
ဆစ်ဒနီ ဇန်နဝါရီ ၁ဝ
ကာလကြာမြင့်စွာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပြီးနောက် ဆီးရီးယားနှင့် အီရတ်နိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်နေသည့် တက်ဖရီ စစ်သွေး ကြွများအား ထောက်ပံ့ ပေးနေသော လူနှစ်ဦးကို သြစတြေးလျ တန်ပြန်အကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်သည်။
၎င်းတို့အား ကာလ အတန်ကြာအောင် စုံစမ်းထောက်လှမ်း ခဲ့ပြီးနောက် သောကြာနေ့က ဆစ်ဒနီမြို့၌ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများ ကပြောသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆစ်ဒနီမြို့အနောက်တောင်ပိုင်း နေရာလေးခု၌ ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ပြီးနောက် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးအား သောကြာနေ့က ဖမ်းဆီးလိုက်သည်။ အခြားတစ်ဦးကိုလည်း သီးခြားစစ်ဆင်ရေးအတွင်း ဖမ်းဆီးကာ ချုပ်နှောင်ထားကြောင်း လုံခြုံရေးအဖွဲ့က ပြောသည်။
အဆိုပါအမျိုးသားနှစ်ဦးစလုံးသည် တရားမဝင်လက်နက်များနှင့် ခဲယမ်းမီးကျောက်များ လက်ဝယ် ပိုင်ဆိုင်ထား သည်ဟု စွပ်စွဲခြင်း ခံရသည်။ သို့သော် အဆိုပါစစ်ဆင်ရေးသည် ဒီဇင်ဘာလနှောင်းပိုင်းက ဆစ်ဒနီကဖေး ပြန်ပေးဆွဲမှုနှင့်ဆက်စပ်မှုမရှိဟု ဆိုသည်။
၎င်းတို့နှစ်ဦးအား လာမည့်သီတင်းပတ်အတွင်း စွပ်စွဲထားသော အမှုများနှင့်ပတ်သက်၍ ဆစ်ဒနီတွင် ရုံးထုတ်စစ်ဆေးသွားမည်ဟုဆိုသည်။
(ပရက်စ်တီဗွီ)
Myanmaalinn