြယ်စွာဆေးကြောရန်၊ တစ်ကိုယ် ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ရန်၊ 
အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ရန်နှင့် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက နီးစပ်ရာ 
ကျန်းမာရေးဌာနသို့ သတင်းပို့ ကုသမှုခံယူကြပါရန်  ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။
 ထားဝယ်ဆေးရုံကြီးတွင် ၀မ်းပျက်ဝမ်းလျှောရောဂါကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့ 
ညနေပိုင်းတွင် ဆေးဝါးကုသခံယူရန် တက်ရောက်လာသူ ၁ ဦးရှိသည်ဟု ယင်းဆေးရုံထံမှ သိရသည်။

Dawei Watch

လက်ပံတောင်းအရေး ဆန္ဒပြသူများကို အရေးမယူဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးဆို

မန္တလေး၊ ဒီဇင်ဘာ ၂၇
တရားဝင်ခွင့်ပြုချက် မပေးထားသော်လည်း မန္တလေးမြို့မှ နိုင်ငံရေး အင်အားစုများ စုပေါင်းကာ လက်ပံတောင်းအရေး ကိစ္စအတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အင်အားငါးရာခန့် ပါဝင်သည့် ဆန္ဒထုတ်ဖော်မှုကို အရေးယူမည် မဟုတ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။
“ပြည်သူတွေနဲ့ ရင်ဆိုင်ထိပ်တိုက် တွေ့တဲ့အချိန်မှာတော့ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေချိုးဖောက် ရိုက်နှက်တာ တွေရှိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တဲ့အတွက် လာပြသူရဲ့ဆန္ဒလည်း ပြည့်သွားအောင် ကျွန်တော်တို့ လုံခြုံရေးဆိုဒ်ကလည်း လုံခြုံရေး ချိုးဖောက်မှု မရှိအောင် အားလုံး တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေအောင် သဘောမျိုးနဲ့ လုံခြုံရေးယူပေးတဲ့ သဘောပါပဲ။ အရေးယူ ဆောင်ရွက်ဖို့ မရှိပါဘူး” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အများအပြားကို တရုတ်ကောင်စစ်ဝန် ရုံးရှေ့တွင် လုံခြုံရေးချထားပြီး အင်အားနှင့် ပတ်သက်၍ ဖြေကြားနိုင်ခြင်း မရှိဟု ၎င်းက ပြောဆိုသည်။
ဆန္ဒပြသူများသည် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီခန့်အထိ ၇၃ လမ်း မင်္ဂလာဈေးမှ ၃၅ လမ်းအထိ လည်းကောင်း၊ ယင်းမှ ၆၅ လမ်းရှိ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန် ရုံးရှေ့အထိ လည်းကောင်း ရောက်ရှိခဲ့ပြီး လုံခြုံရေး ယူထားသည့် ပထမစည်းကို ဖြတ်ကျော်နိုင်ခဲ့ကာ ယင်းနေရာတွင် တစ်နာရီခန့် ထိုင်သပိတ် ပြုလုပ်ခဲ့ကြောင်း၊ ယင်းမှ ပြန်လည်ထွက်ခွာကာ ၆၆ လမ်းအတိုင်း လမ်း ၃၀ ကို ကွေ့ကာ ၇၈ လမ်း ဘူတာကြီးရှေ့အထိ လည်းကောင်း ယင်းမှ ၇၃ လမ်း မင်္ဂလာဈေးရှေ့တွင် ငြိမ်းချမ်းစွာဖြင့် ပြီးဆုံးခဲ့ကြကြောင်း ယင်းဆန္ဒပြပွဲအရ သိရှိရသည်။
ဆန္ဒထုတ်ဖော်သည့် နိုင်ငံရေး အင်အားစုများက လက်ပံတောင်းအရေးနှင့် ပတ်သက်ပြီး တင်ပြသည့် စာတစ်စောင်ကို တရုတ်ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူတစ်ဦးထံ လုံခြုံရေး တာဝန်ရှိသူများက တစ်ဆင့်လက်ခံနိုင်ရန် ဆောင်ရွက်သော်လည်း ယင်းရုံး တာဝန်ရှိသူများက ငြင်းဆိုသည်။
ယင်းလက်ပံတောင်းအရေး ဆန္ဒထုတ်ဖော်ပွဲတွင် ဦးပိုင်၊ ဝမ်ပေါင်အလိုမရှိ၊ လူသတ်အစိုးရ အလိုမရှိ၊ လယ်သမားရန်သူ တို့ရန်သူ၊ အလုပ်သမားရန်သူ တို့ရန်သူ၊ ပြည်သူ့ရန်သူ တို့ရန်သူ စသည့် ကြွေးကြော်သံများ ပါဝင်မည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။
မန္တလေးနိုင်ငံရေး အင်အားစုများက လက်ပံတောင်းအရေး ဆန္ဒထုတ်ဖော်ပွဲကို ဆက်လက်ပြုလုပ်ရန် ရှိပြီး နေ့ရက်ကို ထပ်မံကြေညာမည်ဟု ၎င်းတို့က ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လက်ပံတောင်း ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်မှုကြောင့် ဒေသခံနှင့် ရဲတပ်ဖွဲ့ကြား ပြင်းထန်သည့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ဒေသခံအချို့ ဒဏ်ရာရရှိခဲ့သည်။ လက်ပံတောင်းတောင် အရေးကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့၊ မြင်းခြံမြို့၊ မိတ္ထီလာမြို့တို့တွင် ဆန္ဒပြပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။
The Voice

