Pages

Saturday, October 3, 2015

ထိုင်းဘုရင့်သမီးတော် သီရိဒုံ ထားဝယ်စီမံကိန်းသို့ သွားရောက်





ထိုင်းဘုရင့် သမီးတော် ထားဝယ်မြို့၊ ရွှေတောင်စားစေတီ ၊လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းရောက်ရှိစဉ်
ဓာတ်ပုံ - အောင်သူ / Dawei Watch

|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၃
ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ထားဝယ်မြို့သို့ အောက်တိုဘာလ ၃ ရက်က လေကြောင်းခရီးဖြင့် ဆိုက်ရောက်ရောက်ချင်း ထားဝယ်စီမံကိန်းဧရိယာသို့ သွားရောက်ခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့များနှင့် ယင်းခရီးစဉ်တွင် လိုက်ပါသွားသည့် သတင်းမီဒီယာများထံမှ သိရသည်။
ယင်းနေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ထားဝယ်လေဆိပ်သို့ လေယာဉ်ဆိုက်ရောက်ပြီးနောက် ထားဝယ်စီမံကိန်းဖက်သို့ ချက်ခြင်း သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ထားဝယ်စီမံကိန်း ရှင်းလင်းဆောင်တွင် အီတာလျံထိုင်း ကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသို့ သီရိဒုံလာရောက်သည့် ယခင် ခရီးစဉ်များသည် လူမှုရေးနှင့်ယဉ်ကျေးမှုစသည်တို့နှင့် ပတ်သက်သည့်  ခရီးစဉ် များဖြစ်ပြီး ယခု ၅ ကြိမ်မြောက် ခရီးစဉ်တွင် စီးပွားရေး စီမံကိန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ထားဝယ်စီမံကိန်းဧရိယာအတွင်းရှိ  ထားဝယ်-ကန်ချနပူရီလမ်းအစ ဖြစ်သည့် ၀ ကီလိုမီတာ သို့ သွားရောက် ကြည့်ရှုခဲ့ပြီးနောက် ဆိပ်ကမ်းငယ် တည်ဆောက်ထားသည့် နေရာနှင့် မြို့ပြစီမံကိန်း တည်ဆောက်ထားသည့် ၁၆ ကီလိုမီတာ နေရာများသို့ သွားရောက် ကြည့်ရှုခဲ့သည်ဟု သိရသည်။
သို့သော် စီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းမှုကို မှတ်သားခြင်းမှအပ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောခြင်း မရှိဟု ယင်းခရီးစဉ် လိုက်ပါသွားသူများနှင့် ခရီးစဉ် မှတ်တမ်း ဗီဒီယိုအရ သိရသည်။
ယင်းနောက် မွန်းလွှဲပိုင်းတွင် ထားဝယ်ဘုရားကြီးဝင်းအတွင်းရှိ လောကမာဇိန်ဘုရားနှင့် ရွှေတောင်စားစေတီတော်တို့အား ဖူးမျှော်ပြီး ဘုရားကြီး ပိဋကတ်တိုက်နှင့် ဘုရားကြီး ပြတိုက်တို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။
သီရိဒုံသည် ညနေ ၃နာရီ ၃၂ မိနစ်တွင် ထားဝယ်မှရန်ကုန်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ သွားခဲ့ပြီး အောက်တို ဘာလ ၄ရက်နေ့တွင် ရန်ကုန်မှ မြိတ်မြို့သို့ လေကြောင်းခရီးဖြင့် လာရောက်မည်ဟု လုံခြုံရေး တပ်ဖွဲ့ထံမှ သိရသည်။

Dawei Watch

Friday, October 2, 2015

မဲစာရင်းကြေညာဘုတ်များအတွက် ထားဝယ်မြို့နယ် ရွေး/ကော်က ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ငွေကောက်ခံ


ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်တွင် မဲစာရင်း ကြည့်နေသူများကို တွေ့ရစဉ်
ဓာတ်ပုံ - ရဲထွဋ် / Dawei Watch


