Pages

Saturday, April 11, 2015

အင်းလေးကန်ကြီး တိမ်ကောလာနေ




အင်းလေးကန်ကြီး ရေရှည်တည်တံ့ဖို့ နိုင်ငံတော် အဆင့်ကနေ စီမံကိန်းချ ဆောင်ရွက်ပေးဖို့ အင်းလေးသူ အင်းလေးသားတွေ လိုလား
ရှမ်းပြည် တောင်ပိုင်းက အင်းလေး ကန်ကြီး ထဲမှာ ရေနည်းလာနေတဲ့ အတွက် ရေကြောင်းအရ သွားရေး လာရေးတွေ အခုကတည်းက ခက်ခဲလာနေပါတယ်။

အရင်က အင်းလေးကန်ကို အလည်သွား ကြသူတွေဟာ ညောင်ရွှေမြို့ အထိ ကားနဲ့ သွားပြီး ကားက ဆင်းတာနဲ့ စက်လှေဆိပ်ကို တန်းရောက်ပေမယ့် အခုဆိုရင် ခပ်လှမ်းလှမ်း က ချောင်းမကြီးကို ဖြတ်ဆောက်ထားတဲ့ တံတားအောက်နားက ချောင်းဝအထိ သွားမှ စက်လှေဆိပ်ကို ရောက်တယ်လို့ စက်လှေဂိတ်မှူး တဦးက ပြောပြပါတယ်။

အခုမှ တန်ခူးလပဲ ရှိသေးပေမယ့် အင်းလေးကန်ထဲမှာ ရေတွေ နည်းလာနေပြီလို့ ဆိုပါတယ်။

အင်းလေးကန်ထဲက ဖေါင်တော်ဦး တန်ခိုးကြီး ဘုရား ကိုတောင် စက်လှေ လမ်းကြောင်း ဖောက်ထားလို့သာ မြောက်ဘက် မျက်နှာစာကပဲ သွားလို့ ရပြီး တခြား မျက်နှာစာကနေ ဝင်လို့ မရတော့ဘူးလို့ သူက ပြောပြပါတယ်။

အခုလို အင်းလေးကန်မှာ ရေနည်းသွားရတာဟာ ဟိုတယ်ဇုံ လုပ်တဲ့နေရာက တောတောင် တွေကို မြေတူးစက်ကြီးတွေနဲ့ ထိုးချခဲ့အပြီး သစ်ပင်တွေ မရှိတော့တာမို့ မိုးနည်းသွားတဲ့ အတွက် ဖြစ်တယ်လို့ ဖေါင်တော်ဦး ကျောင်းတိုက်က ဆရာတော်တပါးက မိန့်ပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းတဲ့အတွက် အင်းလေး ရေပြင်ဟာ တနှစ်ထက် တနှစ် ညစ်ညမ်းလာနေတယ်လို့ လည်း မိန့်ပါတယ်။

အင်းလေးကန် ရေရှည် တည်တံ့ဖို့ နိုင်ငံတော်အဆင့်ကနေ စီမံကိန်း အသေအချာ ချမှတ်ပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပါမှ အင်းလေးကန်ကြီး သာယာ လှပပြီး ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်မှာ ဖြစ်တယ်လို့ အင်းလေးသူ အင်းလေးသားတွေက ပြောနေကြပါတယ်။

BBC Burmese

DKBA ဗိုလ်မှူးကြီး စောဆန်းအောင်ကို မူလတာဝန်ပြန်ပေး

 
DKBA တပ်က မူလရာထူးပြန်ခန့်လိုက်တဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို တွေ့ရစဉ်။ 
Photo: Nay Myo Zin Facebook

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့ရဲ့ ကလိုထူးဖောဗျူးဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို မူလတာဝန်ပြန်လည်ပေးအပ်ဖို့ ပြီးခဲ့တဲ့ရက်ကပြုလုပ် ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ တပ်မှူးများ အစည်းအဝေးကနေ အများသဘောတူ ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။

ဗိုလ်မှူးကြီး စောဆန်းအောင်နဲ့ပတ်သက်ရင် အဖွဲ့ထဲမှာ ရှိနေတာက ပိုပြီးသင့်တော်မယ်လို့ ယူဆတဲ့အတွက် အများသဘောတူ ဆုံးဖြတ်လိုက်တာလို့ DKBA ရဲ့ နိုင်ငံရေးဌါန KKO အတွင်းရေးမှူး ဗိုလ်မှူး စောလုံလုံက RFA ကိုပြောပါတယ်။

"ဒီ ၈ ရက်နဲ့ ၉ ရက်နေ့မှာ ကျနော်တို့ တပ်မှူး ညီလာခံလုပ်တော့ အားလုံးကနေပြီးတော့ လက်ခံလိုက်ပါတယ်၊ လက်ခံလိုက်မှလည်း ကျနော်တို့ တခြားမလိုလားအပ်တဲ့ပြဿနာတွေ ကျနော်တို့ ရှောင်ရှားနိုင်မှာပေါ့၊ သူ့ကိုဒီလိုပဲ လွှတ်ထားမယ်ဆိုရင်တော့ တစ်ခါတစ်ခါကျရင် ထိန်းမရသိမ်းမရဖြစ်သွားတက်တယ်ပေါ့၊ ကျနော်တို့ ဒီမူလထားတဲ့ အမိန့်ပြန်တမ်းကို ရုပ်သိမ်းပြီးတော့ သူ့ကိုမူလနေရာမှာပဲ ပြန်လည်ခန့် ထားဖို့ဆိုတဲ့ အဆိုပြုခြင်းကို ချမှတ်ခြင်းဖြစ်ပါတယ်"

မနှစ်ကအောက်တိုဘာလမှာဖြစ်ခဲ့တဲ့ ကျိုက်မရောနယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဌါနချုပ်မှာ ဖြေရှင်းဖို့ပျက် ကွက်ခဲ့တဲ့အတွက် ဗိုလ်မှူးကြီး စောဆန်းအောင်ကို အဖွဲ့ကနေထုတ်ခဲ့တာလို့ DKBA ကပြောခဲ့ပါတယ်။

RFA Burmese

မလေးရှားရောက် မြန်မာတွေ အဖမ်းခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရဲလာခေါ် အရပ်သား လုံခြုံရေး တပ်ဖွဲ့ဝင်များက ညသန်း ခေါင်ကျော် စစ်ဆင်ရေးဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးထားသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
မလေးရှားနိုင်ငံ Kedah (ကဒ) ပြည်နယ် ဆန်းဂေးပက်ထနီမြို့မှာ တစ်လသားကလေးငယ် တစ်ယောက် အပါအဝင် မြန်မာ ၁၇၃ ယောက်ကို တရားမဝင်နေထိုင်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးက သောကြာနေ့ မနက်ပိုင်းမှာ ဖမ်းလိုက်ပါတယ်။

ေ နေထိုင်ခွင့်လက်မှတ် အထောက်အထားမရှိတဲ့ အမျိုးသား ၈ဝ၊ အမျိုးသမီး ၄၆ ယောက်နဲ့ ကလေး ၄၇ ယောက်ကိုဖမ်းမိတာလို့ ကဒပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌါန ညွှန်ကြားရေးမှူး မိုဟာမက်ဟာရှင်က ပြောပါတယ်။ အဲ့ဒီထဲက ၄ ယောက်ကိုတော့ အမျိုးသားမှတ်ပုံတင်ဌာနမှာ လက်မှတ်လုပ်နိုင်ဖို့ လွှဲပေးမယ်လို့ဆိုပါတယ်။

အဲ့ဒီမြို့မှာ နိုင်ငံခြားသားတွေ တစ်နေ့တခြားများလာနေတယ်လို့ ဒေသခံတွေကဝေဖန်ပြောဆိုမှုတွေ ဖြစ်လာတဲ့အတွက် ရှာဖွေဖမ်းဆီးခဲ့တာလို့သိရပါတယ်။
RFA

အိန္ဒိယ စစ်သင်္ဘော စစ်တွေသို့ရောက်ရှိ

 အိန္ဒိယ ရေတပ်သင်္ဘောကို စစ်တွေကမ်းခြေမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ- နိရဉ္စရာ)
အိန္ဒိယ ရေတပ်သင်္ဘောကို စစ်တွေကမ်းခြေမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ- နိရဉ္စရာ)
 စစ်တွေ၊ ဧပြီ ၁၀
အိန္ဒိယရေတပ်မှ သင်္ဘောတစ်စီးသည် စစ်တွေမြို့သို့ ရောက်ရှိနေပြီး စစ်တွေ အရှေ့ဘက် ပွိုင့်ကမ်းခြေ အနီးတွင် ကျောက်ချ ရပ်နားထားသည်။
“အခု ရောက်ရှိနေတဲ့ အိန္ဒိယ ရေတပ်သင်္ဘောက စစ်တွေမြို့ အိန္ဒိယ ဆိပ်ကမ်းအနီး ရေပြင်ကို တိုင်းထွာဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီရေတပ်သင်္ဘောကို သွားရောက်လေ့လာခဲ့ပြီ ဖြစ်ပါတယ်။ တော်တော့ကိုအဆင့်မြင့်ပါတယ်”ဟု အမည်မဖော်လိုသူ မြန်မာရေတပ်မတော်သား တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းအား အဆိုပါ စစ်သင်္ဘောကိစ္စ မေးမြန်းရာ သံတွဲ ခရီးစဉ်မှ ယခုမှ ပြန်ရောက်ရှိလာသဖြင့် အဆိုပါ သင်္ဘောကိစ္စကို အသေးစိတ် မသိရှိရသေးကြောင်း၊ စစ်ရေး စစ်ရာ ကိစ္စဖြစ်သဖြင့် နယ်စပ်ရေးရာ ၀န်ကြီးကိုသာ မေးမြန်းပါဟု ပြောကြားသည်။
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးကို အဆိုပါ အိန္ဒိယ စစ်သင်္ဘောရောက်ရှိနေခြင်းနှင့် ပတ်သက်ပြီး ဖုန်းဖြင့်ဆက်သွယ်ရာ တစ်စုံတစ်ရာ လက်ခံ ဖြေကြားခြင်း မရှိပါ။
သို့အတွက် စစ်တွေတွင် တည်ဆောက်နေသော အိန္ဒိယ ဆိပ်ကမ်းပြီးစီးပါက သင်္ဘောများ ၀င်ထွက်သွားလာမည့် ရေလမ်းကြောင်းကို တိုင်းတာရန် အတွက် အိန္ဒိယ စစ်သင်္ဘော စစ်တွေသို့ ရောက်ရှိလာသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဟုတ်/ မဟုတ်ကို နိရဉ္စရာမှ အတည်ပြုနိုင်ခြင်း မရှိပါ။
အိန္ဒိယ ရေတပ်မတော်သားများ စစ်တွေသို့ လာရောက်လည်ပတ်စဉ် လုံခြုံရေး ယူထားခဲ့ရသော ရဲအရာရှိတစ်ဦးကမူ ချစ်ကြည်ရေး လာရောက်တာပါဟု နိရဉ္စရာ သတင်းဌာနသို့ပြောသည်။
“အိန္ဒိယ သင်္ဘောဟာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာတာပါ။ ဒီကမြန်မာ့ရေတပ်မတော်က သွားရောက်ကြိုဆိုခဲ့ပါတယ်”ဟု ဆိုသည်။
မြန်မာ့ရေတပ်မှ တာဝန်ကျ တပ်ကြပ်ကြီး အဆင့်ရှိသူတစ်ဦးကို မေးမြန်းရာ အိန္ဒိယ စစ်သင်္ဘော ရောက်ရှိနေခြင်းကို အတည်ပြုသော်လည်း  အသေးစိတ်ကို သိလိုလျှင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မေးမြန်းက ရနိုင်ကြောင်း၊ စစ်တွေရှိ ရေတပ်မှတာဝန်ရှိသူများ အနေဖြင့် ဖြေကြားခွင့် ရှိမည်မဟုတ်ကြာင်း ၄င်းက ပြောသည်။
ယင်းရေတပ်သင်္ဘောမှ ရေတပ်သားများအား  မြန်မာရေတပ်မှသွားရောက်ကြိုဆိုကာ ဧပြီလ ၈ ရက်နေ့က အိန္ဒိယရေတပ်မှ အရာရှိများနှင့် မြန်မာရေတပ်မှ အရာရှိများသည် ခရီးသည်တင်ကား နှစ်စီးဖြင့် စစ်တွေမြို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။
စံမောင်သန်း (နိရဉ္စရာ )

လွှတ်တော် တစ်လ ရပ်နား


 
လွှတ်တော် အမတ်များ
ဇန်နဝါရီလ က စတင်ခဲ့တဲ့ လွှတ်တော် ပုံမှန်အစည်း အဝေးတွေကို ဧပြီလ ၁၀ ရက်နေ့က စတင်ပြီး တစ်လ ရပ်နားလိုက် ပါတယ်။

