
ဝါရှင်တန် ၊ ၉-၁-၂၀၁၅
ဆီးရီးယားနိုင်ငံ နှင့် အီရတ်နိုင်ငံ အတွင်း ရှိ ISIS စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့၏ တိုက်ခိုက်မှု များကြောင့် ISIS စစ်သွေးကြွ များ၏ စစ်စခန်း ၉၈ဝ ခု၊ စစ်ဆင်ရေး နေရာ ၆၇၃ခု၊ Humvee အမျိုးအစား မော်တော်ကား ၁၈၄ စီးနှင့် တင့်ကား ၅၈ စီး အပါအဝင် စစ်သွေးကြွ များ၏ အဓိက ပစ်မှတ် ၃၂၂၂ ခုကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ဇန်နဝါရီ ၇ ရက်တွင် ပင်တဂွန် စစ်ဌာနချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
ISIS စစ်သွေးကြွ များ၏ စစ်စခန်းများ မည်မျှပျက်စီး သွားခဲ့သည် ဆိုခြင်းကို မိမိ အနေဖြင့် အတိအကျ မသိကြောင်း၊ သို့ရာတွင် မိမိတို့၏ လေကြောင်း တိုက်ခိုက်မှု ကြောင့် ISIS အဖွဲ့တွင် ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့သည်မှာ သေချာကြောင်း ပင်တဂွန် စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စတိဗ်ဝါရန် က ပြောကြား ခဲ့သည်။
အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း လေကြောင်း တိုက်ခိုက်မှု အဖွဲ့သည် အီရတ် နှင့် ဆီးရီးယား နိုင်ငံတွင်းရှိ ISIS စစ်သွေးကြွ များကို ၂ဝ၁၄ ခုနှစ် သြဂုတ် ၈ ရက်မှစ၍ စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လျက် ရှိသည့် ညွန့်ပေါင်း တပ်ဖွဲ့တွင် သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ် နှင့် နယ်သာလန် နိုင်ငံတို့ ပါဝင်ကြပြီး ဆီးရီးယား နိုင်ငံအတွင်းရှိ ISIS စစ်သွေးကြွ များအား လေကြောင်း တိုက်ခိုက်မှု တွင် ဘာရိန်း၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ နှင့် အာရပ် စော်ဘွားများ ပြည်ထောင်စု တို့ ပါဝင်ကြောင်း သိရသည်။
#PyiChitThar