|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၁
မဲဆန္ဒရှင်စာရင်း ကြေညာဘုတ်များအတွက် ထားဝယ်မြို့နယ် ရွေး/ကော်က
ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ
မှ ငွေကြေး ကောက်ခံခဲ့ကြောင်း
မြို့နယ်ရွေး/ကော်နှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ထံမှ
သိရသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ အစည်းအဝေးတွင်
မဲစာရင်းကြေညာဘုတ်ပြုလုပ်ခဲ့သည့် သုံးထပ်သား တစ်ချပ်လျှင် ငါးထောင်ကျပ်
နှုန်းပေးသွင်းရမည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ပြောကြား
ခဲ့ကြောင်း မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။
အဆိုပါ သုံးထပ်သားတစ်ချပ်လျှင် ငါးထောင်ကျပ်နှုန်းဖြင့်
ပေးသွင်းရမည့်ငွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အစိုးရက
ခွင့်ပြုပေးထားသည့် အထွေထွေ အသုံးစရိတ် ငါးသောင်းကျပ်ထဲမှ
ပေးသွင်းရမည်ဖြစ်သောကြောင့် ရပ်ကျေး ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
လုံးဝအဆင်မပြေနိုင်ကြောင်း အမည်မဖော်လိုသူ
မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“ပွင့်ပွင့်လင်းလင်း ဖြစ်စေချင်ပါတယ်။ ကော်မရှင်က ချပေးထားတာ
မလုံလောက်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဖြည့်စွက်ပြီး မျှခံပေးဖို့
စာနဲ့ တရားဝင်ညွှန်ကြားမယ်ဆိုရင် မျှခံပေးဖို့ အဆင်သင့်ပဲ” ဟု အထက်ပါ
အုပ်ချုပ်ရေးမှူးက ဆိုသည်။
လက်ရှိအနေအထားမှာမူ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများထံသို့ စက်တင်ဘာလ ၃၀
ရက်နေ့ရက်စွဲဖြင့် ကြေညာဘုတ်တစ်ခုလျှင် တစ်သောင်းကျပ် နှုန်းပေးသွင်းရန်
ဖော်ပြထားသည့် ကြေညာဘုတ်ပြောင်း/လက်ခံ မှတ်တမ်း(ဖြတ်ပိုင်း)တစ်ခုနှင့်
ကြေညာဘုတ် တစ်ခုလျှင် နှစ်သောင်းကျပ် ပေးသွင်းရမည့်
မှတ်တမ်း(ဖြတ်ပိုင်း)တစ်ခု စုစုပေါင်း ဖြတ်ပိုင်းနှစ်ခုပေးပို့ထားပြီး
အကြောင်းအရာ တစ်ခုတည်းအပေါ် ဖြတ်ပိုင်း နှစ်ခုပေးပို့ထားခြင်းအပေါ်
ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ထားဝယ်မြို့ပေါ် ရပ်ကွက်
အုပ်ချုပ်ရေးမှူး တချို့က ဆိုသည်။
ယင်းဖြတ်ပိုင်းနှစ်ခုတွင် ကြေညာဘုတ်တစ်ခုလျှင်
တစ်သောင်းကျပ်နှုန်းပေးသွင်းရန် ဖော်ပြထားသည့် ဖြတ်ပိုင်းကိုသာ စာရင်း
စစ်ဆေးခံရန် လိုအပ်ပြီး ကြေညာဘုတ်တစ်ခုလျှင်
နှစ်သောင်းကျပ်နှုန်းပေးသွင်းရန် ဖော်ပြထားသည့် ဖြတ်ပိုင်းကိုမူ စာရင်း
စစ်ဆေးခံရန်မလိုဟု မြို့နယ်ရွေး/ကော်က ပြောကြောင်း
မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေး စာရေးတစ်ဦးက ဆိုသည်။
တစ်သောင်းကျပ်နှုန်းဖော်ပြထားသည့် ဖြတ်ပိုင်းမှာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ငွေစာရင်းစစ်ဆေးခံရန် ဖြစ်ပြီး
နှစ်သောင်းကျပ်နှုန်းဖော်ပြထားသည့် ဖြတ်ပိုင်းမှာ အမှန်တကယ်ကုန်ကျသည့်
ပမာဏကို ကာမိစေရန် ထွေ/အုပ်နှင့် မြို့နယ် ရွေး/ကော်တို့ ညှိနှိုင်းပြီး
ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ
ဒုဦးစီးမှူး ဒေါ်ဝါ၀ါချိုက ဆိုသည်။
“ကြေညာဘုတ်တစ်ချပ်ကို ခြေထောက်ရော၊ ဘောင်ပါ ၂၂၅၀၀ ကျပ် ကျသင့်တာပါ။
တိုင်းကော်မရှင်က တစ်သောင်းကျပ်ပဲ ချပေးတော့ ရပ်ကျေးတွေကို
ငါးထောင်ကျပ်စီ ကျခံစေပြီး လိုတာကို အိတ်စိုက်ပြီးလုပ်ပေးထားတာ” ဟု
မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။
တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မဲစာရင်းကပ်မည့်
သုံးထပ်သားများအတွက် တစ်ချပ်လျှင် တစ်သောင်း ကျပ်နှုန်းဖြင့် လူဦးရေ
အနည်းအများပေါ် အခြေခံကာ ရပ်/ကျေး အုပ်စုတစ်စုလျှင် ပျမ်းမျှ ၃
ချပ်နှုန်းဖြင့် ရပ်/ကျေးအုပ်စု ၄၃ အုပ်စု ကို ခွင့်ပြုပေးခဲ့ကြောင်း
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုစီက တစ်လလျှင်ရရှိသည့်
အထွေထွေအသုံးစရိတ် ငါးသောင်းကျပ်ထဲမှာ အနည်းဆုံး အထပ်သား ၂ချပ် ကပ်သည့်
ရပ်/ကျေးက ငွေကျပ် တစ်သောင်းနှင့် အများဆုံး အထပ်သား ၄ ချပ်ကပ်သည့်
ရပ်/ကျေးက ငွေကျပ်နှစ်သောင်း ပေးဆောင်ရမည်ဖြစ်သည်။

Tuesday, September 29, 2015

ထားဝယ်သည် ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား လူမျိုးလားဟု ထားဝယ် ပါတီ မေးခွန်းထုတ်

                             ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်း



ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်း ၏ ဟောပြောချက်အစီအစဉ်
MRTV 28-9-2015

Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၂၉

အခြားတိုင်းရင်းသားများနှင့် မတူဘဲ ခွဲခြားဆက်ဆံခံနေရသဖြင့် ထားဝယ်လူမျိုးများသည် မြန်မာနိုင်ငံအတွင်း နေထိုင်သော ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား လူမျိုးများလောဟု မေးခွန်းထုတ်ရမလို ဖြစ်နေကြောင်း ထားဝယ်တိုင်းရင်းသားများပါတီက ပြောဆိုလိုက်သည်။

နိုင်ငံပိုင် ရုပ်သံလိုင်းများမှ တဆင့် စက်တင်ဘာ ၂၈ ရက်နေ့ ညက ထုတ်လွှင့်ခဲ့သော ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြရာတွင် ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထားဝယ်တိုင်းရင်းသားများသည် မြန်မာတစ်နိုင်ငံလုံးအရေး အမြဲတစေစဉ်းစားကာ ကိုလိုနီခေတ် လွတ်လပ်ရေး တိုက်ပွဲဝင်ကတည်းက အာဏာရှင်စနစ်မှ လွတ်မြောက်ရေး အထိ တိုက်ပွဲဝင်လာခဲ့ကြောင်း၊ ထိုသို့ ကိုယ့်လူမျိုးအရေးကို အမြဲတစေ နောက်ချန်ကာ လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်တွင် ၎င်းတို့ဒေသမှ တိုင်းရင်းသားများမှာ နောက်ကျကျန်နေခဲ့ရပြီ ဖြစ်ကြောင်း ဦးအေးမင်းကဆိုသည်။

ထားဝယ်လူမျိုး အများစုမှာ မှတ်ပုံတင်တွင် ဗမာဟု မှတ်ပုံတင်ခံထားရခြင်း၊ အခြားတိုင်းနှင့် ပြည်နယ် အသီးသီးတွင် အိမ်သုံးလျှပ်စစ်မီး တစ်ယူနစ် ၃၅ ကျပ်သာ ကျသင့်သော်လည်း တနင်္သာရီတိုင်းတွင် တစ်ယူနစ် ကျပ် ၃၀၀ နှင့် အထက် ပေးဆောင်နေရခြင်းတို့ကို ၎င်းက ဥပမာပေး ပြောဆိုသွားခဲ့သည်။

