မြန်မာ့လက်ရွေးစင်နဲ့စင်ကာပူအသင်းတို့ရဲ့ AYA Bank Cup ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စင်ကာပူအသင်းက ပွဲချိန် ၃၄ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
မြန်မာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ကျော်ကိုကိုနဲ့ ကြည်လင်းပါဝင်လာခြင်းမရှိဘဲ ဂိုးသမားအဖြစ် ကျော်ဇင်းဖြိုး၊ နောက်တန်းမှာ ဟိန်းသီဟဇော်၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ မျိုးကိုထွန်း၊ ကွင်းလယ်ဗဟိုမှာ ရန်အောင်ကျော်နဲ့ရဲကိုဦး၊ ဘယ်တောင်ပံမှာ မောင်မောင်လွင်၊ ညာတောင်ပံမှာ ဒေးဗစ်ထန်၊ တိုက်စစ်မှာတော့ သန်းပိုင်နဲ့အောင်သူတို့ကစားခဲ့ပါတယ်။
စင်ကာပူကလည်း ၀ါရင့်တိုက်စစ်မှူး အီရှက်ကို ပွဲထွက်စာရင်းမှာ မသုံးခဲ့တာကလွဲလို့ ဟာရစ်ဟာရမ်၊ ရမ်မလီ၊ ဘဟာရူဒင်၊ အာမတ်နာဇရီ စတဲ့အမာခံ ကစာသမားတွေနဲ့ပွဲထွက်လာတာပါ။
မြန်မာအသင်းဟာ ပွဲစကတည်းက စင်ကာပူအသင်း ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်အမြောက်အမြားလည်း ရရှိခဲ့ပါတယ်။
စင်ကာပူ ကတော့ ဘယ်တောင်ပံက ဘင်ရန်မလီကိုပဲ အားပြုကစားခဲ့ပြီး တန်ပြန်တိုက်စစ်တချို့နဲ့မြန်မာဘက်ကို ဖိအားပေးပါတယ်။
ပွဲချိန်နှစ်မိနစ်မှာပဲ သန်ပိုင် ဂိုးသမားနဲ့တစ်ဦးချင်း ကန်ခွင့်ရပေမယ့် ဂိုးသမားထိထွက်ခဲ့လို့ နစ်နာခဲ့ရတယ်။ ၁၂ မိနစ်မှာလည်း မောင်မောင်လွင် ကန်ခွင့်ရပေမယ့် ဂိုးသမားကာ ကွယ်နိုင်ခဲ့တယ်။ ၁၅ မိနစ်မှာလည်း ရဲကိုဦး ဖရီးကစ်ကနေ အောင်ဇော်ပြေးထွက်ပြီး အလိုက်သင့်ခေါင်းတိုက်ပေမယ့် စင်ကာပူ ဂိုးသမားပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ၁၉ မိနစ်မှာလည်း အောင်သူ ဧရိယာထိပ်နားက အပိုင်ကန်ခွင့်ရပေမယ့် နောက်ခံလူနဲ့ထိထွက်ခဲ့လို့ နစ်နာခဲ့ရပြန်တယ်။
စင်ကာပူကတော့ တန်ပြန်တိုက်စစ်နဲ့သာကစားနေရပြီး တစ်ရံတခါမှာသာ ဘယ်ခြမ်းက ရမ်မလီရဲ့ တိုးအားတွေကို မြန်မာနောက်တန်းကာကွယ်ခဲ့ရတယ်။ ပွဲချိန် ၃၄ မိနစ်မှာတော့ ရမ်မလီကပဲ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ကန်သွင်းခဲ့လို့ စင်ကာပူအသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။
ပထပိုင်းပြီးခါနီးတွေမှာ မြန်မာတိုက်စစ်ဆင်ကစားပေမယ့် မထိရောက်ခဲ့ဘဲ စင်ကာပူရဲ့တိုက်စစ်ကိုလည်း ကာကွယ်မှုတွေပြုလုပ်ခဲ့ရတယ်။
ဒုတိယပိုင်းအစမှာ မျိုးကိုထွန်းကိုထုတ်ပြီး ကြည်လင်းနဲ့ လူစားလဲခဲ့ပါတယ်။ ကြည်လင်းဝင်လာပြီးနောက်ပိုင်း မြန်မာတိုက်စစ်ပိုမိုအားကောင်းလာပေမယ့် ဂိုးဖြစ်အောင်တောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ကြည်လင်းရဲ့ အဝေးကန်ချက်တွေကိုလည်း စင်ကာပူ ဂိုးသမား ကာကွယ်ပုတ်ထုတ်သွားခဲ့ပါတယ်။
ပွဲချိန် ၅၈ မိနစ်မှာ မောင်မောင်လွင်အစား ကျော်ကိုကို လူ စားလဲကစားစေခဲ့ပြီး တိုက်စစ်အပြောင်းအလဲလုပ်ခဲ့ပါတယ်။
မြန်မာအသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဆက်လက်ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပေမယ့် ခြေပဂိုးနဲ့တော့ ဝေးကွာနေခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ
မြန်မာနည်းပြဂတ်က ဆောင်လမ်မန်ကို ထည့်ပြီး တိုက်စစ်အပြောင်းအလဲ လုပ်ခဲ့ပေမယ့် တိုက်စစ်ကအချိတ်အဆက်လွဲနေခဲ့တာကြောင့် ချေပဂိုးနဲ့ဝေးကွာခဲ့ရတယ်။
မြန်မာအသင်းအနေနဲ့ ဒုတိယပိုင်းတစ်ပိုင်းလုံးမှာ ဂိုးပေါက်ကန်ချက် ၆ ကြိမ်လောက်ရခဲ့ပေမယ့် စင်ကာပူဂိုးသမားကာကွယ်နိုင်ခဲ့သလို အဆုံးသတ်ပိုင်း လိုအပ်ချက်တွေလည်းရှိခဲ့လို့ စင်ကာပူရဲ့ ဦးဆောင်ဂိုးကို ပြန်လည်ချေပနိုင်ခြင်းမရှိဘဲ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။
ဒီပွဲအရှုံးကြောင့် မြန်မာအသင်းဟာ စင်ကာပူနဲ့နောက်ဆုံး ၇ ကြိမ်ဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။ နိုင်ပွဲရခဲ့တဲ့ စင်ကာပူအသင်းဟာ ဇွန်လ ၆ ရက်မှာ AYA Bank Cup ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်အသင်း နဲ့ ကစားရမှာဖြစ်ပြီး မြန်မာအသင်းကတော့ ဟောင်ကောင်အသင်းနဲ့ တတိယလုပွဲအဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
DVB