Pages

Saturday, April 9, 2016

တနင်္သာရီတိုင်းအတွင်း လွတ်ရက်ပြည့်နှင့် လွတ်ရက်နီးသည့် အကျဉ်းသား ၉၆ဦး လွှတ်



Dawei Watch| ထားဝယ်၊ ဧပြီ ၈

တနင်္သာရီတိုင်းအတွင်း အကျဉ်းထောင် သုံးခုနှင့် စိုက်ပျိုးမွေးမြူရေးစခန်းတို့မှ လွတ်ရက်နီးကပ်နေပြီဖြစ်သည့် အကျဉ်းသားများနှင့် လွတ်ရက်ပြည့် အကျဉ်းသား ၉၆ဦးတို့အား ဧပြီလ ၈ ရက် မနက်ပိုင်းတွင် လွှတ်ပေးလိုက်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား ၂၅ဦးအပါအ၀င် မြိတ်၊ ကော့သောင်းအကျဉ်းထောင်နှင့် ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးစခန်းတို့မှ လွတ်ရက်ပြည့်နှင့် ဧပြီလ ၉ ရက်မှ ဧပြီလ ၂၀ ရက်အတွင်းလွတ်မည့် လွတ်ရက်နီး အကျဉ်းသား ၉၆ဦး လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး နိုင်ငံတော်အဆင့် လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ သင်္ကြန်ကာလ ရုံးပိတ်ရက်ဖြစ်သည့်အတွက် လွတ်ရက်နီးသည့် အကျဉ်းသားများကို ကြိုလွှတ်လိုက်ခြင်းဖြစ်သည်ဟု ထားဝယ်အကျဉ်းထောင်မှ ဦးစီးအရာရှိ ချိုအေး ကဆိုသည်။

“နိုင်ငံတော်အဆင့်နဲ့ လွှတ်တာမဟုတ်ဘူး၊ မီဒီယာတွေက တလွဲအော်နေကြတာ” ဟု ဦးစီးအရာရှိ ချိုအေး ကပြောသည်။

တူဖြစ်သူအား ထောင်ဝင်စာ ပုံမှန်လာတွေ့နေသည့်အတွက် ဧပြီလ ၈ ရက်နေ့တွင် လွတ်မည်ဟု ကြိုသိနေသည့်အတွက် လာစောင့်နေခြင်းဖြစ်သည်ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ကဆိုသည်။

“အကုန်လုံး လွတ်ရက်စေ့တဲ့သူတွေချည်းပဲလို့ကြားတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ထားဝယ်အကျဉ်းထောင်မှ ကျား၂၂ ဦး၊ မ ၃ ဦးအပါအ၀င် တိုင်းဒေသကြီးအတွင်းရှိ အကျဉ်းသား ကျား၈၇ ဦးနှင့် မ ၉ဦးအား ဧပြီလ ၈ရက်နေ့တွင် လွှတ်ပေးခဲ့ကြောင်း ထားဝယ်အကျဉ်းထောင်ထံမှ သိရသည်။

Dawei Watch

ဧရာဝတီမြစ်ရဲ့အသံတွေ ပြန်ကျယ်လောင်လာလေတော့ ကျွန်တော့အမြင်အရတော့ ကောင်းမွန်ပြည့်စုံတဲ့ ဆန်းစစ်ချက်ကို SOP ကိုက်ညီအောင် မလုပ်ပဲ လုပ်ငန်းစခဲ့တဲ့အတွက် တရားဥပဒေအရ ကျွန်တော်တို့ကတောင်ပြန် တရာစွဲ အရေးယူသင့်တယ်။


မောင်ထွန်းလွင် (၉-၄-၂၀၁၆ - ည(၈း၅၄)နာရီ)

ငယ်ငယ်က အမေဆုံးမခဲ့တဲ့စကားနဲ့ ဧရာဝတီမြစ်ကြီးရဲ့ဒိုင်ယာရီ
မောင်ထွန်းလွင် (မိုးလေ၀သ)
ငယ်ငယ်က အမေဆုံးမခဲ့တဲ့ စကား။
ကျွန်တော်ငယ်ငယ်က ကျွန်တော့်အမေ ဆုံးမခဲ့တဲ့ စကားတစ်ခုရှိခဲ့ပါတယ်။ “အိမ်နီးချင်းကလေးတွေ ဆုံးမခံနေရတာမြင်ရရင်၊ အိမ်က..ကလေးတွေက လိမ်မာရတယ်” တဲ့။ အဲဒီလို သင်လွယ်။ တတ်လွယ်၊ နားလည်လွယ်တဲ့ လိမ်မာပါးနပ်မှုရှိတဲ့ကလေးတွေဟာ အသားမနာပဲ အဖိုးတန်တဲ့ သင်ခန်းစာကောင်းတွေကို ရနိုင်တယ်တဲ့။ အသားနာမှ လိမ်မာလာရတာ၊ သင်ယူတတ်မြောက် လာရတာဟာ တိရိစ္ဆာန်နဲ့ မထူးဘူးတဲ့။
အိမ်နီးချင်းအိမ်က မြစ်ကြီးတစ်စင်းရဲ့ ဒိုင်ယာရီ။
ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးဟာ ကမ္ဘာ့အံ့ဖွယ် တစ်ပါးဖြစ်တဲ့အပြင် ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်းလည်း ဖြစ်တယ်။ အဲဒီမြစ်ကြီးကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင်သဘာဝ တရားကြီး တစ်ခုလုံးကို မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့် လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အထင်ရှားဆုံး သဘာဝသယံဇာတ ၁၀ ခုထဲမှာ တစ်ခုပါနေပြီ။ နောက်နှစ်အနည်းငယ်မှာ.. ယန်စီဆိုတာ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီနဂါးကြီးတွေလို.. ရှေးဟောင်းစာပေကျမ်းဂန် တွေထဲမှာပဲ ရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့။
ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှု လုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော် ရှည်တဲ့ ရေကာတာကြီးကြောင့်၊ အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရသလို ဖြစ်ခဲ့ရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။ ယန်စီရေကာတာ ကြီးရဲ့ သက်တမ်းဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေမှာ… ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။ ယန်စီမြစ်တစ်လျှောက်က biodiversity တစ်ခုလုံးလည်း ပျောက်ဆုံး သွားတော့မှာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှု လောဘတွေကြောင့် ပတ်ဝန်းကျင်ရေးရာ ပြဿနာတွေနဲ့တိုင်းပြည်။
အဲဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ အခြား အခရာ မြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River), Songhua River, Huai River, Hai River နဲ့ Liao River တွေဟာလည်း ဖျက်ဆီးခြင်း ခံခဲ့ရတယ်။ ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်လာတယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။
ရေမလွှတ်တာကြာတဲ့ မြစ်တွေဟာ ကျဉ်းသွားတယ်၊ တိမ်သွားတတ်တယ်။ နေရောင်အောက်မှာ အရှင်လတ်လတ် အကြာကြီးနေဖုတ်ခံရတဲ့ ကမ်းပါးတွေဟာ မာခဲသွားတော့တယ်။ အဲသလို မာခဲသွားတဲ့အတွက်… ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါတွေမှာ.. ကမ်းပါးမြေဟာ ရေကိုမစုပ်နိုင်တော့ဘူး။ ရေကို မစုပ် နိုင်တဲ့အတွက် မြစ်တွေရေလျှံတယ်။ လူတွေ ဒုက္ခရောက်ကြတယ်။ မြစ်ရေလျှံခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့… သူတို့လူတွေ ဒုက္ခရောက်တဲ့အခါမှာ.. အနည်းငယ်အမြင်မှန် ရသယောင်ဖြစ်လာတယ်။ ယန်စီမြစ်ကို အသက်ပြန်သွင်းဖို့ အစွမ်းကုန် ကြိုးစားတယ်။ ဒါပေမယ့် ….
ဒါပေမယ့် …… အချိန် မမှီတော့ဘူး။
အရှည်မတည်တံ့နိုင်တဲ့ … ဖွံ့ဖြိုးတိုးတက်မှု
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တိုင်းပြည်ထဲမှာ ရေကာတာအများဆုံးတိုင်းပြည်ဖြစ်လာလို့ ပတ်ဝန်းကျင်ရေးရာပညာရှင်များက ၀ိုင်းသတိပေးတာကို နားမထောင်ခဲ့ဘူး။ သူတို့တွေဆောက်တဲ့ ရေကာတာကြောင့် လူပေါင်း သုံးသောင်း သေဆုံးခဲ့ပြီးပြီ။ မိုးမျှော်တိုက်ကြီးတွေဘေးက ခမ်းခြောက်တိမ်ကောနေတဲ့ မြစ်တွေ ရေချိုကန်တွေ၊ မြေတွေကျွံလို့ နစ်ဝင်သွားတဲ့ မြို့ကြီးတွေ၊ အက်စစ်ရေတွေ၊ ပျောက်ဆုံးသွားတဲ့ ရှားပါးတိရစ္ဆာန်တွေဟာ.. အရှည်မတည်တံ့နိုင်တဲ့ ဖြွံ့ဖိုးတိုးတက်မှုရဲ့ သာဓကတွေပါပဲ။ယန်စီမြစ်ရေခမ်းခြင်းဟာ အနီးအနားပတ်ဝန်းကျင်က မြစ်စွယ်ပေါင်း ၃၀၀ နီးပါးနဲ့ ရေကန် ၂၆၆ ကန်ကိုလည်း ဒိုမီနိုeffect လို ဆက်ဆက်ပြီး ခမ်းခြောက်စေပါတယ်။
၂၀၀ဂ ခုနှစ်မှာ လှုပ်သွားတဲ့ ငလျှင်ကြီးဟာ Zipingpu Dam ကြောင့် ဖြစ်ရတာလို့ပြောနေတဲ့ သိပံ္ပပညာရှင်တွေရဲ့ စကားတွေကို နားပိတ်ထားကြတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် သမိုင်းတစ်လျှောက်လုံး ၇၅ GW မှ ၈၅ GW ရေပါဝါထုတ်တဲ့ အချိန်မှာ တရုတ်ပြည်ကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ၁၄၀GW ထပ်ထုတ်ပါဦးမယ်။
ပတ်ဝန်းကျင်ရေးရာ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ တိုင်းပြည်။ မကြာသေးမီကာလများအတွင်း တရုတ်နိုင်ငံအလယ်ပိုင်းမှာ မိုးခေါင်မှုကြုံတွေ့နေခဲ့ရရာ Hubei ပြည်နယ်တွင် ရေလှောင်ကန် ၁၄၀၀ ကျော်မှာ ရေများ ခမ်းခြောက်လျော့နည်းနေပြီး ရေမျက်နှာပြင်များ နိမ့်ဆင်းကျလျက်ရှိနေတဲ့အတွက် ဆည်မြောင်း လုပ်ငန်းတွေ၊ ရေပေးသွင်း လုပ်ငန်းးတွေ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတော့ပါ။ 3 Gorges Dam ကြောင့် ယန်ဇီမြစ်မှာလည်း ရေမျက်နှာပြင်များ စံချိန်တင်အောင် ကျဆင်းနေတဲ့အတွက် Dam ကြီးမှ နေ့စဉ် ရေကုဗမီတာ (၄)သန်း ထုတ်လွှတ်ပေးနေရပါတယ်။ ရုတ်တရက်ကြည့်လိုက်တော့ Dam ကြီးကိုတောင် ရေတွေလအတ်ပေးနေလို့ ကျေးဇူးတင်ရမလိုဖြစ်နေပါတယ်။ အမှန်ကတော့ ယန်ဇီမြစ်ရဲ့ ရပိုင်ခွင့်ရေတွေထဲက သူကထိပ်ကဖမ်းယူသိမ်းထားတဲ့ရေတွေကို မြစ်အောက်ဖက်မှာ မချိမဆန့် ခံစားနေကြရလို့ မတတ်နိုင်လို့ ပြန်လွှတ်ပေးလိုက်ရတာသာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုခြောက်သွေ့လာတာနဲ့အမျှ ၂၀၀၀ ခုနှစ်မှ ၂၀၀၉ ခုနှစ် (၁၀)နှစ်တာကာလအတွင်း ရေချိုရေသန့် ရရှိနိုင်မှုမှာ ၁၃% ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ မိုးခေါင်မှုတွေကိုလည်း ပိုမို ကြုံတွေ့လာခဲ့ရပါတယ်။ ဒါကြောင့် တရုတ်အစိုးရက ရေအမြောက်အများ ရရှိနိုင်မှုအပေါ် အမှီပြုနေတဲ့ ရေအားလျပ်စစ်လုပ်ငန်းတွေကို အကြီးအကျယ် တိုးချဲ့လုပ်ကိုင်ဖို့ လူထု စည်းရုံးရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။
ရေကာတာယဉ်ကျေးမှုထွန်းကားလွန်းတဲ့တိုင်းပြည်
တရုတ်နိုင်ငံဟာ ကမ္ဘာ့ရေကာတာအကြီးစားလုပ်ငန်းတွေရဲ့ ထက်ဝက်ကျော် ပိုင်ဆိုင်ထားပြီး စုစုပေါင်း ရေကာတပေါင်း ၂၅ ၈၀၀ ကျော်တည်ဆောက်ထားပြီးဖြစ်ပါတယ်။ အနောက်နိုင်ငံ များမှာ သမိုင်းစဉ်တလျှောက် ရေအားလျပ်စစ် 80 GW ထက်ကျော်လွန်ပြီး မထုတ်ကြပေမယ့် တရုတ်နိုင်ငံ ကတော့ ရှေ့သို့ပဲ ဆက်လက် ချီတက်နေပါတယ်။ ယန်ဇီမြစ်ရဲ့ မြစ်ကြောင်း တလျှောက် နဲ့ မြစ်လက်တက်တွေအားလုံးမှာ အကြီးစားရေကာတာကြိးပေါင်း (၁၀၀)ကျော် ဆောက်လုပ်ထားပြီး နဲ့ ဆောက်လုပ်စဲဖြစ်ပါတယ်။ နောက်ထပ်လည်း တရုတ်နိုင်ငံရဲ့ အနောက်တောင်ဖက်မှာ ရှိကြတဲ့ Lancang (the Upper Mekong), Nu, Hongshui and Jiulong Rivers တွေမှာ ရေကာတာ (၄၃)ခု ဆောက်ဖို့ စီမံချက် ချမှတ်ထားပြီးဖြစ်ပါတယ်။
အမှန်တော့ တရုတ်နိုင်ငံမှာ ရေအားလျပ်စစ်ထုတ်လုပ်မှုတွေကို ပြည်သူအများရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ရပ်နားထားခဲ့တာကြာပါပြီ။ ဒါပေမယ့် ၂၀၀၄ ခုနှစ်မှာတော့ တစ်ခုတည်းသော လွပ်လပ်စွာခွင့် ကျန်နေသေးတဲ့ နောက်ဆုံးလက်ကျန်မြစ်ဖြစ်တဲ့ Yunan ပြည်နယ် က Nu River အပေါ်မှာ ရေကာတာ (၁၃)ခု တည်ဆောက်ဖို့ စီမံကိန်းချမျတ်ခဲ့ရာမှာလည်း လုထုရဲ့ ဆန်ကျင်ကန့်ကွက်မှုတွေကြောင့် ရပ်တန့်သွားခဲ့ ရပါတယ်။
မဟာဗျူဟာကျလာပြန်တဲ့ ရေကာတာယဉ်ကျေးမှု
မကြာမီကတော့ တရုတ်နိုင်ငံရဲ့ (၁၂)ကြိမ်မြောက် (၅)နှစ်စီမံကိန်းချမျတ်ခဲ့ရာမှာတော့ ရေအားလျပ်စစ် လုပ်ငန်းများတည်ဆောက်ခြင်းလုပ်ငန်းတွေ ရပ်တန်းထားခြင်း ပြန်လည် ဖွင့်လှစ်ခဲ့ ပါတယ်။ ရည်ရွယ်ချက်ကတော့
(၁) ကျောက်မီးသွေး အသုံးပြုမှုကို နှစ်စဉ် ၃% လျှော့ချနိုင်ဖို့(လက်ရှိမှာ တရုတ်နိုင်ငံဟာ ယင်းရဲ့ စွမ်းးအင်ထုတ်လုပ်မှုရဲ့ရ ၇၀% ကို ကျောက်မီးသွေးမှ ရယူနေရပါတယ်)၊
(၂) ရုပ်ကြွင်းလောင်စာမသုံးတဲ့ စွမ်းအင်ထုတ်လုပ်မှုကို ၁၁.၄ % အထိမြှင့်တင်ဖို့ နဲ့
(၃) ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို နိုင်ငံရဲ့ GDP တစ်ယူနစ်တိုင်းအပေါ်မှာ ၁၇% အထိ လျှော့ချပေးနိုင်ဖို့ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ကျောက်မီးသွေူဓါတ်ားစက်ရုံတွေက ထုတ်လွှတ်တဲ့ လေထုညစ်ညမ်းမှု တွေကြောင့် မွန်းကြပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၆ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ရဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ဖြစ်တဲ့ ကာဇွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်မှုမျာ ကမ္ဘာမှာ အများဆုံး ထုတ်လွှတ်တဲ့နိုင်ငံဖြစ်လာပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ နိုင်ငံရဲ့ လိုအပ်နေတဲ့ စွမ်းအင်ရဲ့ ၁၅% ကို ရုပ်ကြွင်း လောင်စာမသုံးတဲ့ နည်းပညာနဲ့ ရယူဖို့ စီမံကိန်းချမှတ် ခဲ့ရာမှာ ၉% သောပမာဏကို ရေအားလျပ်စစ်ကရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီရည်မျန်းချက်ကို အကောင်အထည်ဖေါ်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ ရေအား လျပ်စစ်ထုတ်ယူမှုကို နှစ်ဆတိုးပြီး 400 GW အထိထုတ်ယူဖို့လိုအပ်လာပါတယ်။ ဒီလို ဆောင်ရွက်ခြင်း အားဖြင့် တရုတ်နိုင်ငံအနေနဲ့ နှစ်စဉ် ကျောက်မီးသွေး မက်ထရစ်တန်ချိန် 1.3 billion အသုံးပြုနေရမှု နဲ့ ကာဗွန်ထုတ်လွှင့်မှု 2.3 billion metric tons ကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဒီအချက်ဟာ တရုတ်နိုင်ငံအဖို့ ရေအားလျပ်စစ်ထုတ်လုပ်မှုအပေါ်မှာ အမှီပြုခြင်းအားဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ကိုလျှော့ချနိုင်ခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်း၊ သေချာမှုရှိသော ပြန်လည်ဖြည့်စွမ်းနိုင်သော စွမ်းအင်ဖြစ်ခြင်း၊ ရုပ်ကြွင်းလောင်စာအသုံးချမှုကိုလျှော့ချပေးနိုင်ခြင်း၊ နိုင်ငံရဲ့မြို့ပြနဲ့စက်မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ မြင့်တက်နေတဲ့ စီးပွားရေးလုပ်ငန်းများအတွက် စွမ်းအင်လိုအပ်မှုကို ဖြည့်တင်းပေးနိုင်မှာဖြစ်တဲ့အတွက် အလွန်အရေးပါတဲ့ မဟာဗျူဟာ လုပ်ငန်းစဉ် ဖြစ်နေပါတယ်။
နည်းဗျူဟာတွေထဲက ဧရာဝတီ
ဒီလို… တိုးတက်ခြင်းတွေရဲ့နောက်မှာ ပေးဆပ်မှုတွေ ဘယ်လောက် ရှိသလဲ…. ဘယ်လောက်ဆက်ရှိလာမလဲ…. ဆိုတာကို မစဉ်းစားနိုင်ကြလောက်အောင် လောဘတွေ နဲ့ ယှဉ်ပြိုင်လိုမှုတွေနဲ့.. ဖုံးနေကြမယ်ဆိုရင် ပေးဆပ်ရမှုတွေဟာ မြင့်မားလာမှာ အမှန်ဖြစ်ပါတယ်။
ယန်စီမြစ်ဟာ လောဘသမားများရဲ့ ၀ါးမြိုခြင်းကို ခံခဲ့ရပြီးပြီ။ ယန်စီတင်မက တိုင်းပြည်ထဲက အခရာမြစ်ကြီး ခြောက်မြစ်ကိုလည်း ယန်စီနဲ့ ဘ၀တူဖြစ်ခဲ့ရပြီ။ ပြည်ထဲက ရှိသမျှ မြစ်တွေကို အသွေးအသားဝါးမြိုလို့ ပြီးတော့ ….. သူတို့ရဲ့ စီးပွားရေး ယန္တရားတွေ ဆက်လက်လည်ပတ်ဖို့ အတွက်.. concrete junk ကြီးတွေကို လျှပ်စစ်ပေးဖို့.. မြစ်မကြီးတွေကို တွေ့လိုတွေ့ငြား.. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်တယ်။ လောဘသမားတွေ တွေ့သွားတယ်။
တိုင်းပြည်သေးသေးလေးတစ်ခုထဲက မြစ်တစ်စင်းဖြစ်တဲ့ ဧရာဝတီကို လောဘသမားတွေ တွေ့သွား တယ်။ အဲဒီတိုင်းပြည်ဟာ ဟိုးတုန်းကပေါ့.. လျှမ်းလျှမ်းတောက် ဆန်ရေစပါးတွေထွက်ခဲ့လို့ ဘေးပတ်ဝန်းကျင်က နိုင်ငံတွေကတောင် အားကျမျှော်ကိုးခဲ့ရတဲ့ တိုင်းပြည်။ အဲသလို.. ဆန်ရေစပါးတွေ ပြောင်းပဲသီးနှံတွေ အလျှံပယ်ထွက်အောင် ဓာတ်သတ္တိအမျိုးမျိုးကို တစ်ပြည်လုံး နှံ့အောင် သယ်ဆောင်ပေးနေတဲ့ ဧရာဝတီ ဆိုတဲ့ သွေးကြောမကြီးကို ဖောက်ထုတ်ပြီး အသုံးပြုဖို့ မျက်စိကျခဲ့ကြပြီ။
ကျွန်တော်ငယ်ငယ်က ကျွန်တော့်အမေ ဆုံးမခဲ့တဲ့ စကားတစ်ခုရှိခဲ့ပါတယ်။ “အိမ်နီးချင်း ကလေးတွေ ဆုံးမခံနေရတာမြင်ရရင်၊ အိမ်က..ကလေးတွေက လိမ်မာရတယ်” တဲ့။
အမိ..ဧရာဝတီ၊ အမိရဲ့ကျေးဇူးတရားကို စောင့်သိရိုသေသူ.. မြန်မာနိုင်ငံသူ.. နိုင်ငံသား.. သားသမီးအပေါင်းကတော့၊ အမိရဲ့ ကျန်းမာရေးအတွက် ရတက်မအေး.. ဖြစ်နေကြရပါပြီ။
ကျွန်တော်တို့ဆီမှာ သင်လွယ်၊တတ်လွယ်၊အတုယူလွယ်တဲ့ ကလေးတွေ ပေါများနိုင်ကြ ပါစေ။
 https://www.facebook.com/tunlwin48/posts/1274577209223515
 မောင်ထွန်းလွင်(မိုးလေ၀သ)

