Pages

Saturday, April 29, 2017

အာဆီယံ ထိပ်သီးညီလာခံ မကျင်းပမီ မနီလာမြို့ တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး ၁၁ဦး ဒဏ်ရာရရှိ


မနီလာမြို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မနီလာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

    ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဧပြီ ၂၈ ရက် ည က အဓိက လမ်းမကြီးတစ်ခု တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် သတင်းဋ္ဌာနများက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် Quiapo ခရိုင် တွင် ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် ည ၁၁း၀၀နာရီ က ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၂ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဧပြီ ၂၉ရက်တွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးညီလာခံ မတိုင်ခင် တစ်ညတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ပေါက်ကွဲမှုဖြစ်ပွားရခြင်းကို စုံစမ်းနေကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်း အကြောင်းရင်းကို လတ်တလော သိရှိခြင်းမရှိသေးကြောင်း နှင့် ပေါက်ကွဲမှုသည် ထိပ်သီးညီလာခံနှင့် သက်ဆိုင်မှုမရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

(Xinhua)
http://xinhuamyanmar.com

UNFC က NCA လက်မှတ်ထိုး လိုကြောင်း ဒေါက်တာတင်မျိုး ဝင်း ပြောကြား


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီလ ၂၈ ရက်နေ့က ကျင်းပတဲ့ UNFC အဖွဲ့နဲ့ DPN အဖွဲ့တို့ တွေ့ဆုံဆွေးနွေးတဲ့ပွဲမှာ ဒေါက်တာတင်မျိုးဝင်း ကို တွေ့ရစဉ် Photo: Aung Moe Myint/ RFA
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA ကိုလက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးရယူဖို့ တိုင်းရင်းသားအားလုံးက သဘောထား ဆန္ဒတစ်ခုတည်းရှိကြောင်း ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC က ခူဦးရယ် ဦးဆောင်တဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဧပြီလ ၂၈ ရက်နေ့ မနေ့က တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ဒေါက်တာ တင်မျိုးဝင်း က အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

“တိုးတက်အောင် ကျနော် အများကြီး ဆွေးနွေးနိုင်ပါတယ်၊ အဓိကကတော့ NCA ထိုးပြီးတော့ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး ရဖို့အတွက်ကို အားလုံးကနေပြီးတော့ သဘောထား ဆန္ဒတစ်ခုတည်း ရှိတဲ့အတွက် အားလုံး တဖက်နဲ့တဖက် ရင်းရင်းနှီးနှီး ယုံကြည်မှု တည်ဆောက်နိုင်တဲ့အပြင် နိုင်ငံရေး အရ ပြောရမယ်ဆိုရင် တိုးတက်မှုအများကြီးရှိတယ်လို့ ကျနော် ပြောချင်ပါတယ်”

ဒီအစည်းအဝေးမှာ ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က NCA လက်မှတ်ရေးထိုးခွင့်မပြုပဲ နိုင် ငံရေးဆွေးနွေးပွဲသာ တက်ရောက်ခွင့်ပေးမယ် ဖို့ ပြောကြားထားခဲ့တဲ့ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး LDU နဲ့ ၀ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့တွေကို အခု အစိုးရက NCA လက်မှတ်ရေးထိုးခွင့်ပြုမှာဖြစ်ကြောင်း အစည်းအဝေးမှာ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အမည်မဖော် လိုတဲ့ အစည်းအဝေးတက်ရောက်သူတစ်ဦးက ပြောပါတယ်။

တဆက်တည်းမှာပဲ NCA လက်မှတ်ရေးထိုးပြီးရင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုတည်ဆောက်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားတွေအကြား နှစ်ဖက်သဘောတူညီချက်စာချူပ်တစ်ခု ချူပ်ဆိုဖို့ အတွက်လည်း မနေ့က အစည်းအဝေးမှာ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲမှာ DPN အဖွဲ့ကနေ ငြိမ်းချမ်းရေးကော်မရှင်ထံ အဆိုပြုတင်ပြထားတဲ့ အချက် ၉ ချက် နဲ့ ပတ်သက်လို့တော့ ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်ကြောင်း ခူဦးရယ် က ပြောပါတယ်။

“ကျနော်တို့က မူအားဖြင့်ပဲ သဘောတူထားတာလေ ဆိုတော့ မူအားဖြင့် ဆိုတဲ့အခါကြတော့ အသစ်ပြင်စရာရှိတာကိုလည်း ပြုပြင် တယ်ပေါ့နော် နောက်ပြီးတော့ ကျနော်တို့ အပြန်အလှန် ညှိရတာတွေလည်း ရှိတယ်ပေါ့၊ အဲ့ဒီ အပေါ်မှာကတော့ ယတိပြတ် ဆုံးဖြတ်ချက်တွေတော့ မချနိုင်သေးဘူး နှစ်ဖက်စလုံးက ကျနော်တို့ဆက်လက်ညှိနှိုင်းဆွေးနွေးနေဆဲပဲ၊ အမြန်ဆုံး ကတော့ ကျနော်တို့ သဘောတူနိုင်မည့် အနေအထားမျိုးရောက်ဖို့ ဆိုတာကတော့ ဆက်လက် ညှိနှိုင်းသွားရအုံးမှာပါ”

မနေ့က ဆွေးနွေးပွဲကနေ ရရှိလာတဲ့ အချက်တွေကို နှစ်ဖက်ခေါင်းဆောင်တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်လက်တင်ပြပြီး လာမည့် မေလလယ် ပိုင်းမှာ ထပ်မံ တွေ့ဆုံကြဖို့ သတောတူခဲ့ကြကြောင်း၊ အဲဒီနောက် တကြိမ်ဆွေးနွေးပွဲမှာ သဘောတူညီမှုရခဲ့မယ်ဆိုရင်တော့ မေလ ၂၄ ရက်နေ့ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမတိုင်ခင်မှာ UNFC အဖွဲ့ဝင်တွေအနေနဲ့ NCA ကို လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိတယ်လို့ အစည်းအဝေး တက်ရောက်သူ တစ်ဦးက ပြောပါတယ်။

RFA Burmese

ကျောက်ဖြူစီမံကိန်းကို ဒေသခံတွေ မနစ်နာအောင် ဆောင်ရွက်မည်


စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မယ့် ကိစ္စနဲ့ပတ်သက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ရှင်းလင်းစဉ် Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ဒေသခံတွေထိခိုက် နစ်နာမှုမရှိအောင် အလေးထားဆောင်ရွက်မှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေကိုရှင်းပြရာမှာ ဝန်ကြီးက အဲဒီလို ပြောတာဖြစ်ပါတယ်။

ကျောက်ဖြူခရိုင်အတွင်းမှာရှိတဲ့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင် စတဲ့မြို့နယ်တွေမှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ အဆင့်မြင့်အိမ်ရာ စီမံကိန်းတွေပါဝင်မှာဖြစ်ပြီး မြေ ဧကပေါင်း ၄၂ဝဝ ကျော်မှာ အကောင်အထည်ဖော်ဖို့ လျာထားတာဖြစ်ပါတယ်။

အဲဒီအထူးစီးပွားရေးဇုန်စီမံကိန်းကို ၂ဝ၂၈ ခုနှစ်အထိ အဆင့် ၃ ခုနဲ့ အကောင်အထည်ဖော် ဆောင်ရွက် မှာ ဖြစ်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်းက ကုမ္ပဏီပေါင်း ၅ဝ က အဆိုပြုတင်ပြထားတယ်လို့လည်း သိရပါတယ်။

RFA Burmese

ကျားဖြူပါတီမှနိုင်ငံရေးဆိုင်ရာလူငယ်အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နိုင်ငံရေးဆိုင်ရာလူငယ်အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကို သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင်ကျားဖြူပါတီ SNDP မှ ဦးဆောင်ကျင်းပရာ  မြို့နယ် ၁၆ ခုမှ လူငယ်ကိုယ်စားလှယ်များတက်ရောက်ကြသည်။



ဆွေးနွေးပွဲကို ဧပြီလ ၂၇ ရက်နေ့က ကျောက်မဲမြို့နယ် ကောလီခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်းကိုယ်တိုင်တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။


"ပညာရေးပိုင်းမှာကျနော်တို့ သျှမ်းလူငယ်တွေ နောက်ကျမှုရှိနေသေးတယ်။ ပညာရေးဘဲဖြစ်ဖြစ် လူမှုရေးဘဲဖြစ်ဖြစ် နိုင်ငံရေးဘဲဖြစ်ဖြစ် ကချင်တို့ ချင်းတို့ ရခိုင်တို့ကိုကြည့်မယ်ဆိုရင်သူများတွေက တအားတိုးတက်နေပြီ။ ကျနော်တို့ကသာ နိုင်ငံရေးမှာဆိုရင်လည်း သူများကိုလိုက်လို့မမှီသေးဘူး။ အဲ့ကြောင့် သျှမ်းလူငယ်တွေဆက်ပြီးကြိုးစားရမယ်။ အဓိကကတော့ လူမျိုးသုဉ်းစေမယ့် မူးယစ်ဆေးဝါးနဲ့ပတ်သက်လာရင်လူငယ်တွေတအားသတိထားရမယ်။ အထူးရှောင်ရှားရမယ်။  "- ဟု တွေ့ဆုံပွဲတွင် စိုင်းအိုက်ပေါင်းကပြောကြားခဲ့သည်။


တွေ့ဆုံဆွေးနွေးပွဲတွင် ဥက္ကဌကြီးစိုင်းအိုက်ပေါင်းအပြင် ဒုဥက္ကဌ စိုင်းဆောင်ဆီ၊ ဗဟိုအလုပ်အမှုဆောင်နန်းဝါနု တို့လည်း တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ၁ ၆ မြို့နယ် မှ လူငယ်  ၄၃ဦး တက်ရောက်ခဲ့သည်ဟုသိရသည်။


အဆိုပါတွေ့ဆုံပွဲတွင် ကျားဖြူပါတီ၏ အားနည်းချက် အားသာချက်၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ မူးယစ်ဆေးဝါးပြသနာနှင့် ပညာရေးကဏ္ဍ တို့ပါဆွေးနွေးခဲ့ပြီး အနာဂတ်တွက်လုပ်ဆောင်ရမည့် အဓိကလုပ်ငန်းစဉ်များပါ ချမှတ်ခဲ့ကြောင်းလည်းသင်တန်းသားများပြန်လည်ပြောပြချက်အရသိရသည်။


ဗဟိုအလုပ်အမှုဆောင်နန်းဝါနုက- “ကျမတို့တော်ချင်  တတ်ချင် သူများထက်ဦးချင် ထူးချင်ရင် ကျမတို့ ကိုယ့်သမိုင်းကို သိရမယ်။ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ဥပဒေကိုသိရမယ်။ ဗမာစာ ဗမာစကားလည်း သိရမယ်။ ဒါကြောင့် မိဘပြည်သူကိုတိုက်တွန်းချင်တာက ကလေးတွေကိုပညာရေးမြင့်တင်ပေးပါ။ ကလေးတွေပညာတတ်မှ အနာဂတ်မှာခေါင်းဆောင်တွေဖြစ်လာမှာဖြစ်တယ် ”- ဟု ပြောဆိုသည်။


အဆိုပါလူငယ်တွေ့ဆုံပွဲမှရရှိလာသော အမြင်သဘောထားများကို စုစည်းကာ ၁၁ ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင်တင်ပြခဲ့ကြောင်းလည်းသိရပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ ပြန်လည်ထွက်ခွာ





(၂၉-၄-၂၀၁၇ ရက်နေ့၊ မနီလာမြို့)

(၃၀)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
 ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ အထူးလေယာဉ်ဖြင့် ယနေ့ဒေသစံတော်ချိန် (၁၆၁၅)နာရီတွင် ပြန်လည်ထွက်ခွာရာ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Ms. Paulyn Jean B. Russel-Ubial၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံးဝန်ထမ်းမိသားစုများမှ Nino Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဓာတ်ပုံ - ပြန်/ဆက်ဌာန
Ministry of Foreign Affairs Myanmar

