Pages
Saturday, August 22, 2015
ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်အပြောင်းအလဲ စစ်တပ် မပါဟုဆို
ဓာတ်ပုံ - Senior General Min Aung Hlaing
အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲမှာ စစ်တပ်ပါဝင်ခြင်း မရှိဘူးလို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယတိပြတ်ငြင်းဆိုလိုက်ပါတယ်။
Asahi Shimbun သတင်းဌာနနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ခုလို ငြင်းဆိုလိုက်တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သူက “တပ်မတော်အနေနဲ့ပါဝင်တာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာပါတီရဲ့ အတွင်းရေးကိစ္စတွေ၊ သူတို့ရဲ့ ဖြေရှင်းတဲ့သဘောပါပဲ။ တပ်မတော်က ကားတွေပါတယ်၊ ပြုတယ် ဆိုတာ မဟုတ်ပါဘူး၊ မရှိပါဘူး။ သွားစရာအကြောင်းလည်းမရှိပါဘူး။ အဲဒီမှာသံသယ ဖြစ်နေကြတာတော့ အငြိမ်းစားတပ်မတော်အရာရှိကြီးတချို့ အဲဒီမှာပါတယ်လို့၊ သူတို့ကတော့ တပ်မတော်က အငြိမ်းစားယူသွားပြီး ဖြစ်တဲ့ အတွက်ကြောင့် သူတို့သွားမယ့်လမ်းကြောင်းပေါ်မှာ သူတို့အလုပ်လုပ်ခြင်း ဖြစ်တယ်လို့ပဲ ပြောလို့ရတယ်။ တပ်မတော်နဲ့တော့ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာလေး ပြောချင်ပါတယ်။ ဒါကတော့ သူတို့ရဲ့ ပါတီရဲ့ အတွင်းရေးကိစ္စတွေပါပဲ” လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ပါတီခေါင်းဆောင်ပိုင်းအပြောင်းအလဲကို စစ်တပ်က ထောက်ခံပါသလားဆိုတဲ့ မေးခွန်းကိုတော့ သူက ထောက်ခံတယ်လည်း မဟုတ်ပါဘူးလို့ ပြောသွားပါတယ်။
ဒီအပြောင်းအလဲမှာ သမ္မတ ဦးသိန်းစိန်က သူရဦးရွှေမန်းကို ဖယ်ရှားလိုက်တာလို့ မြင်တဲ့အပေါ် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားမေးမြန်းရာမှာတော့ သူက ဘာမှတ်ချက်မှမပေးချင်ပါဘူးလို့ ပြောပါတယ်။
စစ်တပ်က အာဏာရပါတီကို ထောက်ခံဖို့ ညွှန်ကြားချက် ထုတ်လို့ မရဘဲ တဦးတယောက်ချင်းစီ ထောက်ခံမှုနဲ့ပဲ ဆိုင်တယ်လို့လည်း သူက ဆိုပါတယ်။
၂၀၁၆ ခုနှစ်အတွက် စစ်တပ်အနေနဲ့ ဒုသမ္မတ တယောက် လျာထားပြီးပြီးလား ဆိုတဲ့မေးခွန်းကိုတော့ သူက လျာထားတာ မရှိသေးဘဲ အမြင် လေးမြင်ရှိတဲ့ သူ ဖြစ်သင့်တယ်လို့ ပြောပါတယ်။
“တစ်အချက်ကတော့ နိုင်ငံရေးအမြင်လည်း ရှိဖို့လိုပါတယ်။ နံပါတ်နှစ်အချက်ကတော့ အုပ်ချုပ်ရေးအမြင်လည်းရှိဖို့လိုပါတယ်။ နံပါတ်သုံးအချက်ကတော့ စီးပွားရေးအမြင်လည်း ရှိဖို့လိုပါတယ်။ နံပါတ်လေး အချက်ကတော့ ကာကွယ်ရေးအမြင်လည်း ရှိဖို့လိုပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ရနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒီလိုပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒီလိုပုဂ္ဂိုလ်မျိုးရနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အများကြီးအကျိုးရှိနိုင်မယ်။ ဒီလိုလူမျိုးကိုရှာပြီးတော့မှ ရွေးချယ်မယ်လို့ ကျွန်တော်တို့စဉ်းစားထားပါတယ်။”
၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လက်ခံမယ်လို့လည်း သူ ထပ်ပြောခဲ့ပါသေးတယ်။
တပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ဘယ်အချိန်ကျမှ လျှော့ပေးနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ တိုင်းပြည်အခြေအနေအပေါ်မူတည်ပြီး ၅ နှစ်၊ ၁၀ နှစ် ကြာချင်လည်း ကြာသွားနိုင်တယ်လို့ ဖြေဆိုခဲ့ပါတယ်။
အာဏာရပါတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲမှာ သမ္မတဦးသိန်းစိန် မပါဘူးလို့ ပါတီက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြောလိုက်ချိန်မှာ ကာကွယ်ရေးဦးစီးချုပ်လုပ်သူကလည်း အဲ့ဒီကိစ္စ စစ်တပ် မပါဘူးလို့ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
DVB
တီယန်ကျင့် မြစ်ကမ်းပါးတွင် ငါးထောင်ချီသေဆုံး (ရုပ်သံ)
အာဏာပိုင်တွေက မြို့တွင်း သောက်ရေတွေ ဘေးကင်းကြောင်း ကြေညာအပြီး  သြဂုတ် ၂၀ ရက်နေ့က ပေါက်ကွဲမှုနဲ့ မိုင်အတော်များများဝေးတဲ့နေရာက တီယန်ကျင့်မြစ်ကမ်းပါးမှာ ထောင်နဲ့ချီတဲ့ ငါးသေတွေကို တွေ့ခဲ့တယ်လို့ အစိုးရမီဒီယာက အစီရင်ခံပါတယ်။
သြဂုတ် ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ဟိုင်ဟမြစ်ပိုင်းက ကောက်ယူတဲ့ ရေနမူနာကို စစ်ဆေးရာမှာ ဆိုင်ယာနိုက် အဆိပ်ကို မတွေ့ဘူးလို့ ဆင်ဟွာသတင်းဌာနက ပြောပါတယ်။
တီယန်ကျင့်မြို့ အရာရှိတွေကတော့ ငါးတွေသေတာဟာ ပုံမှန်ရာသီအလိုက် ရေထဲ အောက်စီဂျင် လျော့နည်းလို့ ဖြစ်ပြီး ပေါက်ကွဲမှုနဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။
အရင်သီတင်းပတ်က လူ ၁၁၆ ယောက်ထိ သေဆုံးခဲ့ရ လောက်အောင် ပေါက်ကွဲခဲ့တဲ့ တီယန်ကျင့်ကုန်လှောင်ရုံထဲမှာ အဆိပ်သင့်ဓာတုပစ္စည်း ဆိုဒီယံ ဆိုင်ယာနိုက်တွေ တန်ချိန် ၇၀၀ ကျော် သိုလှောင်ထားတယ်လို့ အာဏာပိုင်တွေက အတည်ပြု ထားပါတယ်။
ကမ္ဘာ့ ၁၀ ခုမြောက် အကြီးဆုံး ဆိပ်ကမ်းဖြစ်တဲ့ တီယန်ကျင့်ဆိပ်ကမ်းနားက ရေမှာ ဆိုင်ယာနိုက် အဆိပ်ဓာတ်က လက်ခံနိုင်တဲ့ အဆင့်ထက် ၂၇၇ ဆ ပိုမြင့်နေတယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။
ပေါက်ကွဲမှု ဖြစ်တဲ့နေရာမှာ မီးလောင်မှု လေးခု အသစ်ဖြစ်ခဲ့တယ်လို့ ဆင်ဟွာက သြဂုတ် ၂၁ ရက်နေ့က အစီရင်ခံပါတယ်။
သြဂုတ် ၁၂ ရက်က တီယန်ကျင့်မြို့ ဆိပ်ကမ်းမှာဖြစ်တဲ့ ပေါက်ကွဲမှုကြောင့် လူအယောက် ၇၀၀ ကျော် ဒဏ်ရာရခဲ့ပြီး အယောက် ၆၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
DVB
ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စိစစ်မယ့် နောက်ဆုံး သတ်မှတ်ရက်ကို သြဂုတ်လကုန်ထိ ၄ ရက်ထပ်တိုး
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)
ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း စိစစ်မယ့် နောက်ဆုံး သတ်မှတ်ရက်ကို သြဂုတ်လကုန်ထိ ၄ ရက်ထပ်တိုးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဝက်ဘ်ဆိုဒ်တွင် ယနေ့ တရားဝင် ကြေညာသည်။
လွှတ်တော် ကိုယ်စားလှယ် လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့် ရက်အား၂၀၁၅ ခုနှစ် သြဂုတ်လ ၁၈ ရက်မှ ၃၁ ရက် အထိ ပြောင်းလဲပြင်ဆင် တိုးမြှင့် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ရက်တိုးခြင်းဟာ ဒုတိယ အကြိမ်မြောက် ရက်ထပ်တိုးခြင်း ဖြစ်ပြီး
 ပြီးခဲ့သည့်  သြဂုတ်လ ၃ ရက်နေ့တွင်လည်း ကိုယ်စားလှယ်လောင်း စိစစ်ရန်
 နောက်ဆုံး သတ်မှတ်ရက်ကို သြဂုတ်လ ၂၇ ရက် ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
 (Xinhua)
ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး ဆိုင်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ဥရောပ သမဂ္ဂအကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီယာတို့အား လက်မှတ် ရေးထိုးပြီးနောက် မြင်တွေ့ရစဉ် (ဓာတ်ပုံ- UEC)
 သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
    လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး နှင့် ပတ်သက်သည့်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ဥရောပ သမဂ္ဂ (EU) အကြား နားလည်မှု စာချွန်လွှာ (MoU) တစ်ရပ်ကို ယမန်နေ့ သြဂုတ် ၂၁ ရက်တွင် နေပြည်တော်၌ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူများ အတွက်တာဝန်ခံဖြစ်သူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီယာတို့ မှ လက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိုနားလည်မှု စာချွန်လွှာအရ ဥရောပသမဂ္ဂ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပံ့ပိုးကူညီမှု အစီအစဉ် တစ်ခုဖြစ်သည့် ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (EOM) သည် လာမည့် ရွေးကောက်ပွဲအား အပြည့်အဝ လေ့လာစောင့်ကြည့်ခွင့် ရရှိမည်ဖြစ်ပြီး ဥရောပသမဂ္ဂ ဆိုင်ရာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ တွင် ကနေဒါ၊ ဆွစ်ဇာလန်၊နော်ဝေ နိုင်ငံများမှ လေ့လာ စောင့်ကြည့်သူများနှင့် မြန်မာနိုင်ငံရှိ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သံတမန်များအပြင် ဥရောပသမဂ္ဂ အဖွဲဝင်နိုင်ငံများစွာမှ ရွေးကောက်ပွဲဆိုင်ရာ ရေရှည်၊ ရေတို လေ့လာစောင့်ကြည့်သူ ဦးရေ တစ်ရာကျော် ပါဝင်ကြမည့် ဖြစ်ကြောင်း သိရသည်။
ယင်းနားလည်မှု စာချွှန်လွှာ လက်မှတ်ရေးထိုးပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် ကော်မရှင် အဖွဲ့ ဝင်များ ၊ အတွင်းရေးမှူး ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် EU မှ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြောင်း သိရသည်။ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (EOM) အား ဦးဆောင်မည့်သူ တစ်ဦးကို ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး နှင့်လုံခြုံရေး မူဝါဒ ဆိုင်ရာ ကိုယ်စားလှယ်တော်ကြီး ဖယ်ဒရီကာ မောဂီရီနီ နှင့် ဥရောပ ကော်မရှင်၏ ဒုတိယ ဥက္ကဌ တို့ မှ မကြာမီ ခန့်အပ်သွားကြမည် ဖြစ်ပြီး ရွေးကောက်ပွဲ မဲပေးသည့် နေ့မတိုင်မီ ရက်သတ္တပတ် အနည်းငယ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိကြမည်ဖြစ်သည်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပြီးဆုံးသည်အထိ ဆက်ရှိနေမည် ဖြစ်ပြီး လေ့လာဆန်းစစ်မှုကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် အသေအချာ ပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဟု ဥရောပသမဂ္ဂ (EU) ဘက်မှ သတင်း ထုတ်ပြန်ထားသည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် များအတွက် ကူညီပံ့ပိုးရန် ယူရိုငွေ ၁၀သန်း (မြန်မာကျပ်ငွေ ၁၄.၅ ဘီလီယံ) အား လျာထား သတ်မှတ် အသုံးပြုလျက်ရှိကြောင်း သိရသည်။  (Xinhua)
အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ဒုတိယ ဥက္ကဌ အဖြစ် မြန်မာနိုင်ငံမှ MFF ဥက္ကဌ ဦးဇော်ဇော် အရွေးချယ်ခံရ
ရန်ကုန် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ကွန်ဂရက် အစည်းအဝေးကို ယနေ့ သြဂုတ်လ ၂၂ ရက်တွင် ရန်ကုန်မြို့  Novotel Yangon Max ၌ ပြုလုပ်ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် (MFF) ဥက္ကဌ ဖြစ်သူ ဦးဇော်ဇော်အား အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် မဲပေးဆုံးဖြတ် ရွေးချယ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် (MFF) မှ သတင်း ထုတ်ပြန်လိုက် သည်။
အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ကွန်ဂရက် အစည်းအဝေးတွင် ၂၀၁၅-၂၀၁၉ ခုနှစ် သက်တမ်းအတွက် လက်ရှိ ဥက္ကဌ တာဝန်ယူထားသည့် Mr. Sultan Haji Ahmad Shah သည် ဒုတိယ သက်တမ်းအတွက် ဥက္ကဌ အဖြစ် ပြန်လည် ရွေးချယ်ခံခဲ့ရပြီး (AFF) အဖွဲ့ ချုပ်၏ ဒုတိယ ဥက္ကဌ လေးဦးအနက် မြန်မာနိုင်ငံမှ (MFF) ဥက္ကဌ ဦးဇော်ဇော်သည် ဒုတိယ ဥက္ကဌ တစ်ဦးအဖြစ် မဲပေးဆုံးဖြတ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဘောလုံးအားကစား သမိုင်းသည် သက်တမ်း ရှည်ကြာခဲ့ပြီ ဖြစ်ပြီး ယခုကဲ့သို့  ရွေးချယ်ခံရခြင်း သည် နိုင်ငံအချင်းချင်းအကြား ဘောလုံး အားကစားလောက ပေါင်းစည်း ညီညွှတ်ရေးအတွက် အရေးပါမှု တစ်ခု ဖြစ်ပါကြောင်း အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ဒုတိယဥက္ကဌ ဖြစ်သူ ဦးဇော်ဇော်က ပြောကြား ခဲ့ကြောင်း အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ ပြင် အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ ပြုလုပ်သည့် AFF Awards Night 2015 ကို ယနေ့ ညပိုင်းတွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး ဆုပေးပွဲတွင် ဆုအမျိုးအစား ၁၈ ခု ချီးမြှင့် သွားမည် ဖြစ်သည်။
ချီးမြှင့်မည့် ဆုများမှာ အကောင်းဆုံး ဘောလုံးသမားဆု (အမျိုးသား/ အမျိုးသမီး )၊ အကောင်းဆုံး အမျိုးသားအသင်း နည်းပြဆု၊ အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆု၊ အကောင်းဆုံး လက်ရွေးစင် အသင်းဆု (အမျိုးသား/ အမျိုးသမီး)၊ အကောင်းဆုံး ဘောလုံးအဖွဲ့ချုပ်ဆု၊ အကောင်းဆုံး ဖူဆယ် အသင်းဆု၊ အကောင်းဆုံး ဖူဆယ် ကစားသမားဆု၊ ကောင်းဆုံး  လူငယ် ကစားသမားဆု၊ အကောင်းဆုံး ဒိုင်လူကြီးဆု (အမျိုးသား/ အမျိုးသမီး )၊ အကောင်းဆုံး စည်းကြပ်ဒိုင်ဆု (အမျိုးသား/အမျိုးသမီး )၊ အာဆီယံ ဘောလုံး အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်ဆု၊ ASEAN Goodwill ဆု၊ ၂ဝ၁၄ ဆူဇူကီး ဖလားပြိုင်ပွဲ အကောင်းဆုံး ဂိုးဆုနှင့် အကောင်းဆုံး အသင်းဆု တို့ ဖြစ်သည်။
