Pages

Saturday, December 5, 2015

ကျွန်းစု NLD အနိုင်ရ ကိုယ်စားလှယ်လောင်းများ အမှိုက်စကောက်


ကိုယ်စားလှယ်လောင်းများ အမှိုက်ကောက်နေပုံ
ဓာတ်ပုံ - Dawei Watch
|Dawei Watch| မြိတ်၊ ဒီဇင်ဘာ ၅
မြိတ်ခရိုင် ကျွန်းစုမြို့နယ် NLD ကိုယ်စားလှယ်လောင်းများက ဒီဇင်ဘာ ၅ ရက်က စပြီး အမှိုက်ကောက်နေပြီဖြစ်ကြောင်း ယင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်က ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာမြို့နယ်အလိုက် တစ်မြို့နယ်လုံးသန့်ရှင်းသွားစေရန် အမှိုက်ကောက်ရမည်ဟု ထည့်သွင်း ပြောဆိုခဲ့ပြီး တစ်ပတ်အကြာတွင် ယင်းသို့ အမှိုက်ကောက်သည့် လှုပ်ရှားမှုကို စတင်ခဲ့ခြင်းဖြစ်သည်။
“မြို့ပေါ်မှာက နှစ်ပတ်ဆက်တိုက် ကောက်သွားမယ်၊ ပြီးရင် ရွာဘက်တွေကို ဆင်းပြီး အမှိုက်ကောက်သွားမယ်”ဟု ဒေါ်တင်တင်ရီက ပြောသည်။
ကျွန်းစုမြို့ပေါ်ရပ်ကွက်မျာြး ဖစ်ကြသည့် အမှတ် ၃ နှင့် ၄ ရပ်ကွက် ဆေးရုံ ကမ်းနားလမ်းတို့တွင် ကိုယ်စားလှယ်လောင်းများနှင့် အဖွဲ့ဝင်များက အမှိုက်ကောက်ကြပြီး ကျန်ရပ်ကွက်များကို လာမည့် ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်ကောက်သွားမည်ဟု ကျွန်းစု NLD ရုံးမှ သိရသည်
အမှိုက်ကောက်သည့် လှုပ်ရှားမှုကို ရေရှည်စီမံချက်တစ်ခုအနေဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ သက်ဆိုင်ရာကျေးရွာ/ရပ်ကွက်များမှ NLD အဖွဲ့ဝင်များနှင့်အတူ ပြုလုပ်သွားမည်ဟု သိရသည်။
“တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် တစ်လတစ်ကြိမ်မျိုးနဲ့ ကောက်သွားမယ်”ဟု ဒေါ်တင်တင်ရီက ပြောပြသည်
ထို့အပြင် အမှိုက်ပုံးများ ထားရှိပေးထားခြင်း အမှိုက်ပစ်နေရာများ သတ်မှတ်ခြင်းနှင့် အမှိုက်ကားများ အမှိုက်ပုံမှန် သိမ်းနိုင်ရေး အတွက်လည်း မြို့နယ်စည်ပင်နှင့် တိုင်ပင်ဆောင်ရွက်သွားမည်ဟု ကျွန်းစု NLD ရုံးမှ သိရသည်။
မြိတ်၊ ကော့သောင်းနှင့် ထားဝယ်မြို့တို့တွင်လည်း NLD ကိုယ်စားလှယ်များ ဦးဆောင်ကာ အမှိုက်ကောက်သည့် လှုပ်ရှားမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

Dawei Watch

တနင်္သာရီတွင် မိုးရေနှင့်အတူ ရွှေရောင် ငွေရောင်တောက်သည့် အမှုန်များ ကျလာ



ရွှေရောင် ငွေရောင် တောက်သည့် အမှုန်များပါသည့် မိုးရွာနေစဉ် 
ဓာတ်ပုံ - အောင်ကိုထွေး
|Dawei Watch| မြိတ်၊ ဒီဇင်ဘာ ၅
မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာတွင် ဒီဇင်ဘာလ ၃ ရက် ညနေ ၄ နာရီခန့်က မိုးရေနှင့်အတူ ရွှေရောင် ငွေရောင် လက်နေသည့် အမှုန်များ နေရာအနှံ့ပြန့်ကျဲတွေ့ရကြောင်း တကူကျေးရွာသားတချို့ထံမှ သိရသည်။
ယင်းဖြစ်စဉ်ကို ရွာသူရွာသားများကို ရွှေမိုးငွေမိုးရွာသည်ဟု  ယူဆကြသည်။
မိုးရွာပြီး နောက်တစ်ရက် နံနက်တွင် မြက်ခင်းပြင်တစ်ခုလုံး ရွှေကြည်ငွေကြည်ကဲ့သို့ အမှုန်များကို မြင်တွေ့ရသည်ဟု တကူရွာနေ မမျိုးငယ်က ပြောသည်။
“အဲသည်နေ့က ရွာတဲ့မိုးက ပုံမှန်မိုးလို မဟုတ်ဘူး။ ကောင်းကင်မှာ အရောင်တွေလက်လက်နဲ့ ထူးခြားမှုရှိနေပါတယ်”ဟု တကူရွာသားတစ်ဦးက ပြောသည်။
ရွှေမိုးငွေမိုးရွာသည်ဟု ယူဆထားသည့် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာသူရွာသားများက တိုင်းပြည်အတွက် နမိတ်ကောင်းဟု ပြောကြသည်။
ယင်းဖြစ်စဉ်မျိုး လွန်ခဲ့သည့် ၃ နှစ်ခန့်က တနင်္သာရီမြို့ရှိ နေရာတချို့တွင် ၂ ခါဖြစ်ပွားခဲ့ဖူးကြောင်း တနင်္သာရီမြို့နယ် စာရေးရာများအသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။
“တနင်္သာရီ ရိုးရာ ဧဇာသီချင်းမှာ  ဘုန်းကံပေါ်လို့ ရွှေမိုးငွေမိုးရွှာဆိုတဲ့ အဓိပ္ပါယ်မျိုးပါတဲ့ စာသားတွေ ရှိတယ်။ ကောင်းတဲ့ နမိတ်လို့ ယူဆတယ် ”ဟု ဦးသန်းစိုးဝင်းက ဆိုသည်။

