
ဝါရှင်တန် ၊ ၁၁-၁-၂၀၁၅
ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Charlie Hebdo မဂ္ဂဇင်းတိုက်နှင့် ဂျူးကုန်တိုက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ ကဲ့သို့သော တိုက်ခိုက်မှုများ ကို ဆက်လက် ပြုလုပ်သွား မည်ဟု ယီမင်နိုင်ငံရှိ အယ်လ်ကိုင်ဒါ အဖွဲ့က ပြင်သစ်နိုင်ငံကို ခြိမ်းခြောက် ပြောကြား ခဲ့ကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့ တစ်ဖွဲ့က ဇန်နဝါရီ ၉ ရက်တွင် ပြောကြား ခဲ့သည်။
ပြင်သစ်နိုင်ငံ အနေဖြင့် ၄င်းတို့၏ ရန်စမှုကို ရပ်တန့်မည် ဆိုပါက ငြိမ်းချမ်းစွာဖြင့် နေထိုင်နိုင်မည် ဖြစ်ကြောင်း အယ်လ်ကိုင်ဒါ အဖွဲ့မှ ထိပ်တန်း ခေါင်းဆောင် ဟာရစ်သ် အယ်လ်နာဒါရီ ၏ ဗီဒီယိုမှ တစ်ဆင့် ပြောကြားချက်ကို ကိုးကား၍ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် SITE အဖွဲ့က ထုတ်ပြန် ခဲ့သည်။
ယင်းနောက် ပြင်သစ် နိုင်ငံတွင် သုံးရက်ကြာ ဖြစ်ပွားခဲ့သည့် သွေးထွက်သံယို တိုက်ခိုက် မှုများမှာ အယ်လ်ကိုင်ဒါ အဖွဲ့၏ လက်ချက် ဖြစ်ကြောင်း ဟာရစ်သ် အယ်လ်နာဒါရီ က ထုတ်ဖော် ပြောကြားခဲ့သည်။
ထို့ပြင် မဂ္ဂဇင်းတိုက်သို့ ဝင်ရောက် တိုက်ခိုက်သူများ အနက် တစ်ဦးမှာ ယီမင်နိုင်ငံရှိ စစ်သွေးကြွ များနှင့်အတူ လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း ယင်းနိုင်ငံမှ လုံခြုံရေး တပ်ဖွဲ့များက ပြောကြား ခဲ့သည်။
ပြင်သစ် အထူးတပ်ဖွဲ့ဝင် များသည် ဇန်နဝါရီ ၉ ရက်က ဓားစာခံ ဖမ်းဆီးထားသည့် နေရာနှစ်ခုကို စီးနင်း တိုက်ခိုက်ခဲ့ရာ မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသည့် ညီအစ်ကို နှစ်ဦးနှင့် အခြား ဂျီဟတ်ဒ်ဝါဒီ တစ်ဦးကို သတ်ဖြတ် နိုင်ခဲ့သည်။
ယင်း ဓားစာခံ ဖမ်းဆီးမှုများ အနက် ကုန်တိုက်တွင် ဖြစ်ပွားခဲ့သည့် ဓားစာခံ ဖမ်းဆီးမှု၌ ဖမ်းဆီးခံခဲ့ ရသည့် ဓားစာခံ လေးဦးမှာလည်း သေဆုံး ခဲ့ကြောင်း သိရသည်။
#PyiChitThar