အာဆီယံ ဘောလုံး အဖွဲ့ချုပ်သည် ယင်းဆုပေးပွဲကို ၂ဝ၁၃ ခုနှစ်မှ စတင်ကာ နှစ်နှစ် တစ်ကြိမ် ကျင်းပခြင်း ဖြစ်ပြီး ပထမအကြိမ် ကျင်းပသည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ  ဆုနှစ်ခု ရခဲ့ပြီး  အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆုနှင့် အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆုကို မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ကူမာဒါ (ဂျပန်) တို့က ရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင် တောင်ပံကစား သမား ကြည်လင်းမှာ AFF အကောင်းဆုံး အသင်းဝင် ၁၁ ယောက်တွင် ရွေးချယ် ခံခဲ့ရသည်။
 (Xinhua)
ပြည်ခိုင်ဖြိုး ပါတီရေးရာ ကိစ္စများအပေါ် ပါတီ အထွေထွေ အတွင်းရေးမှူးက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
ရန်ကုန် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး (USDP) ပါတီ၏ နှစ်စဉ် ပြုလုပ်ခဲ့သော ပါတီ ညီလာခံများသို့  ပါတီဥက္ကဌ ဖြစ်သူ ဦးသိန်းစိန်သည် သမ္မတ တာဝန် ထမ်းဆောင်သည့် အချိန်မှ စ၍ တက်ရောက်ခဲ့ခြင်း မရှိသည့်အပြင် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးများတွင် မည်သည့် ညွှန်ကြားချက် လမ်းညွှန်မှုမျှ မပေးခဲ့ဘဲ အဝေးမှ လမ်းညွှန်မှုလည်း မရှိကြောင်း ပြည်ခိုင်ဖြိုး ပါတီရေးရာ ကိစ္စများကို ယနေ့ နေပြည်တော်ရှိ ပါတီဌာနချုပ်၌  သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး  သတင်း မီဒီယာများအား ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။
Xinhua Myanmar
အစိုးရအတွက် ပြည်သူ့ဘက်က သတိပေးချက် - ဆောင်းဝင်းလတ်
 ပြဿနာက ကြီးမားလွန်းလှတယ်။ မြန်မာနိုင်ငံရဲ့ ရေဘေးနဲ့ ပတ်သက်လာရင် ဟိုတုန်းက မဆလတစ်ပါတီ ဗိုလ်နေ၀င်းတို့ စစ်အာဏာရှင်အုပ်စု လက်ထက်ကတည်းက ကျွန်တော်တို့မှာ ထိတ်လန့်ချောက်ချားစရာ ကောင်းတဲ့ အတွေ့အကြုံတွေ အများကြီးရှိခဲ့တယ်။ အဲသည်တုန်းက မြစ်ဝကျွန်းပေါ်ဒေသ အနှံ့အပြား ချောင်းကြိုချောင်းကြားပါမကျန် သွားလာခုတ်မောင်းခဲ့တဲ့ ၃၀၄ လို့နာမည်ပေးထားတဲ့ သင်္ဘောမှာ ကျွန်တော် ၅ နှစ်တိတိ စက်ဆရာအလုပ် လုပ်ခဲ့တော့ ၁၉၇၄ ခုနှစ် မြစ်ဝကျွန်းပေါ်ရေဘေးနဲ့ ကိုယ်တွေ့ကြုံခဲ့ရတယ်။ အခု ၂၀၁၅ ခုနှစ်မှာဖြစ်နေတဲ့ ရေဘေးလိုပဲ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့ အဲဒီရေဘေးကိစ်္စမှာ မဆလစစ်အစိုးရဘက်က ဘာမှအဆင်သင့်မရှိခဲ့ဘူး။ “ကယ်ဆယ်ရေး” လို့သာ ပါးစပ်က အော်နေကြတာ။ အသံကောင်းတွေ ဟစ်နေကြတာ။ တကယ်ဖြစ်လာတော့ ခံရတာ ဒေသခံပြည်သူလူထုပဲ။ အစိုးရဘက်က ဘာတစ်ခုမှ တိကျသေချာရေရာတဲ့ “ကယ်ဆယ်ရေး”လုပ်ငန်းတွေ မရှိခဲ့ဘူး။ အဓိကဟာဘာလဲဆိုတော့ မဆလစစ်အစိုးရမှာ နာမည်တပ်ထားတဲ့ “လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန” ဆိုတာရှိနေပေမယ့် အဲဒီလို ရေဘေးဒုက္ခသည်တွေလည်း ရှိလာရော အဲဒီဝန်ကြီးဌာနမှာ တိတိကျကျ သေသေချာချာ ရေရေရာရာ “ကယ်ဆယ်ရေး” လုပ်ပေးနိုင်လောက်တဲ့ နည်းပညာနဲ့ အတတ်ပညာ လုံးဝမရှိကြတာ လက်တွေ့မြင်ခဲ့၊ ကြုံခဲ့ရတယ်။
ကယ်ဆယ်ရေးအတတ်ပညာမရှိကြတာ ဘာကြောင့်လဲဆိုတဲ့အဖြေကို ရှာလိုက်တော့ ၀န်ကြီးဌာနဟာ ကယ်ဆယ်ရေးအတတ်ပညာ အသိပညာနဲ့ ပတ်သက်တဲ့ ခေတ်မီသင်တန်း ကျောင်းလည်းမရှိ။ သင်တန်းပေးပြီး သင်ကြားပေးစရာ ကျောင်းမရှိတော့ သင်တန်းသားလည်း ဘယ်ရှိပါ့မလဲ။ အဲဒီဝန်ကြီးဌာနက ၀န်ကြီးအပါအ၀င် လက်အောက်ခံ ၀န်ထမ်းအားလုံးမှာ “ကယ်ဆယ်ရေး” နဲ့ပတ်သက်တဲ့ အသိပညာ၊ အတတ်ပညာ၊ နည်းပညာမှန်သမျှ စနစ်တကျ ဘာမှမရှိကြဘူး။
ထိုနည်းတူစွာပဲ ဘာပညာမှမတတ်ကြသလို၊ ကယ်ဆယ်ရေးလုပ်ငန်းတိုင်းမှာ မလွဲမသွေ လုပ်ကိုင်ဆောင်ရွက်ဖို့ အထောက်အကူ ပြုကိရိယာတွေ၊ စက်ပစ္စည်းတွေလည်း ဘာမှမရှိခဲ့ကြဘူး။ ကယ်ဆယ်ရေးလုပ်ငန်းဆိုတာ သိပ်အရေးကြီးသလို၊ ရေဘေးဒုက်္ခရောက်နေ သူတွေကို ဘေးကင်းရာဘေးလွတ်ရာရောက် အောင် ပို့ဆောင်ပေးဖို့အတွက် အစိုးရ၀န်ကြီးဌာနဘက်မှာ တကယ်လိုအပ်တဲ့ မော်တော်ယာဉ်၊ သင်္ဘော၊ မော်တော်ဘုတ်၊ အသက်ကယ်လှေ၊ ပဲ့ချိတ်လှေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းခွင်သုံး လေယာဉ်၊ ရဟတ်ယာဉ်တွေမရှိခဲ့ဘူး။
ကယ်ဆယ်ရေးလုပ်ငန်းခွင်သုံး လေယာဉ်ဆိုတာ ရိုးရိုးလေယာဉ်၊ ခရီးသည်တင်လေ ယာဉ်နဲ့မတူဘူး။ ကယ်ဆယ်ရေးလုပ်ငန်းခွင်သုံး ရဟတ်ယာဉ်ဆိုတာလည်း အခုမြင်နေရတဲ့ စစ်တပ်ကသုံးနေတဲ့ ရဟတ်ယာဉ်နဲ့ ဖွဲ့စည်းပုံ၊ ပစ္စည်းကိရိယာတပ်ဆင်ထားပုံချင်းမတူဘူး။ ဥပမာအားဖြင့်ပြောရရင် ရေကြီးပြီး ရေစီးအားသန်သန်မှာ မျောပါသွားတဲ့ လူတွေ၊ တိရစ္ဆာန်တွေကို ရဟတ်ယာဉ်တွေကလိုက်ပြီး ကယ်တင်မယ်။ ဆယ်ယူမယ်ဆိုရင် အခုစစ်တပ်မှာ သုံးနေတဲ့ ရဟတ်ယာဉ်အမျိုးအစားတွေနဲ့ ကယ်တင်ဆယ်ယူလို့မရဘူး။
ကယ်ဆယ်ရေးနဲ့ဆယ်ယူရေးလုပ်ငန်းခွင်သုံး ရဟတ်ယာဉ်ဆိုတာ သီးသန့်ရှိတယ်။ နိုင်ငံတကာမှာသုံးနေတဲ့ ရဟတ်ယာဉ်အမျိုးအစား တစ်ခုဖြစ်တယ်။ သူ့မှာ အထူးအထောက်အကူပြု စက်ကိရိယာပစ္စည်းတွေ တပ်ဆင်ထားတာဖြစ်တယ်။ အဲဒီမဆလစစ်အစိုးရခေတ်မှာ မြစ်ဝကျွန်းပေါ်ဒေသက မြို့တွေရွာတွေ ရေကြီးပြီး ရေဘေးဒုက္ခ ကြုံလာကြပြီဆိုတဲ့အခါကျတော့ စစ်တိုင်းမှူးတို့၊ ဗျူဟာမှူးတို့ကလည်း သင်္ဘောတွေနဲ့ လှည့်ပတ်ကြည့်တာပဲရှိတယ်။
ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ရဟတ်ယာဉ်တွေနဲ့ ၀ဲပြီးလိုက်ကြည့်တာပဲရှိတယ်။ မဆလခေတ်က ၀န်ကြီးတို့၊ ဒုဝန်ကြီးတို့၊ ညွှန်ချုပ်တို့ အပါအ၀င် အောက်ခြေ၀န်ထမ်းတွေကလည်း သင်္ဘောတွေ၊ မော်တော်တွေ၊ လှေတွေနဲ့ လှည့်ပတ်ပြီး လိုက်ကြည့်ရုံသက်သက်ပဲ။ သူတို့လည်း ဘာမှမလုပ်တတ်ဘူး။ အဲဒီတုန်းက ပုသိမ်ဘက်မှာဆိုရင် ဆောင်ဘုံရွာတို့ ဘာတို့ ရေမြုပ်ခဲ့တယ်။ နောက်ဘက်မှာ ရိုးမရှိတော့ ရွာသူရွာသားတွေရော၊ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေရော တောင်ကုန်းမြင့်တဲ့နေရာ ပြောင်းရွှေ့ပြီး နေကြရတယ်။ တောင်ခြေက ရွာကိုတော့ ရေကဖုံးလွှမ်းသွားတယ်။ နေရာတချို့မှာ လူသေတယ်။ ကျွဲနွား တိရစ္ဆာန်တွေ သေကျေပျက်စီးဆုံးရှုံးတယ်။
နယ်လှည့်ဆေးဝါးကုသရေးအဖွဲ့ဆိုတာကလည်း လူအင်အား၊ပစ်္စည်းအင်အား မပြည့်စုံခဲ့ဘူး။ ထိထိရောက်ရောက် ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ တချို့နေရာမှာကျတော့ စစ်တပ်က လေယာဉ်နဲ့ ဆန်၊ ဆီ၊ အ၀တ်အထည်၊ ဆေးဝါး၊ အစားအသောက်ဘူးတွေ၊ အထုပ်တွေကို လာပြီးချပေးတာ၊ ခွဲတမ်းနဲ့ဝေငှယူကြရတာတော့ ရှိပေမယ့် မလောက်ငပါဘူး။ ဟိုတုန်းကလည်း အခုလိုပဲ ရေဘေးဒုက္ခသည်တွေအတွက် ပြည်သူလူထုက အလှူငွေ၊ အလှူပစ္စည်းတွေ ပေးကြပို့ကြ လှူခဲ့ကြတာပါပဲ။
ဒါပေမဲ့ ခက်တာက ဖြစ်လာတာကို၊ ဖြစ်နေတာကို၊ ဖြစ်ခဲ့တာကို ဘယ်လိုကာကွယ်မှု ပေးနိုင်မလဲဆိုတဲ့ နည်းပညာ၊ အတတ်ပညာ၊ အထောက်အကူပစ္စည်း စုံစုံလင်လင်မရှိဘဲ ဒီအတိုင်း ငုတ်တုတ်ထိုင်ကြည့်နေကြတဲ့ တိုင်းမှူးတွေ၊ ဗျူဟာမှူးတွေ၊ ၀န်ကြီးတွေ၊ ၀န်ထမ်းတွေပဲရှိခဲ့တယ်။ ရေဘေးကယ်ဆယ်ရေးအဖွဲ့ဆိုပြီး တက်လာတဲ့ရေကို တတ်နိုင်သမျှ သဲအိတ်တွေဖို့ပြီး တားဆီးရုံပဲ တားဆီးနိုင်ခဲ့တယ်။ တကယ်ရေစီးအားကောင်းတဲ့နေရာတွေမှာကျတော့ အဲဒီလောက်လုပ်ကိုင်ကြ ရုံလေးလောက်နဲ့တော့ ဘယ်ရပါ့မလဲ။
သဲအိတ်တွေ ၀ိုင်းဖို့ကြတဲ့ကြားထဲကပဲတာ တွေကျိုးပြီး ရေမြုပ်ခံလိုက်ရတဲ့ လယ်တွေယာတွေ၊ စိုက်ခင်းဥယျာဉ်တွေ၊ ငါးမွေးကန်ကြီးတွေ၊ လူနေအိမ်ခြေတွေ၊ ဘုရားစေတီကျောင်း ကန်ဇရပ်တွေ အများကြီးပဲ။ အဲဒီ ၁၉၇၄ ခုနှစ်တုန်းကဆိုရင် ဘာမှနည်းပညာ၊ အတတ်ပညာပစ္စည်းပစ္စယလည်း စုံစုံလင်လင်မရှိကြဘဲနဲ့ ဒီအတိုင်းငုတ်တုတ်ထိုင်ကြည့်ခဲ့ရတဲ့ မြို့တွေထဲ မှာ မြစ်ဝကျွန်းပေါ်ဒေသက ငသိုင်းချောင်းမြို့ဆိုရင် နေ့ရောညပါ ကျွန်တော်တို့မှာ တထိတ်ထိတ်ပဲ။
ငသိုင်းချောင်းမြို့ရဲ့ တည်ဖွဲ့ပုံက တာရိုးကြီးတွေရဲ့အောက်မှာရှိနေတာပါ။ တကယ်လို့ မြစ်ရေအတက်ကြမ်းပြီး စိုးရိမ်ရေမှတ်အထက်ကို ရောက်သွားလို့ တာရိုးကြီးတွေ ကျိုးပေါက်သွားပြီဆိုတာနဲ့ တစ်မြို့လုံး ရေမြုပ်ပျက်စီး သွားမှာပဲ။ အဲဒီတုန်းက ကံကောင်းတယ်လို့ပဲဆိုရမယ်။ စိုးရိမ်ရေမှတ်အထက် ကျော်လုလုလေးကျမှ ရေကပြန်ကျသွားခဲ့ပေလို့ပဲ။ ပြီးတော့ အရေးကြီးတဲ့ မြို့တစ်မြို့ရှိသေးတယ်။ ဧရာဝတီမြစ်ကမ်းမှာရှိတဲ့ ဟင်္သာတမြို့။ သူလည်းပဲ တာရိုးကြီးတွေ ကျိုးပေါက်သွားပြီဆိုတာနဲ့ တစ်မြို့လုံး ဒုက်္ခရောက်မယ့်မြို့။ စိုးရိမ်ရပါတယ်။
အခု ၂၀၁၅ ဇူလိုင်၊ သြဂုတ်မှာ ပြဿနာက ကြီးမားလာပြန်တယ်။ မြန်မာပြည်အနှံ့မှာ မိုးက တအားကောင်းလွန်းပြီး ရေကြီးတာ၊ ရေလျှံတာ တစ်နေ့ပြီးတစ်နေ့ ပြဿနာက ပိုကြီးလာတယ်။ ပြည်သူလူထုအများစု ဒုက္ခမျိုးစုံကြုံနေရတယ်။ ဒါပေမဲ့ ဖြစ်နေတာကဘာလဲဆိုတော့ ကယ်ဆယ်ရေးကိစ်္စမှာ လွန်ခဲ့တဲ့ မဆလစစ်အစိုးရခေတ် ၁၉၇၄ ခုနှစ်ကပုံစံမျိုးလိုပဲ ဖြစ်နေသေးတာ ဘာမှထူးထူးခြားခြား တိုးတက်ပြောင်းလဲမလာနိုင်သေးတာက တကယ့်ကိုကြီးမားတဲ့ပြဿနာပဲ။
ဒီနေရာမှာ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့ သတိထားဂရုစိုက်ရမယ့် အချက်တစ်ချက်ရှိတယ်။ အခု ရေဘေးဒုက္ခကိစ္စကို စဉ်းစားသုံး သပ်တတ်မယ်ဆိုရင် တရုတ်တွေနဲ့ စာချုပ်ပြီး ခဏရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံရေကာ တာကိစ္စတွေ၊ သံလွင်မြစ်ကြောင်းက ရေကာတာကိစ္စတွေကို ကြိုပြီးသတိထားတွေးဆတတ် ကြဖို့တော့လိုပြီ။ တကယ်ရေကြီးရေလျှံလာရင် အခုပုံစံမျိုးနဲ့က ရေကာတာတွေ၊ တာတမံတွေ လုံးဝစိတ်မချရဘူးဆိုတာ အစိုးရပိုင်းက သဘောပေါက်သင့်ပြီ။ ဖြစ်လာရင် ရှင်းလို့မရတဲ့ ကိစ်္စမျိုးတွေ ကြုံကြရလိမ့်မယ်။ တကယ်ရေအား ပြင်းပြင်းထန်ထန်နဲ့ တိုးလာလို့ကတော့ တရုတ်ကလာပြီး ဆောက်မယ်ဆိုတဲ့ မြစ်ဆုံရေကာတာအပါအ၀င် သံလွင်က ရေကာတာစီမံကိန်းတွေပါ ကျိုးပေါက်ပျက်စီးပြီး မြို့ကြီးပြကြီးနဲ့ ကျေးရွာတွေပါ ရေအောက်ကို စုံးစုံးမြုပ်ရောက်သွားမှာ သေချာသလောက်ပဲ။
အခုရေဘေးဒုက်္ခကိစ်္စမှာ လက်ရှိအစိုးရပိုင်းက ပိုပြီးသတိထားရမယ့်အပိုင်း ရှိသေးတယ်။ အဲဒါကဘာလဲဆိုတော့ ရိုးရိုးစစ်လက် နက်ပစ္စည်း စက်ရုံကြီးတွေ လျှို့ဝှက်ပြီးတည်ဆောက်ရင် တည်ဆောက်ပါ။ ဒါက ပြည်သူလူထုရဲ့ အလုပ်လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ လျှို့ဝှက်တဲ့ ဆန်းဆန်းပြားပြး စစ်လက်နက်ပစ္စည်းစက်ရုံကြီးမျိုးတွေကို တည်ဆောက်ဖို့ စီမံကိန်းရှိတယ်ဆိုရင်တော့ တာဝန်ရှိသူတွေက ပြည်သူလူထုကို လေးလေးစားစား ကြိုတင်ပြီး အသိပေးသင့်တယ်။
ပြည်သူလူထုဆီက အကြံဉာဏ်ကောင်းတွေ ရယူသင့်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တိုင်းမှာ သဘာဝဘေးအန်္တရာယ်၊ ရေ ဘေး၊ လေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းအန်္တရာယ် တောမီးလောင်တဲ့ အန္တရာယ်မျိုး ရှိလာပြီဆိုရင် အဲဒီဆန်းပြားတဲ့စက်ရုံကြီးမျိုးတွေမှာ ပြဿနာရှိလာတတ်လို့ပါ။ အနီးစပ်ဆုံးဥပမာပြောရရင် ဂျပန်နိုင်ငံက ဖူကူရှီးမားစက်ရုံကြီး ဘာဖြစ်သွားလဲ။ အဲဒါကို ဥပမာအနေနဲ့ ပြောတာပါ။
သဘာဝဘေးအန္တရာယ်လည်းရှိလာရော အဲဒီ ဖူကူရှီးမားစက်ရုံကြီးကိုပါ ဆက်နွှယ်တုန်ခါ ပျက်စီးထိခိုက်လာပြီး စက်ရုံကြီးက ဆန်းဆန်းပြားပြား ဓာတ်ငွေ့တွေ ယိုစိမ့်ပျံ့နှံ့သွားတဲ့ ပြဿနာဟာ ဘယ်လောက်ဆိုးဝါးခဲ့လဲဆိုတာ အားလုံး သတိထားရမယ့်အချက် ဖြစ်တယ်။ ကျွန်တော်ဆိုလိုချင်တာက ဂျပန်လို ပိုက်ဆံအရမ်းချမ်းသာနေတဲ့ နိုင်ငံ၊ နည်းပညာ ပိုင်းဆိုင်ရာ သိပ္ပံပညာ အရမ်းတိုးတက်ထွန်းကားနေတဲ့ နိုင်ငံမျိုးမှာတောင်မှ သူတို့နိုင်ငံ သဘာဝဘေးအန္တရာယ် ကြုံလာတဲ့အခါကျတော့ ပြည်သူလူထုကို ဆိုးကျိုးဖြစ်စေနိုင်တဲ့ ဓာတ်ငွေ့တွေ ယိုစိမ့်လာမှုနဲ့ပတ်သက်ပြီး စက်ရုံကြီးကိုထိန်းချုပ်ဖို့ အတော်ခက်ခဲခဲ့တယ်။ ဒီနိုင်ငံမှာက ပြည်သူလူထုကလည်း အရမ်းပင်ပန်းဆင်းရဲနေကြတယ်။ တိုင်းပြည်မှာ နည်းပညာ၊ အတတ်ပညာပိုင်းကအစ ဘာမှမတိုးတက်သေးတဲ့ အချိန်မျိုးမှာ လုပ်ချင်တာတွေကိုချည်းပဲ မကြည့်နဲ့၊ လုပ်သင့်တာကိုသာ သိကြပါတော့လို့ သက်တမ်းနည်းနည်းပဲကျန်တော့တဲ့ လက်ရှိ မြန်မာအာဏာပိုင်အစိုးရကို သတိပေးလိုက်ရကြောင်းပါဗျာ။
