Pages

Friday, September 5, 2014

တောင်ကုတ်မြို့နယ် လူထုအကျိုးဆောင်ကော်မတီဖွဲ့စည်း

 DSCN1160
  ၅ စက်တင်ဘာ ၂၀၁၄
တောင်ကုတ်မြို့နယ်၏ ဒေသလိုအပ်ချက်များကို တစ်ဘက်တစ်လမ်းက ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် တောင်ကုတ်မြို့နယ် လူထုအကျိုးဆောင်ကော်မတီကို သြဂုတ်လ ၃၁ ရက်နေ့က အတည်ပြုဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိသည်။
သြဂုတ်လ ၃ဝ ရက်မှ ၃၁ ရက်အထိ ၂ ရက်နေ့များက ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ယင်းကော်မီတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးရဲမာန်ခိုင်က ပြောသည်။
“တောင်ကုတ်မြို့နယ်ရဲ့ ဒေသလိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ဖို့ ရည်ရွယ်ပြီး  တောင်ကုတ် မြို့လယ်ရှိ ဓမ္မာရုံကြီးမှာ ပြုလုပ်တဲ့ အစည်းအဝေးကနေ ဖွဲ့စည်းခဲ့တာပါ။ အတတ်နိုင်ဆုံး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်”ဟု သူက ဆိုသည်။
ယင်ဖွဲ့စည်းလိုက်သော လူုထုအကျိုးဆောင် ကော်မတီတွင် တောင်ကုတ်မြို့နယ်ရှိ နိုင်ငံရေးပါတီအသီးသီးနှင့် လူမှုအဖွဲ့အစည်းအသီးသီးတို့မှ လူငယ်၊ လူလတ်၊ လူကြီးများ ပါဝင်ကြောင်း သူက ဆိုသည်။
ရခိုင်ဒေသအကျိုးကို ဆောင်ရွက်ရန် ရခိုင်ပြည်နယ် မြို့နယ်တိုင်းနီးပါးတွင် တစ်မြို့နယ်ချင်းစီအလိုက် “ရခိုင်လူမှုကွန်ရက်” အမည်ဖြင့် အဖွဲ့ ဖွဲ့စည်းထားကြပြီး၊ ယင်းအထဲ တောင်ကုတ်မြို့တွင် ဖွဲ့စည်းထားသော ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)လည်း ပါဝင်သည်။
သို့သော် ယခုဖွဲ့စည်းလိုက်သော “တောင်ကုတ်မြို့နယ် လူထု အကျိုးဆောင်ကော်မတီ”မှာ ရခိုင်လူမှု ကွန်ရက် (တောင်ကုတ်)နှင့် သက်ဆိုင်မှုမရှိဘဲ သီးခြားအဖွဲ့အစည်းတစ်ခု အဖြစ်သာရပ်တည်သွားမည်ဖြစ်ကြောင်း အဆိုပါဆပ်ကော်မတီအဖွဲ့ဝင်တို့က ပြောသည်။
ယင်းဆပ်ကော်မတီကို နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကော်မတီတို့အပါအဝင် အဖွဲ့ဝင် ၅၈ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“အခု တောင်ကုတ်မှာဖွဲ့စည်းလိုက်တဲ့ ကော်မတီအနေနဲ့လည်း ဒေသရဲ့လိုအပ်ချက်ကိုလုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပြီး နောက်ပိုင်းမှာ  သူတို့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားရလိုမှုအတွက် လုပ်သွားမယ် ဆိုရင်တော့ ဒါကို ကျွန်တော်တို့ လုံးဝလက် မခံနိုင်ဘူး”ဟု တောင်ကုတ်မြို့ခံတစ်ဦးက သူ၏ အမြင်ကိုပြောသည်။
 နိရဉ္စရာ-  မာန်ယုကျော် (ရွှေဝမြေ)

တောင်ကုတ်မြို့နယ် လူထုအကျိုးဆောင်ကော်မတီဖွဲ့စည်း

 DSCN1160
  ၅ စက်တင်ဘာ ၂၀၁၄
တောင်ကုတ်မြို့နယ်၏ ဒေသလိုအပ်ချက်များကို တစ်ဘက်တစ်လမ်းက ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် တောင်ကုတ်မြို့နယ် လူထုအကျိုးဆောင်ကော်မတီကို သြဂုတ်လ ၃၁ ရက်နေ့က အတည်ပြုဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိသည်။
သြဂုတ်လ ၃ဝ ရက်မှ ၃၁ ရက်အထိ ၂ ရက်နေ့များက ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ယင်းကော်မီတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးရဲမာန်ခိုင်က ပြောသည်။
“တောင်ကုတ်မြို့နယ်ရဲ့ ဒေသလိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ဖို့ ရည်ရွယ်ပြီး  တောင်ကုတ် မြို့လယ်ရှိ ဓမ္မာရုံကြီးမှာ ပြုလုပ်တဲ့ အစည်းအဝေးကနေ ဖွဲ့စည်းခဲ့တာပါ။ အတတ်နိုင်ဆုံး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်”ဟု သူက ဆိုသည်။
ယင်ဖွဲ့စည်းလိုက်သော လူုထုအကျိုးဆောင် ကော်မတီတွင် တောင်ကုတ်မြို့နယ်ရှိ နိုင်ငံရေးပါတီအသီးသီးနှင့် လူမှုအဖွဲ့အစည်းအသီးသီးတို့မှ လူငယ်၊ လူလတ်၊ လူကြီးများ ပါဝင်ကြောင်း သူက ဆိုသည်။
ရခိုင်ဒေသအကျိုးကို ဆောင်ရွက်ရန် ရခိုင်ပြည်နယ် မြို့နယ်တိုင်းနီးပါးတွင် တစ်မြို့နယ်ချင်းစီအလိုက် “ရခိုင်လူမှုကွန်ရက်” အမည်ဖြင့် အဖွဲ့ ဖွဲ့စည်းထားကြပြီး၊ ယင်းအထဲ တောင်ကုတ်မြို့တွင် ဖွဲ့စည်းထားသော ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)လည်း ပါဝင်သည်။
သို့သော် ယခုဖွဲ့စည်းလိုက်သော “တောင်ကုတ်မြို့နယ် လူထု အကျိုးဆောင်ကော်မတီ”မှာ ရခိုင်လူမှု ကွန်ရက် (တောင်ကုတ်)နှင့် သက်ဆိုင်မှုမရှိဘဲ သီးခြားအဖွဲ့အစည်းတစ်ခု အဖြစ်သာရပ်တည်သွားမည်ဖြစ်ကြောင်း အဆိုပါဆပ်ကော်မတီအဖွဲ့ဝင်တို့က ပြောသည်။
ယင်းဆပ်ကော်မတီကို နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကော်မတီတို့အပါအဝင် အဖွဲ့ဝင် ၅၈ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“အခု တောင်ကုတ်မှာဖွဲ့စည်းလိုက်တဲ့ ကော်မတီအနေနဲ့လည်း ဒေသရဲ့လိုအပ်ချက်ကိုလုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပြီး နောက်ပိုင်းမှာ  သူတို့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားရလိုမှုအတွက် လုပ်သွားမယ် ဆိုရင်တော့ ဒါကို ကျွန်တော်တို့ လုံးဝလက် မခံနိုင်ဘူး”ဟု တောင်ကုတ်မြို့ခံတစ်ဦးက သူ၏ အမြင်ကိုပြောသည်။
 နိရဉ္စရာ-  မာန်ယုကျော် (ရွှေဝမြေ)

နမ့်ခမ်းမြို့ သတ္တုတူးဖော်မှုရပ်တန့်ရေး ဒေသခံလူထုထောင်ချီ ဆန္ဒပြ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဒေသခံများအတွက်ထိခိုက်နစ်နာမှုဖြစ်စေသော သတ္တုတူးဖော်ရပ်တန့်ရေးဆန္ဒထုတ်ဖော်ပွဲကို ယနေ့ မနက်ပိုင်း က ပြုလုပ်ခဲ့ ပါသည်။
သတ္တုတူးဖော်မှုကြောင့် ပြည်သူလူထု ထိခိုက်နစ်နာမှုအကြောင်းကို ဆန္ဒထုတ်ဖော်ရန်အတွက် မန့်ခမ်းရပ်ကွက်နှင့် စယ်ဟိုင်းကျေးရွာ ကြားရှိ နမ့်ဆီးရီးချောင်းဘေးသို့ နမ့်ခမ်းဒေသခံလူထုတို့
မနက် ၈းဝဝ နာရီက စုဝေးရောက်ရှိခဲ့ကြသည်။




  မနက် ၉းဝဝ နာရီ  နမ့်ဆီးရီးချောင်းမှ ထွက်လာကြရာ  မနက် ၁၀းဝဝ နာရီဝန်းကျင် မြို့လယ်ဘုရား (ပန်ပွဲ)သို့ရောက်ရှိလာကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူ စိုင်းအိုက်ထွန်း က ဆိုသည်။
“ပါဝင်ဆန္ဒပြတဲ့လူ ဦးရေ  ၃၀၀၀ ကျော်တယ် ၊ ထမင်းထုပ် ၂၆၀၀ ပြင်ထားတာ မလောက်ဘူးလေ။  ထပ်မှာရတာ၊ လမ်းတလျှောက်မှာ ရေသန့်နဲ့အချိုရည် အလှူရှင်တွေရှိတယ်၊ ဒီပွဲမှာ ကျနော်ကိုယ်တိုင် ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပဲဝမ်းသာကျေနပ်မိပါတယ် ” ဟု ၄င်းကပြောသည်။

 ဆန္ဒထုတ်ဖော်သူများ မြို့လယ်ဘုရား (ပန်ပွဲ) ရောက်ရှိချိန် သျှမ်းပြည်နယ်အသီးသီးမှ လယ်သမားခေါင်း ဆောင်များနှင့် နမ့်ခမ်းမြို့မှ လယ်သမားခေါင်းဆောင်များ - နမ့်ဆီးရီးချောင်းဦး၌ ကုမ္မဏီများမှ သတ္တုတူးဖော် မှုကြောင့် လယ်ယာမြေပျက်စီး ဆုံးရှုံးခဲ့ရသည့်အကြောင်း ကိုပြောကြားခဲ့ကြောင်း၊ ဆန္ဒထုတ်ဖော်သူများ မြို့လယ်ဘုရားတွင်ရောက်ရှိနေချိန် ဆန္ဒထုတ်ဖော်ရေး ခေါင်းဆောင် ရ ဦးအနက်  ၅  ဦးမှာ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇော်မင်းထံသွားရောက်ပြီး- ဒေသခံလယ်သမားများ၏ တောင်းဆိုချက်များကို  ဆောင်ရွက်ပေးဖို့  တောင်းဆိုခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရေးကော်မတီဝင်လူငယ် စိုင်းပီးက ဆိုသည်။

“ကျနော်တို့ ခေါင်းဆောင်  ၅  ဦးနဲ့ သျှမ်းမီဒီယာအဖွဲ့များက ထွေအုပ်ရုံးကို သွားပြီး အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ကိုတွေ့ခွင့်တောင်းတယ်၊  ဦးဇော်မင်းနဲ့ မတွေ့လိုက်ရဘူး။ မူစယ်ဘက် ခရီးထွက်တယ်လို့ ရုံးဝန်ထမ်းတွေ က ပြောတယ်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ဘဲ တွေ့ဆုံခဲ့ရတယ်၊ ပြည်သူလူထုအတွက် အရေးကြီးတဲ့နေ့ မှာမှ သူက ရုံးမှာမနေဘူးဆိုတော့ တမင်သက်သက် တိမ်းရှောင် နေတာလား လို့ ကျနော်တို့အတွက် တွေးစရာပေါ့ ”

 ဆန္ဒထုတ်ဖော်ပွဲကို မွန်းတည့် ၁၂းဝဝ နာရီတွင် ငြိမ်းချမ်းစွာရုပ်သိမ်းနိုင်ခဲ့ကြောင်း၊ ညနေ ၃ နာရီတွင်မူ ဆန္ဒပြ ခေါင်းဆောင်များအား ထွေအုပ်ရုံးမှ ခေါ်ယူတွေ့ဆုံကာ  သတ္တုတူးဖော်ရေးကုမ္မဏီများအား တူးဖော်မှုမှ ရပ်ဆိုင်းရန်  မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့် သြဂတ်စ်လ ၃၁ ရက် ရက်စွဲပါ ညွှန်ကြားထားသည့် စာတစောင်ကိုပေးအပ်လိုက်သဖြင့် ဆန္ဒပြခေါင်းဆောင်များ နားမလည်နိုင် ဖြစ်နေသည်ဟု  ၄င်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

မည်သို့ပင်ဆိုစေ သက်ဆိုင်ရာအာဏာပိုင်၏ ညွှန်ကြားစာအတိုင်း ကုမ္မဏီများမလိုက်လျောပေးပါက  ဆန္ဒ ထုတ်ဖော်ပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ဒေသခံ လယ်သမားများကပြောဆိုနေကြပါသည်။
နမ့်ခမ်းမြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်ရှိ အဆိုပါ သတ္တုတွင်းစီမံကိန်းမှာ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များက ဒေသခံများ၏အမည်သုံး၍ တူးဖေါ်နေသည်မှာ ပုဂ္ဂလိက ကုမ္မဏီများနှင့် ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့ပိုင် ကုမ္မဏီတို့ဖြစ်သည်ဟုလည်း နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောသည်။
သျှမ်းသံတော်ဆင့်

မေမြတ်နိုးသရဖူ သိမ်းဆည်းရန် ပြောကြား ခဲ့ခြင်း မရှိဟု နေရှင်နယ် ဒါရိုက်တာ မလှနုထွန်းတုံ့ပြန်

 
နိုင်ငံတကာ သတင်း စာမျက်နှာတွေမှာ ထိပ်တန်း သတင်း ဖြစ်နေတဲ့ မေမြတ်နိုးသရဖူ သိမ်းဆည်းခံရတဲ့ ဖြစ်စဉ်ရဲ့နောက်ကွယ်မှာ သူရှိမနေခဲ့ဘူးလို့ မေမြတ်နိုးရဲ့နေရှယ်နယ် ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တဲ့ မလှနုထွန်းက ငြင်းဆို လိုက်ပါတယ်။ Miss Asia Pacifci World 2014 အလှမယ်ဆု ရရှိခဲ့တဲ့ မေမြတ်နိုး ဟာ သူရရှိတဲ့သရဖူကို သုံးလတာ အသိအမှတ်ပြု ခံရပြီးနောက် သရဖူပြန်လည် ရုတ်သိမ်းခြင်း ခံခဲ့ရ ပါတယ်။

သရဖူရုတ်သိမ်းဖို့အတွက် Miss Asia Pacific World Organization ရဲ့ညွှန်ကြားရေးမှူး မလှနုထွန်းက Miss Asia Pacifci Myanmar Organization ကိုတိုက်တွန်းခဲ့တယ်လို့ အလှမယ်မေမြတ်နိုးက စက်တင်ဘာ (၂) ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ ဒါပေမယ့် မေမြတ်နိုးရဲ့နေရှယ်နယ် ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တဲ့ မလှနုထွန်းကတော့ သူ့အနေနဲ့ မေမြတ်နိုးရဲ့သရဖူကို ပြန်လည်သိမ်းဆည်းဖို့ တိုက်တွန်းခဲ့တာ မရှိဘူးလို့ MRTV-4 နဲ့ သီးသန့်တွေ့ဆုံစဉ် ပြောကြားပါတယ်။

Miss Asia Pacifci Myanmar Organization ပြိုင်ပွဲမှာဆုရရှိပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာပြီးနောက်ပိုင်း မလှနုထွန်းနဲ့ မေမြတ်နိုးတို့ဆက်ဆံရေး အဆင်မပြေတဲ့ သတင်းတွေမီဒီယာတွေမှာ ထွက်ပေါ်ခဲ့သလို မလှနုထွန်းက မေမြတ်နိုးအနေနဲ့ သရဖူပြန်သိမ်းခံရနိုင်တယ်လို့ သတိပေးမှုတွေလည်း မီဒီယာတွေကနေတစ်ဆင့် ပြောကြားထားတာရှိပါတယ်။ မေမြတ်နိုးက သရဖူပြန်လည်အပ်နှံစေချင်ရင် Miss Asia Pacific World Organization အနေနဲ့သူ့အပေါ် စွပ်စွဲပြောဆိုထားတာတွေကို တရားဝင်ပြန်လည်တောင်းပန်ဖို့ လိုအပ်မယ်လို့ သတိပေးပြောကြားထားပြီး မလှနုထွန်းကတော့ မေမြတ်နိုးအနေနဲ့ သရဖူပြန်အပ်မယ့်ကိစ္စကို ကိုရီးယားအဖွဲ့အစည်းနဲ့သာ ညှိနှိုင်းသင့်တယ်လို့ ပြောပါတယ်။

MRTV-4

အလုပ်ထုတ်ခံ သူဌေးကျွန်း အလုပ်သမားအရေး နေပြည်တော်ရောက်မှ ပြေလည်


Dawei Watch | ကော့သောင်း၊ စက်တင်ဘာ ၎
အလုပ်သမားများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်သဖြင့် တိုင်ကြားထားသော သူဌေးကျွန်းဟိုတယ်မှ အလုပ်သမား အရေးမှာ မြို့နယ်မှ တိုင်းအဆင့်ဆင့်တွင် ပြေလည်မှုမရှိဘဲ နေပြည်တော်ခုံသမာဓိ ကောင်စီထံတိုင်ကြားပြီးနောက် နောက်ဆုံး ပြေလည်မှုရရှိသွားကြောင်း အလုပ်သမားများကပြောကြားသည်။
အလုပ်သမား လေးဦးအား အလုပ်ထုတ်ပယ်ခဲ့ခြင်း အတွက် သက်တမ်းကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် အလုပ်သမားများအနေဖြင့် နစ်နာကြေးငွေ ၁၈ လစာ ခံစားခွင့်ပြုရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ခုံသမာဓိကောင်စီက နှစ်ဖက် တင်ပြချက်များကို သုံးသပ်ကာ အလုပ်သမားလေးဦးကို လစာငွေ၏ ၇ ဆခွဲဝန်းကျင်ရှိ နစ်နာကြေးပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အလုပ်သမားများမှာ နို့တစ်ကြေး တစ်လစာ၊ အလုပ်ရပ်စဲမှု နစ်နာကြေး ငါးလစာ၊ လစာနှင့် ၀န်ဆောင်မှုကြေး တစ်လစာ၊ တစ်နှစ်စာ ခွင့်ရက်ခံစားမှု ၂၅ ရက်စာ အသီးသီး ပေးအပ်ရန် ခုံသမာဓိကောင်စီက သြဂုတ်လ ၂၅ ရက်နေ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ အငြင်းပွားမှုနှင့် ပတ်သက်ပြီး ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက် အပေါ် ကျေနပ်ကြောင်း နစ်နာကြေးငွေရရှိသော အလုပ်သမားများကဆိုသည်။
ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် အရ ကိုအောင်ဇော်ဦး ၆၄၈၂၅ ဘတ် (ကျပ်ငွေ ၁၉ သိန်းကျော်)၊ ကိုဇေယျာစိုးက ၇၉၅၀၀ ဘတ် (ကျပ်ငွေ ၂၄ သိန်းနီးပါး)၊ ကိုပြည်စိုးနှင့် ကိုဌေးမြင့်တို့က ၅၃၈၂၅ ဘတ် (ကျပ်ငွေ ၁၆ သိန်းကျော်) အသီးသီး ရရှိခဲ့သည်။
၎င်းတို့၏ ရရှိငွေများကို ကော့သောင်းမြို့နယ် အလုပ်သမားဦးစီးဌာနရုံးတွင် စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ်အချိန်တွင် မြိတ်မြို့နယ် အလုပ်သမား ဥပဒေအရာရှိ ဦးဌေးမြင့်က လာရောက် ပေးအပ်ခဲ့သည်။
အလုပ်သမားများလုပ်ခလစာ ပုံမှန်ရရှိရေး ဧပြီလအတွင်း ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် သုံးလအကြာ ယင်းအလုပ်သမား လေးဦးကို အလုပ်စည်းကမ်းနှင့် မညီဟုဆိုကာ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ 
Dawei Watch 