လက်ဆောင်ပစ္စည်းလက်ခံတဲ့ လမ်းညွှန်ချက်ကို လိုက်နာဖို့ သတိပေး


နိုင်ငံတော်သမ္မတရုံး က ထုတ်ပြန်ထားတဲ့ လက်ဆောင်ပစ္စည်းလက်ခံခြင်း နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်ကို လိုက်နာကြဖို့ နဲ့ မလိုက်နာသူတွေကို ထိထိ ရောက်ရောက် အရေးယူသွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က သတိပေးလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲရုံးမှာ တိုင်းအစိုးရအဖွဲ့၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။

လက်ဆောင်ပစ္စည်းလက်ခံခြင်း နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်မှာ တန်ဖိုး ကျပ်ငွေ ၂ သောင်းခွဲထက် မပိုတဲ့ လက်ဆောင်ပစ္စည်းကိုသာ လက်ခံဖို့နဲ့ တစ်နှစ်ကို ကျပ်တစ်သိန်းထက် ပိုပြီး လက်ခံခြင်းမပြုဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။
ဒါ့အပြင် လွှတ်တော်မှာ မေးခွန်းတွေ၊ အဆိုတွေ တင်သွင်းတာကို ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ကြဖို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ဟာ သူရွေးချယ်တင်မြှောက်ခံရတဲ့ တာမွေမြို့နယ်က ဒေသခံတွေ ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့လည်း မနေ့က တွေ့ဆုံခဲ့ပြီး လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် တိုင်းပြည်ဘဏ္ဍာငွေကို လျှော့ချနိုင်ဖို့အတွက် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေရဲ့ ချီးမြှင့်ငွေနဲ့ အဆောင်အယောင်ခံစားခွင့်တွေကို လျှော့ချဖို့ ဥပဒေတွေကို ပြင်ဆင်သွားမယ်လို့လည်း မနေ့က ပြောခဲ့ပါတယ်။

RFA Burmese

မွန်ပြည်နယ်တွင် သင်္ကြန်ကာလ ပုံဖျက် မလည်ရ

Dawei Watch| မော်လမြိုင်၊ ဧပြီ ၇
မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ရန် ပုံဖျက်လည်ပတ်မှုမပြုရန်အပါအဝင် စည်းကမ်းချက် ၁၅ ချက်ကို မွန်ပြည်နယ် ရိုးရာသင်္ကြန်ပွဲတော် ကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စည်းကမ်းချက်များတွင် ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် အပြုအမူ၊ ဝတ်စားဆင်ယင်မှုများ၊  ပုံဖျက်ထားခြင်းများ၊ ဓား၊ ဒုတ်၊ လက်နက်ကိုင်ဆောင်ခြင်းများ၊ နိုင်ငံတော်ဂုဏ်သိက္ခပျက်ပြားစေမည့် အပြောအဆို အပြုအမူများ၊ နိုင်ငံတကာအလံကို တပ်ဆင်ထားခြင်းများ အစရှိသည်တို့ ပါဝင်ပြီး ထုတ်ပြန်ချက်ကို ဖောက်ဖျက်လျှင် တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်သည်။
မွန်ပြည်နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ရန်ထိုစည်းကမ်းချက်များ ထုတ်ပြန်ခြင်း ဖြစ်ပြီး ဖောက်ဖျက်ပါက တည်ဆဲဥပဒေများ အရ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရိုးရာသင်္ကြန်ပွဲတော် ကျင်းပရေးအဖွဲ့မှ မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောဆိုသည်။
“သင်္ကြန်လည်ပတ်ရာမှာ ရာဘာ ပိုက်လုံးတွေ အတွင်း သစ်သား၊ သံချောင်းတွေထည့်ထားပြီး အမှတ်အသား တစုံတခုကို ထိပ်မှာချည်၊ အလံ တိုင်တခုအဖြစ်အသုံးပြုတတ်ပါတယ်။ အဖွဲ့လိုက်လည်ပတ်တဲ့ လူငယ်တွေမှာဆိုရင် ပုံစံ မျိုးစုံရှိတဲ့ ဒုတ်၊ ချိန်းကြိုး လိုလက်နက်ကိရိယာတွေကို ပြီးခဲ့ တဲ့ သင်္ကြန်နှစ်တွေတုန်းက အတော်များများ တွေ့ခဲ့ရပါတယ်”ဟု ၎င်းက ဆိုသည်။  
မွန်ပြည်နယ်တွင် သင်္ကြန်လည်ပတ်ကြသည့် လူငယ်အများစုက ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့ပြီး ကစားကြလေ့ရှိသည့်အပြင် ဓား၊ ဒုတ်အစရှိသည့် လက်နက်တစ်မျိုးမျိုးကိုင်ဆောင်ကာ လည်ပတ်ကြသည်ကိုလည်း နှစ်စဉ် နှစ်တိုင်း တွေ့မြင်နေကြရပြီး တစ်စုံတစ်ရာ အရေးယူထိန်းသိမ်းခြင်း မရှိခဲ့ပေ။
“ပုံစံအမျိုးမျိုးနဲ့ တွေ့နေရတဲ့ သင်္ကြန်ကာလမှာ ကိုင်တွယ်ဖို့တော့ ခက်မယ်ထင်တယ်၊ ဒီအတိုင်းလွှတ်ထားရင်လည်း မဖြစ်ဘူး တစ်နှစ်ထက် တစ်နှစ် ဆိုးလာတယ်၊ စနစ်တကျလုပ်ဖို့တော့ လိုတယ် ကြာလာရင် ယဉ်ကျေးမှုကလည်း ပျက်သွားမယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
မွန်ပြည်နယ်၏ သင်္ကြန်ပွဲတော်သည် စည်ကားလှသည့် ပွဲတော်တခုဖြစ်ကာ အထူးသဖြင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်စဲကမ်းခြေတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားသူတို့ကြောင့် အစည်ကားဆုံးနေရာတစ်ခုဖြစ်ပြီး သင်္ကြန်အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့တို့တွင် မော်လမြိုင်၊ ကျိုက်မရောနှင့် ရိုးဂိုကျေးရွာတို့တွင် အစည်ကားဆုံးနေရာဖြစ်သည်။

Dawei Watch

Friday, April 8, 2016

လွှတ်တော်ဥက္ကဌ ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံ


ဓါတ်ပုံ (တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် နတ်ချောင်းအားကစားကွင်းမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံစဉ်)
 နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ တာမွေမြို့နယ်က ဌာနဆိုင်ရာတာဝန်ရှိသူတွေ နဲ့ ဒီနေ့တွေ့ဆုံဆွေးနွေးပွဲမှာ ပြောပါတယ်။

ဒီကနေ့ တာမွေ အ.ထ.က ( ၁ )ကျောင်းမှာ မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းက ဝန်ထမ်းတွေနဲ့ တွေ့ ဆုံစဉ် ဦးဝင်းမြင့်က ပြောခဲ့တာဖြစ်တယ်လို့ အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောပါတယ်။

တာမွေမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ကရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ပြောခဲ့ပါတယ်။

တက်ရောက်လာသူတွေကလည်း တာမွေမြို့နယ်မှာ မြို့နယ်ခန်းမ မရှိသေးတာကို ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို မြို့နယ်စည်ပင်၊ ကျန်းမာရေး၊ ပညာရေး၊ မြို့နယ်အုပ်ချုပ်ရေး စတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်မိရပ်ဖတွေက လူဦးရေ ၁၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

