ဒီကနေ့ ညနေ ၆ နာရီအထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က
ထုတ်ပြန်ကြေညာတဲ့ မဲရလဒ် စာရင်းတွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပြည်သူ့လွှတ်တော်နေရာအတွက် ၁၉၆ ဦး ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၃၈၂
ဦးနဲ့ အမျိုးသားလွှတ်တော်အတွက် ၉၅ ဦး အနိုင်ရရှိနေပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂၃ ဦး၊ တိုင်းဒေသကြီးနဲ့
ပြည်နယ်အတွက် ၅၄ ဦးနဲ့ အမျိုးသားလွှတ်တော်နေရာအတွက် ၁ဝ ဦး
အနိုင်ရနေပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီက
ပြည်သူ့လွှတ်တော်အတွက် ၁၂ ဦး ၊ တိုင်းဒေသကြီးအတွက် ၂၆ ဦးနဲ့
အမျိုးသားလွှတ်တော်အတွက် ၃ ဦးအနိုင်ရထားပါတယ်။
ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်အတွက် ၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၂
ဦးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၃ ဦး အနိုင်ရရှိနေပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ၊
ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနဲ့
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်အတွက် ၁ ဦး ၊
တိုင်းဒေသကြီးအတွက် ၂ ဦးနဲ့ အမျိုးသား လွှတ်တော်အတွက် ၂ ဦး
အနိုင်ရရှိနေပါတယ်။
ဒါ့အပြင် ဝ ဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊
စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ၊
ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့လည်း တိုင်းဒေသကြီးနဲ့
ပြည်နယ်လွှတ်တော်အတွက် ၁ ဦးစီ အနိုင်ရရှိနေပါတယ်။
ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၃ဝ ရှိပေမယ့် ရွေးကောက်ပွဲမကျင်းပတဲ့
မဲဆန္ဒနယ် ၇ နေရာရှိတဲ့အတွက် ၃၂၃ နေရာမှာသာ ရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပြီး
လက်ရှိထုတ်ပြန် ကြေညာမှုတွေအရ ၂၄၃ ဦးကို အတည်ပြုပြီးဖြစ်တယ်လို့
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောပါတယ်။
ဒါ့အပြင် လက်ရှိအတည်ပြုပြီးတဲ့ ကိုယ်စားလှယ်အရေအတွက်အရ အန်အယ်လ်ဒီပါတီက ၆ဝ
ရာခိုင်နှုန်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၇ ရာခိုင်နှုန်း ရရှိထားတယ်လို့
သိရပါတယ်။
RFA Burmese