လဲချားတွင် တပ်သိမ်းမြေ ဧက ၁၀၀ ကျော် ပြန်ပေးရန် စီစဉ်

 
လဲချားမှာ နယ်မြေအခြေစိုက် စစ်တပ်က သိမ်းထားတဲ့ မြေတွေထဲက မြေဧက ၁၀၀ ကျော်ကို ဒေသခံတွေကို ပြန်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် အမှတ် ၅၁၅ တပ်ရင်းကနေ တပ်တည်ဆောက်ဖို့ ဆိုပြီး ၁၉၉၀ ပြည့်နှစ်ကျော်ကာလက ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီထဲကနေမှ မြေဧက ၁၈၄ ဧက ကို ပြန်ပေးဖို့ အတွက် တပ်က တာဝန်ရှိသူတွေနဲ့ လဲချားမြို့က လွှတ်တော်ကိုယ်စားလှယ်တွေအပါဝင် ကျားခေါင်းပါတီ တာဝန်ရှိသူတွေနဲ့ ဧပြီလ ၂၈ ရက်နေ့က တွေ့ဆုံကာ တပ်မတော် တာဝန်ရှိသူတွေက မြေပြန်ပေးမဲ့ အစီစဉ်နဲ့ ပတ်သက်လို့ ပြောပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဒီမြေတွေက ကျနော်တို့ လွှတ်တော်မှာ မေးပြီးကတည်းက ကာကွယ်ရေးက ဒုတိယဝန်ကြီးက ပြန်ပေးမယ်ဆိုပြီး ကျနော်တို့ကို သီးသန့် ခေါ်ပြောပြီးနောက် အခုလို နောက်ဆက်တွဲ အစီစဉ်ပေါ်ပေါက်လာတာပါ။” လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအောင်က ပြောပါတယ်။

လဲချားမြို့ အနောက်မြောက်ဘက်က ဟိုနားဝမ်ပန် ကျေးရွာအုပ်စုနားက ဒေသခံတွေရဲ့ ရာနဲ့ချီတဲ့ မြေတွေက အသိမ်းခံရခဲ့ပြီးနောက် လွန်ခဲ့တဲ့နှစ်က တပ်တံတိုင်းကာရံဖို့လုပ်စဉ် ဒေသခံတွေ သွားလာနေတဲ့ လမ်းနယ်နိမိတ်တွေပါ ခြံစည်းရိုးနယ်နမိတ်ထဲပါ မလိုဖြစ်နေတဲ့အတွက် ကျားခေါင်းပါတီ ကိုယ်စားလှယ်တွေက လမ်းနယ်ရရှိရေးအတွက် လွှတ်တော်မှာ ပြီးခဲ့တဲ့ ၉ လပိုင်းက တင်ပြခဲ့တာပါ။

အခုလို တပ်က မြေဧက ၁၈၄ ဧက ပြန်ပေးမှာ ဖြစ်တဲ့အတွက် လမ်းနယ်နမိတ်အပြင် ဒေသခံ အချို့အနေနဲ့ သိမ်းဆည်းခံခဲ့ရတဲ့ မြေတွေကို ပြန်လည်ရရှိမယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။

တပ်ရင်း ၅၁၅ အနေနဲ့ မြေပြန်လည်လွှဲအပ်မှု အခမ်းအနားကို ဘယ်နေ့မှာ လုပ်မယ်ဆိုတာ မသိရသေးပေမဲ့ လဲချားမြို့နယ် ကျားခေါင်းပါတီဘက်ကတော့ တပ်က မြေပြန်လွှဲတာနဲ့ ပါတီကနေ ဦးဆောင်ပြီး အခမ်းအနားတစ်ရပ်ကျင်းပမယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းသျှမ်းပြည်မှာအ ကြောင်းအမျိုးမျိုးပြမြေသိမ်းမှု ကြောင့် ဒေသခံတွေရဲ့ မြေဧက ၆ သောင်းကနေ ရ သောင်းလောက်အထိ မြေသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

By: သျှမ်းသံတော်ဆင့်/စိုင်းအောင်ဆိုင်း
http://burmese.panglong.org

ရဲမေကို အချစ်ကလေး လုပ်ပေးဟု ပြောသူကို ပုဒ်မသုံးခုတပ် ဖမ်းဆီး

မုံရွာ၊ ဧပြီ ၂၉။

စစ်ကိုင်းမြို့မ ရဲစခန်းသို့ ထောက်ခံစာလာတောင်းသူ တစ်ဦးမှ တာဝန်ကျ ဒုရဲအုပ်ရဲမေကို ပါးကိုင်၍ ချစ်လေးရာ လုပ်ပေးလိုက်ပါဟု ပြောသဖြင့် ပုဒ်မ သုံးခုနှင့် ဖမ်းဆီးခံခဲ့ရကြောင်း ၄င်းရဲစခန်းမှ သတင်းရရှိသည်။

ဧပြီ ၂၇ ရက်နံနက်ပိုင်း ပိုးတန်းရပ်ကွက် နေ အသက် ၂၈ အရွယ်အမျိုးသားတစ်ဦးသည် စစ်ကိုင်းမြို့မရဲစခန်းသို့ ထောက်ခံစာ လာတောင်းစဉ် ရပ်ကွက်ထောက်ခံစာနှင့် မှတ်ပုံတင် မပါ၍ တာဝန်ကျ ရဲမေမှ လုပ်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။

"ရဲမေပါးကို ကိုင်ပြီး အချစ်ကလေး လုပ်ပေးဟု အဲဒီကောင်က ပြောတာ။ အဲဒါနဲ့စခန်းမှူးသွားတိုင်တော့ --ါသယ်မတွေဆိုပြီး ဆဲဆိုလို့ အမှုဖွင့်၊ဖွင့်ပြီး ဖမ်းတာပါ။ ဆေးရုံဆေးစစ်ချက် ယူရာမှာလည်း အဲဒီလူက အရက်မူးနေတယ်လို့ သိရတယ်။ အရင်က ရဲပြေးနဲ့ ထောင်ကျပြီး ထွက်လာရတဲ့ သူလို့ သိရပါတယ်" ဟု စစ်ကိုင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သော အမျိုးသားကို ရဲစခန်းမှ တာဝန်ကျ ၀န်ထမ်းအားနှောင့်ယှက်မှု၊ ညစ်ညမ်းစွာဆဲမှု၊ မိန်းမ အိနြေ္ဒပျက်စေမှု တို့ဖြင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar

Wednesday, April 26, 2017

ဆားလင်းကြီးမြို့နယ်မှာ ဆန္ဒပြ


ကြေးနီသတ္တု စီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရဖို့ ဧပြီလ ၂၆ ရက်နေ့က ဒေသခံတောင်သူတွေ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဆန္ဒပြနေစဉ်။ Photo: တင့်အောင်စိုး


 စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တု စီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ၂၃၀၀ ကျော်အတွက် လျော်ကြေးပေးဖို့ ဒေသခံတောင်သူတွေက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကိုသွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်မယ့်နေရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမရောက်ခင် လမ်းတစ်ဝက်မှာတင် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က၀န်ကြီးတွေက ဖြေရှင်းဆောင် ရွက်ပေးဖို့ လာရောက်ဂတိပေးခဲ့တဲ့ အတွက် ဆန္ဒပြဖို့ ရပ်နားခဲ့တယ်လို့ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာက ကိုတင့်အောင်စိုး က ပြောပါတယ်။

"သွားတာနေရာကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ကိုသွားတာ၊ဒါပေမယ့် တိုင်းဒေသကြီး အစိုးရဖွဲ့ကနေမှ လယ်ဆည်ဝန်ကြီးနဲ့ စည်ပင်ဝန်ကြီး တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကနေ လာရောက်ဖြေရှင်း တဲ့အတွက် ကျနော်တို့က ဒါကိုရှေ့ဆက်မလျှောက်ဘဲနဲ့ သူတို့ဖြေရှင်းပေးတာ တကယ်လုပ်မလုပ် ဆိုတာကို စောင့်ကြည့်မယ်ဆိုပြီး ပြည်သူတွေကိုချပြောပြီးတော့ နောက်ပြန်လှည့်ခဲ့တာပေါ့"

စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တု စီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ၂၃၀၀ ကျော်အတွက် မြေယာလျော် ကြေးအမြန် ဆုံးဖြေရှင်းပေးဖို့၊ ဒေသခံ နေ့စား အလုပ်သမား ၃၀၀ကျော်ကို အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ပေးဖို့ ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို ဖြေရှင်းပေးဖို့၊ စီမံကိန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီအနေနဲ့ ရရှိတဲ့ အကျိုးအမြတ်ကနေ နှစ်ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ပေးဖို့ ဒေသခံတွေ က တောင်းဆိုခဲ့ကြပါတယ်။

၁၉၈၇ ခုနှစ်လောက်က စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် ဒေသခံရွာ ၁၁ ရွာက လယ်ယာမြေဧက ၆၀ဝ၀ကျော် အသိမ်းခံခဲ့ရတာဖြစ်ပြီး ဧက ၂၃၀၀ကျော်ကို လယ်ယာမြေလျော်ကြေး ပေးဖို့ ကျန်ရှိနေတာဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

RFA Burmese

မန္တလေးတွင် ဆန္ဒပြ ကျောင်းသား ၄ ဦးကို ဖမ်းဆီးပြီး ရဲစခန်း၌ စစ်ဆေးနေ


စစ်ကိုင်းပညာရေးကောလိပ်မှာ စစ်တပ်ပုံစံ ဖိနှိပ်အုပ်ချုပ်မှု အလိုမရှိဆိုပြီး ဆန္ဒပြခဲ့တဲ့ စစ်ကိုင်းပညာရေး ကောလိပ်က ကျောင်းသား ၂ ဦးနဲ့ ၀န်ရံ ဗကသကျောင်းသား ၂ ဦးတို့ကို  ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။
စစ်ကိုင်း ပညာရေးကောလိပ်မှ ကျောင်းသား ၂ ဦးက  မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၃၄ x ၃၅ လမ်းကြားရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှေ့မှာ ဒီကနေ့ မနက် ၁၀ ခွဲလောက်က ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒဖော်ထုတ်တဲ့ ပညာရေးကောလိပ်ကျောင်းသား ၂ ဦးနဲ့ ၀န်းရံဗကသ ကျောင်းသား ၂ ဦးတို့ကို ဆန္ဒပြပြီး ၁၅ မိနစ်အကြာမှာပဲ ဖမ်းဆီးခံခဲ့ရပြီး အခုချိန်အထိ အမှတ် ၈  ရဲစခန်းမှာ  စစ်ဆေးခံနေရတယ်လို့ သူတို့အခြေအနေကို စောင့်ကြည့်နေတဲ့ အထက်ဗမာပြည် ဗကသကျောင်းသားများအဖွဲ့က ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။
“သူတို့ မနက်က အဖမ်းခံရတာ ၄ ယောက်ပေါ့နော်။ လောလောဆယ် မန္တလေး အမှတ် ၈ ရဲစခန်းထဲမှာ ခေါ်ပြီးတော့ စစ်ဆေးနေတုန်း အခုထိပေါ့နော်။ စောစောက ကျနော် ခဏတွေ့ခွင့်ရသလောက်က ကျောင်းသားတွေပြောတာက သူတို့ကို ခံဝန်ထိုးခိုင်းတယ်ပေါ့။ သူတို့က မထိုးဘူးလို့ ပြောတယ်။ ခံဝန်မထိုးဘူး ဆိုလို့ရှိရင်တော့ အရေးယူမယ့် သဘောတော့ရှိတယ်။ ဘယ်ပုဒ်မ တပ်မလဲတော့ မသိဘူးပေါ့နော်။ အခုထိတော့ တိတိကျကျ မသိရသေးဘူး။”
အဓိက ဆန္ဒပြတာက စစ်ကိုင်းပညာရေးကောလိပ်က ကိုဇော်ရဲထက်နဲ့ ဗကသအဖွဲ့ဝင် ကိုနှင်းအောင်တို့ဖြစ်ပြီး ၀န်းရံ ၀ိုင်းကူပေးတဲ့  မန္တလေး ရတနာပုံတက္ကသိုလ်က ကိုရဲမျိုးဆွေနဲ့ မန္တလေးနည်းပညာတက္ကသိုလ်က ကိုကောင်းဇော်ဟိန်းကိုပါ ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။
ဗကသကျောင်းသား ကိုနှင်းအောင်က ဒီဆန္ဒပြပွဲမတိုင်ခင် အလုပ်သမားအရေးကိစ္စတွေ၊ ကျောင်းသားအရေးကိစ္စအတွက် ဆန္ဒပြလို့ အရင်ကလည်း ဖမ်းဆီးခံရခဲ့ဖူးသူဖြစ်ပါတယ်။ 
By နော်နိုရင်း DVB

သံဖြူဇရပ်မြို့လယ်အဝိုင်း ဟင်္သာရုပ်တု ယာဉ်မတော်တဆမှုကြောင့် ပျက်စီး



မတိုက်မီ

သံဖြူဇရပ်၊ ဧပြီ ၂၆

သံဖြူဇရပ်မြို့လယ်အဝိုင်းတွင် တပ်ဆင်ထားသည့် ဟင်္သာရုပ်သည် ဧပြီလ ၂၆ရက်နေ့  ယနေ့ နေ့လည် ၂ နာရီခန့်ကဖြစ်ပွားသည့် ယာဉ်မတော်တဆမှုကြောင့် အောက်ခြေမှပြတ်ကျိုးကျက ကြေမွပျက်စီးသွားသည်ဟု သိရသည်။

