Headlines News :
Home » » မည်သည့် နိုင်ငံတွင်မှ မရှိသည့် ယာယီနိုင်ငံသားကတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်၊ ပါတီထောင်ခွင့်ပြုခြင်း ဆိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်သည်အထိ ဖြစ်စေနိုင်ဟု နယ်ပယ်အသီးသီးမှ ဝေဖန်

မည်သည့် နိုင်ငံတွင်မှ မရှိသည့် ယာယီနိုင်ငံသားကတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်၊ ပါတီထောင်ခွင့်ပြုခြင်း ဆိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်သည်အထိ ဖြစ်စေနိုင်ဟု နယ်ပယ်အသီးသီးမှ ဝေဖန်

Written By လွင့်မောင်မောင် on Monday, August 26, 2013 | 9:32 AM

 8.1.1
                       ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးနေသူ အချို့ကို တွေ့ရစဉ်
မည်သည့် နိုင်ငံတွင်မှ မရှိသည့် ယာယီနိုင်ငံသားကတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်၊ ပါတီထောင်ခွင့်ပြုခြင်း ဆိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်သည်အထိ ဖြစ်စေနိုင်သည်ဟု နယ်ပယ် အသီးသီးမှ ဝေဖန်မှုများ ရှိနေသည်။
အဆိုပါ ၀ှိုက်ကတ်များကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထောက်ခံမဲပေးနိုင်ရန် ယခင် စစ်အစိုးရ လက်ထက်က ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ရခိုင်ပြည်နယ်တွင် ၀ှိုက်ကတ် ကိုင်ဆောင်ထားသူဦးရေ ငါးသိန်းကျော် ရှိကြောင်း သိရသည်။
ယာယီနိုင်ငံသားကတ် ကိုင်ဆောင်ထားသူများကို ပါတီထောင်ခွင့် ပေးထားခြင်းနှင့် ပတ်သက်၍ သြဂုတ် ၂၃ ရက်က အမျိုးသား လွှတ်တော်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းမှုကို အာဏာရ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီဟုဆိုကာ ကန့်ကွက်ခဲ့သောကြောင့် မဲခွဲဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့သည်။
ယင်းကဲ့သို့ ကန့်ကွက်ခြင်းမှာ အမျိုးသားရေးအတွက် လုံးဝမလုပ်သင့်ဘဲ အာဏာရပါတီ တစ်ခုအနေဖြင့် အမျိုးသားရေး အပေါ်တွင် မထောက်မထား၊ မငဲ့ကွက်ဘဲ မိမိပါတီ အနိုင်ရရေးကိုသာ လုပ်ဆောင် နေသည်ဟု ထင်မိကြောင်းနှင့် အခြားနိုင်ငံများတွင်လည်း ယာယီကတ်ဖြင့် မဲပေးခွင့်ပင် မရကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
