နိုင်ငံတ၀န်း ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ စက်တင်ဘာ ၁၄ ရက်ကစ ထုတ်ပြန်လိုက်တဲ့ မဲဆန္ဒရှင် စာရင်းတွေမှာ အမှားအယွင်းတွေရှိနေတယ်လို့ သွားရောက်ကြည့်ရှုခဲ့ကြတဲ့ မဲဆန္ဒရှင်တွေက ပြောပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ မဲစာရင်းဟာ အရင်ကထုတ်ပြန်လိုက်တဲ့ အခြေခံမဲဆန္ဒရှင်စာရင်းထက် အရေအတွက်ပိုတိုးလာပေမယ့် မွေးသက္ကရာဇ်တွေမှားတာ၊ မှတ်ပုံတင်နံပါတ်တွေ မှားတာ၊ အချက်အလက်မှားတာနဲ့ ပြင်ဆင်လျှောက်ထားသူတချို့ ခုချိန်ထိနာမည်မပါတာတွေရှိနေတာ လို့ဆိုပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်ဘက်မှာတော့ မဲဆန္ဒရှင်တွေရဲ့ အမည်နဲ့ မွေးသက္ကရာဇ် မှားယွင်းနေတာအပြင် သေဆုံးပြီးသူတွေရဲ့ အမည်စာရင်းတွေ ပါဝင်နေတာ တွေ့ရပြီး တချို့ ကတော့ အဲဒီရွာမှာ မွေးကတည်းက နေထိုင်ခဲ့ပေမယ့် အဖိုးကြီးအဖွားကြီး ဖြစ်တဲ့ထိ မှတ်ပုံတင် မရှိကြောင်း၊ သူတို့တတွေကလည်း အများနည်းတူ မဲထည့်ချင်တဲ့အတွက် ရွာသူကြီးတွေရဲ့ ထောက်ခံမှုနဲ့ မဲထည့်ခွင့်ပြုဖို့ ညှိနှိုင်းပေးခဲ့တယ်လို့ ပါတီစည်းရုံးရေးဆင်းနေသူ မိုးနဲမြို့နယ် ကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ပါတီက ဒီနေ့မှာ ၀့မ်နား၊ ကာဟ၊ လွယ်ချို၊ ကိန်းလုမ်း စတဲ့ ကျေးရွာတွေဘက် စည်းရုံးရေးဆင်းတယ်ခင်ဗျ အဲဒီမှာ မဲစာရင်းအမည် နဲ့ အသက်မှားတာ ရွာတိုင်းလိုဖြစ်နေပြီး မှတ်ပုံတင်မရှိတဲ့သူက တရွာကို ၇ ယောက် ၈ ယောက်လောက် တွေ့ရပါတယ်။ သူတို့က အဲဒီ ရွာဇာတိလို့ပြောတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်တွေနဲ့ ညှိနှိုင်းပေးခဲ့တယ်။ ရွာသူကြီးတွေက ထောက်ခံပေးရင် အမည်စာရင်းထည့်ပေးမယ်လို့ ဆိုပါတယ်။”
ဒါပေမယ့် မဲထည့်ဖို့ စိတ်မ၀င်စားတဲ့ မိသားစုတွေလည်းရှိကြောင်း၊ တအိမ်ကို တယောက်သွား ရင်လုံလောက်ပြီလို့ ပြောဆိုပြီး နယ်မြေထဲ ရောက်လာတဲ့ အစိုးရတပ်ကလည်း ရွာကလူတွေရဲ့ တ၀က်ကျော်ထည့်ရင်ရပြီလို့ ပြောဆိုထားတာ ရှိတယ်လို့ မိုးနဲဒေသခံကပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ ရမ်ပူရပ်ကွက် မဲဆန္ဒနယ်က ရက်ပေါင်း ၁၈၀ အတွင်း နေထိုင်တဲ့ မဲဆန္ဒရှင်တွေရဲ့ အမည်စာရင်းမပါသေးဘူးလို့သိရပါတယ်။
မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တွေမှာ မဲစာရင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး ပိုစိတ်ဝင်စားသူ ပိုများလာတယ်လို့ ရမ်ပူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက “ပထမအကြိမ် မဲစာရင်းစထုတ်တဲ့ အချိန်ကပေါ့နော် ၇၃၆၃ ဦးရှိတယ်။ ဒုတိယအကြိမ်မှာတော့ ၈၈၇၈ ဦး ရှိတယ်။ ၁၀၀၀ ကျော်ကျော်လေးတော့ တိုးလာတယ်။ အိမ်ထောင်စုကတော့ ၂၀၀၀ ကျော်ရှိတယ်။ ပြည်သူလူထုကတော့ ဒီကြားထဲမှာ တော်တော်များများ လာကြည့်ပါတယ်။ ပထမအကြိမ် ကြည့်ပြီးသာ သူတွေက နောက်ထပ် လာမကြည့်ပါဘူး။ နောက်ထပ် စိတ်ဝင်းစားတဲ့ သူတွေကတော့ ပုံစံ ၃ (က)နဲ့ လာလျှောက်တဲ့ ပြည်သူလူထုတွေလည်း များတယ်”လို့ ပြောပါတယ်။
ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်ထဲမှာတော့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာ အုပ်စု ၅၃ ခု အတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွေကို အသစ်ထုတ်ပြန်ကပ်ထားပေမယ့် လာေ ရာက် ကြည့်ရှုသူ နည်းပါးနေတယ်လို့ မြို့ခံ ဦးဇော်သက်ဝင်းက ပြောပါတယ်။
လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူတွေကတော့ လက်ပံတန်းက မဲပေးပိုင်ခွင့် ရှိသူ စာရင်းကို ၉၀ ရာနှုန်း မှန်ကန်အောင် လုပ်ပေးနေတယ်လို့ ပြောပါတယ်။