နိုင်ငံတော် အစိုးရမှ ထုတ်ဝေသော စွယ်စုံကြမ်းအရ ၁၉၅၀ ကျော်တွင် ကောက်ယူသော သန်းခေါင်စာရင်းတွင် ထားဝယ်လူမျိုး တစ်သိန်းခွဲကျော်ရှိသည်ဆိုသော်လည်း ယခုအချိန်တွင် လူဦးရေ မည်မျှရှိသည်ကို အစိုးရက ထုတ်ပြန်ခြင်းမရှိပေ။

ယမန်နှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ထားဝယ်လူမျိုးများ စာရင်းကောက်ယူခဲ့သော်လည်း အစိုးရက ယနေ့အချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

ထိုသို့သော လူဦးရေ အတိအကျမရှိသည့် အကျိုးဆက်ကြောင့် နိုင်ငံရေးအရ များစွာ နစ်နာရကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။

“နိုင်ငံရေးအရ အနိမ့်ဆုံး အဆင့်ဖြစ်တဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီး တစ်နေရာ နစ်နာနေရခြင်းပါပဲ”ဟု ၎င်းက မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ မြိတ်၊ ဆလုံ၊ ဗမာ၊ ကရင်၊ မွန် တိုင်းရင်းသားတို့ နေထိုင်သော်လည်း ကရင် တိုင်းရင်းသား ၀န်ကြီး တစ်နေရာသာ တိုင်းဒေသကြီး အစိုးရ အဖွဲ့တွင် ကိုယ်စားပြုခွင့်ရထားသည်။

ထားဝယ်တိုင်းရင်းသားများပါတီကို ထားဝယ်လူမျိုးသမိုင်းတွင် ပထမဆုံးအဖြစ် ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ပြန်ထားသည်။

Monday, September 28, 2015

ထိုင်းဘုရင့်သမီးတော် သီရိဒုံ ထားဝယ်၊ မြိတ် လာမည်


Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၂၈

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ ထားဝယ်နှင့် မြိတ်မြို့များသို့ အောက်တိုဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် လာရောက်မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြိတ်မြို့နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းထံမှ သိရသည်။

အောက်တိုဘာလ ၃ ရက်နေ့တွင် ထားဝယ်သို့ လာရောက်မည်ဖြစ်ပြီး ၄ ရက်နေ့တွင် မြိတ်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

သီရိဒုံက ထားဝယ်မြို့သို့ လာရောက်ချိန်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းသို့  သွားရောက်မည်ဖြစ်ပြီး ထားဝယ်မြို့တွင် ထိုင်းနိုင်ငံသားများ တည်ထားသော ဆင်ဆိပ်ရပ်ကွက်ရှိ ဩရဂဠုံဘုရားနှင့် ခုံဝင်းဒပ်ရပ်ကွက်ရှိ ဘုရားရှစ်မြောက်စေတီအား ဖူးမျှော်မည်ဖြစ် ကြောင်း ယင်းခရီးစဉ်နှင့် ပက်သက်၍ ထိုင်းအသံမတ် ပြောဆိုချက်ကို ကိုးကား၍ ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးသန်းဆွေက ပြောသည်။

“အောက်တိုဘာလ ၅ရက်နေ့တွင် နေပြည်တော် ကိုလာမယ်၊ နေပြည်တော်မှာ အမျိုးသား ယဉ်ကျေးမှုပြတိုက်ကို ကြည့်မယ်၊ အောက်တိုဘာလ ၆ရက်နေ့မှာ ဘန်ကောက်သို့ ပြန်မယ်”ဟု ဦးသန်ဆွေက ဆိုသည်။

ထားဝယ်မြို့သို့ သီရိဒုံ လာရောက်သည့် ခရီးစဉ်အတွင်း ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားကြီးကို လာရောက်ဖူးမျှော်မည်ဟု ဘုရားကြီးဂေါပကနှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ သိရသည်။

မြိတ်ခရီးစဉ်တွင် တောကျောင်း၊ အရှေ့သိမ်ကျောင်းနှင့် သိမ်တော်ကြီး ဘုရားတို့ကို သွားရောက်မည်ဖြစ်ပြီး နေ့ချင်းပြန် ခရီးစဉ်ဖြစ် ကြောင်း မြိတ်မြို့နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ထားဝယ်ဒေသအတွင်းရှိ ရှေးဟောင်းမြို့များဖြစ်သော ဩရဂဠုံနှင့် သာဂရတို့ကို ထိုင်းနှင့် မြန်မာ အပြန်အလှန် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီး  ထိုင်းတို့ အုပ်ချုပ်စဉ် ယခုဆင်ဆိပ်ရပ်ကွက်ရှိ ဩရဂဠုံဘုရားနှင့် သာဂရမြို့ဟောင်းရှိ ဘုရားရှစ်မြောက်စေတီတို့ကို ထိုင်းနိုင်ငံသားများက တည်ထောင်ခဲ့သည်ဟု သမိုင်း အထောက် အထားများအရ သိရသည်။

ယခင်က ဩရဂဠုံဘုရားမှာ တောတောင်ထူထပ်သည့်နေရာ၌ရှိ၍ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်ရှိ ဂန့်ဂေါ်ပန်ဇင်ကျောင်းတိုက် ဆရာတော်မှ ဩရဂဠုံစေတီအား ယင်းဘုန်တော်ကြီးကျောင်းတိုက်သို့ ပြောင်းရွှေ့ကာ ပူဇော်ခံခဲ့သည်ဟု သိရသည်။

မင်းနဲလှ ထားဝယ်မြို့တည်စဉ် သာဂရမြို့မှ ပုံစံအတိုင်း ရပ်ကွက်များနှင့် စေတီ၊ ပုထိုးများကို တည်ထောင်စဉ် သာဂရရှိ မူလ ဘုရားရှစ်မြှောက် ပုံစံအတိုင်း ထားဝယ်မြို့ ခုံဝင်းဒပ် ရပ်ကွက်တွင် တည်ထားခဲ့သည်။