မြိတ်မြို့နယ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား (ဓာတ်ပုံ)
















တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ မြိတ်တောင်နယ်မြေ မြို့သစ် ၂ ရပ်ကွက်မှာ ဒီဇင်ဘာ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်က လူမရှိတဲ့ နေအိမ် ၁ လုံး မီးလောင်းကျွမ်းခဲ့ပါတယ်။
မီးလောင်းကျွမ်းမှုကို မီးသတ်ကား ၁၀ စီးနဲ့ ငြိမ်းသတ်နိုင်ခဲ့တာကြောင့် အခြားနေအိမ်တွေကို မီးမကူးစက်ခဲ့ဘူးလို့ သိရပါတယ်။
ဓာတ်ပုံ – ဇော်ဇော်မြိတ်

အမေရိကန်က မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးရန် ပြင်ဆင်နေဟုဆို


အမေရိကန် ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်ပေးဖို့ ပြင်ဆင်နေတယ်လို့ bloomberg စီးပွားရေး သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
စစ်တပ်နဲ့ ဆက်စပ်နေတယ်လို့ သတ်မှတ်ထားကြတဲ့ အေးရှားဝေါ Asia World ကုမ္ပဏီပိုင် ရန်ကုန်ဆိပ်ကမ်းကို အမေရိကန်ကုမ္ပဏီတွေ အသုံးပြုလို့ လွယ်အောင် ဘဏ္ဍာရေး ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးတော့မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အေးရှားဝေါ ကုမ္ပဏီကို စတီဗင်လောက ပိုင်ဆိုင်ပြီး အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု စာရင်းမှာ ၂၀၁၀ က စလို့ ပါဝင်နေခဲ့တာပါ။
စတီဗင်လောရဲ့  ဖခင်ကတော့ ၁၉၇၀ ပြည့်လွန်နှစ်တွေက ဘိန်းဘုရင်လို့ သိကြတဲ့ လောစစ်ဟန်ပါ။ ၂၀၁၃ ခုနှစ်မှာ လောစစ်ဟန်ကွယ်လွန်ခဲ့ပါတယ်။
အေးရှားဝေါ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေကတော့ သူတို့လုပ်ငန်းတွေကို စစ်တပ်ကရော၊ အစိုးရကပါ အခွင့်ထူးပေးတာ မရှိခဲ့ဘူးဆိုပြီး ဝေါစထရိ ဂျာနယ်ကို ဖြေဆိုထားပါတယ်။
အခုနောက်ပိုင်း မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး နွေးထွေးလာတာနဲ့အတူ အမေရိကန်စီးပွားရေး အသိုင်းအ၀ိုင်းကလည်း ဖိအားပေးတဲ့အတွက် ဘဏ္ဍာရေးဌာန လက်အောက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ထိန်းချုပ်ရေးရုံးက  အထွေထွေ လိုင်စင်ကို ထုတ်ပေးဖို့ ရှိတယ်လို့ bloomberg စီးပွားရေး သတင်းမှာ ရေးပါတယ်။
အဲဒီ လိုင်စင်အရ အမေရိကန်စီးပွားရေး လုပ်ငန်းတွေ၊ ဘဏ်တွေဟာ အေးရှားဝေါ ဆိပ်ကမ်း အသုံးပြုမှုအတွက် ငွေပေးချေနိုင်တော့မယ် ဆိုပါတယ်။
ဒီလို ဖြေလျှော့မှုတွေကို လုပ်ဖို့ ဥပဒေကြောင်းအရ ပြင်ဆင်ဖို့ မလိုအပ်ပေမယ့် ဘဏ္ဍာရေး ၀န်ကြီးဌာနနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က လွှတ်တော်ရေးရာ အရာရှိတွေကို ဒီတပတ်ထဲမှာ ရှင်းပြခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
ဒီလို အလျင်အမြန် ဆုံးဖြတ်လိုက်တာဟာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့ လိုအပ်နေသေးတဲ့ မြန်မာအစိုးရကို မှားယွင်းအချက်ပြမှုဖြစ်မှာကို တချို့အမတ်တွေက စိုးရိမ်နေတယ်လို့လည်း သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။
DVB

မြကျွန်းသာဥယျာဉ်အတွင်း အဆောက်အအုံဆောက်လုပ်မှုများကို စစ်ဆေးဖော်ထုတ်ရန် သီးခြားအဖွဲ့ဖွဲ့ လုပ်ဆောင်နေရာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှုများရှိပါက ၂၀၁၃ ခုနှစ် စည်ပင်ဥပဒေဖြင့် အရေးယူမည်ဟု ရန်ကုန်မြို့တော်ဝန် ပြောကြား


မြကျွန်းသာဥယျာဉ်အတွင်းပိုင်းတစ်နေရာအား အင်းလျားကန်ဘက်အခြမ်းမှ ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
မြကျွန်းသာအပန်းဖြေဥယျာဉ်နှင့် ပတ်သက်၍ အဆောက်အအုံများ ဆောက်လုပ်နေမှုနှင့် အင်းလျားကန်အတွင်း မြေကြီးဖို့၍ မြေတိုးယူနေမှုများ ရှိ မရှိ စစ်ဆေးဖော်ထုတ်နိုင်ရန်အတွက် သီးခြားအဖွဲ့ဖွဲ့စည်းပြီး ၂၀၁၅ ခုနှစ် ဇွန်လမှစတင်၍ စစ်ဆေးခြင်းများ ဆောင်ရွက်နေပြီဖြစ်ရာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှုများရှိပါက ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။

ဒီဇင်ဘာ ၄ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင်ပါရှိသည့် မြကျွန်းသာအား ပုဂ္ဂလိကကုမ္ပဏီ ရှစ်ခုသို့ ငှားရမ်းမှု ဆွေးနွေးရာတွင် ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြကျွန်းသာ အပန်းဖြေဥယျာဉ်အား ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ၂၀၁၀ ပြည့်နှစ်တွင် လွှဲပြောင်းပေးခဲ့ပြီး လက်ရှိ အဆိုပါဥယျာဉ်အတွင်း မက်စ်မြန်မာ၊ ဧဒင်၊ Inya Palace၊ Magic Land၊ Nay La Pwint Service၊ MGS Resort and Entertainment၊ Good Shan Brother၊ Rya Ji စသည့် ကုမ္ပဏီရှစ်ခုက မြေငှားရမ်း လုပ်ကိုင်နေကြောင်း သိရသည်။

မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း ပုဂ္ဂလိက ကုမ္ပဏီများက ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် အင်းလျားကန်ရေပြင်ကို ကျူးကျော်ကာ ဆောက်လုပ်မှုများ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ  ထွက်ပေါ်လာခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ ဇွန်လမှ စတင်ကာ သီးခြားစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“မြကျွန်းသာ ပန်ဥယျာဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ နစ်နာမှု ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်စည်ပင်က ကုမ္ပဏီရှစ်ခုကို မြေငှားရမ်းခဲ့ပါတယ်။ ဒီလိုငှားရမ်းခဲ့တာမှာ MIC ခွင့်ပြုချက်မရယူခဲ့ဘဲနဲ့ ငှားရမ်းခြင်း ကိစ္စကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီကုမ္ပဏီရှစ်ခုကိုလည်း အိတ်ဖွင့်တင်ဒါ ခေါ်ယူမှုမရှိဘဲ လုပ်ခဲ့တာကို အထင်အရှား တွေ့ရပါတယ်။ ဒီကိစ္စကို မည်သူကအရေးယူပြီးတော့ မည်သူက တာဝန်ခံခိုင်းမှလဲ။ မြကျွန်းသာအတွင်းမှာ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရုံး သွားတဲ့ကိစ္စတွေကို မည်သူက မည်သို့ တာဝန်ယူပေးမှာပါလဲဆိုတာကို သိလိုပါတယ်။ စီးပွားရေးအဆောက်အအုံတွေ ကင်းလွတ်ပြီးတော့  အများပြည်သူ အပန်းဖြေရာနေရာသက်သက်ဖြစ်ဖို့အတွက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက မည်သည့်အစီအစဉ်တွေနဲ့ ဘယ်လိုဆက်လက်ပြီး တာဝန်ယူဆောင်ရွက်သွားနိုင်မှာပါလဲဆိုတာကို သိချင်ပါတယ်”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က စာရင်းစစ်ချုပ်၏ အစီအရင်ခံတွင်ပါရှိသည့် မြကျွန်းသာကိစ္စအား ဆွေးနွေးစဉ် ပြောကြားသည်။

မြကျွန်းသာဥယျာဉ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ခြင်းများနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ မြကျွန်းသာတွင် ဆောက်လုပ်ခွင့်ရ Inya Palace၊  Magic Land၊ Nay La Pwint Service ကုမ္ပဏီသုံးခုသည် ရန်ကုန်မြို့တော်စည်ပင် အဆောက်အအုံဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်စစ်ဆေး၍ ဆောက်လုပ်ခွင့်ပြုခဲ့ပြီး Rya Ji ကုမ္ပဏီအမှုတွဲ စစ်ဆေးခြင်း ဆောင်ရွက်နေဆဲဖြစ်ကာ ကျန် MGS Resort and Entertainment၊ Good Shan Brother၊ မက်စ်မြန်မာနှင့် ဧဒင်ကုမ္ပဏီများသည် ကုမ္ပဏီအစီအစဉ်ဖြင့်သာ ပုံစံရေးဆွဲ အတည်ပြု ခြင်းများ ဆောက်ရွက်နေဆဲဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သို့ တင်ပြခွင့်ပြုမိန့် ရယူခြင်း မရှိသေးကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။

ထို့ပြင် ယင်းကုမ္ပဏီရှစ်ခုအား မြေငှားရမ်းထားမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အိတ်ဖွင့်တင်ဒါ ခေါ်ယူမှုမရှိကြောင်း၊ ထို့ပြင် မြေငှားရမ်းထားမှုအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ ခွင့်ပြုမိန့် တင်ပြခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတွင် ပါရှိခဲ့သည်။

သို့ဖြစ်၍ မြကျွန်းသာအပန်းဖြေဥယျာဉ်အတွင်း စီးပွားရေးအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်းသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးရန် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ အဆိုတင်သွင်းခဲ့ရာ ရန်ကုန်မြို့တော်ဝန်က သီးခြားအဖွဲ့ဖွဲ့ပြီးဖြစ်၍ ထပ်မံဖွဲ့စည်းရန် မရှိကြောင်း နှင့် ယင်းအဆိုကို လွှတ်တော်တွင် မှတ်တမ်းသာတင်ရန် ပြောကြားခဲ့သည်။

မြကျွန်းသာဥယျာဉ်သည် ၄၄ ဒသမ ၅၁၆ ဧက အကျယ်ရှိကြောင်း သိရသည်။
EMG

ရုရှားလေယာဉ်ကို ပစ်ချခဲ့သည့်အတွက် တူရကီနောင်တ ရစေရမည်ဟု ပူတင်ဆို





မော်စကို ၊ ၅-၁၂-၂ဝ၁၅

ဆီးရီးယားနယ်စပ်၌ Su-24 ရုရှားဗုံးကြဲ လေယာဉ်တစ်စင်း ကို တူရကီနိုင်ငံက ပစ်ချ ခဲ့သည့်အတွက် ယင်းလုပ်ရပ်နှင့် ပတ်သက်၍ တူရကီအစိုးရ အနေဖြင့် နောင်တ ရစေရမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် က ဒီဇင်ဘာ ၂ ရက်တွင် သတိပေး ပြောကြား ခဲ့ကြောင်း သိရသည်။

ရုရှားဗုံးကြဲ လေယာဉ်အား ပစ်ချခဲ့မှုနှင့် ပတ်သက်၍ တူရကီနိုင်ငံကို ရုရှားက စီးပွားရေး ပိတ်ဆို့မှုများသာ ချမှတ်မည်ဟု အခြားနိုင်ငံများက ထင်မြင်ယူဆ နေပါက ၄င်းတို့၏ ယူဆချက်များမှာ လုံးဝမှားယွင်း နေကြောင်း၊ မိမိသည် ၄င်းတို့ လုပ်ဆောင်ရမည့် အရာများကို ထပ်မံသတိပေး ခဲ့ပြီးဖြစ်ကြောင်း နှင့် တူရကီနိုင်ငံ အနေဖြင့် နောင်တ ရစေရမည် ဖြစ်ကြောင်း ပူတင်က နိုင်ငံသို့ ပြောကြားသည့် ရုပ်သံမိန့်ခွန်း အစီအစဉ်တွင် ပြောကြား ထားသည်။