၎ လကျော်ကြာ လွှတ်တော် အစည်း အဝေးတွေ အတွင်းမှာ ဥပဒေတွေ အတော်များများကို ပြဌာန်းနိုင်ခဲ့ပြီး အစိုးရရနဲ့ လွှတ်တော်ကြား အပြန် အလှန် ထိန်းညှိတာတွေ လုပ်နိုင် ခဲ့တယ်လို့
အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အစိုးရက ဘယ်ကိစ္စရပ်တွေ ဆောင်ရွက်သင့်တယ် ဆိုတာကို လွှတ်တော်မှာ အရေးကြီးအဆို အရေးပေါ် အဆိုတွေ တင်ပြနိုင်ခဲ့တာ ရှိတယ်လို့ သူက ပြောပါတယ်။

အားရစရာ မရှိတာတွေထဲမှာ အခုလွှတ်တော်ကာလမှာ အပြီးသတ် တင်မယ်လို့ ရည်မှန်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို မတင်နိုင်ခဲ့တာလည်း ပါတယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒါ့အပြင် ဥပဒေတွေထဲမှာ အရေး တကြီး ဆွေးနွေးဖို့ ဖြစ်လာတာက အမျိုးသား ပညာရေး ဥပဒေ ဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ ဒီဥပဒေကို အမျိုးသား လွှတ်တော်မှာ ဆွေးနွေး ပြီးသွားပြီ ဖြစ်လို့
 ပြည်သူ့လွှတ်တော်ကို ပေးပို့ခဲ့ရာမှာ ပြင်ဆင်ချက်တွေနဲ့ ပြန်လည် ပေးပို့ထားပြီး ဖြစ်ပေမဲ့ အခု လွှတ်တော် အစည်း အဝေးမှာ ပြီးပြတ်အောင် မဆွေးနွေးနိုင် ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

မျိုးစောင့် ဥပဒေလေးခုမှာလည်း တစ်ခုကိုသာ ပြီးပြတ်အောင် ဆွေးနွေးနိုင်ခဲ့တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေက အရင်ကထက်စာရင် ပိုပြီး ပါဝင် ဆွေးနွေးလာတာတွေ ရှိပေမဲ့ နဂိုကတည်းက တင်ထားပြီးသား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ဆိုင်တဲ့ တချို့ အချက်တွေကို သူတို့ တင်ပြ
ဆွေးနွေးလာတာဟာ တကယ်တန်း ဖွဲ့စည်းပုံ ပြင်ရမယ့် အချိန်ရောက်တဲ့ အခါ လွှတ်တော်တွင်းမှာ ရှိနေတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို သုံးပြီး ပြင်လို့ မရအောင် လုပ်ဆောင်မလားဆိုတဲ့ စိုးရိမ်မှုတွေ တော့
 ရှိနေတယ်လို့ လည်း သူက ပြောပါတယ်

သတင်းမှားယွင်းဖော်ပြမှု ကျပ်သိန်း ၆ဝဝဝ နစ်နာကြေးတောင်း


ရွှေစကြ်ာ Express နှင့် မန်းရာဇာ Express ယာဉ်မတော် တဆမှု ဖြစ်ပွားစဉ်။ ဓါတ်ပုံ - Yangon-Mandalay Expressway
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က နေပြည်တော် အမြန်လမ်းမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုသတင်းကို ဒီမိုကရေစီတူဒေး သတင်းစာမှာ ယာဉ်လိုင်းနာမည် မှားယွင်းဖော်ပြခဲ့တဲ့အတွက် နစ်နာကြေးအဖြစ် ကျပ်သိန်းပေါင်း ခြောက်ထောင် လျော်ကြေးပေးဖို့ မှားယွင်းဖေါ်ပြခံရတဲ့ ရွှေစင်စင်္ကြာယာဉ်လိုင်းက တောင်းဆို လိုက်ပါတယ်။

ဧပြီ ၇ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေးသတင်းစာမှာ မှားယွင်းဖော်ပြခဲ့တဲ့အတွက် ယာဉ်လိုင်းမှာ နစ်နာမှုတွေရှိခဲ့ တာကြောင့် နစ်နာကြေးတောင်းတာဖြစ်တယ်လို့ ရွှေစင်စင်္ကြာယာဉ်လိုင်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးနေလက ပြော ပါတယ်။

"ဒီမိုကရေစီတူဒေးကဗျ သူ့သတင်းစာမှာပါတာက ရွှေစင်စင်္ကြာရဲ့ ယာဉ်တိုက်မှုသတင်းဆိုပြီးတော့ ၇ ရက်နေ့က ဖေါ်ပြပါတယ်၊ အဲ့ဒီတော့ ကျနော်တို့က ၁ ရက်နေ့မှာ MNTV နဲ့ ပတ်သက်ပြီး သတင်းစာကြေညာချက်ပါတာပဲ၊ ဒါဆိုလို့ရှိရင် ဘယ်လိုမဆို မီဒီယာလောကမှာနေတဲ့လူတွေအားလုံးဟာ ဒီလောက်ကတော့ သူတို့ရဲ့အမှားကိုသိလောက်ပြီလို့ထင်ပါတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့က ၉ ရက်နေ့ထုတ်တဲ့ ဒီမိုကရေစီတူဒေးသတင်းစာကို စောင့်ကြည့်ပါတယ် အမှားပြင်ဆင်ချက်မပါပါဘူး၊ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကနေပြီးတော့ ၉ ရက်နေ့မှာတိုက်ရိုက် ဒီမိုကရေစီတူဒေး သတင်းစာ တိုက်ကို နစ်နာကြေးတောင်းခံတဲ့ စာပို့ပါတယ်၊ နစ်နာကြေးတောင်းခံတဲ့ ငွေကြေးပမာဏက သိန်း ၆ဝဝဝ ဖြစ်ပါတယ်"

အလားတူ ယာဉ်လိုင်းနာမည်မှားယွင်းဖော်ပြခဲ့တဲ့ Skynet မီဒီယာလက်အောက်မှာရှိတဲ့ MNTV ရုပ်သံဌာနကိုလည်း တစ်ပတ်အတွင်း နစ်နာကြေးအဖြစ် ကျပ်သိန်းပေါင်း တစ်သောင်း ပေးအပ်ဖို့ တောင်းဆိုထားပါတယ်။

MNTV ရုပ်သံဌာနက တောင်းပန်ကြောင်း ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ထည့်သွင်းခဲ့ပေမယ့် ရွှေစင်စင်္ကြာ ယာဉ်လိုင်းအနေနဲ့ နစ်နာကြေးကို ဆက်လက်တောင်းခံသွားမှာဖြစ်တယ်လို့ ရှေ့နေ ဦးနေလက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က နေပြည်တော် အမြန်လမ်းမှာ ရွှေစင်္ကြာနဲ့ မန်းရာဇာ အဝေးပြေးကား နှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကို MNTV ရုပ်သံဌာနနဲ့ ဒီမိုကရေစီတူဒေး သတင်းစာတို့မှာ ရွှေစင်စင်္ကြာယာဉ်လိုင်း နာမည်နဲ့ မှားယွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

ရွှေစင်္ကြာနဲ့ မန်းရာဇာတို့ ယာဉ်တိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၅ ဦးအတွက် အာမခံလျော်ကြေး စုစုပေါင်း ကျပ် ၆၃ သိန်း ၃သောင်းကို ကမ္ဘောဇဘဏ်ရဲ့ အာမခံဌာနက ဒီနေ့ ပေးအပ်ခဲ့ပါတယ်။

အဲ့ဒီယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၆ ဦးရှိရာ ၁ ဦးက မန္တလေးဆေးရုံမှာ ဆေးဝါးကုသနေ တဲ့အတွက် ဒီနေ့ ၁၅ ဦးအတွက် အာမခံကြေးပေးတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးအောင်စိုးဦးက ပြောပါတယ်။

"လောလောဆယ် ၁၅ ယောက်စာအတွက်ပေါ့နော် ၆၃ သိန်း ၃ သောင်းပါ၊ တစ်ယောက်ကတော့ သူတို့မန္တလေးဆေးရုံးမှာ ဆေးဆက်ကုနေတယ်ဆိုတော့ ကျနော်တို့ သေချာမသိရသေးလို့ပါခင်ဗျ၊ အားလုံး ၁၅ ယောက်စာပေါ့နော် အခုဟာ အဲ့ဒီမှာ အသေအပျောက်မရှိဘူးလေ၊ ဒဏ်ရာအနည်းငယ် ရတဲ့လူတွေပဲရှိတဲ့အတွက်ကို အဲ့ဒီအတွက်ကိုသူတို့က အချိုးနဲ့ပြန်ပြီးတော့ပေးတာပေါ့"

အဝေးပြေးယာဉ်လိုင်း ကားဂိတ်တွေမှာ လက်မှတ်ဝယ်ယူရာ အာမခံကြေးယူထားတာဖြစ်ပြီး အဲ့ဒီငွေကို ခရီးသွားအာမခံကြေးအဖြစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်းမှာ အပ်နှံထားတာဖြစ်ပါတယ်။

RFA Burmese

သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို ရုံးထုတ်စစ်ဆေး



ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒီနှစ် ဇန်နဝါရီလ ဆန်းပိုင်းက စက်ယန္တရားတွေနဲ့ သစ်ခိုးထုတ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို မြစ်ကြီးနားခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီ တရုတ်နိုင်ငံသားတွေကို အမှု ၃ ခုနဲ့ စွဲဆိုထား တာဖြစ်ပြီး ခရိုင်တရားရုံးမှာ အများနဲ့သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ အ.ပ.က ၃ အတွက် ဒီနေ့ စစ်ဆေးတာဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲမှူးကြီး စန်းယုက RFA ကို ပြောပါ တယ်။

"သူတို့မှာပစ်ဒဏ်က အကြမ်းမျဉ်း ၃ မျိုးလို့ပြောလို့ ရမယ်၊ တစ်ခုကတော့ လ.ဝ.က ပေါ၊့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပတ်သက်တယ်၊ တစ်ခုကတော့ သစ်နဲ့ပတ်သက်တယ်၊ တစ်ခုကတော့ မူးယစ်ဆေး ဝါးနဲ့ပါမိတာကြောင့်မို့ မူးယစ်ဆေးဝါးနဲ့ လက်ဝယ်တွေ့ရှိသောသူများကတော့ မူယစ်ဆေးဝါးနဲ့ပတ်သက်မှာပေါ့၊ သစ်နဲ့ပတ်သက်တဲ့ဥစ္စာကတော့ ကျနော်တို့ ပထမ ၆ ကြိမ်ပေါ့၊ ပြည်ထဲရေးကနေပြီးတော့မှ ဒါဟာဥပဒေရဲ့အကြံပြုချက်အရ တင်ပြတဲ့အခါမှာ ဒါအဲ့ဒါဆိုရင် အ.ပ.က ၃ နဲ့ချမယ်၊ ပြည်ထဲရေးကနေပြီးတော့မှ အ.ပ.က ၃ နဲ့ ချပေး တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က အ.ပ.က ၃ နဲ့သွားမယ်၊ ကျနော်တို့ ပြည်ထဲရေးကနေပြီးတော့မှ တရားစွဲတင်နိုင်အောင်၊ အမှုကို ခိုင်မာစွာတည်ဆောင်နိုင်အောင် ဒါပဲ ကျနော်တို့ လမ်းညွှန်မှု ညွှန်ကြား မှုရှိနိုင်မှာပါ"

အဲ့ဒီတရုတ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ မနေ့က ရုံးထုတ်စစ်ဆေးခဲ့တယ် လို့လည်း သိရပါတယ်။

ဒီနှစ်ဆန်းပိုင်းက ဝိုင်းမော်မြို့နယ် ဝါးရှောင်၊ မန်ဝိန်း၊ ဆဒုံး စတဲ့ ဒေသက တောတောင်တွေမှာ တရားမဝင်သစ်ခိုး ထုတ်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၁၅ဝ ကျော်ကို အစိုးရ တပ်မတော် စစ်ကြောင်းက မူးယစ်ဆေးဝါးအပါ အဝင် ယာဉ်စက်ယန္တရားတွေနဲ့ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သမားတွေကို မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ထားပါတယ်။

RFA Burmese

အမေရိကန်ပြည်သူတွေ ရဲ့ နှစ်သစ်ကူး စကားလက်ဆောင်

 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကို တွေ့ရစဉ်။ Photo: U.S. Embassy Rangoon

 မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာတော့မယ့် မဟာသင်္ကြန်နဲ့ နှစ်သစ်ကူးသမယမှာ မြန်မာပြည် သူပြည်သားအားလုံး သာယာရွှင်လန်းကြပါစေလို့  သမ္မတအိုဘားမားနဲ့ အမေရိကန်ပြည်သူတရပ်လုံး ကိုယ်စား အမေရိကန်နိုင်ငံခြားဝန်ကြီး John Kerry က ဆုမွန်ကောင်းပို့သလိုက်ပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ မနေ့က ထုတ်ပြန်တဲ့ သဝဏ်လွှာ မှာ  သင်္ကြန်ကာလဟာ မိသားစုတွေ မိတ်ဆွေတွေ သာမက အရင်က မသိတဲ့သူစိမ်းတရံတွေအပါအဝင် လူစိမ်းလူကျက်မရွေး မြန်မာပြည်သူတရပ်လုံး အတိတ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပြီး မင်္ဂလာ နှစ်သစ်ကို ကြိုဆိုကြတဲ့ အခါသမယဖြစ်ကြောင်းနဲ့ အခုလို ကျက်သရေမင်္ဂလာအပေါင်း ခညောင်းတဲ့ကာလမှာ ဘာသာလူမျိုးမခွဲခြားပဲ မြန်မာပြည်တွင်း မှီတင်းနေ ထိုင်ကြသူအားလုံး ချစ်ကြည်ရင်းနှီးစွာ၊ သာယာဝပြောစွာနဲ့ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်နိုင်ကြပါစေလို့ ဆန္ဒပြုထား ပါတယ်။

