Headlines News :
Home » » သမ္မတပေးပို့သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေလေးခု ဘော်လီဘောပုတ်ပြီး နိဂုံးချုပ်ပစ်ကြမှာလား

သမ္မတပေးပို့သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေလေးခု ဘော်လီဘောပုတ်ပြီး နိဂုံးချုပ်ပစ်ကြမှာလား

Written By လွင့်မောင်မောင် on Monday, March 3, 2014 | 12:58 PM


ဘောလီဘောပြိုင်ပွဲ

မြန်မာနိုင်ငံတစ်ဝှမ်း ရဟန်းရှင်လူ ပြည်သူ အများစု လိုလားနေတဲ့ မျိုးစောင့်ဥပဒေအတွဲလိုက်ကို အင်းစိန်ရွာမ ဆရာတော်ဘုရားကြီး ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ အမျိုး ဘာသာသာသနာ စောင့်ရှောက် ရေးအဖွဲ့ (ဗဟို) က သမ္မတဦးသိန်းစိန်ဆီကို ပေးပို့ခဲ့တာက စပြီး ဖြစ်ပေါ်လာခဲ့တဲ့ ဇာတ်လမ်းပါ။ ရဟန်းရှင်လူ တစ်သိန်း သုံးသိန်းကျော် ထောက်ခံလက်မှတ်ရေးထိုးထားတယ်လို့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဆိုပါတယ်။ မျိုးစောင့် ဥပဒေ လို့ ယေဘုယျခေါ်နေကြတဲ့ ဒီပေးပို့ချက်မှာ ဥပဒေလေးခု ပါပါတယ်။ ပထမဥပဒေက “ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ”၊ ဒုတိယ ဥပဒေက “လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ” ၊ တတိယ မြောက်ဥပဒေက “တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ”၊ နောက်ဆုံး ဥပဒေကတော့ “လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ” တို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ခြုံငုံပြီး မျိုးစောင့်ဥပဒေလို့ လွယ် လွယ်ကူကူ ခေါ်တွင်ကြပုံ ရှိပါတယ်။

သမ္မတက လွှတ်တော်ကို ပို့တယ်။ လွှတ်တော်က သမ္မတဆီ ပို့တယ်။ ဒါကို ပြည်သူတွေက အပြန် အလှန် ပုတ်ထုတ်နေတဲ့ ဘောလီဘောပြိုင်ပွဲတစ်ခုလို တင်စားပြီး ပြောဆိုလာကြပါတယ်။ လွှတ်တော်က ပြောချင်တဲ့ သဘောက အစိုးရ၀န်ကြီးဌာနတွေက ဥပဒေကြမ်း ရေးဆွဲ၊ ပြီးရင် လွှတ်တော်ကို တင်၊ လွှတ်တော်က ဆွေးနွေးဆုံးဖြတ်မယ် ဆိုတဲ့ သဘောပါ။ ဒါကို ပြည်သူတွေက တာဝန်မခံလိုဘဲ အပြန်အလှန် လွှဲချနေတယ် ဆိုပြီး မြင်နေကြတာပါ။ သူရဦးရွှေမန်း ရှင်းလင်းချက်အရ ဆိုရင် ဒီကိစ္စကို အရေးပေါ်အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်လိုက်တယ် လို့ သိရပါတယ်။ ဒါဟာ လွှတ်တော်က တာဝန်ကို ရှောင်လွှဲသလို ဖြစ်မနေဘူးလား ဆိုတဲ့ မေးခွန်းကို ဘီဘီစီသတင်းဌာနက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို မေးခဲ့ပါတယ်။ ဦးဝင်းမြင့် ဟာ သူရဦးရွှေမန်းရဲ့ အရေးပေါ်အစည်းအဝေး တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