ဆောင်းဝင်းလတ်
The Ladies News Journal ပါ ဆောင်းပါး
နှစ်နိုင်ငံ စစ်ရေး တင်းမာမှုများကြားမှ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံမည်
တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးအား စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိများနှင့် အတူ တွေ့ရစဉ် (ဆင်ဟွာ)
    ဆိုးလ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
    တောင်ကိုရီးယား (ROK) နှင့် မြောက်ကိုရီးယား (DPRK) နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေစဉ်တွင် တောင်ကိုရိးယား (ROK) နှင့် မြောက်ကိုရီးယား (DPRK) တို့မှ  အဆင့်မြင့် အရာရှိများသည် Panmunjom ဒေသရှိ Truce ရွာတွင် တွေ့ဆုံ ဆွေးနွေးရန် သဘောတူထားကြောင်း တောင်ကိုရီးယား သမ္မတရုံးက စနေနေ့တွင် သတင်း ထုတ်ပြန်သည်။
တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး (Park Geun-hye) ၏ ထိပ်တန်း လုံခြုံရေး အကြံပေး ကင်မ်ကွမ်ဂျင်၊ တောင်မြောက်ပြန်လည် ပေါင်းစည်းရေး ဝန်ကြီး ဟောင်ယွန်ဖြိုး တို့က မြောက်ကိုရီးယား အဆင့်မြင့် အရာရှိများ နှင့်အတူ တောင်ကိုရီးယား နိုင်ငံ ဘက်ခြမ်း Panmunjom ဒေသရှိ ငြိမ်းချမ်းရေး အိမ်တော်၌ တွေ့ဆုံမည်ဟု သမ္မတ၏ အမျိုးသား လုံခြုံရေးရုံး ပထမတန်း လက်ထောက် အကြီးအကဲ ကင်ကျိုးဟွမ် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါသည်။
မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအန်း (Kim Jong Un) ၏ ထိပ်တန်း လက်ထောက်၊ ကိုရီးယား ပြည်သူ့တပ်မတော်၏ အထွေထွေ နိုင်ငံရေးဗျူရို ညွှန်ကြားရေးမှူး ဟွမ်ပြုံဆိုး နှင့် ပြုံယမ်း-ဆိုးလ် ဆက်ဆံရေး ပြင်ပ ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ကင်မ်ယောင်ဂွန် တို့လည်း အဆိုပါ အစည်းအဝေးသို့ တက်ရောက် ကြောင်း သိရသည်။
မြောက်ကိုရီးယား နိုင်ငံဘက်က ယနေ့ ညနေ ၅း၀၀ နာရီတွင် ရှေ့တန်း စစ်မျက်နှာ၌ အသံချဲ့စက်ဖြင့် ဝါဒဖြန့် ထုတ်လွှင့်ခြင်းအား မရပ်တံ့ပါက စစ်ရေးအရ ရင်ဆိုင်မည်ဟု သတိပေးထားသည်။
 (Xinhua)
http://www.xinhuamyanmar.com
ပေါင်မြို့နယ် ဇင်းကျိုက်မြို့နှင့်ကျေးရွာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်း မှု့ကြောင့် ရေကြီးမှု ဖြစ်ပွား
 ပေါင် သြဂုတ် ၂၂
 ပေါင်မြို့နယ် ဇင်းကျိုက်မြို့နှင့် ကျေးရွာအချို့တွင် သြဂုတ်လ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇင်းကျိုက်တောင်ကြောပေါ် မှ တောင်ကျရေများတဟုန်ထိုးစီး ဆင်းလာပြီး ဇင်းကျိုက်မြို့ အနိမ့်ပိုင်း လူနေရပ်ကွက်များ! ကျေးရွာအချို့နှင် ရန်ကုန်- မော်လမြိုင် အဝေးပြေး ကားလမ်းမကြီးပေါ်တွင် ရေလွှမ်းမိုးမူများဖြစ်ပေါ်ခဲ့သည်။ ရေလွှမ်းမိုးမှုကြောင့် အဝေးပြေး ကားလမ်းမ ပေါ်တွင် ယာဉ်အသွားအလာများ ခေတ္တရပ်ဆိုင်း သွားခဲ့သည်။
အဆိုပါ ရေလွမ်းမိုးနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအဖွဲ့စည်းများရောက်ရှိ လာပြီး မော်တော်ယာဉ်နှင့် ခရီးသွားပြည်သူများ အန္တရယ် ကင်းရှင်းစေရေး အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။ အဆိုပါရေလွှမ်းမိုးမှုကြောင့် လူနှင့် တိရိစ္ဆာန် ပျက်ဆီး ဆုံးရှူံးမှုမရှိကြောင်းသိရှိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကော့သောင်းတွင် ဆန်ပြတ်၍ ထိုင်းမှ တင်သွင်း
|Dawei Watch| ကော့သောင်း၊ သြဂုတ် ၂၂
ဆန်ပြတ်လပ်သွားသည့်အတွက် ယခင်က အနည်းအကျဉ်းသာ တင်သွင်းသည့် ထိုင်းဆန်များကို ကော့သောင်းဈေးကွက်သို့ ထိုင်းဆန် တစ်ရက်လျှင် အိတ် ၄၀ ခန့် တင်သွင်းနေရကြောင်း ကော့သောင်းမြို့ ဆန်းစပါးအသင်းချုပ်ထံမှ သိသည်။
မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ အချိန်မီ ဆန်မရောက်သောကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကော့သောင်း မြို့ပေါ်ရှိ ဆိုင်ကြီးတချို့တွင် ဆန်ပြတ်လပ်လျက်ရှိကြောင်း ကော့သောင်းမြို့ ဆန်ကုန်သည် အသိုင်းအ၀ိုင်းမှ သိရသည်။
ကော့သောင်းခရိုင်အတွင်း တစ်ရက်လျှင် ဆန် အိတ် ၇၀၀ ကျော် လိုအပ်ချက်ရှိကြောင်း သိရသည်။
“ဆန်အများကြီး ပြတ်လပ်မှာ​ ​ဈေးအဆမတန် တက်သွားမှာေ​​​တာ့ မပူရဘူး၊ ဘာလို့ဆို​​တော့ ထိုင်းဘက်က ဆန်ေ​​​တွကို လက်လီ အ​ရောင်းဆိုင်ေ​​တွက တင်သွင်းေ​​​ရာင်းချမှုေ​တွ ရှိ​တယ်​”ဟု ကော့သောင်းမြို့ ဆန်စပါး အသင်းချုပ်​ တာဝန်​ရှိသူတစ်​ဦးက ဆိုသည်။
ဆန်ပြတ်လပ်မှုကြောင့် ဆန်တစ်အိတ် ပျမ်းမျှ ကျပ် ၃၀၀၀ ခန့်အထိ ဈေးတက်သွားကြောင်း သိရသည်။
ကော့သောင်းမြို့သို့ ပုံမှန်အားဖြင့် ရန်ကုန်ဈေးကွက်မှ ဆန်များတင်သွင်းလေ့ရှိပြီး နှစ်စဉ် မိုးရာသီ ရောက်တိုင်း ရာသီဥတု ဆိုးရွာသည့်အခါ ထိုင်းဘက်မှ တင်သွင်းရလေ့ရှိကြောင်း သိရသည်။
Dawei Watch
Friday, August 21, 2015
ရုတ်တရက်လွှတ်တော်ထပ်ခေါ်ကာ သျှမ်းပြည် နယ်/လုံ ၀န်ကြီး အပြောင်း အလဲလုပ်
 သြဂတ်စ် ၂၁ ရက် ၂၀၁၅
 သျှမ်းပြည်မြို့တော် တောင်ကြီး၌ ပထမအကြိမ် သျှမ်းပြည်နယ် လွှတ်တော် ၏ အရေးပေါ် အစည်း အဝေးပြီးဆုံး ကြောင်း ကြေငြာပြီး၊ အစည်းအဝေး တရက် ထပ်တိုးကြောင်း ရုတ်တရက်ခေါ်ယူပြီး သျှမ်းပြည်နယ်  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအား အပြောင်းအလဲ လုပ်လိုက်ကြောင်း ကြားသိရသည်။
အဆိုပါ ၁၈ နှင့် ၁၉ ရက်နေ့ အရေးပေါ် အစည်းအဝေးမှ သြဂတ်စ်လ ၂၀ ရက် နောက်တရက် ရုတ်တရက် လွှတ်တော် အစည်းအဝေးထပ်တိုးမှုသည် သျှမ်းပြည်နယ် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ အစား ရပခ တိုင်းဦးစီး ဗိုလ်မှူးကြီး စိုးမိုးအောင်အား သျှမ်းပြည်နယ် နယ်/လုံဝန်ကြီးအဖြစ် သျှမ်းပြည် နယ် လွှတ်တော် မှ သဘောတူ အတည်ပြု ကြောင်း နမ့်စန်မြို့၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းသူရိန်ဦး ကပြောသည်။
“မနေ့က အထိတော့ အရေးပေါ် အစည်းအဝေးပြီးသွားပြီလို့ တရားဝင် ကြေငြာ ပြီးတော့ ရပ်နား လိုက်တယ်။ ဒီမနက်မှာဘဲ အရေးပေါ် အစည်း အဝေး ထပ်ရှိတယ်ဆိုပြီးတော့ ခေါ်ပြန်တယ်။ လွှတ်တော်အမတ် ၆၀ လောက် ဘဲရှိတယ်တက်ရောက်တဲ့ အမတ်တွေ တစ်ချို့အမတ်တွေ ပြန်ကုန်ကြပြီ” ဟု ၄င်းကပြောသည်။
နမ္မတူမြို့၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေးက သြဂတ်စ် ၁၈ မှ ၁၉ ရက်ထိ အ ရေး ပေါ် လွှတ်တော် အစည်းအဝေး ကျင်းပရခြင်း၏ အကြောင်းရင်း နှစ်ချက်ရှိကြောင်း ပြောသည်။
အရေးပေါ် လွှတ်တော်အစည်းအဝေး ကျင်းပရတဲ့ အကြောင်း အရင်း က နှစ် ချက် ရှိတယ် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍနှစ်မှာ ဖြည့်စွက် ခွင့်ပြုငွေ တောင်း ခံခြင်းနဲ့ နောက်ထပ်ကျမတို့ ၁၂ ကြိမ်မြောက်ပုံမှန် အစည်းအဝေး တုန်းက တင်ထားတဲ့ တိုင်းရင်းဆေး ဥပဒေကြမ်းကို အတည်ပြုဖို့ ဘဲဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ဖြည့်စွက်ရံပုံငွေ တောင်းခံရာတွင် ကျပ်သန်းပေါင်း ၂၄၀ ကျော်ခန့် ရှိကြောင်းနှင့် သျှမ်း ပြည်နယ် အဆင့်တွင်ရှိသော ဌာနအဖွဲ့အစည်း နေရာတွင် အသုံးပြု သွားမည် ဖြစ်ကြောင်း နန်းခမ်းအေး ကပြောသည်။
လာမည့် သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးအား စက်တင်ဘာ လ နောက်ဆုံးပတ်တွင် ထပ်မံကျင်းပ ဖွယ်ရှိကြောင်း အဆိုပါ အစည်း အဝေးသည် လက်ရှိ သျှမ်းပြည်နယ်အစိုးရ၏ သက်တမ်းအတွက် နောက်ဆုံး အကြိမ်ဖြစ်နိုင်ကြောင်း ကြားသိရပါသည်။
သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
ခိုတောင်းကျွန်းအမှု မြန်မာနှစ်ဦး အခြေအနေကောင်း
 ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲခံရတဲ့ မြန်မာနှစ်ဦးကို တွေ့ရစဉ်။ www.thairath.co.th
 ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ယောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ရဲ့အမှုကို သြဂုတ်လ ၁၈ ရက်ကနေ ၂ဝ ရက်အထိ တရားလိုပြသက်သေ ၁၁ ယောက်ကို စစ်ဆေးခဲ့ရာ ခိုင်မာတဲ့ထွက်ဆိုချက်မျိုး မတွေ့ခဲ့ရဘူးလို့အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က RFA ကို ပြောပါတယ်။
ကော့စမွေခရိုင် တရားရုံးမှာ သုံးရက်ဆက်တိုက် စစ်ဆေးခဲ့ရာမှာ စကားပြန်နှစ်ယောက်နဲ့ ရှေ့နေတစ်ဦးတို့ ထွက်ဆိုခဲ့တာနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးအောင်မျိုးသန့်က RFA  ပြောဆိုပါတယ်။
"အခုလောလောဆယ်မှာတော့ သူတို့ဘက်ကထွက်ဆိုချက်တွေဟာ ရေရေရာရာမရှိခဲ့ဘူး၊ ကျနော်တို့ဘက်က DNA မတူပါဘူးဆိုတဲ့အချက်ကို ပြောထားပါတယ်"
ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကနေ ဒီနေ့အထိ တရားလိုပြသက်သေ ၂၇ ယောက် စစ်ဆေးခဲ့ရာမှာ  ပြစ်မှုကျူးလွန်ကြောင်း ထင်ထင်ရှားရှားပြနိုင်တဲ့ သက်သေမရှိခဲ့ဘူးလို့ သိရပါတယ်။ ပြစ်မှုကျူးလွန်ကြောင်း သက်သေတွေ ထွက်ဆိုနေတဲ့အပေါ် မျိုးဗီဇ DNA ပြန်စစ်ပေးဖို့တောင်းဆိုခဲ့ရာမှာ တရားရုံးက ခွင့်ပြုခဲ့တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။
"သူတို့ဘက်က တစ်ချက်ကဘာလဲဆိုတော့ ကလေးတွေ ဝန်ခံတယ်ဆိုတဲ့အချက်ကိုသွားနေတယ်၊ နောက်တစ်ချက်က DNA တူတယ်ဆိုတဲ့အချက်ကိုသွားနေတယ်၊ သက်သေ ၁၅ ယောက်လောက်အထိက အဲ့လိုအဖြစ်တွေကို ခိုင်လုံအောင်ထွက်နေတယ်၊ ဒါပေမဲ့ မျက်မြင်သက်သေမရှိတဲ့ကိစ္စဆိုတော့ တိကျထင်ရှားတဲ့အထောက်အထားတွေတော့ မတင်ပြနိုင်ဘူး၊ နောက်ဒီဘက်ကလည်း DNA ကို ယုံကြည်မှုမရှိဘူးလို့ ပြောထားတဲ့အတွက်ကြောင့်မို့ ၁၉ ရက်နေ့နေ့လယ်မှာပဲ ထိုင်းနိုင်ငံက တရားမျှတရေးဝန်ကြီးဌာနလက်အောက်က ဝန်ထမ်းနှစ်ဦးက လာရောက်ပြီးတော့ တရားခွင်မှာပဲ  ဝင်းဇော်ထွန်းတို့ရဲ့ DNA ကိုပြန်ယူသွားတယ်"
ထိုင်းအစိုးရဘက်က တင်ပြထားတဲ့ တရားလိုပြသက်သေ ၆၅ ယောက်လုံးကို လာမယ့် သြဂုတ်လ ၂၇ ရက် နဲ့ ၂၈ ရက်တွေမှာ အပြီးသတ် စစ်ဆေးသွားဖို့ရှိပြီး၊ စက်တင်ဘာလမှာတော့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း အပါအဝင် တရားပြိုင်ဘက်က သက်သေတွေကို စတင်စစ်ဆေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဘန်ကောက်ဗုံး သံသယရှိသူအကြောင်း တက္ကစီသမား ရဲစခန်းတွင် ထုတ်ဖော်
ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ် နတ်ကွန်း ပေါက်ကွဲမှုမှာ သံသယရှိတဲ့သူကို တင်ဆောင်သွားတဲ့ ၃ ဘီး တုပ်တုပ် တက္ကစီသမားက သံသယရှိသူဟာ သူမသိတဲ့ နိုင်ငံခြား ဘာသာစကားကို ပြောနေပြီး ဒါဟာ အင်္ဂလိပ်ဘာသာ မဟုတ်ဘူးလို့ ပြောပါတယ်။
1170612အသက် ၄၇ နှစ် တက္ကစီသမားက ရဲကို သြဂုတ် ၂၁ ရက်က အစစ်ခံခဲ့တာ ဖြစ်ပြီး သူရဲ့နာမည်ကို ထုတ်ပြောခြင်းမရှိဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးပါတယ်။
ဧရာဝဏ် နတ်ကွန်းနဲ့ ရပ်ချပ်ဒမ်ရီ မိုးပျံရထား ဘူတာကြားက လမ်းမှာ စောင့်နေစဉ် ကျယ်လောင်တဲ့အသံကို ကြားရပြီး ထရန်ဖော်မာ ပေါက်ကွဲတယ်လို့ ထင်တဲ့အကြောင်း တုပ်တုပ်သမားက ပြောပါတယ်။
ဒီနောက် ၃ မိနစ်နဲ့ ၅ မိနစ်အကြာမှာ နိုင်ငံခြားသားတဦးက ဆွဲထားပြီးသား မြေပုံနဲ့ လုံပနီ ဥယျာဉ်လို့ အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်ကို ပြပြီး ဒီနေရာကို ဘတ် ၃၀ နဲ့ ပို့ပေးဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
ရပ်ချပ်ဒမ်ရီကို ခေါ်သွားတဲ့အခါမှာတော့ ဖုန်းနဲ့စကားပြောတာကို ကြားရပြီး အသုံးပြုနေတာက အင်္ဂလိပ်ဘာသာမဟုတ်ဘူးလို့ တက္ကဆီသမားက ပြောပါတယ်။ အ၀င်ဖုန်းကို ဖြေနေတာလား သူက ဖုန်းခေါ်တာလားဆိုတာကတော့ မသိဘူးလို့ သူက ဆိုပါတယ်။
1170604ဒီနောက် ပန်းခြံအ၀င် ကားရပ်တဲ့နေရာမှာ သံသယရှိသူကို ချထားပြီး နိုင်ငံခြားသားက ဘတ် ၃၀ ပေးခဲ့တယ်လို့ ဆိုပါတယ်။
သံသယရှိသူက အသားဖြူ အရပ်ရှည်ပြီး ချွန်တဲ့ မေးရိုးရှိတယ်လို့ ဆိုပါတယ်။ အရပ်ကတော့ ၁၇၀ စင်တီမီတာ ရှည်တယ်လို့လည်း တက္ကစီသမားက ခန့်မှန်းပါတယ်။
တုပ်တုပ်ပေါ်က ဆင်းသွားပြီးတဲ့နောက် ပန်းခြံထဲ ၀င်သွားသလား တခြားနေရာကို ထွက်သွားသလား ဆိုတာကိုတော့ သတိမထားမိဘူးလို့ ပြောပါတယ်။
1170600ထိုင်းရဲတပ်ဖွဲ့က သံသယရှိတဲ့သူကို တင်ဆောင်သွားတဲ့ တုပ်တုပ်သမားတွေကို ဘတ် ၃၀၀၀၀ ပေးမယ်လို့ ကြေညာအပြီး အခုလို ထွက်ဆိုတာ ဖြစ်ပါတယ်။.