ဒါ့အပြင် အခုလို ချစ်ခင်သူတွေ တွေ့ဆုံရင်းနှီး အတူတကွနေထိုင်ကြတဲ့ နှစ်သစ်ကူး ထူးမြတ်တဲ့ကာလ မှာ မြန်မာပြည်ဒီမိုကရေစီထွန်းကားရေးနဲ့ အမျိုးသားပြန်လည် ပေါင်းစည်းရေးအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့  မြန်မာပြည်သူတွေနဲ့ အတူတကွရှိကြောင်းကိုလည်း သိစေအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က စကားလက်ဆောင် ပါးလိုက်ပါတယ်။

RFA Burmese


လူတိရိစ္ဆာအခေါ်ဝေါ် ကယန်းအမျိုးသားနေ့တွင် ရှုတ်ချ

 
ထိုင်းနိုင်ငံသို့ စစ်ပြေးဒုက္ခသည် အဖြစ်ထွက်ပြေး ခိုလှုံနေကြသည့် ကယန်း ကြေးကွင်းပတ်တို့ကို လူတိရိစ္ဆာအဖြစ် တင်စားခေါ်ဝေါ်ခြင်းသည် ကယန်းအမျိုးသားတို့၏ ဂုဏ်သိက္ခာ ညိုးနွမ်းစေကြောင်း ကယန်းအမျိုးသားနေ့မှာ အခမ်းအနားကျင်းပရေး ကော်မီတီဥက္ကဌက ပြောဆိုလိုက်သည်။

ဧပြီလ ၁၀ရက်နေ့က ၁၅နှစ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နယ်စပ် ကယန်းသာယာကျေးရွာတွင် ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်သော အခမ်းအနားတွင် ယခုလိုပြောဆိုလိုက်ခြင်းဖြစ်သည်။

"ဒီမှာ အမျိုးသားနေ့ကို အဓိက ကျင်းပ ရတဲ့ ဟာကလည်း အဲဒီ အချက်ပဲ ပေါ့နော် ..လူတိရိစ္ဆာရုံလို့ အဓိက ခေါ်ခံ ရတယ် ကျနော်တို့ ရဲ့ အမျိုးသား လက္ခဏကို ကယ်ဆယ်နိုင်ဖို့ ဆိုတာ ဒီလိုမျိုး ပြန်လည် စုစည်းပြီးတော့မှ အမျိုးသားနေ့ကို ကျင်းပ ခြင်းအားဖြင့် အော် သူတို့ အမျိုးသားနေ့ ရှိပါလား ကယန်းမှတော့ သူတို့ သိချင်မှ သိမယ် အဲလိုမျိုးပေါ့ နိုင်ငံ တကာက ကျတော်တို့ လူမျိုးတွေကို long neck လိုပဲ သိတယ် ..နောက်ပြီး လူတိရိစ္ဆာရုံလိုပဲ နားလည်ကျတယ် အဲဒါတွေကို ကျတော်တို့က အဓီက ပြန်ပြီး ရှင်းလင်းသင်ပြ ချင်တာလည်း ဖြစ်တယ်"ဟု အခန်းအနားဖြစ်မြောက်ရေးကော်မီတီဥက္ကဌ ခွန်းနေဇာအောင်ကပြောသည်။

ထိုင်းနိုင်ငံသို့ရောက်ရှိကြသည့် ကယန်းကြေးကွင်း ပတ်တို့သည် နိုင်ငံခြားခရီးသွားလုပ်ငန်းတွင် ဆက်စပ်ပါဝင်နေမှုရှိနေခြင်း အပေါ်လူတိရိစ္ဆာအဖြစ်နာမည်ထွက်နေမှုကြောင့် ပြည်တွင်းရှိကယန်းလူမျိုးများနှင့် ထိုင်းနိုင်ငံရောက်ကယန်းမျိုးအချင်းချင်းအကြား နားလည်မှုလွဲမှားသည့် အခြေအနေတရပ်ကိုလည်းဖြစ်စေသည်ဟု ခွန်းနေဇာအောင်ကဆက်ပြောသည်။

လူတိရိစ္ဆာရုံအဖြစ်ခေါ်ဝေါ်ခြင်းခံနေကြရသည့် ထိုင်းနိုင်ငံရောက် ကယန်းကြေးပတ်များနှင့်ပါတ်သက်၍ ကယန်းအမျိုးသားအရေး အမြှော်အမြင်ရှိသူ ခွန်းမားရ်ကိုဘန်းက ယခုလိုပြောသည်။

"ရန်ကုန်မှာ တိုင်းရင်းသားရွာရှိတယ် ဘာတွေထားလဲ ကယန်းပါတယ် နာဂပါတာဘဲ ကျန်တဲ့ လူမျိုးပေါင်းစုံက နည်းနည်းထူးခြားမှုရှိတဲ့လူမျိုး အကုန် ဒါလည်း…ထားတာဘဲ ဒါကိုရော တိရိစ္ဆာန်ရုံလို့ သွားပြောလို့ရလား သူတို့လက်ခံလား သူတို့မလက်ခံရင် ကျနော်တို့ကိုလည်း ဘာလို့ဒီလိုပြောလဲ ပြောစရာဟုတ်လား ဒီလိုပြောတာမှန်ရဲ့လား ကျနော်တို့က ဒါမဟုတ်ရင် ဘယ်တော့မှမခံဘူး"

ယနေ့ကယန်းသာယာရွာမှာ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်သော ကယန်းအမျိုးသားနေ့ အခန်းအနားကို မယ်ဟောင်ဆောင်ဒေသရှိ ကယန်းကြေးပါတ်ကျေးရွာသုံးရွာနှင့် ကရင်နီအမှတ် ၁ဒုက္ခသည်စခန်းမှ ကယန်းအမျိုးသား ၁၅၀ ၀န်းကျင်တက်ရောက်အားပေးခဲ့ကြသည်။

"အမျိုးသားစိတ်ရှိတဲ့လူက ဒီဖက်မှာ ရှိတဲ့လူတွေပေါ့ ရှိတယ်ဆိုတာ ကျနော်တို့သိလာရတယ်ပေါ့ ပြီးတော့ ကျနော် ဒီလိုတွေ့ခြင်းအားဖြင့် ကျနော်ပျော်တယ် ပြီးတော့ ကိုယ့်နယ်မြေ ကိုယ့် တိုင်းပြည်မဟုတ်ပေမဲ့ နယ်စပ်မှာရောက်ရှိတဲ့ ညီအစ်ကိုအားလုံးပေါ့ ကျနော်တို့ ကယန်းအမျိုးသားအားလုံးပေါ့ ကျနော်က ကိုယ့် အမျိုးသား ကိုယ့်ကယန်း ဆိုတာ အားလုံး မျိုးချစ်စိတ်ရှိသင့်တယ်လို့ ကျနော်ထင်တာပေါ့"ဟု ကယန်းလူငယ်တဦးဖြစ်သည့် ခွန်းလဖေါ့ကပြောသည်။

မယ်ဟောင်ဆောင်ဒေသတွင် ကယန်းကြေးပတ် ကျေးရွာသုံးရွာရှိပြီး ပြီးခဲ့သည့် ၂၀၀၅ခုနှစ်က လူဦးရေ ၆၀၀ ၀န်းကျင်ရှိခဲ့ရာမှ ယခုနောက်ပိုင်း တတိယနိုင်ငံခြေချနေထိုင်ရေးအစီအစဉ်ဖြင့် နိုင်ငံခြားသို့သွားရောက်ခြေချနေထိုင်ခဲ့သူများလည်းရှိလာသည်။

ကယန်းနိုင်ငံရေးပါတီများ၊ ကယန်းလူထုကိုယ်စားပြုအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များမှ ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်တွင် ကယန်းအမျိုးသားမိခင်စာပေတရပ်ကို အတည်ပြုသတ်မှတ်နိုင်ခဲ့သည့်အတွက် အဆိုပါနေ့ကိုအစွဲပြုပြီး ကယန်းအမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ကြသည်။

အခခက်၊ မူရယ်
ဓါတ်ပုံ- အခခက်၊ မူရယ်
Kantarawaddy Times

ကိုးကန့်တိုက်ပွဲ နှစ်ဖက် အထိအခိုက်များ


ကိုးကန့်တပ်ဖွဲ့ဝင်များ။

 ကိုးကန့်ဒေသအတွင်း တိုက်ပွဲတွေဟာ ဒီရက်ပိုင်း အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ရာ က ဒီကနေ့မှာလည်း ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ လက်ရှိ တိုက်ပွဲတွေမှာ အစိုးရတပ်ဖက်က သံချပ် တိုက်ယာဉ်တွေနဲ့ပါ ပူးပေါင်း စစ်ဆင်နေပြီး ဒီကနေ့ တိုက်ပွဲမှာတော့ ကိုးကန့်တပ်ဖွဲ့ဖက်က သံချပ်ကာ တိုက်ယာဉ် ၂စင်းကို ဖျက်ဆီးခဲ့ တယ်လို့ ပြောပါတယ်။ အစိုးရဖက်က ထုတ်ပြန်ချက်မှာတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ဗျူဟာ အရ အရေးပါတဲ့ နေရာအများစုကို သိမ်းယူထားကြောင်း သတင်း ထုတ်ပြန်ပါတယ်။ ကိုးကန့်ဒေသက နောက်ဆုံးရ တိုက်ပွဲသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၉ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ၂လ တင်းတင်းပြည့်ချိန်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဟာ လောက်ကိုင်နဲ့ ချင်းရွှေဟော်အကြားက ပါစင်ကျော်ရွာအနီး အနားဒေသတွေမှာ ဖြစ်ပွားနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဒီကနေ့ အစိုးရ သတင်းစာတွေမှာ တပ်မတော်စစ်ကြောင်းတွေဟာ ပါစင်ကျော်ကျေးရွာအရှေ့ဖက် ကိုးကန့်သောင်းကျန်သူတွေ့ရဲ့ စစ်ဗျူဟာအရ အရေးပါတဲ့ ခံစစ်စခန်း ရှိရာ ပွိုင့် ၁၈၄၅ကို ဧပြီလ ၈ရက်နေ့က သိမ်းယူနိုင်ခဲ့ကြောင်း၊ တဆက်တည်းမှာပဲ ပါစင်ကျော်ရွာနဲ့ နယ်စပ်မှတ်တိုင် ၁၃၇သွားကားလမ်းဒေသက အရေးပါတဲ့ ကိုးကန့်တပ်စခန်းတွေကို ထိန်းချုပ်ထားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို တိုက်ခိုက်ရာမှာ လက်နက်ကြီးပစ်ကူ၊ သံချပ်ကာ တိုက်ယာဉ်ပစ်ကူတွေကို ရယူပြီး ချေမှုန်းခဲ့ကြောင်းလည်း ဖော်ပြပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဟာ ဒီလ ၈ရက်နေ့က စတင်ပြင်းထန် လာတာဖြစ်ပြီး ဒီကနေ့တိုက်ပွဲ အခြေအနေကိုတော့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက အခုလို ပြောပါတယ်။

" လက်နက်ကြီးနဲ့ပစ်၊ နောက် တင့်ကားနဲ့ သံချပ်ကာ ကားနဲ့ ပစ်ကူ တယ်။ နေ့ပိုင်း မြန်မာ စံတော်ချိန် ၁၂နာရီ ပတ်ဝန်းကျင်လောက်မှာ သံချပ်ကာ ကား သုံးစီး ရှိတဲ့အထဲ နှစ်စီးကို ကျနော်တို့ ပစ်လိုက်ပါတယ်။ ဒီသုံးရက်တော့ ဖေဖော်ဝါရီ ၉ရက်နေ့ကစပြီးတော့ ပစ်တဲ့ တိုက်ပွဲမှာ ဒီသုံးရက်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။ "

ဒီလို သံချပ်တိုက်ယာဉ် ၂စင်းဖျက်ဆီးလိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင် ဖို့ လောက်ကိုင်ဒေသ ရှိ တပ်မ၁၁က တာဝန်ရှိသူတဦးကို ဆက်သွယ်ရာမှာ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး ကွမ်းလုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်ရှောက်ချန်းကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

" အဲ့တာတော့ မဖြစ်နိုင်ပါဘူး။ သံချပ်ကား က ဘာဖြစ်လို့ ပစ်ရမှာလဲ။ ဖျက်နိုင်စရာ အကြောင်းမရှိဘူး။ သူတို့ကတော့ သာအောင် ပြောမှာပဲ။ တကယ့် တကယ် ပြင်းအား ဘယ်လောက်ရှိလို့လဲ။ ..."