RFA Burmese

ကျန်ရှိ နိုင်ကျဉ်းများ ရက်ပိုင်းအတွင်း လွတ်မြောက်ဖွယ်ရှိ



ဒီမိုကရေစီပညာရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြလို့ လက်ပံတန်း၊ သာယာဝတီမှာ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသူ၊ ကျောင်းသားအများစုကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်သလိုပဲ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မကြာမီ ရက်ပိုင်းအတွင်း လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ သမ္မတရဲ့အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား သီးသန့်ကိုသာ လွတ်ငြိမ်းခွင့်ပေးမှာကြောင့် စနစ်တကျ စီစစ်နေတယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ် လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေ နိုင်ငံရေး တက်ကြွလုပ်ရှားသူတွေ အပါအ၀င် နိုင်ငံရေးနဲ့ ဆက်နွယ်ပြီးတော့ အမှု ရင်ဆိုင်နေကြ တဲ့ ကျောင်းသား ကျောင်းသူတွေ လွတ်မြောက်ရေး ကို ဦးစားပေး လုပ်ဆောင် သွားမယ်လို့ မနေ့က ကြေညာချက် တစောင် ထွက်ပေါ်ပြီးနောက်ပိုင်း ဒီကနေ့မှာပဲ ဒီမိုကရေစီကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်လို့ ဖမ်းဆီး တရား စီရင်ခံနေရတဲ့ ကျောင်းသား ကျောင်းသူတွေ ဒီကနေ့ လွတ်မြောက်လာပါတယ်။
ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို မကြာမီ ရက်ပိုင်းအတွင်းမှာ လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ၀န်ကြီးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။
"ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အဲ့တာတွေနဲ့ပတ်သက်ပြီး စိစစ်မှုတွေ လုပ်နေတယ်။ စိစစ်ပြီးတာနဲ့ သမ္မတက လွှတ်မှာပေါ့နော်။ ပြီးတော့ ငြိမ်းသက်သာခွင့်၊ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေါ့နော်။ အဲ့တာလုပ်မယ်။ အဲ့တာလုပ်လို့ လွတ်ငြိမ်း သက်သာခွင့် ရတဲ့သူတွေကို အမြန်ဆုံးပေါ့နော် ဒီနေ့ မှီချင်မှ မှီမယ်။"
နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွ လုပ်ရှားသူတွေကိုသာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ စီစဉ်ထားပြီး စနစ်တကျ လေ့လာဆန်းစစ်မှုတွေ လုပ်နေတာကြောင့် ကြန့်ကြာမှုတွေ ရှိနေတာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။
"သက်ဆိုင်ရာဌာနနဲ့ စစ်ဆေးမှုတွေ လုပ်နေတယ်။ လုပ်နေတော့ အဓိက ဦးတည်ချက်က ဘာလဲဆိုတော့ နိုင်ငံရေး အကျဉ်းသားပေါ့။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူဖြစ်ရမယ်။ နောက်တချက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်တဲ့ အတွက် သတ်မှတ်တဲ့သူပေါ့။ သတ်မှတ်တဲ့နိုင်ငံရေးအကျဉ်းသားကိုပဲ လွတ်အောင် လုပ်နေတဲ့အတွက် စီစဉ်မှုက နည်းနည်းလေး ကြာနေတယ်။ ကြန့်ကြာနေတယ်။ အရင်တုန်းက ပြစ်ဒဏ်တွေ အကုန်လုံး အကျဉ်းထောင်တွေ အားလုံးမှာ ရှိတဲ့အားလုံး အုတ်ရောရော ကျောက်ရောရော အဲ့လိုမဖြစ်စေချင်တဲ့ သဘောအရပေါ့နော်။ ဆိုလိုတာက သာမာန် ရာဇဝတ်မှု ပြစ်မှုတွေပေါ့နော် ပြစ်မှုကျခံနေရတဲ့သူတွေ မပါအောင် နိုင်ငံရေးအကျဉ်းသားသီးသန့်ပေါ့ အဲ့လိုမျိုး စိစစ်ပြီးတော့ လွတ်မြောက်ဖို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနိုင်ဖို့ လုပ်နေတယ်။"
ကိုထက်အောင်။    ။ နိုင်ငံရေး အကျဉ်းသား အဖြစ် ပြစ်ဒဏ် ကျခံနေရတဲ့သူတွေ ကို အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ကပြောတာတော့ ၁၂၁ဦးရှိပါတယ်တဲ့။ ဆရာတို့က စိစစ်နေတဲ့အပိုင်းမှာရော လူ ဘယ်လောက်လောက်များ ရှိပါသလဲ။ လူဘယ်လောက်လောက်ကိုများ လွှတ်ပေးဖို့ စီစဉ်နေပါသလဲခင်ဗျ။ နိုင်ကျဉ်းတွေကိုပေါ့။
" နိုင်ကျဉ်းပေါ့နော်။ ဒီဘက်မှာတော့ အတိအကျတော့ မရသေးဘူး။ စိစစ်မှု တွေ လုပ်နေတယ်။ စိစစ်နေဆဲပဲ။ ဦးရေကတော့ တစ်ရာအောက်လား မသိဘူးခင်ဗျ။ လောလောဆယ်တော့ စိစစ်နေဆဲပဲ။ အဲ့လိုပဲ ပြောလို့ရတယ်။"
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ပြဌာန်း ထားတာကတော့ လက်ရှိ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ သူတွေထဲမှာ သတင်းထောက်တွေ၊ နိုင်ငံရေး တက်ကြွလုပ်ရှားသူတွေ လယ်သမားတွေ အပါအ၀င် နိုင်ကျဉ်း ၁၂၁ ယောက်ရှိပြီး အားလုံး လွတ်မြောက်ဖို့ လိုအပ်တယ် လို့ AAPP ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
" ကျနော်တို့ကတော့ ကျနော်တို့ပေးထားတဲ့ စာရင်းထဲက လူတွေက နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်ပြီးတော့ အဖမ်းခံတဲ့သူတွေဆိုတာ သေချာတယ်။ ဆိုတော့ ဒီလူတွေ အကုန်လွတ်မြောက်လာဖို့ လိုအပ်ပါတယ်။ အဲ့ဒီ့အထဲမှာ တက်ကြွလှုပ်ရှားသူတွေ ပါမယ်။ သတင်းမီဒီယာသမားပါမယ်။ လယ်သမားရေး လှုပ်ရှားသူတွေ ပါမယ်။ အလုပ်သမားရေး ပါမယ်။ နောက် ရခိုင်ဒေသခံတွေ ပါမယ်။ ဥပမာ မနေ့တနေ့ကမှ ထောင်ချလိုက်တဲ့ ရခိုင်တပ်မတော်နဲ့ ဆက်စပ်ပတ်သတ်တယ် ဆိုပြီးတော့ ထောင်အချခံရသူ ၂၂ယောက်ရှိပါတယ်။ ဆိုတော့ ဒီလူတွေလည်း ပါဖို့လိုအပ်ပါတယ်။"
ကိုထက်အောင်။    ။ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ကပြော တာက ပြစ်ဒဏ် ကျခံနေရတဲ့နိုင်ငံရေး အကျဉ်းသားကို သူတို့အနေနဲ့ စိစစ်နေတာက တစ်ရာအောက်ပဲ ရှိတယ်ပြောပါတယ်။  အဲ့ဒီ့အပေါ်မှာရော ဘယ်လို သဘောထားရှိပါသလဲ။
" သူတို့က ဘယ်လိုပုံစံမျိုးတွေနဲ့ ရွေးချယ်သလဲဆိုတာ ကျနော်တို့ သေသေချာချာ မသိပါဘူး။ မသိတဲ့အခါကျတော့ ကျနော်တို့ ပြောရခက်ပါတယ်။ ကျနော်တို့က သေသေချာချာ အရင် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ လက်ထက်ကတည်းကိုက ဒါကို စနစ်တကျနဲ့ ချိန်ပြီးတော့ လုပ်ထားတာပါ။"
ဒီကနေ့ လက်ပံတန်း သာယာဝတီမှာ အမှု ရင်ဆိုင်နေရတဲ့ ကျောင်းသား ကျောင်းသူ အများစုနဲ့ သူတို့နဲ့ အတူ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို အမှုကနေ ရုတ်သိမ်းပြီး လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်ကြတဲ့ မဖြိုးဖြိုးအောင် ၊ ကိုနန္ဒစစ်အောင် ၊ ကိုမင်းသွေးသစ် ကိုကျော်ကိုကို နဲ့ ကိုလင်းထက်နိုင်တို့ကတော့ အမှုမပြတ်သေးတဲ့အတွက် လွတ်မြောက်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ ယူနတီ ဂျာနယ် အယ်ဒီတာ နဲ့ သတင်းထောက် ၄ ယောက်အပါအ၀င် တခြား နိုင်ငံရေး တတ်ကြွ လုပ်ရှားသူတွေ လည်း လွတ်မြောက်ခြင်း မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ် တက်လာပြီး သီတင်းပတ် တစ်ပတ်ကျော်အကြာမှာပဲ အမှုရင်ဆိုင်နေတဲ့ ကျောင်းသားကျောင်းသူတွေကို လွတ်မြောက်ပေး လိုက်ပြီး ပြစ်ဒဏ် ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ သမ္မတ ဦးထင်ကျော်က စီစဉ်နေပါတယ်။
အခု လွှတ်ပေးလိုက်တဲ့ ကျောင်းသားတွေကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၄ အရ အမှု ရုပ်သိမ်းပြီး လွှတ်ပေးတာဖြစ်သလို၊ ပြစ်ဒဏ် ကျခံရပြီးသား နိုင်ငံရေး အကျဉ်းသားတွေ ကိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မ ခွဲ (က)အရ သမ္မတရဲ့ လုပ်ပိုင်ခွင့် နဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမှာဖြစ်တယ်လို့ သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒီအတွက် အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ ရဲ့ ထောက်ခံအတည်ပြုမှု ရယူစရာမလိုပါဘူး။
VOA

ဒမတ်စကတ်တွင် IS အဖွဲ့က ဖမ်းဆီးထားသည့် အလုပ်သမား ၁၄၀ ဦး ပြန်လည် လွတ်မြောက်လာ

ဒမတ်စကတ်တွင် IS အဖွဲ့က သိမ်းပိုက်ထားသည့် စက်ရုံအား ဝေဟင်မှ မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဒမတ်စကတ်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်၏ အရှေ့မြောက်ပိုင်း ရှိ Dumair မြို့တွင် IS စစ်သွေးကြွများက ဖမ်းဆီးထားသည့် အလုပ်သမား ၁၄၀ ဦး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း pan-Arab al-Mayadeen ရုပ်သံလိုင်း က ဧပြီလ ၇ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

လွတ်မြောက်လာသည့် အလုပ်သမား ၁၄၀ ဦးသည် ဧပြီလ ၄ ရက် နေ့လည်ပိုင်းက ဘိလပ်မြေ စက်ရုံအား IS အဖွဲ့က တိုက်ခိုက် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဓါးစားခံ အလုပ်သမား ၃၄၄ ဦး အနက်မှ အချို့ ဖြစ်ပြီး ကျန် ဓါးစားခံများ မှာမူ IS အဖွဲ့၏ လက်အောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
အစောပိုင်း သတင်း ရရှိချက်များ အရ စက်ရုံ တိုက်ခိုက်ခံရမှုနှင့် Dumair ရှိ လေတပ် စခန်း တိုက်ခိုက်ခံရမှုတို့၏ နောက်ကွယ်တွင် IS အဖွဲ့အား ထောက်ခံသည့် သူပုန် အုပ်စုများ ပါဝင်နေကြောင်း သိရသည်။
ဆီးရီးယား စစ်တပ်သည် လေတပ်စခန်း တိုက်ခိုက်ခံရမှု အား ပြန်လည် တွန်းလှန် နိုင်ခဲ့သော်လည်း စက်ရုံကိုမူ IS အဖွဲ့က သိမ်းပိုက်ထားဆဲဖြစ်ပြီး Dumair မြို့သည် အစွန်းရောက် အုပ်စုများ နှင့် ဆီးရီးယားစစ်တပ် လက်အောက် တွင် နှစ်ခြမ်းကွဲလျက် ရှိကြောင်း သိရသည်။
နိုင်ငံပိုင် သတင်းဋ္ဌာန SANA က ဆီးရီးယား အာဏာပိုင်များသည် ဓါးစားခံများ လွတ်မြောက်လာရေး အတွက် ကြိုးပမ်းလျက် ရှိကြောင်း ဖော်ပြခဲ့သည်။

(Xinhua)

ဘာသာပေါင်းစုံအဖွဲ့ က နှစ်ဦး နောက် ထပ်ထောင်၂ နှစ်ချခံရ


မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ် တို့ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာတွေ့ရစဉ်။ Photo: Hset Paing Toe/RFA
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ကမ်းလက်များ ဘာသာပေါင်းစုံအဖွဲ့က ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့နှစ်ဦးကို ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်စခန်းကို သွားရောက်ခဲ့လို့ဆိုပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)နဲ့ ဒီကနေ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကေအိုင်အေ ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည်စခန်းမှာ ပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရပြီး အခုလို အမိန့်ချမှတ်ခံခဲ့ရတာလို့ ကိုဇော်ဇော်လတ်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလက ချင်းပြည်နယ် တီးတိန်မြို့ကို ဘာသာပေါင်းစုံချစ်ကြည်ရေး ခရီးစဉ်အနေနဲ့ သွားရောက်ခဲ့စဉ်တုန်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဝင်ရောက်ခဲ့တာကို တရား မဝင် နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃(၁)နဲ့ ချမ်းအေးသာစံတရားရုံးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တဲ့အတွက် စုစုပေါင်း ၄နှစ်ကျခံရမှာ ဖြစ်ပါတယ်။

အခုလို ထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် အယူခံမတက်တော့ဘူးလို့ ပြောပါတယ်။

RFA Burmese

ကျောင်းသား ၆၉ ဦးလွတ်မြောက်


ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်နဲ့ မဖြိုးဖြိုးအောင် တို့ကို ဧပြီလ ၈ ရက်နေ့က သာယာဝတီတရားရုံးမှာတွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာရှိနေတဲ့ ဒီမိုကရေစီပညာရေး တောင်းဆိုသူ ကျောင်းသူ ကျောင်းသား ၆၉ ဦးကို အစိုးရက စွဲချက်တင်ထားတဲ့ အမှုတွေ ပယ်ဖျက်ပေးလိုက်တာကြောင့် ဒီကနေ့ လွတ်မြောက်လာပါတယ်။

တခြားအကျဉ်းထောင်တွေမှာ ကျောင်းသားတွေ ကျန်နေသေးတဲ့အတွက် အားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ ကိုမင်းသွေးသစ်က သာယာဝတီတရားရုံးမှာ ပြောပါတယ်။


လွတ်မြောက်လာတဲ့ ၆၉ ဦးထဲက ကိုမင်းသွေးသစ်၊ ကိုနန္ဒစစ်အောင်နဲ့ မဖြိုးဖြိုးအောင်တို့ ၃ ဦးဟာ ရန်ကုန် တိုင်း မြို့နယ်တချို့က သူတို့ကို စွဲဆိုထားတဲ့ အမှုတွေ ကျန်နေသေးတာကြောင့် မလွတ်မြောက်သေးဘဲ ခေတ္တစောင့် ရဦးမယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်းမြို့နယ်တွေက အမှုတွေကို ဘယ်တော့ပယ်ဖျက်ပေးမယ်ဆိုတာတော့ မသိရသေးပါဘူး။

အမျိုးသားပညာရေးကို သပိတ်မှောက်တဲ့ လက်ပံတန်းကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တာကြောင့် ကျောင်း သူ ကျောင်းသားတွေကို ပုဒ်မ ၁၈ တရားမ၀င် စီတန်းလှည့်လည်မှု၊ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ဥပဒေမဲ့ အစုအဖွဲ့မှာ ပါဝင်မှု၊ လူစုခွဲဖို့ ညွှန်ကြားချက်ကို မလိုက်နာမှု စတဲ့ ပုဒ်မတွေနဲ့ သာယာဝ တီထောင်မှာ တစ်နှစ်ကျော်ရှိနေပြီး အမှုရင်ဆိုင်နေရသူတွေဖြစ်ပါတယ်။

ရန်ကုန်အင်းစိန်ထောင်မှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး လွတ်မြောက်လာ ပါတယ်။ မနီလာသိန်း၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင် ၊ ဒေါ်နော်အုန်းလှ အပြင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ အဖွဲ့ဝင်တွေ ဒီကနေ့ လွတ်လာမလားဆိုတာ မသိရှိရသေးပါဘူး။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ကြေညာချက် ထုတ်ပြန်ရာမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျောင်းသူ ကျောင်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ ပြောထားပါတယ်။ အဲ့ဒီအထဲမှာ အမှုရင်ဆိုင်ရေဆဲသူတွေအတွက် စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းမယ်ဆိုရင် လွတ်မြောက်နိုင်တယ် လို့ ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သူတို့ရရှိတဲ့ စာရင်းအရ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ အမိန့်ချပြီးသား ၉၀ ကျော်၊ အမှုရင်ဆိုင်နေရဆဲ နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ရှိပြီး အဲ့ဒီထက်လည်း ပိုနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