ဧရာဝတီမြစ်ကြောင်းတွင် စက်လှေ၊ သင်္ဘောများကို အုပ်စုဖွဲ့ လုယက်နေ

 
မန္တလေးတိုင်း ဒေသကြီး အတွင်း ဧရာဝတီမြစ်ကြောင်း တလျှောက်မှာ ခုရက်ပိုင်း အတွင်း ကုန်တင်သင်္ဘောနဲ့ စက်လှေပေါ်က ကုန်ပစ္စည်းတွေကို အုပ်စုဖွဲ့ လုယက်မူတွေ ရှိနေတာကြောင့် ၂၄ နာရီ လုံခြုံရေးချ စောင့်ကြည့် နေတယ်လို့ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။

မန္တလေးခရိုင် အမရပူရမြို့နယ်၊ ရတနာပုံတံတားကနေ ပုသိမ်ကြီးမြို့ နယ် သရက်တပင် ကျေးရွာအတွင်း ဒီရက်ပိုင်းမှာ အုပ်စုဖွဲ့ပြီး လုယက်မူတွေ ရှိလာတာကြောင့် ရဲတပ်ဖွဲ့က လှည်းကင်း၊ ၀ပ်ကင်းတွေနဲ့ အချိန်ပြည့် လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဇော်မင်းဦးကတော့ မန္တလေးခရိုင်အတွင်းက ဆိပ်ကမ်း ၁၀ ခုမှာ ရေကြောင်း၊ ကုန်တင်ကုန်ချ၊အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“မြစ်ကြောင်းတလျှောက်က ဆိပ်ကမ်းတွေ၊ မြို့နယ်တွေ အကုန်ပါတာပေါ့။ အမရပူရပါတယ်။ မဟာအောင်မြေပါမှာပေါ့။ ဟိုဘက်ကဆို ပုသိမ်တို့ ပါတာပေါ့။ ဆိပ်ကမ်း ၁၀ ခုရှိတဲ့အတွက် အဲဒီ ၁၀ ခုမှာတော့ ရေကြောင်းတွေပါတယ်၊ ကုန်တင်ကုန်ချအဖွဲ့တွေပါတယ်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီးတော့ ဆိပ်ကမ်း ၁၀ ခုမှာ နေ့စဉ် ကင်းလှည့်တာတွေ ရှိတယ်။ ကမ်းနားတွေမှာလည်း လှည့်ကင်းတွေနဲ့ စိုးမိုးတာတွေရှိတယ်။ အဲဒါတွေ လက်ရှိဆောင်ရွက်နေတယ်။”

စက်တင်ဘာလဆန်းက ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ မော်တော်တစီးကို အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးပါတဲ့ စက်လှေတစ်စီးက ကပ်လာပြီး လုံခြုံရေးအဖွဲ့ကို လေးခွနဲ့ပစ်ခဲ့တဲ့ အတွက် သေနတ်နဲ့ ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ရတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လုယက်တဲ့သူတွေဟာ စက်လှေတွေနဲ့ ရောက်လာကြပြီး ကုန်သင်္ဘောတွေပေါ်က ဆန်အိတ်၊ ဘက်ထရီအိုး စတဲ့ပစ္စည်းတွေ လုယက်ယူသွားကြကြောင်း၊ လူမိရင် သူတို့မလိုက်နိုင်အောင် လေးခွနဲ့ ပြန်လည်ပစ်ခတ်ထွက်ပြေးလေ့ရှိတဲ့အတွက် ၂၄ နာရီလုံခြုံရေး ပေးနေရတယ်လို့ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။

၂၀၁၀-၂၀၁၁ ခုနှစ်တွေတုန်းကလည်း အလားတူဖြစ်ရပ်မျိုးရှိခဲ့ဖူးပြီး စစ်ကိုင်းတိုင်းဒေသကြီး နောက်ကြည့်ကျွန်း ဒေသကနေ လာရောက် လုယက်တဲ့ တရားခံ ၁၈ ဦးကို ဖမ်းမိခဲ့တယ်လို့ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

By ထွန်းထွန်းသိန်း (ဒီဗွီဘီ)

အဆင်ပြေလျှင် ကြော်ငြာများကို ကလစ် ပေးပါ

တိုင်း၊ခရိုင်၊မြို့နယ် အုပ်ချုပ်ရေးမှူးများကိုလူထု ရွေးချယ်ပိုင်ခွင့်ရှိရေး လယ်သမားဆန္ဒပြပွဲတွင်တောင်းဆို



 ဓာတ်ပုံ -Champion Win Kyaw(Facebook)
၊ ထားဝယ်၊ စက်တင်ဘာ ၅

တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကို ပြည်သူလူထုမှ ရွေးချယ်ဖြုတ်ချပိုင်ခွင့်ရှိသည့် ဥပဒေပြဌာန်းပေးရန် လယ်မြေပြဿနာဖြေရှင်းပေးရေးအတွက် ထားဝယ်လယ်သမားများ တတိယအကြိမ်ဆန္ဒထုတ်ဖော်ရာတွင် အချက်တစ်ချက်အနေနှင့် တောင်းဆိုခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် လယ်ယာမြေပြဿနာကိုတရားနည်းလည်းတကျဖြေရှင်းပေးရေး တတိယအကြိမ် ဆန္ဒထုတ်ဖော်ကြသည့် လယ်သမားများကထောင်ကျနေသည့်လယ်သမားလွှတ်ပေးရေး၊ လယ်ယာမြေပေါ်တွင် စီမံကိန်းအကောင်အထည်ဖော်မှုချက်ချင်းရပ်၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် အထက်ပါအတိုင်းအုပ်ချုပ်ရေးမှူးများကို ပြည်သူကရွေးချယ်ခန့်အပ်နိုင်သည့် ဥပဒေပြဌာန်းပေးရေးစသည်အချက်များကိုကြွေးကြော်သံများနှင့် ပိုစတာ၊ဆိုင်းဘုတ်များ ဖြင့် တောင်းဆိုခဲ့ကြသည်။

လယ်သမားများ၏ လယ်ယာမြေများကိုသိမ်းဆည်းထားသူများမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများဖြစ်ကာ ယင်းအုပ်ချုပ်ရေးမှူးများသည် လယ်သမားများ၏ ဘ၀ကိုညှာတာထောက်ထားမှုမရှိသည့်အတွက် ပြည်သူများကရွေးချယ်တင်မြှောက်နိုင်ပါက ပြည်သူများဖြစ်သည့် လယ်သမားများကိုလည်းအနိုင်ကျင့်မှုမျိုးပြုလုပ်တော့မည်မဟုတ်ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ဒေါ်ရီရီထွေးကဆိုသည်။

“မြေသိမ်းတဲ့ ကောလိပ်တော်အရာရှိ (ခရိုင်အုပ်ချုပ်ရေးမှူး) က လူတွေ ရွေးချယ်ထားတဲ့သူမဟုတ်ဘူး။ နင်တို့ဘာပဲလုပ်လုပ် ငါတို့ဘယ်တော့မှ မပြုတ်ဘူးဆိုတဲ့ သဘောထားတွေ သူတို့မှာရှိတယ်။ အဲဒါကြောင့် ပြည်သူလူထုကတင်မြှောက်၊ ဖြုတ်ချနိုင်အောင် အဲဒီလိုတောင်းဆိုရတာပါ” ဟုဒေါ်ရီရီထွေးကပြောသည်။

ယင်းသို့ ဥပဒေပြဌာန်းပေးနိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးမှသာ ပြဌာန်းနိုင်မည်ဖြစ်သည့်အတွက် ယင်းအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ပုဒ်မ ၄၃၆ ကိုပြင်ဆင်ပေးရေးကိုတောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဖြစ်နိုင်ပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုတောင်ပြည်သူက ရွေးချယ်သေးတာပဲ။ အဲဒီဥပဒေပြဌာန်းဖို့ကို လွှတ်တော်ထဲမှာအဆိုတင်သွင်းဖို့ ကြိုးစားနေပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ပြောသည်။

လယ်ယာမြေပြဿနာကိုတရားနည်းလမ်းတကျဖြေရှင်းပေးရေးအတွက် လယ်သမားအမျိုးသမီးအင်အား ၃၀ ခန့်ဖြင့် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီမှ ၁၀ နာရီအထိ ထားဝယ်မြို့တွင်းတွင် လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထားဝယ်မြို့ ကမြောကင်းလမ်းရှိသိမ်းဆည်းခံလယ်ယာမြေကိစ္စတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ရသင့်ရထိုက်သူများကို အိမ်ရာမြေကွက်များ ပြန်လည်နေရာချထားပေးခဲ့ပြီး ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော် ဒဿမပုံမှန်အစည်းအဝေးတွင် မေးမြန်းမှုကို ဖြေကြားခဲ့သော်လည်း အောက်ခြေတွင်မူ အမှန်တကယ် လယ်လုပ်နေသည့် လယ်သမားများအနေဖြင့် ဆန္ဒဖော်ထုတ်နေရဆဲဖြစ်သည်ဟု လယ်သမားများက ပြောသည်။

အစိုးရမှ မြို့ပြစီမံကိန်းကို အကောင်အထည်ဖော်နေသည့် လယ်ယာမြေများမှ အမျိုးသားလယ်သမား ၁၀ ဦး ထောင်ကျပြီးနောက် ယင်းမြေများပေါ်တွင် မြေတိုင်းတာခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မှုများကို လုပ်ဆောင်လာသည့်အတွက် ရှိသည့်လယ်သမားအင်အားဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဒေါ်ရီရီထွေးက ရှင်းပြသည်။

“အမျိုးသားတွေက ထောင်ကျနေတယ်”ဟု ၎င်းက ဆိုသည်။

ထားဝယ်လယ်သမားများသည် ၂၀၁၃ ခုနစ် နိုဝင်ဘာလ ၁၁ ရက်နေ့နှင့် ၂၀၁၄ ခုနစ် ဇန်န၀ါရီလ ၁၇ နေ့ရက်နေ့တို့တွင် ဆန္ဒနှစ်ကြိမ်ထုတ်ဖော်ခဲ့ဖူးသည်။

အစိုးရမှ သိမ်းဆည်းထားသည့် လယ်ယာမြေပေါ်တွင် မြို့ပြစီမံကိန်း အကောင်အထည်ဖော်မှုကို တားဆီးသည်ဟုဆိုကာ တရားစွဲခံရသည့် လယ်သမား ၁၉ ဦးအနက် အမျိုးသားလယ်သမား ၁၀ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ ရက်အပါအ၀င် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး အမျိုးသမီးလယ်သမား ၉ ဦးကို ငွေဒဏ်အသီးသီးကို ဇူလိုင်လ ၁၆ ရက်နေ့က ထားဝယ်မြို့နယ် တရားရုံးက အမိန့်ချခဲ့သည်။

ယင်းအမှုကို လယ်သမားများ၏ အကျိုးဆောင်ရှေ့နေမှ ခရိုင်တရားရုံးတွင် အယူခံဝင်လျက်ရှိပြီး လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ခရိုင်တရားရုံးမှ အမိန့်ချမှတ်မည်ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

Dawei Watch

အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံတကာနှင့် မြန်မာ ပူးပေါင်းဆောင်ရွက်

မြန်မာနဲ့ အိန္ဒိယ တိုက်နယ်မှာ jihad စစ်ပွဲ ဆင်နွှဲသွားမယ်လို့ al-Qaida ခေါင်းဆောင် Ayman al Zawahri က ပြောကြားလိုက်တဲ့အပေါ် အမျိုးသားရေး အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ကာကွယ် သွားမယ်လို့ မြန်မာ အစိုးရဘက်က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။   မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသက မွတ်စလင်တွေအတွက် al-Qaidaရဲ့ အိန္ဒိယ အဖွဲ့ခွဲ ဖွဲ့စည်းပြီးစီး လိုက်ပြီဖြစ်ကြာင်းစက်တင်ဘာ ၃ ရက်နေ့က
ကြေညာခဲ့အပြီး အခုလိုပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့  ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေး ထားပါတယ်။
မြန်မာနိုင်ငံကို al-Qaida ၀င်ပြီး ဘာသာရေး စစ်ပွဲ jihad ဆင်နွဲမယ် လို့ အဖွဲ့ခေါင်းဆောင် Ayman al Zawahri က ခြိမ်းခြောက်ပြောဆိုမှု
အပြီးမှာပဲ မြန်မာနိုင်ငံဘက်က ဒီကိစ္စ အပေါ်မှာ  အထူးသတိထားပြီး
တစ်နိုင်ငံလုံး ဆိုင်ရာ အမျိုးသား အဆင့် ကာကွယ်မှုတွေနဲ့ အတူ နိုင်ငံတကာ
နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပြင်ထားကြောင်း သမ္မတရုံး အကြီးတန်း
အရာရှိတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။
"ခြုံပြီးပြောရရင် ကျနော်တို့ အမျိုးသားလုံခြုံရေးပေါ့နော်။ အမျိုးသား လုံခြုံရေး နဲ့ နိုင်ငံတော် ကာကွယ်ရေးအတွက် အစိုးရရယ် တပ်ရယ် နောက်ပြီးတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အကြမ်းဖက် တိုက်ဖျက်ရေး အဖွဲ့အစည်းတွေ ပါတယ်။ အကုန်လုံး အရင်ကတည်းကလည်း ဆောင်ရွက်တယ်။ လက်ရှိမှာလည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိတယ် ဆိုတာ ပြောလိုပါတယ်။
ထူးခြားတဲ့ Sign ၊ ထူးခြားတဲ့ Signal လှုပ်ရှားမှု Movement တွေဖြစ်လာတဲ့ အခါကျရင် အချိန်နဲ့တပြေးညီပေါ့ Early Warning ပေါ့။ Early Warning ဆိုတာက ကျနော်တို့ ထောက်လှမ်းရေး သတင်းအချက်အလက်၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အပြန်အလှန် ဖလှယ်တဲ့ ကွန်ရက်ရှိ တယ်ပေါ့။ အဲ့တာက ကျနော်တို့နိုင်ငံက လက်ရှိလည်း Early Warning မှာ ရရှိအောင် ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်ပေါ့နော်။"
ဒါ့အပြင် ပြည်တွင်းကို နိုင်ငံတကာ က ဝင်ရောက်လာမယ့် ၀င်ပေါက်တွေမှာလည်း
လူဝင်မှု ကြီးကြပ်ရေး ဘက်က နိုင်ငံခြားသားတွေ အပေါ်မှာ သတိနဲ့ စောင့်ကြည်မှု
တွေ လုပ်ဆောင်သွားမယ်လို့ လည်း သူ က ဆက်ပြောပါတယ်။
"အဲ့တာတွေလည်း ကျနော်တို့ Immigration မှာလည်း Interpol ပေါ့ အဲ့လိုမျိုး စောင့်ကြည့်နေ တာမျိုးတွေရှိပါတယ်။ ဆိုလိုတာက ကျနော်တို့ ဒီကိုဝင်လာတဲ့ နိုင်ငံခြားသားတစ်ယောက်ရဲ့ Passport ၊ ဓာတ်ပုံပေါ့ သူ့ရဲ့ထင်ရှားတဲ့ အမှတ်အသား ဒါတွေနဲ့ဆက်စပ်ပြီးတော့ ကျနော်တို့ Terrorist အကြမ်းဖက်သမားလို့ ယူဆထားသူ၊ အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ဒါမျိုးတွေ နဲ့ပတ်သက်တဲ့ Information တွေက ကျနော်တို့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတယ်။"
ဒါ့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကလည်း ပြည်တွင်း လုံခြုံရေးအတွက်
နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ ရရှိအောင်
ဆောင်ရွက်နေတယ်လို့ နိုင်ငံဖြတ်ကျော် မှုခင်းဌာန ရဲ့ နိုင်ငံတကာ
ဆက်ဆံရေးဌာန အကြီးအကဲ ရဲမှူးကြီး အောင်ကျော်မြင့် ကပြောပါတယ်။
" ကျနော်တို့က အဲ့ဒီ့ Information နဲ့ပတ်သက်လို့တော့ ကျနော်တို့ ဒီဘက် Interpol Channel ဘက်ကလည်း မေးနေတယ်။ ကျနော်တို့က အဲ့ဒီ့ဟာနဲ့ပတ်သက်ပြီး အမြဲတမ်း အချိတ်အဆက် ရှိတယ်။ Links တွေရှိနေတယ်။ အဲ့ဒီ့ကနေပြီး ကျနော်တို့ကို ထူးထူးခြားခြား ပြန်ကြား လာတာတော့ မရှိသေးဘူး။"
မြန်မာနိုင်ငံရဲ့ အဓိက မြို့တော် ဖြစ်တဲ့ ရန်ကုန်မှာတော့
လုံခြုံရေး နဲ့ ပတ်သက်ပြီး အမြဲ သတိ ၀ီရိယ နဲ့ စောင့်ကြည့်နေသလို အခုလို
သတင်းတွေ ထွက်ပေါ်အပြီးမှာပဲ လုံခြုံရေး အခြေအနေတွေကို တိုးမြင့်မယ်လို့
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး
ဗိုလ်မှူးကြီး တင်ဝင်း က ဗွီအိုအေ ကို ပြောဆိုပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့က ထွက်ပေါ်လာတဲ့ ဗွီဒီယို ဖိုင်အရ Zawahri က
ရန်သူတွေအပေါ် jihad လုပ်ကြဖိုနဲ့ မွတ်စလင်တွေ နေထိုင်တဲ့  မြေတွေမှာ
လွတ်မြောက်အောင် လုပ်ဆောင်ကြဖို့၊ အစ္စလာမ် နည်းကျ
အချုပ်အခြာ အာဏာ ထူထောင်ဖို့၊  တဦးတည်းသော ခေါင်းဆောင်အောက်တွင်
စုစည်းကြဖို့ကိုလည်း မွတ်စလင်ထုကို တိုက်တွန်းတယ်လို့ ဆိုပါတယ်။
အရှေတောင်အာရှတခွင် မှာ jihad အလံလွှင့်ထူဖို့  ရည်ရွယ်ချက်နဲ့
“အိန္ဒိယတိုက်ငယ် al-Qaida”အကြမ်းဖက်အဖွဲ့ခွဲ
ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်းလည်း တစ်ပါတည်း ကြေညာခဲ့တာပါ။
“အိန္ဒိယတိုက်ငယ် al- Qaida”ဖွဲ့စည်းလိုက်ခြင်းဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့
အိန္ဒိယနိုင်ငံ ပြည်နယ်အချို့မှာရှိတဲ့ မွတ်စလင်တွေအတွက်
သတင်းကောင်းဖြစ်ပြီးတော့   မတရားမှုနဲ့ ဖိနှိပ်ခံရမှုတွေကနေ
ကယ်တင်မယ်လို့လည်း  Zawahri က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရှိတဲ့ မွတ်စလင်တွေ အတွက်တော့ အခုလို
အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်လာမယ်ဆိုရင် မပါဝင်ကြဖို့ နဲ့ ပြည်တွင်းမှာ
နေထိုင်ကြတဲ့ မွတ်စလင်တွေက အခုလို ဘာသာရေး စစ်ပွဲ ဆင်နွဲမယ်ဆိုတဲ့
အပေါ်မှာလည်း အယုံအကြည် မရှိသလို စိတ်ဝင်စားမှုလည်း မရှိဘူးလို့
အစ္စလာမ် သာသနာရေး ကောင်စီ က တွဲဖက်အတွင်းရေးမှူးချုပ်  ဦးဝဏ္ဏရွှေက
ပြောပါတယ်။
"ကျနော်တို့ မြန်မာပြည်ထဲမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဒါကို ကောင်းကောင်း သဘောပေါက်ပြီးသားပါ။ ကျနော်တို့ ဒီမှာကြုံတွေ့ရတဲ့ အခြေအနေ အရပ်ရပ် မှာတောင်မှ သူတို့ထိန်းသိမ်းပြီးတော့ နေတဲ့ အနေအထား ရှိပါတယ်။ ပြည်တွင်းက သူတွေအတွက်ကတော့ သဘောပေါက်ပြီးသားပါ။ ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ အစ္စလာမ် ဘာသာဝင်ဖြစ်တယ်ပေါ့ဗျာ။ ကျနော်တို့ အစ္စလာမ်ဘာသာဝင် တရားအစစ်မှာ အကြမ်းဖက်မှုကိုလေ ဘယ်သူကိုမဆို ဘယ်နေရာမှာမဆို ဘယ်အချိန်မှာမဆို ဘယ်သူပဲပြုပြု အကြမ်းဖက်မှုကို ကျနော်တို့ အနေနဲ့ လက်မခံပါဘူး။ အကြမ်းဖက်မှုကို သတိပြုမိပါတယ်။"
၅၅ မိနစ်ကြာ  ဗီဒီယိုဖိုင်မှာ  Ayman al-Zawahri က အာဖဂန် တာလီဘန်ခေါင်းဆောင် Mullah Omar ကို  ထောက်ခံကြောင်း ထပ်မံ သစ္စာပြုခဲ့ပါတယ်။ အခု နောက်ပိုင်း အစ္စလာမ် နိုင်ငံတော် လို့ လူသိများတဲ့ IS ရဲ့
ရက်စက်ကြမ်းကြုတ်မှုများ အရှိန်မြှင့်လုပ်ဆောင်လာပြီးနောက် မှာ
al-Qaida အကြမ်းဖက်အဖွဲ့ရဲ့ အရှိန်အ၀ါ ကျဆင်းနေတာကို အခု ဗွီဒီယို နဲ့
al- Qaida အရှိန်အ၀ါကို ပြန်မြှင့်တင်လိုက်တဲ့ သဘောလို့လည်း နိုင်ငံတကာ
သတင်းတွေမှာ သုံးသပ်ထားတာကိုလည်း တွေ့ရပါတယ်။
အောင်ရဲမောင်မောင်