၈ရက်နဲ့ ၉ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ဖက်က ထိခိုက်ကျဆုံးတဲ့အခြေအနေကို ဦးထွန်းမြတ်လင်းက အခုလို ဆက်ပြောပါတယ်။

" ကျနော် သတင်းရ တာကတော့ ၈ရက်နေ့တုန်းက ဒဏ်ရာရတာ ၂၀ကျော်၊ ၃၀ နီးပါး ရှိတယ် ထင်တယ်ဗျ။ ကျတာ နှစ်ယောက်လား၊ သုံးယောက်လား မသိဘူး။ ၉ရက်နေ့လည်း အဲ့လောက်နီးနီးပဲ ကျတာ နှစ်ယောက်လောက်ဖြစ်မယ်။"

တပ်မတော်ဖက်ကတော့ ဒီ၂ရက်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူနဲ့ ကျဆုံးသူ စုစုပေါင်း ရာနဲ့ချီရှိမယ်လို့ ပြောဆိုပြီး ၁၀ရက်နေ့ နှစ်ဖက် အထိအခိုက် စာရင်းကိုတော့ မသိရသေးကြောင်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

အစိုးရဖက်က ထုတ်ပြန်တဲ့သတင်းမှာတော့ ဒီတိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဖက်က အရာရှိ၊ စစ်သည် ၁၀ကျဆုံးပြီး ၆၂ယောက် ထိခိုက် ဒဏ်ရာရကြောင်း ဖော်ပြပါတယ်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ တနိုင်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဒီလ ၃၁ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။ ဒီစာချုပ် မူကြမ်း ကို နှစ်ဖက် ခေါင်းဆောင်တွေ ကို တင်ပြပြီး မေလအတွင်းမှာ အတည်ပြု လက်မှတ်ရေးထိုးနိုင်ဖို့လည်း မျှော်လင့်ထားကြပါတယ်။

ဒီလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အတည်ပြု လက်မှတ်ရေးထိုးဖို့ပြင်ဆင်နေချိန်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက အနှောက်အယှက်ဖြစ်နိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT အဖွဲ့ဝင် ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

"ဒီစာချုပ် အကောင်အထည်ဖော်ဖို့ စာချုပ်ကို အတည်ပြုဖို့ ဆိုတဲ့နေရာမှာတော့ နည်းနည်းတော့ ကသိကအောက် ဖြစ်သွားနိုင်တာပေါ့။ ဒါကတော့။ ကျနော်တို့ကတော့ ဒီတရားဝင် လက်မှတ်ရေးထိုးတဲ့အဆင့်ကို ရောက်စေချင်တဲ့ ဆန္ဒရှိတဲ့အတွက် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များကိုလည်းပဲ ဒါက သင့်တော်တဲ့ အချိန်ကာလဖြစ်တယ်။ သင့်တော်တဲ့ အဆင့်ဖြစ်တယ်ဆိုတာ တဖက်က ဆွေးနွေးပြီးတော့ တဖက်က တပ်မတော်ဘက် အစိုးရဘက်ကိုလည်း အကောင်အထည်ဖော်နိုင်အောင် လက်တွေ့ အတည်ပြုနိုင်အောင် ပတ်ဝန်းကျင် အနေအထားတွေ နိုင်ငံရေး မိုးလေဝသတွေလည်း ချင့်ချိန်ပေးဖို့ လိုတယ်ဆိုတာ တော့ တပြိုင်နက်တည်း မေတ္တာရပ်ခံရတာပေါ့ဗျာ။"

စာချုပ်မူကြမ်းလက်မှတ်ရေးထိုးပြီးတပတ်ကျော်ကာလအတွင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်၊ ပလောင်၊ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြားမှာ တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

အင်ဒိုနီးရှားမှု ကျွန်ပြုခိုင်းစေခံရတဲ့ ရေလုပ်သား ၄၅၀ကျော် မြန်မာပြည်ပြန်ရေး လက်မှတ်ထုတ်ပေးမည် (ရုပ်/သံ)



အင်ဒိုနီးရှားမှာ ကျွန်ပြု ခိုင်းစေခံခဲ့ရတဲ့ မြန်မာရေလုပ်သား ၄၅၀ ကျော်ကို မြန်မာပြည်ပြန်ရေး ခရီးသွားလက်မှတ်ထုတ်ပေးမယ်လို့ ဂျာကာတာ အခြေစိုက် မြန်မာသံရုံး တာဝန်ရှိသူက ပြောပါတယ်။ ခွန်ဘသာ သတင်းပေးပို့ ထားပါတယ်။ DVB TV - 10.04.2015

ဒေါက်တာအေးမောင်ရဲ့ ၆ ပွင့်ဆိုင် အတွေ့အကြုံ

 
ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်တဲ့ ဒေါက်တာအေးမောင်။ 
မနေ့သောကြာနေ့က ကျင်းပခဲ့တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အခြေခံ သဘောထားတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ် လို့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ မှာ ပါဝင်တဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။ သင်္ကြန်ကာလပြီး ကျင်းပမယ့် ဆွေးနွေးပွဲမှာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အဓိက ပြင်သင့်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တွေကို ဆွေးနွေး ညှိနှိုင်းဖို့ရှိတယ်လို့လည်း ပြောပါတယ်။ အခုဆွေးနွေးပွဲဟာ အောင်မြင်သော ဆွေးနွေးပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။    ။ အဲ့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အပိုင်းကပေါ့နော် ဘယ်လောက် အတိုင်းအတာ အထိ ပြင်ဆင်နိုင်မယ် လို့ ဒေါက်တာအေးမောင် အနေနဲ့ သုံးသပ်ပါလဲရှင့်။

ဒေါက်တာအေးမောင်။    ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့ ကဏ္ဍကို ချဉ်းကပ်တဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ် တရားမျှတပြီးမှ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး ကို အဓိက မဏ္ဍိုင် ထားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒုတိယ သက်တမ်း ဒီမိုကရေစီ အပြောင်းအလဲဟာ ပထမ အပြောင်းအလဲ ကာလထက် အင်မတန် အရေးကြီးတယ် ဆိုတာကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးရော ဒေါ်အောင်ဆန်းစုကြည်ရော သဘောတူညီစွာ တင်ပြခဲ့ကြပါတယ်။ အဲ့တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင် လွတ်လပ်ပြီးမှ တရားမျှတစွာ ကျင်းပနိုင်ဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ တချို့ ကို လက်ရှိအခြေအနေ အရ ပြုပြင်ပြောင်းလဲနိုင်မှသာ အဲ့ဒီ့ဘက် လမ်းကြောင်းပေါ်ကို ရောက်နိုင်မယ်ဆိုရင် ကျနော်တို့ ဖွဲ့စည်းပုံပါ အချို့ပုဒ်မ များကို ပြောင်းလဲပေးရမှာဖြစ်တယ်ဆိုတဲ့ သဘော သက်ဝင်လာပါတယ်။ ကြားမှာ လက်ရှိဖြစ်တည်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တချို့ ပြင်သင့်ပြင်ထိုက်တဲ့ ပုဒ်မများကို ချဉ်းကပ်ပုံက ကျနော်တို့ရဲ့ ခြောက်- ခြမ်းပေါ့နော်။ အခုကာလမှာ ပြင်မှ ရမယ်ဆိုတဲ့ ပုဒ်မများကို မိမိတို့ ဘက်ခြမ်း အလိုက် တင်ပြပြီးမှ အပေးအယူလေးနဲ့ ဘာကြောင့်ပြင်သင့်တယ် တင်ပြဆွေးနွေးပုံကာလဟာ လာမယ့် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ အဲ့လောက်အထိ ကျနော်တို့ သဘောတူညီရနိုင်ခဲ့ပါတယ်။"

မအင်ကြင်းနိုင်။    ။ ဟုတ်ကဲ့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေး အပိုင်းကို ကာကွယ်ရေး ဦးစီးချုပ် သဘောထားကို ဒေါက်တာအေးမောင်အနေနဲ့ ဘယ်လိုမြင်ပါလဲရှင့်။

ဒေါက်တာအေးမောင်။    ။ သူ့ဘက်က ကနဦး ချဉ်းကပ်မှုက ပြင်ဆင်ဖို့ လိုအပ်ချိန်မှာ ပြင်ကိုပြင်ရမယ် ဆိုတာ သူသဘောပေါက်တယ်။ မပြင်သင့်သေးတဲ့ ကာလဆိုရင် မပြင်သင့်သေးပဲနဲ့ ဆက်သွားသင့်တယ်ဆိုတဲ့ ဘက်က သူ ချဉ်းကပ် ဆွေးနွေးပါတယ်။ ပြီးမှပဲ တိုင်းရင်းသားများနဲ့ ဒီနေ့အထိ ဖြစ်တည်လာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းဖို့အတွက် တိုင်းရင်းသားများ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ခွင့်ဆိုတဲ့ ကဏ္ဍဘက်ကို ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အတိုင်းပဲ ကျနော်တို့ ပြင်ဆင်ပေးသင့်တယ်ဆိုတာမျိုးနဲ့ ပြီးခဲ့တဲ့ ကာလမှာကလည်း တပ်မတော်သားတွေဘက်က အရေးတကြီးအဆိုနဲ့ တင်ပြလာတာရှိပါတယ်။

တနည်းအားဖြင့်  referendum ကိုရှောင်လွဲပြီးမှ အချိန်ကာလရဲ့ တိုတောင်းမှုအရ လုပ်သင့်တာကို လုပ်ပေးခြင်းအားဖြင့် တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ခွင့် သံယဇာတ ခွဲဝေခွင့်ကို ပေးလိုက်မယ်ဆိုရင် ကျနော်တို့ ပြင်သင့်တဲ့ အချိန်ကာလလေးမှာ ပြင်သင့်တာကို ပြင်ပေးလိုက်တယ် ဆိုတဲ့ သဘောမျိုး  ဆွေးနွေးပါတယ်။"

မအင်ကြင်းနိုင်။    ။ အခုလို ခြောက်ပွင့်ဆိုင် ဆွေးနွေးတဲ့ ပွဲဟာပေါ့လေ။ မြန်မာ့နိုင်ငံရေး ရှေ့ဆက်တိုးဖို့အတွက်ရော ဘယ်လောက် အတိုင်းအတာအထိ အထောက်အကူပြုနိုင်မလဲရှင့်။

ဒေါက်တာအေးမောင်။    ။ အများကြီး အထောက် အကူပြုနိုင်ပါတယ်။ ခြုံပြောရ ရင်တော့ အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးပွဲလို့ အားလုံးက ပြောပါတယ်။ နွေးထွေး ပါတယ်။ ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန် ပြောကြပါတယ်။ ဦးတည်ချက် တခုကို ခြုံငုံနိုင်လောက်အောင် ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ သုံးသပ်ပါတယ်။ လက်ရှိ ဖွဲ့စည်းထားတဲ့ ခြောက်ဦးပါ အခြေအနေနဲ့ပတ်သက်လို့လည်း အတိုချုပ် လုပ်ဖို့ ကြိုးစားကြပါသေးတယ်။ အထူးသဖြင့် တိုင်းရင်းသားကဏ္ဍနဲ့ပတ်သက်လို့ ညှိနှိုင်းတင်ပြကြတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော်နာယကကြီး ဘက်ကတော့ဖြင့် လက်ရှိခြောက်ဦးပါ အခြေအနေဟာ အင်မတန် ကျစ်လစ်ပြီးမှ ထိရောက်တဲ့ ဆွေးနွေးဖက် ဖြစ်ကြောင်းနဲ့ ဒီ့ထက်မက တိုးချဲ့လာရင်လည်းပဲ ဒီကဏ္ဍ ဒီ Frame အတွင်းမှာပဲ ဆွေးနွေးမှာဖြစ်တဲ့အကြောင်း သမ္မတကြီး တို့ဘက်ကတော့ အထူးသဖြင့် တိုင်းရင်းသားကဏ္ဍမှာ ထပ်မံတိုးချဲု့စေချင်တဲ့ သဘော ပြဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ဘက် ကလည်း ဒီခြောက်ဦးပဲ ထိရောက်စွာ ဆွေးနွေးနိုင်မယ့်သဘောမျိုး တင်ပြပါတယ်။
သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ လွှတ်တော်တွင်း တိုင်းရင်းသားပါတီတွေကို ကိုယ်စားပြုတဲ့ ဒေါက်တာအေးမောင် တို့ ၆ဦး ဟာ ဧပြီလ (၁၀)ရက်နေ့က နှစ်နာရီကျော်လောက် အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။  ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဒေါက်တာအေးမောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)