ဦးအေးသာအောင်က ''အမေရိကန်နိုင်ငံမှာ Green Card ဆိုတာ ရှိပါတယ်။ ဒါက နေထိုင်ခွင့်ပေါ့။ အဲဒီလို နေထိုင်ခွင့် ရဖို့တောင်မှ သူတို့မှာ စည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ အများကြီးကို ကျော်ဖြတ်ပြီးမှ ရတာပါ။ အဲဒီကတ် ရပေမယ့် မဲရွေးပိုင်ခွင့်၊ မဲပေးခွင့်လုံးဝ မရှိပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ၀ှိုက်ကတ် ကိုင်ထားတဲ့ သူတွေက မဲပေးခွင့် ရှိတယ်။ ပါတီထောင်ခွင့်ရှိတယ် ဆိုတာက ဒီလက်ထက်မှာမှ ကြားဖူးတာ။ ၀ှိုက်ကတ်ဆိုတာ ကျွန်တော်တို့ ကြားတောင် မကြားဖူးဘူး။ အဲဒီတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ မိမိပါတီ အနိုင်ရဖို့အတွက် ဒီလိုလုပ်ခဲ့ တာကတော့ ဥပဒေနဲ့လည်း မညီဘူး။ အမျိုးသားရေး အတွက်၊ ရှေ့ရေး အတွက်လည်း အင်မတန်မှ ရင်လေးစရာ ကောင်းတဲ့ လုပ်ရပ်လို့ ပြောချင်တယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေး အရပဲ ကြည့်ကြည့်၊ အမျိုးသားရေး အရပဲ ကြည့်ကြည့် ဒီလိုမျိုးလုံးဝ မလုပ်သင့်ဘူးလို့ ထင်ပါတယ်'' ဟု ဆိုသည်။
''ဘယ်နိုင်ငံမှာမဆို နိုင်ငံသား တစ်ယောက်ဟာ နိုင်ငံကို သစ္စာစောင့်သိမှု ရှိနေပြီလားဆိုတဲ့ သတ်မှတ်ချက် တစ်ခုတော့ ရှိတယ်။ နိုင်ငံသား ဖြစ်ခြင်းနဲ့ ပတ်သက်ပြီး ဒီနေ့အထိ ပြောနေကြတယ်။ အငြင်းအခုံတွေ ဖြစ်နေကြတယ်။ နိုင်ငံသား ဖြစ်ခြင်းနဲ့ ဆက်စပ်ပြီး နိုင်ငံတော် အာဏာအထိ တက်လှမ်းလာမယ် ဆိုရင်တော့ နိုင်ငံသား ဖြစ်ခြင်းရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာ ဖြစ်တဲ့အတွက် တိုင်းပြည်ကို တကယ် သစ္စာစောင့်သိ ရိုသေတဲ့ နိုင်ငံသား ဖြစ်ဖို့တော့လိုတယ်'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးဂျင်မီက ဆိုသည်။
ဝှိုက်ကတ် ကိုင်ဆောင်ထားသူ များမှာ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော ဒေသများတွင် အဓိက ရှိနေပြီး မြန်မာနိုင်ငံတွင် လာရောက် နေထိုင်ကြောင်း အသိအမှတ်ပြုသည့် အနေဖြင့် ယာယီအားဖြင့် ထုတ်ပေးထားသည့် လက်မှတ် ဖြစ်ကြောင်း သိရသည်။
ပါတီနိုင်ငံရေးသည် စနစ်ကျပြီး လျော့တိလျော့ရဲ လုပ်၍မရသည့် အတွက် ယာယီ အဆင့်လောက်ဖြင့် လုပ်ခြင်းသည် မည်သို့မှ အကျိုးရှိမည် မဟုတ်ကြောင်းနှင့် ယင်းကဲ့သို့သာ ခွင့်ပြုပေးလိုက်မည် ဆိုပါက ရှုပ်ထွေးမှုများစွာ ဖြစ်လာနိုင်ကြောင်း ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။
''ယာယီ နိုင်ငံသား လက်မှတ် ကိုင်ထားတဲ့ သူတွေနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ယာယီသမားတွေ အများကြီး ပေါ်ထွက်လာနိုင်ပါတယ်။ ယာယီနိုင်ငံသား လက်မှတ် ကိုင်ထားတဲ့သူတွေ နိုင်ငံသား ဖြစ်ချင်တယ် ဆိုရင်တော့ ကြိုးစားပေါ့။ အဲဒီတော့မှ နိုင်ငံရေးလုပ်ပေါ့။ ကျွန်တော့် အမြင်ကတော့ ယာယီနဲ့ကတော့ ဘာမှမလုပ်တာ အကောင်းဆုံးပဲလို့ သုံးသပ်ချင်တယ်'' ဟု ဦးဇိုဇမ်က ဆိုသည်။