ယာဉ်မောင်း မြင့်ဦး (ဘ) ဦးခွေးမောင်းနှင်လာသည့် ကောင်းထက်စံအမည်ပါ ယာဉ်အမှတ် 1B2041 သည် ဘိလတ်မြေများတင်ဆောင်က မော်လမြိုင်မှရေးမြို့သို့ထွက်ခွာလာစဉ် သံဖြူဇရပ်မြို့လည်အဝိုင်းအရောက် အရှိန်မထိန်းနိုင်ပဲ လူတစ်ရပ်ခန့်မြင့်သည့် မြို့လယ်အဝိုင်းအုတ်ခုံကိုကျော်ဖြတ်တက်ကာ ဟင်္သာရုပ်တုကိုတိုက်မိခြင်းဖြစ်သည်။

တိုက်မိစဉ် ယာဉ်သည် တစ်နာရီကီလိုမီတာ ၁၀၀ ခန့်နှုန်းဖြင့် အရှိန်ပြင်းစွာမောင်းနှင်လာဖြင်းဖြစ်သည်ဟု မျက်မြင်တွေ့ခဲ့သည် ယာဉ်ထိန်းတစ်ဦးကပြောသည်။

ထို့ပြင် ယင်းယာဉ်သည် မတိုက်မိခင်အချိန်လေးတွင်း လီဗာကိုဆတ်နင်းပြီး ဂီယာဖြင့်အရှိန်သတ်ရန်ကြိုးစားခဲ့ပုံရသည့်အတွက် ဘရိတ်ပေါက်နေပုံလဲရသည်ဟု ယင်းယာဉ်မတော်တဆဖြစ်မှု အနီးရှိဆိုင်ကယ်တက်စီဂိတ်မှ တက်စီသမားတစ်ဦးကပြောသည်။

ယာဉ်မတော်တဆဖြစ်စဉ်အချိန်တွင် ယာဉ်မောင်းနှင့်နောက်လိုက်နှစ်ဦးလုံးသည် မူးယစ်နေသည်ဟုသိရပြီး ရဲစခန်းရောက်ချိန်ထိ အမူးမပြေသေးကြောင်းသိရသည်။
  ယခုအခါ ယာဉ်မောင်းဖြစ်သူ မြင့်ဦးနှင့် အတူပါ စပါယ်ယာဖြစ်သူ မျိုးဇော်လတ် (ခ) ဇော်ငယ်တို့အား ချုပ်နှောင်ထားပြီး ယာဉ် (ပ) ၂၀/၂၀၇၊ ၂၇၉ ဖြင့် အရေးယူရန်ဆောင်ရွက်နေပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့်လည်း သီးခြားအရေးယူဆောင်ရွက်သွားမည်ဟုသိရသည်။

သံဖြူဇရပ်မြို့လည်အဝိုင်းဟင်္သာရုပ်ထုကို စုစုပေါင်ကုန်ကျစားရိတ် သိန်းပေါင်း ၁၀၀ ခန့်ဖြင့်ထုလုပ်ကာ မွန်အမျိုးသားနေနှင့်ပြည်ထောင်စုနေ့တစ်ထပ်တည်းကျရောက်သည့် (တပို့တွဲလဆုတ် ၁ ရက်/ ဖေဖော်ဝါရီလ ၁၂ ရက်) နေ့ကမှ ဖွင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်းနှင့် ဓါတ်ပုံ - ထ၀်
Than Lwin Times

YBS(၆၁)ယာဉ်လိုင်းကယာဉ်မောင်းက တက္ကစီယာဉ်မောင်းကို ဆဲဆိုရိုက်နှက်မှုဖြစ်ပွား


YBS (၆၁)ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦးက တက္ကစီယာဉ်မောင်းတစ်ဦးကို ဆဲဆိုပြီး တုတ်နဲ့ရိုက်တဲ့အမှုဖြစ်ပွားခဲ့ပါတယ်။ မနေ့က ည (၇)နာရီကျော်လောက်က မင်းဓမ္မလမ်းအတိုင်းမောင်းနှင်လာတဲ့ YBS (၆၁)၊ တက္ကစီနဲ့ အခြား YBS ကားတစ်စီးတို့ဟာ လားရာအတူမောင်းနှင်လာစဉ် သမိုင်းလမ်းဆုံအနီး မှတ်တိုင်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။
YBS (၆၁)ကားက မှတ်တိုင်မှာ အတင်အချပြုလုပ်ရာ အောက်ကြောမှာ မရပ်ဘဲ အလယ်ကြောမှာတင် ခရီးသည်အတင်အချ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တက္ကစီက လမ်းရဲ့ အောက်ကြောကို ၀င်ရောက်ခဲ့ရာ YBS (၆၁)က စပယ်ယာက ဆဲဆိုပြီး ကားပေါ်က ဆင်းကာ တက္ကစီယာဉ်မောင်းကို ရိုက်ပြီး ထွက်ပြေးခဲ့တာဖြစ်ပါတယ်။

 ထွက်ပြေးသွားတဲ့ စပယ်ယာကို လိုက်လံဖမ်းဆီးရာမှာတော့ ဒီနေ့နေ့လည်ပိုင်းက လှိုင်သာယာမြို့နယ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ ဘုရင့်နောင်နယ်မြေရဲစခန်းက ဒုရဲအုပ်ဘုန်းကျော်က ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ YBS (၆၁) ယာဉ်မောင်းကို ဘုရင့်နောင်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Photo-Kyaw Naing Win
5 Plus News

Tuesday, April 25, 2017

ကေအဲန်ယူ တပ်မဟာ ၄ တပ်ဖွဲ့ နှင့် တပ်မတော်အကြား ပစ်ခတ်မှုကိစ္စအား JMC-S အစည်းအဝေးတွင် ဆွေး နွေးသွားမည်

 
ဧပြီ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်းရှောင်း

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး -KNU နယ်မြေအတွင်း ဧပြီ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်မတော်နှင့် KNU လက်အောက်ခံတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုအ ခြေအနေများနှင့်ပတ်သက်ပြီး ဧပြီ ၂၈ရက်နေ့တွင် ကျင်းပမည့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC-S အစည်းအဝေးတွင် နှစ်ဖက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း KNU ဘိတ်-ထားဝယ် ခရိုင်ဘက်က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး JMC-S ဒုဥက္ကဌဖြစ်သူ ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင်ကော်မတီဝင် ပဒိုစောဘီးလယ်က “အခုကတော့အားလုံး အေးဆေး ဖြစ်သွားပါပြီ။ စဖြစ်တာကတော့ အချင်းချင်း လူမှားတဲ့ပုံစံလို့တော့ ယုံကြည် ရပါတယ်။ ဒါတွေကို လာမယ့် ၂၈ ရက်နေ့မှာလုပ်မယ့် JMC-S အစည်းအဝေးမှာ ဘယ်လိုဖြစ်ကြလဲဆိုတာ တင်ပြပြီးဆွေး နွေးသွားမှာဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်က တနင်္သာရီမြို့နယ်အတွင်းရှိ KNU လက်အောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၁ နယ်မြေ၊ သဲဖြူရွာဟောင်းအနီးတွင် KNLA တပ်ရင်း ၁၁၊ တပ်ခွဲ ၃ မှ တပ်ဖွဲ့ဝင်များနှင့် မြန်မာ့ တပ်မတော် ခြေလျင်တပ်ရင်း-ခလရ ၂၆၅ တပ်ဖွဲ့ဝင်များအကြား နှစ်ဖက်အပြန်အလှန် မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ သဲဖြူဟောင်းရွာအနီး နယ်မြေခံမဟုတ်သူများမှ လာရောက်ပြီး တောင်ယာခုတ်ထွင်ရှင်းလင်းကာ အခိုင်အမာရွာတည်မည်ကို စိုးရိမ်သည့် ဒေသခံရွာသားများ၏ သတင်း ပေးပို့မှုကြောင့် တပ်မတော်ဘက်မှသွားရောက်စစ်ဆေးရာမှ နားလည်မှုလွဲမှားပြီး ယခုလိုပစ် ခတ်မှုဖြစ်ပွား ခဲ့ရခြင်းဖြစ်သည်ဟု KNU၊ တပ်မတော်တို့နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပစ်ခတ်မှုဖြစ်ပွားရာတွင် နှစ်ဖက်ထိခိုက် ဒဏ်ရာရရှိမှုများရှိကြောင်း သိရှိရသော်လည်း ယင်းကိစ္စအပေါ် KNU ဘိတ်-ထားဝယ်မှ ငြင်းဆိုမှုများရှိသလို ပစ်ခတ်မှုဖြစ်ပွားရသည့်အကြောင်းရင်းများနှင့်ပတ်သက်ပြီး JMC-S ဒုဥက္ကဌဖြစ်သူ ပဒိုစောဘီးလယ်မှ အခင်းဖြစ်ပွားသည့်နေရာများသို့ သွားရောက်ကာ စုံစမ်းစစ်ဆေး မှုများပြု လုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် -NCA ကို KNU မှ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက် တိုဘာလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဘိတ်-ထားဝယ်ခရိုင် KNU နှင့် တပ်မတော် တို့ နှစ်ဖက်ဆက်ဆံရေးအခြေအနေမှာ တင်းမာမှုအချို့ရှိခဲ့သော်လည်း ယခုလိုအပြန် အလှန် ပစ်ခတ်မှုမျိုး မရှိကြောင်း KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများက ပြောသည်။

စဖန်းရှောင်း (ကေအိုင်စီ)

သထုံမြို့တွင် WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၃၀၀၀ ခန့် ထပ်မံဖမ်းဆီးရမိ


မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်မှာ ဧပြီ ၂၅ ရက်နေ့၊ မနက် ၅ နာရီခွဲချိန်ခန့်က မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူရဲ့နေအိမ်မှ WY ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀၀ ကျော် ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သထုံမြို့မရဲစခန်းက သိရပါတယ်။
“ခုဖမ်းမိတဲ့ သူက ကွင်းဆက်တရားခံပါ။ ၂၃ ရက်နေ့က ဖမ်းမိတဲ့သူကို စစ်ဆေးပေါ်ပေါက်ချက်အရ သူ့အိမ်ကို မူးယစ်ဆေးဝါးရှာဖွေ ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေ စစ်ဆေးရာကနေ WY ဆေးပြားတွေ ထပ်မံဖမ်းဆီးရမိတာပါ။ ဆက်လက်ပြီးတော့ ကွင်းဆက်ရရှိရေး စစ်ဆေးနေပါတယ်” လို့ သထုံခရိုင် မှုခင်းအကူဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖြစ်စဉ်မှာ သထုံခရိုင် မှုခင်းနှိမ်နင်းရေးအကူဌာနမှ တပ်ဖွဲ့ဝင်များဟာ ဧပြီ ၂၃ ရက်နေ့တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူထံမှ စစ်ဆေးပေါ်ပေါက်ချက်အရ အမှတ်(၂၈၅)၊ ဈေးကြီးလမ်း၊ အောက်ကျင်းရပ်ကွက်၊ သထုံမြို့နေသူ ကွင်းဆက်တရားခံ ကျော်ကျော်စံ(၄၂-နှစ်) နေအိမ်ကို သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံး မူးယစ်ဆေးဝါး အိမ်ရှာဖွေခွင့်ဝရမ်းအမှတ် (၇/၂၀၁၇) နဲ့ ဝင်ရောက်ရှာဖွေရာမှာ နေအိမ်ရှေ့ ပစ္စည်းဂိုထောင်အတွင်းရှိ သစ်သားဗီရိုအတွင်း မုန့်ထည့်တဲ့ အဝါရောင်စက္ကူဘူးအတွင်းရှိ ZXET စာတန်းပါ လက်ကိုင်ဖုန်းထည့်တဲ့ အနက်ရောင် ဖုန်းဘူးအတွင်းမှ အပြာရောင်ကပ်ခွာအိတ် ၁၅ အိတ်အတွင်း ပန်းရောင်စိတ်ကြွဆေးပြား ၂၉၀၂ ပြားနဲ့ အစိမ်းရောင် ၂၈ ပြား၊ စုစုပေါင်း ၂၉၃၀ ပြား၊ အလေးချိန် ၂၉၃ ဒသမ ၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ၁၁,၇၂၀,၀၀၀ ကျပ်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သထုံမြို့မရဲစခန်းက ကျော်ကျော်စံကို မယ(ပ)၄/၂၀၁၇၊ မူးစိတ်ပြောင်း ၁၅/ ၁၉ (က)/ ၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း – ယူမင်းစိုး