Friday, April 10, 2015

တောင်တရုတ်ပင်လယ်ကို လွမ်းမိုးဖို့ တရုတ်အစိုးရ အင်အားသုံး


 တောင်တရုတ်ပင်လယ် အနီးနားက နိုင်ငံငယ်တွေအပေါ် လွမ်းမိုး ခြိမ်းခြောက်ဖို့ တရုတ်က ကြီးမားတဲ့ အင်အားသုံး ဖန်တီးနေမှုအပေါ် အမေရိကန်က စိုးရိမ်ကြောင်း သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ကျွန်းတခု တရုတ်က ဖန်တီးတည်ဆောက်နေတဲ့အပေါ် အခုလို သမ္မတရဲ့ သဘောထား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်ပြင်က သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ နေရာတခုကို သူတို့ပိုင်တယ်လို့ ပြောပြီး လူလုပ်ကျွန်းတခု ဖန်တီးဆောက်လုပ်ခဲ့တာဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်အောင်လုပ်တာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

စပရက်လေ ကျွန်းစုနားက Mischief ကျောက်တန်းပေါ်မှာ လေယာဉ်ပြေးလမ်းတွေ၊ သင်္ဘောဆိပ်တွေ ဆောက်လုပ်နေတာမျိုးတွေ အပါအ၀င် တည်ဆောက်မှုတွေ တရုတ်အစိုးရက တိုးလုပ်လာနေတာကို satellite ဂြိုဟ်တုပေါ်က ရိုက်ကူးထားတဲ့ ပုံတွေ ထွက်ပေါ်လာအပြီးမှာ ခုလိုပြောကြာလိုက်တာပါ။

တရုတ်အစိုးရကတော့ အဲဒီဆောက်လုပ်မှုတွေဟာ နိုင်ငံအချုပ်အခြာ အာဏာပိုင်မှုကို ကာကွယ်ဖို့ လိုအပ်တဲ့အတွက် လုပ်တာပါလို့ ပြောပါတယ်။

BBC Burmese

တနင်္သာရီတွင် ရှေးဟောင်း လက်ဝတ်ရတနာများ တူးဖော်ရရှိ


 ဓာတ်ပုံ - သန်းစိုးဝင်း
မြိတ်၊ ဧပြီ ၉
မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ်က
မြို့ဦး ပရိယတ္တိကျောင်းတွင် ရှေးဟောင်း လက်ဝတ် ရတနာများကို တူးဖော်
ရရှိခဲ့သည်ဟု ယင်းမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းထံမှ
သိရသည်။
ယင်းလက်ဝတ်ရတနာများကို ဆွမ်းစားဓမ္မာရုံ ဘုရားခန်း အောက်ဘက်ရှိ အဆောက်အဦး
ဆောက်လုပ်ရန် မြေတူးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဦးသန်းစိုးဝင်းက
ပြောသည်။
မြေအိုးထဲတွင် ငွေထည် များဖြစ်ကြသည့် ငွေစလွယ်၊ လက်ပတ်၊ ခြေချင်း စသည့်
လက်ဝတ်ရတနာ အမျိုးအစား ၄၀ ကျော်နှင့် ဆံထိုး၊ လက်စွပ်၊ နားကပ်စသည့်
ရွှေထည် ပစ္စည်း ၂၄ မျိုးတို့ကို ရှိသည်ဟု သိရသည်။
“ရွှေထည်ပစ္စည်းတွေရဲ့ အလေးချိန်က ၉ ကျပ်သား နီးပါးလောက် ရှိပါတယ်”ဟု
ဦးသန်းစိုးဝင်းက ပြောသည်။
အဆိုပါ ရှေးဟောင်း လက်ဝတ် ရတနာများကို မြို့နယ် သံဃနာယက ဥက္ကဋ္ဌ၊
မြို့ဦးကျောင်း ဆရာတော် ဦးဇောတိက ထံတွင် ထိန်းသိမ်း
ရှောက်စောင့်ထားကြောင်း သိရသည်။
တနင်္သာရီမြို့နယ်သည် ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး
ရှေးဟောင်းအသုံးအဆောင် လက်ဝတ်ရတနာ ဘုရားပုထိုးများ တို့ကို မကြာမကြာ
တွေ့ရှိရသည်ဟု မြို့ခံတစ်ချို့ထံမှ သိရသည်။

|Dawei Watch|

အင်ဒိုကျွန်းက မြန်မာတွေ အရေး မြန်မာ ရဲတပ်ဖွဲ့ ဆောင်ရွက်နေ

လတ်တလော ထိပ်တန်း သတင်းတပုဒ် ဖြစ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံက ကျွန်းတွေပေါ်မှာ တံငါသည်တွေ အဖြစ် ကျွန်ပြုခိုင်းစေခံနေရသူတွေ ထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်တယ် ဆိုတာကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မူလကတည်းက သိရှိထားပြီး ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း လူပေါင်း ၃၀၀ နီးပါး ကယ်တင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတွေပေါ်မှာ ကျွန်ပြုခိုင်းစေခံထားရတဲ့ မြန်မာနိုင်ငံသားတွေ ဌာနေပြန်နိုင်ရေး၊ လျော်ကြေး ရရှိရေးတို့ အတွက် ဆောင်ရွက်ဖို့ ရှေ့သီတင်းပတ် အင်္ဂါနေ့မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှားကို သွားရောက်မှာဖြစ်ပါတယ်။  အကြောင်းစုံကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံတွင်းမှာ ကျွန်ပြုခိုင်းစေဖို့ လူကုန်ကူးခံ ထားရသူ မြန်မာနိုင်ငံ သားတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့၂၀၁၃ ခုနှစ်ကတည်းက စတင် သတင်းရပြီး ကယ်တယ်ခဲ့တာ ဖြစ်ပြီး အခုချိန်ထိ ကယ်တင်ခဲ့သူပေါင်း ၃၀၀ နီးပါး ရှိခဲ့ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနက ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှက ပြောပါတယ်။
" ၂၀၁၃ကတည်းက အဲ့ဒီ့ကနေပြီး ကျနော်တို့ လက်လှမ်းမှီသလောက်ပေါ့နော်။ သတင်းရတယ်။ သူတို့ဆီက Hot Line ဖုန်းနဲ့ ဝင်လာပြီဆိုရင် ကယ်တင်ခဲ့တာတွေ ရှိပါတယ်။ အခုဆိုရင် ၂၉၀ကျော်ရှိပါပြီ။ ၂၀၁၃၊ ၂၀၁၄၊ အခု ၂၀၁၅ ဒီအေပီသတင်း မပေါ်ခင်အထိပေါ့နော်။ အဲ့ဒီ့ Process အရဆိုရင် သူတို့တော်တော် များများက လူကုန်ကူးခံရသူများ ကျနော်တို့ကယ်ခဲ့ရတဲ့ သူအားလုံးကတော့ လူကုန်ကူးခံရသူးတွေချည်းပဲပေါ့နော်။
အင်ဒိုကျွန်းက ကယ်တင်လာတဲ့ မြန်မာရေလုပ်သားများအင်ဒိုကျွန်းက ကယ်တင်လာတဲ့ မြန်မာရေလုပ်သားများ
ဒါပေမဲ့ သူတို့က ဒီထိုင်းကို တရားမဝင် သွားကြတယ်။ ထိုင်းနိုင်ငံထဲမှာပဲ သူတို့ ခေါင်းပုံဖြတ် ခံရတာများတာပေါ့နော်။ ထိုင်းကပွဲစားတွေနဲ့ ထိုင်းပွဲစားတွေ ဆိုပေမဲ့ ထိုင်းလူမျိုးလည်း ပါတယ်။ မြန်မာလူမျိုးလည်း ပါတာပေါ့နော်။ တော်တော် များများက သူတို့ကို ခေါ်သွားတဲ့သူတွေရဲ့ နာမည် လိပ်စာ အတိအကျ အပြည့်အစုံ တော်တန်ရုံ မမှတ်မိကြတော့ဘူး။ မသိကြဘူးပေါ့နော်။ အလုပ်ရမယ်ဆိုလို့ လိုက်သွားလိုက်တာပဲ။ သူတို့မှတ်မိတဲ့ နာမည်ကလည်း အဖျားဆွတ်ခေါ်တာလောက်ပဲ မှတ်မိတာပေါ့။ ဒါပေမဲ့ ဘယ်မှာနေလဲဆိုတာတော့ သူတို့ မသိတော့ဘူးပေါ့။ အဲ့တာမျိုးလေးတွေ ကျနော်တို့က စီစစ်တဲ့အချိန်မှာ အရေးကြီးတယ်။ အတွေ့အကြုံအရ အဲ့တာမျိုးလေးတွေ ရှိတာပေါ့နော်။
ဒါပေမဲ့ ကျနော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ရပ်ရွာဒေသကို လာပြီးတော့ စည်းရုံးတဲ့သူ နာမည်တော့ မှတ်မိတာပေါ့။  ဗမာပြည်က လူပွဲစား။ အဲ့ဒီ့လူပွဲစားလောက်ကိုပဲ ကျနော်တို့က အရေးယူတာပေါ့။ ဟိုဘက် ထိုင်းနိုင်ငံထဲ ရောက်သွားရင်တော့ ဘယ်သူတွေက ဘာမှန်း မသိတော့ဘူး။  သူတို့ မပြောနိုင်ကြဘူးပေါ့နော်။ "
မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံနဲ့ လည်း လူကုန်ကူးမှု တိုက်ဖျက်ရေးကို ပူးပေါင်း လုပ်ဆောင်နေပြီး နောက်ပိုင်းမှာ အင်ဒိုနီးရှား နိုင်ငံနဲ့လည်း ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှက ပြောပါတယ်။
" မြန်မာနဲ့ထိုင်းက MOU ရှိတယ်။ မြန်မာနဲ့ အင်ဒိုနီးရှားကျတော့ MOU မရှိဘူး ပေါ့နော်။ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်မယ့် MOU မရှိသေးဘူး။ အဲ့တာရှိဖို့လည်း ကျနော်တို့က ကြိုးစားနေကြတာပေါ့နော်။ "
မြန်မာအပါအဝင် အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN ကလည်း လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကြေညာထားပေမယ့် အကောင်အထည် မဖော်နိုင်သေးတဲ့ အပြင် အဖွဲ့ဝင် နိုင်ငံတွေကြား လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ရေးတောင် မလုပ်နိုင်သေးဘူး လို့လည်း ဝေဖန်ခံနေရတာပါ။
လောလောဆယ်မှာလည်း အင်ဒိုနီးရှားနိုင်ငံ ကျွန်းတွေပေါ်မှာ ငါးဖမ်းလုပ်သားတွေ အဖြစ် လုပ်ခလစာ မရဘဲ ကျွန်ပြုခိုင်းစေခံရတဲ့ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ထားပြီး မြန်မာနိုင်ငံသားတွေအဖြစ် ကနဦး စစ်ဆေးပြီး ကယ်ဆယ်ထားပါတယ်။
" လတ်တလောအနေနဲ့ အကြမ်းဖျင်း သွားပြီးတော့ စာရင်းကောက်ထားပြီးပြီပေါ့။ အကြမ်းဖျင်း ဘဂျီနာကျွန်းရယ် ဘန်ဂျီးနားကျွန်းပေါ့နော်။ ဘန်ဂျီးနားကျွန်းပေါ်မှာ ပိတ်လှောင်ခံထားရတဲ့သူတွေကို အင်ဒိုနီးရှားနိုင်ငံက သွားစီစစ်ထားပြီးပြီ။ စီစစ်တော့ အဲ့ဒီ့ ဘန်ဂျီနားမှာ လုံခြုံရေး စိတ်မချရလို့ဆိုပြီးတော့ သူ့ရဲ့ တုရယ်ကျွန်းကို ပို့ထားပါတယ်ခင်ဗျ။ သူတို့ကို။ အဲ့ဒီ့ တုရယ်ကျွန်းကို ပို့ထားတဲ့ သူတွေရော ဘန်ဂျီနားမှာ ကျန်နေတဲ့ မြန်မာတွေရောကို သံရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ သွားပြီးတော့ စီစစ်နေပါတယ်။"
လာမယ့် ရက်ပိုင်းအတွင်းမှာဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူမှုဝန်ထမ်းတို့က ကိုယ်စားလှယ် အဖွဲ့ သွားရောက်ပြီး မြန်မာနိုင်ငံသားတွေကို နိုင်ငံကူး လက်မှတ်ထုတ်ပေးဖို့၊ လူကုန်ကူးခံရမှုကြောင့် ဒုက္ခရောက် သူတွေ ဟုတ်မဟုတ်ကို စစ်ဆေးပြီး ဌာနေပြန်ရေး လျော်ကြေးရရေးတို့ အတွက် ဆောင်ရွက်သွားမယ်လို့လည်း ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီနားကျွန်းပေါ်မှာ တံငါသည်တွေ အဖြစ် လုပ်ခ လစာမပေးဘဲ ကျွန်ပြုခိုင်းစေခံခဲ့ရသူတွေ အကြောင်းကို ပြီးခဲ့တဲ့ လက အမေရိကန် သတင်းအေဂျင်စီ AP က ဖော်ထုတ်ခဲ့တာပါ။ ဒီလူတွေကို အင်ဒိုနီးရှား အစိုးရက ဦးဆောင်ပြီး ကယ်တင်နေတာ အခုဆိုရင် လူပေါင်း၅၅၀ နီးပါး ရှိပြီး ဒီထဲမှာ မြန်မာနိုင်ငံသားက ၂၁၀ ပါတယ် လို့လည်း အေပီသတင်း က ဖော်ပြပါတယ်။ ဒီလူတွေကိုတော့ အင်ဒိုနီးရှား နိုင်ငံ ဘင်ဂျီနာ ကျွန်းမှာ လုံခြုံရေး စိတ်မချရတာကြောင့် အနီးအနားက တုရယ်ကျွန်းကို ရွှေ့ပြောင်းပြီး အင်ဒိုနီးရှား အစိုးရရဲ့ ခေတ္တစခန်းတွေမှာ နေထိုင်နေကြပါတယ်။
VOA