သာဂရမြို့ဟောင်း၊ ဆင်ပုနစ်ရပ်ကွက်ရှိ ဘုရားရှစ်မြောက်စေတီမှာ နှစ်ကြာလာသောအခါ ပျက်စီးလျက် ရှိ၍ ရခိုင်ဆရာတော်က ပြန်လည် တည်ဆောက်ရာ မူလစေတီသကဲ့သို့ မတည်ဆောက်တော့ဘဲ ကုန်းဘောင်ခေတ် လက်ရာ စေတီကို တည်ခဲ့သည်။

ထိုင်းနိုင်ငံသားများက သာဂရကို တိုက်ခိုက်သိမ်းပိုက်ပြီး ဩရဂဠုံရှိသော ညောင်ရမ်းမြို့(ယခုဆင်ဆိပ်ရပ်ကွက်နှင့် ဝဲကျွန်းထိန်ဟောင်း ရပ်ကွက်)ကို တည်ဆောက်သကဲ့သို့ တနင်္သာရီမြို့ကိုလည်း တိုက်ခိုက်သိမ်း ပိုက်ခဲ့သည်။

ထိုင်းဘုရင့်သမီးသီရိဒုံသည် ၁၉၈၆ခုနှစ်က ပထမဆုံး မြန်မာပြည်ခရီးစဉ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယခရီးစဉ် ဖြင့် ထိုင်း- မြန်မာ နယ်စပ်ကို ဖြတ်ကျော်၍ ကျိုင်းတုံ-တာချီလိတ်ရှိ ဒေသခံပြည်သူများ၏ လူမှုရေးယဉ်ကျေးမှုများကို ၂ ရက်ကြာ လေ့လာရေး ခရီးစဉ်၊ ၂၀၁၃ ခုနှစ်တွင် ပဲခူး၊ မန္တလေး၊ မူဆယ်၊ ကချင်ပြည်နယ် ပူတာအိုမြို့နှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့များသို့  ၅ ရက်အကြာ တတိယအကြိမ် ခရီးစဉ်တို့ကို လာရောက်ခဲ့သည်ဟု ဧရာဝတီ သတင်းဌာနတွင် ဖော်ပြသည်။

ယင်းနောက် စတုတ္ထအကြိမ်အဖြစ် ၂၀၁၀ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ခံရစဉ် တော်ဝင်မိသားစု၏ လှူဒါန်းမှုကို လာရောက်  လှူဒါန်း ခဲ့ပြီး ရွှေတိဂုံစေတီတော်ကြီးနှင့် ကျိုက်ထီးရိုး စေတီတို့ကိုလည်း သွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

Dawei Watch

ကိုယ်စားလှယ်လောင်းများကို ပုဒ်မ ၅၉(စ) ပြင်မပြင် အပါအ၀င် မေးခွန်း ခြောက်ခုမေးပြီးမှ မဲပေးရန် မ.ဘ.သ ဥပဒေပညာရှင်ပြော






|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၂၇
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို ပြည်သူအနေဖြင့် ပုဒ်မ ၅၉(စ) ပြင်မပြင် အပါအ၀င် မေးခွန်း ခြောက်ခု မေးပြီး မှ မဲပေးကြရန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ဥပဒေပညာရှင် ဦးအေးပိုင်က ပြောသည်။
ပုဒ်မ ၅၉(စ) ပြင်မပြင် မေးခွန်းအပြင် ကိုယ်စားလှယ်လောင်း၏ ကိုးကွယ်ယုံကြည်မှု၊ မျိုးစောင့်ဥပဒေအပေါ် ထောက်ခံမှုရှိမရှိ၊ ဘင်္ဂလီ များကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားသည့် ၁၉၈၂ ဥပဒေကို ပြင်ဆင်ရန် ဆန္ဒရှိမရှိနှင့် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရန် ကတိပေးမပေး စသည့် မေးခွန်း ခြောက်ခုကို ကိုယ်စားလှယ်လောင်းအား မေးပြီးမှ မဲပေးရန် ဦးအေးပိုင်က ပြောကြားသည်။
ထားဝယ်မြို့တွင် စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်သည့် တနင်္သာရီတိုင်းလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား မိန့်ခွန်းတွင် ပြောခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်အမတ်ကြီး မင်း ၅၉(စ) ကို မပြင်ဖို့ သဘောတူပါသလား။ ပြင်မယ်ဆိုရင် မဲမပေးပါနဲ့” ဟု ဦးအေးပိုင်က မိန့်ခွန်းတွင် မေးခွန်း ၆ ခုအနက် နံပါတ် ၅ မေးခွန်းကို ပြောကြားခဲ့သည်။
၎င်းအပြင် လွှတ်တော်ကိုယ်စားလှယ်က ဗုဒ္ဓဘာသာမဟုတ်ပါက မဲမပေးရန်၊ မျိုးစောင့်ဥပဒေကို မထောက်ခံပါက မဲမပေးရန်၊ အမျိုးစောင့်ဥပဒေကို မစောင့်ရှောက်ပါက မဲမပေးရန်၊ ဘင်္ဂါလီကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားသည့် ၁၉၈၂ ဥပဒေကို ပြင်ဆင်မည်ဆိုပါက မဲမပေးရန်နှင့် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည်ဟု ကတိမပေးနိုင်ပါက မဲမပေးရန် ၎င်းက ပြောသည်။

“လူတွေကို အသိဥာဏ်ပေးတဲ့ အခါမှာ ကိုယ့်ကိုယ်ကို စဉ်းစားဖို့ပါပဲ။ ဘုန်းဘုန်းတို့ ကလည်း စဉ်းစားကြဖို့ပဲ ပြောတာပါ။ အမိန့် ပေးတာ မဟုတ်ပါဘူး၊ ကိုယ့်အသိဥာဏ်နဲ့ ပဲလုပ်ကြပါ” မဘ.သ ဗဟို ဦးဆောင် ဆရာတော် တစ်ပါးဖြစ်သည့် နန်းဦး ဆရာတော်က ပြောသည်။
တနင်္သာရီတိုင်းလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုသည့်အနေဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် က တနင်္သာရီတစ်တိုင်းလုံးမှ သံဃာနှင့် လူထု အင်အား ၇သောင်းခွဲခန့် (မ.ဘ.သ ၏ ခန့်မှန်းချက် လူဦးရေ)ဖြင့် ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီးမှ စတင်ထွက်ခွာကာ မြို့အတွင်း လှည့်လည်၍ ရွှေဝယ်သီရိအားကစားကွင်းသို့ ချီတက်ကာ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