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးရုံးခန်း ဖောက်ထွင်းခံရ

မန္တလေးတိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောရဲ့ရုံးခန်း ဖောက်ထွင်းခံရပြီး မီးခံသေတ္တာတလုံး အခိုးခံရပါတယ်။
ဒီဖောက်ထွင်းမှုဟာ သူ့ရဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ခရီးစဉ်သွားနေစဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး စီစီတီဗွီမှတ်တမ်းအရ ဧပြီ ၂၀ ရက်နေ့ မနက်အစောပိုင်း  ၂ နာရီနဲ့ ၄ နာရီကြားမှာဖြစ်ပွားခဲ့တာလို့ ဦးစိုင်းကျော်ဇောက ပြောပါတယ်။
“ကျနော့် ကိုယ်ပိုင် မီးခံသေတ္တာလေး၊ ကျနော့် ရုံးခန်းထဲမှာပဲ ထားပြီးတော့  ကျနော့်ရဲ့ personal case တွေထည့်တဲ့ ဖိုင်မီးခံသေတ္တာပါ။ ပိုက်ဆံတော့ သုံးလေးသောင်း နည်းနည်းပါသွားပါ တယ်။ တန်းဖိုးကတသိန်းအောက်မှာပဲ ရှိပါတယ်။”
သူ့အနေနဲ့ ဧပြီ ၁၉ ရက်နေ့က ဘန်ကောက်ကို ခရီးထွက်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်က ၂၀ ရက်နေ့ မနက်အစောပိုင်းမှာဖြစ်တာလို့ ပြောပါတယ်။ ဖောက်ထွင်းသူက ပိုက်ဆံလိုချင်လို့ ဖောက်ထွင်း တာလို့ ယူဆရကြောင်းလည်း ပြောပါတယ်။
ဖောက်ထွင်းမှုနဲ့ပတ်သက်ပြီး နယ်မြေခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ လည်းပြောပါတယ်။  
DVB

အနာဂတ်အတွက် အရန်သတ္တုသိုက်ဧက ၁ သန်းကျော်ချန်ထားဟု အမြဲတမ်းအတွင်းဝန် ဆို


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနဲ့ အရန်သတ္တုသိုက် စုစုပေါင်း ၁ ဒသမ ၁၈ သန်းဧကကျော်ကို ဘာမှမလုပ်ဘဲ အနာဂတ်အတွက် ချန်ထားတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။
ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမ တနှစ်ပြည့်ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတဲ့အခမ်းအနားမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောတာပါ။
အနာဂတ်အတွက်ချန်ထားတဲ့ စုစုပေါင်းအရန်သတ္တုသိုက်ပမာဏဟာ ၁၁၈၇၄၉၂ ဧက ဖြစ်ပါတယ်။
“အနာဂတ်အတွက် အရန်သတ္တုသိုက်တွေ ချန်ထားတာဖြစ်ပါတယ်။ ဒါတွေကတော့ လက်ရှိ လုံးဝ ဘာမှ မဆောင်ရွက်ဘဲနဲ့ အနာဂတ်အတွက် ချန်ထားတာဖြစ်ပါတယ်”လို့ ဦးခင်မောင်ရီက ဆိုပါတယ်။
အနာဂတ်အတွက် ချန်ထားတဲ့ အရန်သတ္တုသိုက်တွေ သတ်မှတ်ထားမှုမှာ စစ်ကိုင်းတိုင်း ဒေသကြီး မှာ ကျောက်မီးသွေး ၈၆၅၄၄၂ ဧက၊ မန္တလေးတိုင်းဒေသကြီးမှာ ၃၀၂၉၀၃ ဧက၊ စုစုပေါင်း ၁၁၆၈ ဒသမ ၃၄၅ ဧက၊ မန္တလေးတိုင်းဒေသကြီးမှာ ဂရပ်ဖိုက် ၁၁၁၀၀ ဧကနဲ့ ကချင်ပြည်နယ်မှာ သံသတ္တု ၈၀၄၇ ဧက ဖြစ်ပါတယ်။
DVB

မျက်နှာဖုံးနှင့်ဘင်္ဂါလီနှစ်ဦးမှ ရွှေ၊ ငွေတောင်းရာ ဟန့်တားခဲ့သည့်အမျိုးသမီး ဓါးဖြင့်ခုတ်ခံရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အိုးဖောက်ကျေးရွာတွင် ဧပြီလ ၂၅ ရက်နေ့ ညဥ့် ၁ နာရီအချိန်က မျက်နှာဖုံးနှင့်လူနှစ်ဦးမှ အိမ်ထဲသို့ဝင်ရောက်ပြီး ရွှေ၊ငွေများတောင်းသည်ကို ဟန့်တားခဲ့သူဒေါ်မဖြူကြီးအား ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါ်ဖြူမကြီး အသက်၊၂၈ နှစ်သည် ကျေးရွာအတွင်းရှိ အသိမိတ်ဆွေတစ်ဦး ကလေးမွေးဖွားရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး အသက် (၁၂) အရွယ် သမီးဖြစ်သူနှင့် အသက် (၆) နှစ်အရွယ် သားဖြစ်သူတို့ အိမ်တွင်ကျန်ခဲ့သည်ကို စိတ်မချ၍ပြန်လာစဉ် မျက်နှာဖုံးနှင့်လူနှစ်ဦးမှ ၄င်း၏သမီးဖြစ်သူထံမှ နားကတ်ချွတ်နေ သည်ကိုတွေ့ရသဖြင့် ဝင်ရောက်ဟန့်တားခဲ့ရာ ထိုသို့ဓါးဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်မှူး ရဲမှူးဇော်ဝင်းအောင်က ဆိုသည်။

“ သူ့သားသမီးတွေကို စိတ်မချလို့ အိမ်ကိုပြန်လာကြည့်တဲ့အခါ သူ့သမီးဆီက နားကတ်ကို ချွတ်နေတာ တွေ့လို့ ဝင်ပြီးတော့ဟန့်တားတယ်။ ဆိုတော့ အဲဒီအမျိုးသမီးကို စားပွဲခင်းပိတ်စနဲ့ဖမ်းချုပ်ပြီးတော့ အော်ရင် သတ်မယ်လို့ခြိမ်းခြောက်တယ်၊ ရွှေ/ငွေတွေတောင်းတယ်၊ မရှိဘူးလို့ပြောတော့ အဲဒီလူနှစ်ဦးက သူတို့မှာ ပါလာတဲ့ဓါးရှည်နဲ့ ခုတ်သတ်တာလို့သိရတယ်” ဟု ရဲမှူးဇော်ဝင်းအောင်က ပြောသည်။

ယင်းသို့ ဓါးဖြင့်အခုတ်ခံရသည့် ဒေါ်မဖြူကြီးမှာ လည်ဂုတ်တွင် (၃) လက်မက်ခန့် ပြတ်ရှဒါဏ်ရာ (၂) ချက်၊ လည်ပင်းတည့်တည့်တွင် (၄) လက်ခန့် ပြတ်ရှဒါဏ်ရာ (၁) ချက်ရရှိခဲ့ပြီး ဒဏ်ရာဖြင့်နေအိမ်မှ ထွတ်ပြေးကာ ပတ်ဝန်းကျင်အား အကူအညီတောင်းခဲ့ရာ မျက်နှာဖုံးနှင့်လူနှစ်ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒေါ်ဖြူမကြီးမှာ အသက်သေဆုံးမှုမရှိဘဲ ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်း လူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ၄င်း၏ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့သော (၂) နှစ်ခန့်ကပင် ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေ၍ အိမ်တွင်မရှိကြောင်း သိရသည်။

“ အဲဒီမျက်နှာဖုံးစွပ်ထားတဲ့နှစ်ဦးက ဗမာစကားမပီမပြင်ပြောတဲ့ ဘင်္ဂါလီတွေလို့ စစ်ဆေးချက်အရသိရတယ်၊ တရားခံကို ဖမ်းမမိသေးဘူး၊ ဓါးနဲ့ခုတ်သတ်ခံရတဲ့ အမျိုးသမီးကတော့ အခုစကားပြောနိုင်ပါပြီ ” ဟု ရဲမှူး ဇော်ဝင်းအောင်က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စေတီပြင်ရဲစခန်းမှ (ပ) (၁၅/၁၇) ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/၄၅၂ တို့ဖြင့် အမှုဖွင့်လှစ်ထားပြီး အရေးယူဆောင်ရွက်နိုင်ရန် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ခိုင်မင်းညို (ကျိန်းရိပ်မြေ)၊
Rakhine Gazette

ကော့သောင်း - ရနောင်း ခရီးသည်တင် ကူးတို့ လှေတစ်စီးနစ်မြုပ်ကာ ခရီးသည်တစ်ဦးပျောက်ဆုံးမှုဖြစ်ပွား



ကော့သောင်း ၊ ဧပြီ ၂၅ ရက်

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့၊ ဓမ္မာရုံ ကူးတို့ဆိပ်အရှေ့ ပါချန်မြစ်အတွင်း ဧပြီလ ၂၅ ရက်နေ့  ယနေ့ မွန်းလွဲပိုင်း က ကော့သောင်း - ရနောင်း ခရီးသည်တင်ကူးတို့  လှေတစ်စီးနစ်မြုပ်မှုဖြစ်ပွား ကာ ခရီးသည်အမျိုးသားတစ်ဦး ပျောက်ဆုံးလျှက်ရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာ အဆိုပါနေ့ မွန်းလွဲပိုင်း က ဦးထွန်းဝေ ဆိုသူ မောင်းနင်သည့် ကော့သောင်း - ရနောင်း ခရီးသည်တင်ကူးတို့လှေ အမှတ် KT- 46 သည် ခရီးသည် (၁၅)ဦး နှင့်အတူ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပို့ဆောင်ပေးရန် ထွက်ခွာလာစဉ် ကူးတို့ဆိပ်အရှေ့ မြစ်အတွင်း တောင်ဖက်မှ မြောက်ဖက်သို့ စက်ရှိန်မြှင့် ခုတ်မောင်းလာသည့် ငါးကဲ့လှေကြီးတစ်စီး၏ လှိုင်းဒဏ်ကြောင့် ရေ၀င် နစ်မြုပ်မှုဖြစ်ပွားရာ အနီးအနား ပဲ့ချိတ်လှေများ မှ ၀ိုင်းဝန်းကယ်ဆယ်မှုကြောင့် ခရီးသည် (၁၄)ဦးအားကယ်ဆယ်နိုင်ခဲ့ကြရာ ကယ်ဆယ်ရရှိသူ များထဲမှ အမျိုးသမီး(၂)ဦးအား ကော့သောင်းပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ်တင်ပို့ကုသပေးလျှက်ရှိ ပြီး ဘီလူးကျွန်းချောင်းဆုံမြို့နယ်နေထိုင်သည့် အောင်ထိန်လင်း(၃၄)နှစ် (ဘ)ဦးအောင် ၊ ဆိုသူ အမျိုးသား တစ်ဦးပျောက်ဆုံးလျှက်ရှိ ရာ ကော့သောင်းခရိုင်၊ ရဲတပ်ဖွဲ့ မှူး ၏ဦးဆောင်မှုဖြင့် တာဝန်ရှိအဖွဲ့အစည်းများမှ ဆက်လက်ရှာဖွေကယ်ဆယ်မှုပြုလျှက်ရှိသည်။


ဖြစ်စဉ် နှင့်စပ်လျဉ်း၍ ကူးတို့လှေမောင်းနင်သူ နှင့် စက်ရှိန်မြှင့်ခုတ်မောင်းသည့် ငါးကဲ့လှေ မှတာဝန်ရှိသူများအား ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ရေယာဉ်များမဆင်မခြင်မောင်းနင်မှုဖြင့် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Iprd Kawthoung Iprd

ဝါရှင်တန်မှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေး ဒေါ်စု မတက်ရောက်နိုင်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