DVB
စစ်ပွဲအတွက် အသင့်ပြင်ရန် မြောက်ကိုရီးယားခေါင်းဆောင် အမိန့်ပေး
ရှေ့တန်းက တပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အစိုးရ မီဒီယာကနေတဆင့် အမိန့်ပေးလိုက်ပါတယ်။
တောင်နဲ့ မြောက်ကိုရီးယားတို့ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့အပြီး အခုလို အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။
သြဂုတ် ၂၀ ရက် ကင်ဂျုံအန်း ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ အရေးပေါ် အစည်းအဝေးအပြီး အခုလို အမိန့်ပေးလိုက်တာလို့ မြောက်ကိုရီးယား သတင်းဌာန ကေစီအန်အေက ထုတ်ပြန်ပါတယ်။
သြဂုတ် ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီကနေ စတင်ပြီး ကိုရီးယား လူထု တပ်မတော်က စစ်ဖြစ်တဲ့ အခြေအနေကို ရောက်နေပြီလို့ မှတ်ယူဖို့ ကင်ဂျုံအန်းက အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။
အံ့သြဖွယ် စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ တပ်ဖွဲ့တွေက အဆင်သင့် ဖြစ်သင့်ပြီလို့လည်း ဆိုပါတယ်။
သြဂုတ် ၂၀ ရက်က ၂ ဘက်တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးတဲ့နောက် စစ်ကော်မရှင် အစည်းအဝေးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်က ပစ်ခတ်မှုကြောင့် တစုံတရာ ထိခိုက် ကျရှုံးမှု မရှိဘူးလို့လည်း ဆိုပါတယ်။
နယ်စပ်ဒေသမှာ တောင်ကိုရီးယားက လော်စပီကာနဲ့ ၀ါဒဖြန့်ချိနေတာကို ၄၈ နာရီအတွင်းမှာ ရပ်ဆိုင်းဖို့လည်း မြောက်ကိုရီးယားက ရာဇသံပေးထားပါတယ်။ ဒီရာဇသံဟာ သြဂုတ် ၂၂ ရက် ညနေ ၅ နာရီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားကတော့ ဒီခြိမ်းခြောက်မှုကို ငြင်းဆိုသွားပြီး ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
ပဲကြီးလှော် အပါအ၀င် စားသုံးရန်မသင့် စားသောက်ကုန် ၂၇ မျိုး ထုတ်ပြန်
ခွင့်ပြုမထားတဲ့ ဓာတုဆိုးဆေးတွေပါဝင်တဲ့ ပဲကြီးလှော်၊ ပဲငါးပိ၊ ဆီတို့ဟူးနဲ့  ငရုတ်အရောင်တင်မှုန့်  အပါအ၀င် စားသောက်ကုန်  ၂၇ မျိုးကို အများပြည်သူ စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။
ကြေညာထားတဲ့ အစားအစားတွေထဲမှာ ခိုင်သဇင်၊ လေးထီ၊ ခင်မမ၊ ငွေပလောင်၊ ကြီးရှမ်းနဲ့ မွှေးမွှေးလှိုင် အမှတ်တံဆိပ် ပဲကြီးလှော်၊ လားရှိုးစပါယ်ရှယ် ပဲငါးပိ၊ မြင်းပျံနဲ့ ကျောက်နီတံဆိပ် ဆီတို့ဟူး စတာတွေ ပါဝင်ပါတယ်။
ဈေးကွက်အတွင်းနဲ့ ကျောင်းမုန့်ဈေးတန်းတွေမှာ ၀ယ်ယူစစ်ဆေးရာကနေ သုံးစွဲဖို့ ခွင့်ပြုမထားတဲ့ ဆိုးဆေးနဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာကို တွေ့ရှိရတာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အစိုးရထုတ်ပြန်ထားတဲ့ စားသုံးရန်မသင့်တဲ့ အစားအစာ ၂၇ မျိုးကို အောက်မှာ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
DVB
NLD ​ကိုယ်​စား​လှယ်​လောင်း ​အ​ပယ်​ခံ​ရ​တာ ​ဘာ​ကြောင့်​လဲ
ကိုယ်​စား​လှယ်​လောင်း​တွေ​ကို ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​စိ​စစ်​နေ
ကိုယ်​စား​လှယ်​လောင်း​ကို ​မွေး​ဖွား​တဲ့ ​အ​ချိန်​က ​သူ့​ရဲ့ ​မိ​ဘ ​နှစ်​ပါး​စ​လုံး ​နိုင်​ငံ​သား ​ဖြစ်​ရ​မယ်​လို့ ​သတ်​မှတ်​ထား​တဲ့ ​ရွေး​ကောက် ​တင်​မြှောက်​ခြင်း ​ဆိုင်​ရာ ​ဥ​ပ​ဒေ ​အ​ရ ​ပယ်​တာ ​ဖြစ်​တယ်​လို့ ​ခ​ရိုင် ​ကော်​မ​ရှင်​က ​ဆုံး​ဖြတ်​တဲ့ ​အ​ကြောင်း ​ဒေါက်​တာ ​ဦး​ဝင်း​မြင့်​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
ဒေါက်​တာ ​ဦး​ဝင်း​မြင့်​က ​သူ့​ကို ​မွေး​ဖွား​ခဲ့​ချိန်​မှာ ​သူ့​ရဲ့ ​ဖ​ခင်​ဟာ ​နိုင်​ငံ​ခြား​သား ​ဖြစ်​နေ​ခဲ့​ပြီး ​နောက်​ပိုင်း​မှာ ​နိုင်​ငံ​သား ​ဖြစ်​ခဲ့​တယ်​လို့ ​ပြော​ပါ​တယ်။
တစ်​ပတ်​အ​တွင်း ​အ​ယူ​ခံ ​တင်​ခွင့် ​ရှိ​တဲ့ ​အ​တိုင်း ​သူ့​အ​နေ​နဲ့ ​အ​ယူ​ခံ​ဝင်​သွား​မယ်​လို့​လည်း ​ဆို​ပါ​တယ်။
၂၀၀၈ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ ​မ​ပြ​ဌာန်း​ခင် ​နိုင်​ငံ​သား ​ဖြစ်​ခဲ့​ပြီး​သား​သူ​ကို ​နိုင်​ငံ​သား ​ဖြစ်​တယ်​လို့ ​သတ်​မှတ်​ထား ​ကြောင်း ​ဒေါက်​တာ ​ဦး​ဝင်း​မြင့်​က ​ပြော​ပါ​တယ်။
ဒါ​ကြောင့် ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင်​ရဲ့ ​ဥ​ပ​ဒေ​ဟာ ၂၀၀၈ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​နဲ့ ​ကွဲ​လွဲ​နေ​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။
ဒါ​ပေ​မဲ့ ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင် ​ဘက်​က​တော့ ​နိုင်​ငံ​သား ​ဖြစ်​ခွင့်​နဲ့ ​ရွေး​ချယ် ​တင်​မြှောက် ​ခံ​ပိုင်​ခွင့် ​ဆို​တာ ​မ​တူ​တဲ့ ​အ​ကြောင်း ​ပြော​ပါ​တယ်။
ရွေး​ကောက်​တင်​မြှောက်​ခံ​နိုင်​ခွင့် ​ရှိ​သူ ​ဆို​တာ​ဟာ ​နိုင်​ငံ​သား ​မိ​ဘ ​နှစ်​ပါး​က ​မွေး​ဖွား​သူ ​ဖြစ်​ရ​မယ်​လို့ ​ဥ​ပ​ဒေ ​ပြ​ဌာန်း​ထား​တာ ​ဖြစ်​ပြီး၊ ​နိုင်​ငံ​သား ​မ​ဖြစ်​သေး​သူ ​မိ​ဘ ​နှစ်​ပါး​လုံး​က ​ဖြစ်​စေ၊ ​နိုင်​ငံ​သား ​မ​ဖြစ်​သေး​တဲ့ ​မိ​ခင် ​ဒါ​မှ​မ​ဟုတ် ​ဖ​ခင်​က ​ဖြစ်​စေ ​မွေး​ဖွား​ခဲ့​သူ​ဟာ ​ရွေး​ကောက်​ခံ​ပိုင်​ခွင့် ​မ​ရှိ​ဘူး​လို့ ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင်​ရုံး ​ညွှန်​ကြား ​ရေး​မှူး ​ဦး​သောင်း​လှိုင်​က ​ပြော​ပါ​တယ်။
ဒီ​ဥ​ပ​ဒေ ​အ​တိုင်း ​ပြီး​ခဲ့​တဲ့ ၁၉၉၀ ​ရွေး​ကောက်​ပွဲ​မှာ​ရော ၂၀၁၀ ​ရွေး​ကောက်​ပွဲ​မှာ​ပါ ​ကျင့်​သုံး​ခဲ့​တာ ​ဖြစ်​တယ်​လို့​လည်း ​သူ​က ​ပြော​ပါ​တယ်။
BBC Burmese
ဒေါ်လာငွေလဲနှုန်းနဲ့ ရွှေဈေး မြင့်တက်
 ဩဂုတ်လ ၂၀ ရက် ဈေးကွက်ထဲမှာ အမေရိကန် ဒေါ်လာနဲ့ မြန်မာ ကျပ်ငွေ လဲလှယ်နှုန်းဟာ တစ်ဒေါ်လာကို (၁၃၀၀) ကျပ် ကျော်အထိ ဈေးပေါက်ပြီး ရွှေဈေးဟာလည်း ဩဂုတ်လ ၁၉ ရက် ကထက် တစ်သောင်းကျော်လောက် မြင့်တက်လာကာ (၇၇၈၅၀၀) ကျပ်အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်းအတွင်း ဒေါ်လာဈေးဟာ (၁၂၀၀) ကျပ် ကျော်မှာ ရှိနေခဲ့ပြီး ရုတ်ချည်း (၁၃၀၀) ကျပ် ကျော်အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ ဩဂုတ်လ ၂၀ ရက် ဗဟိုဘဏ် သတ်မှတ်နှုန်းထားက တစ်ဒေါ်လာကို မြန်မာငွေ (၁၂၈၃) ကျပ် နဲ့ ငွေလဲလှယ်နှုန်း ရှိပေမယ့် ပြင်ပ ဈေးကွက်နဲ့ နိုင်ငံခြား ငွေလဲကောင်တာ တွေမှာ တစ်ဒေါ်လာကို (၁၃၀၅) ကျပ် အထိ အရောင်းအဝယ် ဈေးပေါက်ခဲ့ပါတယ်။
ရွှေဈေးဟာလည်း တစ်ကျပ်သားကို (၇၆၅၀၀၀) ကျပ် ရှိရာကနေ ဩဂုတ်လ ၂၀ ရက်နေ့မှာ (၇၇၈၅၀၀) ကျပ်အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဈေးကွက်မှာလည်း ရွှေ နဲ့ ဒေါ်လာ ဝယ်လိုအား များနေပြီး အရောင်းမရှိသလောက် နည်းနေပါတယ်။
လောလောဆယ် မှာ ဘဏ်တွေနဲ့ ပတ်သက်လို့ ကောလဟလတွေကြောင့် ဘဏ်မှာ အပ်နှံထားတဲ့ငွေတွေ ထုတ်ယူပြီး ရွှေနဲ့ ဒေါ်လာ ဝယ်ယူစုဆောင်းမှုတွေ ပိုများလာနေတာ ဖြစ်ပါတယ်။ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဆက်အောင်ကတော့ ဘဏ်တွေ လှုပ်လှုပ်ရှားရှား ဖြစ်နေတာကို စိုးရိမ်စရာ မလိုကြောင်း နဲ့ ငွေကြေးဈေးကွက်ကိုလည်း တည်ငြိမ်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
စီးပွားရေး ပညာရှင် ဦးလှမောင်ကတော့ ဒီလို ဖြစ်ရတာဟာ အစိုးရဘက်ပိုင်းက ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မရှိတာကြောင့်လို့ သုံးသပ်ပါတယ်။
ဩဂုတ်လ ၂၀ ရက် ကြာသပတေးနေ့ ဈေးကွက်ပိတ်ချိန်မှာတော့ ဒေါ်လာဈေးဟာ (၁၂၉၅) ကျပ် နဲ့ ရွှေဈေးကတော့ (၇၇၆၇၀၀) ကျပ် အထိ ဈေးအနည်းငယ် ပြန်ကျသွားပါတယ်။
ဒါပေမယ့်တော့ နောက်ရက်တွေမှာ ဒေါ်လာဈေးဟာ သိသိသာသာ ပြန်ကျဖို့ အနေအထား မရှိသလို လက်ရှိ စီးပွားရေး နဲ့ နိုင်ငံရေး မတည်ငြိမ်တာတွေကြောင့် မြန်မာကျပ်ငွေ တန်ဖိုး ကလည်း ဒီထက်ဆက်ကျဖို့ အလားအလာတွေ အများကြီးရှိ တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်နေကြပါတယ်။
BBC Burmese
ဒေါ်အောင်ဆန်းစုကြည် ရဲ့ မော်တော်ကားနှောင့်ယှက်ခံရမှု အာဏာပိုင်တွေထံ အကြောင်းကြား
ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မြောင်းမြမြို့နယ်ခရီးစဉ်မှာ တွေ့ရစဉ်။ Photo: RFA
  ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်မှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် စီးနင်းလိုက်ပါလာတဲ့ မော်တော်ကား နှောင့်ယှက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူထားသူတွေက သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြောင်းကြားထားတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။
ရန်ကုန်ကနေထွက်ခွာလာတဲ့ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းဟာ နေပြည်တော် ကို ရောက်ခါနီးမှာ တဖက်ကားတစီးက ရုတ်တရက်အရှိန်နဲ့ ကျော်တက်လာပြီး ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ကားနဲ့ ဘေးချင်းယှဉ်ပြီး နှောင့်ယှက်မောင်းနှင်ခဲ့တာကြောင့် ကားချင်းတိုက်မိမလို ဖြစ်ပွားခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဦးဥာဏ်ဝင်းက အခုလို ပြောကြားတာ ဖြစ်ပါတယ်။
"ကျနော်တို့ ပထမဆုံးကြားတာက အနှောင့်အယှက်ပေးတယ်လို့ကြားတယ်၊ နောက်ပိုင်းမှပြန်ပြီးကြားတာက ဥက္ကဌကိုသိတဲ့ ကားပေါ်ပါတဲ့ပုဂ္ဂိုလ်က နှုတ်ဆက်ချင်လို့ဆိုတဲ့ဟာမျိုး ထပ်ကြားတယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ အတိအကျ အတည်ပြုပေးပါဆိုရင်တော့ ကျနော်မပေးနိုင်ဘူး၊ ကျနော်သတင်းက အဲ့ဒီလိုပဲရပါတယ်၊ အဲတော့ ကျနော်တို့ လုံခြုံရေးနဲ့ပတ်သက်တဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဒီဟာကို သက်ဆိုင်ရာအာဏာပိုင်တွေကိုလည်း အကြောင်းကြားထားတယ်၊ သူတို့ကိုယ်တိုင်လည်း အကြောင်းရာအချက်အလက် ပိုမိုရရှိဖို့ကြိုးစားဆောင်ရွက်နေ တယ်၊ အဲ့ဒီလိုသိပါတယ်၊ ဥက္ကဌရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဒီသတင်းက ကျနော်တို့အတွက်လည်း အများကြီး စိတ်အနှောင့်အယှက်ဖြစ်ပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် NLD ပါတီက တာဝန်ယူဆောင်ရွက်နေတယ် ဆိုပေမယ့် အခု အဖြစ်အပျက်ဟာ အန္တရာယ်ရှိတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဉ်တန်းဟာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီးမှာ တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။
RFA Burmese
Thursday, August 20, 2015
စင်ကာပူတွင် ကျင်းပမည့် Miss Jewel Princess International ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်အဖြစ် ယှဉ်ပြိုင်မည်
စင်ကာပူတွင် ကျင်းပမည့် Miss Jewel Princess International ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်မည့် အလှမယ် ခင်မေခ (ဓာတ်ပုံ- Khin May Kha Facebook)
    ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
    စင်ကာပူ နိုင်ငံတွင် ကျင်းပမည့် Miss Jewel Princess International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အလှမယ် ခင်မေခ မှ ကျောက်များဖြင့် စီချယ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ကာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အလှမယ် ခင်မေခ မှ ဆင်ဟွာကို ယနေ့ ပြောကြားသည်။
ခင်မေခ က “ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အတွင် နိုင်ငံပေါင်း ၃၀ ကျော်က စာရင်း ပေးသွင်းကြပါတယ်။ အဲဒီ နိုင်ငံပေါင်း ၃၀ ထဲကမှ ၁၀ နိုင်ငံကို ရွေးချယ်ခဲ့တာပါ။ မေခက မြန်မာနိုင်ငံကို ကိုယ်စားပြု အနေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ကျောက်မျက် နဲ့ဆိုင်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်လို့ ဝတ်စုံကို ကျောက်တွေနဲ့ စီစဉ်ထားပါတယ်’’ ဟုပြောသည်။
ကျောက်မျက် ရတနာ ပြိုင်ပွဲဖြစ်သည့် အတွက် မြန်မာ့ ကျောက်မျက် ရတနာတွေအကြောင်း၊ အဖိုးတန် ကျောက်မျက် ရတနာများ အကြောင်းကိုလည်း လေ့လာထားကြောင်း ခင်မေခက ဆိုသည်။
အဆိုပါပြိုင်ပွဲတွင် ဝတ်ဆင်မည့် ကျောက်မျက် ရတနာ လက်ဝတ် လက်စားများကို ပြိုင်ပွဲကျင်းပသည့် Organization မှ ပြိုင်ပွဲအတွက် ဆင်ပေးသွားမှာဖြစ်ကြောင်း ဆိုသည်။
Miss Jewel Princess International 2015 ပြိုင်ပွဲအား စင်ကာပူ နိုင်ငံတွင် စက်တင်ဘာလ ၆ ရက် နှင့် ၇ ရက်တွင် ၂ ရက်ကြာ ကျင်းပ သွားမည်ဖြစ်ပြီး၊ စခန်းသွင်း လေ့ကျင့်မှုကို စင်ကာပူ နိုင်ငံ၌ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင် လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။
 (Xinhua)