“အဲဒါ လွှတ်တော်ရဲ့ လုပ်ငန်းဆိုတာ နားလည်မှု လွဲတာပါ။ လွှတ်တော်က ဥပဒေပြုတယ် ဆိုတာ နဂိုတုန်းက သက်ဆိုင်ရာအစိုးရအဖွဲ့တွေ၊ ၀န်ကြီးဌာနတွေက ပေးပို့တဲ့ ဥပဒေကြမ်းတွေပေါ်မှာ လွှတ်တော်က ဥပဒေဖြစ်အောင် စိစစ်တာ။ ပြုစုတာပေါ့နော်။ အခုဟာက ဥပဒေကြမ်းကို လုံးဝ မပါဘူး။ ဥပဒေကြမ်း ပါတာ မဟုတ်ဘူး။ အဲဒီခေါင်းစဉ်ကြီး လေးမျိုးကို ဥပဒေပြဌာန်းပေးပါ ဆိုပြီးတော့ လွှတ်တော်ကို လုပ်ခိုင်းလိုက်တာ။ လွှတ်တော်က မူကြမ်းရေးဆွဲဖို့ တာဝန် မရှိဘူး။ သက်ဆိုင်ရာတွေက ပို့တဲ့ ဥပဒေကြမ်းတွေပေါ်မှာ အတည်ပြု ပေးဖို့၊ စိစစ်ပေးဖို့ပဲ တာဝန်ရှိတယ်လေ။ အခုဟာက ဥပဒေကြမ်းကို ကိုယ့်ဟာကိုယ်ရေးပြီး ကိုယ့်ဟာကိုယ် လုပ်ခိုင်းတဲ့သဘောမျိုး ဖြစ်နေတယ်။ လွှတ်တော်ရဲ့ တာဝန်မဟုတ်ဘူး။”

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တစ်ဦးချင်းပဲဖြစ်စေ၊ လွှတ်တော်ရေးရာကော်မတီတွေအနေနဲ့ ဖြစ်စေ ဥပဒေကြမ်း တင်လို့ ရတာ မဟုတ်ဘူးလား ဆိုပြီး ဘီဘီစီက ဆက်ပြီးမေးပါတယ်။

“အဲဒါက ကော်မတီက တင်တာ မဟုတ်ဘူးလေ။ အဲဒါက အစိုးရအဖွဲကနေပြီး ဥပဒေကြမ်း ပြုစုပြီး တင်လာ တာမဟုတ်ဘူး။ ခေါင်းစဉ်ကိုပဲ ဖော်ပြပြီးတော့ အဲဒီဟာကိုပဲ ကိုယ့်ဟာကိုယ် ဥပဒေကြမ်းရေးဆွဲပြီးတော့ ကိုယ့်ဟာကိုယ် ဥပဒေပြဌာန်းခိုင်းတာလေ။”

ဦးဝင်းမြင့်ရဲ့ ဖြေကြားချက်တွေကိုကြည့်ရင် သမ္မတသ၀ဏ်လွှာမှာပါတဲ့ ပုဒ်မတွေ၊ သူရဦးရွှေမန်း သ၀ဏ်လွှာ မှာ ပါတဲ့ ပုဒ်မတွေကို အလေးထား ဖတ်ရှုခဲ့ဟန် မတူတဲ့အပြင် ဥပဒေကြမ်းတင်သွင်းခွင့်မှာလည်း နားလည်မှု လွဲနေပုံ ပေါ်တယ် လို့ ယူဆရမလို ဖြစ်နေပါတယ်။ လွှတ်တော်က မူကြမ်းရေးဆွဲဖို့ တာဝန်မရှိဘူး ဆိုတဲ့ ပြောကြားချက်ကတော့ တော်တော်လေးကို လွဲချော်နေတာကို တွေ့ရှိရပါတယ်။ ဒါဟာ အရေးပေါ် အစည်း အဝေးတက်ရောက်ခဲ့သူတွေရဲ့ နားလည်သဘောပေါက်ထားမှု ဆိုရင်တော့ ဆက်လက်ရှင်းလင်းရန် အကြောင်း မရှိတော့တဲ့ အခြေအနေပါ။

နောက် ဦးဝင်းမြင့်ရဲ့ ပြောကြားချက်တွေကနေ ဆွဲယူကြည့်မယ် ဆိုရင် (၁) အစိုးရက ဥပဒေကြမ်းပြုစုဖို့ ပေးပို့လာခဲ့အချိန်မှာ လွှတ်တော်ဘာသာလုပ်ဆိုပြီး တင်လာတယ်၊ (၂) ဥပဒေကြမ်း ပူးတွဲပါမလာဘူး၊ (၃) အမှန်ဆိုရင် ဥပဒေကြမ်းပါတင်ရမယ်၊ ဒီလိုတင်မှ လွှတ်တော်က စိစစ်အတည်ပြုနိုင်မယ်၊ (၄) ဒါ့ကြောင့် ဒီလို သ၀ဏ်လွှာပြန်ပို့လိုက်တယ် (ဘော်လီဘောပုတ်လိုက်တယ်) ဆိုပြီး သုံးသပ်ရရှိလာပါတယ်။ လူတိုင်းနားလည် ပါတယ်။ ရှင်းလည်း ရှင်းပါတယ်။ ဒါဆို ကိစ္စပြီးသွားပြီပေါ့။