လယ်ယာမြေပြဿ နာ တရားသောနည်းဖြင့်ဖြေရှင်းပေးရေး ထားဝယ်လယ်သမများ တတိယအကြိမ်ဆန္ဒပြမည်



Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၃

သိမ်းဆည်းထားသည့် လယ်ယာမြေများအား တရားနည်းလမ်းတကျ ဖြေရှင်းပေးရေးအတွက် ထားဝယ်မြို့၊ ကမြောကင်းလမ်းမအနီးလယ်မြေများမှ တောင်သူအမျိုးသမီး ၃၀ ဦးဖြင့် စက်တင်ဘာ လ ၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဆန္ဒပြရန် ဦးဆောင်စီစဉ်နေသူများထံမှ သိရသည်။

ဆန္ဒထုတ်ဖော်ရန်အတွက် သြဂုတ်လ ၂၉ ရက်နေ့က ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံသို့ ခွင့်ပြုချက်တောင်းခံထားပြီး လက်ရှိအချိန်အထိ တစုံတရာ အကြောင်းပြန်လာခြင်းမရှိသေးကြောင်း ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်လျှောက်ထားသူ လယ်သမားမိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ်ရီရီထွေးက သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၂ နာရီတွင် ပြောသည်။

“ခွင့်ပြုချက်တင်ထားတာ ငါးရက်ရှိပြီ။ ဘာမှ အကြောင်းမကြားလာသေးဘူး။ ဆန္ဒပြတာနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်ထားတာလည်းရှိတော့ နားလည်တဲ့သူတွေကို မေးကြည့်တာ သူတို့(ရဲတပ်ဖွဲ့) ဘက်က အကြောင်းကြားစရာမလိုတော့ဘူးလို့ ပြောကြတယ်။ ဘာမှ အကြောင်းမကြားလာရင် ငါးရက်နေ့ပြမယ်” ဟု ဒေါ်ရီရီထွေးက ပြောသည်။

လယ်သမားများ လျောက်ထားလာသည့် ခွင့်ပြုချက်တောင်းခံလွှာကို ရဲတပ်ဖွဲ့မှ စိစစ်ပြီး မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနကို တင်ပြထားပြီး လက်ရှိအချိန်ထိ လယ်သမားကို တစုံတရာ အကြောင်းမပြန်ရသေးကြာင်း ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အစိုးရမှ မြို့ပြစီမံကိန်းကို အကောင်အထည်ဖော်နေသည့် လယ်ယာမြေများမှ အမျိုးသားလယ်သမား ၁၀ ဦး ထောင်ကျပြီးနောက် ယင်းမြေများပေါ်တွင် မြေတိုင်းတာခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မှုများကို လုပ်ဆောင်လာသည့်အတွက် ရှိသည့်လယ်သမားအင်အားဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အမျိုးသားတွေက ထောင်ကျနေတယ်။ အစည်းအဝေးခေါ်လိုက်တာ အမျိုးသမီးတွေပဲ လာတယ်ဆိုတော့ အမျိုးသမီးတွေနဲ့ပဲ ပြဖို့ဖြစ်သွားတယ်” ဒေါ်ရီရီထွေးက ဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် “ထားဝယ်မြို့နှင့် နိုင်ငံတစ်ဝှမ်းမတရားဖမ်းဆီးထောင်ချထားသောလယ်သမားများအား အမြန်ဆုံးပြန်လွှတ်ပေးပါ”၊ “လယ်ယာမြေမတရားသိမ်းဆည်းမှု ချက်ချင်းရပ်” စသည့် အချက် ၁၅ ချက်ပါဝင်သည့် ပိုစတာဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ “အဓမ္မအဆောက်အဦဆောက်လုပ်ခြင်းရပ်ဆိုင်းရေး” အပါအ၀င် ကြွေးကြော်သံ အချက် ၈ ချက်ကို ကြွေးကြော်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရန် ဦးဆောင်စီစဉ်သူများထံမှ သိရသည်။

ထားဝယ်မြို့၊ ကူးတို့ဟောင်းလမ်းမှ စတင်၍ ကမြောကင်းလမ်းအတိုင်းဆန္ဒထုတ်ဖော်ကြမည်ဖြစ်ပြီး ယင်းမှတဆင့် မြိတ်တန်းလမ်းဆုံ၊ ယင်းနောက် နိဗာန်လမ်းအတိုင်း ဥတ္တာံးကြီးလမ်းဆုံ၊ ယင်းမှ တဆင့် ရေးလမ်းအတိုင်း ဂန့်ဂေါ်ပင်ကျောင်းလမ်းဆုံနှင့် ဆန်းချီလမ်းမှတဆင့် ကမြောကင်းလမ်းအတိုင်း စီတန်းလမ်းလျောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်လယ်သမားများသည် ၂၀၁၃ ခုနစ် နိုဝင်ဘာလ ၁၁ ရက်နေ့နှင့် ၂၀၁၄ ခုနစ် ဇန်န၀ါရီလ ၁၇ နေ့ရက်နေ့တို့တွင် ဆန္ဒနှစ်ကြိမ်ထုတ်ဖော်ခဲ့ဖူးသည်။

အစိုးရမှ သိမ်းဆည်းထားသည့် လယ်ယာမြေပေါ်တွင် မြို့ပြစီမံကိန်း အကောင်အထည်ဖော်မှုကို တားဆီးသည်ဟုဆိုကာ တရားစွဲခံရသည့် လယ်သမား ၁၉ ဦးအနက် အမျိုးသားလယ်သမား ၁၀ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ ရက်အပါအ၀င် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး အမျိုးသမီးလယ်သမား ၉ ဦးကို ငွေဒဏ်အသီးသီးကို ဇူလိုင်လ ၁၆ ရက်နေ့က ထားဝယ်မြို့နယ် တရားရုံးက အမိန့်ချခဲ့သည်။

ယင်းအမှုကို လယ်သမားများ၏ အကျိုးဆောင်ရှေ့နေမှ ခရိုင်တရားရုံးတွင် အယူခံဝင်လျက်ရှိပြီး လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ခရိုင်တရားရုံးမှ အမိန့်ချမှတ်မည်ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

Dawei Watch

နိုင်ငံဖွံ့ဖြိုးမှုမှာ ငြိမ်းချမ်းရေးဦးစားပေးဖို့ ဂျာမန်ဝန်ကြီးချုပ် မြန်မာကို တိုက်တွန်း

တိုင်းရင်းသားလူမျိုး အများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းမှု လိုအပ်တယ်လို့ ဂျာမနီဝန်ကြီးချုပ် Angela Merkel က ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကလည်း လူနည်းစုတွေ တန်းတူညီမျှမှု ရရှိနိုင်ဖို့နဲ့ သူတို့အပေါ် သည်းခံနိုင်ကြဖို့ လိုအပ်တယ်လို့ ဘာလင်မြို့တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဂျာမနီဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။
သမ္မတ ဦးသိန်းစိန်ကတော့ စီးပွားရေးပိုင်းမှာ အောင်မြင်တိုးတက်မှုတွေ ရှိလာမယ်ဆိုရင် ဒီမိုကရေစီ ဖော်ဆောင်ရေးက ပိုပြီး လွယ်ကူမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဂျာမနီနဲ့ မြန်မာ သံတမန်ဆက်ဆံရေး အနှစ် ၆၀ ပြည့် အထိမ်းအမှတ်အတွက် ဘာလင်မှာရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးချုပ် Merkel တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဂျာမနီနိုင်ငံက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ကူညီမှုတွေ တိုးပေးဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း မပြတ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Merkel က ပြောပါတယ်။
ပဋိပက္ခတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေက ပညာရေးစနစ် တိုးတက်ဖို့ ထောက်ပံ့ကူညီမှုတွေနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အကူအညီပေးရေး ဂျာမနီက အဓိက အာရုံစိုက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်အတွက် ပြောင်းလဲ တိုးတက်မှုတွေ ရှိတာကိုလည်း သူက ချီးကျူးပြောကြားခဲ့ပါတယ်။
၂၀၁၅ မှာကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း လွတ်လပ် မျှတပြီး ပွင့်လင်းမြင်သာမှု ရှိမယ်လို့ မျှော်လင့်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဂျာမနီဝန်ကြီးချုပ်က ပြောပါ တယ်။ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းနေတာ ၃ နှစ် သက်တမ်းပဲရှိသေးတဲ့ မြန်မာနိုင်ငံမှာ အခက်အခဲတွေ အများကြီးရှိနေပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်တယ်ဆိုတာကို သမ္မတ ဦးသိန်းစိန်ကလည်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
VOA

နိုင်ငံတကာ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း အညွှန်းကိန်း မြန်မာအဆင့် ၁၃၉ ချိတ်

ကမ္ဘာ့စီးပွားရေး ညီလာခံအဖွဲ့ World Economic Forum က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့စီးပွားရေး ယှဉ်ပြိုင်မှု အခြေပြအညွန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၃၉ အဆင့်မှာ ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အရှေ့တောင်အာရှက အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေတွေကတော့ စင်္ကာပူက အဆင့် ၂၊ ထိုင်းနိုင်ငံက အဆင့် ၃၁၊ မလေးရှားက အဆင့် ၂၀၊ ဖိလစ်ပိုင်က အဆင့် ၆၈၊ အင်ဒိုနီးရှားနိုင်ငံက အဆင့် ၃၄၊ ဗီယက်နမ်က ၆၈၊ လာအိုနိုင်ငံက အဆင့် ၉၃ နဲ့ ကမ္ဘောဒီးယားက အဆင့် ၉၅ တို့ ဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံက ၆ နှစ် ဆက်တိုက် နံပတ် ၁ နေရာကို ထိန်းထားပြီး၊ သူ့နောက်မှာ စင်္ကာပူက အဆင့် ၂ နဲ့ အမေရိကန်ပြည်ထောင်စုက အဆင့် ၃ နေရာမှာ ရှိနေတယ်လို့ ဂျနီဗာမှာ အခြေစိုက်တဲ့ အဖွဲ့ကြီးရဲ့ ထုတ်ပြန် ကြေညာချက်မှာ တွေ့ရပါတယ်။ တရုတ်နိုင်ငံကတော့ ပြီးခဲ့တဲ့နှစ်ကထက် တဆင့်တက်သွားပြီး အဆင့် ၂၈ နေရာမှာ ရောက်ရှိနေပါတယ်။
VOA

Al-Qaida လှုပ်ရှားမှု အိန္ဒိယ တိုက်ငယ်မှာ စတင်

Al- Qaida အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Ayman al-Zawahiri က အိန္ဒိယတိုက် နိုင်ငံတချို့မှာ အစ္စလာမ်အစွန်းရောက် လှုပ်ရှားမှုတွေ ဖြန့်ကျက် လုပ်ဆောင်ဖို့ အဖွဲ့ခွဲသစ်တခု ဖွဲ့စည်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။  ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ၅၅ မိနစ်ကြာ ဗွီဒီယိုထဲမှာ ဒီအဖွဲ့ခွဲသစ် ဖွဲ့ဖို့ ၂ နှစ်ကြာ ပြင်ဆင်ခဲ့ရတယ်ဆိုပြီးတော့လည်း  Zawahiri က ပြောဆိုခဲ့ပါတယ်။
Al-Qaida အဖွဲ့ဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတွေမှာ အဓိက တက်ကြွလှုပ်ရှားနေတာ မှန်ပေမဲ့၊ အခု အဖွဲ့ခွဲသစ်ကတော့ အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ် ဆိုပြီးတော့လည်း ပြောဆိုပါတယ်။  အခုလို အကြမ်းဖက် အဖွဲ့ခွဲသစ် ဖွဲ့စည်းလိုက်တာဟာ အိန္ဒိယ ၀န်ကြီးချုပ်သစ် Narendra Modi အတွက်တော့ စိန်ခေါ်မှုတခုဖြစ်နေတာပါ။
 Gujarat ပြည်နယ် အုပ်ချုပ်ရေးမှုးဘ၀မှာထဲက မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ပါတ်သတ်ပြီးတော့ နှုတ်ဆိတ်နေခဲ့တာကြောင့် Mr. Modi ဟာ ပစ်တင်ဝေဖန်မှုတွေ ခံခဲ့ရဘူးပါတယ်။ အိန္ဒိယနိုင်ငံ လူဦးရေ ၁၅ ရာခိုင်နှုန်း ဖြစ်တဲ့ ၁၇၅ သန်းဟာ မူဆလင်တွေဖြစ်ပြီးတော့ ဒါဟာ ကမ္ဘာမှာ တတိယ မူဆလင် လူဦးရေ အများဆုံး နေထိုင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
ဒီဗွီဒီယိုအပေါ် ၀န်ကြီးချုပ် Modi က တိုက်ရိုက် တုန့်ပြန်ပြောဆိုတာမျိုး မရှိပေမယ့် အာဏာရ Bharatiya Janata ပါတီရဲ့ ပြောခွင့်ရက ဒီကိစ္စအပေါ် စိုးရိမ်ပူပန်မိကြောင်း ပြောဆိုပါတယ်။
VOA

Thursday, September 4, 2014

ဘိန်းစာမှုန့် သိမ်းကာ လာဘ်ယူသည့် ဒုရဲအုပ်နှင့် အဖော်သုံးဦး အဖမ်းခံရ


Dawei Watch | ကော့သောင်း ၊ စက်တင်ဘာ ၃
မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ ကျေးရွာတစ်ရွာမှ ရဲကင်းမှူး ဒုရဲအုပ်နှင့် အဖော် သုံးဦးတို့သည် ဖမ်းဆီးရမိသော ဘိန်းစာမှုန့်များကို သိမ်းဆည်းကာ ဘိန်းစာမှုန့် လက်ဝယ်တွေ့ရှိသူထံ လာဘ်ငွေတောင်း ပြန်လွှတ်ပေးခဲ့သဖြင့် ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဖမ်းဆီးထားကြောင်း ဒေသခံကျေးရွာသူရွာသားများထံမှ သိရသည်။
ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ် ရေငံကျွန်းအနီးရှိ ချောင်းကဖီး ကျေးရွာတွင် သြဂုတ်လ ၂၇ ရက်နေ့က ဘိန်းစာမှုန့် အထုတ် ၄၀၀ ခန့်ကို အထက်ပါ ဒု ရဲအုပ်နှင့် အဖွဲ့က ဖမ်းဆီးရမိခဲ့သော်လည်း သိမ်းဆည်းဘိန်းစာမှုန့်နှင့် တရားခံများကို သက်ဆိုင်ရာ ဌာနထံ မအပ်နှံဘဲ ငွေယူကာ  ပြန်လွှတ်ပေးခဲ့သည်ဟိုဆိုကာ ကျေးရွာသားတစ်ဦးက ရွာအုပ်ချုပ်ရေးမှူးမှတဆင့် တိုင်ကြားမှုကြောင့် ထိုသို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သွားရောက်စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် ကြိမ်နီတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပေါက်စ က ပြောကြားသည်။
ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး အပါအ၀င် ချောင်းကဖီး ကျေးရွာ အုပ်ချုပ်ရေးမှူး၊  ယင်းကျေးရွာအနီးရှိ ကြိမ်နီတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးတို့ သည် အခြား ရဲတပ်ဖွဲ့ဝင်များဖြင့် အခင်းဖြစ်ပွားပြီး လေးရက် အကြာ သွားရောက် စစ်ဆေးရာမှ ထိုသို့သော ဖြစ်ရပ် ပေါ်ပေါက်ခြင်းဖြစ်ပြီး လက်ရှိအနေအထားတွင် ဒုရဲအုပ် အပါအ၀င် လေးဦးကို ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း ၎င်းကဆိုသည်။
 ဒုရဲအုပ်ဆိုသူက ၎င်းတို့ ဖမ်းဆီးထားသည့် ဘိန်းစာမှုန့် အထုတ် ၃၆၀ ဖြစ်ကြောင်းပြောဆိုပြီး ဖမ်းဘိန်းစာမှုန့်များကို သစ်ငုတ်တိုချောင်းတွင် ထားသိုထားသည်ဟု ဆိုသော်လည်း အထုတ် ၂၄၀ ခန့်သာ လက်ဝယ် ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူများထံမှ ငွေဆယ်သိန်း ယူသည်မှာ မဟုတ်မှန်ဘဲ ငွေမပေးနိုင်သဖြင့် ဘိန်းစာမှုန့် များကိုသာ ယူခဲ့ကြောင်း ဒုရဲအုပ်က ထွက်ဆိုခဲ့သည်ဟု ယင်းအုပ်ချုပ်ရေးမှူး ကဆိုသည်။
ဘိန်းစာမှုန့် သယ်ဆောင်လာသူများမှာ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ချောင်းကြီးဝကျေးရွာတွင် နေထို်င်သူများဖြစ်ပြီး ဘုတ်ပြင်းမြို့နယ် ရေငန်းကျွန်း ရှိ ငါဖမ်းပိုက်လှေစခန်းသို့ လာရောက်ရောင်းချသဖြင့် ယင်းရွာသားမှ ချောင်းကဖီး ရဲကင်းမှူးထံ အသိပေး တိုင်းကြား ခဲ့ကြောင်း ကျေးရွာသားများ၏ အဆိုအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေး မြန်ရာ အထက်တာဝန်ရှိသူ၏ ခွင့်ပြုချက်ရမှသာ ဖြေကြားပေးနိုင်မည်ဟုဆိုကာ ဖုန်း ချသွားခဲ့သည်။
ဘုတ်ပြင်းမြို့နယ်အတွင်း တွင် ရှိသည့် တံငါးလုပ်ငန်း လုပ်ကိုင်သည့် ပင်လယ်ရွာများတွင် ယခုကဲ့သို့ ဘိန်းစာမှုန့်လာရောက်ရောင်းချကြသည့်သူများကို တာဝန်ရှိ ရဲတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ရွာသားများ ပူးပေါင်းကာ ဖမ်းဆီးဖော်ထုတ် အရေးယူနိုင်လေ့ရှိသော်လည်း ယခုကဲ့သို့ ဒုရဲအုပ်တစ်ဦး၏ တာဝန်ပျက်ကွက်မှု ကို မမြင်တွေ့ဖူးကြောင်း ကြိမ်နီတောင်ကျေးရွာတွင် ၁၅ နှစ်ခန့် နေထိုင် လာသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ကပြောကြားသည်။
ယင်း ဒုရဲအုပ်သည် ဘိန်းစားမှုန့် အပါအ၀င် ငွေကျပ်လေးသိန်း ပါ သိမ်းဆည်းခဲ့ပြီး အဖမ်းမခံလိုပါက ငွေ ၁၀ သိန်းပေးရမည်ဟုပြောသောကြောင့် ချေးငှားကာ ပေးလိုက်ရကြောင်း ယင်းဖြစ်စဉ်အား မျက်မြင်သက်သေ တွေ့ရှိခဲ့ရသည်ဟုဆိုသည့် ပင်လယ်ပြင်တွင် ပုစွန် ပိုက်ချနေသည့် ကျေးရွာသားများက စွပ်စွဲပြောဆိုထားသည်။
Dawei Watch