မည်သူမဆို လူမျိုးရေးကိုဖြစ်စေ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန် သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆောင်ခြင်း စသည်တို့ကို ကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဟု လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ အခန်း ၁၃ တွင် ဖော်ပြထားသည်။
Dawei Watch

Sunday, September 27, 2015

တိုက်ပွဲတွေကြောင့် NCA နဲ့ရွေးကောက်ပွဲထိခိုက်နိုင်


တအောင်းဝ် TNLA တပ်သားများ။ 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေချိန်မှာပဲ တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီစစ်ရေး တင်းမာမှုတွေကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် နယ်မြေတွင်း ပါတီစည်းရုံးရေးလှုပ်ရှားမှုတွေကို လက်နက်ကိုင် အဖွဲ့တွေဘက်က ပိတ်ပင်မှုတွေနဲ့ အတူ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေးက စိုးရိမ်စရာ အနေအထားမှာ ဖြစ်နေပါတယ်။ တိုင်းရင်းဒေသတွေက ပိုတိုးလာတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အခက်အခဲ ဒုက္ခတွေကြုံတွေ့နေရတဲ့အခြေအနေ အသေးစိတ်ကို ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပလောင်အပါအဝင် တိုင်းရင်းဒေသအချို့မှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲဖြစ်တဲ့အကြိမ်ရေ များလာနေပြီး စစ်ရေးတင်းမာမှုအရှိန်ကမြင့်တက်လာနေပါတယ်။ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကို ချန်လှပ်ပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်ကို လက်မှတ်မထိုးဘူးလို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးကလည်း ဒီကနေ့ ကြေညာလိုက်ပါတယ်။ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်TNLA ပြောခွင့်ရ မိုင်းအိုက်ကျော်က-

“အပစ်ရပ်ဖို့ကတော့ ၁၅ ဖွဲ့နဲ့အရင်ထိုးမယ်၊ ကျန်တဲ့အဖွဲ့တွေ နောက်မှလိုက်ထိုး။ တချို့ကျတော့ ထိုးလို့မရသေးဘူး-တဲ့။ သူတို့က သဘောထားတွေ အမျိုးမျိုး ဆက်ရှိနေသေးတယ်။ ဘယ်အဖွဲ့ပဲကျန်ကျန် တိုက်ပွဲက ဆက်ဖြစ်နေလို့ရှိရင်တော့ -အစိုးရကတော့ - သူ့ရဲ့နာမည်ကိုက ‘တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး’-လို့ ခေါ်တယ်။ ဒါပေမယ့် တချို့အဖွဲ့တွေကျတော့ ကျန်ခဲ့မယ်။ ဒါဆိုရင်တော့ တိုက်ပွဲတွေက တောက်လျှောက်ဖြစ်လာမယ်၊ တောက်လျှောက်ဖြစ်လာလို့ရှိရင်တော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်လို့ မခေါ်နိုင်တော့ဘူး။”

ရှမ်းပြည်နယ်အတွင်းမှာလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တောင်ပိုင်းတပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို မြန်မာတပ်ဘက်ကလည်း စစ်အင်အားတွေ တိုးချဲ့လာနေလို့ နယ်မြေအတွင်းမှာ စစ်ရေးတင်းမာမှုအရှိန်ကမြင့်နေဆဲ အနေအထားမှာဖြစ်နေတယ်လို့ SSA တောင်ပိုင်းတပ်က ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။

“အစိုးရတပ်နဲ့ ကျနော်တို့တပ်ကတော့ တိုက်ပွဲတွေဖြစ်ဖို့ တိုက်ခိုက်ဖို့က ရာခိုင်နှုန်းများတယ်-လို့ ကျနော်တို့ အဲလို သုံးသပ်နိုင်ပါတယ်။ ကျေးလက်ဒေသမှာ စစ်ကြောင်းတွေ၊ တိုက်ကင်းတွေ မြို့ပြမဟုတ်တဲ့နေရာမှာ လှု့်ရှားနေတာကို ကျနော်တို့ တွေ့ရပါတယ်။ စစ်ကြောင်းထွက်လာတာ ပိုများတယ်။ နယ်မြေလုံခြုံရေး၊ နယ်မြေရှင်းလင်းရေးအတွက်လည်း စီမံချက်နဲ့ ပက်ထရို (Patrol) လှည့်နေတာ ပိုများလာတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒါကြောင့် ကျနော်တို့တပ်တွေနဲ့ တောထဲမှာ တိုးမိဆုံမိပြီးတော့ တိုက်ပွဲဖြစ်ရခြင်းပဲ ဖြစ်ပါတယ်။ လူကြီးပိုင်းက အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးနေကြတယ်။ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်မှာလည်း ကျနော်တို့ အပစ်အခတ်ရပ်စဲရေးတွေ သုံးကြိမ်တိုင်တိုင် လုပ်ခဲ့ပြီးပြီ။ သဘောတူညီချက်တွေလည်း သုံးဆယ့်တစ်ချက်တောင် ရခဲ့ပြီးပြီ။ သို့သော်လည်းပဲ ဒီနေ့ထက်ထိ တိုက်ပွဲပေါင်း ၂၀၀ လောက်နီးပါး ကျနော်တို့ ဖြစ်ခဲ့ရတယ်။ ယနေ့ထက်ထိ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ NCA ထိုးဖို့ဆိုတာက အသင့်ဖြစ်ပါပြီလို့လည်း ပြောပါတယ်။ ….ဆိုတော့ အပစ်အခတ်ရပ်စဲရေးလည်း လက်မှတ် ထိုးမယ်၊ ထိုးမယ်ဆိုပြီးပြောနေတဲ့ကြားမှာပဲ တိုက်ပွဲတွေကလည်း ဖြစ်ဖြစ်လာတယ်ဆိုတော့ နင်တို့တပ်သားတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့အနေအထားတော့ ရှိပါတယ်လို့ ပြောလို့ရပါတယ်။”