ထိုင်းအစိုးရ တားမြစ်လို့ NCCT အစည်းအဝေး ပြုလုပ်ခွင့်မရ


ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT အစည်းအဝေးကို ထိုင်းအစိုးရက တားမြစ်တာကြောင့် ကျင်းပခွင့် မရဘူးလို့ အဲဒီအဖွဲ့ဝင် ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ချင်းမိုင်မြို့မှာ ဒီဇင်ဘာ၂၆ ရက်နေ့က NCCT အဖွဲ့ဝင်တွေ ညှိနှိုင်းအစည်း အဝေးပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အစည်းအဝေး လုပ်မယ့်ကိစ္စကို ထိုင်းအစိုးရဆီ ခွင့်ပြုချက် တောင်းခံထားတာ မရှိတဲ့အတွက် အခုလို့ တားမြစ်ခံရတာလို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့က ကြိုတင် အကြောင်းကြားထားမှု မရှိတဲ့အတွက် အစည်းအဝေးကို မလုပ်ပါနဲ့ ဆိုပြီး လာတားတယ်” လို့ သူက ဆက်ပြောပါတယ်။

အရင်က ထိုင်းနိုင်ငံအတွင်းမှာ မြန်မာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အစည်းအဝေးပြုလုပ်ရင် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေကိုပဲ အကြောင်းကြား ရတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေဆီကနေ သိရှိရပါတယ်။

အခုတော့ ထိုင်းတပ်မတော်သို့ တရားဝင်ခွင့်ပြုချက် တောင်းခံရမယ်ဆိုပြီး နိုဝင်ဘာလ ဒုတိယအပတ် အတွင်းမှာ တပ်မ ၃ စစ်ဒေသ တိုင်းမှူးက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆီသို့ အကြောင်းကြားခဲ့တယ်လို့ သူတို့ဆီကနေ သိရှိရပါတယ်။

ထိုင်းတပ်မတော်က အဲဒီလို လုပ်ဆောင်တာဟာ စည်းမျဉ်းစည်းကမ်းအရ လုပ်တာလို့ ယူဆရပြီး တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ထိုင်းနိုင်ငံ အတွင်းပြုလုပ်မယ့် အစည်းအဝေးတွေ အပေါ် ထိခိုက်မှု ကြီးကြီးမားမား မရှိနိုင်ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တစ်ချို့က သုံးသပ်ပါတယ်။

ဒါပေမယ့်လည်း ထိုင်း-မြန်မာ တပ်မတော် နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုတွေအရ ဖိအားပေးတဲ့ သဘော သက်ရောက်တယ်လို့ သူတို့က ဆိုပါတယ်။

အခုနှစ် ဇူလိုင်လအတွင်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်မှာ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်ကြား ပူးပေါင်း လုပ်ဆောင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ အဖွဲ့ကလည်း အောက်တိုဘာလ ဒုတိယအပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
The Voice

ပြည်သူများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာရန် အစိုးရ၌ အဓိကတာဝန်ရှိပြီး ပြည်သူအပေါ် တာဝန်မသိသည့် အစိုးရ တက်လာပါက ပြည်သူများသာ နစ်နာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