Tuesday, September 2, 2014

မမြတ်နိုးသတင်းစာရှင်းလင်းပွဲ ကောက်နူတ်ချက်များ

 
“Crown ပြန်သိမ်း မယ်ဆိုတဲ့ ခြိမ်းခြောက်မှု တွေကို အခုမှ မဟုတ်ဘဲ ပြည်ပ ပြိုင်ပွဲပြီးလို့ ပြန်လာပြီး ရက်ပိုင်း ကတည်းက မြန်မာပြည် ကိုယ်စားပြု National ဒါရိုက်တာ ဆိုသူ ကစပြီး ခြိမ်းခြောက်ခဲ့ တာပါ။ ပြိုင်ပွဲ မပြိုင်ခင် ကတည်းက သမီးရဲ့ အား နည်းချက်တွေကို ပြောပြခဲ့ပြီး အားပေးရမယ့် အစား အားလျော့ စေမယ့် စကားတွေကို ပြိုင်ပွဲ တစ်လျှောက်လုံး ပြောခဲ့တာပါ။ သမီးက မြန်မာနိုင်ငံ ကိုယ်စားပြု ဆုရ ရမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းပြီး ပြိုင်ခဲ့တာပါ။ ပြိုင်ပွဲပြီးတော့ ကိုးရီးယားမှာ ဆရာမ ယောက်ျားနဲ့ ၂ ယောက်တည်း ထားခဲ့ချိန်မှာ ဆရာမယောက်ျား ဆရာဖြိုးပိုင်ဦးက ညအချိန်မတော် ပြောစရာရှိ၍ ဆိုပြီး အခန်းကို အတင်းတံခါး ခေါက်လာ ခဲ့ဖူးပါတယ်။ သမီးရဲ့ အခန်းဖော် ရှိတာကြောင့် မသင့်တော်တာနဲ့ အပြင်ထွက်ပြီး ပြောသမျှ နား ထောင်ပေးခဲ့ရပါတယ်။ ပြောတဲ့အထဲမှာ စာချုပ် ၃ နှစ်ချုပ်ဖို့ကိစ္စဆိုတော့ အမေနဲ့ တိုင်ပင်ပြီး နောက်ဆုံးစာချုပ်ချုပ်ဖြစ်လိုက် တယ်။ ကိုးရီးယားကို နောက်တစ်ခေါက်သွားတော့ ဆရာမက သူတို့ကို ကန်ပြီး ထွက်သွားတယ်ဆိုပြီး သတင်းထုတ်ပါတယ်။ ဒါကလည်း ကိုးရီးယား Organization က သမီးကို နင့်မကောင်းကြောင်းတွေနေ့ စဉ်နဲ့အမျှ ငါတို့ကို လာပြောနေတယ်ဆိုပြီး အဆက်အသွယ် ဖြတ်ခိုင်းခဲ့တာပါ။ ဆရာမ လှနုထွန်းတို့နဲ့ အစောပိုင်းစာချုပ်မချုပ်ခဲ့တာကလည်း ကိုးရီးယားက Organization ရဲ့ စကားအရ မချုပ်ခဲ့တာပါ။ ဟို ရောက်တော့ သမီးကို အဆက်အသွယ် ဖြတ်ပြောခဲ့တဲ့ Organization နဲ့ National ဒါရိုတ်တာတွေ ပြန်ဆက်သွယ်ပြီး အလုပ်လုပ်နေတာ တွေ့ရပါတယ်””

““အစောပိုင်းခေါ်တုန်းက အမေရော သမီးပါ နေဖို့ စားဖို့ လုံခြုံရေးအစစ အရာရာ စီစဉ်ပေးမယ်၊ ရောက်တာနဲ့ Traning လုပ်ရမယ်၊ ပြီးရင် MATI အဖွဲ့ဖွဲ့ပြီး စီးရီးထုတ်လို့ အခွေနာမည် သီချင်းဘယ်နှပုဒ် ကအစ အသေးစိတ် E-mail ပို့အသိပေး ခဲ့ပြီး ဟိုရောက်တော့ အစီအစဉ်ပြောင်းသွားပြီ၊ စီးရီးလည်း မထုတ်တော့ဘူး။ သမီး တယောက်တည်းကို ခေါင်းအစ ခြေအဆုံး ပလပ်စတစ်ဆာဂျရီလုပ်ပေးမယ်၊ သားအမိ နှစ်ယောက်စလုံး ငြင်းပိုင်ခွင့် လုံးဝမရှိဘူး။ ပြီးရင် ဒီမှာနေဖို့၊ ထိုင်ဖို့၊ စားဖို့၊ သောက် ဖို့ ငွေလိုတယ်၊ ငွေရှာဖို့ တနည်းပဲရှိတယ်။ စပွန်ဆာရှာရမယ်လို့ပြောတယ်။ ပြီးရင် ဗီဇာရက်တိုးဖို့ ဂျပန်ကို အမေမပါဘဲ သွားရ မယ်။ ဂျပန်ကနေမှတစ်ဆင့် မြန်မာလူမျိုးအနေနဲ့ ဗီဇာတိုးမှရမယ်လို့ ပြောတယ်။ ပြီးရင် ဆက်သွယ်ပေးမယ့်လုပ်ငန်းရှင်တွေနဲ့ သူတို့လိုအပ်တဲ့အချိန် အနားမှာနေပေး ရမယ်လို့ပြောပါတယ်။ နောက် ပင်လယ်နားက ကမ်းခြေမြို့လေးမှာ ခေါ်သွားပြီး ပလပ် စတစ်ဆာဂျရီလုပ်တဲ့အဆောက်အဦးတခုမှာ နေရာသူပေးခဲ့ပါတယ်။ အဲဒီမှာ သမီးတို့က မလုပ်နိုင်ဘူးငြင်းတော့ အမေရှိရင် သူတို့ စပြီးမခွဲစိတ်ဘူးဆိုပြီး သမီးတို့ကို ထားသွားခဲ့တာ သမီးတို့မှာ စားရ နေရတာ အတော်ခက်ခဲပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နေခဲ့ရပါတယ်။ ပြီးတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ ဒုက္ခတွေကြားထဲက မြန်မာပြည် ရောက်အောင် မနည်းပြန်လာခဲ့ရတာပါ။
ဗီဇာ
သမီးတို့သားအမိကို ကိုရီးယားက လာဖို့ကမ်းလှမ်းတဲ့အထဲမှာ သမီးကိုရော၊ အမေကိုပါ နေစရိတ်၊ စားစရိတ်၊ သွားလာ ရေး အစစစီစဉ်ပေးပါမယ်လို့ ပါရှိပါတယ်။ ပြီးတော့ ဗီဇာသွားလျှောက်တဲ့အခါ အမေ့ ကို ၂၉ ရက်နေ့ထိပဲ ရေးထားသေးတယ်။ ဒါပေမဲ့ သံရုံးက သမီးတို့သားအမိကို ယုံတဲ့ အတွက် ၃ လပေးလိုက်တာပါ။ ဗီဇာဆိုတာ သမီးတို့အနေနဲ့လုပ်ပြပြီး လုပ်လို့မရနိုင်ပါဘူး။

Crown ပေး၊ မပေး
မြန်မာအမျိုးသမီးတယောက်ကို အမျိုးမျိုးစော်ကားပြီး ဂုဏ်သိက္ခာပျက်စေတဲ့ စကားတွေနဲ့ စော်ကားတဲ့ Organization နဲ့ ပတ်သက်ရမှာ သမီးလည်းမလို လားပါဘူး။ သူတို့ဆီကရှိနေတဲ့ ဥစ္စာကိုလည်း သမီးဂုဏ်ယူစရာလို့ မထင်ပါဘူး။ ဖြစ်နိုင်ရင် ချက်ချင်းတောင်ပြန်သွားပေး လိုက်ချင်ပါတယ်။ ဒါပေမဲ့ ရေးထားတဲ့စာအရ National ဒါရိုက်တာကို ပေးရမယ်ဆိုတာ သမီးတော့ လုံးဝလက်မခံပါဘူး။ မယ်တွေ ၃ ယောက်ရွေးပြီး သူတို့ပဲ ပြန်သိမ်း လုပ်ချင်ရာလုပ်နေတဲ့အတွက် သူတို့ ရဲ့စိတ်ဓာတ်ကို မကြိုက်တဲ့အတွက် သူတို့ ကို ဘယ်နည်းနဲ့မှ ပြန်မအပ်ပါဘူး။ Organization ကလည်း သူတို့အမှားကို ဖုံးဖို့ သမီးကို အမျိုးမျိုး ချောက်ချစော်ကားတယ်။ ဒါကြောင့် သူတို့ဘက်က ကျေနပ်တဲ့အထိ တောင်းပန်တယ်ဆိုရင် Organization ကို Crown ပြန်ပေးမှာပါ။

Crown ဒေါ်လာ ၁ သိန်းတန်သလား
သမီး မသိပါဘူး။ Crown တန်ဖိုးသိလို့ ၀င်ပြိုင်တာလည်းမဟုတ်ပါဘူး။ Crown တန်ဖိုးသိလို့ ပြန်အပ်ချင်စိတ်မရှိ တာလည်း မဟုတ်ပါဘူး။ သမီးလေ့လာဖူးတဲ့ အင်တာဗျူးတွေအရ ဒေါ်လာ ၁ သိန်း ထက် အများကြီးလျော့တယ်လို့ သိရပါတယ်။ ဒီ Crown နဲ့ပတ်သက်ပြီး ရှေ့မှာ ဒီလိုသတင်းတွေ ထွက်ခဲ့ဖူးတယ်ဆိုတာ ဟုတ်လား။
၂၀၁၁ က ကိုရီးယား Miss ကလည်း အခုလို စပွန်ဆာနဲ့ချိတ်ပေးတဲ့ အစီအစဉ်တွေလုပ်ခဲ့လို့ အသိမ်းမခံရဘဲ သူ့ သဘောနဲ့သူ နောက်နေ့ crown ပြန်သွား ပေးခဲ့တာပါ။ အဲတော့ Miss France ကို ပေးတယ်။ Miss France ကလည်း အဲလို အစီအစဉ်တွေ လက်မခံတော့ Crown သိမ်းတယ်။ ပြီးတော့ Miss ယူကရိန်းကျတော့ လက်ခံပြီး ပလတ်စတစ်ဆာဂျရီ လုပ်တယ်။ သူတို့နဲ့ လက်တွဲလုပ်ခဲ့တယ်။ နောက် ၂၀၁၂ မှာကျတော့ အဲလိုပဲလုပ်လို့ Miss တွေ ထွက်ပြေးကြတယ်။ အဲဒီ Miss တွေက ရဲခေါ်တဲ့အဆင့်ထိ ရောက်တဲ့အခါ ရဲကို လာဘ်ထိုးပြီးပြန်လွှတ်တယ်။ လေဆိပ်ရောက်တဲ့အထိ အမျိုးမျိုး နှောင့်ယှက်ခံရ တယ်လို့ မြတ်နိုး လေ့လာတွေ့ရှိရပါတယ်။

လူကုန်ကူးမှုမြောက်သလား

သမီးလည်း မြန်မာပြည်က လူကုန်ကူးမှု တားဆီးရေးနေရာမှာ ပါဝင်ခဲ့ဖူးပါတယ်။ အခုကိစ္စက ဒီလိုလုပ်ပြီး စော်ကား ခံရတဲ့ပုံစံဆိုတော့ မြတ်နိုးသည်းမခံနိုင်ပါဘူး။ မြတ်နိုးဘက်က သက်ဆိုင်ရာလူကြီး တွေပါပြီး ဦးဆောင်ပေးမယ်ဆိုရင် အဲဒီထိ မြတ်နိုးသွားချင်ပါတယ်။

ရင်သားခွဲစိတ်မှုနဲ့ပတ်သက်ပြီး

သမီးကို ခေါင်းအစ ခြေအဆုံး ခွဲစိတ်ပေးမယ်ဆိုပြီး ပလတ်စတစ်ဆာဂျရီ လုပ်တဲ့နေရာမှာ ၂ ရက်ထားခဲ့ပေမယ့် မြတ်နိုး အသက်ရှင်လျက်နဲ့ ဒါမျိုးကိုလက် မခံနိုင်ပါဘူး။ အုပ်ထိန်းသူ မေမေကလည်း လက်ခံမှာ မဟုတ်ပါဘူး။ လက်မခံနိုင်လို့ လည်း မြန်မာပြည်ရောက်အောင် ပြန်လာခဲ့တာပါ။

ကိုရီးယားမှာ နာ့စ်မဆီက မြတ်နိုး ရဲ့အမေ ငွေချီးသွားတယ်ဆိုတဲ့ကိစ္စ

Organization က နေစရိတ်၊ စားစရိတ်၊ လုံခြုံရေး အစစအရာရာ စီစဉ်ပေး မယ်ဆိုပြီး အဲဒီ ပလတ်စတစ်ဆာဂျရီ အဆောက်အဦမှာထားခဲ့ပြီး သူတို့ထွက်သွားတာ။ ကြားကာလမှာ ကိုယ့်ဘာသာ အမေယူလာတဲ့ငွေလေးနဲ့ ဖြစ်သလို နေစားနေခဲ့ရတာ။ နေရာမသိ မသွားတတ် မလာတတ်ဆိုတော့ နာ့စ်မကို ဒေါ်လာလဲ ခိုင်းတာလောက်ပဲ ရှိပါတယ်။ သူတို့ဆီက တပြားမှ ချီးထားခဲ့တာမရှိပါဘူး။ အတွင်းခံကို ၁၈ ဒေါ်လာပေးပြီး ၀ယ်တယ်ဆိုတာကတော့ စဉ်းစားကြည့်ပါတော့ ဖြစ်နိုင်မဖြစ်နိုင်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ဝင်ခန်းအတွက် ဗိုလ်ချုပ်ပြတိုက်မှ ၀ူစလေကား အသုံးပြုခွင့်အား သမ္မတထံ တောင်းခံထား ။



၂နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော “အောင်ဆန်း”ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ၁၉၄၀ တစ်ဝိုက်က ဗိုလ်ချုပ်စီးခဲ့သော အင်္ဂလန်နိုင်ငံလုပ် ၀ူစလေမော်တော်ကားအား ဇာတ်ဝင်ခန်းတွင် ခေတ္တ အသုံးပြုခွင့် ပေးပါရန် နိုင်ငံတော် သမ္မတထံသို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့က စာတင်ထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ အနေဖြင့် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် အတွက် ပြင်ဆင်နေပြီဖြစ်ကာ ပြည်သူလူထု စိတ်ဝင်စားမှု မြင့်တက်စေရန်နှင့် အကဲဖြတ်နိုင်ရန် အတွက် အပိုင်းတို(၂)ပိုင်း ရိုက်ကူးရန် ပြင်ဆင်လျက်ရှိရာတွင် အဆိုပါ “အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးနှင့် ပတ်သက်၍ အပိုင်းတို (၂)ပိုင်းမှာ ဗိုလ်ချုပ်မင်္ဂလာဆောင်တဲ့ အခန်းရယ်၊ ဘုရင်ခံ ဆာဟူးဘရန်ံစ်နဲ့တွေ့ပြီး အစိုးရအဖွဲ့အကြီးအကဲ ရယူတဲ့အခန်းရယ်၊ သမီး အငယ်လေး မွေးပြီးပြီးချင်း သေဆုံးသွားတဲ့ အခန်းရယ် ရိုက်ကူးဖို့ လျာထားထားပါတယ်”ဟု ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့မှ ဦးဇာဂနာမှ ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးစီးခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် အနက်ရောင် ၀ူစလေ အနက်ရောင် မော်တော်ကားကို အေ၀မ်း ရုပ်ရှင်ကုမ္ပဏီမှ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး ယခုအချိန်တွင် မေး၍ရမရ ကွဲပြားစွာ မသိရသေးပေ။ အကယ်၍ အစိုးရအဖွဲ့မှ ခေတ္တငှားရမ်းခဲ့လျှင် ဗိုလ်ချုပ်၏ ၀ူစလေကားကို မောင်း၍ရသည်အထိ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ယူပေး သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းဓါတ်ပုံ- Tomorrow သတင်းဂျာနယ်

တောင်းပန်မှ သရဖူ အပ်မယ်လို့ မေမြတ်နိုး ဆို

 
မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာ အလှမယ် ဖြစ်တဲ့ မေမြတ်နိုးက သူမကို လိမ်ညာသူ၊ သရဖူယူပြီး ထွက်ပြေးသူ လို့ ခေါ်ဝေါ် ခဲ့မှုတွေ အတွက် ပြိုင်ပွဲ ကျင်းပရေး အဖွဲ့က တောင်းပန်ဖို့နဲ့ အဲဒီလို တောင်းပန်မှသာ သူမရဲ့ သရဖူကို ပြန်အပ်မယ်လို့ ပြောလိုက်ပါတယ်။

မေမြတ်နိုးဟာ Miss Asia Pacific World အာရှ ပစိဖိတ် အလှမယ် အဖြစ်ကနေ ပြီးခဲ့တဲ့ တစ်ပတ်က ပြန်လည် ရုပ်သိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မေမြတ်နိုးကတော့ သူမ အနေနဲ့ ဘာမှ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ပြောပြီး အသက် လိမ်ညာပြောဖို့ သူမက ဖိအားပေး ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ကို plastic surgery နည်းနဲ့ ခွဲစိပ် ပြုပြင်ဖို့လည်း ပြိင်ပွဲ စီစဉ်သူတွေက ဖိအားပေးခဲ့ကြတာ ဖြစ်တယ်လို့ မေမြတ်နိုးက ပြောပါတယ်။