လာမယ့် မေလ ၄ရက်နေ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တက် ရောက်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။ ဒါဟာ အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့် အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံ ၁၀နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံကြမှာပါ။ သတင်းအ ပြည့်အစုံကိုတော့ ဗွီ အိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မေလဆန်းမှာ ဥရောပ လေးနိုင်ငံ ခရီးစဉ် သွား ရောက်ဖို့ ရှိတာကြောင့် လာမယ့် မေလ ၄ရက်နေ့ ဝါရှင်တန်မြို့တော်မှာ ကျင်းပမယ့် အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး Rex Tillerson နဲ့ အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ သီးခြားတွေ့ဆုံ ပွဲကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနက ဒုတိယ ညွှန် ကြား ရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။
“ ကျနော်သိတာကတော့ အဲဒီကာလမှာ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံက ခရီးစဉ်တခုရှိနေတယ်။ ဆိုတော့ သူ့ကိုယ်စား တယောက်သွားမယ်လို့ နားလည်တာပေါ့နော် ။ သူ့ကိုယ်စား တယောက်တော့ သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီကာလမှာ ၀န်ကြီးက ဥရောပ ခရီးစဉ်တခုရှိနေတယ် အဲဒါကြောင့်။”
အဲ့ဒီ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဘယ်သူတက်မလဲဆိုတာကို သေချာ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပွဲမှာ ကုန် သွယ်ရေးကိစ္စ၊ တောင်တရုတ် ပင်လယ်တွင်းက နယ်မြေပိုင်းခြားမှု၊ ရာဇ၀တ်မှု၊ တရားမ၀င် ရောင်းဝယ် ဖောက်ကားမှု အပါအ၀င် ဒေသတွင်းနဲ့ အာဆီယံ- အမေရိကန်အကြားကိစ္စတွေကို ဆွေးနွေးဖွယ် ရှိတယ် လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၂၆ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ဖိ လစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပမယ့် အကြိမ် ၃၀မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကိုတော့ တက်ရောက်ဖို့ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဧပြီ ၂၆ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်သွားမယ် လို့ ဦးအောင်မျိုးမြင့်က ပြောပါတယ်။
“ကျနော်တို့ ဧပြီ ၂၆ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်သွားဖို့ရှိပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒီဧပြီမှာလုပ်မယ့် အာဆီယံ Summit ကိုတက်မယ်ဆိုတဲ့အကြောင်း သတင်းထုတ်ပြန်သွားဖို့ရှိပါတယ်။ အဓိကတော့ ကျနော်တို့ ဖိလစ်ပိုင် ရဲ့ Theme ပေါ့နော် ၂၀၁၇ မှာ အာဆီယံ Chair လုပ်တဲ့ကာလမှာ ဖိလစ်ပိုင်အနေနဲ့ ဘာတွေဆက်လုပ်မယ်ဆိုတဲ့ Agenda တွေကိုပဲ ဆွေးနွေးမှာပါ အဓိက အားဖြင့်တော့။”
အာဆီယံ ထိပ်သီးအစည်းအဝေး အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေကို သွားရောက်ဖို့ရှိနေပြီး မေလထဲမှာတော့ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိနေတာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ လာမယ့် သြဂုတ်လထဲမှာဖိလစ်ပိုင်မှာကျင်းပမယ့်
အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေ အစည်းအဝေး ကို တက်ရောက်ဖို့ ရှိနေပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကတော့ နိုဝင်ဘာလထဲ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ပြုလုပ်မယ့် ဒေသတွင်း ထိပ်သီး အစည်းအဝေးတွေကို တက်ရောက်ဖို့ ရှိနေပါတယ်။

ထားဝယ်-ထီးခီးသွားကားလမ်းတွင် မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား အမျိုးသမီး (၁)ဦးသေဆုံးပြီး ကျန်ခရီးသည်(၁၅)ဦးထိခိုက် ဒဏ်ရာရ

 
ထားဝယ် ဧပြီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ၊ ထားဝယ်-ထီးခီးသွားကားလမ်း ခန့် မှန်းကီလိုမီတာ ၇၇/၇၈ အကြားတွင် ဧပြီ ၂၄ ရက်နေ့ နံနက် ၀၈း၃၀ နာရီအချိန် ယာဉ်အမှတ် 7H/8356 တိုယိုတာ တိုက်ဂါးအမျိုးအစား ရွှေခဲရောင် မော်တော်ယာဉ် တိမ်းမှောက်ကြောင်းသိရှိရသည်။

ဖြစ်စဉ်တွင် ဧပြီ ၂၄ ရက်နေ့ နံနက် ၀၈း၃၀ နာရီအချိန် ခန့် ၌ယာဉ်မောင်းစံသိန်းမောင် မောင်းနှင်းသော ယာဉ်အမှတ် 7H/8356 တိုယိုတာ တိုက်ဂါးအမျိုးအစား ရွှေခဲရောင် မော်တော်ယာဉ်တွင်ခရီးသည်(၁၆)ဦးတင်ဆောင် လာပြီး ထားဝယ် - ထီးခီး သွားကားလမ်း ခန့် မှန်းကီလိုမီတာ ၇၇/၇၈ အကြားတောင်ကုန်းဆင်း၌ အရှိန်မထိန်းနိုင်ပဲ လမ်း၏ ၀ဲ ဘက်သို့  ထိုးကျသွားကာ လဲကျနေသော သစ်ပင်ခြောက်အား တိုက်မိ၍ ယာဉ်ပေါ်ပါသူများ လွင့်စင်ပြုတ်ကျခဲ့ သဖြင့် ယာဉ်ပေါ်ပါသူ များအနက် မှ အမျိုးသမီး (၁)ဦးသေဆုံးပြီး ကျန်ခရီးသည်(၁၅)ဦးမှာထိခိုက် ဒဏ်ရာများအသီးသီး ရရှိကြောင်းသိရှိရပြီး ဒဏ်ရာရရှိသူများ ကို မေတ္တာတိုက်နယ်ဆေးရုံ သို့  မှုခင်းဆေးစာဖြင့် ပို့ ဆောင်ထားကြောင်း သိရှိရသည်။



ယာဉ်အားမဆင်မခြင်မောင်းနှင်းသူ စံသိန်းမောင် မှာ ထွက်ပြေးတိမ်းရှောက်သွားကြောင်းသိရှိရပြီး စံသိန်းမောင်၊ ကော့လှိုင်းကျေးရွာ၊ရေးမြို့ နေသူအား မေတ္တာနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၂ /၂၁၀၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိသည်။

( ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန )

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ USDP ပါတီသို့ လှူဒါန်းထားသည့် ငွေနှင့်မော်တော်ယာဉ်များ ပြန်လည်လွှဲပြောင်းပေးရမည်

 
မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ အလွဲသုံးစားပြုထားသည့် ကျပ်(၇.၄၅၉)ဘီလီယံအနက် အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား လှူဒါန်းထားသည့် ငွေနှင့်မော်တော်ယာဉ်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် (၁.၇)ဘီလီယံ၊ မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုး (၁) စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတသို့ လှူဒါန်းထားခြင်းဖြစ်ပြီး “ရွှေသုခ” အသေးစားလုပ်ငန်းသို့ ငွေကျပ်(၁.၅၇)ဘီလီယံကျော် လွှဲပြောင်းပေးခဲ့သည်ကို ဖော်ထုတ်တွေ့ရှိရသဖြင့် အဆိုပါငွေကြေးနှင့် မော်တော်ယာဉ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

ယခင် တိုင်းဒေသကြီးအစိုးရလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၇.၄၅၉)ဘီလီယံ အလွဲသုံးစားမှုနှင့်ပတ်သက်၍ လက်ရှိမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်သမ္မတရုံးမှ ဧပြီ လ (၈)ရက်နေ့က ညွှန်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဧပြီလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့၌ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းခြင်းဖြစ်သည်။

“ဧပြီလ (၈) ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားစာပေးပို့ခဲ့တာဖြစ်ပေမယ့် သင်္ကြန်တွင်း ရုံးပိတ်ရက်တွေနဲ့ မနေ့(ဧပြီ ၂၄ရက်)နေ့ကမှ ရရှိခဲ့တာဖြစ်ပါတယ်။ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များက ထည့်ဝင်ပြီးသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများနှင့်ပတ်သက်၍ ဆောင်ရွက်သွားရန်ကိစ္စ အကြောင်းအရာပါစာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဆီကို ပေးပို့တာပါ”ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

အဆိုပါငွေကြေးအလွဲသုံးစားပြုထားမှုများအား တိုင်းဒေသကြီးအစိုးရထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရပြီး ပျောက်ဆုံးနေသည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၇.၄၅၉)ဘီလီယံကျော် (ကျပ်သန်းပေါင်း ၇၀၀၀ ကျော်) အနက် ကျပ်(၄)ဘီလီယံကျော်ကို မဖော်ထုတ်နိုင်သေးကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က သတင်းမီဒီယာများသို့ ဧပြီလ (၂၅) ရက်နေ့က ပြောကြားသည်။

ယခင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၊ ဖျက်သိမ်းပြီးဖြစ်သော မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌ နှင့် “ရွှေသုခ” အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥက္ကဌ ဦးကြည်ထွန်းတို့ထံ အဆိုပါ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ညွှန်ကြားချက်များနှင့် ပတ်သက်၍ အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အသေးစားငွေရေးကြေးရေးလုပ်ငန်းတွင် ယခင်ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူမှာ ဦးစိန်ဌေးဖြစ်ပြီး လက်ရှိဥက္ကဌ တာဝန်ယူထားသူမှာ ယခင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကြည်ထွန်း ဖြစ်ကြောင်း သိရသည်။

အလွဲသုံးစားပြုခံရသည့် ငွေကျပ်(၇)ဘီလီယံကျော်အနက် ငွေကျပ်(၃)ဘီလီယံကျော်အတွက်သာ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားစာတွင် ထုတ်ပြန်ထားသော်လည်း ကျန်ရှိနေသော ငွေကျပ် (၄)ဘီလီယံကျော် အတွက်လည်း ဆက်လက်ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံမှ သိရသည်။

အစိုးရသစ်လက်ထက်တွင် ယခင်အစိုးရဟောင်းလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိခဲ့သော တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေအား စစ်ဆေးရာ ကျပ် (၂.၈)ဘီလီယံကျော် ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စု အစိုးရအဆင့်သို့ တင်ပြစစ်ဆေးစေခဲ့ရာ အမှန်တကယ်ပျောက်ဆုံးနေသည့်ငွေမှာ ကျပ်(၇.၄၅၉)ဘီလီယံကျော်အထိ ရှိနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ ခြင်းဖြစ်သည်။

သတင်း၊ ဓာတ်ပုံ - ဖီးနစ်
Tachileik News Agency

Monday, April 24, 2017

ဒုတိယကြိမ်မြောက် (၂၁)ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မေလ၂၄ ရက်တွင်ကျင်းပမည်

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို လာမယ့် မေလ ၂၄ မှာ ကျင်းပဖို့အတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM) က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။


တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM) ဒီကနေ့ နေပြည်တော်က သိင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကျင်းပမယ့်ရက်ကို အတည်ပြုသတ်မှတ်နိုင်ခဲ့တယ်လို့ အစည်းအဝေးမှာ ပါဝင်တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော်သံခဲ က ပြောပါတယ်။

“ဒီကနေ့ဆုံးဖြတ်ချက်ကတော့ ကျနော်တို့ မေလ ၂၄ ရက်နေ့ကို ကျနော်တို့ ၂၁ရာစုပင်လုံ -ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒါကိုကျင်းပဖို့ ကျနော်တို့ဆုံးဖြတ်ခဲ့ကြပါတယ်။”

ဒီအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်းနဲ့ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး တို့ က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားမှာ အခုလို ထည့်သွင်း ပြောကြားပါတယ်။

ဒေါ်အောင်စုကြည်ပြောဆိုတာက “အားလုံးပါဝင်မှ ငြိမ်းချမ်းရေးရနိုင်မှာပါ။ အားလုံးကလည်းပဲ ငြိမ်းချမ်းရေးအတွက် ကိုယ်ဖက်ကနေပြီးတော့ အကောင်းဆုံးထင်တဲ့ အတွေးအခေါ် အမြင်တွေကို တင်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရည်ရွယ်ချက်ပန်းတိုင်ကိုလည်း မျက်ခြည်မပြတ်သွားဖို့လိုအပ်ပါတယ်။ တချိန်တည်းမှာပဲ ကျမတို့ ခြေလှမ်းတွေကလည်း မှန်မှန်ကန်ကန်နဲ့ တက်ညီလက်ညီနဲ့ရှိဖို့လည်း အင်မတန်လိုအပ်ပါတယ်။”

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်းကတော့ NCA စာချုပ်နဲ့ပတ်သက်ပြီး အခုလို ထည့်သွင်းပြောကြားပါတယ်။

“ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရှိရင် ကျနော်တို့NCA ဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေ ကိုလက်နက်ချခိုင်းတဲ့ အချက်မဟုတ်ပါဘူး၊ ဒါလူတိုင်းသိပါတယ်။သို့သော်လည်း တချို့အဖွဲ့အစည်းများကနားလည်မှုလွဲနေတာသည်NCA လက်မှတ်ထိုးခြင်းသည် လက်နက်ချခိုင်းတယ်လို့ နားလည်မှုလွဲနေတာရှိပါတယ်။ ဒါတွေကိုနားမလည်သေးတဲ့ အဖွဲ့ရော၊နားလည်ပြီးတော့မှနားမလည်ချင်ယောင်ဆောင်တဲ့အဖွဲ့တွေရောသိအောင်လို့ကျနော်တို့လက်မှတ်ထိုးပြီးသားတိုင်းရင်းသားခေါင်းဆောင်ကြီးများက တဆင့်စကားတဆင့်ကြား ကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ ဒါလေးတွေလည်းပဲ တိုက်တွန်းပေးစေကြောင်းပြောလိုပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကတော့ NCA ကို ဆက်လက်အကောင်အထည်ဖော်ဖို့ သံဓိဌာန်ချထားကြောင်း ထည့်သွင်း ပြောဆိုပါတယ်။

ဒီကနေ့အစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အတွက် ရက်သတ်မှတ်တာအပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အတွက် အလုပ်လမ်းညွှန်ချက်အတည်ပြုရေး၊ မကျင်းပရသေးတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပနိုင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေးတို့ကို ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA ဘောင်အတွင်းက ဖော်ဆောင်ရေးကို အလေးထားဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ JICMဆွေးနွေးပွဲကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်(PC)၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ -JMCနဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင် တက်ရောက်ခဲ့ပါတယ်။


ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ သျှမ်း ကိုယ်စားလှယ်များ၏အသံ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲမှာ ဧပြီလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေပါတယ်။ သျှမ်းပြည်တွင်းမှာ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲမကျင်းပ ရသေး ဘဲနဲ့ ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျော်ပြီးကျင်းပတဲ့အတွက် ဆွေးနွေးပွဲတက်ရောက်တဲ့ သျှမ်းကိုယ်စားလှယ်တွေမြင်ပါသလဲ။ ဒီဆွေးနွေးပွဲကနေ သူတို့လိုချင်တဲ့ အမြင့်ဆုံးနိုင်ငံရေးရည်မှန်းချက် ကိုရောက်နိုင်မယ်လို့မြင်မိပါသလား နန်းဆိုင်ဖူးကနေ တွေ့ဆုံမေးမြန်း ထားပါတယ်။


စိုင်းနောင့် SNDP ကျားဖြူပါတီကိုယ်စားလှယ်
 “သူများတွေဘာလုပ်နေသလဲ ဘယ်လိုခြေလှမ်းနေသလဲဆိုတာ ကျနော်တို့သိဖို့လိုတယ်လို့မြင်တဲ့အတွက် ဒီဆွေးနွေးပွဲကိုလာတက်ရတာပါ။ ဒီဆွေးနွေးပွဲမှာဘယ်အဖွဲ့က ဘာစာတမ်းလာတင်သလဲ - ဒါတွေသိရင်ဘဲကျနော်တို့ဘာဆက်လုပ်ရမလဲဆိုတာ သိနိုင်မယ်လေ။ ဒါပေမယ့်အခုလို သျှမ်းပြည်တွင်းမှာ သျှမ်းအမျိုးသားအဆင့်ကမလုပ်ရသေးဘဲနဲ့ အခုလို အဆင့်ကျော်ပြီး ဆွေးနွေးပွဲကျင်းပတဲ့အတွက်  ဒီဆွေးနွေးပွဲဟာ မပြည့်စုံဘူးလို့မြင်ပါတယ်။ သျှမ်းပြည်မှာဆိုရင် အမျိုးသားအဆင့်လုပ်ပြီးသွားတာက ပအိုဝ်းဘဲ ရှိတယ်လေ။   အမြင့်ဆုံးရည်မှန်းချက်ကဘာလဲဆိုတော့ ပါတီအနေနဲ့ကတော့ သျှမ်းလုထုရဲ့မျှော်လင့်ချက်က ပါတီရဲ့မျှော်လင့်ချက်ဘဲပေါ့နော်။  လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေါ့။  ၁၉၄၇ သဘောတူညီချက်လက်မှတ်ရေးထိုးစဉ်က ခေါင်းဆောင်ကြီးတွေ မျှော်လင့် ချက်အတိုင်းပေါ့။ အဲဒီအတွက် ဒီကအချက်အလက်တွေကို ကောက်ယူပြီးတော့ လာမယ့်  ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံမှာ တင်ပြဖို့အတွက်ပါ ။ ဒီဆွေးနွေးပွဲအပေါ်ဘယ်လိုမြင်ပါသလဲဆိုတော့- အခုလို အဆင်သင့်မဖြစ်သေးတဲ့သူတွေကိုအသိမပေးဘဲနဲ့ အဆင်သင့်ဖြစ်တဲ့သူတွေက အခုလိုထလုပ်သွားတော့ တယောက်အပေါ်တယောက်မလေးစားရာရောက်ပါတယ်။ အနာဂတ်နိုင်ငံရေးမှာသျှမ်းပြည်သားတွေ သွက်လက်ချက်ချာရမယ်။ သူများထက်ဦးအောင်ကျယ်ကျယ်ပြန့်ပြန့်လေ့လာရမယ်လို့ပြောလိုပါတယ်။ ပြည်ထောင်စုအတွက်ဆိုတဲ့ရည်ရွယ်ချက်ခြင်းတူနေရင် ဘာဘဲလုပ်လုပ်တယောက်နဲ့ တယောက်တဖွဲ့နဲ့တဖွဲ့ အချိန်နှင့်အမျှ သတင်းအချက်အလက်တွေပို့ဆောင်ပြန်ကြားရမယ်။ တဖွဲ့နဲ့တဖွဲ့ လေးစားမှုရှိရမယ်။လက်တွဲဆောင်ရွက်ဖို့လိုပါတယ်။ ”

စိုင်းဦး RCSS/SSA ၏တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ
“ကျနော်တို့ဒီဆွေးနွေးပွဲကိုလာတက်ရတာကတော့ ကျနော်တို့ဟာ NCA မှာလက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့ တဖွဲ့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သျှမ်းအမျိုးသားအဆင့်မှာဘာမှမလုပ်ရသေးဘဲနဲ့ ဒီဆွေးနွေးပွဲဘာကြောင့်လာတက်ရသလဲဆိုတော့  ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေး ဆွေး နွေး ပွဲမှာ သူတို့ဘာတွေကိုဆွေးနွေးကြသလဲ ဆိုတာသိရအောင်လို့။ ဘယ်မြို့နယ် ဘယ်ဒေက ဘာတွေတင်ပြသလဲ ဆိုတာ သိရအောင်လို့။   ကျနော်တို့အတွက်ကတော့ ရည်ရွယ်ချက် ကြီးကြီးမားမား မထားပါဘူး။  ဘယ်ပါတီ ဘယ်ဒေသက ဘာကိုတင်ပြလာသလဲဆိုတာကို နားထောင်ဖို့ပါဘဲ။  အချိန်ကတော့ နီးကပ်လွန်းတဲ့အတွက် တင်ပြလာတာတွေကိုနားထောင်ကြည့် ရင် တချို့ဟာတွေကအရေးကြီးတဲ့ အချက်တွေပါပေမယ့် တချို့ဟာတွေကလည်း အလျင်အမြန် စီစဉ်ရတာကြောင့် ပြည့်စုံမှုမရှိဘူး။ တကယ်လို့အခေါက်ခေါက်အခါခါ စစ်ဆေးပြီးမှလာ တင်မယ်ဆိုရင်တော့  ပိုမိုပြည့်စုံလိမ့်မယ်လို့ယုံကြည် ပါတယ်။ ”

နန်းမြဦး တောင်ကြီးမြို့ SNLD ကျားခေါင်းပါတီအထွေထွေအတွင်းရေးမှူး
“သူတို့ဖိတ်လာလို့ကျမတို့လာတက်ရတာဖြစ်ပါတယ်။ ကျမတို့တင်ပြလိုတဲ့စာတမ်းတွေကို အစိုးရဆီ ရောက်အောင်ပေါ့ ။ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပရသေး ဆိုပေမယ့် ကျမတို့တင်ပြခွင့်ရှိချိန်မှာ ကျမတို့တင်ပြချင်တဲ့အချက်အလက်တွေ တင်ပြနိုင် အောင်လို့ပါ။ အလွန်နီးကပ်မှဘဲ အကြောင်းကြားလာလို့ ပြည့်စုံတယ်လို့တော့မရှိပါဘူး။ ဘာကိုမျှော်လင့်လို့လာတက်သလဲဆိုတော့ ကျမတို့ကိုသူတို့ချပေးတဲ့နိုင်ငံရေး စီးပွါးရေး မြေယာနှင့်သဘာဝသယံဇာတ ဒီခေါင်းစဉ်တွေမှာကျမတို့အသံတွေပါသွားတယ်ဆိုတဲ့အချက်ကို ကျမတို့ ကျေနပ်တယ်။ နိုင်ငံရေးရဲ့အမြင့်ဆုံးရည်မှန်းချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ချင် တယ်။ ပြင်ပကနေ ပြင်ရမလား။ လွှတ်တော်ထဲဝင်ပြီးပြင်ရမလား။ ရတဲ့နည်းနဲ့ပြင်သွားမယ်။ ဒါကိုမပြင်ရရင်တော့ ပြည်သူလူထုအတွက်ဘာမှအကျိုးမရှိဘူး။ ဒါကြောင့်ဒီဟာ လုပ်နိုင်ဖို့ ကျမတို့ကြိုးစားသွားရမယ်။ ရည်မှန်းချက်အတိုင်းဖြစ်လာမလားဆိုတာကတော့ -အခုပြောနေတဲ့ဟာပေါ့။ သူတို့လုပ်နေတဲ့လုပ်ငန်းစဉ်မှာအဆင့်ဆင့်သွားမယ်ဆိုတာ။ ဒီဟာကိုဒီမှာတင်ပြပြီးရင် ပြည်ထောင်စုကိုရောက်သွားမယ်ဆိုတဲ့အတွက် ကျမတို့ဖြစ်ချင်တဲ့အချက်တွေ လုပ်ဖို့အခွင့်အလမ်း ရှိလာမလားလို့ပါ။ အဲ့ကြောင့်ကြိုးစားပြီးလုပ်ရမှာ။ ”
သျှမ်းသံတော်ဆင့်

NCA ပြင်ဖို့ လက်မခံဘူးလို့ တပ်မတော်ပြော

 
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၄ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပစဉ်။ Photo: Win Naung Toe/ RFA 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာပါတဲ့ အချက်တွေကို ပြင်ဆင်ဖို့ လက်မ ခံကြောင်းနဲ့ လက်မှတ်မထိုးရသေးတဲ့ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA မှာ ပါတဲ့ အချက်တွေအတိုင်း လိုက်နာကြဖို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပြောပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးအပြီးမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အခုလို ပြောဆိုလိုက်တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောမတူတာတွေကို ရန်မဖြစ်ပဲနဲ့ တင်ပြဆွေးနွေးလာနိုင်တာဟာ တိုးတက်မှုတစ်ခု လို့မြင်ကြောင်းနဲ့ ကိုယ်လိုချင်တာရမှဆိုတဲ့ စိတ်ဓာတ် တွေလည်း ပြောင်းလဲလာတယ်လို့ မြင်မိကြောင်း သုံးသပ်ပြောဆိုသွားပါတယ်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးကလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးမှာ စိန်ခေါ်မှုတွေရှိပေမယ့် ငြိမ်းချမ်းရေးကို အောင်မြင်အောင်ဆက်လက်လုပ်ဆောင် သွားကြဖို့ တိုက်တွန်းပြောဆိုသွားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေဖြစ် တဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာစတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