လက်ပံတန်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်နွယ်က “ဒီလက်ပံတန်းမြို့နယ် အနေနဲ့ ပထမအကြိမ်မဲစာရင်း ကပ်ခဲ့ပြီးပြီ။ အမှားတွေတွေ့ပြီး ပြင်ဆင်ဖြည့်စွက်ပြီးပြီ။ အဲဒါအပြင် သက်ဆိုင်ရာ ကျေးရွာ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲတွေ ဆယ်အိမ်မှုးတွေ စုပေါင်းပြီးတော့ ဆယ်အိမ်စုတွေကနေ မဲစာရင်းတွေကို ကိုယ့်အစုထဲမှာ ရှိတဲ့ မဲပေးခွင့် ရှိသူတွေရဲ့ စာရင်းကို ပြန်လည်စစ်ဆေးထားတာ ဖြစ်တဲ့အတွက်ကြောင့် ၉၀ ရာနှုန်း မှန်ကန်ပါတယ်”လို့ပြောပါတယ်။
စစ်ကိုင်းတိုင်းမုံရွာမြို့မှာတော့ နာမည်တွေကို အရင်က မိသားစုအလိုက် ဖော်ပြရာကနေ ခုတကြိမ် အက္ခရာ စဉ်အလိုက် ဖော်ပြတာကြောင့် မဲစာရင်းမှာ ရှာဖွေနေရတာ အခက်အခဲဖြစ်တယ်လို့ နယ်ခံ မဲဆန္ဒရှင်တဦးကပြောပါတယ်။
“အက္ခရာနဲ့ ရှာရတာ ခဲယဉ်းတယ် အရင်တုန်းကဆို ပုံစံ ၁၀ အတိုင်းပါတယ်။ အခုတော့ အဲ့လိုမဟုတ်ဘူး။ ကိုယ့်သားသမီးတွေကို တနေရာစီ လိုက်ရှာနေရပါတယ်။ က အက္ခရာတွေဆို ဦးကျော်ခိုင်ဝင်းလိုက်ရှာတာ အချိန်ကုန်တာပေါ့ အခုရှာတာ သားတယောက်နာမည်နဲ့ ဦးနာမည်ဘဲ တွေ့သေးတယ်။ အားလုံးမိသားစု ၇ ယောက်ရှိတဲ့အထဲမှာ ရှာလို့မရသေးဘူး”
ဒီတကြိမ်ထုတ်ပြန်တဲ့ မဲစာရင်းမှာ နာမည်မှားအယွင်းတာတွေရှိနေတုန်းဖြစ်ပေမယ့် ပထမ တခေါက်ထက် တော့ အမှားနည်းတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း ဟင်္သာတခရိုင်အတွင်းမှာတော့ ဒီတကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းဟာ ပထမအကြိမ် အခြေခံမဲစာရင်း ထုတ်ပြန်ကြေညာမှုထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နှစ်သောင်းကျော် တိုးလာပါတယ်။
ပထမအကြိမ် မဲစာရင်းတွေ ထုတ်ပြန်ကြေညာတုန်းက ဟင်္သာတခရိုင်အတွင်း မဲဆန္ဒရှင် ပြည်သူ အားလုံးပေါင်း ၈ သိန်း ၁ သောင်းကျော် ရှိခဲ့ပြီး မှားယွင်း ပြင်ဆင်ဖြည့်စွက်သူ ၄ သောင်း ၁ ထောင်ကျော် ရှိခဲ့ပါတယ်။ ဒုတိယအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းမှာတော့ ဟင်္သာတခရိုင် မြို့နယ် ၆ ခုမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးပေါင်း ၈ သိန်း ၃ သောင်းကျော် ဖြစ်လာတဲ့အတွက် ပထမအကြိမ် ထုတ်ပြန်ကြေညာမှုထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂ သောင်း ၂ ထောင်ကျော် တိုးလာတယ်လို့ ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဝင်းမောင်က ပြောပါတယ်။
အခုမဲစာရင်းဟာ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံး ကြေညာတာဖြစ်ပြီး မဲစာရင်းမှာ နာမည်မပါရင် စက်တင်ဘာ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ကော်မရှင် ရုံးတွေမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။
အခုထုတ်ပြန်တဲ့ နောက်ဆုံးမဲစာရင်းမှာပါလာတဲ့ အမှားတွေကို သတ်မှတ်ပုံစံတွေနဲ့ ပြင်ဆင်ဖို့လိုအပ်ပြီး ဒီတစ် ကြိမ်မှာမှ မပြင်ရင်မဲပေးခွင့်တွေ ဆုံးရှုံးသွားမှာဖြစ်တယ် ဒါကြောင့် သက်ဆိုင်ရာရပ်ကွက်ကော်မရှင်ရုံးတွေက မဲစာရင်းလာကြည့်ဖို့ လှုံ့ဆော်တာတွေလည်း လုပ်နေတယ်လို့ ရန်ကုန် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အနောက်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဟန်မြင့်ကပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အရင်ခန့်မှန်းချက်အရ တနိုင်ငံလုံး မဲပေးပိုင်ခွင့်ရှိသူ သန်း ၃၀ ခန့်ရှိပြီး အခု ထပ်တိုးလာတဲ့ စာရင်းတွေနဲ့ဆို မဲပေးနိုင်သူဦးရေ ၃၂ သန်းကျော်လောက် ရှိလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။
DVB