Miss Asia Pacific World ပြိုင်ပွဲ စီစဉ်သူတွေကတော့ မေမြတ်နိုးဟာ ဒေါ်လာ တစ်သိန်း တန်တဲ့ သရဖူကို ရယူထားပြီး ဒေါ်လာ တစ်သောင်း ကုန်ကျတဲ့ ရင်သား ပြုပြင် ခွဲစိတ်မှုကိုလည်း ရယူခဲ့တယ်လို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မေမြတ်နိုး၏အလှမယ်သရဖူကို ရုပ်သိမ်းခဲ့သော အာရှပစိဖိတ်အလှမယ်ပြိုင်ပွဲအဖွဲ့သည် အငြင်းပွားမှုအမြောက်အမြား ဆောင်ရွက်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း wikipedia တွင်ဖော်ပြထားသဖြင့် ပြိုင်ပွဲစီစဉ်သူများ၏ရိုးသားမှုအတွက် မေးခွန်းထုတ်စရာဖြစ်လာ

 
စီးပွားရေးလုပ်ငန်းကြီး၏ အဖော်အဖြစ်ရှိပေးပြီး စပွန်ဆာရှာခိုင်းခြင်းကို လက်မခံသဖြင့် ကိုရီးယားဘက်မှ သရဖူသိမ်းသည့်ထုတ်ပြန်ချက်ထုတ်ခဲ့ဟု မေမြတ်နိုးရှင်းလင်း


သရဖူရုပ်သိမ်းခံရသော မြန်မာအလှမယ်မေမြတ်နိုးသည် အသက်ကိုလိမ်လည်ထားခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ငယ်ရွယ်လွန်းနေကြောင်း Miss Asia Pacific World ကိုတည်ထောင်သူ ဥက္ကဋ္ဌ ၀ိုင်စီချွိုင်ကပြောကြားခဲ့သည်။ မေမြတ်နိုးသည် အဖွဲ့ကအကုန်အကျခံသော ဒေါ်လာ ၁၀,၀၀၀ ကုန်ကျသော ရင်သားခွဲစိတ်ပြုပြင်မှုကိုခံယူခဲ့ပြီး ဒေါ်လာ ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိသော အလှမယ်သရဖူကို ခိုးယူထွက်ပြေးတိမ်းရှောင်နေကြောင်း ပြိုင်ပွဲကိုကြီးမှူးကျင်းပသူများက ပြောကြားထားပြီးဖြစ်သည်။

မေမြတ်နိုးကို သရဖူရုပ်သိမ်းခံရမှုတွင် ပြိုင်ပွဲကျင်းပသည့်အဖွဲ့မှ ထုတ်ပြန်ချက်များသည် တစ်ဖက်သတ်ဖြစ်နေပြီး ကာယကံဖြစ်သူက ယခုအချိန်အထိ တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။

ထို့ပြင် ယင်းပြိုင်ပွဲကိုဦးစီးကျင်းပသည့် Miss Asia Pacific World သည် လေးနှစ်သာရှိသည့်သက်တမ်းအတွင်း အငြင်းပွားမှုအမြောက်အမြား ဆောင်ရွက်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း wikipedia တွင်ဖော်ပြထားသည်။ ကိုရီးယားအခြေစိုက် ယင်းအဖွဲ့သည် ၂၀၁၁ ခုနှစ်တွင် ပထမဆုံးအလှမယ်ဆုရွေးချယ်ခဲ့ပြီး ယင်းနှစ်ပြိုင်ပွဲတွင် ရွေးချယ်ခံခဲ့ရသော ကိုရီးယားအလှမယ် ဂျန်အွန်အေသည် ပြိုင်ပွဲပြီးနောက်တစ်ရက်တွင် အလှမယ်အဖြစ်မှ နုတ်ထွက်သွားခဲ့သည်။ ပြိုင်ပွဲတွင် အဆင့်မြင့်နေရာများ အလိုအလျောက်ရရှိလိုပါက လိင်ကိစ္စနှင့်အလဲအထပ်ဆောင်ရွက်နိုင်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ကမ်းလှမ်းခဲ့သည်ဟု ဂျန်အွန်အေက စွပ်စွဲပြောကြားခဲ့သည်။

ယင်း ၂၀၁၁ ခုနှစ်ပြိုင်ပွဲတွင်ပင် လိင်ကိစ္စကမ်းလှမ်းမှုများကြောင့် ပြိုင်ပွဲမှနုတ်ထွက်ခဲ့သော ဗြိတိန်မော်ဒယ်အေမီဝီလာတန်က ပြိုင်ပွဲတွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုများရှိခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။ အေမီဝီလာတန်သည် ၂၀၁၃ ခုနှစ် Miss Universe Great Britain ဆုကိုရရှိခဲ့သူဖြစ်သည်။

မေမြတ်နိုးသည် အသက် ၁၈ နှစ်ရှိပြီဟု ပြိုင်ပွဲ၏၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော်လည်း အမှန်တကယ်တွင် အသက် ၁၅ နှစ်သာရှိသေးကြောင်း Miss Asia Pacific World ပြိုင်ပွဲကိုတည်ထောင်သူ၊ ဥက္ကဋ္ဌ ၀ိုင်စီချွိုင်က သြဂုတ် ၃၁ ရက်တွင် ပြောကြားလာခဲ့သည်။

"သူ့မွေးနေ့က ၁၉၉၈၊ အောက်တိုဘာ ၁၃ ပါ" ဟု သူက၀န်လေးစွာဖြင့် ပြောကြားခဲ့သည်။ ပြိုင်ပွဲကျင်းပရန် ရက်အနည်းငယ်အလို မေလအစောပိုင်းရောက်မှသာ နိုင်ငံကူးလက်မှတ်ကိုစစ်ဆေးပြီး အသက်အမှန်ကို နောက်ကျသိခဲ့ရကြောင်း သူကပြောကြားခဲ့သည်။

မေမြတ်နိုးသည် အလှမယ်ပြိုင်ပွဲယှဉ်ပြိုင်ရန်နှင့် ရင်သားခွဲစိတ်ပြုပြင်ရန်အတွက် အရွယ်ရောက်နေပြီဖြစ်ကြောင်းလည်း သူကပြောကြားခဲ့သည်။

"သူကအရွယ်ရောက်နေပါပြီ။ သူ့အရပ်က ၁၇၃ စင်တီမီတာ၊ ဒီထက်ပိုပြီးရှည်လာမှာ မဟုတ်ပါဘူး" ဟု ချွိုင်ကပြောကြားခဲ့သည်။ ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် အနိမ့်ဆုံးအသက်သည် ၁၈ နှစ်အရွယ်သည် သင့်လျော်သည်ဟု သတ်မှတ်ထားသော်လည်း မဖြစ်မနေဟုသတ်မှတ်မထားကြောင်း ၎င်းကပြောကြားခဲ့သည်။ သို့သော်လည်း ၎င်း၏ပြောကြားချက်နှင့် ပြိုင်ပွဲ၏တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်သည် ကွဲလွဲနေသည်။

"ပြိုင်ပွဲယှဉ်ပြိုင်သူအားလုံးသည် အသက် ၁၈ မှ ၂၇ နှစ်အတွင်းဖြစ်ရမည်" ဟုဖော်ပြထားသည်။

မေမြတ်နိုးသည် ရင်သားခွဲစိတ်ပြုပြင်ပြီးနောက် အတွင်းခံအင်္ကျီဝယ်ရန် ၁၈ ဒေါ်လာချေးယူခဲ့ခြင်းဖြင့် အဖွဲ့ကိုအရှက်ရစေခဲ့ကြောင်း ဥက္ကဋ္ဌ ၀ိုင်စီချွိုင်က ပြောကြားခဲ့သည်။

"စနေ၊ တနင်္ဂနွေမှာ ခွဲစိတ်ကုသပြီးတော့ သူ့ရင်သားကပိုကြီးလာတယ်။ ဘရာစီယာက ၁၈ ဒေါ်လာလို့ သူကပြောခဲ့ပါတယ်။ ရင်သားပိုကြီးလာလို့ ဘရာစီယာအသစ်ဝယ်ဖို့လိုတယ်လို့ သူကပြောခဲ့တယ်" ဟု ချွိုင်က ပြောကြားခဲ့သည်။ သူ၏ရုံးဝန်ထမ်းများက တနင်္လာနေ့တွင် ဘရာစီယာအကြီးငါးထည် လာပို့ပေးမည်ကိုစောင့်ရန် တိုက်တွန်းခဲ့ကြောင်းလည်း ချွိုင်ကပြောခဲ့သည်။

"စားစရာမရှိဘူးလို့လည်း သူကပြောပါသေးတယ်။ ပြီးတော့ သူက ၁၈ ဒေါ်လာအတွက်နဲ့ သူနာပြုတစ်ယောက်ဆီက ငွေချေးခဲ့တယ်။ ဒါက ကျွန်တော်တို့ ဘယ်လိုမှသည်းမခံနိုင်ပါဘူး" ဟု ဥက္ကဋ္ဌ ၀ိုင်စီချွိုင်က ပြောကြားခဲ့သည်။

သမီးဖြစ်သူသည် အလှမယ်ဆုရရှိခဲ့မှုကြောင့် ရုပ်သံတွင်ပါဝင်ခဲ့ပြီး ဒေါ်လာ ၃၀,၀၀၀ ခန့်ရရှိထားကြောင်း၊ ယင်းဝင်ငွေအတွက် အဖွဲ့နှင့်မြန်မာကိုယ်စားလှယ်က ၀င်ငွေဖြတ်တောက်မည်ကို ငြင်းဆိုခဲ့သည့် သူ၏မိခင်သည် သမီးနှင့်အတူလိုက်ပါခဲ့သော်လည်း မေမြတ်နိုးသည် သူနာပြုထံမှ နှစ်ကြိမ်ငွေချေးခဲ့ကြောင်း ချွိုင်ကပြောကြားခဲ့သည်။

ပြိုင်ပွဲကိုဦးစီးကျင်းပသည့် သူ၏အဖွဲ့သည် အကျင့်ပျက်မှုများရှိကြောင်း မှားယွင်းစွပ်စွဲသည်ဟုဆို၍ ဘီဘီစီကို ဒေါ်လာသုံးဘီလျံရလိုကြောင်း တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စွပ်စွဲမှုများရှိနေသည်။ မေမြတ်နိုးကို ရင်သားခွဲစိတ်ရန် ပြိုင်ပွဲဦးစီးသည့်အဖွဲ့က ဖိအားပေးခဲ့ခြင်းမရှိကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်နှစ်များအတွင်း မည့်သည့်အရှုပ်တော်ပုံမျှမရှိကြောင်း ချွိုင်က Korea Observer ကို ပြောကြားခဲ့သည်။

သရဖူ၏တန်ဖိုးကိုဖော်ပြရာတွင်လည်း မီဒီယာများက ချဲ့ကားဖော်ပြခဲ့ကြကြောင်း ချွိုင်ကပြောကြားခဲ့သည်။

"ဒီဇိုင်နာတစ်ယောက်နဲ့ ကျောင်းသားတွေက သရဖူကို ခြောက်ပတ်ကြာဖန်တီးခဲ့ကြပါတယ်။ ဒေါ်လာ ၁၀,၀၀၀ တန်တယ်လို့ ကျွန်တော်တို့ မပြောခဲ့ပါဘူး" ဟု သူကပြောကြားခဲ့သည်။ စပွန်ဆာပေးသူတစ်ဦးက အကုန်အကျခံလုပ်ပေးခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်ကုန်ကျစရိတ်သည် သတင်းများတွင်ဖော်ပြထားသည်ထက် အတော်များများနည်းကြောင်း သူကမှတ်ချက်ပေးပြောကြားခဲ့သည်။

သို့သော် မြန်မာအလှမယ်ကို ကိုရီးယားပြိုင်ပွဲစီစဉ်သူများဘက်မှ ပြောကြားမှုများသည် တစ်ဖက်သတ်ဖြစ်နေကြောင်း မြန်မာအမျိုးသမီးများက ဝေဖန်ပြောကြားခဲ့ကြသည်။

"မေမြတ်နိုးဘက်ကမှားခဲ့သည်ဖြစ်စေ၊ မှန်ခဲ့သည်ဖြစ်စေ ကိုရီးယားဘက်က မရေရာတဲ့၊ သက်သေပြလို့မရတဲ့ စွပ်စွဲမှုတွေကို ရပ်တန်းကရပ်သင့်နေပြီလို့ပဲ ပြောချင်တယ်။ တရစပ်တိုက်ခိုက်မှုတွေကို လုံးဝလက်မခံနိုင်တော့ဘူး။ မေမြတ်နိုးကမှားခဲ့သလား၊ မှန်ခဲ့သလားဆိုတာကို စိတ်မ၀င်စားဘူး။ ဒါပေမဲ့ မေမြတ်နိုးနဲ့တွဲဖက်ပြီး မြန်မာမိန်းကလေးဆိုပြီး စွပ်စွဲပုတ်ခတ်နေတာတွေကို လုံးဝရှုတ်ချပါတယ်။ မေမြတ်နိုးအနေနဲ့လည်း ကိုယ့်ဘက်ကနစ်နာခဲ့တာတွေအတွက် ဥပဒေကြောင်းအရပဲ ဆက်သွားစေချင်တယ်။ လိုအပ်တာထက်ပိုပြီး ကိုရီးယားအဖွဲ့အစည်းဘက်ကနေ စော်ကားခဲ့တာတွေအတွက် အစ်မတို့အနေနဲ့တော့ ပြန်တောင်းပန်စေချင်တယ်" ဟု မသစ်သစ်မြင့်ဆိုင်က ပြောကြားခဲ့သည်။

မေမြတ်နိုး၏မိခင်ကလည်း "ကျွန်မတို့မီဒီယာတွေနဲ့ တွေ့ဆုံပွဲနေ့မှာ အားလုံးတစ်ပြေးညီ ရှင်းလင်းတင်ပြသွားပါမယ်။ မေမြတ်နိုးအတွက် တစ်ဖက်သတ်ပြောခဲ့တာတွေရော၊ ကျွန်မကိုပြောဆိုစွပ်စွဲခဲ့တာတွေရော အားလုံးရှင်းလင်းသွားမှာပါ။ ကျွန်မရဲ့ဂုဏ်သိက္ခာအတွက်ရော မေမြတ်နိုးရဲ့ဂုဏ်သိက္ခာအတွက်ပါ ကျွန်မတို့ငြိမ်ခံနေမှာ လုံးဝမဟုတ်ပါဘူး။ အားလုံးကို အမှန်အတိုင်း ရှင်းလင်းသွားပါမယ်" ဟု ပြောကြားခဲ့သည်။ -

Eleven media group

အမျိုးသမီး သီးသန့်ယာဉ်လိုင်း ပြေးဆွဲလိုပါက ခွင့်ပြုပေးမည်

 
ရန်ကုန်မှာ  အမျိုးသမီး သီးသန့်ယာဉ်လိုင်းပြေးဆွဲဖို့ အတွက် ယာဉ်ပိုင်ရှင်စာရင်းတွေ တင်ပြလာမယ်ဆိုရင် အစိုးရအနေနဲ့ အမြန်ဆုံးပြေးဆွဲခွင့်ပြုပေးမယ်လို့ ရန်ကုန်တိုင်း လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

ယာဉ်လိုင်းတချို့က ရုံးချိန်တွေမှာ အမျိုးသမီးသီးသန့် ဘတ်စ်ကားပြေးဆွဲမယ် ဆိုရင် အစိုးရအနေနဲ့ ကန့်ကွက်ဖို့ ရှိ၊ မရှိ မေးခွန်းကို ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂   လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ညိုညိုသင်းက ဒီနေ့ လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့တာပါ။

ဒီမေးခွန်းကို ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင်က ပြန်လည်ဖြေကြားရာမှာ အမျိုးသမီးသီးသန့် ဘတ်စ်ကားကို မနှစ်က ပြေးဆွဲခဲ့ဖူးပြီး စီးနင်းသူနည်းတဲ့အတွက် ၆ လလောက်အကြာမှာ ရပ်နားလိုက်ရကြောင်း၊ ယာဉ်ပိုင်ရှင်တွေဘက်က ဆန္ဒရှိတယ်ဆိုရင်တော့ ကန့်ကွက်ဖို့မရှိဘူးလို့ ၀န်ကြီးက ပြောပါတယ်။

ရန်ကုန်မှာ ၁ ရက်ကို လိုင်းကားစီးခရီးသည် ၂ သန်းကျော်ရှိမယ်လို့ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ) က ခန့် မှန်းထားပြီး ဒီအထဲမှာ ခရီးသည် တ၀က်လောက်က အမျိုးသမီးတွေဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ  ခရီးသည်တင် ဘတ်စ်ကား ယာဉ်လိုင်းပေါင်း ၄၀၀ လောက် ပြေးဆွဲနေပါတယ်။

By ပိုင်စိုး (ဒီဗွီဘီ)

စိတ်ကြွဆေး ရောင်းဝယ်မှုနှင့် တိမ်းရှောင်နေသော စီးပွားရေး လုပ်ငန်းရှင်အား ဖမ်းဆီးရမိ

 
ရန်ကုန်မြို့ တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံ ရဲထွန်းကျော် အား မြောက်ဦးမြို့တွင် ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၃

သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၃ဝ၁,ဝဝဝ ပြား၊ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး(အလေးချိန် ၃၅ဝ ဂရမ်) နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသော အမှုမှ မူးယစ်ဆေးဝါးများရောင်းချခိုင်းသူ Natural Force Co.,Ltd. ကုမ္ပဏီပိုင်ရှင် ရဲထွန်းကျော် သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဘက်သို့ တိမ်းရှောင်သွားကြောင်း သတင်းအရ သြဂုတ် ၃၁ ရက်တွင် မူးယစ် တပ်ဖွဲ့စု(၄၇)စစ်တွေ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်း- ကျောက်တော်သွား ၅ မိုင်အကွာ ယိုးငူဆိပ်ကမ်းတွင် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ရဲထွန်းကျော် သည် သြဂုတ် ၂၉ ရက် ညပိုင်းတွင် YGN-2E/8123 Kluger မော်တော်ယာဉ်ဖြင့် အမ်းမြို့သို့ ထွက်ခွါ သွားကြောင်း သတင်းရရှိပါသည်။

သြဂုတ် ၃၁ ရက် ၂၂၁ဝ အချိန်တွင် ပူးပေါင်းအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်နေ ဒေါ်ကြာဇံလှ နေအိမ်တွင် ရဲထွန်းကျော် စီးသွားသည့် YGN-2E/8123 Kluger မော်တော်ယာဉ်အား တွေ့ရှိ စုံစမ်းရာမှ ရဲထွန်းကျော် သည် သြဂုတ် ၃ဝ ရက်နေ့ ဝ၇၁ဝ အချိန်တွင် မြောက်ဦးမြို့ရှိ သူငယ်ချင်းဖြစ်သူ ဦးကျော်ဆန်း ၏ နေအိမ်၌ ရောက်ရှိနေကြောင်း သတင်းအတိအကျရရှိသဖြင့် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူး နှင့် ချိတ်ဆက်၍ မြောက်ဦးမြို့၊ တောင်ရပ်(၂)လမ်း၊ အမှတ်(တ၇/၂၂၄)နေ ဦးကျော်ဆန်း ၏ နေအိမ်အား စက်တင်ဘာ ၁ ရက် ၁၈၄၅ အချိန် ဝင်ရောက်ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်နေသော တရားခံ ရဲထွန်းကျော် (၃၅ နှစ်) အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ကျောက်ဖြူတွင်မီးတောင်ပေါက်၍ လယ်ဧက ၃ဝဝ ကျော်ပျက်စီး