RFA Burmese

IS ပြန်ပေးဆွဲထားတဲ့ အလုပ်သမား၅၀ကို သတ်လိုက်ပြီ


IS လက်နက်ကိုင်တွေ ပြန်ပေးဆွဲထားတဲ့ အလုပ်သမားတွေထဲက ရှီအာနဲ့ အားလွိုက် ဘာသာဝင်တွေ ကွပ်မျက်ခံခဲ့ရ
ဆီရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့ အရှေ့ပိုင်းမှာ ရှိတဲ့ ဘိလပ်မြေ စက်ရုံတခုကနေ IS အစ္စလာမစ် နိုင်ငံ အဖွဲ့ လက်နက်ကိုင်တွေ ပြန်ပေးဆွဲသွားတဲ့ အလုပ်သမားတွေထဲက အလုပ်သမား ၅၀ အခုအခါ အသတ်ခံလိုက်ရပြီလို့ သတင်းတွေအရ သိရပါတယ်။

အဲဒီ အလုပ်သမားတွေထဲက ဘာသာခြားတွေကို ခွဲထုတ်ပြီး ရှီအာနဲ့ အားလွိုက်တ်စ် တွေကို ကွပ်မျက် ခဲ့တယ်လို့ ပြန်ပေးဆွဲခံရသူ အလုပ်သမားတဦးရဲ့ ဆွေမျိုးတဦးက ဘီဘီစီကို ပြောပါတယ်။

ဆွန်နီမွတ်ဆလင် ၁၄၀ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ကျန်တဲ့ ဓါးစာခံ တရာလောက်ကိုတော့ ဘတ်စ်ကားတွေနဲ့ IS တွေ ထိန်းချုပ်ရာ နေရာတွေကို ခေါ်သွားတယ်လို့ ယူဆရပါတယ်။

BBC Burmese

ဒီမိုကရေစီ သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ လွတ်ပြီ

 08042016TharYarWadDy Prison3

08042016TharYarWadDy Prison1

12919641_873380636117107_2760138836039062198_n

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူ ၆၉ ဦးကို သာယာဝတီတရားရုံးကနေ ဒီနေ့ ညနေ ၃ နာရီ ခွဲကျော်က အမှုရုပ်သိမ်းပြီး လွှတ်ပေးလိုက်ပါတယ်။

ကျောင်းသူ ကျောင်းသားတွေ လွတ်မြောက်



အစိုးရဖက်က အမှုကို ပိတ်သိမ်းလိုက်သည့်အတွက် သာယာဝတီအကျဉ်းထောင်မှာ ရှိနေသည့် ဒီမိုကရေစီ ပညာရေး တိုက်ပွဲဝင် ကျောင်းသူ ကျောင်းသား ၆၉ ဦး လွတ်မြောက်လာကြပြီ။


သူတို့မိသားစုများ ဆွေမျိုးများ လုပ်ဖေါ်ကိုင်ဖက်များနှင့် လွတ်မြောက်သည့် အထိမ်းအမှတ် ပျော်ရွှင်နေကြပါတယ်။

မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အမှုရုပ်သိမ်းရင်လည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်တယ်လို့ ဥပဒေအရ တစ်ချက် အနေနဲ့ ရှင်းပြထားပါတယ်။

ဓါတ်ပုံ ကျော်လွင်ဦး၊ အာအက်ဖ်အေ
RFA Burmese

မန္တလေးအိုးဘိုထောင် အကျဉ်းသား ၂၁၁ ဦး လွတ်၊ နိုင်ငံရေးအကျဉ်းသား မပါဝင်

ManDalay Prison08042016(1

မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ လွတ်ရက်စေ့ ရိုးရိုးအကျဉ်းသား ကျား ၁၈၁ ဦး၊ မ ၃၀ဦး လွတ်မြောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။
(ဓာတ်ပုံ – အိမ်ခိုင်မြဲ)
DVB

ကလေးမြို့ထောင်က အကျဉ်းသား ၃၀ ကျော် လွတ်၊ နိုင်ငံရေးအကျဉ်းသား မပါဝင်

 Kalay Prison08042016(3
ကလေးမြို့ မော်လိုက်လေး အကျဉ်းထောင်ကနေ အကျဉ်းသား ၃၈ ဦး ဒီနေ့မနက်ပိုင်း လွတ်မြောက်ခဲ့တယ်လို့ ကလေးမြို့ မော်လိုက်လေး အကျဉ်းထောင်က ထောင်အရာရှိတဦးက ပြောပါတယ်။
ဒီနေ့လွတ်မြောက်လာတဲ့ အကျဉ်းသားတွေဟာ သာမန်အမှုငယ်တွေနဲ့ အကျဉ်းကျသူများသာ ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခြင်း မရှိခဲ့ဘူးလို့လည်း ထောင်အရာရှိက ပြောပါတယ်။
လွတ်မြောက်လာသူ ၃၈ ဦးမှာ အမျိုးသမီး ၂ ဦး ပါဝင်ခဲ့ပြီး လွတ်ရက်စေ့ ၅ ဦး ထောင်လျော့ရက်နဲ့ လွတ်လာသူ ၃၃ ဦး တို့ ဖြစ်ပါတယ်။
မူးယစ်မှုနဲ့ ပြစ်ဒဏ် နှစ် ၃၀ ကျခဲ့သူ အကျဉ်းသားတဦးကတော့ ပြစ်ဒဏ်ကို ၁၆ နှစ်နီးပါး ကျခံခဲ့ရပြီး နှစ် ၃၀ ပြည့်ဖို့ ၁၄ နှစ် ထောင်လျော့ရက်နဲ့ လွတ်လာခဲ့တာပဲ ဖြစ်ပါတယ်။
အခုလွှတ်လိုက်တဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသားများ မပါဝင်ခဲ့သလို လူသတ် မုဒိမ်း ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေလည်း မပါဝင်ခဲ့ဘူးလို့ ထောင်အရာရှိတဦးက ပြောပါတယ်။
(သတင်း – မင်းရဲစစ်နိုင်)
DVB

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲများ သမ္မတခန့်အပ်



ဝ ဒေသအပါအ၀င် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ တိုင်းဦးစီးအဖွဲ့တွေရဲ့ ဥက္ကဋ္ဌ တွေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ခန့်အပ်ခံရသူတွေကတော့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းလူ (ခ) ဒီကီ၊

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးကေဆိုင်း၊

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊

  ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးဝင်းကျော်(ခ) ဦးအိုက်မိန်းနဲ့
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးကျောက်တယ်ချိန် တို့ဖြစ်ပါတယ်။

 ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌအဖြစ် ယခင် ဥက္ကဋ္ဌဟောင်း ဦးခွန်စံလွင်ကို ပြန်လည် ရွေးချယ်ခဲ့အပ်လိုက်တဲ့အတွက် ဒေသအတွက် အပြောင်းအလဲတွေ ဖြစ်မလာနိုင်ဘူးလို့ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) အထွေထွေအတွင်းရေးမှူး ခွန်စိုးမြင့်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“အပြောင်းအလဲတွေ ဘာမှ သိပ်မရှိလောက်ဘူးထင်ပါတယ်။ ဒေသဦးစီးဥက္ကဋ္ဌ ထပ်ဖြစ်တဲ့ ခွန်စံလွင်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအန်အို) ပါတီကလေ၊ အရင်တုန်းက အစိုးရကို ထောက်ခံသူဖြစ်တဲ့ အခါကျတော့ တခုခုလုပ်တော့မယ်ဆိုရင် သူတို့ရဲ့ မိတ်ဖက် အဖွဲ့အစည်း တွေ ဒီစစ်တပ်တွေကို ကြည့်ပြီးတော့ လုပ်ရမှာပါဘဲ။ ဒေသဦးစီးဆိုတာက ခရိုင်အဆင့်သာသာပဲ ရှိတာပေါ့လေ။

အဓိကက ၂၀၀၈ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်က သိပ်မရှိဘူးဖြစ်နေတယ်။ အရင် အစိုးရတုန်းကတော့ သူက ကြံ့ခိုင်ရေးနဲ့ မိတ်ဖက်ဆိုတော့ ပူးပေါင်းပြီးတော့ ပြည်နယ် ဘတ်ဂျတ်လေးတွေ ဒေသဖွံ့ဖြိုးရေးလေးတွေ လုပ်ထားတာတော့ရှိတယ်၊ ရှေ့ဆက်ဆိုရင်တော့ အရင်လိုလုပ်လို့ မရတော့ပါဘူး၊ အန်အယ်လ်ဒီလွှတ်တော်ဖြစ်သွားပြီဆိုတော့။”
အစိုးရက ချပေးတဲ့ ဘတ်ဂျတ်တွေနဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးရေးတွေဆောင်ရွက်ရာမှာ ဘတ်ဂျက် ဘယ်လောက်ရတယ် ဘယ်လိုသုံးတယ် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ ပအိုဝ်းဒေသကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း(အန်ဂျီအို)တွေ ပိုမိုဝင်ရောက်အောင် ဆောင်ရွက်ပေးစေချင်တယ်လို့ လည်း ပြောပါတယ်။
အဆိုပါ ပုဂ္ဂိုလ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက အမည်စာရင်းတင်သွင်း ခဲ့တာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့အညီ တာဝန်ပေးခန့်အပ်လိုက်တာလို့ ဧပြီ ၇ ရက်နေ့စွဲနဲ့ သမ္မတရုံးက ထုတ်ပြန်ကြေညာထားပါတယ်။
DVB

သာယာဝတီ ပညာရေးသပိတ်မှ ကျောင်းသား၃၆ဦးကို ပြန်လွှတ်ပေးမည်ဟုဆို



ဖမ်းစီးခံကျောင်းသား၃၆ဦးလွှတ်ပေးမည်ဟု သိရပြီးလက်ရှိအခြေနေတွင် ခ၇ိုင်ဥပဒေအရာရှိရုံးတွင် ဥပဒေအရာရှိများ အစည်းဝေးထိုင်နေကြာင်းသိရသည်။

သာယာဝတီတရားရုံးက ကျောင်းသားများကိုလွှတ်ပေးရန်အဆင်သင့်ဖြစ်နေသော်လည်၊တရားဝင်စာရောက်မလာသေးဟုသိရသည်။

ဝန်းရံပြည်သူများ၏ ကားများ၊ဖုန်းများလည်းပြန်လည်ရရှိပြီး၊အချို့မှာ အချက်လက်မပြည့်စုံသောကြောင့်ပြန်လည်စီစစ်နေကြောင်းသာယာဝတီသို့ရောက်ရှိသည့်NewsWatchသတင်းထောက်မှနောက်ဆုံးအခြေနေကိုပေးပို့ထားသည်။

သတင်း-ဓါတ်ပုံ
အောင်သူရိန်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ယနေ့အင်းစိန်အကျဉ်းထောင်ရှေ့တွင် တဖြည်းဖြည်းနှင့် လာရောက်စောင့်ကြိုသူများလာ

အင်းစိန်အကျဉ်းထောင်ရှေ့တွင် တဖြည်းဖြည်းနှင့် လာရောက်စောင့်ကြိုသူများ များလာပါသည်။
နံနက် ၉ နာရီ ၂၀ မိနစ်






News Watch(စောင့်ကြည့်သတင်းဂျာနယ်

အကျဉ်းသားများလွှတ်မည့်သတင်းကြောင့် မိသားစုဝင်များ အကျဉ်းထောင်များရှေ့ စောင့်ဆိုင်း


12963768_846977742090886_4318639686153039274_n

ဧပြီ ၈ ရက် ဒီနေ့မှာ သမ္မတရဲ့အမိန့်နဲ့ အကျဉ်းသား ၄၀၀၀ ကျော် လွတ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။
လွတ်မယ့်အထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် နိုင်ငံရေးပုဒ်မနဲ့ တရားစွဲခံနေရသူတွေလည်း ပါမယ်လို့ သတင်းတွေ ထွက်နေပါတယ်။
အကျဉ်းထောင်အသီးအသီးရှေ့မှာ လွတ်နိုင်ခြေရှိတဲ့သူတွေရဲ့ မိသားစု ဆွေမျိုးတွေက သွားရောက်စောင့်ဆိုင်းနေကြတာ ရှိနေပါတယ်။
ဧပြီ ၇ ရက်နေ့က နိုင်ငံတော်အကြံပေးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်ရေး နည်းလမ်း ၃ ရပ်နဲ့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အကျဉ်းသားတွေကို သမ္မတအမိန့်နဲ့ လွှတ်ပိုင်ခွင့်ရှိသလို အမှုရင်ဆိုင်နေဆဲသူတွေကိုလည်း ရှေ့နေချုပ်ရဲ့ မှတ်ချက်နဲ့ တရားရုံး သဘောတူချက်ယူပြီး  အမှုကို ရုပ်သိမ်းလို့ရပါတယ်။
DVB

မုန်းဝန်းတရုတ်များနှင့် ပတ်သက်ပြီး လ၀က၏ ညွှန်ကြားချက် တရားဝင်မှုမရှိဟု ဆို



 ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တာမိုးညဲဒေသရှိ မုန်းဝန်း လူမျိုးများအား နိုင်ငံသား စိစစ်ရေးကတ် အသစ်များတွင် မုန်းဝန်း (ဗမာ)ဟု သတ်မှတ်ထုတ်ပေးရန် ၀န်ကြီးဌာနက ညွှန်ကြားထားသော်လည်း လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိသေးဘဲ ထိုအမည်သစ်ဖြင့် ကတ်သစ်ထုတ်ပေးခြင်းလည်း မရှိသေးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လ၀က) မှ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

“ဒီညွှန်ကြားချက်နဲ့ ပတ်သက်ပြီး အထင်မှားနေတာပါ။ သူတို့ (မုန်းဝန်း)ကို တိုင်းရင်းသား စာရင်းမှာ ဒီအတိုင်း အသစ်ထည့်သွင်းလို့ မရပါဘူး။ ပြည်ထောင်စု လွှတ်တော် ကပဲ ဆောင်ရွက်နိုင်တာပါ။ ဒါက ဘင်္ဂါလီပြသ၁နာလိုပါပဲ။ လွှတ်တော်ရဲ့ ခွင့်ပြုချက်မရဘဲ ၀န်ကြီးဌာနက ဆောင်ရွက်မှာကို စိုးရိမ်ဖို့မလိုပါဘူး” ဟု အဆိုပါ အရာရှိကြီးက ပြောကြားခဲ့သည်။

တာမိုးညဲဒေသတွင် နေထိုင်သူတို့က ယင်းတို့အား တရားဝင် စာရွက်စာတမ်းများတွင် ထိုသို့ သတ်မှတ်ပေးရန်အတွက် ထိုစဉ်က လ၀က၀န်ကြီးဦးခင်ရီထံ ၂၀၁၄ က တောင်းဆိုခဲ့သည်ဟု ထိုအရာရှိကပြောကြားသည်။ လက်ရှိတွင် လ၀က၏ ခန့်မှန်းချက်အရ တာမိုးညဲဒေသတွင် မုန်းဝန်းလူမျိုး ခြောက်သောင်းခန့် နေထိုင်လျက် ရှိသည်ဟု ဆိုသည်။ ယင်းတို့က မိမိကိုယ်ကိုယ် တရုတ်လူမျိုးဟု ပြောကြားလေ့ရှိပြီး ဗမာ စကားမတတ်သူ အများအပြားရှိသော်လည်း အဘယ်ကြောင့် မုန်းဝန်း(ဗမာ) ဟု သတ်မှတ်ရန် ညွှန်ကြားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထိုညွှန်ကြားချက်ကို လူထုအများစုက ဆန့်ကျင်ကြောင်း သိရှိသတိပြုမိသည်ဟု ရှမ်းပြည်နယ် ၀န်ကြီးချုပ်သစ် NLD မှ ဦးလင်းထွဋ်က မီဒီယာများသို့ ပြောကြားခဲ့သည်။