ထိုင်းတွင် အရှိန်ပြင်းရေပြွတ်တံများ ရောင်းပါက ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်မည်


လာမယ့် ထိုင်းသင်္ကြန်မှာ အရှိန်ပြင်းရေပြွတ်တံ ရောင်းချခွင့်ကို သက်ဆိုင်ရာက တားမြစ်လိုက်ပြီး  မလိုက်နာရင် ထိရောက်စွာ အရေးယူခံရမယ်လို့  ချနယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီတားမြစ်ချက်ကို  သင်္ကြန်ရေကစားမှုဘေးအန္တရာယ်ကင်းစင်ရေး ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ ၀ယ်ယူသုံးစွဲသူများ ကာကွယ်ရေးကော်မတီ နဲ့ ထိုင်းရဲတပ်ဖွဲ့တို့က ပူးပေါင်း ထုတ်ပြန်လိုက်တာဖြစ်ပြီး  အရှိန်ပြင်းတဲ့ ရေပြွတ်တံ ရောင်းချသူတွေအနေနဲ့ ထောင် ဒဏ် ၅ နှစ် ဒါမှမဟုတ် ငွေဒဏ် ၅ သိန်း၊ ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

အရှိန်ပြင်း ရေပြွတ်တံ ထုတ်လုပ်သူ ဒါမှမဟုတ် တင်သွင်းလာသူတွေ ဆိုရင်တော့ ထောင်ဒဏ် ၁၀ နှစ် ဒါမှမဟုတ် ငွေဒဏ် ၁၀ သိန်း ဒါမှမဟုတ် ထောင်ဒဏ်ရောငွေ ဒဏ်ပါ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

တားမြစ်ချက်ကို ဆန့်ကျင်လုပ်ဆောင်သူတွေ တွေ့ရှိပါက  သုံးစွဲသူများကာကွယ်ရေး ကော်မတီ ဖုံးနံပတ်  ၁၁၆၆  ဒါမှမဟုတ် သုံးစွဲသူများကာကွယ်ရေးရဲတပ်ဖွဲ့ ဖုံးနံပတ် ၁၁၃၅ ကိုတိုင်ကြားနိုင်ပြီး ချက်ချင်းအရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထား ပါတယ်။

ဒီနေ့ခေတ်ကာလမှာ သူ့ထက်ငါအပြိုင် ခေတ်မီရေပြွတ်တံအမျိုးမျိုး ထုတ်လုပ်ရောင်း ချလာရာက ရေပမာဏများများနဲ့ အရှိန်ပြင်းစွာ ပက်ဖျန်းနိုင်တဲ့ ရေပြွတ်တံတွေ သုံးခြင်းအားဖြင့် ရေပက်ခံရသူတွေ အညိုအမည်းစွဲတဲ့ထိ နာကျင်တာ၊ မျက်စိကွယ်သွားတာ၊ ဆိုင်ကယ်မတော်တဆ ထိခိုက်မှုဖြစ်ပွားတာတွေ ရှိခဲ့တဲ့အတွက် အခုလို တားမြစ်ရတာဖြစ်ကြောင်း တာဝန်ရှိသူတွေက သင်္ကြန်တွင်းဘေးကင်းရေး လှုံ့ဆော်ရာမှာ ပြောသွားပါတယ်။

By ဒီဗွီဘီ

နေပူချိန်မြင့်တတ်နေသဖြင့် သင်္ကြန်ကာလတွင် အရက်သောက်စားပြီး ရေကစားသူများ ဦးနှောက်သွေးကြောပြတ်နိုင်


သင်္ကြန်ကာလအတွင်း နေ့အပူချိန်များ ဆက်လက် မြင့်တက်နေပါ က ယမကာမှီဝဲ၍ ရေကစားသူများ ဦးနှောက်သွေးကြောပေါက်ကာ ဦး နှောက်အာရုံကြော ပြတ်နိုင်ကြောင်း အထွေထွေရောဂါကု ဒေါက်တာ အောင်ဆန်းဝင်းက News Watch သို့ ပြောသည်။

“အခုက နေ့အပူချိန်က အရမ်းမြင့်တက်နေတယ်။ ဆားဓာတ်နဲ့ ရေဓာတ်မမျှတဲ့အတွက်ကြောင့် အားနည်းပြီး မူးမောတဲ့လူနာတွေကို တွေ့ ရတယ်။ ဒီအပူချိန်တိုင်း သင်္ကြန်မှာ ပူရင်တော့ အရက်သောက်ပြီး သင်္ကြန် ရေကစားမယ့်သူတွေ အတွက်တော့ ဦးနှောက် သွေးကြော ပေါက်တာတို့၊ အာရုံကြောပျက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တယ်။ ဘာလို့တုန်းဆိုတော့ မူးနေတဲ့ အချိန်နဲ့ နေအပူရှိန်ကလည်း မြင့်တက်နေတဲ့ အချိန်နဲ့ ရေဆိုလိုက် ပြန်ပူသွားလိုက်နဲ့ စောစောကပြောတဲ့အတိုင်း ဖြစ်လာနိုင်ပါတယ်”ဟု ဒေါက်တာကပြောသည်။

မြန်မာနိုင်ငံတ၀န်းတွင် မကွေးတိုင်းဒေသကြီး အောင်လံ၊ တောင် တွင်းကြီး၊ မကွေးစသည့်မြို့နယ်များ မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ကယားပြည်နယ်ရှိ ဘော်လခဲမြို့နယ် စုစုပေါင်း ၆ မြို့နယ်၌ သတ်မှတ်သည့် နေ့အပူ ချိန်ထက် ၂ မှ ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လျက်ရှိရာ ကယားပြည်နယ်တွင် သာမန်အပူချိန် ၃၃ ဒသမ ၀ ဒီဂရီစင်တီဂရိတ်သတ် မှတ်ထားသော်လည်း ဘော်လခဲမြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်နေကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှအရာရှိတဦး ကဆိုသည်။

နေ့အပူချိန်မြင့်တက်နေခြင်းကြောင့် လုပ်သားပြည်သူ့ဝန်ထမ်းများ ရေဓာတ်နှင့် ဆားဓာတ်မမျှတသည့် အတွက် ချွေးထွက်လွန်ခြင်း၊ မူးမောခြင်း၊ အားနည်းခြင်းများ အဖြစ်များ လျက်ရှိပြီး ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ ရှိသူများနှင့်သက်ကြီးရွယ်အိုများ၊ ကလေးသူငယ် များအနေဖြင့် အသက်အန္တရာယ်ရှိကြောင်း ဒေါက်တာအောင်ဆန်းဝင်းက ပြောသည်။ “ရပ်ကွက်ထဲက ဆေးခန်းတွေမှာလည်း ချွေးပြန်၊ ရေဓာတ်၊ ဆားဓာတ်ကုန်ခန်းပြီးတော့ အားပြတ်တဲ့သူတွေ အားဆေးလာသွင်းကြ တယ်။ ပုလင်းကြီးလာချိတ်ကြတယ်။ အပူချိန်အရမ်းမြင့်လာတာကို ကာ ကွယ်ဖို့ဆိုရင်တော့ ဦးထုပ်ဆောင်း၊ အရောင်ရင့်တာမ၀တ်နဲ့အရောင်ရင့် ရင့်အပူဆုတ်တယ်။ နေကာမျက်မှန်ကောင်းကောင်းတပ်ပြီးမှ အပြင်ကို သွားရမယ်။ လုံလုံခြုံခြုံ ၀တ်ဆင်ဖို့လည်းလိုပါတယ်”ဟု ၎င်းကဆိုသည်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများတွင်လည်း ခရမ်းလွန်ရောင် ခြည်ပါဝင်မှုနှုန်းများလျက်ရှိပြီး လွန်ကဲအဆင့်သို့ရောက်ရှိနေသည့်အတွက် သင်္ကြန်ရေကစားမည့်သူများအနေဖြင့် အရေပြားယားယံခြင်း၊ အရေပြား ကင်ဆာဖြစ်ပွားနိုင်သည့်ပြင် မျက်စိအတွင်းတိမ်ဖြစ်ပွားနိုင်ကြောင်း ဒေါက်တာအောင်ဆန်းဝင်းက သတိပေးပြောဆိုသည်။

  နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

၆ ပွင့်ဆိုင်ဆွေးနွေးပွဲ (ဓာတ်ပုံ)














သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော် ဥက္ကဋ္ဌဌ ၂ ဦး၊ လွှတ်တော် မှာ ရှိတဲ့ တိုင်းရင်းသား ပါတီ တွေ က ရွေးထားတဲ့ ကိုယ်စားလှယ် ဒေါက်တာ အေးမောင် တို့ သောကြာနေ့မှာ နေပြည်တော် မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

  ဒေါ်အောင်ဆန်းစုကြည် သမ္မတ အရွေးခံလို့ မရ ဖြစ်နေတဲ့ အခြေခံ ဥပဒေ ကိစ္စနဲ့ ရွေးကောက်ပွဲ ရေးတွေ အတွက် ဆွေးနွေးဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

  နောက်ထပ် လွှတ်တော် အစည်းအဝေး ကျင်းပချိန်မှာ ထပ် တွေ့ဆုံဖို့ သဘော တူညီချက် ရခဲ့ပြီး ဒီစစ်ဘက်နဲ့ နိုင်ငံရေး ခေါင်းဆောင် တွေ သမိုင်းဝင် ဆွေးနွေးပွဲ ပြီးဆုံးခဲ့တယ် လို့ လည်း သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ေ ရွေးကောက်ပွဲတွေ လွတ်လပ်မျှတစွာ ကျင်းပ နိုင်မှ ဒီတွေ့ဆုံပွဲတွေ အဓိပ္ပာယ် ပြည့်ဝမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကြီးကို ဒီနေ့  နေပြည်တော်က နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျင်းပနေပါမယ်။

သမ္မတဦးသိန်းစိန်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းရင်းသားကိုယ်စားလှယ် လွှတ်တော်အမတ် ဒေါက်တာအေးမောင်နဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့  တွေ့ဆုံဆွေးနွေးနေကြတာပါ။

နေပြည်တော်အစိုးရ အာဏာအလွှဲသုံးစားလုပ်နေဟု ကိုးကန့်အတွင်းရေးမှူးတုန့်ပြန်

Photo- ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးထွန်းမြတ်လင်း (ဓါတ်ပုံ-.7daydaily)

ဧပြီ ၁၀ ရက် ၂၀၁၅

ဦးဖုန်ကြားရှင်း ဦးဆောင်သည့် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ အတွက် ပြောရေးဆိုခွင့်တာဝန်ထမ်းရွက် နေသူ ဦးထွန်းမြတ်လင်း အား နေပြည်တော်အစိုးရမှ ဖမ်းဝရမ်းထုတ်ထားမှုနှင့်ပတ်သက်၍ ‘နေပြည် တော်အစိုးရကသာ အာဏာအလွှဲသုံးစားလုပ်နေသူ’ ဟု ဦးထွန်းမြတ် လင်းက တုန့်ပြန်လိုက် သည်။

MNDAA ကိုးကန့်ဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကို ထိန်းသိမ်းစောင့်ရှောက်သော တပ်မတော်၏ လုပ်ငန်းကိစ္စရပ်များ ပျက်ပြားစေရန် ရည် ရွယ်ပြီး မဟုတ်မမှန်သတင်းစကား များဖြန့်သည်ဟုဆိုကာ အထူးစစ်ခုံရုံးက အရေးပေါ်စီမံချက် အက်ဥပဒေ ၅ က၊ ၅ ခ ကျင့် ၅၁၂ ဖြင့် ဖမ်းဝရမ်းထုတ်ပြန်သည်ဟု သျှမ်းပြည်နယ်ရဲ တပ်ဖွဲ့ကပြောပါသည်။

၎င်းနှင့် ပတ်သက်၍ ဦးထွန်းမြတ်လင်းက “ဒီမိုကရေစီဆိုကတည်းက လွတ်လပ်စွာပြောဆိုခွင့် ဆိုတာ ရှိရမှာပေါ့။ နောက်ပြီး ကျနော်ပြော တဲ့ဟာအမှန်ကန်တွေဘဲ။ မဟုတ်မမှန်ပြောတာသူတို့ပါ၊ သူတို့ မီဒီယာပါ။ အဲဒါကျတော့ ဘာလို့တရား မစွဲတာလဲမသိဘူး၊ ဒါပေမယ့်မဆန်းပါ ဘူး၊ တော်လှန်ရေး ကာ လ မှာတော့ ဒီလိုပါဘဲ။ သူတို့က အာဏာကိုင် ထားတယ်ဆိုတော့ အာဏာအလွှဲသုံးစား လုပ်နေ တာက ခဏခဏပါဘဲ” ဟု သျှမ်းသံတော်ဆင့်အား ပြောဆိုသည်။