အိမ်မဲမြို့ ကမ်းနားလမ်းရှိ ပွင့်သစ်ဦး စားသောက်ဆိုင်တွင် ဒီဇင်ဘာ ၂၈ ရက်က ဒေါ်အောင်ဆန်းစုကြည် လူထုအား မိန့်ခွန်းပြောကြားစဉ်

ပြည်သူများ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိလာရန် အစိုးရ၌ အဓိကတာဝန်ရှိပြီး ပြည်သူအပေါ် တာဝန်မသိသည့် အစိုးရ တက်လာပါက ပြည်သူများပင် နစ်နာလိမ့်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ ကမ်းနားလမ်းရှိ ပွင့်သစ်ဦး စားသောက်ဆိုင်၌ ဒီဇင်ဘာ ၂၈ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် ပြည်သူများ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခြင်း ဖြစ်သည်။

လူ၏သက်တမ်းအား အသက်မည်မျှ ရှည်သည်ကို တိုင်းတာ၍မရဘဲ အများအကျိုးအတွက် မည်သို့ဆောင်ရွက်ပေးခဲ့သည်ကို အခြေခံ၍သာ လူများ၏ သက်တမ်းကို တိုင်းတာရကြောင်း၊ အသက်ရှင်စဉ်ကာလတွင် ကိုယ့်၏တာဝန်များအား ပြည့်ပြည့်၀၀ ထမ်းဆောင်သွားနိုင်ပါက လူတစ်ယောက်၏ အသက်သည် ပြည့်ဝပြည့်စုံမည် ဖြစ်ကြောင်း၊ အသက်မည်မျှပင်ရှည်ရှည် တာဝန်မကျေပါက ပြည့်စုံသည့်ဘ၀ဟု ပြော၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းအား ဥပမာပေး ပြောကြားသည်။ 

မိမိတို့ လူတစ်ဦးချင်းသည် ကိုယ့်တာဝန် ကိုကျေမှသာ နိုင်ငံတိုးတက်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ အားကိုးမနေသင့်ဘဲ ကိုယ့်ကိုယ်ကိုယ် အားကိုးရန် လိုကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အားကိုးသည့် ပြည်သူလူထု ဖြစ်လာမှသာလျှင် နိုင်ငံသည်လည်း တိုးတက်နိုင်မည့်အပြင် တခြားတန်ဖိုးထားနိုင်မည်ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှလည်း တခြားသူပေါ်မှာ မုဒိတာ ပွားနိုင်မည်ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပြည့်ဝသည့် ပြည်သူများ ဖြစ်မည်ဆိုပါက ပြည်သူလူထုကြားတွင် ပိုမိုသွေးစည်းမှု ခိုင်မာ၍ နိုင်ငံသည်လည်း ပိုမိုစည်းရုံး ညီညွတ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့အတွက် ဒါဟာ အစိုးရမှာလည်း တာဝန်တွေ အများကြီး ရှိပါတယ်။ အစိုးရလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ တာဝန်တွေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားများဟာ ကျန်းမာရေးအရ၊ ပညာရေးအရ အခြေခံကောင်းတယ်ဆိုရင် စပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတယ်။ ကျန်းမာရေးကလည်း မကောင်းဘူး။ ပညာကလည်း မပြည့်စုံဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက နည်းပါးလာတယ်။ အဲဒီတော့ ပြည်သူ့ပြည်သားများ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု ရှိနိုင်ဖို့အတွက် ဒီတာဝန်တွေကို အုပ်ချုပ်တဲ့ သူတွေက အဓိကစံထား ထမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြန်မာနိုင်ငံကို ၂၁ ရာစုနှစ်နှင့်အညီ ကိုက်ညီအောင် တိုးတက်စေချင်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်လောက်သည် အာဏာရှင်လက်အောက်၊ ကိုလိုနီ အစိုးရလက်အောက်၊ စစ်အာဏာရှင် လက်အောက်တွင်သာ နေထိုင်ခဲ့ရပြီး ပြည်သူ့အစိုးရဖြစ်သည့် ဒီမိုကရေစီ အစိုးရလက်အောက်တွင် နေခဲ့ရသည့် အချိန်မှာနည်းပါး၍ မိမိတို့ တိုးတက်မှုလည်း နည်းပါးခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားသည်။ 