ထို့အပြင် တူရကီ အစိုးရသည် အကြမ်းဖက် သမားများကို ထောက်ပံ့မှုများနှင့် အကာအကွယ်များ ပေးနေသည်ဟု ပူတင်က ယင်း အစီအစဉ်တွင် ထပ်လောင်း စွပ်စွဲထားကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြ ထားသည်။

( PyiChitThar )
http://www.pyichitthar.com

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရွှံ့မီးတောင် တစ်လုံး ပေါက်ကွဲမှုဖြစ်ပွား


ဒီဇင်ဘာ (၄)ရက်နေ့ နံနက်(၅း၁၅) နာရီတွင် ကျောက်ဖြူ စိုင်ခြုံ ရွှံ့မီးတောင်ပေါက်ကွဲမှု မြင်ကွင်း
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စိုင်ခြုံကျေးရွာအနီးတွင် ဒီဇင်ဘာ ၄ ရက် နံနက် ၅ နာရီခန့်က ရွှံ့မီးတောင်ငယ် တစ်လုံး ပေါက်ကွဲဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲရာတွင် ချော်ရည်များ ပန်းထွက်ခြင်းမရှိသလို ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

အဆိုပါဒေသသည် ကျောက်ဖြူမြို့ အရှေ့ဘက် လေးမိုင်ခန့်အကွာတွင် တည်ရှိပြီး မီးတောင်ပေါက်ကွဲသောနေရာမှာ ရွာနှင့် တစ်မိုင်ခန့်သာ ဝေးကြောင်း၊ ၁၅ မိနစ်ခန့် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်းနှင့် ယင်းမီးတောင်အား ဒေသခံများက နဂါးကြီးမီးတောင်ဟု ခေါ်ဆိုလေ့ရှိကြောင်း သိရသည်။

“ပေါက်ကွဲသံတွေ ကြားရတော့ မီးတောင်ပေါက်ပြီဆိုတာ သိတယ်။ အနီးကိုတော့ သွားမကြည့်ရဲကြဘူး။ အသံတိတ်သွားပြီး မိုးလင်းမှ သွားကြည့်ကြတယ်။ ချော်ရည်တွေကတော့ စီးကျအောင်အထိ ထွက်တာ မတွေ့ရဘူး။ ထိခိုက်မှုလည်း မရှိဘူး”ဟု လည်း စိုင်ခြုံကျေးရွာမှ ဦးသန်းနိုင်က ပြောကြားသည်။

“မီးတောင်က မပေါက်တာကြာပြီ။ ဒီနေ့မနက်မှာ မိုးကြိုးပစ်သလို အသံကြားရတယ်။ ပေါက်ကွဲတာကတော့ ၁၅ မိနစ်လောက် ကြာပါမယ်။ ပျက်စီးတာတော့ မရှိဘူး။ ကျွဲနွားတွေလည်း အသေအပျောက် မရှိဘူး။ စပါးခင်းတွေနဲ့လည်း ဝေးပါတယ်” ဟု စိုင်ခြုံကျေးရွာသားတစ်ဦးက ဆိုသည်။

အဆိုပါ နဂါးကြီးမီးတောင်သည် ၁၀ နှစ်ဝန်းကျင်ခန့်တွင် တစ်ကြိမ်စီ ပေါက်ကွဲလေ့ရှိပြီး ယခု ပေါက်ကွဲမှုမှာ ယခင် ပေါက်ကွဲခဲ့မှုများလောက် မပြင်းထန်ခဲ့ကြောင်း၊ ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူမြို့နယ်အပိုင် စိုင်ခြုံ ကျေးရွာ၏ အရှေ့ဘက်တွင် ရွှံ့မီးတောင် ၁၀ လုံးရှိပြီး ၎င်းမီးတောင်များမှာ နဂါးကြီး၊ အောက်သားနဂါး၊ ၀က်အင်းနဂါး၊ နဂါးစောက်၊ မာန်အောင်သမနဂါး၊ သပြေတောနဂါး၊ ကိုးပေါက်နဂါး၊ ပန်းယင်နဂါး၊ ဆိတ် ကျနဂါး၊ ဖက်သန်းပင်နဂါးတို့ ဖြစ်သည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ကလည်း ရခိုင်ပြည်နယ်တွင် အင်အားအသင့်အတင့် ပြင်းထန်သော ငလျင်တခု  လှုပ်ခတ်ခဲ့သဖြင့် မာန်အောင်ကျွန်းနှင့် ရဲကျွန်းတစ်ဝိုက်တွင် တည်ရှိသော ရွှံ့မီးတောင် ကိုးလုံး ပေါက်ကွဲခဲ့သည်။

၂၀၁၄ ခုနှစ် သြဂုတ် ၃၁ ရက် ညနေ ၅ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကျောက်ဖြူမြို့နယ် ရှောက်ချောင်းကျေးရွာအနီးရှိ  (ဒေသအခေါ်) သူပုန်နဂါးမီးတောင်မှာ လွန်ခဲ့သည့် နှစ်လေးဆယ်ကျော်ခန့်က ပေါက်ကွဲပြီးနောက် ငြိမ်သက်နေရာမှ ပြန်လည်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးတောင် စတင်ပေါက်ကွဲချိန်၌ ကျယ်လောင်သောအသံများ ထွက်ပေါ်လာကာ မီးတောင်ထိပ်ဝမှာ မီးတောက်များ ပေ ၅၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး မိနစ်ပိုင်းအတွင်း ချော်ရည်ပူများ ကျဆင်းလာခဲ့သည်။

Writer: 
သားရွှေဦး (ကစ္ဆပ)၊ သန်းလှိုင် (စစ်တွေ)

