
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ဗဟိုအစိုးရအဖွဲ့၏ ချုပ်ကိုင်မှုကို လျော့ချပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများအား အာဏာခွဲဝေသည့် အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အတိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်များကို ဗဟိုအစိုးရအဖွဲ့ သက်တမ်း နှစ်နှစ်ကျော် ကာလအတွင်း စတင်ခွင့်ပြုချက် ရရှိပြီဖြစ်ကြောင်း မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားသည်။
''မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှုက အာဏာရှင် စနစ်ကနေ ဖက်ဒရယ်စနစ်ကို သွားနေတာပါ။ ပင်လုံဖက်ဒရယ်ဆို ၁၀ နှစ်ကြာရင် ခွဲထွက်ခွင့် ပေးရမယ်။ အခု ဖက်ဒရယ် စနစ်က ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲ့ လုပ်ပိုင်ခွင့် အာဏာကို အစိုးရလက်စွဲဆိုတဲ့ စာအုပ်နဲ့ ခွင့်ပြုချက်ပေးတာပါ။ Power Sharing လည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံအဖြစ် သွားနေကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့် ပါနေပြီးသားပါ'' ဟုလည်း မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်က ဆက်လက ပြောကြားသည်။
အရင်တုန်းက အစိုးရအဖွဲ့တွေ အနေနဲ့ ကိုယ့်လုပ်ပိုင်ခွင့်က ဘာမှန်းမသိဘဲ နှစ်နှစ်လောက် ငုတ်တုတ်ထိုင်နေရတယ်။ အခုတော့ ကိုယ့်ပြည်နယ်က ဘာရှိတယ်။ ဘာလုပ်ပေးခွင့်ရှိတယ်။ ဘယ်လို ဥပဒေမျိုးတွေ ပြဋ္ဌာန်းခွင့်ရှိတယ် ဆိုတာမျိုး သိလာရပါပြီ။ ကိုယ့်ပြည်နယ်အတွင်း ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုတွေ ကိုလည်း စိစစ်ခွင့်၊ ပြည်နယ်အခြေအနေနဲ့ မကိုက်ညီရင် ကန့်ကွက်ခွင့်တွေ ရလာပါပြီ...
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်းများအား ဖော်ပြထားပြီး ပုဒ်မ ၁၈၈ တွင် 'တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်လွှတ်တော်သည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ဝန်းလုံးအတွက် သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်စိတ်တစ်ဒေသအတွက် သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်' ဟု ပြဋ္ဌာန်းထားသဖြင့် ဇယား ၂ ပါ ခွင့်ပြုချက်များအား ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လိုက်လျောညီထွေမှု ရှိသည့် ဥပဒေများ ပြဋ္ဌာန်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ တွင် ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီမံခန့်ခွဲရေးကဏ္ဍ စသည်ဖြင့် ကဏ္ဍရှစ်ခု ခွဲခြားထားပြီး အဆိုပါ ကဏ္ဍများတွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များအတိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ အနေဖြင့် မိမိဒေသနှင့် လိုက်လျောညီထွေမှုရှိသည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်း နိုင်မည်ဖြစ်ကြောင်း သိရသည်။
အစိုးရလက်စွဲ စာအုပ်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်အား ခွင့်ပြုပေးလိုက်သည့် အတွက် ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များ အနေဖြင့် မိမိတို့ လုပ်ပိုင်ခွင့် ရှိသည်များ၊ ဥပဒေပြဋ္ဌာန်းခွင့် ရှိသည်များ၊ ဗဟိုအစိုးရမှ ဆုံးဖြတ်ခွင့် ရှိသည်များအား ခွဲခြားလုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။
''အရင်တုန်းက အစိုးရအဖွဲ့တွေ အနေနဲ့ ကိုယ့်လုပ်ပိုင်ခွင့်က ဘာမှန်းမသိဘဲ နှစ်နှစ်လောက် ငုတ်တုတ်ထိုင်နေရတယ်။ အခုတော့ ကိုယ့်ပြည်နယ်က ဘာရှိတယ်။ ဘာလုပ်ပေးခွင့်ရှိတယ်။ ဘယ်လို ဥပဒေမျိုးတွေ ပြဋ္ဌာန်းခွင့်ရှိတယ် ဆိုတာမျိုး သိလာရပါပြီ။ ကိုယ့်ပြည်နယ်အတွင်း ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုတွေ ကိုလည်း စိစစ်ခွင့်၊ ပြည်နယ်အခြေအနေနဲ့ မကိုက်ညီရင် ကန့်ကွက်ခွင့်တွေ ရလာပါပြီ'' မွန်ပြည်နယ် အစိုးရ အဖွဲ့မှ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးနိုင်လ၀ီအောင်က ပြောကြားသည်။
Eleven Media Group မှ