“ဒါပေမဲ့ ဘယ်လိုအစိုးရစနစ် ရှိလည်းဆိုတာ ပြည်သူလူထုပေါ်မှာလည်း တည်ပါတယ်။ တချို့က ဘာအစိုးရ တက်လာတက်လာ ကိုယ်နဲ့မဆိုင်သလိုဘဲ။ ဆိုင်ပါတယ်။ အဲဒါကို ခေါင်းထဲမှာ အများကြီးထားဖို့ လိုတယ်။ ပြည်သူပေါ်မှာ တာဝန်မသိတဲ့ အစိုးရတက်လာရင် ပြည်သူပဲ နာရတာပဲ။ ဒါကြောင့် ဒီကိစ္စတွေအားလုံး၊ နိုင်ငံရေးကိစ္စတွေ အားလုံး၊ အစိုးရနဲ့ ပတ်သက်တဲ့ ကိစ္စတွေ အားလုံးဟာ ပြည်သူနဲ့ဆိုင်တယ်။ ပြည်သူမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတာကို ကျွန်မတို့ ပြည်သူတွေက စွဲစွဲမြဲမြဲ နှလုံးသွင်းထားဖို့ လိုပါတယ်။ ဒီမိုကရေစီဆိုတာ ဒါပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်သူလူထု ရွေးချယ်လိုက်သည့် အစိုးရများသည် ပြည်သူလူထု၏ ဆန္ဒကို လေးစားသည့် အစိုးရ၊ ပြည်သူလူထုအပေါ် စေတနာထားသည့် အစိုးရ၊ ပြည်သူလူထု၏ အကျိုးကို ထမ်းဆောင်နိုင်သည့် အရည်အချင်းရှိသော အစိုးရ၊ ပြည်သူလူထုအပေါ်တွင် ဖြောင့်ဖြောင့်မတ်မတ် ဆက်ဆံသည့် အစိုးရ ဖြစ်ရမည်ဖြစ်ပြီး ထိုသို့ အစိုးရမျိုး ဖြစ်ပေါ်ရန် ပြည်သူလူထု၌ တာဝန်ရှိကြောင်း၊ ပြည်သူလူထု အနေဖြင့် မိမိတို့ လိုချင်သည့် ပုံစံဖြစ်အောင် လုပ်မည်ဆိုသည့် စိတ်ဓာတ်မျိုးရှိမှသာ လိုချင်သည့်အစိုးရ ပေါ်လာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
EMG

နောက်သို့ ပြန်လိမ့်နေသည့် မြန်မာနိုင်ငံ


လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားအတွက် ဒီဇင်ဘာ ၂၆ ရက်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ ကိုယ်စားပြုအဖွဲ့များက အကြိုလေ့ကျင့်မှုများ ပြုလုပ်နေစဉ်နှင့် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ညွှန်းကိန်းပြဇယား အချို့
သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း သုံးနှစ်အလွန် လေးနှစ်တာကာလ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ၏ ပြုပြုင်ပြောင်းလဲမှုများ
 ရှေ့ဆက်မတက်နိုင်ဘဲ ဖြစ်နေသည်ကို  ပြည်တွင်း၊ ပြည်ပတွင် ကျယ်ကျယ်လောင်လောင် ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၁၄ ခုနှစ်သည် မြန်မာနိုင်ငံအတွက် နောက်ပြန်လိမ့်နေသော အခြေအနေ ဖြစ်ခဲ့ပြီး ထိုအခင်းအကျင်းကပင် ၂၀၁၄ ခုနှစ်အတွက် ထင်ရှားသော အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ကြောင်း Weekly Eleven News ဂျာနယ်က ဖော်ပြလိုက်သည်။

၂၀၁၄ ခုနှစ်အတွင်း နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်သော လမ်းစတစ်ခုဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ လမ်းခုလတ်မှာပင် ရပ်တန့်နေခဲ့ခြင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ကြွေးကြော်မှုဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအတွက် တိုက်တွန်းမှုများ ရှိခဲ့သည့်တိုင် အယောင်ပြနိုင်ငံရေး ထိပ်သီးတွေ့ဆုံ ထမင်းစားဝိုင်းသာ ဖြစ်ခဲ့ခြင်း၊ ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ်နိုင်ရန် ရည်မှန်းခဲ့သော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးမှု ဖြစ်မလာခဲ့ခြင်း၊ မရေရာသော နိုင်ငံရေး အခြေအနေများနှင့် အတူ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ခိုင်မာသော ကတိက၀တ်များ မရရှိခြင်းတို့က မြန်မာနိုင်ငံ နောက်ပြန်လိမ့်ခြင်းကို ဖော်ညွှန်းနေခဲ့သည်။