အခြေခံဥပဒေကို သေချာဖတ်ဖို့လိုပြီ

ဒါပေမယ့် မရှင်းပါဘူး။ ဒါနဲ့ ပြီးမသွားပါဘူး။ ကိစ္စက ဒီလောက်လေး လွယ်လွယ်စဉ်းစားလို့ မရပါဘူး။ သမ္မတ သ၀ဏ်လွှာကို ပြန်ကြည့်ဖို့ လိုပါတယ်။ သမ္မတသ၀ဏ်လွှာမှာ အဓိက ပြောထားတာက (၁)မျိုးစောင့် ဥပဒေ (၄)ခုက အခြေခံဥပဒေ ဇယား (၁)၊ (၂)၊ (၃) မှာ မပါတဲ့ ကိစ္စတွေ ဖြစ်နေတယ်။ (၂) ဒီလိုကိစ္စတွေ ဆိုရင် အခြေခံဥပဒေပုဒ်မ ၉၈ အရ ပြည်ထောင်စုလွှတ်တော်ကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်၊ (၃) ဒါ့ကြောင့် ဥပဒေပြဌာန်းဖို့ ပြည်ထောင်စုလွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုတယ်(ဒါ့ကြောင့် လွှတ်တော်ကိုပို့တယ်) ဆိုတာပါပဲ။

ကဲ ဒီနေရာမှာ အခြေခံစဉ်းစားရမယ့် အချက်(၁)ချက် ရှိပါတယ်။ ဥပဒေကြမ်းတွေကို ဘယ်သူတွေ တင်သွင်း ခွင့် ရှိသလဲ ဆိုတာပါပဲ။ အစိုးရ အပါအ၀င် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ တင်သွင်းခွင့် ရှိတယ်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်း တင်သွင်းခွင့် ရှိတယ်။ ဒါကို အခြေခံဥပဒေ ပုဒ်မ ၁၀၀၊ ၁၃၈၊ ၁၅၈ တွေမှာ ပြဌာန်းထားတာ တွေ့ရှိရပါတယ်။ ပုဒ်မ ၁၀၀(က)မှာ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများသည် ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ပါရှိသော ကိစ္စရပ်များအနက် မိမိတို့ စီမံခန့်ခွဲသည့် ကိစ္စရပ်များ နှင့်စပ်လျဉ်းသည့် ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများ နှင့်အညီ ပြည်ထောင်စုလွှတ်တော် သို့ တင်သွင်းခွင့် ရှိသည်” ဆိုပြီး ပြဌာန်းထားတာကို တွေ့ရှိရပါတယ်။

ဒီပုဒ်မဟာ ပြည်ထောင်စုအစိုးရရဲ့ ဥပဒေကြမ်းတင်သွင်းပိုင်ခွင့်ကို အပ်နှင်းထားတာ ဖြစ်ပါတယ်။ ဒီပေးအပ် ထားတဲ့ တင်သွင်းခွင့်မှာ “ပြည်ထောင်စုဥပဒေပြုစာရင်းတွင်ပါရှိသော ကိစ္စရပ်များ” ဆိုတဲ့ စကားရပ်ကို သတိပြုဖို့ လိုပါတယ်။ တိတိကျကျ ပြောထားတာ ဖြစ်ပါတယ်။ ပြည်ထောင်စုဥပဒေပြုစာရင်းမှာ ပါတဲ့ ကိစ္စ ရပ်မှ ပြည်ထောင်စုအစိုးရက ဥပဒေကြမ်း တင်သွင်းခွင့် ရှိပါတယ်။ ဦးသိန်းစိန် ပြောထားတာက မျိုးစောင့် ဥပဒေလေးခုဟာ ပြည်ထောင်စုဥပဒေပြုစာရင်း(ဇယား ၁)သာမက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း (ဇယား ၂)နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း (ဇယား ၃)တို့မှာ မပါဘူး ဆိုတဲ့အချက်ပါ။