မြန်မာတပ်နဲ့ ကချင်လွတ်မြောက်ရေး KIA တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီနဲ့ မိုင်းခေါင် ဒေသတွေမှာတော့ နယ်မြေအတွင်း အစိုးရတပ်ဘက်က လုံခြုံရေးတင်းကျပ်ထားပါတယ်။ ဒါကြောင့် သွားလာရေးခက်ခဲနေတဲ့ စစ်ဘေးရှောင်ဒေသခံပြည်သူတွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကူအညီတောင်းခံဖို့ ကြိုးစားနေကြတယ်လို့ မိုင်းခေါင် ကျေးရွာတာဝန်ခံ ဦးဇဘောင်နော်ကပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ TNLA အဖွဲ့နယ်မြေအတွင်း ကျေးရွာတစ်ရွာက ကလေးငယ်တစ်ဦး။
ရှမ်းပြည်တောင်ပိုင်း၊ TNLA အဖွဲ့နယ်မြေအတွင်း ကျေးရွာတစ်ရွာက ကလေးငယ်တစ်ဦး။

“အခုထိ လက်နက်ကြီးတော့ ထုတ်တုန်း၊ အခု နည်းနည်းထူးခြားလာတာကတော့ ကျနော်တို့ မိုင်းခေါင်အုပ်စုရဲ့ ရပ်ကွက်- အင်ခါနန်- လို့ ပြောပါတယ်။ အဲဒီရပ်ကွက်ကလူတွေက နေလို့မရတော့ဘူး။ အစိုးရစစ်တပ်ဘက်က မောင်းထုတ်ပြီးမှ အိမ်ကို တစ်ယောက်မှ မလာနဲ့ပေါ့-အဲလိုမျိုး ပြောနေပါတယ်။ အဲဒီမှာ မိုင်းထောင်ထားပါတယ်။ နွားတွေထွန်တဲ့နေရာမှာ မိုင်းထောင်ထားပါတယ်။ အဲဒါကြောင့် ရွာသားတွေကို အဲဒီကို မလာခိုင်းစေချင်တဲ့အလားအလာ ဖြစ်နေတယ်။ အခု လေတုံးကို သွားခွင့်မပြုတဲ့အနေအထားဖြစ်နေတယ်။ လေတုံးကိုသွားတဲ့လူ မျက်နှာမမြင်ချင်ဘူး-လို့ အဲလိုမျိုး ပြောပြီးမှ သူတို့က ပစ်သတ်လိုက်မယ်ဆိုပြီးမှ အဲလိုအနေအထားဖြစ်နေပါတယ်။ အဲဒါကြောင့် တအားတင်းမာနေတဲ့ အခြေအနေ ဖြစ်တယ်။ အုပ်ချုပ်ရေးမှူးရော၊ နာယကအဖွဲ့အစည်းတွေရော၊ ဘုန်းကြီးတွေရော၊ ဘာသာရေးသုံးဖွဲ့က ဆုံပြီးမှ အခု အစည်းအဝေးထိုင်နေပါတယ်။ အဲဒါ စစ်တပ်ကနေ ဘက်နက် ဆင်းမထိုးပေးဖို့၊ ရွာမှာ လက်နက်ကြီးမထိုးဖို့၊ ပြီးတော့ရွာမှာ ရမ်းပြီးမှ မပစ်ဖို့၊ အဲဒါတွေ ကျနော်တို့က ဒီမှာတာဝန်ကျတဲ့ တပ်ရင်းမှူးတွေကို ကျနော်တို့က အသနားခံဖို့အတွက် စီစဉ်နေပါတယ်။ မနက်ဖြန်….ဖို့အတွက် စီစဉ်ထားပါတယ်။ အဲဒါ အခြေအနေကတော့ နည်းနည်းတင်းမာလာမယ့် အခြေအနေ ဖြစ်နေတယ်။”

ဒီလိုမျိုးတိုင်းရင်းသားနယ်မြေတွေထဲက စစ်ရေးတင်းမာနေဆဲအခြေအနေတွေကြောင့် ဒေသတွင်းလုံခြုံရေးစိုးရိမ်ရလို့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးတွေ မလုပ်ဖို့ ဆက်ပြီးတော့ တားမြစ်ထားဆဲအနေအထားဖြစ်တယ်လို့လည်း RCSS/SSA တောင်ပိုင်းတပ်က ဗိုလ်မှုးကြီး စိုင်းလ က ပြောပါတယ်။

တအောင်းပလောင်အဖွဲ့အနေနဲ့ကတော့ ၂၀၀၈ အခြေခံဥပဒေကို အခြေခံထားတဲ့၂၀၁၅ ရွေးကောက်ပွဲကို မထောက်ခံပေမဲ့လို့ နယ်မြေထဲမှာ နိုင်ငံရေးပါတီတွေ လာရောက် မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေကို ကန့်ကွက်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့လို့ လူမျိုးတမျိုးနဲ့တမျိုး ပဋိပက္ခ ဖြစ်စေမယ့် ပလောင်လူမျိုးကို နှိမ့်ချပုတ်ခတ်စော်ကားတဲ့အသုံးအနှုံးနဲ့ ဟောပြောမှုတွေကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ တအောင်း ပလောင်ဝ်တပ်ဘက်က ပြောပါတယ်။

ဒါကြောင့် အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကြား တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA အပြီးသတ်ချုပ်ဆိုနိုင်ရေး ငြိမ်းချမ်းရေးကြိုးပမ်းချက်က အောင်မြင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပဖို့ပြင်ဆင်နေတဲ့ လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ စစ်ရေးတင်းမာနေတဲ့ တိုင်းရင်းဒေသတွေမှာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာနေပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)

Hajj လူအုပ်ပိ သေဆုံးကြရာမှာ မြန်မာ ၄ ဦးထက်မနည်း ပါဝင်


ထောင်ပေါင်းများစွာသော မူဆလင်ဘုရားဖူးများ မိစ္ဆာကျောက်တုံးရှိရာကို သွားနေကြစဉ်။ 
 ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘုရားဖူးပွဲတော်မှာ လူအုပ်ပြိုပြီး အချင်းချင်းတက်နင်းမိလို့ သေဆုံးသွားသူ (၇၀၀) ကျော်ထဲမှာ မြန်မာနိုင်ငံသား အနည်းဆုံး ၄ ဦးသေဆုံးပြီး လူ ၈ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ အစ္စလာမ်ဘာသာရေး အဖွဲ့ချုပ်က အတည်ပြုပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က စုံစမ်းတင်ပြပေးထားပါတယ်။