ဒေသခံများ ပါဝင်ခွင့် မရသည့် EIA ရလဒ်ကို ကလုံးထာဒေသခံများ လက်မခံ



|Dawei Watch| ထားဝယ်၊ ဒီဇင်ဘာ ၅
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ ဆက်စပ်စီမံကိန်းတစ်ခုဖြစ်သည့် နှစ်လမ်းသွား မော်တော်ကားလမ်းမ စီမံကိန်းကြောင့် ထိခိုက် နစ်နာမည့် ကျေးရွာများအနက် တစ်ရွာဖြစ်သည့် ကလုံးထားကျေးရွာက ယင်းလမ်းနှင့် ပတ်သက်သည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ထိခိုက်နစ်နာနိုင်ခြေစစ်တမ်း(EIA) ပြုလုပ်ရာတွင် ဒေသခံများ ပါဝင်ခွင့် မရသည့်အတွက် လက်ရှိပြီးစီးနေသည့် အဆင့်အထိ EIA ရလဒ်အား လက်မခံနိုင်ဟု ကလုံးထာ ရွာသူ/သားများက ပြောသည်။
ယင်းနှစ်လမ်းသွားလမ်းမ စီမံကိန်းသည်  ၁၃၈ကီလိုမီတာ အရှည်ရှိပြီး ထားဝယ်-ထိုင်း ယခင်လမ်းဟောင်း ၁၈ကီလိုမီတာ နေရာတွင် စပြီး မြန်မာ-ထိုင်းနယ်စပ် ထီးခီးကျေးရွာရှိ ယခင်လမ်းဟောင်း ၁၅၆ကီလိုမီတာ နေရာအထိ အဆင့်မြင့်တင် ဖောက်လုပ်မည့် စီမံကိန်းတစ်ခုဖြစ်သည် ဟု သိရသည်။
တချို့နေရာများတွင် ယခင်ဖောက်ထားသည့် လမ်းအူကြောင်းနှင့် တူမည်ဖြစ်ပြီး တချို့နေရာများတွင် လမ်းကြောင်း ပြောင်းလဲကာ အသစ်ဖောက်မည်ဟု သိရသည်။
စီမံကိန်းမဖော်ဆောင်မီ TEAM Consulting Engineering and Management ကုမ္ပဏီ ပညာရှင်များနှင့်သာ ပတ်ဝန်းကျင် ထိခိုက်နိုင်ချေများကို လေ့လာဆန်းစစ်လျက်ရှိပြီး ဒေသခံများနှင့် ပူးပေါင်း မလုပ်သည့်အတွက် ဒီဇင်ဘာလ ၃ရက်က ကလုံးထာ ကျေးရွာမှ ဒေသခံ များနှင့် ယင်းကုမ္ပဏီမှ တာဝန်ရှိသူတို့ တွေ့ဆုံစဉ် ဒေသခံများက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
"ဒေသခံတွေ မပါဘဲ လက်ရှိ လုပ်ထားတဲ့ EIA ရလဒ်ကို လက်မခံနိုင်ဘူး"ဟု ကလုံးထာကျေးရွာဖွံ့ဖြိုးရေးနှင့် အသိပညာ တိုးပွားရေးကို လုပ်ဆောင်လျက်ရှိသည့် ရွာသားတစ်ဦးဖြစ်သူ ကိုစုပိုင်ထွေးက ဆိုသည်။ 
EIA စစ်တမ်း ကောက်ယူအချိန်တွင် ရွာသားများနှင့်ညှိနှိုင်းပြီး လုပ်ဆောင်ရန်နှင့် လုပ်ငန်း မစတင်မီ နှစ်ပတ်ကြိုတင် အသိ ပေးရန်၊ EIA လုပ်ဆောင်ပြီး ရလဒ်များအား ရွာသားများကို ချပြရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလက TEAM ကုမ္ပဏီနှင့် ဒေသခံတို့ တွေ့ဆုံအချိန်ပြောဆို ထားသော်လည်း ကုမ္ပဏီမှ လိုက်နာဆောင်ရွက်ခြင်းမရှိ ယင်းစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိလာမည်ကို စိုးရိမ်ကြောင်း ကလုံးထာကျေးရွာမှ ရပ်မိရပ်ဖ ဦးလှရွှေက ပြောသည်။
ယင်းလမ်း EIA နှင့် ပတ်သက်ပြီး လက်ရှိ ပြီးစီးနေသည့် အဆင့်အထိ နေပြည်တော်သို့ တင်ပြထားပြီး ယင်းနောက်တွင် ဒေသခံ များအား ချပြမည်ဖြစ်ကာ နောက်ပိုင်း အဆင့်များတွင် ဒေသခံများနှင့် ပူးပေါင်း လုပ်ကိုင်သွားမည်ဟု TEAM Consulting Engineering and Management ကုမ္ပဏီက  သဘာဝပတ်ဝန်း ကျင်ပညာရှင် အမျိုးသမီး Yongyut Khonchantetက ပြောသည်။
ဒေသခံများက လက်ရှိ ပြီးနေသည့် ဒေသခံများ မပါဘဲလုပ်ထားသည့် အဆင့်များကို ဒေသခံများ ပူးပေါင်းမှုဖြင့် အစက ပြန်လုပ်ရန် ပြောသော်လည်း ကုမ္ပဏီဘက်ကမူ ယခင်ပြုလုပ်ပြီးဖြစ်သည့်အဆင့်များကို ပြန်လုပ်ရန် မဖြစ်နိုင်ကြောင်း ရှင်းပြသည်။
"ပြောသွားသလို လက်တွေ့ကျကျ ဖြစ်လာ မလားဆိုတာ စောင့်ကြည့်ရမယ်"ဟု ကိုစုပိုင်ထွေးက ဆိုသည်။
စီမံကိန်း လုပ်ဆောင်ပါက ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ ဒေသခံများ နှင့်ပူးပေါင်းကာ လုပ်ဆောင်ခြင်းတို့ကို EIAစစ်တမ်းကောက်ယူမည့် ကုမ္ပဏီက လုပ်ဆောင်ရန်လိုပြီး ဘက်လိုက်မှုမရှိဘဲ လုပ်ဆောင်ရန် လိုအပ် ကြောင်း ၄င်းက ထောက်ပြသည်။
ယင်းတွေ့ဆုံပွဲတွင် လက်ရှိ ပြုလုပ်ထားသည့်  ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းအား ကန့်ကွက်ကြောင်း အိတ်ဖွင့်စာကို TEAM  Consulting Engineering and Management ကုမ္ပဏီမှ တာဝန်ခံထံ ကလုံးထာ ရွာသူ/ရွာသားများက ပေးခဲ့ကြသည်။
အဆိုပါ လမ်းစီမံကိန်းကြောင့် ထိခိုက်နစ်နာမည့် ကျေးရွာ ၁၅ ရွာထက်မနည်းရှိပြီး ယင်းကျေးရွာများတွင် အထက်ပါ EIA နှင့် ပတ်သက်သည့် တွေ့ဆုံပွဲများကို ကုမ္ပဏီက ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
Dawei Watch