ပြည်ထောင်စုဥပဒေပြုစာရင်းမှာ ပါတဲ့ကိစ္စကိုသာ ဥပဒေကြမ်းတင်သွင်းခွင့် ရှိတယ် ဆိုပြီး အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတွက် ဦးသိန်းစိန်အစိုးရက ဥပဒေကြမ်း ရေးဆွဲခွင့် မရှိဘူး ဆိုတဲ့သဘော ဖြစ်နေပါတယ်။ နောက်တစ်ခါ ဇယား(၂)နဲ့ ဇယား(၃)မှာလည်း မပါဘူး ဆိုပြီး ဦးသိန်းစိန်က ဆက်ပြောထားပါတယ်။ ဒီတော့ ဘယ်သူက ဥပဒေပြဌာန်းရေး ဆောင်ရွက်ရမှာလဲ စဉ်းစားစရာ ဖြစ်လာနေပါတယ်။ သမ္မတ ဦးသိန်းစိန် က အခြေခံဥပဒေ ပုဒ်မ ၉၈ ကို ညွှန်းထားတာ တွေ့ရပါတယ်။ ဒီတော့ ပုဒ်မ ၉၈ မှာ ဘာတွေ ပြဌာန်းထား သလဲ ပြန်ကြည့်ဖို့ လိုလာပါပြီ။

အခြေခံဥပဒေ ပုဒ်မ ၉၈ မှာ “ပြည်ထောင်စု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေပြုစာရင်းများတွင် ဖော်ပြမထားသော အခြားကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ဥပဒေပြုပိုင်ခွင့်အာဏာကို ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းသည်” ဆိုပြီး ပြဌာန်းထားပါတယ်။ ဒါကို ကြွင်းကျန် အာဏာလို့ ခေါ်ပါတယ်။ တိတိကျကျ လုပ်ပိုင်ခွင့် အပ်နှင်း ထားတဲ့အထဲမှာ မပါတဲ့ ကိစ္စရပ်တွေဆိုရင် ပြည်ထောင်စုလွှတ်တော်က လုပ် ဆိုတဲ့သဘောပါ။ ဒါကို ဦးသိန်း စိန်က ပြောချင်တာ လို့ အဓိပ္ပါယ် ဖွင့်လို့ ရပါတယ်။

ဒါပေမယ့် သူရဦးရွှေမန်းရဲ့ သ၀ဏ်လွှာမှာလည်း ပုဒ်မ ၉၈ နဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဥပဒေကြမ်း ပြုစုပေးဖို့ ဆိုထားပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ ဦးဝင်းမြင့်ရဲ့ ဘီဘီစီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း ပြောကြားချက်အရ ဆိုရင် အစိုးရက ဥပဒေကြမ်းနဲ့ တင်ကိုတင်ရမယ်၊ လွှတ်တော်မှာ ဥပဒေကြမ်းရေးဖို့ တာဝန်မရှိဘူး ဆိုပြီး ခံယူထားတာကို ကြည့်ရင် ဒီဘောလီဘောကို ဘယ်သူ ပုတ်တာလဲ စဉ်းစားကြည့်နိုင်မှာ ဖြစ်ပါတယ်။

ပြန်ချုပ်ကြည့်ရင် ဦးသိန်းစိန်က ဒီလိုပြောပါတယ်။

(၁) မျိုးစောင့်ဥပဒေ ၄ ခု ပါ ကိစ္စတွေက ဇယား(၁)(၂)(၃)မှာ မပါဘူး။ [ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁)၊ (၂)နှင့် (၃)]

(၂) ပြည်ထောင်စုအစိုးရက ဇယား(၁)က ကိစ္စတွေကိုပဲ ဥပဒေကြမ်း တင်သွင်းခွင့်ရှိတယ်။ [ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၁၀၀)]

(၃) ဇယား(၁)(၂)(၃)မှာ မပါတဲ့ကိစ္စတွေကို ဥပဒေပြုဖို့ ပြည်ထောင်စုလွှတ်တော်ကို ပေးထား တယ်။ဒီတော့ ပြည်ထောင်စုလွှတ်တော်က လုပ်ရမယ်။ [ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၉၈)]

သူရဦးရွှေမန်းက ဒီလိုပြန်ပြောပါတယ်။

(၁) မျိုးစောင့်ဥပဒေ ၄ ခုပါကိစ္စတွေကို ၀န်ကြီးဌာနများနဲ့ အဖွဲ့အစည်းများက ဥပဒေကြမ်း ပြုစုပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပါ။

(၂) ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းနိုင်ရေး ဆက်ဆောင်ရွက်မယ်။ [ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၉၈)]