လွန်ခဲ့သော နှစ်အနည်းငယ်က ရမ်းဗြဲကျွန်းတွင် မီးတောင်တစ်ခု ပေါက်ကွဲနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်တွင် မီးတောင်ပေါက်ကွဲ၍ လယ်မြေဧက ၃ဝဝ ကျော် ပျက်စီးဆုံးရှုံး သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်း ကျေးရွာ၏ အရှေ့တောင်ထောင့် ၃ ဖာလုံခန့်အကွာ ဒေသအခေါ် “သူပုန်နဂါး မီးတောင်”အမည်ရှိ မီးတောင်မှာ သြဂုတ်လ ၃၁ ရက်၊ ညနေ ၅ နာရီခွဲခန့် အချိန်တွင် ပေါက်ကွဲ ခဲ့ပြီး ယင်းနေ့ညနေ ၇ နာရီ မိနစ် ၂ဝ ခန့်တွင် ပေါက်ကွဲမှု ရပ်တန့် သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ပေ ၁ဝဝ ကျော်အမြင့်ရှိသော အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသောချော်ရည်ပူများ မှာ အမြင့်ပေ တစ်ထောင်ဝန်းကျင်ခန့်အထိမြင့်တက်သွားခဲ့ပြီး ယင်းချော်ရည်ပူများမှာ မီးတောင်အနီးရှိ ရှောက် ချောင်းကျေးရွာ၊ စည်မော်ကျေးရွာနှင့် ကြတ္တိန်ကျေးရွာများမှ စပါးစိုက်ပျိုးပြီးလယ်မြေဧက ၃ဝဝ ကျော်ခန့်ကို ဖုန်းလွှမ်းသွားကြောင်း မျက်မြင်သက်သေများနှင့် ကျေးရွာဒေသခံများက ပြောသည်။

“လေယာဉ်သွားသလိုမျိုး အသံမြည်ပြီးပေါက်သွားတာ။ ချော်ရည်တွေ ပေ ၁ဝဝဝ လောက်တောင်မြင့် တက်သွားတယ်။ ကျနော့်လယ်နားကနေ ကြည့်နေတော့ မီးတောက်တွေ အပေါ်ကို ထိုးတက်သွားတာတွေကို မြင်တွေ့လိုက်ရပါတယ်”ဟု မီးတောင်ပေါက်ကွဲမှုကြောင့် ၁ ဧကခွဲခန့် လယ်မြေဧက ပျက်စီးသွားသည့် ပိုင်ရှင် ရှောက်ချောင်းကျေးရွာဒေသခံ ဦးကျော်ဝင်းက ပြောပြသည်။

မီးတောင်ပေါက်ကွဲမှုကြောင့်ထွက်ပေါ်လာသည့်ချော်ရည်ပူများမှာ မီးတောင်အနီးတဝိုက် နှစ်ဖာလုံခန့် အကွာတွင်ရှိကြသော လယ်ယာမြေများကိုဖုန်းလွှမ်းသွားသည့်အတွက် လယ်ယာမြေများပျက်စီးဆုံးရှုံးသွား သည်ကိုတွေ့ရှိရကြောင်းလည်း အခင်းဖြစ်ရာနေရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုနေသူ ကျောက်ဖြူမြို့ နယ်၊ ဇင်ချောင်းကျေးရွာမှ ဦးကျန်သိန်းအောင်က ဆိုသည်။

“တစ်ချို့နေရာဆို တစ်ဖာလုံကျော်၊ တစ်ချို့နေရာတွေဆို နှစ်ဖာလုံကျော်၊ အဲလိုမျိုးအကွာမှာရှိတဲ့ လယ်တွေကို ချော်ရည်တွေဖုန်းလွှမ်းသွားတာတွေ့ရတယ်”ဟု ဦးကျန်သိန်းအောင်က သူမြင်တွေ့ရသည့်မြင် ကွင်းအနေအ ထားကို ပြောပြသည်။

ချော်ရည်ပူများဖုန်းလွှမ်းသွားသည့်အတွက် ပျက်စီးဆုံးရှုံးသွားသောလယ်ယာမြေတည်ရှိနေသည့်နေ ရာမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်တည်ဆောက်မည့်နေရာနှင့်နီးကပ်နေသောကြောင့် ပျက်စီးဆုံးရှုံးမှုတန် ဖိုးမှာလည်း သာမန်လယ်ယာမြေများထက် ပိုမိုများပြားကြောင်း လယ်မြေပျက်စီးသွားသည့်လယ်ပိုင်ရှင်များက ပြောသည်။

ယင်းသို့ လယ်ယာမြေအမြောက်အများပျက်စီးဆုံးရှုံးသွားသော်လည်း ဒေသအာဏာပိုင်များနှင့်တာဝန် ရှိသူများအနေဖြင့် အခင်းဖြစ်ပွားရာနေရာသို့လာရောက်ကြည့်ရှုမှုမရှိသည့်အပြင် ပျက်စီးဆုံးရှုံးသွားသည့်လယ် ယာမြေများအတွက်လည်း မည်သို့ဆောင်ရွက်ပေးမည်ဆိုသည်ကို ဆက်သွယ်အကြောင်းကြားလာခြင်းမရှိ သေးကြောင်း ဒေသခံများက ပြောပြသည်။

“ဒေသအာဏာပိုင်တွေလာကြည့်တာ ခုထိမရှိသေးဘူး။ ကျွန်တော်တို့ရွာအုပ်ချုပ်ရေးမှူးဆိုရင် တောင် ပေါ်ကိုတောင်တက်မကြည့်ဘဲပြန်သွားတယ်”ဟု ဦးကျော်ဝင်းက စက်တင်ဘာ ၁ ရက်နေ့က နိရဉ္စရာ ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ရှောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းကြည်အား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယင်းက “ကျွန်တော်တို့အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒေသ အာဏာပိုင်တွေဆီ အခင်းဖြစ်ပြီးတာနဲ့ အချိန်နဲ့တပြေးညီ သတင်းပို့အကြောင်းကြားထားပြီးဖြစ်ပါတယ်။ နစ်နာ သူတွေအတွက် ဘယ်လိုလုပ်ပေးမယ်ဆိုတာတော့ သက်ဆိုင်ရာကနေ ဆက်သွယ်လာတာမရှိသေးပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး လယ်ယာမြေများနစ်နာသွားသူများကို မည်သို့ဆောင်ရွက်ပေးမည်ဆိုသည် ကို အသေးစိတ်သိရှိနိုင်ရန် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူစိုးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ယခုကဲ့သို့မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လက်ရှိအချိန်တွင် မီးတောင်အနီးရှိ ကျေးရွာသုံးရွာမှ လယ်ပိုင်ရှင် ၁၇ ဦး၏ လယ်ယာမြေများဖုန်းလွှမ်းသွားသည့်အတွက် လုပ်ကိုင်စားသောက်၍မရတော့သည်ကို လေ့လာသိရှိထားကြောင်း ရှောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းကြည်က အတည်ပြုသည်။

အဆိုပါ သူပုန်နဂါးအမည်ရှိ မီးတောင်မှာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပြန်လည်ပေါက်ကွဲလာခြင်းဖြစ်ပြီး အဆိုပါမီးတောင်ပေါက်ကွဲပါက ဒေသအခြေအနေများမှာဆူပူမှုများဖြစ်ပေါ်တတ်ကြကြောင်း
 ရှေးလူကြီးများ၏ ပြောဆိုချက်များကိုကိုးကား၍ ဒေသခံများက ပြောသည်။

( နိရဉ္စရာ- ၂ စက်တင်ဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)

အမျိုးသား ပညာရေး ဥပဒေ ထားဝယ်မှ တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ



  ထားဝယ်၊ စက်တင်ဘာ ၂
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော အမျိုးသားပညာရေးဥပဒေမူကြမ်အား
ထားဝယ်ဒေသအတွင်းရှိ တက္ကသိုလ်ကျောင်းသုံးကျောင်းမှ ကျောင်းသားများ
စက်တင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ယင်း ဥပဒေမူကြမ်းကို အပြင်းအထန်ကန့်ကွက်ကြောင်း စာတမ်းများ ကိုင်ဆောင်၍
ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများသမဂနှင့် ကွန်ပျူတာ၊ နည်းပညာ နှင့်
ထားဝယ် တက္ကသိုလ်ကျောင်းသား ကျောင်းသူ တို့က
ထားဝယ်တက္ကသိုလ်ကျောင်းဝင်းအတွင်
း ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်သည့် ကျောင်းသားကျောင်းသူများသည် ထားဝယ်တက္ကသိုလ်မုခ်ဦးမှ
တက္ကသိုလ်ပင်မဆောင်သို့ တပတ်ချီတက်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ပြီး
အမျိုးသားပညာရေးကော်မရှင် ဖျက်သိမ်းပေးဟူသည့် အချက်အပါအ၀င်
အဆင့်မြှင့်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ -အလို မရှိ၊ အစိုးရ၊ လွှတ်တော်၊
NEER သုံးပွင်ဆိုင့် တွေ့ဆုံဆွေးနွေးရေး -ဒို့အရေး ၊ ကျောင်းသားသမဂ
တရားဝင် ဖွဲ့စည်းခွင့်ရရှိရေး-ဒို့အရေး စသည့်တို့ကိုတောင်းဆိုခဲ့သည်။

အမျိုးသားပညာရေးဥပဒေမူကြမ်း စတင် ဆွေးနွေးစဉ်ကတည်းက အစိုရ၊ လွှတ်တော် ၊
တစ်နိုင်ငံလုံးဆိုင်ရာ ပညာရေးပညာရေးပြုပြင် ပြောင်းလဲမှုဆိုင်ရာကွန်ရက်
(NEER) တို့ညှိနှိုင်းပြီး ရေးဆွဲပေးရန် တောင်းဆိုခဲ့သော်လည်း
အစိုးရနှင့်လွှတ်တော် နှစ်ရပ်သာ ဆွေးနွေး အတည်ပြုခဲ့၍
ယင်းအမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ကာ
ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် တက္ကသိုလ် ကျောင်းသားများသမဂမှ
ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းလွင်ဦးက ပြောဆိုသည်။

အမျိုးသားပညာရေးဥပဒေမူကြမ်းတွင် ပြုပြင်ပြင်ဆင်ရန်လိုအပ်ချက်များကို
ထားဝယ်ဒေသရှိ ကျောင်းသားကျောင်းသူများ ရှင်းလင်းစွာ
သိရှိလာစေရန်အတွက်လည်း ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ၄င်းက
လဆက်လက်ပြောဆိုသည်။

 “အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ အမျိုးသားပညာရေးကော်မရှင်နဲ့
အဆင့်မြင့်ပညာညှိနှိုင်းရေးကော်မတီဆိုတာပါနေတယ်၊ ဒါတွေ မလိုအပ်ပါဘူး”ဟု
ဦးမင်းလွင်ဦးကဆိုသည်။

အဆိုပါတောင်းဆိုထားသည့်အချက်အလက်များရရှိရေးအတွက် တနိုင်ငံလုံးရှိ
တက္ကသိုလ်ကျောင်းသားများသမဂတို့မှ ဆက်လက် ပူးပေါင်းကာ ဆန္ဒထုတ်ဖော်
တောင်းဆိုသွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်တက္ကသိုလ် ကျောင်းသားများသမဂ
ထံမှ သိရသည်။

အဆိုပါ အမျိုးသားပညာရေးဥပဒေကြမ်းအား အတည်ပြုနိုင်ရန် အစိုးရ၊ လွှတ်တော်၊
NEERတို့ ပါဝင်ဆွေးနွေးမှသာ မိမိတို့လိုချင်သော အချက်အလက်များ
ပြည့်စုံလာမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်တက္ကသိုလ် ကျောင်းသားများသမဂမှ
ခေါင်းဆောင်တစ်ဦးက ပြောဆို သည်။

တက္ကသိုလ်ပင်မဆောင်သို့ ချီတက်ဆန္ဒထုတ်ဖော်ရာအပြန်လမ်းတွင်
ဆန္ဒထုတ်ဖော်သည့်သူများ စာသင်ဆောင်များသို့ သွားရောက်မည့် လမ်းမများသို့
မ၀င်ရောက်နိုင်ရန် ယင်းတက္ကသိုလ်ရှိ ၀န်ထမ်းများက
စာသင်ဆောင်ဝင်တံခါးကိုပိတ်ပြီး မော်တော်ယာဉ်ဖြင့် ကန့်လန့်
ပိတ်ဆို့တားဆီးခဲ့ကြောင်း တက္ကသိုလ်ကျောင်းသားများထံမှ သိရသည်။

စာသင်ခန်းအတွင်းရှိ ကျောင်းသားကျောင်းသူများကို ဆန္ဒထုတ်ဖော်နေခြင်းအား
ကြည်ရှုခြင်းမပြုရဟု ဆရာ/ဆရာမများက တားမြစ် ထားခဲ့ကြောင်း
ထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောဆိုသည်။

“ပညာရေးပြုပြင်ပြောင်လဲမှုဖော်ဆောင်နေတဲ့အချိန်မှာ
ကျောင်းသားတွေရဲ့ဆန္ဒကလည်းပါဝင်ဖို့ အရေးကြီးတယ်။ အဲဒီလိုလုပ်တာက
ကျောင်းသားတွေရဲ့ ဆန္ဒကိုမျက်ကွယ်ပြုရာရောက်တယ်”ဟု ဦးမင်းလွင်ဦးကဆိုသည်။

ယင်းသို့ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန် ထားဝယ်တက္ကသိုလ်မှ ပါမောက္ခချုပ်ထံ
အသိပေးအကြောင်းအကြားစာ ပေးပို့ပြီးမှ လုပ်ဆောင်ခဲ့သည် ဟု
ထားဝယ်ခရိုင်တက္ကသိုလ် ကျောင်းသားများသမဂဂထံမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်မှ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားပညာရေး
ဥပဒေကြမ်းကိုအတည်ပြုခဲ့သည်။
Dawei Watch |

ရှေ့ဘီးပေါက်ပြီး ကားတစ်စီး ပင်လယ်ထဲ ထိုးကျ

Displaying P9013133.JPGပင်လယ်ထဲကျသွားသည့် ကားကို တွေ့၇စဉ်
ဓာတ်ပုံ - Dawei Watch

 ကော့သောင်း၊ စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် စက်တင်ဘာလ ညနေ ၃ နာရီက
ဟိုင်းလတ်ကားတစ်စီး ပုလုံးတုံတုံးတံတားပေါ်ကို ဖြတ်သန်းစဉ် ရှေ့ဘီးပေါက်ကာ
ပင်လယ်ထဲသို့ ထိုးကျသွားကြောင်း မျက်မြင်ဒေသခံများက ပြောသည်။
ယင်းကားသည် ပုလုံးတုံတုံးကျေးရွာသို့ ဘိလပ်မြေသွားပို့ပြီးအပြန်
တံတားပေါ်အဖြတ်တွင် ညာဖက် ရှေ့ဘီးပေါက်ကာ တံတားလက်ရန်းကို တိုက်မိကာ
အရှိန်ဖြင့် ပင်လယ်ထဲသို့ ထိုးကျသွားပြီး ကားပေါ်ပါလာသည့် ယာဉ်မောင်းနှင့်
အလုပ်သမား ၅ ဦးစလုံး တစ်စုံတစ်ရာ ထိခိုက်မှု မရရှိခဲ့ဟု အထက်ပါ
မျက်မြင်များက ရှင်းပြသည်။
“ကား ရှေ့ဘီးပေါက်တာနဲ့ လက်ကိုင်က ရမ်းခါသွားတဲ့ အချိန်မှာ
အရှိန်မထိန်းနိုင်တော့ဘဲ တံတားလက်ရန် တိုက်မိပြီး တံတားအောက်ရှိ
ပင်လယ်ရေထဲသို့ ထိုးဆင်းကျသွားတာ”ဟု ယာဉ်မောင်း ဖြစ်သူက ဆိုသည်။
ကားကို ဒေသခံများနှင့် လာကြည့်သူများ၏ အကူအညီ၊ ယန္တယားအကူအညီဖြင့် ညနေ ၅
နာရီ ၁၅ မိနစ်ခန့်တွင် ဆွဲတင်နိုင်ခဲ့သည်။
ပုလုံးတုံတုံးတံတားပေါ်တွင် ခင်းထားသော ကြမ်းခင်းသစ်များသည် ရာသီဥတု
ဒါဏ်ကြောင့် သံများ နေရာအနှံတွင် ကြွတက်နေပြီး နေ့စဉ်
တံတားပေါ်ဖြတ်သန်းသွားလာနေသော ဆိုင်ကယ် ၊ ဘေးတွဲပါ ဆိုင်ကယ်များ မကြာခဏ
ဘီးပေါက်ကာ ရံဖန်ရံခါ ယာဉ်တိမ်းမှောက်မှု ဖြစ်သည်အထိ ဖြစ်ပွားကြောင်း
ပုလုံးတုံတုံးကျေးရွာသားများက ပြောသည်။
တံတားကြံခိုင်မှု အားနည်းသည့် အခြေအနေကြောင့် တန်ပိုယာဉ်များနှင့်
ကားများ ဖြတ်သန်းခွင့်မပြုသည်မှာ ကြာပြီဖြစ်ပြီး လာမည့် အောက်တိုဘာလတွင်
တံတား အသစ်ပြန်လည် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ပုံလုံးတုံတုံးတံတားသည် ကော့သောင်းမြို့ လေးမိုင်အကွာမှ
ပုလုံးတုံတုံးကျေးရွာသို့ ဆက်သွယ်ထားသည့်
ပင်လယ်ဖြတ်ကျော်တံတားတစ်ခုဖြစ်သည်။
|Dawei Watch|

မဟာသန္တိသုခ ပီနန်ဆရာတော် ရဲ့စာ သက်သေခံ အဖြစ်လက်ခံ

လန်ဒန်သာသနာ့ရံသီဝိဟာရ ဆရာတော်ဦးဥတ္တရ
 မဟာသန္တိသုခ ကျောင်းပိုင်ဆိုင်မှု နဲ့ ဆက်နွယ်ပြီး၊ တရားရင်ဆိုင်နေရတဲ့ သံဃာ ငါးပါး အမှုမှာ ပီနန်ဆရာတော်ကြီး က မဟာသန္တိသုခ ကျောင်း ကို ပိုင်ဆိုင်ကြောင်း၊ အထောက်အထား ကို တရားရုံးတော်မှာ သက်သေခံ အဖြစ် တင်ပြခွင့် လျှောက်ရာမှာ တရားရုံးက လက်ခံခဲ့ပါတယ်။

ပီနန်ဆရာတော်ကြီး က စာနှစ်စောင်ပေးပို့ ရာမှာ၊ တစောင်က နိုင်ငံတော် သမ္မတဆီ ဖြစ်ပြီး၊ နောက်တစောင်က သံဃာ့မဟာနာယက ဆီ ပေးပို့ခဲ့တာပါ။ သမ္မတ ဆီ ပေးပို့တဲ့ စာမှာ အခုလို နှစ်ဖက် အငြင်းပွားနေတဲ့ ကိစ္စမှာ၊ အရင် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် က လွှဲခဲ့တဲ့ အတွက်၊ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ရဲ့ ကိုယ်စား၊ လက်ရှိ အစိုးရ က တာဝန်ရှိလို့ ဥပဒေခုံရုံး အဖြစ် မျှမျှတတ စစ်ဆေးပေးပါရန်၊ မေတ္တာရပ်ခံစာ ဖြစ်ကြောင်း၊ ဆရာတော် ဦးဥတ္တရ က ဘီဘီစီ ကို မိန့်ပါတယ်။

နိုင်ငံတော် သံဃာ့မဟာနယက အဖွဲ့ဆီ၊ ပီနန်ဆရာတော်ကြီး ပေးစာ ကို တရားရုံးတော် က လက်ခံခြင်းက သက်သေခံ အဖြစ် သဘောထားတဲ့ အကြောင်း၊ ကြားနာ စစ်ဆေးမှု ကို လာမဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ တာမွေ တရားရုံးမှာ စစ်ဆေး ဖို့ မနေ့ က၊ အမိန့်ချလိုက်ပါတယ်။