ကိုးကန့်ဒေသတွင် စစ်အုပ်ချုပ်ရေးကြေငြာပြီးသည့်နောက်ပိုင်း ဖမ်းဆီးအရေး ယူမှုများလည်း ဆက်တိုက်ရှိလာနေကြောင်း ကွန်လုံရောက်လောက် ကိုင်ဒေ သ ခံ အားဖန်ကပြောသည်။

ယနေ့တိုင် ကိုးကန့်ဒေသတွင် အစိုးရတပ်မတော်နှင့်ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲများဆက်လက် ဖြစ်ပွါးနေသေးကြောင်း၊ အစိုးရတပ်မတော်ဘက်မှ အကျအဆုံးများပြားကြောင်း ဦးထွန်းမြတ်လင်း ကဆက်လက်ပြောပြသည်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်လက်မခံသည့် ဖုန်ကြားရှင်း ဦးဆောင်သော ကိုးကန့်တပ် ဖွဲ့အား ၂၀၀၉ ခုနှစ်က မြန်မာစစ်အစိုးရက အင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းဒေသအား အစိုးရ လက်အောက်ခံ ပိုင်ဆုံချိန်အား လွှဲအပ်ပေးခဲ့သည်။ဖုန်ကြားရှင်းကိုယ်တိုင်လည်း မွေးရပ်မြေမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ၆ နှစ်တာကာလအတွင်း အင်အားပြန်လည် စုစည်း ကာ အစိုးရ၏ တပ်မတော်ကို ယခုကဲ့သို့ ပြန်လည်တိုက်ခိုက်လာခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့်

ကိုးကန့် တိုက်ပွဲ ပြင်းထန်



ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်တို့ကြား လောက်ကိုင်ဒေသ မှာ မနေ့ကစပြီး တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာခဲ့ပြီး မနေ့ကနဲ့ ဒီကနေ့ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ မြန်မာ့ တပ်မတော်နဲ့ ကိုးကန့်တို့ကြား ဖေဖေါ်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံး လို့ ကိုးကန့်တပ်ဖွဲ့ ကပြောပါတယ်။ တိုက်ပွဲအခြေနေနဲ့ ပါတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာသူက အခုလို စတင်ပြောဆိုပါတယ်။

"မနေ့တုန်းက မနက်ငါးနာရီက စဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အခုအချိန်အထိပါပဲ။ ဒီဖေဖော်ဝါရီ ကိုးရက်နေ့ကနေ စတဲ့ တိုက်ပွဲမှာ မနေ့တုန်းကနဲ့ ဒီနေ့ကတော့ အပြင်းထန်ဆုံးလို့ ပြောလို့ရပါတယ်။ ဒီမြေပြင်က ကြည်းတပ်လည်း လူတော်တော် တိုးပြီးတော့ သုံးထားတာ တွေ့ရပါတယ်။ ထိုးစစ်ဆင်တာ စစ်ကြောင်း ငါးကြောင်းနဲ့ပါ။ မနေ့တုန်းက တစ်ကြောင်းကို လူအင်အား သုံးရာကျော်လောက် နဲ့ ထိုးပါတယ်။ အဲ့ဒီ့တော့ ပေါင်းလိုက်ရင် တစ်ထောင့် ရှစ်ရာနဲ့ နှစ်ထောင် ကြားလောက်ပေါ့နော့်။ လူအင်အား ကို သုံးတာ။ လက်နက်ကြီး ပစ်ပြီးတော့ လူတပ်နဲ့ အဲ့ဒီ့မြေပြင်ကြည်းတပ်နဲ့ ပြန်ထိုးပေါ့။

ထူးခြားတာ တခုက တင့်ကားနဲ့ သံချပ်ကာ ကားနဲ့ ပစ်ကူပေးတယ်။ မနေ့တုန်းကနဲ့ ဒီနေ့နဲ့ ။ ကိုးနာရီအထိကတော့ အဲ့ဒီ့လို အရမ်းပြင်းထန်ပါတယ်။ ကိုးနာရီ နောက်ပိုင်း ကျတော့ နည်းနည်းလေး လျော့ သွားပါတယ်။ လျော့သွား တယ် ဆိုတာ လက်နက်ကြီး ကတော့ အဲ့ဒီ့အတိုင်းပါပဲ။ ဒီကြည်းတပ်ထိုးတာကတော့ နည်းနည်းလေး လျော့သွားတယ်ပေါ့။ ဒီမနက် ၁၁နာရီလောက်အထိ ၁၁နာရီလည်း ပြီးရော၊ ၁၁၊ ၁၂ လောက်ကျတော့ မနေ့တုန်းကလို အရှိန်ပြန်ဖြစ်သွားပါတယ်ခင်ဗျ။ အခုအချိန်အထိပါပဲခင်ဗျ။ "

ဒေါ်ခင်မျိုးသက်။    ။ ဟုတ်ကဲ့။ ဒီထဲမှာပေါ့နော်။ လောက်ကိုင်နဲ့ ချင်းရွှေဟော် ကားလမ်းထဲက တောင်ကုန်းပေါ့နော်။ ကိုးကန့်ဘက်က အခိုင်အမာ ခြေကုပ် ယူထားတဲ့ တောင်ကုန်းကို သိမ်းယူမိတယ်လို့။ အဲ့တာ ဟုတ်ပါသလားဆရာ။

"အော် ဟုတ်ပါတယ်။ အခုဒီနေရာဖြစ်တာက ရက် ၂၀ ကျော်နေပါပြီ။ ဒီနေရာမှာ တိုက်ပွဲဖြစ်နေတာ။ ကျနော် စခန်းဆုံးရှုံးသွားတာကတော့ မရှိခဲ့ပါဘူး။ ဟိုးအရင်တုန်း က ခုတ်ထန် ပတ်ဝန်းကျင်ပေါ့။ အခုဖြစ်တာလည်း အဲ့ဒီ့နေရာပါပဲ။ ဒါပေမဲ့ အဲ့ဒီ့နေရာမှာ ကျနော်တို့ စခန်းကုန်း သေးသေးလေး တခုရှိတယ်။ အဲ့ဒီ့မှာ ကျနော်တို့က Strategy အရ ဆုတ်ထားတာရှိတယ်။ အဲ့ဒီ့မှာ စစ်မဖြစ်ခင် ကတည်းက ကျနော်တို့ ဆုတ်ထားပါတယ်။ အဲ့ဒီ့တော့ စစ်တိုက်ပြီးတော့ စခန်းဆုံးရှုံးသွားတာတို့တော့ မရှိခဲ့ပါဘူးခင်ဗျ။"

ဒေါ်ခင်မျိုးသက်။    ။ အော် ဒါဆိုရင် ကိုးကန့်ဘက်က လူမရှိတဲ့စခန်း သူတို့သိမ်းလိုက်တာပေါ့။

" အော် ဟုတ်ကဲ့ပါ။"

ဒေါ်ခင်မျိုးသက်။   ။ တအာင်းနဲ့တိုက်တာလား။ ကိုးကန့်နဲ့တိုက်တာလား ။ ဘယ်သူနဲ့ အဓိက တိုက်တာပါလဲရှင့်။

" မနေ့တုန်းကနဲ့ ဒီနေ့ ကတော့ အဓိက ကတော့ ဒီကိုးကန့်နဲ့ပါပဲ။ "

ဒေါ်ခင်မျိုးသက်။   ။ ဟုတ်ကဲ့။ တပ်မတော်ဘက်က ဒီအရာရှိ စစ်သည်ပေါ့နော်။ အားလုံး ဆယ်ဦး လောက် ကျဆုံးတယ်လို့ ပြောပါတယ်။ ဒီကိုးကန့်ဘက်က ကျဆုံးတဲ့သူ နဲ့ ဒဏ်ရာရတဲ့သူ အခြေအနေ များ ပြောပြလို့ရမလား။

"မနေ့တုန်းက ကျနော်ရတဲ့သတင်းအရတော့ ကျနော်တို့ဘက်က ဒဏ်ရာရတာက ဆယ်ယောက်ကျော် အယောက်နှစ်ဆယ်နီးပါးလောက်ဖြစ်မယ်။ အနည်းအကျဉ်း ဒဏ်ရာရတာ။ ကျတာကတော့ နှစ်ယောက် သို့မဟုတ် သုံးယောက် ဖြစ်မယ်။ ကျနော် တိတိကျကျတော့ မရသေးပါဘူးဗျ။ သိပ်တော့ မလွဲပါဘူး ကျနောပြောတဲ့ နှုံးနဲ့က ။ တဖက်ကတော့ ကျနော်ထင်တယ်။ မနေ့တုန်းက သူတို့ပြောတဲ့ ပုံစံအရဆိုရင်တော့ အနည်းဆုံး သေတာနဲ့ ဒဏ်ရာရတာနဲ့ဆိုရင် သုံးရာအထက်မှာ ရှိပါတယ်။"

မြန်မာ့တပ်မတော်က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှ လောက်ကိုင်နဲ့ ချင်းရွှေဟော် ကားလမ်းမှာ ကိုးကန့်တွေဘက်က အခိုင်အမာခြေကုပ် ယူထားတဲ့ တောင်ကုန်းနဲ့ ခြေကုပ်စခန်း ၂၀ ကျော်ကို သိမ်းယူနိုင်ခဲ့ကြောင်းနဲ့ မနေ့က စတင်တဲ့ တိုက်ပွဲအတွင်း တပ်မတော်မှ ကျဆုံးသူ အရာရှိ၊ စစ်သည် ၁၀ ဦးရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ခင်မျိုးသက် / ဗွီအိုအေ (မြန်မာပိုင်း)

အာဖဂန်နစ္စတန် ရှေ့နေချုပ်ရုံးကို သေနတ်သမားများ ၀င်စီး၊ ၁၀ ဦး သေဆုံး



 အာဖဂန်နစ္စတန်နိုင်ငံ ဘားလ်ခ်ခရိုင်မြောက်ပိုင်းက ခရိုင်ရှေ့နေချုပ်ရုံးကို ဧပြီ ၉ ရက်နေ့က သေနတ်သမားတွေ စီးနင်း တိုက်ခိုက်ခဲ့လို့ လူ ၁၀ ဦး သေဆုံးပြီး တခြားလူ ၆၃ ယောက် ဒဏ်ရာရတယ်လို့ တရားဝင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အသေခံဝတ်စုံတွေ ဝတ်ထားပြီး လက်နက်ကိုင်ထားတဲ့ အကြမ်းဖက်သမား ၅ ဦး၊ ၆ ဦးက ရုံးတွင်း မဝင်လာခင် ရဲအစောင့်ကို သတ်ပြီးမှ ရုံးထဲကို ရိုင်ဖယ် သေနတ်တွေနဲ့ စီးနင်း တိုက်ခိုက်ခဲ့တာပါ။ သေနတ်သံတွေကို ညနေထိ ကြားရဆဲလို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ရဲနဲ့ တရားရုံးဝန်ထမ်းတွေလည်း အသတ်ခံခဲ့ရတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေကိုတော့ ဆေးရုံ တင်ပို့ထားရပါတယ်။ တချို့လူနာတွေကတော့ အသည်းအသန် အခြေအနေမှာ ရှိနေပါတယ်။ တခြား အရာရှိအများအပြားနဲ့ ဧည့်သည်တွေကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ရပါတယ်။
တာလီဘန်တွေက ဒီတိုက်ခိုက်မှုကို လုပ်ကြောင်း အခိုင်အမာ ပြောခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံတွင်း နေတိုးခေါင်းဆောင်တဲ့ တပ်တွေဆီကနေ အာဖဂန်လုံခြုံရေးတပ်က လုံခြုံရေးတာဝန်ကို အပြည့်အဝ လွှဲယူထားခဲ့အပြီး ခုလို တိုက်ခိုက် ခံရတာပါ။

လတ်တလောမှာ တာလီဘန်စစ်သွေးကြွတွေက နိုင်ငံတလွှား တိုက်ခိုက်မှုတွေ တိုးလာပြီး တိုက်ခိုက်ရေးရာသီလို့ သိကြတဲ့ အာဖဂန်နစ္စတန်ရဲ့ နွေဦးနဲ့ နွေရာသီလည်း ရောက်တော့မှာပါ။ .