သူရဦးရွှေမန်းက မျိုးစောင့်ဥပဒေ(၄)ခုကို ၀န်ကြီးဌာန(၂)ခုနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ ကို ဥပဒေကြမ်းတင်သွင်းပါ ဆိုပြီး ပြောထားတာပါ။ အခြေခံဥပဒေ ပုဒ်မ(၁၀၀)အရ ဇယား(၁)မှာ မပါရင် အဲဒီ ၀န်ကြီးဌာန(၂)ခုရော ပြည်ထောင်စု တရားလွှတ်တော်ချုပ်ပါ ဥပဒေကြမ်းတင်သွင်းလို့ မရပါဘူး။ ဒီလို တင်သွင်းခွင့် မရှိတာကို တင်သွင်းပါ လို့ ပြောနေတာဟာ ဘယ်လိုအနေအထားလဲ သုံးသပ်ဖို့ လိုအပ်နေပါပြီ။ ဒီလို ပုတ်လိုက်တဲ့ ဘော်လီဘောဟာ ကစားပွဲစည်းမျဉ်းစည်းကမ်းနဲ့ ညီသလား ဥပဒေပညာရှင်တွေ အလေး ထား စဉ်းစားဖို့ လိုအပ်လာပါပြီ။

တကယ် ပုတ်တာ ဘယ်သူလဲ

လွှတ်တော်ဟာ ဥပဒေကြမ်း ပြုစုဖို့ တာဝန်မရှိဘူး၊ ဥပဒေကြမ်းတွေ တင်လာတာကို စိစစ်ပေးဖို့သာ တာဝန် ရှိတယ်၊ ဥပဒေကြမ်းရေးဆွဲဖို့ဟာ လွှတ်တော်တာဝန် မဟုတ်ဘူး ဆိုပြီး ရှင်းလင်းပြောကြားသွားခဲ့တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့ ဥပဒေဆိုင်ရာဖွင့်ဆိုချက်တွေကလည်း ဥပဒေပညာရှင်တွေ အလေး ထား သုံးသပ်ရမယ့် အခြေအနေ ဖြစ်နေတာကို တွေ့ရှိရပါတယ်။

ဘောလီဘောတော့ ပုတ်နေပါပြီ။ အပြန်အလှန်ပုတ်တာလား၊ တစ်ဘက်သတ် ပုတ်တာလား။ ဥပဒေ ပညာရှင် တွေ စဉ်းစားဖို့ အချိန်တန်ပါပြီ။ ဒီလိုစဉ်းစားသုံးသပ်လေ့လာကြရာမှ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းအစွဲနဲ့ ကိုယ်ကျိုး စီးပွားတွေ ဘေးဖယ်ထားကြဖို့ လိုအပ်ပါလိမ့်မယ်။ အခုဆိုရင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ထူထောင်ထားတဲ့ လွှတ်တော်စောင့်ကြည့်ရေးအဖွဲ့တွေ ပေါ်လာပါပြီ။

ဥပဒေပညာရှင်တွေ စဉ်းစားရမှာက သာမန်ဥပဒေပြုရေး ကိစ္စ မဟုတ်ဘဲ ကြွင်းကျန်အာဏာ Residual Power နဲ့ ပတ်သက်နေတဲ့ ဥပဒေပြုရေးကိစ္စ ဖြစ်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်နေတဲ့အချိန်မှာ အထူးအလေးအနက်ထားဖို့ လိုပါတယ်။ ပြည်နယ်နဲ့ ပြည်ထောင်စုအကြား အာဏာခွဲဝေမှုကို သတ်မှတ် ပြဌာန်းပေးတဲ့ ပြဌာန်းချက် Residual Power ဖြစ်နေတဲ့အတွက် နောင်အစဉ်အဆက် စံနမူနာယူစရာအဖြစ် သမိုင်းမှာ တွင်ရစ်ခဲ့မယ့်ကိစ္စ ဖြစ်ပါတယ်။ ဥပဒေပြုရေး ကိစ္စတွေနဲ့ပတ်သက်လို့ တိတိကျကျ သတ်မှတ်ပေး ထားတာ မရှိရင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ နောင်မှာ ရင်ဆိုင်ရမယ့် ပြဿနာတွေအတွက် သာဓကတစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဥပဒေကြောင်းအရရော၊ ဥပဒေပြုရေးကိစ္စအတွက်သာမက နောင်အစဉ်အဆက် အငြင်းပွားမှုတွေအတွက်ပါ သာဓကဖြစ်လာမယ့် ဒီလိုကိစ္စမျိုးကို ဘော်လီဘောပြိုင်ပွဲနဲ့ နိဂုံးချုပ်ပစ်ဖို့ မသင့် ပါဘူး ဆိုတာကိုပဲ အလေးအနက်ထား တင်ပြလိုက်ရပါတယ်။

ဆောင်းနက်
The Messenger ဂျာနယ် အတွဲ ၄ ၊ အမှတ်(၄၁) မှ ကူးယူဖော်ပြသည်

မြန်မာ့နိုင်ငံရေးဆောင်းပါးများ (facebook)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template