၁၉၈၃ သန်းခေါင်စာရင်းအရ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးမှာ ‘မုန်းဝန်း’ အမည် ပါဝင်ခြင်း မရှိ။ ဧည့်နိုင်ငံသား လူမျိုးစု အဖြစ်ပင် ဖော်ပြထားခြင်း မရှိကြောင်းသိရသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မုန်းဝန်းကို တိုင်းရင်းသား မျိုးနွယ် မဟုတ်သူတွေ ဖြည့်စွက်ရတဲ့ နံပါတ် ၉၁၄ မှာ ရေးသွင်းခဲ့ကြောင်း သိရသည်။ တိုင်းရင်းသား လူမျိုးများတွင် ဗမာ လူမျိုးစု ၉မျိုးထဲတွင် မပါဝင်သကဲ့သို့ ရှမ်းတိုင်းရင်းသား မျိုးနွယ်စု ၃၃ မျိုးထဲမှာ မုန်းဝန်း၊ မုန်းဝန်းဗမာ စသည့်ဖြင့် ပါဝင်ခြင်းမရှိကြောင်းသိရသည်။

“သူတို့က ဗမာမဟုတ်တဲ့အတွက် အများစုက သူတို့လူမျိုးအမည်ကို မုန်းဝန်း(ဗမာ) ကို ပြောင်းမှာကို နှစ်သက်မှုမရှိဘူးလို့ ကြားပါတယ်” ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ်သစ် ဦးလင်းထွဋ်က ဆိုသည်။

မုန်းဝန်းလူမျိုးစုနှင့် ယခင် စစ်အစိုးရ၏ ပတ်သက်မှုမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ရှမ်းပြည်နယ်တွင် တာဝန်ကျနေစဉ် ကွန်မြူနစ်များ၏ ထိုးစစ်ကို တွန်းလှန်ရာ၌ ဦးမြင့်လွင် ဦးဆောင်သည့် တရုတ်များက တပ်မတော်ကို ကူညီခဲ့သည်ဟုဆိုသည်။ လူမျိုးစု အမည်အား မုန်းဝန်း(ဗမာ) ဟု ပြောင်းလဲရန် လက်ရှိ မုန်းဝန်းပြည်သူ့စစ် ခေါင်းဆောင် ဦးမြင့်လွင်က ဦးသန်းရွှေထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီးဟောင်းက တာမိုးညဲဒေသမှ မုန်းဝန်းလူမျိုးစုအား ဗမာအဖြစ် သတ်မှတ်ပေးမည်ဟု ၁၉၉၈ တွင် ရှမ်းပြည်နယ်ခရီးစဉ်တစ်ခု၌ ပြောကြားခဲ့သည်ဟု ဆိုသည်။

ဦးမြင့်လွင် (ခေါ်) ၀မ်ကောင်းတာ့ သည် ကိုးကန့်နွယ်ဖွား တရုတ်လူမျိုးများ ဖြစ်ပြီး ၂၀၁၀ နှင့်၂၀၁၅ ရွေးကောက်ပွဲများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရထားသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၄င်းသည် နယ်သာလန်အခြေစိုက် Transnational Institute - TNI ၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုမှာ ပါဝင် ပတ်သက်နေသူ တစ်ဦးအဖြစ် ဖော်ပြခံထားပြီး တာမိုးညဲချမ်းသာကုမ္ပဏီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

KHtun
The Ladies News
https://www.facebook.com/News.TheLadies/

တရုတ်နဲ့ ဆက်ဆံရေး NLD အစိုးရ အခက်တွေ့နေပြီလား


တရုတ်နိုင်ငံခြားရေးဝန်ကြီး နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ။ (ဧပြီ ၅၊ ၂၀၁၆)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့ ဒေသတွင်းက သြဇာကြီးမားတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေ ရှိလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ အစိုးရသစ်နဲ့တွေ့ဖို့ ထိပ်ဆုံးက ရောက်လာတဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ဆက်လက်တိုးမြှင့်သွားဖို့ ကတိပြု ပြောကြားထားတာပါ။ တရုတ်-မြန်မာ ဆက်ဆံရေး ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Joyce Huang ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်လွင်ဦး က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ အဆက်ဆက် လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းတယ်လို့ အများကမြင်ကြတဲ့ တရုတ်နိုင်ငံက NLD အစိုးရသစ်နဲ့ ဦးဦးဖျားဖျား လာရောက်တွေ့ဆုံပြီး၊ ၂ နိုင်ငံ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ ပြောဆိုခဲ့တာပါ။ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက်တဲ့ မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်လက်ဆက်ဆံသွားဖို့ အိမ်နီးချင်းကောင်းအဖြစ် ရပ်တည်သွား ဖို့၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို သတင်းစကား ပါးနိုင်အောင် ရောက်လာတာလို့လည်း မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး တာဝန်နဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုရာမှာတော့ အိမ်နီးချင်းအဖြစ် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ အရေးကြီးကြောင်း အလေးထား ပြောကြား သွားပေမဲ့ မြန်မာ အစိုးရသစ်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ တကမ္ဘာလုံးနဲ့ ခင်မင်ရင်းနှီးစွာ ဆက်ဆံမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မကာအိုတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန တွဲဖက်ပါမောက္ခ Jonathan Chow ကတော့ အနောက်နိုင်ငံတွေနဲ့ ပိုမိုရင်းနှီးမှုရှိတဲ့ NLD အနေနဲ့ အစိုးရသစ် ဖြစ်လာချိန်မှာ ကြားနေတဲ့ သံတမန်ဆက်ဆံမှုရေးမူကို ကျင့်သုံးမယ့်အလားအလာ ပိုများတယ်လို့ မြင်ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ အစဉ်အလာ ရပ်တည်ချက်အတိုင်း ဘက်မလိုက်မူဝါဒ ကျင့်သုံးတာတွေ့ရလိမ့်မယ်လို့ ယူဆပါတယ်။ ဒီအတွက်လည်း ၁၉၉၇ ခုနှစ်ကတည်းက အရှေ့တောင်အာရှနိုင်ငံများအသင်း (Asean) အဖွဲ့ဝင်အဖြစ် ဆက်လက် တွေ့မြင်ရလိမ့်မယ်လို့လည်း ထင်ပါတယ်။”

တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်မှုရစေဖို့ ၂ နိုင်ငံ ထိပ်တန်း သံတမန်တွေ ပြောဆိုခဲ့ကြပေမဲ့လည်း မြန်မာနိုင်ငံတွင်းက တရုတ်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့် ဆက်ဆံရေးမှာ အဖုအထစ် ဖြစ်စရာတွေလည်း ရှိနေတာပါ။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တရုတ်နိုင်ငံက ရေကာတာတွေ ဆောက်လုပ်မယ့် အစီအစဉ်၊ စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစရှိတဲ့ လုပ်ငန်းတွေမှာ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေမှာ အများဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ အပြန်အလှန် လိုအပ်ချက်တခု ဖြစ်တယ်လို့လည်း ပါမောက္ခ Chow ကပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်မှုတွေ လိုအပ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံက သဘာဝ အရင်းအမြစ်တွေ ရနိုင်ဖို့နဲ့ အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရဖို့ လိုပါတယ်။”

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွင်းမှာတော့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံပြီး ၂ နိုင်ငံ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းရေး ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် အဖွဲ့အစည်း တချို့ဟာ တရုတ်နိုင်ငံနဲ့ နီးစပ်မှု ရှိနေတာဟာလည်း မိုင်ပေါင်း ၁၃၀၀ ကျော် နယ်စပ်ချင်းထိစပ်နေတဲ့ ၂ နိုင်ငံကြား အရေးကြီးတဲ့ ကိစ္စအဖြစ် ရှိနေဆဲပဲလို့လည်း တရုတ်နိုင်ငံ Chi Nan အမျိုးသား တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဌာန တွဲဖက်ပါမောက္ခ Chao Chung-chi က ယူဆပါတယ်။

“၀တပ်ဖွဲ့ဟာ တရုတ်နဲ့ နီးစပ်မှုရှိတဲ့ မြန်မာနိုင်ငံထဲက အကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လျစ်လျူရှုထားလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အ၀ါကို ထိန်းချုပ်ဖို့ အနောက်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချမယ် ဆိုရင်တောင်၊ သူ့အနေနဲ့ ၂ ခါပြန် စဉ်းစားရပါလိမ့်မယ်။”

တချိန်တုန်းက စစ်အစိုးရတွေရဲ့ ဖိနှိပ်မှုခံရချိန်မှာ အနောက်နိုင်ငံတွေရဲ့ အားပေးထောက်ခံမှုတွေ ရခဲ့တဲ့ NLD အနေနဲ့ အစိုးရသစ်ကို ဦးဆောင်တဲ့ အချိန်မှာ အနောက်နိုင်ငံတွေနဲ့ ရင်းနှီးမှုတွေ ပိုမိုအားကောင်းလာနိုင်တယ်လို့ တွက်ဆမှုတွေလည်း ရှိပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ကလည်း ဗုဒ္ဓဟူးနေ့က မြန်မာသမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းဆက်ပြီး ချီးကျုးဂုဏ်ပြုစကား ပြောကြားခဲ့သလို၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဆက်လက်ပံ့ပိုးကူညီဖို့လည်း ကတိပြုခဲ့တာပါ။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ ကောလိပ်ကျောင်းက နိုင်ငံရေးသိပ္ပံပညာဌာန ပါမောက္ခ Liang Jinyun ကတော့ မြန်မာနိုင်ငံအနေနဲ့ အနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့က အားသာချက်တွေကို အသုံးချနိုင်တဲ့ အခွင့်အလန်းတွေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အနောက်နိုင်ငံတွေက ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်သလို၊ တရုတ်နိုင်ငံ အနေနဲ့ကတော့ စီးပွားရေးကဏ္ဍမှာ အကျိုးအမြတ်တွေ ခံစားနိုင်အောင် ဆောင်ကျဉ်းရာမှာ အရေးကြီးပါတယ်။”

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ လတ်တလော တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုဟာ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း ရှိနေသလို၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက် ရှိတဲ့အကြောင်း ပြောဆိုခဲ့တာပါ။ ဒါဟာဆိုရင် ၂ နိုင်ငံ စီးပွားရေး ဆက်ဆံမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေ အပြန်အလှန် အကျိုးကျေးဇူး ခံစားရမယ့် အလားအလာကောင်းတွေ ရှိနေတယ် ဆိုတာပြသရာ ရောက်နေတယ်လို့ ပြောဆိုခဲ့ သလို၊ စီးပွားရေး လုပ်ငန်းတွေမှာ ကြုံရတတ်တဲ့ ပြဿနာတွေကိုလည်း ပူးပေါင်းဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောဆိုထားပါတယ်။

ကိုအောင်လွင်ဦး / ဗွီအိုအေ (မြန်မာပိုင်း)

Thursday, April 7, 2016

မြန်မာ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ မြန်မာနိုင်ငံအတွက် ကနေဒီ ယန်ဒေါ်လာ (၄၄)သန်း ကူညီမည်



နေပြည်တော် ဧပြီ ၇

မြန်မာနိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စုစနစ် အောင်မြင်စွာထူထောင်နိုင်ရေး၊ အုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်ရေးနှင့် အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး တို့ အတွက် ကနေဒီယန်ဒေါ်လာ (၄၄)သန်း ကူညီထောက် ပံ့ပေး သွားမည်ဟု ကနေဒါနိုင်ငံ ခြားရေးဝန်ကြီး မစ္စတာ စတီဗင်ဒီရွန်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။


နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ စတီဗင် ဒီရွန်တို့သည် ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြရာ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု စနစ် အောင်မြင်စွာထူထောင် နိုင်ရေးအတွက် ကနေဒါနိုင်ငံ၏ အကောင်းဆုံးနည်း ဗျူဟာနှင့် အတွေ့အကြုံများ မျှဝေ ပေးရေး၊ အုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်ရေး အတွက် အဓိကကျသည့် သတင်းအချက်အလက်ကဏ္ဍတွင် ပူးပေါင်းကူညီပေးရေး၊ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များအတွက် အသေးစားစီးပွားရေးလုပ်ငန်းများနှင့် အခွင့်အလမ်းများ ဖန်တီးပေးရေး စသည်ဖြင့်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးများသည် သတင်းစာရှင်းလင်း ပွဲတစ်ရပ် ပြု လုပ်ပြီး နှစ်နိုင်ငံသဘောထားများကို သတင်းမီဒီယာများအား ရှင်းလင်းပြောကြား ကြသည်။

မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံတို့၏ ကုန်သွယ်မှုပမာဏသည် နှစ်စဉ်တိုးတက် လျက်ရှိရာ ၂၀၁၅ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ (၅၂ ဒသမ ၂၇)သန်းအထိ ရှိခဲ့ကြောင်း ကနေဒါအစိုးရက သတင်းထုတ်ပြန် ထားသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မြန်မာ့သယံဇာတ အစီရင်ခံစာ


နော်ဝေအခြေစိုက် သယံဇာတ ထုတ်ဝေမှု ပွင့်လင်းမြင်သာရေးအဖွဲ့ Extractive Industries Transparency Initiative (EITI) မှာ မြန်မာအစိုးရဟာ ၂၀၁၄ ခုနှစ်က အဖွဲ့ဝင်လောင်း ဖြစ်လာပါတယ်။

        အစီရင်ခံစာထုတ်ဖို့ တာဝန်ရှိတာမို့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် (၁၄၄) မျက်နှာ မြန်မာ့သယံဇာတအစီရင်ခံစာကို လွန်ခဲ့တဲ့ ဒီဇင်ဘာလက ထုတ်ပြန်ပါတယ်။ ဒီ အစီရင်ခံစာကိုကြည့်ရင် ရေနံဓါတ်ငွေ့လို သယံဇာတလုပ်ငန်းမှာ အကြီးအကျယ် အလွဲသုံးစားလုပ်နိုင်တာကို အထင်အရှား တွေ့ရပါတယ်။ နိုင်ငံပိုင်လုပ်ငန်းကြီးတွေဟာ ဝင်ငွေ (၅၈) ရာခိုင်နှုန်းကို အစိုးရကို မအပ်ဘဲ သီးခြားဘဏ်စာရင်း လုပ်ထားပါတယ်တဲ့။

       သယံဇာတဝင်ငွေကို သီးခြားဘဏ်စာရင်းမှာထားတဲ့ စွမ်းအင်ဝန်ကြီးဌာနဟာ အစိုးရထက်ပိုပြီး ငွေကြေးအင်အား ကောင်းသလို ဖြစ်နေတာဟာ NLD အစိုးရ ကိုင်တွယ်ရမယ့် ပြဿနာတခု ဖြစ်ပါတယ်။ သယံဇာတကုမ္ပဏီတွေကပေးတဲ့ အချက်အလက်နဲ့ အစိုးရဌာနအဖွဲ့အစည်းကရတဲ့ အချက်အလက်တွေကို ညှိနှိုင်းပြီး လူမှုစီးပွားရေးအထောက်အကူပြုဖို့ အစီရင်ခံစာ ရေးရတာလို့ ဆိုပါတယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ အမျိုးသားအကျိုးစီးပွားရှေ့ ရှုမှု၊ ပြည်သူ့သဘောထားလေးစားမှု စတဲ့ EITI အခြေခံမူတွေဟာ ဒေါ်လာဗိုလ်ချုပ်တွေရဲ့  လုပ်ပုံကိုင်ပုံနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

     ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ သယံဇာတကရတဲ့ ဝင်ငွေဟာ ကျပ်သန်းပေါင်း (၃) သန်းကျော် ရှိတယ်လို့ ဖော်ပြပါတယ်။ ဒီအထဲမှာ ရေနံဓါတ်ငွေ့က အများဆုံး (၈၅) ရာခိုင်နှုန်း ရှိပါတယ်။ ကျောက်မျက် နဲ့ ကျောက်စိမ်းဝင်ငွေက (၁၃) ရာခိုင်နှုန်းရှိပြီး အခြားတွင်းထွက်ပစ္စည်းက (၂) ရာခိုင်နှုန်းသာ ရှိပါတယ်။ အစိုးရဝင်ငွေ စုစုပေါင်းရဲ့  (၂၄) ရာခိုင်နှုန်းဟာ သယံဇာတက ရတာ ဖြစ်ပါတယ်။

         ဓါတ်ငွေ့ ရောင်းရငွေ ဒေါ်လာသန်း (၃၃၀၀) ရှိပြီး၊ ကျောက်စိမ်းရောင်းရငွေ ဒေါ်လာသန်း (၁၀၀၀) ကျော် ရှိပါတယ်။ ဒါပေမဲ့ သယံဇာတကုမ္ပဏီတွေကပေးတဲ့ အခွန်ငွေကို အမြတ်ခွန်ဌာန နဲ့ အကောက်ခွန်ဌာနက မဖော်ပြလို့ ချန်လှပ်ထားရတယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းမှာလည်း (၂၀) ရာခိုင်နှုန်း အခွန်စည်းကြပ်တာကို မဖော်ပြဘဲ၊ ကျောက်မျက်ပြခန်းကရတဲ့ အချက်အလက်ကိုသာ ဖော်ပြလို့ မပြည့်စုံတဲ့ အစီရင်ခံစာ ဖြစ်နေပါတယ်။

          မြန်မာ့သယံဇာတအဖွဲ့က စာရင်းစစ်အစီရင်ခံစာ တင်ပြဖို့ မေတ္တာရပ်ခံတာကို ကုမ္ပဏီ (၃) ခုကသာ လိုက်လျောပါတယ်။ MPRL, Petronas နဲ့ Xie Family တွေသာ စာရင်းစစ်အစီရင်ခံကို တင်ပြပါတယ်။ အစိုးရအဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေဟာ EITI အဖွဲ့က မေးတာကို မဖြေကြောင်း စာရင်းစစ်ချုပ်ကို တိုင်တဲ့အခါမှာ သယံဇာတကုမ္ပဏီတခုချင်းရဲ့  အချက်အလက်ကို ဘဏ္ဍာရေး နဲ့ အခွန်ဌာနကတောင် ပေးနိုင်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

      သယံဇာတကုမ္ပဏီတွေရဲ့  ဝင်ငွေကိုလည်း ဘဏ္ဍာရေး နဲ့ အခွန်ဌာနက မဖော်ပြနိုင်ဘူးလို့ အစီရင်ခံစာမှာ ရေးထားပါတယ်။ ကာလပေါက်ဈေးနဲ့ တွက်ရင် ရေနံဓါတ်ငွေ့ ဒေါ်လာသန်းပေါင်း (၇၅၀၀၀) ဖိုးလောက် မြန်မာပြည်မှာ ရှိနေပါတယ်။ နိုင်ငံပိုင် ရေနံဓါတ်ငွေ့လုပ်ငန်းဟာ ပုဂ္ဂလိက ကန်ထရိုက်တာတွေနဲ့တွဲပြီး ဆောင်ရွက်နေတာကြောင့် စာရင်းအင်း မပြည့်စုံတာတွေ များနေပါတယ်။

         ရတနာ နဲ့ ရဲတံခွန်ဓါတ်ငွေ့တွင်းကို နိုင်ငံခြားကုမ္ပဏီနဲ့ ဖက်စပ်လုပ်ပြီး ထိုင်းကို ဓါတ်ငွေ့ရောင်းနေတာ (၁၆) နှစ် ရှိနေပါပြီ။ နောက် (၁၄) နှစ်ကြာရင် ဓါတ်ငွေ့ကုန်ခမ်းမယ်လို့ ခန့်မှန်းပါတယ်။ မုတ္တမပင်လယ်ကွေ့က ထိုင်းနဲ့မြန်မာ ဖက်စပ် ဇောတိကဓါတ်ငွေ့ကိုတော့ (၂၀၁၄) မှာ ထိုင်းကို စတင်တင်ပိုပြီး ပြည်တွင်းသုံးအတွက်လည်း ဖြန့်ဝေပါတယ်။ ထိုင်းက (၈၀) ရာခိုင်နှုန်း၊ မြန်မာက (၂၀) ရာခိုင်နှုန်း ပိုင်တဲ့ ဓါတ်ငွေ့တွင်း ဖြစ်ပါတယ်။ ရခိုင်ကမ်းလွန်က ရွှေဓါတ်ငွေ့ကို (၂၀၁၄) ဇန်နဝါရီလမှာ စတင်ထုတ်ယူပြီး တရုတ်ပြည်ကို အနှစ် (၃၀) စာချုပ်နဲ့ တင်ပို့နေပါတယ်။ ချောက်၊ ရေနံချောင်း နဲ့ မာန်ရေနံဓါတ်ငွေ့ကိုလည်း ဆက်လက်ထုတ်ယူနေပါတယ်။

          ရေနံဓါတ်ငွေ့ကန်ထရိုက်ကို ဖော်ပြဖို့ ဥပဒေပြဌာန်းတာမျိုး မရှိပါဘူး။ ကန်ထရိုက်စာချုပ်မှာ ဖော်ပြခြင်းမပြုဖို့ သဘောတူတာမို့ မဖော်ပြကြဘူးလို့ ဆိုပါတယ်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ဓါတ်ငွေ့ရောင်းရငွေ (၃) မျိုး ဖြစ်နေတာကိုလည်း ဖော်ပြထားပါတယ်။ ဓါတ်ငွေ့ရောင်းရငွေ ဒေါ်လာသန်းပေါင်း (၃၆၀၀) ကျော် ရတယ်လို့ မြန်မာ့ရေနံဓါတ်ငွေ့လုပ်ငန်းက ဆိုပါတယ်။ အကောက်ခွန်ဌာနက ဒေါ်လာသန်း (၃၇၀၀) ကျော်ဝင်တယ်ဆိုတော့ သန်း (၁၀၀) ပိုများနေပါတယ်။ ဗဟိုစာရင်းအင်းဌာနရဲ့  မနှစ်ကထုတ်တဲ့ စာရင်းမှာ ဒေါ်လာသန်း (၃၃၀၀) သာ ဝင်တယ်ဆိုလို့ သန်း (၄၀၀) နည်းနေပြန်ပါတယ်။ အစိုးရဌာန (၃) ခုမှာ ဓါတ်ငွေ့ရောင်းရငွေ (၃) မျိုး ကွဲနေရတဲ့ အကြောင်းရင်းကို မြန်မာ့သယံဇာတအဖွဲ့ EITI က စုံစမ်းမေးမြန်းဖို့ လိုပါတယ်။

         အခုမှ တနှစ်စာဝင်ငွေကို ဖော်ပြတဲအတွက် မဖော်ပြတဲ့ လွန်ခဲ့တဲ့ အနှစ် (၂၀) က သယံဇာတဝင်ငွေ ဘယ်လောက်နေသလဲလို့ မေးစရာ ရှိပါတယ်။ မြန်မာ့ရေနံဓါတ်ငွေ့လုပ်ငန်းဟာ ၁၉၉၂ က စင်္ကာပူမှာ ဘဏ်စာရင်း ဖွင့်ပါတယ်။ ရတနာဓါတ်ငွေ့အတွက်ရတဲ့ စရံငွေ ဒေါ်လာ (၁၅) သန်းနဲ့ ဘဏ်စာရင်းဖွင့်တယ်လို့ သုတေသီ Dennis Berstein နဲ့ Leslie Kean တို့က ၁၉၉၆ မှာ စာတမ်းထုတ်ပါတယ်။
        အဲဒီနောက် စင်္ကာပူဘဏ်စာရင်းကို ဓါတ်ငွေ့ဒေါ်လာရော၊ မသမာငွေကြေးရော ကုဋေနဲ့ချီပြီး လှိမ့်ဝင်လာပါတယ်။ ဗမာစစ်ဗိုလ်ထဲမှာ သန်းကြွယ်သူဌေးကြီးတွေ ရှိလာပါတယ်။ အနှစ် (၂၀) လျှို့ ဝှက်ထားတဲ့ စစ်အုပ်စုရဲ့  ဒေါ်လာငွေစာရင်းကိုလည်း စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ်။
ဦးအောင်ခင်, ကျော်ကျော်သိန်း VOA

တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ 


တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့  ၀န်ကြီးချုပ် ၊ ၀န်ကြီးများ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများ၊ ဥပဒေချုပ်များ ၊ စာရင်းစစ်ချုပ်များ အား စုစည်း ဖော်ပြပေးလိုက်ပါသည်။

https://www.scribd.com/doc/307333570/Region-and-State-Government-in-Myanmar

ဒမတ်စကတ်မြို့ အရှေ့မြောက်ပိုင်းတွင် IS အဖွဲ့က အလုပ်သမား ၃၄၄ ဦးအား ပြန်ပေးဆွဲ


တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒမတ်စကတ်မြို့ အစွန်အဖျားဒေသ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဒမတ်စကတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

    IS စစ်သွေးကြွ အဖွဲ့သည် ဒမတ်စကတ်မြို့အနီးရှိ ဘိလပ်မြေ စက်ရုံမှ ဆီးရီးယား အလုပ်သမား ဝန်ထမ်း ၃၄၄ ဦး အား ပြန်ပေးဆွဲ ဖမ်းဆီးခဲ့သည်ဟု ယုံကြည်ရကြောင်း အစိုးရအား ထောက်ခံသည့် Sham FM က ဧပြီလ ၆ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

IS စစ်သွေးကြွများသည် မြို့တော် ဒမတ်စကတ် အရှေ့မြောက်ပိုင်း Dumair မြို့ရှိ ဘိလပ်မြေ စက်ရုံအား တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၄ ရက် နေ့လည်ပိုင်းတွင် ဓါးစားခံများအား နေရာတစ်ခုသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူ အားလုံးသည် ဆီးရီးယား နိုင်ငံသားများဖြစ်ပြီး စက်ရုံမှာ ပုဂ္ဂလိကပိုင် ဖြစ်ကာ အစိုးရပိုင် မဟုတ် ကြောင်း သိရသည်။

စက်ရုံအား တိုက်ခိုက်မှုတွင် IS စစ်သွေးကြွများဖက်မှ ၄င်းတို့ကို ထောက်ခံသည့် ဒေသတွင်းက စစ်သွေးကြွများ ပါဝင်ခဲ့ကြကြောင်း နှင့်ဆီးရီးယား လေတပ်က စက်ရုံအနီးသို့ မောင်းသူမဲ့ လေယာဉ် တစ်စီး ပို့လွှတ်စစ်ဆေးခဲ့ရာ စက်ရုံ၌ လူတစ်ဦး တစ်ယောက်မျှ မရှိတော့ဘဲ စက်ပစ္စည်းများလည်း လုယက် ခံထားရကြောင်း တွေ့ရှိခဲ့သည်။

Dumair မြို့သည် ဆီးရီးယား စစ်တပ်နှင့် IS စစ်သွေးကြွ အုပ်စု၏ ထိန်းချုပ်မှု အောက်တွင် နှစ်ပိုင်းကွဲလျက် ကျရောက်လျက် ရှိကြောင်း သိရသည်။

စက်ရုံ တိုက်ခိုက်ခံရသည့် တစ်ပြိုင်နက်တည်းမှာပင် IS စစ်သွေးကြွ အုပ်စု သည် Dumair လေတပ် စခန်းကို လည်း တိုက်ခိုက်ခဲ့ပြီး ဆီးရီးယား စစ်တပ်က ပြန်လည် ကာကွယ်ခဲ့ကြောင်း သိရသည်။

အစီရင်ခံစာတွင် ဖော်ပြချက်အရ ဖမ်းဆီးခံထားရသည့် ဓါးစားခံများ လွတ်မြောက်ရေး အတွက် ကြိုးပမ်းနေကြ ကြောင်း သိရသည်။

 (Xinhua)

ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ရခိုင်အစိုးရအဖွဲ့ ၀န်ကြီးနေရာ လက်ခံ


(ဓာတ်ပုံ-၀န်ကြီးရာထူးကို လက်ခံသော ရမ်းဗြဲ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွှင်/ ဓာတ်ပုံ- နိရဉ္စရာ)
နိရဉ္စရာ၊ ဧပြီ ၇

NLD မှ ကမ်းလှမ်းသော ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးနေရာကို လက်ခံပါက ထိထိရောက်ရောက် အရေးယူမည်ဟု ရခိုင်အမျိုးသားပါတီ ( ANP) က သတိပေးထားသည့်ကြားမှ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွှင်သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးနေရာကိုလက်ခံလိုက်ပြီဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီ(ANP)က ဦးဆောင်ခွင့် မရလျှင် ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်မည်မဟုတ်ဟု ၁/၂ဝ၁၆ ဖြင့် ANP က ထုတ်ပြန်ကြေညာထားသဖြင့် မည်သည့် အတွက် ပါတီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ၀န်ကြီး အဖြစ် လက်ခံရပါသလဲဟု ယနေ့ (ဧပြီလ ၇ ရက်) လွှတ်တော် အပြီး မေးမြန်းရာ သူက "ယင်းကြေညာချက်မှာ ပါတီ၏ ကြေညာချက်သာဖြစ်ပြီး ပါတီ၏ မူဝါဒမဟုတ်သည့်အတွက် ယခုကဲ့သို့ ဝန်ကြီးနေရာ လက်ခံခဲ့ခြင်း ဖြစ်သည်" ဟု ပြောကြားသည်။

၎င်းပြင် ၀န်ကြီး အဖြစ် လက်ခံလိုက်ခြင်းနှင့် ပတ်သက်ပြီးလည်း သတင်းထောက်များ၏ မေးမြန်းအပေါ် ဦးကျော်လွှင်က ယခုလို တုန့်ပြန် ပြောကြားသည်။

“NLD ပါတီနဲ့ လက်တွဲလို့ ဘာလို့ ကမ်းလှမ်းတာကိုလက်ခံလဲဆိုတော့ NLD ပါတီရဲ့ဦးတည်ချက်မှာလည်း ကျနော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်တယ်။ ကျနော်တို့ ရခိုင်ပါတီဦးတည်ချက်ကလည်း ရခိုင်လူမျိုးနဲ့ ရခိုင်လူမျိုးရဲ့ မျိုးနွယ်စုတွေအတွက် တိုးတက်ဖွံ့ဖြိုးရေးကို အဓိက လုပ်မယ်ဆိုတဲ့ ကျနော်တို့ ဦးတည်ချက်ချင်း တူတဲ့ အတွက် တူတဲ့ဦးတည်ချက်မှာ ကျနော်တို့ရဲ့ ဆင်းရဲတွင်းနက်နေတဲ့ ကျနော်တို့လူမျိုးတွေ အောက်ကျနောက်ကျဖြစ်နေတဲ့ဘဝက ကျနော်အခုတာဝန်ယူထားတဲ့ အခြေခံ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ ဒီကဏ္ဍတွေက ကျနော့်လူမျိုးတွေကို ကျနော်မြှင့်ချင်လို့ ဦးတည်ချက်တူတာလေးတွေ ပူးပေါင်းလုပ်မယ်ဆိုပြီး ဒီတာဝန်ကို ကျနော်လက်ခံခြင်းဖြစ်ပါတယ်”ဟု ဦးကျော်လွင်က ဆိုသည်။