ဧပြီ ၉ ရက်နေ့မှာတော့ လဂ်မန်ခရိုင် အရှေ့ပိုင်းက လေကြောင်းတိုက်ခိုက်မှု အတွင်း ခရိုင် အုပ်ချုပ်ရေးမှူး အပါအဝင် တာလီဘန် စစ်သွေးကြွ ၁၀ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ တာလီဘန် ဦးဆောင်တဲ့ တိုက်ခိုက်မှုနဲ့ ပဋိပက္ခတွေကြောင့် အရပ်သား အယောက် ၃၇၀၀ နီးပါး သေဆုံးပြီး အယောက် ၆၈၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

By ဒီဗွီဘီ

ဖမ်းဆီးခံကျောင်းသားတွေ ကြေညာချက်ထုတ်


 သပိတ်မှောက်ကျောင်းသူ ဗကသအတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ မအိသဉ္ဇာမောင် တို့ကို ဧပြီလ ၇ ရက်နေ့က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်။ Photo: Kyaw Zaw Win/RFA
ဖမ်းဆီးခံကျောင်းသားတွေ လက်ရှိရင်ဆိုင်နေရတဲ့ တရားစီရင်ရေးဟာ လွတ်လပ်၊ မျှတမှုမရှိတဲ့အပြင်၊ အစိုးရက ရည်ရွယ်ချက်ရှိရှိ အမှုကြီးအောင်ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ပညာရေးဥပဒေကို လွှတ်တော်က ဘယ်လိုဆက်ပြီးရေးဆွဲနေတယ်ဆိုတာ စောင့်ကြည့်နေတဲ့အကြောင်း သာယာဝတီထောင်က ကျောင်းသားတွေရဲ့ သဘောထားကြေညာချက်တစ်စောင် မနေ့က ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီစာကို ဖမ်းဆီးခံကျောင်းသားများကိုယ်စားဆိုပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်နဲ့ ကိုနန္ဒာစစ်အောင်ရဲ့ နာမည်တွေနဲ့ ရေးထားပါတယ်။

ဒါကြောင့် အဲဒီ့စာနဲ့ ပတ်သက်လို့ စုံစမ်းကြည့်တဲ့အခါ သူတို့သူငယ်ချင်းတွေက တရားရုံးထွက်ရချိန်မှာ ရှေ့နေတွေကတဆင့် ပြောလိုက်တာလို့ သိရတဲ့အကြောင်း၊ ဗကသများအဖွဲ့ချုပ် မြောင်းမြခရိုင်ဥက္ကဌ ကိုမြတ်သူက RFA ကိုပြောပါတယ်။

"ကျနော်တို့ သူငယ်ချင်းတွေပြောတဲ့ဟာကို သူတို့အမှုလိုက်ပေးတဲ့ ရှေ့နေတွေက မှတ်တမ်းပြုပြီးတော့ ထုတ်ပြန်ပေးထားတာပါ၊ ဒီစာရဲ့အနှစ်သာရကတော့ ခုလက်ရှိကျနော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မတရားမှုတွေပေါ့နော်၊ ကတိကဝတ်ချိုးဖောက်ပြီး အကြမ်းဖက်မဖမ်းဆီးပါဘူးဆိုပြီး ဖမ်းဆီးခဲ့တာတွေ၊ နောက်အမြို့မြို့အနယ်နယ်တွေမှာ မတရားဖမ်းဆီးထိန်းသိမ်းနေတာတွေ၊ ပြီးတော့ လွတ်လပ်တဲ့တရားစီရင်ခွင့်မရတာတွေ တရားခွင်မှာ ပြည်သူတွေလာရောက်နားထောင်ခွင့်မရတာတွေ နောက်တစ်ချက်က လွှတ်တော်ရဲ့အနေအထားကိုလည်း ထောင်ထဲကရဲဘော်တွေက ဆက်လက်စောင့်ကြည့်နေတဲ့အကြောင်းတွေပါ"

သပိတ်စခဲ့တဲ့ မန္တလေးမြို့ကနေ လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲခံရပြီး ဖမ်းဆီးခံရတဲ့အထိ ကျောင်းသားတွေဘက်က ဆဲဆို၊ ရန်မူ၊ ရိုက်နှက်တာတွေ မလုပ်ခဲ့တဲ့အကြောင်း၊ အခုစွပ်စွဲခံနေရတဲ့ ပြစ်မှုပုဒ်မတွေကိုလဲ မကျူးလွန်ခဲ့တဲ့အကြောင်း၊ အခုလို သူတို့ကိုဖမ်းထားတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေတဲ့အကြောင်းနဲ့ ပညာရေးဥပဒေပြင်ဆင်မှုနဲ့ ပတ်သက်လို့လည်း NNER ပညာရေးကွန်ရက်ရဲ့ မူအတိုင်းဆက်ပြီးလက်ခံနေမှာဖြစ်သလို လွှတ်တော်ကဆောင်ရွက်ချက်ကိုလည်း စောင့်ကြည့်နေမှာဖြစ်တဲ့ အကြောင်းရေးသားထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း NLD အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ သွေးမကွဲပဲတစ်စုတစ်စည်း ရှိနေမှာဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

RFA Burmese

ပြင်သစ် ရုပ်သံဌာနကို IS အဖွဲ့က ဆိုက်ဘာ တိုက်ခိုက်



ပုံမှန် ပြန်လည် ထုတ်လွှင့်နိုင်ဖို့ ရုန်းကန် နေရဟု ဆို။ 
ပြင်သစ် နိုင်ငံက နိုင်ငံတကာ ရုပ်သံလွှင့် ဌာနကြီး ဖြစ်တဲ့ TV5Monde ကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ကလို့ ဆိုတဲ့ ဟက်ကာတွေက ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ အတွက် သူတို့ရဲ့ ရုပ်သံလွှင့် လိုင်းတွေ အားလုံး ပုံမှန် ပြန်လည် ထုတ်လွှင့်နိုင်ဖို့ ရုန်းကန် ကြိုးစား နေရပါတယ်။

သူတို့ရဲ့ ရုပ်သံလွှင့် ဌာန၊ ဝက်ဘ်ဆိုက်နဲ့ လူမှု ကွန်ရက် အကောင့်တွေပါ တိုက်ခိုက် ခံခဲ့ရတယ်လို့ TV5Monde က ပြောပါတယ်။

တိုက်ခိုက်မှု စတင်ပြီး ၂ နာရီ ကြာမှ သူတို့ရဲ့ အွန်လိုင်း ထုတ်လွှင့်မှု အများစုကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပါတယ်။

အခု တိုက်ခိုက်မှုဟာ ပမာဏ ကြီးမားပြီး အရင်က မကြုံဖူးတဲ့ အတိုင်းအတာ ဖြစ်တယ်လို့ TV5Monde ရဲ့ ဒီဂျစ်တယ် ညွှန်မှူး Helene Zemmour က ပြောပါတယ်။

သူတို့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ တိုက်ခိုက် ခံရပြီးနောက် တင်ထားတဲ့ ပို့စ် တစ်ခုမှာတော့ 'CyberCaliphate အဖွဲ့ အနေနဲ့ အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ရဲ့ ရန်သူတွေ အပေါ် ဆိုက်ဘာ ဂျီဟတ် ဆက်လက် ဆင်နွှဲသွားမယ်' လို့ ရေးထားပါတယ်။

TV5Monde ရဲ့ လူမှု ကွန်ရက် ပရိုဖိုင်း ဓာတ်ပုံတွေကိုလည်း မျက်နှာဖုံးစွပ် အစ္စလာမ္မစ် စစ်သွေးကြွ ပုံတွေနဲ့ အစားထိုးတာ ခံခဲ့ရပါတယ်။

ပြင်သစ် နိုင်ငံဟာ အီရတ်နဲ့ ဆီးရီးယားမှာ ရှိတဲ့ IS အဖွဲ့ အပေါ် လေကြောင်း စစ်ဆင်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့မှာ တစ်နိုင်ငံ အပါအဝင် ဖြစ်ပါတယ်။

BBC Burmese

Thursday, April 9, 2015

ထားဝယ် သင်္ကြန်အတွက် သွေးအိတ် ၆၀ ခန့် လှူဒါန်း



အဆင်ပြေလျှင်ကြော်ငြာကိုကလစ် ခဲ့ပါ


ထားဝယ်၊ ဧပြီ ၉
ထားဝယ်မြို့တွင် သကြန်ကာလ အရေးပေါ် သွေးလိုအပ်ချက်များကို
ဖြေရှင်းနိုင်ရန်အတွက် သွေးအလှူရှင်အသင်းများနှင့် တစ်ဦးချင်း
သွေးအလှူရှင် အသင်းများ စုပေါင်းကာ သွေးအိတ် ၆၀ ခန့်ကို ဧပြီလ ၉ ရက်နေ့က
ထားဝယ် အထွေထွေ ရောဂါကု ဆေးရုံကြီးထံသို့ လှူဒါန်းခဲ့ကြောင်း ဦးဆောင်
စီစဉ်သူများထံမှ သိရသည်။
စုပေါင်း သွေးလှူပွဲသို့ သွေးအလှူရှင် စုစုပေါင်း တစ်ရာ ၀န်းကျင်ခန့်
လာရောက် လှူဒါန်းခဲ့ကြသော်လည်း သွေးပေါင် အတက်အကျကြောင့်
မလှူလိုက်ရသူများလည်းရှိပြီး သွေးအလှူရှင် ၅၈ ဦး
လှူဒါန်းနိုင်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

“သင်္ကြန်ဆိုရင် အမြဲတမ်း တွေ့နေရတာပဲ။ ဟိုနားမှာ ဆိုက်ကယ်တိုက်နေပြန်ပြီ။
ဟိုနားမှာ မှောက်နေပြန်ပြီ။ ဒီလို မတော်တဆ မှုတွေနဲ့ သင်္ကြန်မှာ
သွေးပိုလိုမယ်ထင်လို့ ကြိုပြီး လှူဖို့ စီစဉ်ဖြစ်တာပါ” ဟု
ဦးဆောင်စီစဉ်သည့် ထားဝယ် တိုင်းရင်းသားများ ပါတီဥက္ကဌ ဦးအေးမင်းက
ပြောသည်။
 
သင်္ကြန်ကာလအတွင်း ပျော်ပါးနေသူများနှင့်
တရားစခန်းရိပ်သာဝင်နေသူများရှိသဖြင့် အရေးပေါ်သွေးလိုအပ်လာပါက
သွေးအလှူရှင်ရှာဖွေရန် အခက်အခဲရှိနိုင်သည်ဟု ၎င်းက ဆိုသည်။
“ဒီမှာ စုပေါင်းသွေးလှူမယ်ဆိုတာ သတင်းထဲမှာ တွေ့လို့ လာလှူဖြစ်တာပါ” ဟု
စုပေါင်းသွေးလှူပွဲတါင် သွေးလှူဒါန်းသူ အမျိုးသားတစ်ဦးက ပြောသည်။
သင်္ကြန်ကာလတွင် သွေးလိုအပ်မှုကို ဖြေရှင်းနိုင်ရန်အတွက် နှစ်စဉ်
သွေးလာရောက် လှူဒါန်းသူများရှိကြောင်း ထားဝယ် အထွေထွေ
ရောဂါကုဆေးရုံကြီးထံမှ သိရသည်။




 သွေးလှုဒါန်းပွဲမြင်ကွင်း  ဓာတ်ပုံ - ရဲထွဋ် / Dawei Watch

Dawei Watch

ဗကသကျောင်းသူကို နေအိမ်မှ ဖမ်းဆီး အင်းစိန်ထောင်ပို့ဆောင်

 11027435_967273223306096_3269920845786681616_n11041767_967273276639424_4646599821605111136_n11027487_967273249972760_5386922470104871183_n11141236_967273306639421_6233722375479386121_n

ငြိမ်းချမ်းစွာ ဆန္ဒပြသဖြင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသူ မရတနာစုပိုခိုင် ခေါ် မပိုပိုကို ကမာရွတ်ရဲ စခန်းက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပါတယ်။

အသက် ၁၉ အရွယ် တတိယနှစ်တက္ကသိုလ်ကျောင်းသူ မပိုပိုကို  ဧပြီလ ၈ ရက်နေ့ညနေ ၄ နာရီလောက်မှာ ကမာရွတ်ရဲစခန်း တာဝန်ရှိသူတွေက သူမနေအိမ်ကနေ ခေါ်သွားခဲ့ပြီး စခန်းမှာ ချုပ်နှောင်ထားတာလို့ မပိုပိုရဲ့ အစ်မ မအိပုံက ဒီဗွီဘီကို ပြောပါတယ်။

မပိုပိုဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ လှည်းတန်းကျောင်းသားဆန္ဒပြမှုမှာ ပါဝင်ခဲ့တာကြောင့်  ဆန့်ကျင်တဲ့အစုအဝေး၊ရုံးရင်းးဆန်ခတ်မှုမှာပါဝင်ကျူးလွန်ခြင်းပုဒ်မ တွေအပြင်
 နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) တို့နဲ့ အမှုဖွင့်ခံထားရသူပါ။

ဧပြီလ ၉ရက်နေ့မှာ မပိုပိုကို ကမာရွတ်ရဲစခန်းကနေ ကမာရွတ်တရားရုံးမှာ  အချုပ်သားတရားခံအဖြစ် ရုံးထုတ် ရက်ချိန်းယူပြီး အင်းစိန် အကျဉ်းထောင်ကိုပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

ဧပြီလ၁၀ရက်နေ့မှာ မပိုပိုနဲ့အတူ အမှုတွဲကျောင်းသား ကိုဝင်းကျော်မှူးတို့ နှစ်ဦးကို  အင်းစိန်အကျဉ်းထောင်ကနေ ကမာရွတ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ရှိပါတယ်။
DVB
ဓာတ်ပုံ – ကောင်းထက်ကျော်