Miss Supranational 2015 (ရုပ်- သံ)


Full results:
Miss Supranational 2015: Stephania Stegman, PARAGUAY
1st runner-up: Sierra Bearchell, CANADA
2nd runner-up: Monica Castano, COLOMBIA
3rd runner-up: Tanja Yr, ICELAND
4th runner-up: Karina Martin, MEXICO

Final 10:
6-Petra Denkova, SLOVAK REPUBLIC (Miss Supranational Europe)
7-Aafreen Rachel Vaz, INDIA (Miss Supranational Asia & Oceania)
8-Christiana Fischer, AUSTRALIA
9-Angie Keith, PANAMA (Miss Supranational Americas)
10-Tanisha Demour, MALAYSIA
Top 20:
11- Rachel Nimegeer, BELGIUM
12- Regina Harding, JAMAICA
13- Tatana Makarenko, CZECH REPUBLIC
14- Rogelie Catacutan, PHILIPPINES
15- Sonia Gisa, RWANDA (Miss Supranational Africa)
16- Margaret Muchemi, KENYA
17- Mieko Takeuchi, JAPAN
18- Kelly Kirstein, UNITED STATES
19- Ada Sztajerewoska, POLAND
20- Bawk Nu, MYANMAR
Special Awards:
Top Model: Monica Castano, COLOMBIA
Best Body: Angie Keith, PANAMA
Miss Photogenic: Tatana Makarenko, CZECH REPUBLIC
Miss Internet: Bawk Nu, MYANMAR
Miss Friendship: Helena Desmarais, MAURITIUS
Miss Elegance: Natalia Nunez, GIBRALTAR
Miss Personality: Maria Antonia Nach Teruel, EQUATORIAL GUINEA
Best National Costume: Gresya Amanda Maaliwuga, INDONESIA
Miss Warsaw Expo: Raquel Bonilla, SPAIN
Miss Moto Show: Madli Vilsar, ESTONIA
Miss Fashion City: Karina Martin, MEXICO
Most Beautiful Evening Gown: Bawk Nu, MYANMAR
Best Social Media: Le Quyen, VIETNAM
Global Beauties´Woman of Substance: Sierra Bearchell, CANADA
Close calls:
21- Lorena Larriviere, PERU
22- Raquel Bonilla, SPAIN
23- Shaunika Frith, TRINIDAD & TOBAGO
24- Gresya Amanda Maaliwuga, INDONESIA
25- Tina Schnitzer, CHILE
26- Ingrid Franco, DOMINICAN REPUBLIC
27- Natalia Nunez, GIBRALTAR
28- Hodaya Cohen, ISRAEL
29- Kawtar Riahi Idrissi, MOROCCO
30- Le Quyen, VIETNAM
Congratulations, all 82 candidates are winners!! Welcome to the Miss Supranational family, Stephania Stegman!!

ဒေါ်စုနှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ တွေ့ဆုံခဲ့ဟု သတင်းများထွက်ပေါ်

   ဒီဇင်ဘာ ၄ ရက်နေ့ ။ နေပြည်တော်

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့   ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းက  နေပြည်တော် စစ်ဦးစီးဌာနချုပ် ရုံးမှာ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်နေပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံမှုအပြီးမှာ ဒီသတင်းထွက်ပေါ်လာတာပါ။
ဦးသန်းရွှေဟာ လက်ရှိ အစိုးရနဲ့ တပ်မတော်အပေါ် သြဇာ လွှမ်းမိုးထားဆဲပဲလို့ ယူဆကြတဲ့အတွက် ဒါဟာ ရွေးကောက်ပွဲအလွန် နောက်ထပ် အရေးကြီးတဲ့ နိုင်ငံရေး တွေ့ဆုံမှု ဖြစ်ဖွယ်ရှိပါတယ်။
ဒီလို တွေ့ဆုံဖြစ်အောင် စစ်အစိုးရခေတ်က နံပါတ် ၃ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ လက်ရှိ ပြည်ထေင်စု လွှတ်တော် နာယက ဦးရွှေမန်းက  ကြားဝင် စီစဉ်ပေးခဲ့တယ်ဆိုပြီး သတင်းတွေမှာ ခန့်မှန်းဖော်ပြပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ သီးခြား အတည်မပြုနိုင်ပေမယ့် ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာတော့ ဒီဇင်ဘာ ၂၊ ၃၊ ၄ တွေ့ဆုံပွဲတွေကို ရည်ညွှန်းပြီး အသိပေး မေတ္တာရပ်ခံစာ တစောင်ကို ထုတ်ပြန်ထားပါတယ်။
အဲဒီ စာထဲမှာ လက်ရှိအချိန်မှာ လူတစုအကျိုး၊ တပါတီ အကျိုးထက်  ပြည်ထောင်စု အကျိုးစီးပွားကို ကြည့်ပြီး ဆောင်ရွက်နေသူတွေ ရှိနေပြီ၊ ဒီလိုလူတွေကို ပြည်သူတွေက အားပေး ချီးမြှောက်ပေးပါဆိုပြီး တိုက်တွန်းထားပါတယ်။
နိုဝင်ဘာလ နှောင်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တဲ့  ဦးသန်းရွှေရဲ့ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်ကလည်း သူ့အနေနဲ့ တတ်နိုင်တဲ့ဘက်က အကောင်းဆုံးဖြစ်အောင် တိုင်းပြည်အကျိုး သယ်ပိုးထမ်းရွက်ပါမယ့်အကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က  သူ့ရဲ့  ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Friday, December 4, 2015