အမှုသွား အမှုလာ အရ၊ ဘုန်းကြီးတွေ ကို မတရား ဖမ်းဆီး ချုပ်နှောင်ခြင်း အပေါ်မှာလည်း၊ အမှုမှန် စစ်ဆေးခွင့် ရတဲ့ သဘောရှိပုံလည်း ဆရာတော် က မိန့်ပါတယ်။ တရားသူကြီး အနေနဲ့ အပြစ်ရှိမရှိ၊ ဆုံးဖြတ်နိုင်သလို အပြစ်မရှိကြောင်း ကိုလည်း၊ လျှောက်လဲ ပိုင်ခွင့် ရှိခြင်းဟာ အကျိုးရလဒ် ဖြစ်ကြောင်း လည်း ဆရာတော် က မိန့်ပါတယ်။

သံဃာ့မဟာနာယက ကို ဆရာတော် ဘက် က ပြန်လှန်တရားစွဲတဲ့ ဦးတိုက်လျှောက်လွှာ ကို မြို့နယ်တရားရုံး သုံးရုံး က လက်မခံတဲ့ အတွက်၊ မြန်မာတနိုင်ငံလုံး က တရားရုံးတော် တွေ က လက်မခံရင်၊ ယူကေ နိုင်ငံ မှ တဆင့်၊ နိုင်ငံတကာ ဥပဒေ နဲ့ အညီ တရားစွဲဖို့ အစီအစဉ် ရှိကြောင်း ဆရာတော် ဦးဥတ္တရ က ဘီဘီစီ ကို မိန့်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

e-Visa စနစ် မြန်မာနိုင်ငံမှာစတင်

 e-Visa သတင်းစာရှင်းလင်းပွဲအတွင်းက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ။
 e-Visa သတင်းစာရှင်းလင်းပွဲအတွင်းက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ။
1.09.2014 
မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ အင်တာနက် အွန်လိုင်း ကနေတဆင့်လျှောက်ထားလို့ရတဲ့ e-visa စနစ်ကို စက်တင်ဘာလ (၁) ရက် ဒီကနေ့ကနေ စပြီး ခွင့်ပြုပေးလိုက်ပါပြီ။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီ၊ အာဆီယံနိုင်ငံတွေအပြင် တရုတ်၊ ဂျပန်နဲ့ မြောက်ကိုရီးယားစတဲ့ နိုင်ငံပေါင်း (၄၁) နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်လည်ပတ်မယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် ခရီးသွားဗီဇာကိုပဲ အဓိကထား လျှောက်ထားခွင့်ပြုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ၀င်ရောက်လာမယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် အွန်လိုင်းဗီဇာအကြောင်း အပြည့်အစုံကို ကိုစည်သူက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသွား ခရီးသွားတွေအတွက် ပြည်ဝင်ခွင့် ဗီဇာကို အင်တာနက် အွန်လိုင်းကနေ လျှောက်ထားနိုင်မယ့် e-visa စနစ်ကို ဒီကနေ့ စက်တင်ဘာလ (၁) ရက်နေ့မှာ စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတွင်း သံရုံးဖွင့်လှစ်ခွင့်ရရှိထားတဲ့ နိုင်ငံပေါင်း (၄၁) နိုင်ငံက နိုင်ငံခြားသား ခရီးသွားတွေအတွက် Tourist Visa (ခရီးသွားဗီဇာ) ကိုပဲ အဓိကထား လျှောက်ထားနိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။  E-visa (အွန်လိုင်းပြည်ဝင်ခွင့်) လျှောက်ထားနိုင်တဲ့ နိုင်ငံတွေထဲ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီစတဲ့နိုင်ငံတွေအပြင် မြောက်ကိုရီးယား နိုင်ငံလည်း ပါဝင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။
“၄၁ နိုင်ငံမှာ ကျနော်တို့ မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့နိုင်ငံတွေကို ပေးတာ ဖြစ်ပါတယ်။ …ဆိုတော့ North ကိုရီးယားက ကျနော်တို့မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျန်တာ ဘာအချက်မှ မပါဘူး။ ဒုတိယအချက်က- ဘယ်လောက် ရင်းနှီးသလဲဆိုတော့ ကနဦး ဒေါ်လာ ၁၇ သန်းလောက် ရင်းနှီးမယ်-လို့ စီမံထားပါတယ်။ အဲဒီအတွက်က ဘာတွေလိုလဲဆိုတော့ IT နဲ့ ပတ်သက်တဲ့ဟာတွေ လိုတာပေါ့။ Up to Date ဖြစ်တဲ့ ပစ္စည်းကိရိယာတွေအကုန်လုံး သုံးရမယ်။ IT ကလည်း အမြဲတမ်း upgrade လုပ်နေမှ ဖြစ်တဲ့အတွက်ကြောင့် အချိန်တန်ရင် upgrade လုပ်မယ်ဆိုတေတတာ့ ဒီကုမ္ပဏီကပဲ တာဝန်ယူပြီး upgrade လုပ်သွားမယ်။ အခြားသော ဆာဗာတွေ ရှိတယ်။ ဒီမှာ လျှပ်စစ်ဓာတ် ချွတ်ယွင်းတယ်ဆိုလို့ရှိရင် သဘောက တရက်၊ နှစ်ရက် ချွတ်ယွင်းတယ်ဆိုရင် ဘယ်လို အစားထိုးပေးမလဲ၊ Disaster ပေါ့၊ နာဂစ်တို့လို Disaster ဖြစ်သွားတယ်။ အကြာကြီး ဒီမှာ failure ဖြစ်မယ်ဆိုရင် ဘယ်လို Back-up လုပ်မယ်ဆိုတာ ပြည်ပမှာပါအစ back-up လုပ်တဲ့ system တွေ ရှိပါတယ်။”
အွန်လိုင်း ပြည်ဝင်ခွင့်လျှောက်ထားမှု (e-visa) ရဲ့ စမ်းသပ်အောင်မြင်မှုပေါ်မူတည်ပြီး ကမ္ဘာ့နိုင်ငံအားလုံးကနေ e-visa လျှောက်ထားလို့ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ အခု e-visa စနစ်စတင်ချိန်မှာတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကနေတဆင့် ၀င်ရောက်မယ့် ခရီးသည်တွေအတွက် စတင်လိုက်တာပါ။ အခု e-visa စနစ်ရဲ့ အောင်မြင်မှုပေါ် မူတည်ပြီး တခြား နိုင်ငံတကာလေဆိပ်တွေ အပြင် မြန်မာနိုင်ငံတွင်း ၀င်ရောက်နိုင်တဲ့ နယ်စပ် ၀င်ထွက်ပေါက်တွေ အပါအ၀င် ၀င်ထွက်ပေါက်တွေအားလုံးကနေ ခွင့်ပြုပေးသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောပါတယ်။
“နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ဝင်ရောက်တဲ့ဥစ္စာက ရန်ကုန်လေဆိပ်က ဝင်ရောက်တာ အများဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ရန်ကုန်လေဆိပ်ကို စတင်ပြီးတော့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ စက်ပစ္စည်းကိရိယာတွေ၊ နောက်တခုက ကျနော်တို့ ဒီ E-visa လုပ်ငန်းဆိုတာ အခုမှ ကျနော်တို့နိုင်ငံမှာ စတင်ပြီးတော့ ဆောင်ရွက်ရတဲ့လုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ- အကျိုးအပြစ်တွေအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ပြုပြင်ရမှာတွေ၊ ပြောင်းလဲရမှာတွေ၊ နည်းပညာပိုင်း ပံ့ပိုးရမယ့်အပိုင်းတွေ- ဒီဟာတွေကို ကျနော်တို့က ပြည့်ပြည့်စုံစုံနဲ့ ဂဃနဏ ဆောင်ရွက်သွားချင်တဲ့အတွက်ကြောင့် ရန်ကုန်လေဆိပ်ကနေပြီးတော့ စတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ အလားတူပဲ မန္တလေးလေဆိပ်၊ နေပြည်တော်လေဆိပ်၊ ဒါ့အပြင် ကျနော်တို့ နိုင်ငံတကာဝင်ထွက်ပေါက်အဖြစ် သတ်မှတ်ပြီးဖြစ်တဲ့ ဘော်ဒါဂိတ်ပေါက်တွေကနေကအစ ဆက်လက် ဆောင်ရွက်သွားဖို့ဆိုပြီး ကျနော်တို့မှာ အစီအစဉ်ရှိပါကြောင်း ရှင်းလင်း တင်ပြလိုပါတယ်။”
လျှောက်ထားလိုသူ ခရီးသွားတွေအနေနဲ့ အွန်လိုင်း ပြည်ဝင်ခွင့်အတွက် လျှောက်ထားတဲ့အခါ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ e-visa အင်တာနက် စာမျက်နှာကို ၀င်ရောက်ပြီးအမေရိကန်ဒေါ်လာ (၅၀) ပေးသွင်းကာ လျှောက်ထားရမှာဖြစ်ပါတယ်။  လျှောက်ထားမှုကို လက်ခံ၊ မခံ တစ်နာရီအတွင်း အကြောင်းပြန်ကြားမှာဖြစ်ပြီးတော့ ပြည်ဝင်ခွင့်ပြု မပြုကိုတော့ (၅) ရက်အတွင်း အကြောင်းပြန်ကြားမယ်လို့ လ၀က ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
နိုင်ငံပေါင်း (၄၁) နိုင်ငံက မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို အွန်လိုင်းပြည်ဝင်ခွင့် ခွင့်ပြုတာဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ အမည်မည်းစာရင်း (Blacklist) စာရင်းဝင်သူတွေနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ interpo ရဲ့ အမည်မည်းစာရင်းဝင်သူများကိုတော့ လျှောက်ထားမှု လက်ခံမှာမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ၂၀၁၃ ခုနှစ် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ဦးရေ (၂.၄) သန်း ၀င်ရောက်ခဲ့ပြီး အခုနှစ် (၂၀၁၄) အတွက်တော့ ခရီးသွားဦးရေ (၃) သန်း ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အွန်လိုင်းကတဆင့် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှု အောင်မြင်ခဲ့ရင်တော့ လာမယ့် ၂၀၁၅ မှာ မြန်မာနိုင်ငံတွင်း နိုင်ငံခြားသားခရီးသွားဦးရေ (၅) သန်း ၀င်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်ခင်ဗျာ။
ကိုစည်သူ(VOA)

သမ္မတဦးသိန်းစိန် ခရီးစဉ် ဥရောပရောက် မြန်မာတွေ တုံ့ပြန်

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အမှန်တကယ်ဖော်ဆောင်နိုင်ခြင်းမရှိဘဲ အပြောသက်သက်ပဲဖြစ်နေတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဥရောပ ခရီးစဉ်ကို မကြိုဆိုတဲ့အကြောင်း ဥရောပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်ကို စတင်လိုက်တဲ့အချိန်မှာပဲ အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်တွေအတွင်းမှာလည်း ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေတယ်လို့လည်း ပြောလိုက်ပါတယ်။ အခြေအနေအပြည့်အစုံကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
မြန်မာသမ္မတဦးသိန်းစိန်ဟာ ၁၀ ရက်ကြာ ဥရောပ ၃ နိုင်ငံခရီးစဉ်ကို တနင်္လာနေ့က စတင်လိုက်ပြီး ဒီကနေ့ အင်္ဂါနေ့မှာတော့ ဂျာမနီနိုင်ငံကို အရင်ဆုံး ရောက်မှာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ဂျာမနီသမ္မတရဲ့ ဖိတ်ကြားချက်အရ ၂ နိုင်ငံချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်တာဖြစ်ပြီး ဂျာမန် ၀န်ကြီးချုပ် အန်ဂလာမာကယ်နဲ့ရော သမ္မတ  Joachim Gauck နဲ့ ပါတွေ့ဆုံမှာဖြစ်တယ်လို့ တယ်လို့ မြန်မာသမ္မတရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါဟာ သမ္မတဦးသိန်းစိန်အတွက်တော့ သမ္မတအဖြစ်နဲ့ ပထမဆုံးအကြိမ် ဂျာမနီနိုင်ငံကို သွားရောက်မဲ့ခရီးစဉ်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာသမ္မတရဲ့ ခရီးစဉ်အပေါ် ဂျာမနီနိုင်ငံက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ဦးနွယ်အောင်က သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။
“သမ္မတဦးသိန်းစိန်အစိုးရဟာ Reform တွေ ဘာတွေ လုပ်နေတယ်ဆိုပေမယ့် တိုင်းပြည်မှာ ပြည်သူလူထုကတော့ ငတ်ပြတ်ပြီးတော့ ဆင်းရဲနေတဲ့အချိန် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူလာတာကို ကျနော်တို့ကတော့ မကြိုဆိုနိုင်ဘူး။ ကျနော်တို့က သူ့ကို ဆန္ဒပြမှာပဲ။ Reform ဆိုတာကတော့ ဘာမှ Reform မရှိဘူး။ Lip Service ပဲ ရှိတယ်။ ပါးစပ်က ပြောချင်တာ ပြောနေတာပဲ ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က မကြိုဆိုတာ။”
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်နေတယ်ဆိုပေမယ့်လည်း မြန်မာနိုင်ငံသားတွေအတွက် အမှန်တကယ်လိုအပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိသေးဘူးလို့ ဦးနွယ်အောင်က အခုလို ထောက်ပြပါတယ်။
“တိုင်းပြည်မှာက အခြေခံဥပဒေက အရေးကြီးတယ်။ ဒါပေမယ့် သူတို့က ဘာမှ ဒီကိစ္စကို လုပ်ပေးနိုင်တဲ့ဟာမျိုး မရှိဘူး၊ စစ်တပ်ကသာ သူတို့က လက်ကိုင်ထားတယ်။ တရားဥပဒေကိစ္စမှာဆိုလို့ရှိရင်လည်းပဲ ထိရောက်တဲ့တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာမှ သူတို့ မလုပ်နေဘူး။ --လယ်ယာမြေတွေ သိမ်းတာတွေ ဘာတွေ၊ နောက်ပြီးတော့ ကြေးနီစီမံကိန်းမှာလည်းပဲ တိုင်းသူပြည်သားတွေဟာ နစ်နာနေရတယ်၊ ခံစားနေရတယ်၊ မီဒီယာကိစ္စတွေ၊ နောက်ပြီးတော့ ပုဒ်မ (၁၈) လုံးဝကို လက်ခံလို့ မရတဲ့ကိစ္စတွေ၊ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ မြန်မာနိုင်ငံမှာ ပြည်သူလူထုပဲ နစ်နာတယ်ဆိုတာကတော့ ဒီဥစ္စာက လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။”
သမ္မတဦးသိန်းစိန်ဟာ ဂျာမနီနိုင်ငံကနေ တဆင့် ဆွစ်ဇာလန် နဲ့ နယ်သာလန် နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီး ၊ နယ်သာလန်နိုင်ငံမှာတော့ မြန်မာ့အရေး လှုပ်ရှားသူတွေက သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အပေါ် ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ နယ်သာလန်ရုံးတာဝန်ခံ ဦးလှမြင့်နိုင်က ပြောပါတယ်။
“ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ တိုင်းသူပြည်သားတွေရဲ့ ပြဿနာတွေကို ယနေ့အချိန်အထိ ဦးသိန်းစိန်က ဖြေရှင်းပေးနိုင်တာလည်း မရှိဘူးဗျာ။ ဒါကို ခင်ဗျားတို့က ပြုပြင်ပြောင်းလဲမှု ဆိုတာကို စိတ်ကောင်း စေတနာကောင်းနဲ့ ပြုပြင်ပေးပါဆိုတာကိုပဲ ပြောချင်တာပါ။ ကျနော်တို့ ဆန္ဒပြတယ်ဆိုတာကလည်း သူတို့ မကြိုက်ဘူးဆိုတာကို ပုံစံမျိုး ပုဂ္ဂိုလ်ရေးအရ ပြောတာမဟုတ်ဘူး။ ဖွဲ့စည်းထားတဲ့ Constitution ရဲ့အပေါ်မှာ ကျနော်တို့က ပြောမှာ ဖြစ်ပါတယ်။”
၂၀၁၁ ခုနှစ်က အရပ်သားအစိုးရသစ်အဖြစ် ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်လာခဲ့ပြီးတဲ့နောက် မြန်မာအစိုးရဟာ ဥရောပအပါအ၀င် အနောက် နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုများလာခဲ့ပြီး၊ အမေရိကန် နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေကို လျှော့ချလာခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဂျာမနီသမ္မတ Joachim Gauck ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက် ၂ နိုင်ငံ ဆက်ဆံရေးတွေ တိုးမြှင့်လာခဲ့တာဖြစ်ပါတယ်။ အဲဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံက ဂျာမနီနိုင်ငံကို ပေးရမယ့်အကြွေး ယူရို ၁ ဘီလီယံထဲက တစ်ဝက်ကို လျော်ပစ်ခဲ့ပြီး ကျန်တဲ့တ၀က်ကိုတော့ အတိုး ၃ % နဲ့ ၁၅ နှစ်အတွင်း အရစ်ကျပေးဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။
ဂျာမနီနဲ့ မြန်မာနိုင်ငံကြား ၂ နိုင်ငံကုန်သွယ်မှုဟာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၇ သန်း တန်ဖိုးရှိခဲ့ပြီး မြန်မာနိုင်ငံကနေ ဂျာမနီကို တင်ပို့တဲ့ ပြည်ပပို့ကုန်တန်ဖိုးဟာ ၄၂ သန်းကျော်နဲ့ ဂျာမနီကနေ မြန်မာနိုင်ငံကို တင်သွင်းတဲ့ကုန်ပစ္စည်းတန်ဖိုးဟာ ၁၄၄ သန်းကျော်ရှိခဲ့ပါတယ်။ ၂၀၁၃-၁၄ ပထမ ၆ လမှာတော့ ၂ နိုင်ငံကြား ကုန်သွယ်မှုဟာ ၄၈.၁၄ သန်းရှိပြီး ၂၀၁၃ ဇူလိုင်လအထိ ဂျာမနီကနေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုကတော့ ၁၇.၅ သန်း ရှိခဲ့ပါတယ်။ ဂျာမနီနိုင်ငံရဲ့ ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ရထား ပို့ဆောင်ရေး၊ လျှပ်စစ်ထုတ်လုပ်မှု လူသုံးကုန်နဲ့ ကားထုတ်လုပ်မှု စတာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့စိတ်ဝင်စားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂျာမနီနိုင်ငံဟာ အာရှတိုက်က ဂျပန်နိုင်ငံပြီးရင် မြန်မာနိုင်ငံအပေါ် အလှူငွေ အများဆုံးပေးတဲ့နိုင်ငံလည်းဖြစ်ပြီး မြန်မာနိုင်ငံက ကျောင်းသားတွေ အတွက်လည်း ပညာသင်ဆုတွေကို အတော်များများပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဂျာမနီနိုင်ငံကို သုံးရက်ကြာသွားရောက်ခဲ့ပြီး အဲဒီမှာ ၀န်ကြီးချုပ် အန်ဂလာ မာကယ်လ်၊ သမ္မတ Joachim Gauck တို့နဲ့ ဘာလင်မှာ တွေ့ဆုံပြီး အဲဒီမှာ နိုင်ငံတကာ Willy Brandt ဆုကိုလည်း လက်ခံရယူခဲ့ပါတယ်ခင်ဗျား။
ကိုရန်နိုင် VOA