ဘန်ကောက်ဗုံး၊ သံသယရှိသူ ၂ ဦး ရဲထံ အစစ်ခံ
အ​ဓိ​က ​သံ​သ​ယ​ရှိ​သူ ​ဖြစ်​တဲ့ ​တီ​ရှပ် ​အ​ဝါ​ရောင်​နဲ့​လူ​က ​ကျော​ပိုး​အိတ်​ကို ​ချန်​ထား​ခဲ့။    ဘန်ကောက် မြို့လယ်က တနင်္လာနေ့ ဗုံးခွဲမှုမှာ နောက်ထပ် သံသယ ရှိသူ အဖြစ် သတ်မှတ် ခံရတဲ့ လူ ၂ ယောက်ဟာ ဧည့်လမ်းညွှန်တွေ ဖြစ်ကြောင်း ရဲစခန်းမှာ လာရောက် စစ်ဆေး ခံခဲ့တယ်လို့ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှု မဖြစ်ခင် အချိန် အနည်းငယ် အတွင်းမှာ ဧရာဝဏ် နတ်ကွန်းအနီး ရှိနေခဲ့တဲ့ သူတို့ ၂ ယောက်ကို စီစီတီဗီ ထဲမှာ တွေ့ကြရတာပါ။
အဲဒီ လူ နှစ်ယောက် ထိုင်ခုံက ထပြီး မကြာမီမှာပဲ အဓိက သံသယရှိသူ ဖြစ်တဲ့ အဝါရောင် တီရှပ်နဲ့လူ ရောက်လာပြီး ကျောပိုးအိတ်ကို ချန်ထား ခဲ့တာပါ။
အခုတော့ ဧည့်လမ်းညွှန်တွေလို့ ဆိုတဲ့ အဲဒီ လူ ၂ ယောက်ကို ရဲတွေက မေးမြန်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
နတ်ကွန်းအနီး ဗုံးခွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ဒါဇင် အများအပြား ဒဏ်ရာ ရခဲ့ကြပါတယ်။
ဗုံးခွဲမှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယ ရှိရသူပေါင်း ၁၀ ဦး ထက်မနည်း ရှိတယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
တခါ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုခုရဲ့ လက်ချက် မဟုတ်နိုင်ဘူးလို့လည်း ထိုင်း စစ်အစိုးရရဲ့ ပြောခွင့်ရသူ ကာနယ် ဝင်းထိုင်း ဆူဗာရီး Col Winthai Suvaree က ပြောခဲ့ပါတယ်။
BBC Burmese
ဧရာဝဏ် ဗုံးပေါက်ကွဲမှု သတင်းအသေးစိတ် ထုတ်ပြန်
  ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က ဧရာဝဏ်လေးမျှက်နှာ နတ်ကွန်းမှာ တနင်းလာနေ့က လူ၂၀ သေဆုံးခဲ့ရတဲ့ ဗုံးပေါက်ကွဲခဲ့မှုနဲ့ ပတ်သက်လို့ ထိုင်းရဲတွေက အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်လိုက်ပါတယ်။
စီစီတီဗွီ လုံခြုံရေးကင်မရာ မြင်ကွင်းတွေပေါ်မှာ တွေ့ရတဲ့ လူ ၃ ဦးဟာ ဒီဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ရဲက ယူဆနေပါတယ်။
ထိုင်းအစိုးရ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ၀ီရာချွန် စူကွန်တာပက်တီပက်က လုံခြုံရေးကင်မရာ မြင်ကွင်းတွေအရ အင်္ကျီအ၀ါဝတ်ထားတဲ့ ကျောပိုးအိတ်နဲ့လူဟာ နိုင်ငံခြားသားလို့ ယူဆရကြောင်း၊ ဒါပေမယ့် ဒီလူတစ်ယောက်တည်း မဟုတ်ဘဲ သူနဲ့အတူ ထိုင်းလူမျိုးတွေပါ ဒီကိစ္စမှာ ပူုးပေါင်းလုပ်ဆောင်တာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဧရာဝဏ်နတ်ကွန်းနားမှာ အဲဒီလူအတွက် ကျန်တဲ့လူ ၂ ဦးက နေရာဦးပေးခဲ့ပြီး သူထိုင်တဲ့အချိန်မှာ ကာကွယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ ကျောပိုးအိတ်ကို ချပြီး ထွက်သွားကြောင်းနဲ့ အဲဒီနောက် မိနစ်ပိုင်းမှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အခုအခါ အဲဒီကျောပိုးအိတ်နဲ့လူကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ပါဝင်မှု မရှိ
 မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှုမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာအက်ဖ်အေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက်မှာ ဖြေကြားခဲ့ပါတယ်။
၂ဝ၁၄ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း ) ဦးသန်းရွှေရဲ့အခန်းကဏ္ဍ ပြန်ပါလာပြီးဆိုပြီး ပြောဆိုနေကြတဲ့အပေါ် RFA က မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့ပါတယ်။
"ဟုတ်ပါသလားလို့မေးရင်တော့ ကျနော်အနေနဲ့ကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်ကပြောချင်တာ၊ ဗိုလ်ချုပ်မှူးကြီးက သူ့ဟာသူပဲ အေးဆေးနေတာပါ၊ ကျနော်တို့လည်း အခါကြီးရက်ကြီးတွေမှာ သွားပြုပြီးတော့ ဂါရဝပြုတာတွေရှိပါတယ်၊ ကျနော်တို့ရဲ့ တပ်မတော်ရဲ့မိဘဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ သွားရောက်ဂါရဝပြုတာတွေရှိပါတယ်၊ သူကတိုင်းပြည်ကောင်းဖို့အတွက်ပဲ သူအကြံပြုတာတွေ ကျနော်တို့ တပ်မတော်ကောင်းအောင်လုပ်ဖို့အတွက် အကြံပြုတာတွေပဲရှိတယ်၊ ဘာလုပ်ပါလို့တော့ ဒီဟာတွေကိုတော့ လုပ်တာပြုတာတော့မပြောဘူး မရှိဘူး၊ နံပါတ် ၂ အချက်ကတော့ စည်းစည်းလုံးလုံးနေကြဖို့ သူမကြာခဏပြောပါတယ် တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ ဒီလောက်ပဲပြောပါတယ်၊ အခုအခြအနေမျိုးမှာလည်း ကျနော်တို့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ ဘာမှမကြားပါဘူး၊ အစိုးရလည်း အစိုးရအလျောက် သူလုပ်နိုင်တဲ့ဟာတွေ လုပ်နေတာပေါ့၊ လွှတ်တော်လည်း လွှတ်တော်အလျောက် သူတို့ရဲ့လုပ်ပိုင်ခွင့်ထဲက လုပ်နေတာဖြစ်ပါတယ်၊ ဘာမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အငြိမ်းစား)ရဲ့ သြဇာလွှမ်းမိုးမှု ဘာတစ်ခုမှမရှိပါဘူး"
ချင်းပြည်နယ် ဟားခါးမြို့က ဒေသခံတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေဟာ လမ်းတွေ ပျက်စီးကုန်တာကြောင့် ကလေးမြို့မှာ စုပုံနေပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်နေတယ်လို့ ဟားခါးမြို့ကိုရောက်နေတဲ့ အာအက်ဖ်အေ သတင်းထောက်က ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို မေးမြန်းရာမှာတော့ တပ်မတော်အနေနဲ့ ကယ်ဆယ်ရေးပစည်းတွေကို ရဟတ်ယာဉ်တွေ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ သယ်ဆောင်ပေးလျက်ရှိကြောင်း အခုလို ပြောကြားသွားပါတယ်။
"အစီအစဉ်အရ အပြည့်လုပ်ပေးမယ်၊ ကျနော်က အပေါ်ကသယ်လို့ရတာလည်း အပေါ်ကသယ်ပေါ့၊ အရေးပေါ်လိုအပ်တဲ့ဟာတွေ အမြန်ပို့ရမယ့်ဟာတွေကျရင် ရဟတ်ယာဉ်နဲ့သယ်ပေါ့၊ အောက်ကသယ်ဖို့လိုလို့ရှိရင်လည်း အောက်ကနေသယ်ဖို့ ကားလမ်းနဲ့သယ်ဖို့လုပ်နေတာရှိပါတယ်၊ တပ်ကမတော်က ကားတွေနဲ့ရော လေယာဉ်ပျံနဲ့ရော ရဟတ်ယာဉ်နဲ့ရော ကျနော်ကအဲ့ဘက်မှာ အများကြီုးထုတ်ပြီးသုံးနေပါတယ်"
ဒါ့အပြင် လတ်တလောနိုင်ငံရေးအခြေအနေမှာ နိုင်ငံတော်အစိုးရဘက်ကနေ ရပ်တည်ပေးရမှာက လိုအပ်ချက်ဖြစ်ကြောင်းနဲ့ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်မှုအောက်မှာ တပ်မတော်အကြီးအကဲတစ်ဦးအနေနဲ့ လိုက်နာပြီးဆောင်ရွက်ရ မှာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese
အမျိုးသားလွှတ်တော် ရပ်နားမှုအပေါ် တုံ့ပြန်
 အမျိုးသား လွှတ်တော် တရပ်တည်း ရပ်ဆိုင်းလိုက်တဲ့ အတွက် လက်ရှိ လွှတ်တော် လုပ်ငန်းတွေမှာ ထိခိုက်နိုင်တယ်လို့ ကျားဖြူ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ ဒါ့အပြင် သူရဦးရွှေမန်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌရာထူးကနေ ရုတ်တရက် ဖယ်ရှားလိုက်ပြီး တဲ့နောက် ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ ပြည်ထောင်စု လွှတ်တော်နာယကအဖြစ် သူတာဝန်ယူထားချိန်ကာလမှာ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုတွေကို ထိန်းချုပ်နိုင်ရေး လွှတ်တော်အစည်းအဝေးတွေကို ရပ်ဆိုင်းနိုင်ဖို့ အာဏရ ပါတီကနေ ကြိုးစားနေတယ်လို့ ဦးရဲထွန်း က သုံးသပ်ပါတယ်။
လက်ရှိလွှတ်တော်တွင်း အခြေအနေတွေ တင်းမာနေတယ်လို့လည်း အများက သုံးသပ်နေတာတွေနဲ့ပတ်သက်ပြီး မအင်ကြင်းနိုင်က မေးမြန်းရာမှာ ဦးရဲထွန်းက အခုလို စပြောပါတယ်။
“အခုကျနော် ခန့်မှန်းကြည့်ရတာတော့ အမျိုးသားလွှတ်တော်ကတော့ သူ့ဆုံးဖြတ်ချက်နဲ့သူ ရပ်လိုက်ပြီ။ ပြည်သူ့လွှတ်တော်မှာကျတော့ အဲဒါကို ဥက္ကဋ္ဌက မဲမခွဲဘူး၊ မဲမခွဲဘဲနဲ့ မှတ်တမ်းတင်ထားရန်လို့ပဲ ပြောပြီးတော့၊ လွှတ်တော်ကို ဆက်ကျင်းပမယ်၊ တကယ်လို့ ရေဘေးကူညီရေးကိစ္စ အဲဒီဒေသက လွှတ်တော်အမတ်တွေ သွားချင်တယ် ဆိုရင်လည်း ခွင့်ယူပြီး သွားနိုင်တယ်ဆိုပြီးတော့ သူကအဲဒီလိုပြောတယ်။ သူပြောတဲ့အတိုင်း လွှတ်တော်ထဲမှာလည်း အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိလားဆိုတော့ ရှိပါတယ်။ အခုကိုးကန့်ကိစ္စ အရေးပေါ်ကြေညာချက် သက်တမ်းတိုးတဲ့ ကိစ္စတို့၊ မျိုးစောင့်ဥပဒေကို အတည်ပြုပြဌာန်းဖို့ ကိစ္စရယ်၊ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှရုပ်သိမ်းခြင်းဆိုင်ရာကိစ္စ၊ အဲဒီကိစ္စကလည်း ပြီးပြတ်အောင်လုပ်ဖို့လိုတယ်။ ကော်မရှင်ကနေပြီးတော့ ကျနော်တို့ကို ဒါကိုပြဌာန်းပေးဖို့ လွှတ်တော်ကို တိုက်တွန်းတာက ၄ ကြိမ်မြောက် ရှိပြီဆိုတော့ အဲဒါကလည်း အရေးတကြီး ပြဌာန်းပေးဖို့လိုတဲ့ကိစ္စ ဖြစ်နေတယ်။ အထူးသဖြင့် ကျနော်တို့ ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း ကိစ္စနဲ့ ပတ်သက်ပြီးတော့ တခုခု ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုနေတယ်။ အဲဒီတော့ အခုဒီပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ဆွေးနွေးမယ်၊ ဆွေးနွေးပြီးလို့ရှိရင် မဲခွဲပြီးတော့ ဒီဥပဒေကို ဆက်လက်ပြီးတော့ ပြဌာန်းမလား၊ ဒါမှမဟုတ်ရင်လည်း ဒီဥပဒေကို လွှတ်တော်သက်တမ်းမှာ မပြဌာန်းပဲနဲ့ ဆိုင်းထားမလား ဆိုတာကို ကျနော်တို့ အဖြေသိရမယ်လို့ ထင်ပါတယ်။ အဲဒါတွေ လုပ်ပြီးရင်တော့ ကျနော်တို့ နားပါလိမ့်မယ်လို့ ယူဆပါတယ်။”
မေး - “အဲဒီတော့ အမျိုးသားလွှတ်တော်ဘက်က၊ သူတို့လွှတ်တော် တခုတည်း ရပ်ဆိုင်းလိုက်တဲ့ အတွက်ကြောင့် လွှတ်တော်လုပ်ငန်းတွေ၊ အခုပြဌာန်းချက်တွေမှာရော တစုံတရာ ထိခိုက်မှု ရှိနိုင်မလားရှင့်။”
ဖြေ - “ထိခိုက်နိုင်ပါတယ်ခင်ဗျ။ ကျနော်တို့လွှတ်တော်က အမြဲလိုလို လွှတ်တော် ၂ ရပ်က၊ အထူးသဖြင့် ဥပဒေပြုရေး ကိစ္စတွေအပေါ်မှာ အပြန်အလှန် အတည်ပြု ပြဌာန်းရတာဖြစ်တော့ လွှတ်တော်တရပ်တည်းနဲ့ လုပ်နိုင်တဲ့ကိစ္စဆိုတာကမေးခွန်းတွေ မေးမြန်းဖြေကြားခြင်းနဲ့ အဆိုတွေတင်ပြီးတော့ ဆွေးနွေးဆုံးဖြတ်ခြင်း၊ ဒီ ၂ ခုပဲ လွှတ်တော်တရပ်တည်း သီးသန့်လုပ်လို့ရတာ ဖြစ်ပါတယ်။ အခုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌကလည်း နားလိုက်တယ် ဆိုပေမဲ့ ပြည်ထောင်စု လွှတ်တော်ကိုတော့ တက်ပေးကြပါလို့ သူ့ရဲ့လွှတ်တော် ကိုယ်စားလှယ်တွေကို တိုက်တွန်းတယ်လို့ သိရပါတယ်။ အဲဒီတော့ ပြည်ထောင်စု လွှတ်တော်မှာ တက်တယ်ဆိုတာမှာလည်း ခုနပြောတဲ့ ဥပဒေပြဌာန်းတဲ့ကိစ္စတွေ၊ လွှတ်တော်တရပ်နဲ့တရပ် အပြန်အလှန် သူပို့ပြီးတဲ့အခါကျတော့ မဲခွဲအတည်ပြု ဆုံးဖြတ်ရတဲ့ ကိစ္စတွေက ဆက်ပြီးတော့ လုပ်လို့မရနိုင်ပါဘူး။ လွှတ်တော် ၂ ရပ် သဘောကွဲလွဲတဲ့ ကိစ္စလောက်ကိုပဲ ကျနော်တို့ ဆုံးဖြတ်တာ၊ အတည်ပြုတာတွေကို လုပ်နိုင်လိမ့်မယ်။ နောက် အစိုးရက ပို့လာတဲ့ အဆိုပြုချက်တွေ၊ နောက်ပြီးတော့ လွှတ်တော်ရဲ့ သဘောထားယူတဲ့ ကိစ္စတွေ၊ အဲဒါတွေပဲ ကျနော်တို့ လုပ်နိုင်လိမ့်မယ်။ လွှတ်တော် ၂ ရပ် အပြန်အလှန် ဥပဒေတွေ ပို့ပြီးတော့ အတည်ပြုပြဌာန်း ဆွေးနွေးတဲ့ကိစ္စတွေတော့ ရပ်သွားလိမ့်မယ် ထင်ပါတယ်။”
မေး - “တဘက်မှာလည်း အာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီထဲမှာ ခေါင်းဆောင်မှု အပြောင်းအလဲ ရုတ်တရက် ဖြစ်ခဲ့တယ်၊ အဲဒီအပေါ်မှာလည်း အင်အားသုံးခဲ့တယ်ဆိုတဲ့ အနေအထားလည်း ရှိတဲ့အခါကျတော့ သူတို့ ပါတီထဲဖြစ်တဲ့ ပြဿနာတွေ၊ အခြေအနေတွေက လွှတ်တော်ကိစ္စ၊ အခုဆိုရင် အမျိုးသားလွှတ်တော်က မဲဆန္ဒအများစုနဲ့ ရပ်လိုက်တယ်။ ဒါကလည်း သူတို့အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် အများစု ဖြစ်နေတော့၊ အဲဒါတွေကလည်း တကယ်ပဲ လွှတ်တော်ကိစ္စရပ်တွေကို ရိုက်ခတ်မှု ရှိနေလား၊ အဲဒါရော ဘယ်လိုမြင်ပါသလဲရှင့်။”
ဖြေ - “ဒီဟာနဲ့ ပတ်သက်လို့ ကျနော်လေ့လာကြည့်ရသလောက်တော့ ဒီအဆိုကို အမျိုးသားလွှတ်တော်မှာရော ပြည်သူ့လွှတ်တော်မှာရော တင်တာကတော့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ သဘောထား ဖြစ်ပုံရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တဦးချင်းစီရဲ့ သီးခြားပုံစံ မဟုတ်ပဲနဲ့ ဒါက ပါတီကရပ်နားစေချင်လို့ လုပ်ခိုင်းတယ်ဆိုတဲ့သဘော ကျနော် လေ့လာလို့ ရပါတယ်။ အဲဒီတော့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ ပတ်သက်ပြီးတော့ သူ့ပါတီတွင်းမှာ ဥက္ကဋ္ဌတာဝန်ကနေပြီးတော့ လွှဲပြောင်းပြီး တာဝန်ယူလိုက်တဲ့၊ ဦးဌေးဦးက တာဝန်ယူလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ လွှတ်တော်ထဲကို ယူဆောင်မလာဖို့၊ ဒီကိစ္စက လွှတ်တော်နဲ့ မဆိုင်ဘူးဆိုပြီးတော့ အဲဒီသဘော ဦးရွှေမန်းပြောထားသလို၊ တဘက်က ပါတီကလည်း ဒီလောက်နဲ့ပဲ ရပ်တန်းကရပ်မယ်ဆိုတဲ့ သဘောပေါ့နော်၊ အဲဒါမျိုး ကျနော်တို့ ကြားရပါတယ်။ မှန်းကြည့်ရတာကတော့ ဥက္ကဋ္ဌတာဝန် ရပ်နားလိုက်တဲ့ ကိစ္စဟာ လွှတ်တော်ရပ်နားလိုက်ပြီးတော့ ရေဘေးကူညီရေး ကိစ္စတွေလုပ်မယ်၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလနဲ့ ဆက်သွားမယ်၊ အဲဒီလို ဆိုလို့ရှိရင်တော့ ပိုပြီးတော့ အေးအေးချမ်းချမ်းနဲ့ ကျော်လွှားသွားနိုင်မယ်ဆိုတဲ့သဘော ဆိုလိုချင်တာက ပြဿနာကို ထပ်ပြီးတော့ ကြီးထွားရှုပ်ထွေး မလာစေချင်ဘူးပေါ့နော်။ အဲဒီသဘောလို့လည်း ကျနော်တို့ နားလည်ယူလို့ရပါတယ်။”