တာချီလိတ်၌ ငွေကျပ်သိန်း(၄၃၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ






တာချီလိတ် ဧပြီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်တွင် ယနေ့ နံနက် ၉ နာရီက ငွေကျပ် သိန်း(၄၃၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ကျောက်စိမ်းတုံးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ တာချီလိတ်မြို့၊ ၀ိန်းကျောက် ရပ်ကွက်၊ အမှတ်(၀က/၁၆)နေ စိုင်းခမ်းကျောက် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၄င်းအား တွေ့ရှိရပြီး၊ နေအိမ်နှင့် ခြံဝင်း အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၂၁၄၀၀)ပြား ၊ ဒေသတန်ဖိုးငွေကျပ် သိန်း(၃၂၁)သိန်းခန့်၊ WY စာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား (၄၃)ပြား၊ ဒေသတန်ဖိုးငွေကျပ်သိန်း(၀ . ၆၄၅)ခန့်၊ ဘိန်းစိမ်းအမဲရောင် အစေးခဲ အလေးချိန်(၁.၅)ကီလိုခန့်ပါ တစ်ထုပ်၊ ဒေသတန်ဖိုးငွေ ကျပ်(၂၂.၅)သိန်းခန့်၊ ပန်းရောင်စိတ်ကြွဆေးမှုန့် အလေးချိန် (၂၅၀)ဂရမ်ပါ တစ်ထုပ်၊ လိမ္မော်ရောင် စိတ်ကြွဆေးမှုန့် (၃၀)ဂရမ်ပါ တစ်ထုပ် စုစုပေါင်း စိတ်ကြွဆေးမှုန့် (၂၈၀)ဂရန်ခန့် ဒေသ တန်ဖိုး ငွေကျပ်(၄၂)သိန်းခန့်၊ အိုက်စ် အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၁၈၀)ဂရန်ခန့်ပါ တစ်ထုပ် ၊ ဒေသ တန်ဖိုးငွေကျပ်(၄၅)သိန်းခန့်၊ အ၀ါရောင်အနံ့အမှုန့် (၁.၅)ကီလိုခန့်ပါ တစ်ထုပ်၊ အဖြူရောင်အမှုန့် (၅)ကီလို ခန့်ပါ တစ်ထုပ်၊ စုစုပေါင်း(၆.၅)ကီလိုခန့်၊ စိတ်ကြွဆေးပြားရိုက်နှိပ်ရာတွင် အသုံးပြုသည့် မှိုငါးချောင်း၊ ပြောင်း အရှည် (၆.၅)လက်မခန့်ရှိ ကိုးလုံးကျည်ပစ် လုပ်သေနတ် အတို တစ်လက်၊ ပြောင်းအရှည် (၃၀)လက်မခန့် အရှည်ရှိ ပြုပြင်ထားသော လေသေနတ် ကိုယ်ထည် တစ်ခု၊ ပြောင်းအရှည် (၂၃)လက်မခန့်ရှိ စတီး ပြောင်းတပ်ထား သော ပြုလုပ်ဆဲ သေနတ်တစ်လက်၊ ကိုးလုံးကျည် သုံးတောင့်၊ (.၃၈) Special ကျည် လေးတောင့်၊ (.၄၅)ကျည် နှစ် တောင့်၊ ကျောက်စိမ်းဟု ယူဆရသည့် ကျောက်အရိုင်းတုံး (၁၀)တုံး၊ စုစုပေါင်း အလေးချိန်(၄၈.၈)ကီလိုခန့်၊ စိတ်ကြွ ဆေးပြား ထည့်ရာတွင် အသုံးပြုသည့် အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ် အလေးချိန်(၁၅)ကီလိုခန့်စီပါ သုံးထုပ် စုစုပေါင်း အလေးချိန် (၄၅)ကီလိုခန့် အား သိမ်းဆည်း ရမိကြောင်း သိရသည်။
  အဆိုပါ မူးယစ်ဆေးဝါးများ၊ ကျောက်စိမ်းတုံးများ၊ လက်နက်များနှင့်အတူ ဖမ်းဆီး ရမိသည့် စိုင်းခမ်းကျောက် အား တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တာချီလိတ်(ခရိုင်ပြန်/ဆက်)
MOI Webportal Myanmar

Sunday, April 23, 2017

ထားဝယ်လူမျိုးစုစည်းမှုကော်မတီ လောင်းလုံြးိုကနယ်အတွင်း တွေ့ဆုံဆွေးနွေးပွဲများကျင်းပ။









ဧပြီလ ၂၃ ရက် တနင်္ဂနွေနေ့။မနက် ၉နာရီ၌ လောင်းလုံမြို့နယ် ဂေါ့အင်းကျေးရွာရှိ ရတနာသီရိကျောင်း၌ထားဝယ်လူမျိုးစုစည်းရေးကိုဆွေးနွေးခဲ့ရာ ရေဖြူဇုံမှတက်ရောက်ကြသူဦးရေ
၂၀၀ကျော်ရှိကြောင်းသိရှိရသည်။ စုစည်းရေးအတွက်ကော်မတီတစ်ရပ်ကိုလည်းဖွဲ့စည်းနိုင်ခဲ့ သည်။
ဗဟိုကော်မတီဝင်များနှင့် ဂေါ့အင်းရွာတာဝန်ခံများ
 နေ့လည်ပိုင်းတွင် သကျက်တောဇုံ တောင်
သာကျောင်း၌တွေ့ဆုံဆွေးနွေးပွဲကိုဆက်လက်ပြုလုပ်ရာ တက်ရောက်သူပေါင်း ၂၅၀ ကျော်ရှိခဲ့ပြီးထားဝယ်လူမျိုး စုစည်းမှု(သကျက်တောဇုန်)ကို ဖွဲ့စည်းနိုင်ခဲ့သည်။

ဗဟိုကော်မတီဝင်များနှင့် ဂေါ့အင်းရွာတာဝန်ခံများ
 ဆွေးနွေးပွဲတွင် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ သည် ထားဝယ်အမျိုးသားညီလာခံကျင်းပနိုင်ရေးနှင့်
ယင်းညီလာခံတွင် ဆွေးနွေးမည့်ခေါင်းစဉ်များနှင့် ထားဝယ်အမျိုးသားအလံ၊တံဆိပ်၊ ထားဝယ်အမျိုးသားနေ့သတ်မှတ်နိုင်ရန်အကြံပြုကြရန်။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ထားဝယ်လူမျိုးများအနေဖြင့် နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊မြေယာ သဘာဝသယံဇာတ နှင့်ပတ်သက်၍
မည်သို့ပုံဖော်ကြမည်ဆိုသော မူဝါဒအတွက်အကြံပြုစာတမ်းများပေးပို့ကြရန်ဆွေးနွေးခဲ့ပါသည်။

  ထားဝယ်အမျိုးသားအလံ ၏ အရွယ်အစားမှာ ၃း၂ ဖြစ်၍  အလံဒီဇိုင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုပေးရမည်။
ကော်မတီမှ ရွေးချယ်ခံရသောအလံဒီဇိုင်းအတွက် ဥာဏ်ပူဇော်ခ ၂သိန်း ချီးမြှင့် မည်ဖြစ်ကြောင်း
ကော်မတီ၏နာယကအဖွဲ့ဝင် ဦးစိုးထွေး ထံမှသိရှိရသည်။
Lwintmgmg Daily News

တနင်္သာရီမြို့တွင် ဆွမ်းကျွေးအိမ်မှ အပြန် သံဃာအချို့နှင့် လူ ၃ဝ ခန့် အစာ အဆိပ်သင့်


တနင်္သာရီ၊ ဧပြီ ၂၂

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု သဘော့လိပ်ကျေးရွာတွင် သံဃာအချို့နှင့် လူ ၃ဝ ခန့် အစာအဆိပ်သင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း ကျေးရွာအုပ်စု သဘော့လိပ်ကျေးရွာတွင် ဧပြီ ၂၂ ရက် နံနက်ပိုင်းအလှူအိမ်ဆွမ်းကြွေးပွဲတွင် အရုဏ်ဆွမ်းကို ပုစွန်ချဉ်နှင့် ကင်းမွန်ကြော်(ပြည်ကြီးငါး)တို့ကို စားသုံးမိရာမှ သဘော့လိပ်ကျေးရှာရှိ ဝဏ္ဏသီရီ ကျောင်းမှ ဆရာတော်တစ်ပါးနှင့် ကိုရင် လေး ခြောက်ပါးအပါအဝင် ကျေးရွာသူ ကျေးရွာသား ၂၅ ဦး စုစုပေါင်း ၃၂ ဦးတို့သည် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကျော်ဟိန်းထံမှ သိရသည်။

လာဘ်ငွေယူတဲ့ ဥပဒေအရာရှိကို အမှုဖွင့်

နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ် ဥပဒေရုံးက ဦးစီးအရာရှိ ဦးကျော်သူရဝင်းဟာ အမှုသည်ဆီကနေ လာဘ် ငွေယူထားတယ်ဆိုပြီး နေပြည်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဇဗ္မူသီရိ မြို့မ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။

နေပြည်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှုး ဦးအောင်မြင့်ဇော်က တရားလိုလုပ်ပြီး မနေ့က တိုင်ကြားထားတာလို့ ဇဗ္မူသီရိမြို့မ အမှတ် ၁ ရဲစခန်းမှုး ဒု-ရဲမှုး မြင့်ဌေးက ပြောပါတယ်။

"နေပြည်တော် အဂတိတိုက်ဖျက်ရေးကော်မရှင်ကနေ လာပြီးတော့ ဖွင့်ပါတယ်၊ ဦးကျော်သူရဝင်း ဇဗ္မူ သီရိမြို့နယ် ဥပဒေအရာရှိကို ၊ တိုင်ချက်ကတော့ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ဦးကျော်သူရဝင်းကို ၅၆ အရ ဖွင့်တာပေါ့နော်၊ ပြစ်မှုကျူးလွန်တဲ့အတွက် အမှုဖွင့်တိုင်ကြားပါ သည် ဒီလောက်ပဲပါတယ်၊ စစ်ဆေးပေါ်ပေါက်ချက်တွေကတော့ သူတို့ပဲသိမယ်၊ ကျနော်တို့စစ်တာ မဟုတ်တော့ ကျနော်တို့လည်း မသိဘူးဗျ၊ အမှုစစ်အရာရှိက ဦးအောင်မြင့်ဇော်ပါ အဲဒီကော်မရှင်က လက်ထောက်ညွှန်ကြားရေးမှုး သူကပဲ တရားလိုလုပ်ပြီးတိုင်ပါတယ်"

ဦးကျော်သူရဝင်းဟာ မြို့နယ်ဥပဒေအရာရှိရဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဇဗ္မုသီရိမြို့ နယ် အမှတ် ၁ ရဲစခန်းမှာ (ပ) ၂၁၆ / ၂၀၁၆ နဲ့ တရားစွဲဆိုခံရတဲ့ ဦးဖိုးလုံးရဲ့သမက်ဖြစ်သူ ဦးသက်ထွန်းအောင်ဆီကနေ ကျပ်ငွေ သိန်း ၂၀ ကို လာဘ်ငွေအဖြစ် ရယူခဲ့တယ်ဆိုတာကို ပေါ်ပေါက် လာတဲ့အတွက် အခုလိုအမှုဖွင့် တိုင်ကြားခံရတာဖြစ်ပါတယ်။

ဇဗ္မူသီရိမြို့မ အမှတ် ၁ ရဲစခန်းမှာ အဲဒီအမှုကို တရားမစွဲခင် ဥပဒေအကြံပြုပြန်ကြားပေးဖို့အတွက် လုပ်ဆောင်ရာမှာ ဦးကျော်သူရဝင်း အနေနဲ့ လာဘ်ငွေတောင်းခံရယူခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဦးကျော်သူရဝင်းကို (ပ) ၂၀၁/၂၀၁၇ ၊ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုရှိရေး တိုက်တွန်း


နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံ သဘောတူစာချုပ်များ ရေးထိုးသည့်အခမ်းအနား။ (သြဂုတ် ၁၈၊ ၂၀၁၆)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့လထဲ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား စီးပွားရေး ကိစ္စတွေကို ဆွေးနွေးဖြစ်မယ်လို့ မျှော်လင့်နေချိန်မှာပဲ အရပ်သား အစိုးရလက်ထက် နိုင်ငံတကာနဲ့ ဆက်စပ် လုပ်ကိုင်တဲ့ လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ ဒေသခံတွေ အကျိုးစီးပွားကို ရှေ့ရှုဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။ အရင်စစ်အစိုးရတွေ လက်ထက်မှာ လုပ်ခဲ့တဲ့ စီမံကိန်းတွေလို ပြဿနာမျိုးတွေ မကြုံရအောင် အစိုးရအနေနဲ့ မူဝါဒတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ဖို့ လိုတယ်လို့လည်း စီးပွားရေးပညာရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လိုလားနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ကပြောပြပေးမှာ ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့သလို မကြာခင်ကျင်းပမယ့် တရုတ်နိုင်ငံရဲ့ One Belt and One Road OBOR Forum နိုင်ငံတကာညီလာခံကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မှာဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးနိုင်ခြေလည်းရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နိုင်ငံတော်အတိုင်ပင်ခံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ China International Trust and Investment Company (CITIC) Groupရဲ့ ဥက္ကဋ္ဌနဲ့တွေ့ဆုံပြီး ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုံ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ပတ်သက်လို့ ဆက်လက်အကောင်ထည်ဖော်ဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