အစ္စလာမ်ဘာသာဝင်တွေ နှစ်စဉ် ဘုရားဖူးပွဲတော် ကျင်းပလေ့ရှိတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့နားက မီနာမြို့ကို Hajj ဘုရားဖူးလာကြတဲ့ လူအုပ်ကြီးထဲအချင်းချင်းတက်နင်းမိပြီး သေဆုံးသွားသူ အနည်းဆုံး(၇၁၇) ဦးရှိပြီး (၈၆၀) ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြပါတယ်။

မိစ္ဆာကျောက်တုံးနားမှာ ကယ်ဆယ်ရေးအရ ပြန်လည်စုစည်းထားတဲ့ ကမ္ဘာတလွှားက မူဆလင်ဘုရားဖူးများ။
အခုလို Hajj ဘုရားဖူး သေဆုံးသွားသူတွေထဲမှာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေလည်း ပါဝင်ပြီး အခုချိန်ထိတော့ သေဆုံးသူ ၄ ဦးရှိတယ် လို့ အတည်ပြုပြီး ၈ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မြန်မာမွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးကိုကိုလတ်က VOA ကို ပြောပါတယ်။

“အခုလောလောဆယ်အတိအကျသတင်းရထားတာကတော့ (၄) ယောက်ဆုံးတယ်ဆိုပြီး သတင်းရထားပါတယ်။ (၈) ယောက် ပျောက်နေပါတယ်။ ဒီနေ့အထိ ရတဲ့သတင်းပါ။ သေဆုံးတာက အမျိုးသမီး (၂) ယောက်၊ အမျိုးသား (၂) ယောက်ပါ။ အမျိုးသမီးနာမည်က ဒေါ်မိုးမိုးအောင် အသက် (၃၄) နှစ်ပါ၊ ရန်ကုန်ကပါပဲ။ ဒေါ်နွယ်အေး အသက် (၅၇) နှစ်။ သူလည်း ရန်ကုန်ကပါပဲ။ ဦးကျော်သန်းဆိုတာ အသက် (၄၇) နှစ်၊ သူလည်း ရန်ကုန်ကပါပဲ။ ဦးမောင်မောင်လတ်ဆိုတာက အသက် (၆၁) နှစ်ပါ။ သူကတော့ သူသေဆုံးကြောင်းကို ဒီနေ့မှ အတည်ပြုလို့ရပါတယ်။ သူသေပြီဆိုတာကို သူ့ရဲ့ အေးဂျင့်ကနေ ဖုန်းဆက်လာတယ်။ အသက် (၆၁) နှစ်။ သူလည်း ရန်ကုန်ကပါပဲ။”

သေဆုံးသွားသူ ၄ ဦးထဲမှာ ၃ ဦးက Multi Point Travel & Tour ခရီးသွားကုမ္ပဏီက ပို့ပေးခဲ့သူတွေဖြစ်ပြီး ကျန်တဦးကတော့ အစိုးရအစီအစဉ်နဲ့ သွားခဲ့ သူဖြစ်တယ်လို့ ဦးကိုကိုလတ်က ပြောပါတယ်။

 “ဦးကျော်သန်းကတော့ အစိုးရကစေလွှတ်တဲ့အဖွဲ့ကနေ သွားတာပါ။ နောက်ထပ် သုံးယောက်သေဆုံးသွားသူတွေကတော့ Multi Point Travel & Trur ကနေ သွားတာပါ။ (၈) ယောက် ပျောက်နေတဲ့အုပ်စုကလည်း Multi Point Travel & Tour က လူတွေပါပဲ။ ဦးကျော်သန်း၊ (၄၇) နှစ် သူကတော့ သေဆုံးသွားပြီး မနေ့က သင်္ဂြိုဟ်ပြီးပါပြီ။ ကျန်တဲ့လူတွေကတော့ သေဆုံးပြီိဆိုတာတော့ confirm ရတယ်၊ အခု ရေခဲတိုက်ထဲမှာရှိတယ်။ သင်္ဂြိုဟ်ခွင့်မရသေးပါဘူး။”

ဆော်ဒီအာရေဗျနိုင်ငံက Hajj ဘုရားဖူးပွဲတော်ကို မြန်မာနိုင်ငံက အစ္စလမ်ဘာသာဝင်တွေ နှစ်စဉ် (၅,၀၀၀) ဝန်းကျင်လောက် သွားလေ့ရှိပြီး ဒီနှစ်မှာတော့ ဒီနှစ်မှာ (၄,၀၀၀) ဝန်းကျင် ဘုရားဖူးသွားခဲ့တယ်လို့ အစ္စလာမ်ရေးရာအဖွဲ့ချုပ်ဝင် ဦးဝင်းထွန်းစိုးက ပြောပါတယ်။

“ဗမာပြည်ကနေ Hajj သွားတဲ့ (၄) ထောင်ကို ကုမ္ပဏီပေါင်း (၅၀) ကျော်လောက်က ပို့တယ်။ အရင်နှစ်တွေက (၅) ထောင်တွေ၊ (၅ ထောင့် ၅၀၀) တွေ၊ (၆) ထောင်တွေ ပေးတယ်ဗျ။ အဓိက ခွဲတန်းကတော့လေ ဆော်ဒီကပေးတာဗျ။ နိုင်ငံတနိုင်ငံကို ပေးတဲ့ခွဲတန်းပေါ်မှာ သံရုံးကနေတဆင့် ဒီက ကုမ္ပဏီတွေအနေနဲ့ ဒီက ဘာသာရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့မှ သူတို့ ပြန်ချပေးတာပေါ့။ ကျနော်ပြောတဲ့ (၄) ထောင်ထဲမှာ (၂၈၀) ကကျတော့ မဲဟာဂျီလို့ခေါ်တဲ့ ဆော်ဒီအစိုးရကနေ လက်ဆောင်ပေးတဲ့ဟာဂျီဆိုတာ သပ်သပ်ရှိတယ်။ အဲဒါက (၂၈၀)။ အဲဒါကကျတော့ဗျာ-သူတို့ဟိုမှာ စရိတ်တွေ သက်သာတယ်။ အရင်နှစ်တွေက သာသနာရေးဝန်ကြီးဌာနက ကိုင်တယ်။ သာသနာရေးဝန်ကြီးဌာနကတဆင့် ကုမ္ပဏီကိုပြန်ပေးပြီးတော့ ကုမ္ပဏီတွေကတဆင့် ပြန်ပွား…အဲဒါကြောင့် မဲဟာဂျီခေါ်တာပေါ့ဗျာ။ ကျနော်တို့က ဒီမှာ အဲဒါတွေကို မဲနှိုက်ပြီးတော့ ပေးတာ။ ကျန်တဲ့ဟာတွေကတော့ သံရုံးကတဆင့်မှ Travel & Tour ကုမ္ပဏီတွေကို ပြန်ချိတ်ပေးတာပါ။”