ကမ္ဘာပေါ်တွင် လူ့အခွင့်အရေး အမြင့်ဆုံးဟုပြောသည့် အမေရိကန် နိုင်ငံတွင်ပင် နိုင်ငံသား မဟုတ်ပါက မဲပေးခွင့် မရှိကြောင်း၊ အနောက် နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး မရှိဟုသာ ပြောနေ ကြသော်လည်း အမေရိကန်မှ Green Card ထက်ပင် နိမ့်သည့် ၀ှိုက်ကတ်ဖြင့် မဲပေးခွင့်၊ နိုင်ငံရေးပါတီ ထောင်ခွင့်များ ပေးထားသည် ဆိုခြင်းမှာ နိုင်ငံတကာ စံချိန်စံညွှန်းအရ ဆိုပါက မှားနေသည်ဟု ဆိုနိုင်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
''ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေးအရ မြန်မာနိုင်ငံရဲ့ အနောက်ဘက်မှာ မကွေးတိုင်းသာသာ လောက်ပဲရှိပြီး လူဦးရေသန်း ၁၆၀ လောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အဲဒီအပေါ်မှာ သန်း ၁၂၀၀ ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်မှာ သန်း ၁၃၀၀ ကျော်ရှိတဲ့ တရုတ်နိုင်ငံတွေရှိတယ်။ ဒီလောက် လူဦးရေ ပေါက်ဖွားနှုန်း ဒီလောက် မြင့်နေတဲ့ နိုင်ငံတွေကြားမှာ နစ်နေတဲ့ နိုင်ငံတစ်နိုင်ငံဟာ ဒါမျိုး ၀ှိုက်ကတ်တွေ၊ သုံးခေါက်ချိုးတွေနဲ့ မဲပေးခွင့်၊ ရွေးကောက်ပွဲဝင်ခွင့် ပေးလိုက်ရင် လာမယ့် နှစ် ၅၀၊ ၁၀၀ အတွင်းမှာ မြန်မာနိုင်ငံမှာ သမ္မတက တိုင်းတစ်ပါးသား ဖြစ်လာနိုင်တယ်။ ဒါကို နားမလည်ဘဲ လက်တစ်ဆစ်လောက်၊ မျက်တောင်မွှေးလောက်ပဲ ကြည့်ပြီး ကန့်ကွက်လိုက်တာဟာ အင်မတန် ၀မ်းနည်းဖို့ ကောင်းတယ်'' ဟု ဦးဇော်အေးမောင်က ပြောကြားသည်။
''နိုင်ငံသား အခွင့်အရေး မှန်သမျှကို White Card ကိုင်တဲ့သူက ခံစားခွင့် ရှိတယ် ဆိုတာတော့ လ၀က က ပြန်စိစစ် သင့်တယ်။ ဥပဒေမှာလည်း ယာယီနိုင်ငံသား ဆိုတာ မရှိဘူး။ နိုင်ငံသား၊ နိုင်ငံခြားသား ဆိုတာမျိုးပဲ ရှိတယ်။ တကယ်က White Card ဆိုတာ ဘယ်လိုမှ မရှိသင့်ဘူး။ နိုင်ငံသား မဟုတ်ဘဲနဲ့ နိုင်ငံသား အခွင့်အရေးတွေ ပေးတယ်ဆိုတာ ဒါဥပဒေ ချိုးဖောက်တာပဲ။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘယ်ကိစ္စပဲ ဖြစ်ဖြစ်ပေါ့၊ အထူးသဖြင့် နိုင်ငံရေးမှာ ဒီလိုပါဝင်ခွင့် ပေးရင် ဒါဟာ ပေးတဲ့သူတွေ ဥပဒေ ချိုးဖောက်တာပေါ'' ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဦးကျော်ဟိုးက ဝေဖန်ပြောကြားသည်။
အဖြူကတ် ဆိုသည်မှာ ထုတ်ကို မထုတ်ပေးသင့်သည့် စနစ်ဖြစ်ကြောင်း၊ နိုင်ငံသား အားလုံးသည် ပန်းရောင်ကတ် ဆိုပါက ပန်းရောင်ကတ်သာ ဖြစ်သင့်ပြီး မဲထည့်ရန် ယာယီအတွက် အဖြူကတ် ဆိုသည်ကို မထုတ်သင့်ကြောင်း၊ မဲပေးသင့်သည့် သူသည် နိုင်ငံသားဖြစ်ခွင့် ရှိသည်ဆိုပါက ၎င်းကို ပန်းရောင်ကတ် တစ်ခါတည်း ထုတ်ပေးရမည်ဖြစ်ပြီး နိုင်ငံသားကတ် ပန်းရောင်ကတ် ရသင့်သလား ဆိုသည်မှာမူ နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် ညှိရမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။