အခုလို တရုတ်နိုင်ငံဘက်က ရင်းနှီးမြှုပ်နှံမှုတွေဟာ အမှန်တကယ် ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးနိုင်တာ၊ အကျိုးစီးပွားရစေမယ့်စီမံကိန်းမျိုးတွေဖြစ်မယ်ဆိုရင်တော့ ကြိုဆိုရမှာဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စီမံကိန်းတွေ ဖြစ်ဖို့ အရေးကြီးဆုံးဖြစ်တယ် ဆိုတာကို ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

“ကျနော်တို့ ရခိုင်ဒေသခံတွေကလည်း တရုတ်ပြည်နဲ့ဆက်ဆံပြီးတော့ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိတဲ့အတိုင်းပဲလေ ရခိုင်ဒေသက ဆင်းရဲတဲ့ဒေသဆိုတော့ ဒီလိုများဖြစ်လာရင် ကျနော်တို့ဒေသအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေများ အထောက်အကူတွေများ ရှိလာမလားဆိုတဲ့ မျှော်လင့်ချက်တွေရှိပါတယ်။ ဒါပေမဲ့ ခက်တာက ကျနော်တို့ ဒေသရဲ့ အကောက်အခွန်တွေနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီးတော့ အကျိုးအမြတ်တွေပဲဖြစ်ဖြစ် ကျနော်တို့ ဒေသခံတွေ မခံစားရသေးဘူးပေါ့။ အဲ့လိုခံစားရမယ်ဆိုတာကလည်း ဥပဒေမှာ ဖွဲ့စည်းပုံမှာ ပြဌာန်းတာမရှိတော့ ဒီကိစ္စဟာ ကျနော်တို့ဒေသအတွက် တခါတခါ အသုံးချခံသလို ဖြစ်သွားတာပေါ့။

ဥပမာ မြစ်ဆုံကိစ္စနဲ့များ ကျနော်တို့နှစ်သိမ့်တဲ့အနေနဲ့ ကျနော်တို့ ရခိုင်ဒေသကို အဲ့လိုလုပ်ပေးသလားဆိုတဲ့ ပြောဆိုနေကြတာရှိတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ဒေသကို လုပ်တာကို ကြိုဆိုတယ်။ ဒါပေမဲ့ ကျနော်တို့ဒေသရဲ့ အခွင့်အလမ်းတွေ အကျိုးအမြတ်တွေ အလုပ်သမားတွေ အလုပ်ရနိုင်ရေးကအစ ဒေသကို မထိခိုက်ပဲနဲ့ ဖံွ့ဖြိုးရေး လုပ်နိုင်ဖို့ကအစ ကျနော်တို့ အဲ့တာကိုမျှော်လင့်တယ်။ ပြီးတော့ ရလာတဲ့ အကောက်အခွန် အခွန်အခတွေကိုလည်း ကျနော်တို့ပြည်နယ်အတွက် ရနိုင်ဖို့ မျှော်လင့်တယ်။ အဲ့လိုဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ ဒေသခံတွေရော ပါတီပိုင်းအနေနဲ့ရော ကန့်ကွက်စရာမရှိပါဘူး။ ကျနော်တို့ ဒေသကို ဖွံ့ဖြိုးဖို့လုပ်ငန်းတွေကို ကြိုဆိုရမှာဖြစ်ပါတယ်။”

NLD အစိုးရလက်ထက်မှာတော့ မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ NLD ဗဟိုစီးပွားရေးအကြံပေး ကော်မတီတရပ်ကို ဖွဲ့စည်းထားပြီးတော့ အရင်အစိုးရလက်မှတ်ထိုးထားပြီးသားစီမံကိန်းတွေရော အခုအစိုးရလက်ထက် ဆောင်ရွက်မယ့်စီမံကိန်းတွေနဲ့ပတ်သက်လို့ရော အထူးသဖြင့်ကတော့ အငြင်းပွားဖွယ်ရာစီမံကိန်းတွေနဲ့ပတ်သက်လို့ စီးပွားရေးပညာရှင်တွေက လေ့လာပြီး အကြံပေးကြတယ်လို့ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုဥက္ကဋ္ဌလည်းဖြစ် NLD ဗဟိုစီးပွားရေးအကြံပေးကော်မရှင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးအေးလွင်က အခုလိုပြောပါတယ်။

NLD အစိုးရအနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ဒေသခံပြည်သူ၊ လွှတ်တော်၊ အရပ်ဖက်အဖွဲ့အစည်း၊ ပညာရှင်တွေကို ပွင့်လင်းမြင်သာစွာချပြပြီး ဆောင်ရွက်သင့် ၊ မဆောင်ရွက်သင့်ဆိုတာကို ဆွေးနွေးတိုင်ပင်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့လို့ မြစ်ဆုံလို လက်ပန်းတောင်းလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေရော ဒေသခံပြည်သူတွေဘက်က လက်မခံတဲ့ စီမံကိန်းမျိုးတွေနဲ့ပတ်သက်လို့တော့ NLD အစိုးရအနေနဲ့ အထူးသတိထားဆောင်ရွက်သင့်တယ်ဆိုတာကို အကြံပေးခဲ့တယ်လို့ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းစီမံကိန်းနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေမှာ အကြံပေးခဲ့သူလည်းဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။

“ ကျနော်တို့သိသလောက်က ဒေါ်အောင်ဆန်းစုကြည်က ဒီလိုအငြင်းပွားဖွယ်ရာရှိတဲ့ စီမံကိန်းတွေဆိုရင် နံပတ်တစ် ကော်မရှင်တွေဖွဲ့ပြီးတော့ လေ့လာသုံးသပ်တဲ့ ကော်မရှင်တွေက စုံစမ်းစစ်ဆေးတယ် လေ့လာသုံးသပ်တယ်။ ဆွေးနွေးတိုင်ပင်တဲ့ အလေ့အထ ရှိပါတယ်။ ဥပမာအားဖြင့် လက်ပံတောင်းတောင်စီမံကိန်းဆိုရင် လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ ကျနော်တို့ပညာရှင်တွေကိုလည်း ခေါ်မေးသလို သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူတွေကိုလည်း တွေ့ဆုံဆွေးနွေးတယ်လို့ ကျနော်တို့သိရပါတယ်။ အဓိက ကတော့ မူရင်းစာချုပ်တွေ ဘယ်လိုလုပ်ထားသလဲ။ မူရင်းစာချုပ် ယခင် ယခင်ချုပ်ထားတဲ့ စာချုပ်တွေက ဘယ်လိုအချိုးတွေနဲ့ နိုင်ငံတော် အကျိုး ဘယ်လောက်ရှိသလဲ ရင်းနှီးမြှုပ်နှံသူ အကျိုးဘယ်လောက်ရှိသလဲ။ ဒေသခံအကျိုး ဘယ်လောက်ရှိသလဲ၊ နိုင်ငံတော်ရဲ့ အခွန်အခ ဘယ်လိုရမလဲ။ ရေတိုစီမံကိန်း ရေရှည်စီမံကိန်း ရေလတ်စီမံကိန်းတွေကို ပြန်လည် Review လုပ်ပြီး နိုင်ငံတော်အကျိုးအမြတ်ရှိတဲ့အဆင့်ကို ပြောင်းလဲလိုက်တဲ့ လက်ပံတောင်းသက်သေရှိပါတယ်။

မြစ်ဆုံစီမံကိန်းကျတော့ လက်ပံတောင်းတောင်ထက် ပိုပြီးတော့ နက်နဲပါတယ်။ ဒါကြောင့် မြစ်ဆုံစီမံကိန်းကိုလည်း စီမံကိန်းကို လေ့လာသုံးသပ်တဲ့ ကော်မရှင်ဖွဲ့ထားပါတယ်။ ကော်မရှင်ကလည်း သက်ဆိုင်ရာ ပညာရှင်တွေ သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူတွေနဇြ့ လေ့လာနေတယ်။ စုံစမ်းနေတယ်။ သက်ဆိုင်ရာ ဒေသခံပြည်သူတွေကို ချပြသလို သက်ဆိုင်ရာလွှတ်တော်ကို ချပြတဲ့အလေ့အထ လုပ်ပါတယ်။ လုပ်လေ့ရှိပါတယ်။ လုပ်လည်းလုပ်မှာပါ။ လုပ်ဖို့လည်း ကျနော်တို့ တိုက်တွန်းပါတယ်။”

အရင်သမ္မတဦးထင်ကျော် တရုတ်သွားခဲ့စဉ်တုန်းကတော့ မြစ်ဆုံနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့လို့ မြစ်ဆုံနဲ့ပတ်သက်လို့ သတင်းတစုံတရာထုတ်ပြန်နိုင်ခဲ့တာမရှိပါဘူး။ မကြာခင်သွားတော့မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်ခရီးစဉ်အတွင်းမှာတော့ မြစ်ဆုံအပါအဝင် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေရှိနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပြီး တရုတ်-မြန်မာနှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွား ဘယ်လောက်အကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာကိုတော့ မေးခွန်းထုတ်နေကြပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)

ဂန့်ဂေါတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၅၁)လုံး အမိုးလန်ပျက်ဆီး



မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း ဧပြီ(၂၂)ရက်နေ့က လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်(၂၅၁)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
 ဖြစ်စဉ်မှာ ဧပြီ(၂၂)ရက်နေ့ မွန်းလွဲ(၃)နာရီ(၄၅)မိနစ်အချိန် မှ ညနေ(၄)နာရီ(၁၅)မိနစ်အချိန်ထိ လေပြင်းများ တိုက်ခတ်ခဲ့သောကြောင့် ဂန့်ဂေါမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ဘုန်းကြီးကျောင်း(၁)ကျောင်း၊လူနေအိမ်(၄)လုံး၊ ကျောမြို့၊ အမှတ်(၁)ရပ်ကွက်တွင် လူနေအိမ် (၆)လုံး၊ ဂန့်ဂေါမြို့နယ်၊ ပြစ်မကျေးရွာတွင် လူနေအိမ်(၄)လုံး၊ ဇာဟောကျေးရွာတွင် လူနေအိမ်(၁၃)လုံး၊ အနောက်ဂန့်ဂေါ ကျေးရွာတွင် လူနေအိမ်(၃)လုံး၊ အုတ်လှကျေးရွာတွင် လူနေအိမ်(၂)လုံး၊ ရှုံးရှီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်း၊လူနေအိမ်(၁၃)လုံး၊ ပိတောက်ကုန်းကျေးရွာတွင် လူနေအိမ်(၇)လုံး၊ လုံခြုံကျေးရွာတွင် လူနေအိမ်(၂)လုံး၊ ယင်းမာကျေးရွာတွင် လူနေအိမ်(၈၂)လုံး၊ စာသင်ကျောင်း(၁)ကျောင်း၊ စပယ်ကျေးရွာတွင် လူနေအိမ်(၂၉)လုံး၊ စာသင် ကျောင်း(၁)ကျောင်း၊ စင်ပုံကျေးရွာတွင် လူနေအိမ်(၇၈)လုံး၊ ပနန်းကျေးရွာတွင် လူနေအိမ်(၃)လုံး၊ အိမ်သစ်ကျေးရွာတွင် လူနေအိမ်(၁)လုံး၊ ရွှေဘိုကျေးရွာတွင် ပညာရေးဝန်ထမ်းအိမ်ရာ(၁)လုံး၊ြ
မင်သားကျေးရွာတွင် လူနေအိမ်(၄)လုံး၊ ပညာရေး ဝန်ထမ်းအိမ်ရာ(၁)လုံးတို့ အမိုးလန်ပျက်စီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဂန့်ဂေါမြို့နယ်အတွင်း စုစုပေါင်း ရပ်ကွက်(၂)ကွက်၊ ကျေးရွာ(၁၄)ရွာတို့ မှ လူနေအိမ်(၂၅၁)လုံး၊ စာသင်ကျောင်း(၂)ကျောင်း ၊ဘုန်းတော်ကြီး ကျောင်း(၂)ကျောင်း၊ ဝန်ထမ်း အိမ်ရာ(၂)လုံးတို့ အမိုးလန်ပျက်စီးခဲ့ခြင်းဖြစ်ကာ ဆုံးရှုံးမှုတန်ဖိုးအနေဖြင့်(စိစစ်ဆဲ) ဖြစ်ကြောင်းသိရှိပြီး အခင်းဖြစ်ပျက်ဆီးမှု ဖြစ်ပွားရာနေရာများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညဏ်လှိုင်၊ မြို့နယ်ရဲမှူး ရဲမှူး ဝင်းထွဋ် တို့ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ လိုက်လံကူညီဆောင်ရွက်ပေး လျှက်ရှိကြောင်း သိရသည်။

ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/