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
လေထု ညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံတွင် တစ်ရက်လျှင် သေဆုံးသူဦးရေ ၄၀၀၀ ရှိ
ပေကျင်း ၊ ၂၀-၈-၂၀၁၅
လေထု ညစ်ညမ်းမှု ကြီးက တရုတ်လူမျိုး များကို သေချိန်မတန် သေးဘဲ တစ်ရက်လျှင် တရုတ်လူမျိုး ဦးရေ ၄ဝဝဝ ခန့် သေဆုံး နေကြောင်း မကြာသေးမီ က ကောက်ယူ ခဲ့သော စစ်တမ်းအရ သိရကြောင်း အေပီသတင်း တွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ရူပဗေဒ ပညာရှင်များက လေထု ညစ်ညမ်းမှုကြောင့် နှလုံးနှင့် အဆုတ်ရောဂါ များရရှိပြီး တစ်နှစ်လျှင် တရုတ်လူမျိုး ၁ ဒသမ ၆ သန်းတို့ အသက်ဆုံးရှုံး နေရကြောင်း တွက်ချက်ပြ လိုက်ခြင်း ဖြစ်သည်။
ယခင်ကာလ များက ထွက်ပေါ်ခဲ့သော စစ်တမ်းများတွင် လေထု ညစ်ညမ်းမှု ကြောင့် နှစ်စဉ် တရုတ်လူမျိုး တစ်သန်းမှ နှစ်သန်း သေဆုံးကြောင်း တွေ့ရှိခဲ့သော ကိန်းဂဏန်း များမှာ အဖြစ်မှန်နှင့် အလွန် နီးကပ်သော အရေအတွက် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်တမ်းကို သြဂုတ် ၁၃ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူ နေခြင်းနှင့် အိပ်ခန်းများ အတွင်း အနွေးဓာတ် ပေးပို့နေခြင်း တို့ကို ပြစ်တင် ထားရှိသည်။
စစ်တမ်းကို ကြီးမှူး ကောက်ယူခဲ့သူ ရောဘတ်ရိုဒီ က တရုတ်လူမျိုး ၃၈ ရာခိုင်နှုန်းသည် ကာလ ရှည်ကြာ ကတည်းက လေထု ညစ်ညမ်းသော ဒေသများတွင် နေထိုင်လျက် ရှိကြောင်း ရှင်းပြသည်။ ပေကျင်း မြို့တော်၏ အနောက် တောင်ဘက်ရှိ ဒေသများသည် လေထု အညစ်ညမ်းဆုံး ဖြစ်နေပြီး နိုင်ငံ အရှေ့ပိုင်း ဒေသကြီး၏ တစ်ဝက် ကျော်ကျော်တွင် လေထုတွင်း အမှုန်အမွှား ပါဝင်မှုသည် ပျမ်းမျှ ပါဝင်မှုနှုန်းထက် ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိ ကြသည်။
အမေရိကန် နိုင်ငံ၏ လေထု သည်လည်း သန့်ရှင်းသည်ဟု မပြောနိုင် သော်လည်း တရုတ်နိုင်ငံမှ လေထု ညစ်ညမ်းမှုက အလွန် ဆိုးရွားနေသော အနေအထား ဖြစ်နေသည်။ ၂ဝ၁ဝ ပြည့်နှစ် စာရင်းများ အရ အမေရိကန် နိုင်ငံတွင် လူပေါင်း ၆၃ဝဝဝ မှ ၈၈ဝဝဝ ထိ အမေရိကန် လူမျိုးများ လေထု ညစ်ညမ်းမှုကြောင့် အသက်ဆုံးရှုံး ခဲ့ရကြောင်း ပြည်ထောင်စု ကျန်းမာရေး အဖွဲ့၏ စာရင်းဇယား ထုတ်ပြန်ချက် များအရ သိရသည်။
PyiChitThar
http://www.pyichitthar.com
လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြည်လည် ရုပ်သိမ်းခြင်း ဥပဒေကြမ်း လွှတ်တော်၌ ဆက်လက် ဆွေးနွေးရန် ဆိုင်းငံ့
    ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
    ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အတည်ပြုပေးရန် တင်သွင်းလာသော လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမှု မပြုဘဲ ဆိုင်းငံ့ လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ယနေ့ ကြေညာလိုက်သည်။
လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု ပြဌာန်းနိုင်ရေးနှင့် စပ်လျဉ်၍ ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်ကို ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက် ရယူရန် အတွက် လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
အဆိုပါ ဥပဒေကြမ်း အတည်ပြု ပြဌာန်းနိုင်ရေးအတွက် လွှတ်တော်တွင် ဆက်လက် ဆောင်ရွက်ရန် သင့်မသင့် နှင့် ပတ်သက်ပြီး မဲခွဲ ဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူ ၅၂၄ ဦးထဲမှ ထောက်ခံမဲ ၂၆၄ မဲ ၊ ကန့်ကွက်မဲ ၂၃၅ မဲနှင့် ကြားနေမဲ ၁၂ မဲ ရရှိသဖြင့် ထောက်ခံမဲ များသောကြောင့် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် မဆွေးနွေးဘဲ ဆိုင်းငံ့ လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ကြေညာလိုက်သည်။
ယင်းဥပဒေနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦး ဆွေးနွေးရာတွင်လည်း အများစုသည် အဆိုပါ ဥပဒေကို တစ်ရာခိုင်နှုန်း ထောက်ခံလျှင် လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ဖြုတ်ချနိုင်မှုကို ထောက်ပြဝေဖန် ဆွေးနွေး ခဲ့သည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက Right to Recall ဥပဒေကြမ်းကို အမြန်ဆုံး ဆက်လက် ဆွေးနွေးသင့်ကြောင်း ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် ဦးဝင်းဦးက ယင်းဥပဒေကို ဆောလျင်စွာ မလုပ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။
“လွှတ်တော် ကိုယ်စားလှယ်တွေကို အလွယ်တကူ ဖြုတ်ပယ်နိုင်ရင် လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေကို အနှောက်အယှက် ဖြစ်နိုင်ပါတယ်” ဟု တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေး ခဲ့သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့လိုက်ခြင်းသည် ယခု လွှတ်တော် သက်တမ်းအတွင်းသာ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း အတည်ပြု ခိုင်းလာသည့် Right to Recall နှင့် ပတ်သက်ပြီး အလျင်စလို အတည်မပြုရန် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ယမန်နေ့က ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ ပေးပို့ခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြုစုပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်တွင် လည်းကောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃ ရက်တွင်လည်းကောင်း ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ပေးပို့ခဲ့သည်။
 (Xinhua)
http://www.xinhuamyanmar.com
တောင်နှင့် မြောက် ကိုရီးယားနိုင်ငံ စစ်တပ်များ တဖက်နှင်တဖက် ဒုံကျည်များ လက်နက်ကြီးများဖြင့် အပြန်လှန်ပစ်ခတ်
news update 20August 2015
ယနေ့ မနက်ပိုင်းမှ စ၍ တောင်နှင့် မြောက်ကိုရီးယား နိုင်ငံ နယ်စပ် တလျှောက် တားဝေးပစ် ဒုံကျည်များ အဝေးပစ် အမြောက်ကြီး များဖြင့် တဖက်နှင့်တဖက် ပစ်ခတ်နေကြပြီ ဖြစ်ကြောင်း AP သတင်းတွင် ဖေါ်ပြထားပါသည်။
မြောက်ကိုရီးယား နိုင်ငံဘက်က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၄၈နာရီအတွင် မြောက်ကိုရီးယား နိုင်ငံဘက်သို့  ထုတ်လွှင့်နေသည့် အသံချဲစက်များ ပိတ်ပေးရမည်၊ အမေရိကန်တို့ နှင့် စစ်ရေးလေ့ကျင့်မှုများ ဆက်လုပ်မည်ဆိုပါက မြောက်ကိုရီးယား စစ်တပ်များက စစ်ကြေငြာ၍ ဆိုးမြို့  (တောင်ကိုးရီးယားမြို့ တော်) ချီတက် သိမ်းပိုက်မည်ဟု ရာဇသံပေးထားပါသည်။
ယခုအချိန်တွင် နှစ်နိုင်ငံ စစ်တပ်များအား အမြင့်ဆုံး တပ်လှန့် ထားပြီး နိုင်ငံပိုင် မီဒီယာများမှ စစ်ပွဲဖြစ်ပွားနေသည်ကို တိုက်ရိုက် ပြသနေပါသည်။
လက်နက်ကြီး ကျည်ဆံများ တာဝေးပစ်ဒုံကျည်များ နှစ်နိုင်ငံ နယ်စပ်တွင် ဆက်တိုက် ပေါက်ကွဲနေပြီး သေဆုံးသူ ထိခိုက်ဒဏ်ရာရသူ မသိရသေးကြောင်း သတင်းများတွင် ဖော်ပြနေကြပါသည်။
ကိုကား APS. Korea shells North after rocket attack
Social Action for Women - SAW
https://www.facebook.com/pages/Social-Action-for-Women-SAW
အမေရိကန် တစ်ဒေါ်လာ ၁,၂၉၆ ကျပ်သို့ စံချိန်တင် မြင့်တက်လာ
 မြန်မာ ကျပ်ငွေ နှင့် ဒေါ်လာ (ဆင်ဟွာ)
    ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
    ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာ ရည်ညွှန်းဈေးမှာ နေ့စဉ် မြင့်တက်လာပြီး ၊ ပြင်ပ ပေါက်ဈေး၌လည်း ဆက်လက် မြင့်တက်ခဲ့ရာ ပြင်ပ ပေါက်ဈေးတွင် ယနေ့ နံနက်၌် တစ်ဒေါ်လာ ၁,၃၀၅ ကျပ် အထိ မြင့်တက်ခဲ့ပြီး ယနေ့ ညနေဘက်တွင် တစ်ဒေါ်လာကို ၁,၂၉၆ နှင့် ဈေးပိတ်ခဲ့သည်။
ဗဟိုဘဏ် ညွှန်းဈေးမှာ လွန်ခဲ့သော တစ်ပတ်ခန့် သြဂုတ်လ ၁၃ ရက်နေ့တွင် တစ်ဒေါ်လာကို ၁,၂၄၆ ဖြင့်ဈေးဖွင့်ခဲ့ပြီး၊ အဖွင့်ဈေးမှာ တနေ့ နည်းနည်းချင်း မြင့်တက်လာခဲ့ရာ ယနေ့တွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာကို ၁,၂၈၃ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။
ပြင်ပ ပေါက်ဈေးမှာ သြဂုတ်လ ၁၅ ရက်က တစ်ဒေါ်လာကို ၁,၂၆၈ ကျပ် ပေါက်ဈေးရှိခဲ့ပြီး ၅ ရက်အတွင်း ၂၈ ကျပ် ဈေးတက်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဒေါ်လာဈေး အပြောင်းအလဲများ ဖြစ်ပေါ်မှု များပြားခြင်းနှင့်၊ ဘဏ်များ၏ ကောလဟာလ သတင်းများကြောင့် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တရားဝင် သတင်း အချက်အလက်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တစ်နေ့လျှင် လေးကြိမ် ထုတ်လွှင့်ရန် စီစဉ် ဆောင်ရွက်သွားမည် ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ  ငွေလဲလှယ် ဈေးနှုန်းများကို အချိန်နဲ့ တပြေးညီ သိရှိရန် လိုအပ်တယ်လို့ သုံးသပ်မိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဗဟိုဘဏ်က သတင်းအချက်များကို တစ်နေ့ လေး ကြိမ်ထုတ်လွှင့်ဖို့ စီစဉ် ဆောင်ရွက် သွားပါမည်’’  ဟု ဦးရဲထွဋ် က ဖြေကြားသည်။
ဗဟိုဘဏ်၏  သတင်းအချက်အလက်များကို  မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် နေ့လည် ၁၁ နာရီ၊နေ့လည် ၁ နာရီ ၊ ညနေ ၄ နရီ ၊ ညနေ ၆ နာရီ အချိန်များ တွင် တစ်နေ့လျင် ၄ ကြိမ် ထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်သည်ဟု ဦးရဲထွဋ်က ယနေ့ လွှတ်တော်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်လာဈေးကွက်ကို စောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “ ဒေါ်လာဈေးနှုန်းက ဝယ်လိုအား မြင့်တက်လို့ ဈေးတက်ရတာပါ။ ငွေကို ဘဏ်ကနေ ထုတ်ပြီး တချို့က ဒေါ်လာ ဝယ်သိမ်း ကြတာတွေလည်း ရှိတယ်။ ဒါကြောင့် ဈေးတက်တာပါ’’ ဟု ဆင်ဟွာကိုပြောသည်။
ဒေါ်လာဈေး မြင့်တက်သည့်အတွက် ဈေးကွက်တွင် ယနေ့ ရွှေဈေးပါ အနည်းငယ် မြင့်တက်လာပြီး တစ်ကျပ်သားကို ကျပ် ၇၄၃,၀၀၀ မှ ကျပ် ၇၆၈,၀၀၀ အထိ မြင့်တက်လာခဲ့ကြောင်း ကောင်းစံ ရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က ပြောသည်။
ယနေ့ ညနေဘက်တွင် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁,၂၉၆၊ တစ်ယူရို ၁,၄၂၈ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာကို ၉၁၆ ကျပ်ရှိပြီး။ ရွှေဈေးမှာ ၁၆ ပဲရည် တစ်ကျပ်သားကို ၇၆၈,၀၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စကို ၁၁၃၇ ဒေါ်လာ ရှိသည်။
 (Xinhua)
ကိုနေမျိုးဇင်နှင့် နော်အုန်းလှတို့ကို ယနေ့ အမိန့်ချမှတ်မည် (ဓာတ်ပုံ)
ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြပွဲအပြီး ဖမ်းဆီးတရားစွဲခံကြရတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ဖြတ်သန်းသွားတဲ့ မြို့နယ်အလိုက် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရတဲ့ ကိုနေမျိုးဇင်၊ နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင် အပါအ၀င် ၅ ဦးကို အလုံမြို့နယ် တရားရုံးမှာ ဒီနေ့ သြဂုတ်လ ၂၀ ရက်နေ့ အမိန့်ချမှာ ဖြစ်ပါတယ်။
DVB
ကျုံပျော်မှာ အန်အယ်လ်ဒီပါတီဝင် ၁၀၀ နီးပါး နှုတ်ထွက်
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကရွေး ချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို လက်မခံနိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်က ခရုရိုးကျေးရွာ ပါတီဥက္ကဌနဲ့ ပါတီဝင် ၁၀၀ နီးပါးက ပါတီကနေ နှုတ်ထွက်လိုက်ကြပါတယ်။
ကိုယ်စားလှယ်လောင်းတွေကို လက်မခံနိုင်ကြောင်း ပါတီဗဟိုထံ စာတင်ပြခဲ့ပေမယ့် ဖြေရှင်းမပေးတဲ့အတွက် နှုတ်ထွက် တာဖြစ်တယ်လို့ ကျုံပျော်မြို့နယ် ခရုရိုးကျေးရွာ အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးဝင်းမြင့်က ပြောပါတယ်။
"ဘာလို့ထွက်လည်းဆိုတော့ အမတ်လောင်းကိုမကြိုက်လို့ပေါ့၊ ဘာလို့မကြိုက်လည်း ဆိုတော့ သူ့မှာ ပုဂ္ဂိုလ်ရေးရော၊ အမတ်လောင်းရော အားလုံး အားနည်း ပါတယ်၊ ပညာရေးလည်းအားနည်းပါတယ်၊ အဲ့ဒါကြောင့်ကျနော်တို့မကြိုက် တာပါ၊ တိုင်စာတင် ထားပါတယ်၊ ဗဟိုထိ၊ ဒီနေ့ထိဘာမှမထူးခြားပါဘူး"
ကျုံပျော်မြို့နယ် အန်အယ်လ်ဒီပါတီ လူငယ်တာဝန်ခံတစ်ဦး၊ ခရုရိုးကျေးရွာ ပါတီ ဥက္ကဌနဲ့ ရပ်ကျေးပါတီဝင် ၁၀၀ နီးပါးက ပါတီထံ နှုတ်ထွက်စာတင်လိုက်တာပါ။
အန်အယ်လ်ဒီပါတီဗဟိုရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုကို မကျေနပ်တာကြောင့် မြို့နယ်အတော်များများ မှာ နှုတ်ထွက်သူတွေ ပါတီရုံးချုပ်ဗဟိုကို ဆန္ဒပြတာတွေ ရှိနေပြီး၊ အဲဒီလိုကန့်ကွက်ဆန္ဒပြသူတွေကို ပါတီဗဟိုက ထုတ်ပယ်တာတွေလည်း ရှိနေပါတယ်။
