
နေပြည်တော်၊ မတ် ၆
အမျိုးသားအဆင့် ပညာရေး ဆွေးနွေးပွဲ ရလဒ်များပေါ် မူတည်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခြေခံနှင့် အဆင့်မြင့်ပညာရပ် ဆိုင်ရာ အခြေခံကျသော ပြုပြင် ပြောင်းလဲမှုများ စတင်မည် ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင် ပြောင်းလဲရေး ဆွေးနွေးပွဲတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အကြံပြုခဲ့ကြသော အချက်အလက် များကို အမျိုးသားပညာရေး ဥပဒေ နောက်ဆုံးအဆင့် မူကြမ်းတွင် ထည့်သွင်းပြီး အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ ယခုနှစ်အတွင်း တင်သွင်းသွားရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် ရေးဆွဲထားသော ပညာရေး မူဝါဒများကို အတည်ပြုပြီးလျှင် အကောင်အထည် ဖော်မှု အစီအစဉ်ပါ တစ်ဆက်တည်း စတင်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။
“မူဝါဒထဲမှာ ပါမှ အသုံးစရိတ် ရမှာမို့ လုပ်ငန်းစဉ် အလိုက် လုပ်သွားတာပါ” ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က ပြောဆိုသည်။
သို့သော် ရေတိုနှင့် လတ်တလော ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ပြောကြားခြင်း မရှိချေ။
လာမည့် ပညာသင်နှစ်တွင် မူလတန်းနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူတိုင်းကို ပြဋ္ဌာန်းစာအုပ် အခမဲ့ ဖြန့်ဝေပေးခြင်း၊ တတ်မြောက်မှု စာမေးပွဲစနစ် ပြောင်းလဲခြင်းနှင့် အခြေခံပညာ ကျောင်းများ အသုံးစရိတ် တိုးမြှင့်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။
ထို့အပြင် မသင်မနေရ ပညာရေးကိုမူ ဥပဒေ ရေးဆွဲပြီးမှသာ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။
ပညာရေး ဝန်ကြီးဌာနအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၆၈ ဘီလီယံကျော် သုံးစွဲရန် လျာထားကြောင်း အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက် (မူကြမ်း) တွင် ဖော်ပြထားသည်။
The Voice Weekly