Monday, September 1, 2014

ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီဟုဆို

ဒါကာ၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီ ဒုက္ခသည်များကို ပြန်လည် ခေါ်ယူခြင်းလုပ်ငန်းအား ၂ လ အတွင်း ပြန်လည် စတင်ရန် မြန်မာနိုင်ငံက သဘောတူခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုသည်။

“စိစစ်ပြီး မြန်မာနိုင်ငံသားတွေ ပြန်လည်လက်ခံတာကို ၂ လအတွင်း စတင်ဖို့ သဘောတူ ခဲ့ပြီး မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ၃၂၀၀၀ အနက် ၂၄၁၅ ဦးနဲ့ စတင်မှာပါ။ ဒါ ဟာ အရေးပါတဲ့ ရလဒ်အဖြစ် မှတ်ယူထား ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် မဒ်ရှဟီဒူဟဇ်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံခြားရေးရုံးများ၏ ၈ ကြိမ်မြောက် အစည်းအဝေး တွင် ထိုသို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသား အဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီဒုက္ခသည် များနှင့် ၎င်းတို့၏ သားသမီးများ ကို ပြန်လည်ခေါ်ယူရန် ကော်မတီတစ်ခု ဖွဲ့စည်းမည်ဟု မြန်မာနိုင်ငံက သဘော တူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခန့်မှန်းချက်အရ ၁၉၉၁ နောက်ပိုင်း မြန်မာ စစ်အစိုးရ ၏ ဖိနှိပ်မှုကြောင့် ထွက် ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည် ၂၅၀၈၇၇ ဦးရှိသည် ဟု ဆိုသည်။ ၎င်းတို့အနက် ၂၃၆၅၉၉ ဦးအား ၂ နိုင်ငံ သဘောတူညီမှုအရ UNHCR ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီးဖြစ်သည်။ ၂၀၀၅ တွင် ဘင်္ဂါလီ ဒုက္ခသည် ၉၂ ဦး ပြန်ပို့ခဲ့ပြီးနောက် ထိုလုပ်ငန်းစဉ် ရပ်တန့်သွား ခဲ့သည်။

လက်ရှိတွင် ကော့ဘဇားခရိုင်အတွင်း ကူတူ ပါကောင်းနှင့် နာယာပါရာရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ဘင်္ဂါလီဒုက္ခသည် ၃၂၀၀၀ ခန့် နေထိုင်လျက်ရှိသည်။ ၂၀၀၄ က ထို ဒုက္ခသည်စခန်းများတွင် မိသားစု ၂၉၇၆ စုနှင့် လူဦးရေ ၁၉၈၄၁ ဦး ရှိသော်လည်း မွေးဖွားနှုန်း မြင့်မားသဖြင့် လူဦးရေ အလျင်အမြန် တိုးပွား လာနေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဒုက္ခသည်စခန်းများ၏ အပြင်ဘက်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂါလီ ဒုက္ခသည် ၃၀၀၀၀၀ နှင့် ၅၀၀၀၀၀ အထိရှိသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုပြီး အဆိုပါ ဒုက္ခသည်များအရေး ဆွေးနွေးရန် အစည်း အဝေးတွင် ပြောကြား ခဲ့သော်လည်း မြန်မာဘက်က အကြောင်းပြန်ကြားခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနှင့် ကော့ဘဇာ ဒေသများတွင် တရားမ၀င် နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်များအား အသေးစိတ် စစ်တမ်းကောက်ယူနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာဘက် သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲအပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် က “အကြောင်းအရာ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ပြီး မြန်မာနိုင်ငံက ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားကြောင်း ပြသခဲ့ပါတယ်။ ဒုက္ခသည်တွေ ကို ပြန်လည် လက်ခံဖို့ မြန်မာနိုင်ငံက ရည်ရွယ်ထားကြောင်း ပြသခဲ့ပါတယ်”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

၂၀၀၅ တွင် စီစစ်အတည်ပြုခဲ့သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်စာရင်း အား ပြန်လည် စီစစ်ရန် လုပ်ငန်း ကော်မတီတစ်ခုကို ၂ နိုင်ငံ ပူးတွဲဖွဲ့စည်းမည် ဟု ဆိုသည်။ ထိုဒုက္ခသည်များမှ ၂၀၀၅ နောက်ပိုင်းတွင် မွေးဖွား ခဲ့သူများ ကိုလည်း စာရင်းတွင် ထပ်မံဖြည့်သွင်းမည်ဟု သိရသည်။

“၂ လအတွင်း ပြင်ဆင်မှုတွေပြုလုပ်ပြီး ဒုက္ခသည် တွေ ပြန်လည်ပို့ဆောင်မှု ဘယ်လောက်မြန်မြန်လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားမှာပါ။ ဒီဆွေးနွေးပွဲ ရလဒ်အ တွက် ကျွန်တော်တို့ အလွန်ပျော်ရွှင်နေပါတယ်”ဟု မစ္စတာ ရှဟီဒူဟဇ် က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲမှာ ၄ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့အား မစ္စတာ ရှဟီဒူဟဇ်က ဦးဆောင်ကာ မြန်မာ ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော် က ဦးဆောင်ခဲ့သည်။

ငါးခိုးဖမ်းမှု အများစုအပါအ၀င် ပြစ်မှုငယ်များဖြင့် တစ်ဖက်နိုင်ငံ အသီးသီး တွင် ထောင်ဒဏ်ကျခံနေရ သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသား များအား အပြန်အလှန် ပြန်လည်ခေါ်ယူနိုင်ရေးကိုလည်း ဆွေးနွေး သဘောတူ ခဲ့သည်ဟု ဆိုသည်။ တရားဝင်ခန့်မှန်းချက်အရ မြန်မာနိုင်ငံ အကျဉ်းထောင်များ တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ ခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင်များ တွင် မြန်မာနိုင်ငံအား ၁၁၀ ခန့်ရှိသည်။

ဆွေးနွေးပွဲတွင် ၂ နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ၅ နှစ်စာ သဘောတူညီမှု တစ်ခုလည်း ရရှိခဲ့သည်ဟု ဆိုသည်။ လာမည့် နှစ်စပိုင်း တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ နိုင်ငံခြားရေးဝန်ကြီး အဆင့် ၂ နိုင်ငံ ပူးပေါင်းကော်မရှင်ဆွေးနွေးပွဲ ပြုလုပ်ရန်လည်း သဘောတူခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ၂ နိုင်ငံ အပြန်လှန် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးနှင့် အကာအကွယ်ပေးရေးနှင့် နာ့ဗ်မြစ် မြောက်ပိုင်း နယ်နိမိတ် သတ်မှတ်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

KHTun

Ref - Daily Star
Photo - UNHCR

The Ladies News Journal
ဒေါင်းမာန်ဟုန် မှ

Sunday, August 31, 2014

KNU ကရင် ကိုယ်စားလှယ်များ UNFC ညီလာခံမှ နှုတ်ထွက်

 
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို ဒီကနေ့ ချင်းမိုင်မြို့မှာ ပြန်လည်ကျင်းပရာမှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့သဘောထားကိုက်ညီမှု မရှိတာကြောင့် မနက်ပိုင်း ဆွေးနွေးပွဲအပြီး KNU ကိုယ်စားလှယ်တချို့ အစည်းအဝေး တက်ရောက်ခြင်း မရှိတော့ပဲ နှုတ်ထွက်သွားခဲ့ ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UNFC ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ် KNU အဖွဲ့က မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ လည်းဖြစ်တဲ့ ပဒိုဒေးဗစ်တာကပေါက KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီတာကြောင့် ဖြစ်တယ်လို့ RFA ကို အခုလို ပြောပါတယ်။

"ထွက်သွားတာကတော့ ဒီလိုပါ သူတို့အနေနဲ့ UNFC ရဲ့ အခြေခံ ဥပဒေကို ပြန်လည်ပြီးတော့ သုံးသပ်တယ်၊ ပြင်ဆင်တယ်၊ အဲ့ဒီမှာ သူတို့အနေနဲ့ က ဖြည့်စွက်ချင်တာတွေ ၊ ပြင်ဆင်ချင်တာ လေးတွေကို အဲ့ဒါကို ပြန်ပြီးတော့ ဆွေးနွေးဖို့လိုတယ်လို့ ဆိုပြီးတော့ ထွက်သွားခြင်းဖြစ်ပါတယ်၊ ပြန်လာမှာပါ သို့မဟုတ်ရင်လည်း ပြန်အကြောင်းကြား မှာပေါ့လေ၊ ကျနော်တို့ တပ်ပေါင်းစုထဲက အဖွဲ့အစည်းတွေကတော့ တစ်ဦးနဲ့တစ်ဦးအခြေအနေ မတူဘူးပေါ့၊ သူတို့က ဟိုမူအတိုင်း ကျင့်သုံးတာ ဖြစ်ပါတယ၊် KNU အနေနဲ့က တူတာတွဲလုပ်၊ မတူတာခွဲလုပ် ဆိုတဲ့မူပေါ့လေ"

KNU အဖွဲ့အနေနဲ့လက်ရှိ UNFC ရဲ့ဖွဲ့စည်းအုပ်ချူပ်ပုံနဲ့ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့အနေနဲ့ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး အဖွဲ့အတွင်း ပြန်လည် ချပြဆွေးနွေးပြီးမှ UNFC ကို KNU အဖွဲ့ဝင် ကိုယ်စာလှယ် ပြန်ပေး၊မပေး ဆိုတာနဲ့ အဖွဲ့ဝင်အဖြစ်ဆက်လက်ခံယူသွားဖို့ ရှိ၊မရှိ ဆိုတာတွေကို အကြောင်းပြန် သွားမှာဖြစ် တယ်လို့လည်း သိရပါတယ်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင် ၁၂ ဖွဲ့ထဲက UNFC ရဲ့ လက်ရှိစုဖွဲ့မှုနဲ့ မူဝါဒကို အဖွဲ့ ၁၁ ဖွဲ့ကသဘောတူကြပေမယ့် KNU အဖွဲ့က အခုလိုအစည်းအဝေးက ထွက်သွားတာဟာ KNU အဖွဲ့ရဲ့ နောက် ကွယ်မှာဖိအားပေးမှု တစ်စုံတစ်ရာရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်သူတွေ ရှိနေကြပါတယ်။

လက်ရှိ UNFC အဖွဲ့က အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာကတော့ ဒါဟာ UNFC အဖွဲ့ကနေ KNU နှုတ်ထွက်သွားတာ မဟုတ်သေးကြောင်းသာပြောဆိုပြီး တခြားမေးမြန်း မှုတွေအပေါ် ပြောဆိုခြင်း မရှိခဲ့ပါဘူး။

နေ့လည်ပိုင်း UNFC ရဲ့ညီလာခံကို ဆက်လက်ကျင်းပပြီး အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ နဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖို့အတွက် ညီလာခံကိုယ်စားလှယ်တွေက ဆွေးနွေးကြ ပါတယ်။ ညီလာခံကို မနက်ြဖန် စက်တင်ဘာလ ၁ ရက်နေ့မှာ အဆုံးသတ်မယ်လို့လည်း သိရပါတယ်။

RFA Burmese

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို စက်တင်ဘာ ဒုတိယအပတ်တွင် အမေရိကန်တရားရုံး၌ တရားစွဲမည်

 
အမေရိကန်အခြေ စိုက် ဆက်သွယ်ရေးကုမ္ပဏီမှ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအား ကန်ဒေါ်လာ သန်း ၁၈ဝ လျော်ကြေးရလိုမှုဖြင့် လာမည့်စက် တင်ဘာလ ဒုတိယအပတ်တွင် အမေရိ ကန်ရှိ တရားရုံးတစ်ခု၌ တရားစွဲဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

''မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကို သတိပေးစာ နှစ်ကြိမ်ပို့ပြီးဖြစ်တယ်။ ခိုင်လုံတဲ့ အဖြေပြန်လည် ဖြေဆိုခြင်းမရှိ တဲ့အတွက် လုပ်ရိုးလုပ်စဉ်အတိုင်း တရား စွဲဆိုတော့မှာဖြစ်ပါတယ်''ဟု I.I.WS ဌာ နေ ကိုယ်စားလှယ်၏ အကြံပေးရှေ့နေ တစ်ဦးဖြစ်သူ ဦးအေးမြင့်က ပြောသည်။

လွန်ခဲ့သော ၁၅ နှစ်ခန့်က အ မေရိကန် အခြေစိုက်ဆက်သွယ်ရေး ကုမ္ပ ဏီတစ်ခုဖြစ်သည့် I.I.WS နှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတို့ နှစ်ဦးသဘော တူ ချုပ်ဆိုခဲ့သွေွှာ TT Project အမည် ရှိ မြန်မာ့ဆက်သွယ်ရေး ပရောဂျက်လုပ် ငန်းတစ်ခုအား မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ အကြောင်းပြချက် မရှိ ဖျောက်ဖျက် ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တရားစွဲဆိုရ ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ I.I.WS မှ ဒါရိုက် တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမြတ် နုခိုင်က ပြောသည်။

အဆိုပါ အကြောင်းမဲ့ စာချုပ် ဖျက်သိမ်းခဲ့သည့်အတွက် နစ်နာကြေး အ မေရိကန်ဒေါ်လာ သန်း ၁၈ဝ ပေးဆောင် ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ မေ လတွင် တစ်ကြိမ်၊ သြဂုတ်လတွင် တစ် ကြိမ် အသိပေးအကြောင်းစာပေးပို့ခဲ့သော် လည်း တိကျခိုင်လုံသောပြန်လည်ဖြေကြား မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းကြားစာ နှင့်ပတ်သက်၍ လွန်ခဲ့သော ၁၅ နှစ်ခန့် က ပြုလုပ်ခဲ့သော ပရောဂျက်တစ်ခုဖြစ် သည့်အတွက် ပြန်လည်စစ်ဆေးနေဆဲ သာဖြစ်ပြီး စာချုပ်အား ပြန်လည်ရှာဖွေစစ် ဆေးရန် လိုအပ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစိုင်း စောလင်းထွန်းက ပြန်လည်ပြောကြား ထားကြောင်း သိရသည်။

တရားဥပဒေစိုးမိုးမှု ရှိစေရန် စာချုပ်ဖောက်ဖျက်ပါက တရားစွဲဆိုခွင့် ရှိသော သုံးနိုင်ငံအနက် အမေရိကန်တရား ရုံးကို ရွေးချယ်ရခြင်းဖြစ်ကာ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ရင်ဆိုင်ဖြေ ရှင်းပေးခြင်းမရှိပါက မြန်မာနိုင်ငံအား Staellite ဆန်ရှင် ပိတ်သိမ်းမှုပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ ITU သို့ ဖိအားပေး တောင်းဆိုမှုပြုလုပ် သွားမည်ဖြစ်ကြောင်း အမေရိကန်ဆက် သွယ်ရေးကုမ္ပဏီ I.I.WS မှ ထုတ်ပြန် ချက်များအရ သိရသည်။

Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၄)။
31 Aug 2014

အမှတ်သည်းခြေကြီးတဲ့ အကယ်ဒမီ အေးအေးသင်းရဲ့ သေရာပါ ဒဏ်ရာတစ်ခု(ရုပ်-သံ)

 
မာယာထောင်ချောက်၊ ဇာခန်းဆီးနောက်ကွယ် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ထူးချွန်ဆုတွေ ရခဲ့ပြီး အခုတော့ ရုပ်ရှင်လောကရဲ့ အဝေးဆုံးမှာ ဇာတ်မြှုပ်နေထိုင်နေတဲ့ ထပ်ဆင့်အကယ်ဒမီ အေးအေးသင်းတစ်ယောက် သေရာပါ ဒဏ်ရာတစ်ခုကို ရင်မှာပိုက်ထွေးထားဆဲပါ။ ဘဝရဲ့နေဝင်ချိန်တွေကို အေးအေးသင်းတစ်ယောက် ဘယ်လိုဖြတ်သန်းနေသလဲ။

၁၉၇ဝ၊ ၁၉၈ဝ ပြည့်လွန်နှစ်တွေမှာ ရုပ်ရှင်လောကထဲ သရဖူဆောင်းနိုင်ခဲ့တဲ့ မင်းသမီးကြီး အေးအေးသင်းတစ်ယောက် ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့လို့ စစ်အစိုးရရဲ့ ဒဏ်ခတ်မှုကို ခါးခါးသီးသီးခံစားခဲ့ရပါတယ်။ ပြည်သူ့ဘက်ကရပ်တည်ခဲ့တဲ့ သူ့လို အနုပညာရှင်စစ်စစ်တစ်ယောက်ကို အနုပညာလုပ်ကိုင်ခွင့် ရာသက်ပန်ပိတ်ပင်ခဲ့တဲ့အပေါ် နာကျည်းတယ်လို့ ကမာရွတ်မီဒီယာကို ရင်ဖွင့်ပြောပြပါတယ်။

အသက်ငယ်ငယ်ကတည်းက အနုပညာလောကထဲ ခြေချခဲ့သူမို့ အနုပညာကလွဲရင် ဘာတစ်ခုမှ လုပ်ကိုင်မစားတတ်တဲ့ ဝါရင့်မင်းသမီးကြီးဟာ ဝေဒနာကိုရင်မှာပိုက်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး စတဲ့အလုပ်တွေနဲ့ ဝမ်းကျောင်းခဲ့ရပါတယ်။ နောက်ဆုံး လူတွေကို စက်ဆုပ်လာပြီး ဗေဒင်ပညာရှင် မင်းသိင်္ခဆီမှာ ပညာသင်ရင်း မေသုခဆိုတဲ့ နာမည်နဲ့ မှော်ဘီဘက်မှာ ဗေဒင်၊ လက္ခဏာကြည့်ရင်း ဘဝရဲ့ နောက်ဆုံး အချိန်တွေကို ကုသိုလ်ရေးနဲ့ ကုန်ဆုံးနေပါတော့တယ်။

အသက် ၇ဝရှိပြီဖြစ်တဲ့ မင်းသမီးကြီး အေးအေးသင်းဟာ အနုပညာလောဘကြီးသူလို့ ဆိုရလောက်အောင် ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်၊ ကက်ဆက်ဇာတ်လမ်း၊ ကဗျာ၊ ဝတ္ထု စတဲ့ အလုပ်တွေကို လုပ်ကိုင်ခဲ့ပါသူ။ အခုတော့ မှော်ဘီဘက်က သူပိုင်တဲ့တိုက်နဲ့ ခြံဝင်းကို နန္ဒဝန်ပါဠိတက္ကသိုလ်၊ နန္ဒာအေး ဓမ္မာရိပ်သာဆရာတော် ဦးယုဇနဆီ အပြီးတိုင် လှူဒါန်းထားပါတယ်။

တစ်ချို့အနုပညာသမားတွေဟာ စစ်အစိုးရက နာကျည်းအောင်လုပ်ခဲ့ပေမယ့် အမှတ်သည်းခြေမရှိကြဘူးလို့ အေးအေးသင်းက ယူဆပါတယ်။ သူကတော့ သူ့လိုအနုပညာရှင်ကို ခြေဖြတ်လက်ဖြတ်လုပ်ပြီး လွှင့်ပစ်တာခံခဲ့ရလို့ သေရာပါ ဒဏ်ရာတစ်ခုလို စွဲမှတ်ထားဆဲဖြစ်ပါတယ်။

အေးအေးသင်းဟာ ၁၉၇၁မှာ ဒါရိုက်တာ စံမောင်ရွှေရိုက်ကူးတဲ့ မာယာထောင်ချောက်၊ ဒါရိုက်တာ မောင်ဝဏ္ဏရိုက်ကူးတဲ့ ဇာခန်းဆီးနောက်ကွယ် ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။


Kamayut media
ဒေါင်းမာန်ဟုန် မှတဆင့်