ရမ်းဗြဲမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ၀န်ကြီး အဖြစ် လက်ခံခြင်း အပေါ် မည်သို့ သဘောထားပါ သလဲဟု ရခိုင်အမျိုးသား ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် အား မေးမြန်းရာ သူက “ ကျနော်တို့ ဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့တော့ အနီးစပ်ဆုံး ဗဟို အလုပ်အမှုဆောင် ကော်မတီမှာ တင်ပြ ပြီးတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ချမှတ်တဲ့ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်ဖို့ အခြေအနေ ရှိပါတယ်။ ကော်မတီရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ အရေးယူဆောင်ရွက်သွားမယ်” ဟု ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကမ်းလှမ်းသော အစိုးရ အဖွဲ့ဝင် ၀န်ကြီးနေရာ တစ်ခုခုကို လက်ခံပါက ကျပ် သိန်း (၅၀၀) လျော်ရမည်ဟု ပါတီမှ တရားဝင် ထုတ်ပြန်ထားသည်။

မာန်ယုကျော် (ရွှေဝမြေ)
Arakan State

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး နဲ့ ဒေါ်စု ပူးတွဲသတင်းစာ ရှင်း


ကနေဒါနိုင်ငံခြားရေးဝန်ကြီး Stephane Dion နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရသစ်နဲ့ လာရောက်တွေ့ဆုံတဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ကူညီဖို့ ကတိပြုပြောကြားသွားပါတယ်။ ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ကမ်းလှမ်းချက်ကိုတော့ မြန်မာအစိုးရသစ်ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကလည်း ကြိုဆိုခဲ့ကြတာပါ။ ကနေဒါ-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦးက ပြောပြပေးမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ အစိုးရသစ်ကို နိုင်ငံတကာ သံတမန်တွေ လာရောက် တွေ့ဆုံနေတဲ့ အထဲမှာ အခုနောက်ဆုံး ကနေဒါနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Stephane Dion ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီကနေ့ နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့တဲ့ ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးကတော့ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်က အုပ်စိုးမှုကနေ အရပ်သား အုပ်ချုပ်မှုကို ပြောင်းလဲ နိုင်ခဲ့တဲ့ အခြေအနေအပေါ် ချီးကျုးစကား ပြောကြားသွားခဲ့တာပါ။

“မြန်မာနိုင်ငံ အနေနဲ့ အောင်မြင်မှုရဖို့လိုပါတယ်။ မြန်မာနိုင်ငံအတွက် အရေးကြီးသလို၊ ကမ္ဘာကြီးအတွက်လည်း အရေးကြီးပါတယ်။ ဒါဟာလည်း မိတ်ဖက်နိုင်ငံတခုအဖြစ်နဲ့ ကျနော်တို့ သင်ယူစရာတွေရှိပါလိမ့်မယ်။ ဒီလို ထူးခြားလှတဲ့ ဖြတ်သန်းမှုကနေ သင်ယူနိုင်မယ့် အခွင့်အလန်းကောင်း တခုပါ။ ဒါဟာ ခက်ခဲပါလိမ့်မယ်။ ဒီမိုကရေစီခိုင်မာအောင် တည်ဆောက်ရတာဟာ အမြဲလိုလို ခက်ခဲလေ့ရှိပါတယ်။ အလွယ်ဆုံးလမ်း မဟုတ်ပေမဲ့လည်း၊ ဖြတ်ကိုဖြတ်သန်းရမယ့် လမ်းပါ။”

ဒီကနေ့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံရာ မှာတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူနေမှုအဆင့်တန်း မြင့်မားရေး စတဲ့ကိစ္စရပ်တွေကို အစိုးရသစ်က ဦးစားပေး ဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ အချိန် အတော်ကြာ ပြောဆိုဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းလည်း ကနေဒါနိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ကနေဒါ နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖို့ ကမ်းလှမ်းခဲ့တဲ့အပေါ် ကနေဒါနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကြိုဆိုခဲ့တာပါ။

“အထူးသဖြင့် ကနေဒါနိုင်ငံ အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကူညီဖို့ စိတ်အားထက်သန်နေတယ်လို့ ထင်ပါတယ်။ ဒီလို အကူအညီမျိုးကို ကျမတို့နိုင်ငံကလည်း ၀မ်းပမ်းတသာကြိုဆိုပါတယ်။ မတူကွဲပြားမှုတွေကနေ ညီညွတ်မှုကို တည်ဆောက်နိုင်မယ့် တိုင်းပြည်တခုဖြစ်အောင် ကျမတို့ ကြိုးပမ်းရာမှာ ကျမတို့ရဲ့ မိတ်ဆွေတွေ ၀ိုင်းပြီးအကူအညီပေးသမျှကိုလည်း ကျမတို့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။”

ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေအပြင် လွှတ်တော် တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ရှိသလို၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး မြန်မာ စစ်အစိုးရတွေ လက်ထက်မှာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေထဲ တခုအပါအ၀င်ဖြစ်ခဲ့တဲ့ ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ထွက်ပေါ်လာတဲ့ မကြာသေးခင်နှစ်တွေကစလို့ အရေးယူထားတာတွေကို လျှော့ပေါ့ပေးခဲ့တာပါ။

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပြစ်ဒဏ်ခတ် အရေးယူတဲ့ဥပဒေတရပ်ကို ၂၀၀၇ ခုနှစ်ကတည်းက ချမှတ်ထားခဲ့တဲ့ ကနေဒါနိုင်ငံက ဒဏ်ခတ်မှု အများစုကို ဖယ်ရှားပေးခဲ့ရာမှာ အခုနောက်ဆုံး လက်နက်တင်ပို့ရောင်းချမှုတွေနဲ့ တားမြစ်ထားတဲ့ မြန်မာနိုင်ငံတွင်းက လူပုဂ္ဂိုလ်တချို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ စီးပွားရေးအရ အဆက်အဆံတွေ မလုပ်ဖို့ ကန့်သတ်တာတွေကိုသာ ဆက်လက်ထားရှိခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်လွင်ဦး / ဗွီအိုအေ (မြန်မာပိုင်း)

နိုင်ကျဉ်း လွှတ်ရေး ဦးစားပေး လုပ်မည်ဟု ဒေါ်စု ထုတ်ပြန်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ဟာ ပြည်သူလူထု က ရွေးကောက် တင်မြှောက် လိုက်တဲ့ လက်ရှိအစိုးရရဲ့ ဦးစားပေး လုပ်ငန်းတခု ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်နိုင်မယ့် နည်းလမ်းတွေကိုလည်း ကျင့်သုံးသွားမယ်လို့ ပြောလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဒီကနေ့ ဧပြီလ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ပထမဆုံးကြေညာချက်မှာ အခုလို ဖော်ပြ ထားတာဖြစ်ပါတယ်။ ဒီကြေညာချက် အပေါ်မှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ပေးရေး အသင်း ကလည်း ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ ပထမဆုံး ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၁ / ၂၀၁၆ မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လွတ်မြောက်ရေးဟာ လက်ရှိအစိုးရရဲ့ ဦးစားပေး လုပ်ငန်းဖြစ်တယ် လို့ ပြောလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံထုတ်ပြန်ချက်အပြည့်အစုံ
နိုင်ငံတော်သမ္မတက ပြစ်ဒဏ်ကျခံနေရသူတွေကို လွတ်ငြိမ်းခွင့်ပေးနိုင်တာနဲ့ ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

" လွတ်ငြိမ်းချမ်းသာခွင့်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရတဲ့ လွတ်ငြိမ်းချမ်းသာခွင့်။ နောက် ရာဇဝတ်ကျင့်ထုံး (၄၀၁) အရ ရတဲ့ လွတ်ငြိမ်းချမ်းသာခွင့်။ ဒီနှစ်ခုက ကြိုက်တာကို ကျင့်သုံးပေါ့။ "

နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ကျခံနေရသူတွေ နဲ့ အမှုရင်ဆိုင်နေရသူတွေကို သမ္မတက လွတ်ငြိမ်းခွင့်ပေးနိုင်မယ့် ဥပဒေအချက် ၃ ချက်ကို ဒီကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။ ဒီကြေညာချက် မှာ ဖော်ပြထားတဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးနိုင်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ဥပဒေ အကြံပေး ရှေ့နေ ဦးကိုနီက အခုလို ရှင်းပြပါတယ်။

"အပြစ်ဒဏ်ကျခံထားရပြီးသား တသင်း၊ တဖွဲ့၊ တစုကို လွတ်ငြိမ်းချမ်းသာခွင့်ပေး ချင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၀၄) ရယ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) ရယ် အဲ့ဒီ့နှစ်ခုနဲ့ သမ္မတက လွှတ်ပေးလို့ရတယ်။ ကာလုံရဲ့ ထောက်ခံချက် မလိုဘူး။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အဓိပ္ပါယ်က ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အားလုံး အကျုံးဝင်သွားတယ်။ ဆိုလိုတာက လူသတ်မှု ၊ မုဒိမ်းကောင်၊ ဓားပြကောင် လွှတ်လိုက်လို့ရှိရင် အပြင်မှာ အန္တရာယ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ အဲ့ဒီ့လူတွေပါ အကျုံးဝင်တဲ့အတွက် အဲ့တာကြောင့် အထွေထွေကျတော့ကာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အတွက် ကာလုံရဲ့ ထောက်ခံချက် ရမှ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရတယ်။ အဲ့တော့ အခုပေးမှာက ကျောင်းသားတွေ တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပေးမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၀၄) (က) ရယ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) ရယ် နှစ်ခုကို သုံးပြီးတော့ သူ့သဘောနဲ့ ကာလုံထောက်ခံချက် မလိုပဲနဲ့ လွှတ်ပေးနိုင်တယ် ထောင်ကျပြီးသားလူဆို လွှတ်ပေးမယ်။ တချို့က အမှုစစ်ဆေးဆဲ ဥပမာဆို လက်ပံတန်းဆို အမှုမပြီးသေးဘူး။ အဲ့တော့ အဲ့ဒီ့ကလေးတွေ ဝန်းရံတဲ့ပြည်သူတွေကျတော့ စစ်ဆေးဆဲဖြစ်တဲ့အတွက် ရှေ့နေချုပ်ရုံးရဲ့ အမိန့်နဲ့ တရားရုံးကနေ ပြန်ရုပ်သိမ်းကြောင်း လုပ်ရမယ်။ ကျောင်းသားတွေကျတော့ ဘယ်သူ့မှ မထိခိုက်ဘူး။ ဒါမျိုးတွေကို ရုပ်သိမ်းမယ်ဆိုရင် တရားရုံးက အလွယ်တကူ ခွင့်ပြုမှာပါ။ တရားလိုအစိုးရက ဒီအမှုကို ရုပ်သိမ်းပါတယ် ဆိုတဲ့ လျှောက်လွှာတင် လိုက်တာနဲ့ တရားသူကြီးက ဒါကို စဉ်းစားပြီး ရုပ်သိမ်းခွင့်ပေးလိုက်လို့ရှိရင် အဲ့ဒီ့အမှုက ချက်ခြင်းပြီးသွားရော။"

မေး။   ။ အဲ့တော့ ကာလုံဘက်ကရော ကျောင်းသားတွေဘက်က ဆူဆူပူပူ လုပ်တယ် ဆိုပြီးတော့ ကန့်ကွက်တာမျိုးရော မဖြစ်လာနိုင်ဘူးလား။

"လုံးဝ ကန့်ကွက်ပိုင်ခွင့်မရှိဘူး။ နိုင်ငံတော်သမ္မတကို အာဏာပေးထားတာ။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ရဲ့ အကြီးအကဲ။ နိုင်ငံတော်၏ အထွဋ်အထိပ်ပုဂ္ဂိုလ် အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ။ ကာလုံဆိုတာ နိုင်ငံတော်သမ္မတကို အကြံပေးဖို့ ဖွဲ့ထားတဲ့ အောက်ကအဖွဲ့။"

ဒါ့အပြင် လက်ရှိဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ အမှု ရင်ဆိုင်နေရတဲ့ ကျောင်းသားကျောင်းသူတွေ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေ အမြန်ဆုံး လွတ်မြောက်လာနိုင်ဖို့အတွက် ဒီကြေညာချက်မှာ ဖော်ပြထားတဲ့ အပိုဒ် ၁၊ အပိုဒ်ခွဲ (က) နဲ့ (ဂ) တို့ကို အသုံးပြုသွားမယ်လို့လည်းဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးကနေ ထုတ်ပြန် အခုလိုကြေညာချက် ထုတ်ပြန်လိုက်တဲ့ အပေါ်မှာတော့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ကြိုဆိုတယ်လို့ ပြောလိုက်ပါတယ်။

"ဒီကြေညာချက်အပေါ်မှာတော့ ကျနော်တို့ အကြွင်းမဲ့ ထောက်ခံပါတယ်။ ဒါက ဖြစ်လည်းဖြစ်သင့်တဲ့ကိစ္စပါ။ ဒါက အင်မတန်ကို အရေးကြီးပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒထဲမှာကိုက နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးနဲ့ဆက်နွယ်ပြီးတော့ အဖမ်းခံနေရသူတွေရဲ့ လွတ်မြောက်ရေးဟာ ဦးစားပေးလုပ်ငန်းဖြစ်တယ် ဆိုကတည်းကိုက ဒါဟာ အရပ်သားအစိုးရဖြစ်တယ်။ ဒီမိုကရေစီ အစိုးရဖြစ်တယ်ဆိုတာကို ပြလိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိရဘူးဆိုတာ သူပြောဆိုထားပါတယ်။ ဒီဟာကို အကောင်အထည်ဖော်ဖို့ကြိုးစားတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ကျနော်တို့ ကျေးဇူးတင်ပါတယ်။"

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်း အရတော့ - လက်ရှိမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂၁ ဦး၊ အမှုရင်ဆိုင်နေရသူ ၁၁၆ ဦး နဲ့ အာမခံနဲ့ အမှုရင်ဆိုင်နေရသူ ၂၉၈ ဦးရှိတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။

ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)

ထားဝယ်တွင် စိတ်ကြွဆေးပြား ရှစ်သောင်းဖမ်းမိ



         မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု သတင်းဓာတ်ပုံ- ဓာတ်ပုံ - Dawei Watch

ထားဝယ်ဒေသတွင် စံချိန်တင်အဖြစ် ကာလတန်ဖိုး သိန်းလေးထောင် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား အရေအတွက် ရှစ်သောင်း ဖမ်းဆီးရမိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ သိရသည်။


ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ၃၀နှစ်အရွယ် အမျိုးသားတစ်ဦး ဧပြီလ၃ ရက်နေ့တွင် ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာသည့် KULLKER အမျိုးအစားကားအား သတင်းအရ ရှာဖွေခဲ့ရာ ယင်းကဲ့သို့ မူးယစ်စိတ်ကြွဆေးအလုံးရေ သောင်းချီ (ကာလတန်ဖိုး သိန်းလေးထောင်တန်ဖိုးရှိ) မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ထားဝယ်ရဲစခန်း မှတ်တမ်းအရ သိရသည်။


“ထားဝယ်ဒေသမှာ နှစ်ပေါင်းများစွာအတွင်း ပမာဏ အများဆုံး ဖမ်းဆီးရမိခဲ့တာပဲ” ဟု ထားဝယ်ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။


ဖြစ်စဉ်မှာ ဧပြီလ ၂ရက်နေ့တွင် ထားဝယ်မြို့ရှိ DAIMON COWN ဟိုတယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပါရှိသည့် အမျိုးသားတစ်ဦးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမပါရှိသည့် မြိတ်မြို့မှ အမျိုးသားနှစ်ဦး လာရောက်တည်းခိုနေသည်ကို ဟိုတယ်တာဝန်ရှိသူမှ မသင်္ကာသဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့မှ နိုင်ငံသားစိစစ်ရေးကတ်ပြားအား သက်ဆိုင်ရာ လ၀ကရုံးတွင် စစ်ဆေးရာ အဆိုပါနိုင်ငံသားစိစစ်ရေး ကတ်ပြားမှာ ရုံးသုံး ပုံနှိပ်စက်ဖြင့် ပုံနှိပ်၍ အတုပြုလုပ်ထားခြင်း ဖြစ်နေပြီး တည်းခိုသည့် အခန်းအား ၀င်ရောက်ရှာဖွေရာ WY စိတ်ကြွဆေးပြား ၃၂ ပြားနှင့် ငွေကျပ် ၄၈၅ သိန်း အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲစခန်းမှတ်တမ်းတွင် ဖော်ပြပါရှိသည်။


