Headlines News :
Home » » ဟောင်ကောင်သို့ မြန်မာအမျိုးသမီး အိမ်အကူ ၂၀၀ ခန့် ထပ်ပို့မည်

ဟောင်ကောင်သို့ မြန်မာအမျိုးသမီး အိမ်အကူ ၂၀၀ ခန့် ထပ်ပို့မည်

Written By လွင့်မောင်မောင် on Thursday, March 6, 2014 | 8:11 PM

 
ရန်ကုန်၊ မတ် ၅

ဟောင်ကောင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ရန် မြန်မာအမျိုးသမီး ၂၀၀ ခန့်ကို ယခုနှစ်အတွင်း ထပ်မံစေလွှတ်မည် ဖြစ်ကြောင်း Gold Mine ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ အထွေထွေ မန်နေဂျာ ဦးသန့်ဇင်ဦးက ပြောကြားသည်။

အိမ်အကူ စေလွှတ်မှုနှင့် ပတ်သက်၍ Gold Mine ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီရုံးခန်းတွင် မတ်လ ၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ဟောင်ကောင်သို့ မြန်မာအမျိုးသမီး အိမ်အကူ ၂၀၀ စေလွှတ်ရန် ၂၀၁၃ခုနှစ် နိုဝင်ဘာလက ခွင့်ပြုချက်ရခဲ့ပြီး ယင်းအနက် ၁၉ ဦးကို ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စတင်စေလွှတ်ခဲ့ကြောင်း၊ စေလွှတ်ခွင့် ခွင့်ပြုချက်မှာ တစ်နှစ်သာ သက်တမ်းရှိသဖြင့် ယင်းသက်တမ်း မကုန်မီ အမျိုးသမီး ၂၀၀ စေလွှတ်သွားမည် ဖြစ်ကြောင်း ဦးသန့်ဇင်ဦးက ဆိုသည်။

မြန်မာအမျိုးသမီးများ ဟောင်ကောင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်လျက် ရှိသော်လည်း တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခြင်း မဟုတ်၍ အခွင့်အရေး အပြည့်အဝ မရရှိသောကြောင့် အခွင့်အရေး အပြည့်အဝ ရရှိရန် တရားဝင် ခွင့်ပြုချက်ဖြင့် စေလွှတ်ခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အမျိုးသမီး ၁၈ ဦး ဟောင်ကောင်သို့ သွားရောက်ခွင့် ရရှိရန် ဗီဇာရရှိထားပြီး ဖြစ်ပြီး အလုပ်သမားကတ် (Smart Card) ရရှိရန် စောင့်ဆိုင်းနေကြာင်း၊ အမျိုးသမီး ၅၀ ကျော်မှာ အိမ်အကူသင်တန်း ပြီးဆုံးသွားပြီ ဖြစ်ပြီး ၆၀ခန့်မှာ သင်တန်းတက်နေကြောင်း အဆိုပါ အေဂျင်စီက ဖွင့်လှစ်ထားသည့် အိမ်အကူ သင်တန်းကျောင်း၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖုန်းမြင့်က ပြောကြားသည်။

ဟောင်ကောင်တွင် အခွင့်အရေးချိုး ဖောက်ခံရမှု၊ အကြမ်းဖက်ခံရမှုများ မဖြစ်ပွားစေရန် စောင့်ကြည့်သွားမည် ဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးရန် ဟောင်ကောင်တွင် မြန်မာဝန်ထမ်း လေးဦး ခန့်ထားကြောင်း၊ အရေးပေါ် ဆက်သွယ်အကူအညီ တောင်းနိုင်ရန် ဖုန်းနံပါတ် များကိုလည်း အိမ်အကူများကို ပေးထားကြောင်း ဦးသန့်ဇင်ဦးက ဆိုသည်။
“တစ်ရက်တစ်ကြိမ် ဖုန်းဆက်မယ်။ တစ်ပတ်တစ်ကြိမ် လူကိုယ်တိုင် သွားတွေ့မယ်” ဟု ၎င်းက ပြောဆိုသည်။

မြန်မာအိမ်အကူများကို တရုတ်နှင့် အင်္ဂလိပ် ဘာသာစကား၊ အိမ်တွင်းမှု အတတ်ပညာများကို သုံးလခန့် သင်တန်းပေးကာ စေလွှတ်ခြင်း ဖြစ်ကြောင်း၊ လုပ်အားခ တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၄၀၁၀ (မြန်မာငွေကျပ် ငါးသိန်းဝန်းကျင်) ရရှိမည်ဖြစ်ပြီး ဝန်ဆောင်ခအဖြစ် သင်တန်းစရိတ် အပါအဝင် အပြီးအစီး အမေရိကန်ဒေါ်လာ ၁၅၀၀ ကို အရစ်ကျစနစ်ဖြင့် အိမ်အကူများထံမှ ဖြတ်ယူမည် ဖြစ်ကြောင်း Gold Mine အေဂျင်စီထံမှ သိရှိရသည်။

ဟောင်ကောင်သို့ ဖိလစ်ပိုင်နိုင်ငံက အိမ်အကူ စေလွှတ်မှု နည်းပါးသွားပြီး အင်ဒိုနီးရှားက အိမ်အကူ စေလွှတ်မှုကို ရပ်ဆိုင်းလိုက်သဖြင့် မြန်မာအိမ်အကူများကို ခေါ်ယူလာခြင်း ဖြစ်သည်။ အလုပ်ရှင်က အင်ဒိုနီးရှား အိမ်အကူ အမျိုးသမီးတစ်ဦးကို လုပ်အားခ မပေးသည့်အပြင် ရိုက်နှက် နှိပ်စက်မှုကြောင့် အိမ်အကူများကို အကြမ်းဖက်မှု ရပ်တန့်ရန် ဇန်နဝါရီလအတွင်းက ဟောင်ကောင်တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

မြန်မာအိမ်အကူများကို စင်ကာပူနိုင်ငံသို့လည်း တရားဝင် စေလွှတ်ခွင့်ပြုထားသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template