''လောလောဆယ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေက ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ကျွန်မ သဘောတူပါတယ်။ နိုင်ငံသား ဥပဒေကို ပြန်လည်သုံးသပ်ပြီး ပြုပြင်မွမ်းမံဖို့ လိုတယ်။ တချို့သော လူမျိုးတွေကျတော့ ဘိုးစဉ်ဘောင်ဆက် နေရင်လည်း နိုင်ငံသား မဖြစ်လာဘူး။ ဥပမာ တရုတ်တွေက မနေ့ကမှ ၀င်လာတယ်။ ချက်ချင်း နိုင်ငံသား ကတ်ရတယ်။ ဒါဟာ Fair မဖြစ်ဘူး။ ဒါတွေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ ဖြေရှင်းရမှာပေါ့။ စံချိန်တစ်ခုကို သတ်မှတ်ထားရမှာပေါ့။ နိုင်ငံတကာ စံချိန်နဲ့လည်း Date မအောက်အောင် အဲဒါမျိုး ဖြစ်သင့်ပါတယ်'' ဟု ဒေါ်ခွန်ဂျာက သုံးသပ်သည်။
''နိုင်ငံသား မဟုတ်တဲ့ သူတွေက White Card ကိုင်ဆောင်ထားပြီး မဲပေးခွင့်ရထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ သဘောမတူပါဘူး။ ဧည့်နိုင်ငံသားလို့ သတ်မှတ်ထားတဲ့ သူတွေကို မဲပေးခွင့်၊ ပါတီထောင်ခွင့် ပေးထားတဲ့နိုင်ငံ ကမ္ဘာမှာ မရှိပါဘူး။ ပေးစရာ အကြောင်းလည်း မရှိပါဘူး။ သူများအိမ်ကို အလည်ရောက်နေတဲ့ သူစိမ်းတစ်ဦးဟာ သူတစ်ပါး အိမ်တွင်းရေး ကိစ္စတွေကို ၀င်ရောက်စွက်ဖက်ဖို့ မလိုအပ်သလို ၀င်ရောက် နေရာယူဖို့လည်း မကြိုးစား သင့်ပါဘူး။ နိုင်ငံသား မဟုတ်သူတွေ ပါတီထောင်ခွင့်၊ မဲပေးခွင့်တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ နိုင်ငံလို ခေတ်ပြောင်း စနစ်ပြောင်းနဲ့ လမ်းသစ်ဖောက်နေတဲ့ နိုင်ငံတစ်ခု အနေနဲ့ ပိုလို့တောင် ကြပ်မတ်သင့်ပါတယ်။ တစ်ပါတီ စနစ်ကနေ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲခါစ နိုင်ငံတွေမှာ ပါတီတွေ အရမ်းပေါလာပါတယ်။ ကိုယ့်ဘာသာတောင် ပါတီတွေများနေတာ။ ဧည့်သည်ကပါ ပါတီထောင်ဖို့ ကြံလာမယ်ဆိုရင် သိပ်ပြီး အဆင်မပြေ လှပါဘူး။ ဧည့်နိုင်ငံသားလို့ သတ်မှတ်ထားတဲ့ သူတွေကို ပါတီထောင်ခွင့် ပေးလိုက်ခြင်းအားဖြင့် ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ဦးတည်လာဖို့ များနေပြီး မြန်မာနိုင်ငံသား တိုင်းရင်းသားတွေရဲ့ ဗဟိုအစိုးရအပေါ် ယုံကြည်ကိုးစားမှုပါ လျော့နည်းလာစေ နိုင်တယ်လို့ မြင်မိပါတယ်'' ဟု တပ်မတော် အရာရှိ တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ၀ှိုက်ကတ် ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခဲ့ပြီး ယင်းဒေသများ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အမတ်များ အနိုင်ရရှိခဲ့ရာ လက်ရှိတွင် ၎င်းတို့အား နိုင်ငံသား ဖြစ်မှုနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ စစ်ဆေးမှုများ ရှိနေကြောင်း သိရသည်။

Eleven


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template