အငှားယာဉ် လုယက်ယူဆောင်မှုကို ဖော်ထုတ်ရင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ လူသတ်မှု ပါ ပေါ်ပေါက်




ရန်ကုန်၊ ဒီဇင်ဘာ ၎

၂၂.၁၁.၂၀၁၅ ရက်နေ့ ၀၂၄၅ အချိန်ခန့်တွင် တာမွေမြို့နယ်နေ ဒေါ်ဌေးဌေးဦး သည် ၎င်း၏ခင်ပွန်းဖြစ်သူ အငှားယာဉ်မောင်း ဦးမောင်မောင်မြိုင်မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းပေါ်တွင် ဒဏ်ရာများ ဖြင့်သေဆုံးနေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ ခင်ပွန်း ဖြစ်သူမောင်းနှင်သည့်အငှားယာဉ်မှာ မောင်းမကန်လမ်းပေါ်တွင်ရပ်ထားသော လိုက်ထရပ် ယာဉ်ကိုနောက်ဘက်မှ ၀င်ရောက်တိုက်မိထားပြီး ယာဉ်၏ယာဘက်ဘေးမြေပြင်တွင် ခင်ပွန်းဖြစ်သူမှာ လည်ပင်းဝဲဘက်နှင့် ညှပ်ရိုးကြား ထိုးသွင်းဒဏ်ရာ၊ လည်ပင်းပွန်းခြစ်ဒဏ်ရာများရရှိကာ သေဆုံး နေသည်ကိုတွေ့ရှိရသဖြင့် အရေးယူပေးပါရန်တိုင်တန်းခဲ့၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၅၉၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ် ခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အဆိုပါအမှုအားစုံစမ်းလျက်ရှိစဉ် ၂၅.၁၁.၂၀၁၅ ရက်နေ့ ၂၃၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဦးမောင်မောင်၏အငှားယာဉ်အား လူငယ် (၃)ဦးမှ ငှားရမ်းစီးနင်းပြီး ယာဉ်မောင်းကို ရိုက်နှက်ထိုးကြိတ်၍ ယာဉ်အား  လုယက်ယူဆောင်သွားမှုထပ်မံဖြစ်ပွားခဲ့သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မ ရဲစခန်း(ပ)၆၈၇/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဖော်ထုတ် ခဲ့ရာမှ ပြစ်မှု ကျူးလွန်သူများဖြစ်သည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဖိုးခွား(ခ)ဖြိုးသဲအား ၁.၁၂.၂၀၁၅ ရက် နေ့တွင်လည်းကောင်း၊ ကြွက်ပေါက် (ခ)နိုင်လင်းထွန်းအား ၂.၁၂.၂၀၁၅ ရက်နေ့တွင်လည်းကောင်း ဖမ်းဆီးရမိ ခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ အဖိုးကြီး(ခ)ကျော်ကြီး (ခ)ကျော်ဇင်မင်းထွန်းအား  ၂.၁၂.၂၀၁၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၌ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။

ယင်းအမှုမှ ကျူးလွန်သူ ဖိုးခွား(ခ)ဖြိုးသဲ၊ ကြွက်ပေါက်(ခ)နိုင်လင်းထွန်း၊ အဖိုးကြီး(ခ)ကျော်ကြီး(ခ)ကျော်ဇင်မင်းထွန်းတို့(၃)ဦးနှင့် ၁.၁၂.၂၀၁၅  ရက်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းတွင် လက်နက်များအက် ဥပဒေပုဒ်မ -၁၉(င)ဖြင့် အရေးယူထားရှိသော ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေ မှတ်ကြီ(ခ)ကိုထက်တို့မှာ အတူတကွ လုယက်မှုကျူးလွန်ထားကြောင်း ဆက်စပ်သတင်းအချက်အလက်များရရှိခဲ့သဖြင့် ၎င်းတို့(၄) ဦးကို တိုက်ဆိုင်စစ်ဆေးမှု များပြုလုပ်ခဲ့ပါသည်။

ယင်းသို့စစ်ဆေးချက်များအရ ၎င်းတို့(၄)ဦးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း(ပ)၅၉၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ အမှုအားကျူးလွန်ခဲ့ကြောင်း၊ အခင်းဖြစ်သည့် ၂၁.၁၁.၂၀၁၅ ရက်နေ့တွင် လုယက်မှုကျူးလွန်ရန်တိုင်ပင်ခဲ့ကြပြီး ဒဂုံမြို့သစ်(အရှေ့)မြို့နယ်အတွင်း လှည့်လည်သွားလာနေရာမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းသို့ရောက်ရှိခဲ့ကြောင်း၊ ၂၃၃၀ အချိန်ခန့်တွင် တောင်မြောက်လမ်းဆုံဘက်သို့ လမ်းလျှောက်လာစဉ် ပြည်ထောင်စုလမ်းအတိုင်းမောင်းနှင်လာသည့် အငှားယာဉ်(၁)စီးအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရုံးလမ်းကားမှတ်တိုင်သို့ ငှားရမ်းစီးနင်းခဲ့ကြောင်း၊ပြည်ထောင်စုလမ်းမရှိ မ၀တလမ်းဆုံမီးပွိုင့်သို့ရောက်ရှိစဉ် အငှားယာဉ်မောင်းနှင့် စကားများခဲ့ကြပြီး အခင်းဖြစ်နေရာအနီးအရောက်တွင် ယာဉ်မောင်းအားဝိုင်းဝန်းချုပ်နှောင်ကာ ကြွက်ပေါက်(ခ) နိုင်လင်းထွန်းမှ လည်ပင်းအားဓါးဖြင့်ထိုး၍ ယာဉ်မောင်းကို နောက်ခန်းသို့ ရွှေ့ခဲ့ကြောင်း၊ ယင်းနောက် ဖိုးခွား(ခ)ဖြိုးသဲမှ ကားစက်နှိုးပြီးမောင်းနှင်စဉ် ရပ်ထားသော လိုက်ထရပ်ယာဉ်၏နောက်ပိုင်းအား ၀င်ရောက်တိုက်မိခဲ့ကြောင်း၊ ၎င်းတို့မှ ယာဉ်မောင်းအား လမ်းဘေးသို့ဆွဲချထားခဲ့ပြီး ယာဉ်မှာလည်း မောင်းနှင်မရသဖြင့် ထားခဲ့ကာ ထွက်ပြေးခဲ့ကြကြောင်းပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဖိုးခွား(ခ)ဖြိုးသဲ၊ ကြွက်ပေါက်(ခ)နိုင်လင်းထွန်း၊ အဖိုးကြီး(ခ)ကျော်ကြီး(ခ)ကျော်ဇင်မင်းထွန်းနှင့်မှတ်ကြီး(ခ)ကိုထက်တို့(၄)ဦးအား အမှုများဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