RFA
ထိုင်းပေါက်ကွဲမှု သံသယရှိသူကို ၀ရမ်းထုတ်
 ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာရှိတဲ့ ဧရာဝဏ် လေးမျက်နှာ နတ်ဘုရားရုပ်တုနေရာက လူ ၂၂ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သတ်ပြီး သံသယရှိသူ နိုင်ငံခြားသား တယောက်ကို ဖမ်းဆီးဖို့ ထိုင်းအာဏာပိုင်တွေက ၀ရမ်း ထုတ်ပြန်ခဲ့ပါတယ်။ ဗုံးခွဲသူလို့ သံသယရှိသူဟာ အခုတိုက်ခိုက်မှုကို တယောက်တည်း လုပ်တာမဟုတ်ဘဲ  ကွန်ယက် အချိတ်အဆက်တွေနဲ့ လုပ်ခဲ့ပုံရတယ်လို့ ထိုင်းရဲချုပ် Somyot Poompanmoung က ဒီကနေ့ ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေ ထုတ်ပြန်လိုက်တဲ့ပုံမှာ အနက်ရောင် ဆံပင်စုတ်ဖွား၊ မုတ်ဆိတ်ကျင်စွယ်ရှိပြီး ပလတ်စတစ်ကိုင်းနဲ့ မျက်မှန်အ၀ိုင်းကို တပ်ထားတဲ့ လူငယ်တဦးပုံကို တွေ့ရပါတယ်။ အဲဒီသူကို ဖမ်းမိအောင် သတင်းပေးနိုင်သူကို ဆုငွေ ဒေါ်လာ ၂၈၀၀၀ ချီးမြှင့်မယ်လို့ အာဏာပိုင်တွေက ကြေညာထားပါတယ်။
အဲဒီဗုံးခွဲတိုက်ခိုက်သူအနေနဲ့ လုံခြုံဘေးကင်းစွာ နေထိုင်လိုတယ်ဆိုလျှင် သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာ လာရောက်အဖမ်းခံဖို့ သူ့အနေနဲ့ ပြောဆိုလိုပြီး အဲဒီလိုလုပ်မယ်ဆိုလျှင် အာဏာပိုင်တွေအနေနဲ့ ကာကွယ်စောင့်ရှောက်ပေးမှာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် ပရာရွတ် ချန်အိုချာ က ဒီကနေ့မှာ ပြောပါတယ်။
အ၀ါရောင် ရှပ်အင်္ကျီဝတ်ထားပြီး ဆံပင်စုတ်ဖွားနဲ့ ခပ်သွယ်သွယ် လူငယ်တယောက်ဟာ ခုံတန်းတခုအောက်မှာ ကျောပိုးအိတ် တလုံးကို ချသွားပြီးတော့ ဗုံးမပေါက်ခင်လေးမှာတင် အခင်းဖြစ်တဲ့ နေရာကနေ အေးအေးဆေးဆေး ထွက်သွားတာကို လုံခြုံရေး ကင်မရာတွေကနေ မသဲမကွဲ ရိုက်ယူထားတဲ့ ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။
လူအသွားအလာများတဲ့ ဧရာဝဏ် လေးမျက်နှာ နတ်ဘုရားရုပ်တုနေရာမှာ ဒီကနေ့ သံဃာတော်တွေ ဦးဆောင်ပြီးတော့ ဆုတောင်းဝတ်ပြုပွဲတွေ လုပ်ကြသလို ဒေသခံတွေကလည်း ပန်းစည်းတွေနဲ့ တခြားဆုတောင်း ပစ္စည်းတွေကို ချခဲ့ကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းမှု ဒေါက်တာညိုညိုသင်း ကို မေးမြန်း
 ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ကိုတွေ့ရစဉ်။ Photo: RFA
 လက်ပံတန်း ကျောင်းသား သပိတ် ဖြိုခွဲခံခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံလုံး ဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်က ဒေါက်တာညိုညိုသင်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်က ဒီနေ့ တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။
ဒေါက်တာညိုညိုသင်းက လက်ပံတန်း ကျောင်းသားသပိတ်က ကျောင်းသားတွေကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲစဉ် အခြေအနေတွေကို သက်သေ အထောက်အထား တွေနဲ့တကွ ကော်မရှင်ကို ပြည့်ပြည့်စုံစုံ တင်ပြခဲ့တဲ့အကြောင်း RFA ကို ပြောပါတယ်။
"အဓိကကတော့ ကျမအချက် ၃ ချက်ကိုပြောတယ်၊ လက်ပံတန်းကျောင်းသားတွေ အပေါ်အကြမ်းဖက်မှုကိစ္စဟာ ၄ ပွင့်ဆိုင်သဘောတူညီချက်ကို ချိုးဖောက်တဲ့ ကိစ္စဖြစ်တယ်၊ အထောက်အထားအပြည့်အစုံနဲ့ တင်ပြနိုင်ခဲ့ တယ်ပေါ့နော်၊ ဒုတိယအချက်ကအစိုးရနဲ့ ကျောင်းသားတွေနဲ့ တင်းမာနေတဲ့အချိန်မှာ ကျမနဲ့ ဆရာတော် အရှင်ဆေကိန္ဒတို့ ကျောင်းသားနဲ့ပြေလည်ဖို့အတွက်ကြိုးစားခဲ့တယ်၊ အဲ့ဒါကိုလည်း သေသေချာချာရှင်းပြနိုင်ခဲ့တယ်၊ လက်ပံတန်းအကြမ်းဖက်မှု အင်အားအလွန်အကျွန် သုံးတဲ့ကိစ္စဟာ မဖြစ်သင့်ဘူးဆိုတာပြောခဲ့နိုင်ပါတယ်"
ဒ့ါအပြင် ကျောင်းသားသပိတ်ဖြိုခွဲခံရစဉ်က မျက်မြင်သက်သေ နှစ်ဦးကိုလဲ ကော်မရှင်အနေနဲ့ ခေါ်ယူမေးမြန်း ဖို့ ဒေါ်ညိုညိုသင်းက တင်ပြခဲ့တာကို ကော်မရှင်က လက်ခံလိုက်ကြောင်းလည်း ပြောပါတယ်။
RFA Burmese
ပါတီအပြောင်းအလဲ ပြည်ခိုင်ဖြိုးအမတ်များရဲ့ တုံ့ပြန်ချက်
 ပြီးခဲ့တဲ့ရက်ပိုင်းက ပြောင်းလဲလိုက်တဲ့ ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင် အပြောင်းအလဲဟာ ပါတီတွင်း ဂိုဏ်းဂဏကွဲတာ မဟုတ်ဘူးလို့ ကြေညာထားပေမဲ့ အချို့သော ပါတီဝင်တွေကတော့ ဒီအပြောင်းလဲအပေါ် မေးခွန်းထုတ်နေကြပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတီကိစ္စတွေကို သမ္မတအနေနဲ့ ပါဝင်လုပ်ဆောင်ခွင့် မရှိရဘူးလို့ အတိအလင်း ပြောဆိုထားပေမဲ့ ဒါကို ချိုးဖောက်ကာ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် အပြောင်းအလဲကို လုပ်ဆောင်ခဲ့တယ်လို့ သုံးသပ်နေသူတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ပတ်သတ်ပြီး နေပြည်တော်မှာ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် မမေခက ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ သဘောထားကို မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။
အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ သြဂုတ်လ ၁၂ ရက်နေ့ ညနဲ့ သြဂုတ်လ ၁၃ ရက်နေ့ အဖြစ်အပျက်တွေအပေါ်မှာ ပါတီဝင်အချို့သုံးသပ်မှုတွေကတော့ မတူညီပါဘူး။ အပြောင်းအလဲကို ထောက်ခံသူရှိသလို ကန့်ကွက်မှုတွေလည်း ရှိပါတယ်။ အပြောင်းအလဲအရ ပါတီ ဥက္ကဌရာထူးကို ပူးတွဲတာဝန်ယူထားတဲ့ ဒုဥက္ကဌ ဦးဌေးဦးက အခုလို အပြောင်းအလဲဟာ ပါတီတိုင်းမှာ လုပ်လေ့လုပ်ထရှိတဲ့ အပြောင်းအလဲတခုလို့ ပြောပါတယ်။ ညအချိန်မတော် အစည်းအဝေး လုပ်တာကလည်း အားတဲ့အချိန် အားသလို လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။ ပါတီအပြောင်းအလဲမှာ သမ္မတပါဝင်နေတယ်လို့ ပြောဆိုမှုအပေါ် သူက အခုလို ရှင်းပါတယ်။
“ပါတီကိစ္စ ဆောင်ရွက်တာမဟုတ်ဘူး။ သူ့မှာပေးထားတဲ့တာဝန်ကို သူကြိုက်တဲ့သူ သူလွှဲလို့ရတယ်။ လွှဲပေးတာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သမ္မတက လိုက်နာမှာပေါ့။ ဥက္ကဌဖြစ်တဲ့အတွက် သူ့ဥက္ကဌတာဝန်ကို သူမလုပ်ဘူး။ မလုပ်တဲ့အတွက် ကြိုက်တဲ့သူ သူပေးလို့ရတယ်။ ခင်ဗျား ခုနတုန်းက ပထမဆုံးတခါ လွှဲပေးတုန်းကလည်း သူ သမ္မတဖြစ်မှ ပေးတာပဲ။”
ဒီအပြင် ပြောင်းလဲလိုက်တဲ့ ဥက္ကဌနဲ့ ဗဟိုကော်မတီဝင်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“လွှဲပြောင်းတော့ ကျနော်ဖြစ်နေတယ်။ ဖြစ်နေတဲ့အချိန်မှာ CEC အဟောင်းနဲ့ ကျနော်လုပ်တယ်။ လုပ်တဲ့အချိန်မှာ CEC အဟောင်းထဲက လူတွေက ပြောင်းလဲဖွဲ့စည်းပါ။ လူငယ်တွေရော၊ လူလတ်တွေရော၊ လူကြီးတွေရော ပြောင်းလဲဖွဲ့စည်းပါဆိုပြီး CEC အဟောင်းက ဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အချိန်ကျတော့ CEC အဟောင်းကပဲ ဘယ်သူတွေနဲ့ ဖွဲ့မလဲဆိုတာကို သုံးသပ်တယ်။ အဲတော့ ပြောစရာရှိပါတယ်။ ဒါ အစိုးရပါလာတယ်၊ တပ်ကပါလာတယ်။ အကုန်လုံးသိတယ် ကျနော်တို့။ ပြည်သူထဲကလူတွေလည်း သိတယ်။ သိတဲ့လူတွေ ခေါ်မှာပေါ့။ လုပ်နိုင်တဲ့သူတွေ၊ စွမ်းရည်တွေသိတော့ စွမ်းရည်တွေအတိုင်း ခေါ်တာပေါ့။ အရင် CEC အဟောင်းကတော့ တော်တော်များများ ပါတယ်။”
ဒိလိုပြောဆိုခဲ့ပေမဲ့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရတဲ့ ပါတီဝင် သာပေါင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းကတော့ သူ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။
“ရဲတောင် ရိုးရိုးရဲတောင် မဟုတ်ဘူး။ အရာရှိ အပွင့်တွေနဲ့ အပြည့်ကြီးဖြစ်နေတယ်။ အဲတော့ အဲဒီမြင်ကွင်းအရ သုံးသပ်ရင် ရိုးရိုးလေးပဲ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ၀န်ကြီးတယောက်ယောက်ရဲ့ အဆင့်နဲ့ ဒီအထဲကို ရောက်လာရင် သူတို့ကိုပေးထားတဲ့ လုံခြုံရေး အဆင့်အတန်းက ဒီကို ပါလာရမယ်။ အခုက လုံးလုံးဝင် လုံးလုံးမထွက်ရဘူးဆိုတော့ ဆရာတို့ တွေ့လိုက်ရတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အင်အားဟာ ဒီထဲကိုရောက်နေတဲ့ တာဝန်ရှိ နိုင်ငံအကြီးအကဲတွေကို ပုံမှန်ပေးထားတဲ့ လုံခြုံရေး ပမာဏ မဟုတ်ဘူး။ နောက်ပြီး သူတို့လာရင်းနဲ့ ပါလာတာမဟုတ်ဘူး။ တပိုင်းက ပြန်ပြောတော့ နိုင်ငံတော်သမ္မတကြီး မလာပါဘူး။ သူ့ဟာသူ CEC နဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ လုပ်သွားပါဆိုပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပါတီက လူတွေက သူတို့ကိုပေးမထားတဲ့ လုံခြုံရေး အဆင့်အတန်းရှိတဲ့ အဲဒီလူတွေကို ခေါ်နိုင်သလားဆိုတဲ့ မေးခွန်းက ရှိလာပြီ။”
ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကတော့ ပါတီအပြောင်းအလဲအပေါ် ထောက်ခံ ကြိုဆိုပေမဲ့ ပြောင်းလဲတဲ့ ပုံစံအပေါ် အခုလို ပြောပါတယ်။
“ဘယ်တိုင်းပြည်မဆို ကျနော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စစ်တပ်ကျောထောက်နောက်ခံ မရှိတဲ့နိုင်ငံ၊ စစ်တပ်ကျောထောက်နောက်ခံ မရှိတဲ့ပါတီကတော့ ကျဆုံးမှာပဲ။ ဗြောင်ပြောတာပါ။ တပ်မတော်နဲ့ ဦးရွှေမန်းရဲ့ လုပ်ဆောင်ချက်တွေနဲ့က တဖြေးဖြေး ကင်းကွာလာတယ်။ အဲဒါ တချက်ပါတယ်။ နောက်တချက်က ဦးရွှေမန်းက အတိုက်အခံနဲ့ နီးစပ်လာတယ်လို့ ကျနော်တို့က ထင်တယ်။ နောက်ဆုံးတခုကတော့ သူဟာ ပါတီဥက္ကဌရာထူးကို တကယ့်အစစ်အမှန်က သူက အာဏာသိမ်းတာ။ သူက အရင်သိမ်းတာ၊ ဒါ ၂၀၁၀ ကတည်းက ပထမအကြိမ် ပါတီညီလာခံကတည်းက ဒီလိုဖြစ်တာ။ ဒါကြောင့်မို့လို့ ဦးသိန်းစိန်က သူ့နေရာ သူ ပြန်ယူတာပါခင်ဗျ။ ဒီလို လဲလိုက်တာကို ကျနော့်အနေနဲ့ လုပ်ထုံးလုပ်နည်းအရ မှန်တယ်။ ဒါပေမဲ့ လဲလိုက်တဲ့ပုံစံက ဒီမိုကရေစီမဆန်ဘူး။ ကျနော် အဲဒါကိုတော့ မကြိုက်ဘူး။”
ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းသန်းဦးကတော့ ပါတီအပြောင်းအလဲမှာ သမ္မတ ပါဝင်မှု ရှိ မရှိကို သီးခြား မှတ်ချက် မပေးလိုကြောင်း၊ သမ္မတအနေနဲ့ အခြေခံဥပဒေပါ အချက်ကို ချိုးဖောက် မဖောက် ဆိုတာမှာ တင်ပြသူရှိမှ အခြေခံဥပဒေခုံရုံးက စိစစ်နိုင်မှာဖြစ်ကြောင်း သူက ပြောပါတယ်။
“အားလုံး ပူပန်နေကြတဲ့ကိစ္စက ပူပန်စရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီ အောက်ခြေပါတီက နားလည်သဘောပေါက်မှု လွဲသွားမှာကိုပဲ ကျနော်တို့က စိုးရိမ်တာပါ။ ကျနော်တို့ ခေါင်းဆောင် အပြောင်းအလဲဆိုတာက ကျနော်တို့ ခေါင်းတွဲပဲ ပြောင်းသွားတဲ့ သဘော ရှိပါတယ်။ ဦးဆောင်မှု မူဝါဒတွေက လူပဲပြောင်းတာပါ။ မူတွေက နဂိုအတိုင်းဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ကတော့ အဲဒီ ဦးဆောင်တဲ့ မူပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြည်ခိုင်ဖြိုးပါတီတွင်း ဖြစ်ပျက်ခဲ့တဲ့ကိစ္စဟာ ဒီမိုကရေစီ နည်းလမ်းအတိုင်း ကျင့်သုံးနေပါတယ်ဆိုတာ မျှော်လင့်လို့ မရဘူး လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် အခြား နိုင်ငံရေး လေ့လာသုံးသပ်သူတွေကလည်း ဒီမိုကရေစီ နည်းလမ်းမကျဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)
တနင်္သာရီ- ထုံခါး-သဲဖြူ လမ်း လမ်းမြေသား ကျွံကျမှုဖြစ်ပွား၍ ၁၀ ဘီးယာဉ်နှစ်စီး မြေကျွံ
 တနင်္သာရီ သြဂုတ် ၁၉
 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့မှအထွက်( တနင်္သာရီ- ထုံခါး-သဲဖြူ )မြေသားလမ်း၊ မြိတ်မြို့မှမိုင်တိုင်အမှတ် ၅၁ မိုင် (၆-၇) လမ်း အပိုင်း တနင်္သာရီမြို့မှအထွက်- လယ်တောင်ယာရွာ အကြားတွင် သြဂုတ် ၁၉ ရက် နံနက် ၁၁နာရီခွဲတွင် လမ်းမြေသား ကျွံကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့လမ်းမြေသားကျွံကျရာတွင် အများပိုင်ကုမ္ပဏီလမ်းလုပ်ငန်းအဖွဲ့ က တာဝန်ယူပြုလုပ်နေသောအဖွဲ့မှ ၁ဝ ဘီးကား ယာဉ်မောင်းမင်းထိုက် သည် မြေများသယ်ယူလာ၍ မြေချရန်ကားနောက်ဆုတ်နေစဉ် လမ်းမြေသား မှာ တဖြည်းဖြည်းချင်းကျွံကျသွားရာ ကားနှင့်အတူ ယာဉ်မောင်းပါရှိသွား သော်လည်း ကားမှာလဲကျတိမ်းမှောက်ခြင်းမရှိသဖြင့် ဒဏ်ရာရရှိခြင်း မရှိ ကြောင်း၊ ထို့အပြင် ၎င်းနေရာအနီး လူမရှိဘဲ ရပ်နားထားသော ၁ဝ ဘီး ကား(အဖြူ)သည်လည်း မြေကျွံကျရာ၌ ပါသွားခဲ့ကြောင်း သိရသည်။
ယင်းမြေကျွံကျမှုဖြစ်ရခြင်းမှာ လမ်းနံဘေးရှိတောင်ကြောမှ တောင်ကျမြေအောက်ရေထွက်ရှိနေသဖြင့် မြေသားအောက်တွင် ဂလိုင်အဖြစ် ရေ တိုက်စားနေမှုကြောင့်ဖြစ်ကြောင်း၊ မြေကျွံကျမှုခန့်မှန်းမှာ အလျားပေ ၃ဝဝ အကျယ်ပေ ၇ဝ ခန့်၊ အနက်ပေ ၄ဝ ခန့်နှင့် မြေကျင်းပေါင်း ၆ဝဝဝ ခန့် ရှိ မည်ဖြစ်ကြောင်း၊ မြေအက်ကြောင်းများ အနေအထားအရ ထပ်မံပြိုကျနိုင်ဖွယ်ရှိကြောင်း ခန့် မှန်းသိရသည်။