ဒီနှစ် Hajj ဘုရားဖူးပွဲတော်မှာ မြန်မာနိုင်ငံက အစ္စလမ်ဘာသာဝင်တွေ အခုလို သေဆုံးသွားရတဲ့အတွက် ဝမ်းနည်းရကြောင်း မြန်မာ မွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ်ရဲ့ ဦးကိုကိုလတ်ပြောတာက -

“သေဆုံးသူတွေအတွက် ကျနော်တို့ ဘာသာရေးအဖွဲ့အစည်းအနေနဲပတော့ တော်တော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ သေဆုံးသွားတာနဲ့ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံမှာရှိတဲ့ ဆော်ဒီသံရုံးကို သူတို့ ဘာကြောင့်သေဆုံးသွားရတယ်ဆိုတာ ဆော်ဒီအစိုးရကနေ လက်ရှိလုပ်နေတဲ့ inquiries တွေကိုလည်း ကျနော်တို့က မိသားစုတွေကို ပြန် sharing လုပ်မှာပါ။ ကျနော်တို့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းအနေနဲ့ကတော့ သေဆုံးသွားတဲ့မိသားစုတွေကို သွားပြီး တွေ့ဆုံပြီးတော့လည်း အားပေးစကားပြောမှာလည်း ဖြစ်ပါတယ်။”

၁၉၉၀ ခုနှစ်ကစပြီး လက်ရှိ ၂၀၁၅ အထိ Hajj ဘုရားဖူးရာသီမှာ ဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ် လူသေဆုံးမှုပြဇယား။

၁၉၉၀ ခုနှစ်ကစပြီး လက်ရှိ ၂၀၁၅ အထိ Hajj ဘုရားဖူးရာသီမှာ ဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ် လူသေဆုံးမှုပြဇယား။
၁၉၉၀ ခုနှစ်ကစပြီး လက်ရှိ ၂၀၁၅ အထိ Hajj ဘုရားဖူးရာသီမှာ ဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ် လူသေဆုံးမှုပြဇယား။

Hajj ဘုရားဖူးပွဲတော်ဟာ ၅ ရက်ကြာကျင်းပတာဖြစ်ပြီး ပွဲတော်အစပိုင်းကာလမှာ ရိုးရာဓလေ့အရ မိစ္ဆာလို့သတ်မှတ်ထားတဲ့တိုင်တွေကို ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။ လူသန်းနဲ့ချီလာရောက်တဲ့ Hajj ဘုရားဖူးပွဲတော်မှာ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း လူအုပ်ပြိုပြီး ဘုရားဖူးအချင်းချင်း နင်းမိတာကြောင့် သေဆုံးတာတွေ အကြိမ်အများအပြား ရှိခဲ့ပါတယ်။ အခုနှစ်မှာတော့ Hajj ဘုရားဖူး ၂ သန်း ကျော် လာရောက်တယ်လို့ ခန့်မှန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)

နုန်းကန် ပြိုကျမှုကြောင့် သေဆုံးကလေးငယ်ကို ကုမ္ပဏီက နစ်နာကြေး သိန်း ၇၀ ပေး





တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ တောင်ဘက်က ဒယ်ကိုမိုင်း သတ္တုတူးဖော်ရေး ကုမ္ပဏီရဲ့ စွန့်ပစ် နုန်းကန်ပြိုကျခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ၁၂ နှစ်အရွယ် ကလေးငယ်အတွက် ကုမ္ပဏီက နစ်နာကြေး သိန်း ၇၀  ပေးအပ်ခဲ့ပါတယ်။
စက်တင်ဘာ ၂၃ ရက်ည ၇ နာရီခွဲလောက်က နုန်းကန်ပြိုကျပြီး ရွာကို ပတ်စီးဆင်းနေတဲ့ ချောင်းအတိုင်း နုန်းတွေ စီးဆင်းလာတဲ့အတွက် နေအိမ် ၁၁ အိမ်လောက် ပြိုကျခဲ့ပြီး အိမ် ၄၀ လောက် ရွှေ့ပြောင်းခဲ့ရပါတယ်။
နေအိမ်ပျက်စီးသွားတဲ့ ဒုက္ခသည် ၉၀ လောက်ကို ဗောဓိကုန်း မာန်အောင်ကျောင်းမှာ စောင့်ရှောက်ထားခဲ့ပါတယ်။
ပျက်စီးသွားတဲ့ အိမ်တွေကို ပေ ၄၀ ပေ ၆၀ မြေကွက်တွေ ရိုက်ပေးပြီး သင့်တင့်တဲ့ အိမ်ရာတွေ ဆောက်လုပ်ပေးသွားမယ်လို့ ကံဘောက်ဒေသ စခန်းမှူး ကျော်ဆန်းဦးက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒယ်ကိုကုမ္ပဏီက တာဝန်ရှိသူ ၂ ဦးကိုလည်း ၄/၂၀၁၅ အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒယ်ကိုမိုင်းကုမ္ပဏီဟာ ကံပေါက်မှာ ၂၀၁၀ ပြည့်နှစ်လောက်ကနေ စတင်လုပ်ကိုင်ခဲ့ပြီး  မြေဧက ၂၀၀၀ ကျော်မှာ ခဲမဖြူ၊ အဖြိုက်နက် ဆက်စပ် သတ္တုတွေကို ရှာဖွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ – ထွန်းကျော်မောင် (cj)
DVB