တရားဥပဒေ စိုးမိုးမှု လျော့ကျနေဆဲဖြစ်ပြီး မင်းမဲ့စရိုက်ဆန်သော အဖြစ်အပျက်များ၊ ပြစ်မှုပြစ်ဒဏ် မျှတမှု မရှိခြင်းများ အပါအ၀င် တရားမျှတမှု ကင်းမဲ့လာသည်ဆိုသော စွပ်စွဲချက်များ ရှိလာသည့် တရားစီရင်ရေး မဏ္ဍိုင်အပေါ် မကျေနပ်မှုများ၊ လွှတ်တော်အစီရင်ခံစာက ထောက်ပြသည့်တိုင် အုပ်ချုပ်ရေးပိုင်းက ပြေလည်အောင် ဖြေရှင်းမပေးနိုင်သေးသည့် လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများ၊ ဘာသာရေးအကြောင်းပြ လူမျိုးရေးပဋိပက္ခများ ဆက်ရှိနေခြင်း၊ လယ်သမားများစွာ တရားစွဲဆို ဖမ်းဆီးထောင်ချခံခဲ့ရခြင်းများ၊ ဂျာနယ်လစ်များကို အစိုးရအုပ်ချုပ်ရေးပိုင်းက တရားစွဲဆို၊ ဖမ်းဆီး၊ ထောင်ချခြင်းများ အစရှိသည်တို့ကလည်း ယခင်စစ်အစိုးရလက်ထက် ပုံစံများအတိုင်း ပြန်လည်ဖြစ်ပေါ်နေခဲ့သည်။ ထို့အပြင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုများသည် သန်း ၆၀ သော မြန်မာလူထု အားလုံးအတွက် သိသာထင်ရှားသော အကျိုးခံစားခွင့်များ ဖြစ်မလာခဲ့ဘဲ အစိုးရ၏ နိုင်ငံတကာ မျက်နှာပန်းလှရုံသာ ဖော်ဆောင်မှုများ ဖြစ်သည်ဆိုသော ပြည်သူလူထု၏ ခါးသီးချက်များမှာလည်း ၂၀၁၄ ခုနှစ်အတွင်း သိသိသာသာ ပေါ်ပေါက်လာခဲ့သည်။


၂၀၁၄ ခုနှစ်အတွင်း ဂျာနယ်လစ်များ ထောင်ချခံရမှု အဆိုးဆုံးနိုင်ငံများပြ ဇယား (Source:CPJ)
အမေရိကန်၊ ဥရောပသမဂ္ဂ (EU) အပါအ၀င် အာရှပစိဖိတ်ဒေသမှ ရင်းနှီးမြှုပ်နှံများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက် ခဲ့သော်လည်း ထိုရင်းနှီး မြှုပ်နှံမှုများနှင့် အကျိုးခံစားခွင့်မှာ မြန်မာလူထုနှင့် ဝေးကွာခဲ့သည်။