( Yangon Police )

https://www.facebook.com/yangonpolice

မူးယစ်ရာဇာ ဝေရှောက်ခမ် မြန်မာ့ကျောက်စိမ်းလုပ်ငန်းတွင် သြဇာရှိသူတဦးဖြစ်နေ


အရှေ့တောင်အာရှက နာမည်ဆိုးနဲ့ အကျော်ကြားဆုံး မူးယစ်မှောင်ခိုရာဇာ ဝေရှောက်ခမ်ဟာ မြန်မာ့ကျောက်မျက်တူးဖော်ရေးလုပ်ငန်းမှာ အဓိက သြဇာရှိတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်နေတယ်လို့ ယူကေအခြေစိုက် Global Witness အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ ထုတ်ပြန်တဲ့ ကျောက်စိမ်းဘုရင်အမည်ရှိ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ဝေရှောက်ခမ်ဟာ ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူး ကုမ္ပဏီတွေ အတော်များများကို ချုပ်ကိုင်ထားသူဖြစ်တယ်လို့လည်း ဆိုပါတယ်။
ယခင်စစ်အာဏာရှင်အစိုးရက ယူဒဗလျူအက်စ်အေ ၀တပ်ဖွဲ့နဲ့ အပစ်ရပ်စဲပြီးနောက်  ဝေရှောက်ခမ်ရဲ့ ကုမ္ပဏီတွေကို ကျောက်စိမ်းတူးဖော်ရေးလိုင်စင်တွေ ချပေးခဲ့တဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ဖားကန့်ဒေသမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ မြေစာပုံပြိုကျမှုဟာ ဝေရှောက်ခမ်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတခုက စွန့်ပစ်ထားတဲ့ မြေစာပုံ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ရေးပါတယ်။
ဝေရှောက်ခမ်ကို ဖမ်းဆီးဖို့ အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်း ဆုငွေထုတ်ထားတာဖြစ်ပြီး ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တွေမှာ ဝေရှောက်ခမ်ရဲ့ ကျောက်စိမ်းစီးပွားရေးတွေကိုလည်း ပိတ်ဆို့ဒဏ်ခတ်ထားတာပါ။
Global Witness အဖွဲ့ရဲ့ သုတေသီ ဂျူမန်ကူဘာကတော့ မြန်မာအစိုးရသစ်နဲ့ နိုင်ငံတကာ မိတ်ဆွေတွေအနေနဲ့ မြန်မာ့ကျောက်စိမ်းစီးပွားရေးလုပ်ငန်း ပြုပြင်ပြောင်းလဲရေးအတွက် လမ်းပြမြေပုံ အစီအစဉ်တခုကို အမြန်ဆုံး ထိုင်ဆွေးနွေး လုပ်ဆောင်သင့်တယ်လို့  ဒီအစီရင်ခံစာနဲ့  ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။
Global Witness အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ကလည်း ကျောက်စိမ်း သို့မဟုတ် မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီအစီရင်ခံစာမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တခြား နာမည်ဆိုးနဲ့ ကျော်ကြားသူတွေရဲ့ မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေဟာ နိုင်ငံရဲ့ အဖိုးအတန်ဆုံး သဘာဝအရင်းအမြစ်နဲ့ ကျောက်မျက်ရတနာတွေကို စိတ်ကြိုက်ရွေးယူပြီး ကိုယ်ကျိုးအတွက် အကျိုးအမြတ် ထုတ်နေတယ်လို့ စွပ်စွဲပါတယ်။
ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူးဟောင်းနဲ့ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းကတော့ ဒီအစီရင်ခံစာပါ အချက်အလက်တွေ မဟုတ်မှန်ကြောင်  ငြင်းဆိုထားပါတယ်။
DVB

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

 
 ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်
Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာအနီးမှာ PSLF/TNLA တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်မတော်တို့ ဒီနေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
တအာင်းလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၉၈၇ က ကွင်းစလန်းကျေးရွာအနီး ဖြတ်သန်းသွားလာစဉ်မှာ အစိုးရတပ်မတော် တပ်မ ၇၇ က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNLA က ဗိုလ်ကြီးတာအိုက်ကျော် က ပြောပါတယ်။
"ကွင်းစလန်းကျေးရွာ အထက်နားမှာ ကျနော်တို့အဖွဲ့က ဖြတ်သွားတဲ့အချိန်ကျတော့ အစိုးရတပ်ဖွဲ့နဲ့ ကျနော်တို့ရှိတဲ့တပ် တက်လာတဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်တာပေါ့၊ ကျနော်တို့တပ်ဖက်က ထိခိုက်မှုမရှိဘူး၊ အစိုးရဖက်က ထိခိုက်မှုရှိတယ်"
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ရှမ်းပြည်နယ် ကွတ်ခိုင်၊ မန်တုံ၊ နမ့်စမ်နဲ့ ကျောက်မဲမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ တအာင်းပလောင်လွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲတွေ အကြိမ် ၂ဝ ခန့်ဖြစ်ပွားခဲ့တယ်လို့လည်း ဗိုလ်ကြီးတာအိုက်ကျော်က ပြောပါတယ်။
TNLA အဖွဲ့ဟာ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီတပ်တွေနဲ့လည်း နမ့်ဆန်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အစိုးရက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့အတွက် PSLF/TLNA တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် ၊ AA ရခိုင်တပ်မတော် ၊MNDAA ကိုးကန့်တပ်မတော်တို့ကို မဖိတ်ကြားခဲ့ပါဘူး။
RFA