မူးယစ်ဆေးပြားများနှင့် ငွေများဖမ်းဆီးရမိခဲ့သည့် အဆိုပါ အမျိုးသားနှစ်ဦးအား ဆက်လက် စစ်ဆေးချက်အရ မြိတ်မြို့နေ အမျိုးသားတစ်ဦးမှ  ရန်ကုန်မှထားဝယ်မြို့သို့ရောက်ရှိလာမည့် မူးယစ်ဆေးဝါးများ ၀ယ်ယူရန် ပေးအပ်လိုက်သည့် ငွေကြေးများဖြစ်ကြောင်း သိရသည့်အတွက် ရန်ကုန်မှ ထားဝယ်သို့ မူးယစ်ဆေးပြားများ လာရောက်ပို့ဆောင်သူ အမျိုးသားအား ရန်ကုန်မှထားဝယ်မြို့သို့ လာရောက်ပို့ဆောင်စဉ် ထားဝယ်နည်းပညာတက္ကသိုလ်အရှေ့တွင် စောင့်ဆိုင်း ဖမ်းဆီး ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


မူးယစ်ဆေးဝါးများ လာရောက်ပို့ဆောင်သည့်အမျိုးသားအား (ပ)၁၇/၂၀၁၆  မယပုဒ်မ ၁၅/၂၀(က)/၂၁အရလည်းကောင်း၊ မြိတ်မြို့မှ အမျိုးသားနှစ်ဦးအား (ပ)၁၆/၂၀၁၆ မယပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ နှင့် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ သိရသည်။

Dawei Watch

တရားမ၀င် ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေကို EU ပြန်ပို့မည်


ဘင်္ဂလားဒေရှ့် ရွှေ့ပြောင်းနေထိုင်သူများကို ဂရိနိုင်ငံတွင် တွေ့ရစဉ် (နိုဝင်ဘာ ၂၆၊ ၂၀၁၅)
ဥရောပ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ တရားမ၀င် နေထိုင်နေကြတဲ့ ထောင်ချီရှိတဲ့ ဘင်္ဂလားဒေရှ့် ရွှေ့ပြောင်းနေထိုင်သူတွေကို ဌာနေ ပြန်ပို့နိုင်ရေးအတွက် စီစဉ်ဖို့ ဘင်္ဂလားဒေရှ့် နိုင်ငံကို ဥရောပ သမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

အဖွဲ့ဝင် ၆ ဦးပါ ဥရောပ သမဂ္ဂ ကိုယ်စားလှယ် အဖွဲ့နဲ့ ဘင်္ဂလားဒေရှ့် အကြီးတန်း အရာရှိကြီးတွေ မနေ့ အင်္ဂါနေ့ ဒါကာ မြို့တော်မှာ တွေ့ဆုံခဲ့ကြပြီး တရားမ၀င် ဘင်္ဂလားဒေရှ့် ရွှေ့ပြောင်းဝင်ရောက်သူ အရေအတွက် မြင့်မားလာတဲ့ အပေါ် စိုးရိမ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေမှာ ရှိနေတဲ့ ဘင်္ဂလားဒေရှ့် ရွှေ့ပြောင်းအခြေချသူ ၂ သိန်းခွဲနီးပါး ထဲက ၈ သောင်းလောက်ဟာ တရားမ၀င် ၀င်ရောက်လာသူတွေ ဖြစ်ပြီး နောက်ထက်လည်း အများအပြား ရောက်ရှိနေဆဲ ဖြစ်တယ်လို့ EU တာဝန်ရှိသူတွေက ပြောဆိုတဲ့ အကြောင်း ဘင်္ဂလားဒေရှ့်က ပြောပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေ လုံခြုံဘေးကင်းစွာ ဌာနေပြန်နိုင်ရေး အတွက် ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုတာကို နှစ်ဘက်တို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း ဘင်္ဂလားဒေရှ့် ပြည်ထဲရေး ၀န်ကြီး Asaduzzaman Khan Kamal က ပြောပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေ အရေး ဘက်ပေါင်းစုံကနေ ဆွေးနွေးခဲ့တယ်လို့ EU ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် စီးပွားရေးနဲ့ ကမ္ဘာ့ရေးရာ ဆိုင်ရာ အဖွဲ့ရဲ့ ဒုတိယ အတွင်းရေးမှူး Christian Leffler က ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

ဒါပေမယ့် တရားဝင် ရွှေပြောင်းဝင်ရောက်မှုတွေ အတွက် ပိုပြီး တိကျခိုင်မာတဲ့ ပြဌာန်းချက်တွေနဲ့ တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်မှုတွေကို ပိုပြီး ထိထိရောက်ရောက် တားဆီးဖို့ လိုအပ်တယ်ဆိုပြီး ဒီသတင်းပတ် အစောပိုင်းတုန်းကတော့ တွစ်တာမှာ သူက ရေးသားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဦးဇော်ဌေးကို သမ္မတရုံး ပြောခွင့်ရသူခန့်


သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်က ပြောခွင့်ရှိသူ ခန့်အပ်
ဦးသိန်းစိန် အစိုးရ လက်ထက်က သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးဟာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ သမ္မတရုံး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့် ရှိသူ အဖြစ်ခန့်အပ် ခံရ ပါတယ်။

အရင်အစိုးရ လက်ထက်က သမ္မတ ဦးသိန်းစိန်နဲ့ အနီးကပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်ဌေးကို ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ဒီတာဝန် အပ်နှင်းတာ ဖြစ်ပါတယ်။

ဦးဇော်ဌေးကတော့ သူ့အနေနဲ့ ဒေါ်အောင်ဆန်း စုကြည် တာဝန်ယူထားတဲ့ တခြား ရာထူးတာဝန်တွေနဲ့ ပတ်သက်လို့ တစုံတရာ ပြောရေး ဆိုခွင့် ရှိမှာ မဟုတ်ဘဲ သမ္မတရုံး ဌာနနဲ့ ပတ်သက်လို့သာ ပြောခွင့်ရသူ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အလိုက် ပေးအပ်တဲ့ တာဝန်တွေကို ဘယ်အစိုးရ တက်တက် ဆက်လက် တာဝန်ထမ်းဆောင်သွားကြရမှာ ဖြစ်လို့ သူ့အနေနဲ့လည်း ဝန်ထမ်းတစ်ယောက် လိုက်နာရမယ့် စည်းကမ်းနဲ့ တာဝန် ဝတ္တရားတွေ အတိုင်း လိုက်နာ သွားမယ်လို့ လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အစိုးရက သူ့ကို အခုလို တာဝန်ပေးတာဟာ သမ္မတရုံးနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ နိုင်ငံခြားရေး မူဝါဒတွေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ ပတ်သက်ပြီး သင့်လျော်တယ်လို့ ယူဆတဲ့ အတွက် ပေးတာလို့ ဦးဇော်ဌေးက ပြောပါတယ်။

BBC Burmese

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံဥပဒေ အတည်ဖြစ်

သမ္မတ ဦး ထင်ကျော် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ( မတ်လ၊ ၁၅ရက် ၂၀၁၆)
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ခန့်အပ်တဲ့ ဥပဒေကို သမ္မတလက်မှတ်ရေးထိုး အတည်ပြုလိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သွားပါပြီ။ မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

လွှတ်တော် ၂ ရပ်ရဲ့ အတည်ပြုချက်နဲ့ သမ္မတထံကို ပေးပို့လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ခန့်အပ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးထင်ကျော်က ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင့် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

“ကျနော်တို့သိတာ ဒီကနေ့ သမ္မတလက်မှတ်ထိုးပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့ပါတယ်ခင်ဗျ။”

လွှတ်တော ၂ ရပ်တို့ အတည်ပြုလိုက်ပြီး နောက်တနေ့မှာဘဲ သမ္မတ လက်မှတ်ရေးထိုး အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု လွှတ်တော်ထံကို ပြန်လည် ပေးပို့ထားတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“သမ္မတလက်မှတ်ရေးထိုးပြီးသွားရင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအဖြစ်ထုတ်ပြန် ထုတ်ပြန်ပြီးတဲ့နောက်မှာ သူ့ရဲ့ ဒီဥပဒေအရပေါ့နော် ခန့်အပ်တယ်ဆိုတဲ့ဟာ အဲဒီ process တခုကျန်ပါတယ်။”

သမ္မတ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီ ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးစီးပွားအတွက် အကြံပေးခွင့်၊ နောက် ဒီအကြံပေး ဆောင်ရွက်ချက်တွေကို ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမှာဖြစ်ပြီး လိုအပ်ခဲ့ရင် အစိုးရ၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေအရ သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရတဲ့ ရွေးကောက်ပွဲ အများစု အနိုင်ရ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ အဖြစ် ခန့်အပ်ဖို့ အစိုးရ အာဏာလွှဲပြောင်းရယူပြီး နောက်တနေ့မှာဘဲ အမျိုးသား လွှတ်တော်မှာ တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေရဲ့ ရည်ရွယ်ချက်ကိုလည်း ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေး စနစ် ပီပြင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဖြစ်တယ်လို့ ဖော်ပြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လွှတ်တော် အမတ် အများစု ဖြစ်တဲ့ လွှတ်တော် ၂ ရပ်မှာ အများဆန္ဒနဲ့ အတည်ပြုနိုင်ခဲ့ပေမယ့် တပ်မတော်သားကိုယ်စားလှယ် အားလုံးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အမတ်တွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)

ရွှေဘိုနယ်တွင် လူမြင်ကွင်း၌ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ သတ်ဖြတ်ခံရမှုကို လေးလခန့် ကြာမြင့်လာချိန်အထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေး

    
   ရွှေဘိုနယ် အနောက်ပိုင်း မြင်းစီးကျေးရွာ၏ လူစည်ကားသော နေရာတွင် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှာ လေးလခန့် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

ဆင်အင်းတိုက်နယ်၊ မြင်းစီးကျေးရွာတွင် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့လူသတ်မှုဖြစ်စဉ်ကြောင့် ဦးသန့်စင် (၃၉နှစ်) မှာ ဓား၊ လှံ ဒဏ်ရာဗရပွဖြင့် သေဆုံးခဲ့ရပြီး အများရှေ့တွင် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း ကျူးလွန်သည့် တရားခံများကို စုံစမ်းဖော်ထုတ်ရန် လုံလောက်သည့်သက်သေအချက်အလက် မရရှိသေးကြောင်း ရဲတာဝန်ရှိသူတို့၏ ပြောကြားချက်အရ သိရသည်။

“ရွာရဲ့ မိန်းလမ်းမကြီးမှာ အုပ်စုဖွဲ့ လူသတ်မှုဖြစ်ခဲ့တာပါ။ အဲဒီနေရာမှာ ဈေးဆိုင်လည်း ရှိတယ်။ ရွာက လူငယ်တွေနဲ့ ည ၁၀ နာရီလောက်ထိ လူမပြတ်တဲ့ နေရာပေါ့။ အခင်းဖြစ်သွားတာက ည ၈ နာရီလောက်မှာ။ကျွန်တော်ရောက်သွားတာက ၈နာရီခွဲဝန်းကျင်။ အဲဒီနားက အိမ်တွေရော၊ ဆိုင်တွေရော အကုန်တံခါးပိတ်၊ မီးမှိတ်ထားတယ်။ အခင်းစဖြစ်စကတော့ ဒီလို လူမြင်ကွင်းမှာဖြစ်ခဲ့တဲ့ အမှုဆိုတော့ ချက်ချင်း ဖော်ထုတ်နိုင်မယ် ထင်ခဲ့တာ။ အခုတော့ လေးလပြည့်တော့မယ်။ ဘာမှမထူးပါဘူး” ဟု မျက်မြင်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန်မှာ လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ဆင်အင်းစခန်းမှူး ရဲအုပ်ဦးစောမင်းလွင်ဦးက ပြောကြားပြီး ဒေသခံအမြောက်အမြားကို စစ်ချက် ရယူခဲ့သော်လည်း အမှုနှင့် ပတ်သက်၍ ထူးခြားမှုမရှိသေးကြောင်း နယ်ထိန်းခေါင်းဆောင် ထွန်းနောင်နောင်ဦး က ပြောကြားသည်။

“အမှုက တချို့ထူးခြားတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ တရားခံဖော်ထုတ်ဖို့က တော်တော်တော့ လိုသေးတာပေါ့”ဟု ဆင် အင်းစခန်းမှူးက ပြောကြားသည်။

သေဆုံးသူ၏ ဆွေမျိုးသားချင်းများအား ဆက်သွယ်မေးမြန်းရာတွင် သေဆုံးသူ ဦးသန့်စင်သည် သတ်ဖြတ်ခြင်း မခံရမီ သုံးရက်ခန့်က အချင်းများမှုတစ်ခုနှင့် စပ်လျဉ်း၍ ကျေးရွာအုပ်ချုပ်ရေးမှူးအား စိန်ခေါ်ခဲ့ကြောင်း၊ မှုခင်းဖြစ်ပွားရာနေရာသည် ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ နေအိမ်နှင့် နှစ်အိမ်ခန့်သာ ခြားနားကြောင်း၊ ကျေးရွာတွင် ည  ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် အမိန့်ထုတ်ပြန်ချက်လည်း ရပ်၊ကျေးမှူးက ထုတ်ပြန်ခဲ့ကြောင်း၊ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်တွင် ၎င်းတို့အနေဖြင့် မလုံခြုံသကဲ့သို့ ခံစားနေရပြီး ထိတ်လန့်မှုရှိနေကြောင်း ဆိုသည်။

“အစ်ကိုသေတော့ နားရွက်တစ်ဖက် ပြတ်နေတယ်။ ဗိုက်ကလည်း ထုတ်ချင်းပေါက်၊ ကျောနဲ့ခြေထောက်မှာလည်း ဓားဒဏ်ရာ၊ လှံဒဏ်ရာ ဗရပွရခဲ့တယ်။ ဒါကို ကျွန်တော်က ဓာတ်ပုံရိုက်မယ်လုပ်တော့ စခန်းမှူးက ရိုက်ခွင့်မပေးဘူး။ အမှုစစ်တဲ့ အခြေအနေကလည်း အချိန်တွေ ဒီလောက်ကြာတဲ့အထိ ဘာမှ ထူးခြားမလာသေးဘူး။ အုပ်ချုပ်ရေးမှူးကတော့ အစ်ကိုသေတာနဲ့ ပတ်သက်ပြီး ရက်လည်မလာသလို၊ အမှုအတွက် တရားခံပေါ်ဖို့ လုပ်တာဘာမှမရှိဘူး”ဟု သေဆုံးသူ၏ ညီတော်စပ်သူက ပြောကြားသည်။

ယင်းဖြစ်စဉ်အပေါ် မြင်းစီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ထံ မေးမြန်းရာ ၎င်းနှင့် ပတ်သက်သည့် သတင်းထွက်ပေါ်နေမှုများမှာ ကောလာဟလသာဖြစ်ကြောင်း၊ ကျူးလွန်သူ တရားခံမှာ သွေးသားရင်းဖြစ်နေစေကာမူ ဥပဒေအရအရေးယူရန် တိုက်တွန်းကြောင်း ပြန်လည်ဖြေကြားသည်။              
 
ရဲရင့်အောင် Eleven Media Group