ပြည်သူလူထု၏ အခြေခံစားဝတ်နေရေး ပြဿနာမှာ ၂၀၁၄ ခုနှစ်အတွင်း ပိုမိုဆိုးရွားခဲ့သည်။ အစိုးရက တရားဝင်ထုတ်ပြန်ခဲ့သော ညွှန်းကိန်းများအရပင် မြန်မာနိုင်ငံ၏ အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ ယခင်ဘဏ္ဍာရေးနှစ် နှစ်နှစ်နှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံး ကိန်းဂဏန်းသို့ ရောက်ရှိနေခဲ့သည်။ နေရာထိုင်ခင်းအတွက် အိမ်ခြံမြေ ဈေးနှုန်းများကို အစိုးရက တရားဝင် ဖော်ပြထားခြင်း မရှိသော်လည်း တရားဝင် ဖော်ပြခဲ့သည့် အိမ်ငှားရမ်းခ နှုန်းထားများပင်လျှင် ယခင်ဘဏ္ဍာရေးနှစ် နှစ်နှစ်ထက် မြင့်မားလာခဲ့သည်။ ထိုကိန်းဂဏန်းများကလည်း ၂၀၁၄ ခုနှစ်အတွင်း မြန်မာပြည်သူ လူထုများ ပိုမိုဆိုးရွားသော စားဝတ်နေရေး အကျပ်အတည်းအတွင်း ရောက်ရှိနေသည်ကို ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ်အတွင်းမှာပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် ရပ်တန့်နေကြောင်း တရားဝင် ပြောကြားခဲ့သည်။ ထို့အတူ အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို ယခုထက်ပို၍ လုပ်ဆောင်ရန် အစီအစဉ် မရှိကြောင်း နိုင်ငံတကာမှ မြန်မာ့အရေး ကျွမ်းကျင်သူများက ထုတ်ဖော်ဝေဖန်ခဲ့ကြသည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အကြားတွင်လည်း မြန်မာနိုင်ငံ၌ လုပ်ကိုင်ရသည့် အခြေအနေအပေါ် ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ပြီး အခြေခံ အဆောက်အအုံ အပြည့်အစုံ မရှိခြင်း၊ စီမံခန့်ခွဲမှု အားနည်းချက်များနှင့် လာဘ်ပေးလာဘ်ယူမှုများ ရှိနေသဖြင့် လုပ်ကိုင်ရန် အခက်အခဲ တွေ့နေကြောင်း ပြောကြားလာကြသည်။

Transparency International အဖွဲ့က ဒီဇင်ဘာလ ပထမပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ညွှန်းကိန်းများအရ မြန်မာနိုင်ငံ၏ ခြစားမှုညွှန်းကိန်းမှာ စုစုပေါင်း ၁၇၄ နိုင်ငံ ရှိသည့်အနက် အဆင့် ၁၅၆ တွင် ရှိနေသည်။

ထိုပမာဏသည် ယခင်နှစ် ညွှန်းကိန်းထက် တိုးတက်လာသည် ဆိုသော်လည်း အာဆီယံနိုင်ငံများတွင် အနိမ့်ဆုံး ရောက်ရှိခဲ့သော အဆင့်ဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံအနက် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှာ အဆင့်တူအနေဖြင့် ခြစားမှုအဆိုးဆုံး နိုင်ငံများစာရင်း ၀င်ခဲ့သည်။


Economic Freedom မှ ထုတ်ပြန်ခဲ့သော၂၀၁၄ ခုနှစ်တွင်း မြန်မာနိုင်ငံ၏ အခြေအနေ
ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ၂၀၁၄ ခုနှစ်အတွက် ဖော်ပြခဲ့သော စီးပွားရေးလုပ်ကိုင်ရန် အဆိုးဆုံး နိုင်ငံများ စာရင်း၌လည်း မြန်မာနိုင်ငံ ပါဝင်ခဲ့ပြီး ၁၄၆ နိုင်ငံစာရင်းတွင် အဆင့် ၁၄၃ ၌ ရှိနေခဲ့သည်။

ထိုအချိန် မတိုင်မီက ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သော Economic Freedom ညွှန်းကိန်းများအရလည်း မြန်မာနိုင်ငံသည် အဆိုးဆုံးနေရာတွင် ရှိနေပြီး နိုင်ငံ ၁၆၅ နိုင်ငံအနက် အဆင့် ၁၆၂ တွင် ရှိနေခဲ့သည်။

ထိုကိန်းဂဏန်းများကို တွက်ချက်ရာ၌ ပစ္စည်းပိုင်ဆိုင်ခွင့်၊ တီထွင်မှု၊ အခွန်၊ နည်းပညာ၊ ခြစားမှု၊ လွတ်လပ်မှုနှင့်အတူ ရင်းနှီးမြှုပ်နှံသူများအပေါ် အကာအကွယ် ပေးနိုင်မှုများကို မူတည်ပြီး ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အချက်တစ်ခု အနေဖြင့် နိုင်ငံတကာ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ၏ ညွှန်းကိန်းများအရ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွင်း ဂျာနယ်လစ်များကို ဖမ်းဆီးထောင်ချမှု အဆိုးဆုံး ဆယ်နိုင်ငံစာရင်းတွင် ပါဝင်နေခဲ့ပြီး အီဂျစ်နှင့် ဆီးရီးယားတို့အပြီး နံပါတ်(၈)နေရာတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

Eleven Media Group ခေါင်းကြီးသတင်း