အဆိုပါ မြေကျွံကျရာနေရာ အနက်ပေ ၄ဝ ခန့်အတွင်း ကျဆင်းနေသည့် ဆယ်ဘီးမော်တော်ကားနှစ်စီး လမ်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် မြိတ်ခရိုင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှတာဝန်ရှိသူများနှင့် မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်သူတို့ ဦးစီးလျက် မြေတူးစက်ဖြင့် လမ်းလွှဲတူးဖော်ပေးလျက် ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ အားဖြည့်ကူညီပေးကြသည်။
ထိုကဲ့သို့ မြေသားလမ်းတစ်ခြမ်း ကျွံကျမှုဖြစ်ပွားသော်လည်း မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းမြို့နှင့် တနင်္သာရီ-မောတောင်(နယ်စပ်) ခရီးသွားမော်တော်ယာဉ်များအတွက် လမ်းပြတ်တောက်မှု(လုံးဝ)မရှိကြောင်း၊ ယခင်သွားနေကျအတိုင်း လွယ်ကူစွာသွားလာ၍ ရကြောင်းသိရသည်။
လက်ရှိအခြေနေအရ မြေသားများ ထပ်မံကျွံကျနိုင်ဖွယ်ရှိသေးသဖြင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစေရန် လမ်းညွှန်ဆိုင်းဘုတ်များ၊ ညပိုင်းတွင် အချက်ပြမီးများ ထွန်းပေးထားမည်ဟု သိရရှိရသည်။
သတင်းနှင့်ဓာတ်ပုံ- နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)
Myanmaalinn
လိပ်ကျွန်းလူသတ်မှု တရားလို သက်သေ ထွက်ဆိုချက်တွေကွဲလွဲ
ဗြိတိန်နိုင်ငံသား ၂ ဦး အသတ် ခံရမှုနဲ့ စွပ်စွဲခံထားရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ကော့စမွေ တရားရုံးကို ရောက်လာစဉ်
 ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ၂၀၁၄ စက်တင်ဘာ လတုန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ စွပ်စွဲခံထားရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့နဲ့ ပတ်သက်လို့ တရားလိုပြသက်သေ ရဲ ၄ ဦး၊ ရှေ့နေ ၂ ဦးနဲ့ ဘာသာပြန်သူ ၁ ဦးတို့ကို ကော့စမွေ တရားရုံးမှာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့ စစ်ဆေးရာမှာ တရားလို သက်သေ ထွက်ဆိုချက်တွေမှာ ကွဲလွဲချက်တွေ ရှိနေတယ်လို့ မြန်မာသံရုံးကိုယ်စားပြု ရှေ့နေက ဆိုပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
လိပ်ကျွန်းလို့ခေါ်တဲ့ ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ သတ်ဖြတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးနဲ့ ပတ်သက်လို့ စွပ်စွဲခံရသူ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးနေခဲ့တာပါ။ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့မှာတော့ တရားလိုပြသက်သေ ၆၀ ကျော်ထဲက ရဲဝန်ထမ်း ၄ ဦးနဲ့ ရှေ့နေ ၂ ဦး၊ ဘာသာပြန် ၁ ဦးတို့ကို ၂ ရက်ကြာ စစ်ဆေးမှုတွေရဲ့ အခြေအနေကို မြန်မာသံရုံးကိုယ်စားပြု ရှေ့နေ ဦးအောင်မျိုးသန့်က အခုလို ပြောဆိုပါတယ်။
“ကလေးတွေရဲ့ တံတွေး DNA ယူတဲ့ ရဲ ၄ ယောက်ပေါ့လေ။ သူတို့ကိုယ်တိုင် ထွက်ချက်မှာပါတယ်။ သူတို့ကို တာဝန်တွေပေးတယ်။ ၁၆ ရက် ၉ လ ၂၀၁၄ ကနေ ၃ ရက် ၁၀ လ ၂၀၁၄ ဆိုတာလေ။ အဲဒီတော့ အဲဒီအတွင်းမှာ DNA ယူတဲ့သဘော။ နောက်တခါ ပြီးခဲ့တဲ့လ ၂၄ ရက် အစစ်ခံသွားတဲ့ ရဲမှူးကြီး မှုခင်းဆရာဝန်ကြီးပေါ့လေ။ သူ့ရဲ့ထွက်ချက်မှာ ဘာပြောထားသလဲဆိုတော့ ၂ ရက် ၁၀ လ ၂၀၁၄ က ပို့တဲ့ DNA ကို စစ်ရပါတယ်လို့ ပြောထားတယ်။ အဲဒီတော့ ခုနက လေးယောက်ရဲ့ ထွက်ချက်ကို ပြန်ကြည့်ရင် သူတို့ဟာ တရားခံကို ဖမ်းပြီးမှ DNA ကို ပို့လိုက်လို့ ၂ ရက် ၁၀ လ နေ့မှာမှ DNA ရောက်သွားတာကို စစ်ရတယ်လို့ ပြောတာ။ အဲဒါဆိုရင် DNA လုပ်ထုံးလုပ်နည်းထဲက ၂ ချက်နဲ့ သွားငြိနေတယ်။ ယုံကြည်ဖွယ်ရာ မရှိဘူးဆိုတဲ့ ၂ ချက်။ ဘာလဲဆိုတော့ ၁ အချက်က ရယူတဲ့ DNA ဟာ တရားခံဖမ်းပြီးမှ စစ်ဆေးပေးပို့တာ ဖြစ်ခဲ့လို့ရှိရင် ၁ အချက် ဒီ DNA နဲ့ သက်သေခံ ပစ္စည်းတွေမှာ သုံးလို့ရတယ်။ ၂ အချက်က ကလေးတွေရဲ့ DNA ကို ရယူပြီးတော့ သေတဲ့လူရဲ့DNA ပါ။ ဒါ တရားခံပါ၊ တရားသေပါ။ နှစ်ခုခွဲလိုက်ပြီးတော့ ပို့လိုက်ရင်လည်း ထွက်လာမယ့်အဖြေက DNA တူမှာပဲ။ ဒါကြောင့်မို့လို့ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ အန်ကယ်တို့က ကန့်ကွက်ထားတာ ပိုပေါ်လွင်သွားတာပေါ့။”
စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ အခင်းဖြစ်ပွားပြီးပြီးချင်းမှာပဲ ပထမတကြိမ် သံသယနဲ့ DNA စစ်ဆေးခံရပေမဲ့ DNA မတူဘူးဆိုပြီး ပြန်လွှတ်ပေးခဲ့ပြီးတဲ့ နောက်မှာတော့ ၂ ပတ်ခန့်အကြာ စက်တင်ဘာလကုန်မှာ ဖမ်းဆီးခံရပြီး အောက်တိုဘာလ ၃ ရက်နေ့မှာ တရားခံတွေအဖြစ် သူတို့ကိုယ်တိုင် ၀န်ခံခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူတိုရဲ့ဝန်ခံကြောင်း ပြောဆိုတာကို သိရှိတဲ့သက်သေအဖြစ် ရှေ့နေ ၂ ဦးကိုလည်း သြဂုတ်လ ၁၉ ရက်နေ့ တရားခွင်မှာ စစ်ဆေးခဲ့တဲ့အကြောင်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။
“ဆိုတာက ဒီရှေ့နေဟာ ကော့စမွေမှာ လာလုပ်စားတာ အခုမှ သိပ်မကြာသေးဘူး။ တနှစ်လောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သူက ရှေ့နေများကောင်စီ အသင်းဝင်လည်း မဟုတ်ဘူး။ သူ့ဟာသူပဲ ဥပဒေအရ ရှေ့နေလုပ်စားနေတဲ့သဘော။ သူ့ကို ဒီရောက်လာတဲ့အခါကျတော့ ရဲက ရောက်ခါစ ရှေ့နေဆိုတော့ ခေါ်သုံးလိုက်တာပေါ့နော်။ သုံးတော့ ဒီလိုဝန်ခံတဲ့ အချိန်မျိုးတွေမှာ ရှေ့နေရှိနေဖို့ လိုတယ်လေ။ ဒါကြောင့်ခေါ်သုံးတော့ သူက အဲဒီထဲမှာ ပါသွားတာပေါ့။ တရားခွင်မှာတော့ သူက သူ့ဆီမှာ ၀န်ခံတဲ့စွဲကြောင်း ဘာသာပြန်ပြောတာတွေပဲ မှတ်တမ်းတင်ထားတာပါ။ ဒီပြင်ဟာတော့ မရှိပါဘူး။”
ကော့တောင်ကျွန်းကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွား ၂ ဦးဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျွန်းပေါ်မှာပဲ သတ်ဖြတ်ခံရတာပါ။ ဒီအတွက် မြန်မာလူငယ် ၂ ဦးကို ထိုင်းအာဏာပိုင်တွေက လူသတ်မှု၊ မုဒိမ်းမှု၊ တရားမ၀င် ၀င်ရောက်မှု စတဲ့ အမှု ၇ မှုနဲ့ စွပ်စွဲထားပြီး ကော့စမွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ ရုံးထုတ်စစ်ဆေးတဲ့ အခါမှာတော့ မြန်မာလူငယ် ၂ ဦးက သူတို့ကို စစ်ဆေးမေးမြန်းစဉ်အတွင်းမှာ နှိပ်စက်မှု ညှဉ်းပန်းမှုတွေကြောင့် ၀န်ခံခဲ့ရကြောင်း သူတို့ဟာ လူသတ်မှုနဲ့ ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်ရှင်။
မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
မြန်​မာ​နိုင်​ငံ​က ​ဘဏ်​တွေ​က​နေ ​ငွေ​ပြန်​ထုတ်​သူ​တွေ ​များ​လာ
 ဘဏ်​တ​ချို့ ​ပိတ်​ဖို့ ​ရှိ​တယ် ​ဆို​တဲ့ ​သ​တင်း​တွေ​ကြောင့် ​အပ်​နှံ​ထား​တဲ့​ငွေ ​ပြန်​ထုတ်​သူ​တွေ ​များ​လာ
 အ​ခု​ရက်​ပိုင်း ​ပု​ဂ္ဂ​လိ​က ​ဘဏ်​တ​ချို့​မှာ ​ငွေ​ပြန်​ထုတ်​တဲ့ ​သူ​တွေ ​များ​လာ​တဲ့​အ​တွက် ​ဗ​ဟို​ဘဏ်​က ​တာ​ဝန်​ရှိ​သူ​တွေ ​အ​နေ​နဲ့ ​သ​တင်း​စာ ​ရှင်း​လင်း​ပွဲ ​လုပ်​ရ​တဲ့​အ​ထိ ​ဖြစ်​ခဲ့​ရ​ပါ​တယ်။
ပြည်​ထောင်​စု ​ကြံ့​ခိုင်​ရေး​နဲ့ ​ဖွံ့​ဖြိုး​ရေး​ပါ​တီ ​ခေါင်း​ဆောင်​ပိုင်း ​အ​ပြောင်း​အ​လဲ ​ဖြစ်​ပြီး​တဲ့ ​နောက်​ပိုင်း ​ငွေ​ကြေး​ခ​ဝါ​ချ​မှု​နဲ့ ​ပတ်​သက်​နေ​တဲ့ ​ပု​ဂ္ဂ​လိ​က ​ဘဏ်​နှစ်​ခု​ကို ​မ​ကြာ​ခင် ​ပိတ်​သိမ်း​ဖို့ ​ရှိ​တယ် ​ဆို​ပြီး ​ဆို​ရှယ် ​မီ​ဒီ​ယာ​တွေ​မှာ ​သ​တင်း​တွေ ​ထွက်​လာ ​ခဲ့​ပါ​တယ်။
အဲ​ဒီ​လို ​သ​တင်း​ထွက်​တဲ့ ​ဘဏ်​တွေ​မှာ ​ငွေ​အပ်​နှံ​ထား​သူ ​အ​များ​စု​ဟာ ​သူ​တို့​ငွေ​တွေ​ကို ​ပြန်​ထုတ်​တာ​တွေ ​လုပ်​လာ​ခဲ့​ပါ​တယ်။
ဗ​ဟို​ဘဏ်​က​တော့ ​မည်​သည့်​ဘဏ်​ကို​မှ ​ပိတ်​သိမ်း​ဖို့ ​အ​စီ​အ​စဉ် ​မ​ရှိ​ကြောင်း​နဲ့ ​ပု​ဂ္ဂ​လိ​က​ဘဏ်​များ​အ​နေ​နဲ့ ​ငွေ​ကြေး ​အ​ကျပ်​အ​တည်း ​ဖြစ်​လာ​ပါ​က ​ဗ​ဟို​ဘဏ်​အ​နေ​နဲ့ ​ဥ​ပ​ဒေ​နဲ့ ​အ​ညီ ​အ​ကူ​အ​ညီ ​ပေး​သွား​မယ်​လို့ ​သ​တင်း ​ထုတ်​ပြန်​ခဲ့​ပါ​တယ်။
က​မ္ဘော​ဇ​ဘဏ်​ရဲ့ ​အ​ကြီး​တန်း ​အ​ကြံ​ပေး ​ဦး​သန်း​လွင်​က ​ဒီ ​ကော​လ​ဟာ​လ ​သ​တင်း​တွေ​ဟာ ​မီး​ပွား​မျှ​သာ ​ထွက်​ပေါ်​ခဲ့​ပြီး ​အ​ခု​အ​ခါ ​ပျောက်​ကွယ်​သွား​ပြီ ​ဖြစ်​ကြောင်း​နဲ့ ​ဗ​ဟို​ဘဏ်​ရဲ့ ​သ​တင်း​ထုတ်​ပြန်​ချက်​အ​တိုင်း ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​ဘာ​မှ ​စိုး​ရိမ်​စ​ရာ ​မ​လို​ကြောင်း ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
မြန်​မာ​နိုင်​ငံ​မှာ ​ငွေ​ကြေး ​ပို​လျှံ​သူ​တွေ ​အ​နေ​နဲ့ ​အ​ရင်​က ​ဘဏ်​တွေ​မှာ ​ငွေ​အပ်​လေ့ ​အပ်​ထ ​မ​ရှိ​ခဲ့​ပေ​မယ့် ​အ​ခု​နောက်​ပိုင်း​မှာ ​ပု​ဂ္ဂ​လိ​က​ဘဏ်​တွေ​မှာ ​အပ်​နှံ​စ ​ပြု​လာ​ခဲ့​ကြ​ပါ​တယ်။
ဒါ​ပေ​မယ့် ​မြန်​မာ​နိုင်​ငံ​မှာ ​ဘဏ်​လုပ်​ငန်း ​လုပ်​ပိုင်​ခွင့် ​ရ​ထား​သူ ​အ​များ​စု​ဟာ ​တပ်​မ​တော် ​အ​စိုး​ရ ​လက်​ထက်​က ​လူ​ကြီး​တွေ​နဲ့ ​ရင်း​နှီး​တဲ့​သူ​တွေ ​ဖြစ်​တဲ့​အ​တွက် ​နိုင်​ငံ​ရေး​နဲ့ ​ပတ်​သက်​တဲ့ ​အ​ကြောင်း​အ​ရာ ​တ​ခု​ခု ​ဖြစ်​ပွား​တိုင်း ​ဘဏ်​တွေ​မှာ ​ငွေ​အပ်​နှံ​ထား​သူ ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​စိုး​ရိမ်​မှု​တွေ ​ပေါ်​ပေါက်​လေ့ ​ရှိ​တာ ​ဖြစ်​ပါ​တယ်။
BBC Burmese
ရေကြီးရေလျှံမှုကြောင့် အောင်မြင်သာကျေးရွာ ရွှံ့ညွန်အောက်သို့ရောက်ရှိ
 ကလေး သြဂုတ် ၁၉
 ကလေးမြို့တွင် မကြုံစဖူးရေကြီး ရေလျှံမှုဖြစ်ပွားပြီး ရေကျသွားပြီး နောက် ကလေးမြို့နယ် ပျဉ်းခုံကြီး ကျေးရွာအုပ်စုရှိ အောင်မြင်သာ ကျေးရွာသည် ရွာလုံးကျွတ်နီးပါး ရွှံ့ညွန်အောက်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အောင်မြင်သာကျေးရွာတွင် အိမ်ခြေ ၂ဝ၃ အိမ်ရှိသည့်အနက် အိမ်ခြေ ၄ဝ သည် အိမ်အောက်ထပ်အထိ ရွှံ့ညွန် များဖြင့် ပြည့်နှက်နေပြီး အိမ်ခြေ ၁၆၃ အိမ် ရွှံ့ညွန်အောက်သို့ နစ်မြုပ် ခဲ့သည့်အပြင် လယ်ဧက ၁၅ဝဝ၊ စိုက်ပျိုးခြံ ဧက ၇ဝဝ၊ မျိုးစပါးတင်း ၁ဝဝဝဝ၊ ပဲမျိုးစုံတင်း ၅ဝ၊ နေကြာ မျိုးတင်း ၁ဝဝ၊ ထွန်စက် အစီး ၃ဝ၊ သုံးဘီး ခုနစ်စီးနှင့် ဆိုင်ကယ်အစီး ၁ဝဝ တို့လည်း ရွှံ့ညွန်ထဲသို့ နစ်မြုပ် ခဲ့ကြောင်း သိရသည်။
''ဒီလိုမျိုးရေကြီးတာနဲ့ အဆိုးဆုံး ကတော့ လူနေအိမ်တချို့ဆိုရင် အိမ်အောက်ထပ်အထိ ရွှံ့ညွန်တွေ မြုပ်ပြီး တချို့အိမ်တွေဆိုရင် တစ်အိမ်လုံး နစ်မြုပ်နေပါတယ်။ ဒါအပြင် လယ်ထွန်စက်တွေ၊ သုံးဘီး ဆိုင်ကယ်တွေ၊ ဆိုင်ကယ်တွေ၊ နွားလှည်းတွေရော ရွှံ့ညွန်ထဲ ဝင်ကုန်တော့တယ်။ လယ်မြေတွေလည်း ဒူးလောက်ကနေ ခါးလောက်အထိ ရွှံ့ညွန်ဖုံးအုပ်ပြီးတော့ သူ့လယ်ကိုယ့်လယ် ခွဲခြားလို့ မရတော့ဘူး။ ရွာထဲမှာရော အိမ်ထဲမှာပါ ရွှံ့ညွန်တွေ ပြည့်နှက်နေတော့ သန့်ရှင်းရေး မလုပ်နိုင်တော့ဘူး''ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ အောင်မြင်သာကျေးရွာ ပြန်လည်ထူထောင်နိုင်ရေးနှင့် ရွှံ့ညွန်များ ဖယ်ထုတ်နိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးကိုယ်တိုင် သြဂုတ် ၁၈ ရက်က လက်တွေ့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
The Mirror Daily
ကော့သောင်း ဘုရင့်နောင်ကုန်း လည်ပတ်ခွင့် အချိန်ကန့်သတ်
ကော့သောင်းမြို့ ဘုရင့်နောင်ကုန်း မြင်ကွင်း
ဓာတ်ပုံ - နိုင်သစ် / Dawei Watch
|Dawei Watch| ကော့သောင်း၊ သြဂုတ် ၁၉
ကော့သောင်းမြို့ရှိ ခရီးသွားများ လည်ပတ်လေ့ရှိသော ထင်ရှားသည့် နေရာများအနက် တစ်ခုဖြစ်သည့် ဘုရင့်နောင် ရုပ်ထု တည်ရှိရာ ဘုရင့်နောင်ကုန်းမြေ၀င်းသို့ ၀င်ရောက် လည်ပတ်ရန် ပြီးခဲ့သည့်အပတ်ကစပြီး အချိန်ကန့်သတ် လိုက်ကြောင်း ကော့သောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
ယခင်က အချိန်ကန့်သတ်ချက်မရှိ သွားလာခွင့်ရှိသည့် ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်ရှိ ယင်းကုန်းမြေ၀င်း သို့ သြဂုတ်လ ၁၀ ရက်နေ့မှ စပြီး မနက် ၆ နာရီမှ ၈ နာရီအထိသာ ဖြတ်သန်းသွားလာခွင့်ပြုတော့မည်ဖြစ်ပြီး ကုန်းမြေကိုလည်း ခြံစည်းရိုး ကာရံလိုက်ကြောင်း ကော့သောင်မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်က ပြောသည်။
“ဘုရင့်နောင်ကုန်းပေါ်မှာ မှုးယစ်ဆေးဝါးရောင်းချသူ သုံးစွဲတဲ့ လူငယ်တွေနဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေ နေ့ည ကျက်စားတဲ့ နေရာတစ်ခုဖြစ်လို့ အခုလို အချိတ်ကန့်သတ်လိုက်တာ မြို့အတွက် ကောင်းတယ်”ဟု ဘုရင့်နောင် ရပ်ကွက်နေ ဦးစိုးထွေးကဆိုသည်။
ညနက်ပိုင်းတွင် မှောင်ရိပ်ခိုပြီး ဒုစရိုက်မှုများ မဖြစ်စေရန်နှင့် ကုန်းမြေ ရေရှည်တည်တံ့ပြီး သန့်ရှင်းလှပရန် ရည်ရွယ်ပြီး ယင်းသို့ အချိန်ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါ ကော်မတီအဖွဲ့ဝင်က ရှင်းပြသည်။
ဘုရင့်နောင်ကုန်းသည် ကော့သောင်းမြို့ရှိ ထင်ရှားသည့် နေရာများအနက် တစ်ခုဖြစ်ပြီး မနက်ပိုင်းကျန်းမာရေး လမ်းလျှောက်သူများ၊ နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ လာရောက် လည်ပတ်လေ့ရှိသည့် နေရာဖြစ်သည်။
Dawei Watch