Headlines News :
Home » » မဟာသန္တိသုခကျောင်းတိုက်၌ လက်ရှိသီတင်းသုံးနေသော ဆရာတော်များမှာ ၀ိနည်းနှင့်အညီ နေထိုင်ခြင်း မရှိသောကြောင့် ကျောင်းအားချိပ်ပိတ်ပြီး စစ်ဆေးအရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သမ္မတရုံးအကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်ပြောကြား

မဟာသန္တိသုခကျောင်းတိုက်၌ လက်ရှိသီတင်းသုံးနေသော ဆရာတော်များမှာ ၀ိနည်းနှင့်အညီ နေထိုင်ခြင်း မရှိသောကြောင့် ကျောင်းအားချိပ်ပိတ်ပြီး စစ်ဆေးအရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သမ္မတရုံးအကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်ပြောကြား

Written By လွင့်မောင်မောင် on Thursday, June 12, 2014 | 11:33 PM

Written by: 
မင်းသိန်းနိုင်၊ အောင်ကျော်ထက်၊ ရှိုင်းလင်းအောင်
မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ သမိုင်းကြောင်းတစ်လျှောက် အရုပ်ဆိုး အကျည်းတန်စေခဲ့သော ၂၀၀၇ သံဃာအရေးအခင်းဖြစ်စဉ် ကာလအတွင်း သာသနာရေးဝန်ကြီးဌာန၌ အကြံပေးအဖြစ် ထမ်းဆောင်ခဲ့သော ဦးအံ့မောင် (၀ဲ-ဒု)ကို အခြားတာဝန်ရှိသူများနှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်ရှိ လက်ရှိသီတင်းသုံးနေသည့် ဆရာတော်များမှာ ၀ိနည်းနှင့်အညီ နေထိုင်ခြင်း မရှိသောကြောင့် စစ်ဆေးအရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါကျောင်းတိုက်ကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဦးအံ့မောင်က ပြောကြားသည်။

“၀ိနည်းတော်နဲ့အညီ မနေတဲ့ သံဃာတော်တွေကို ရှင်းလင်းတာဖြစ်တယ်။ သူတို့က အေးအေးဆေးဆေး မနေဘူး။ အဲဒီမှာရှိတဲ့ သူတွေကို ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ကျောင်းတိုက်ကသော့တွေ၊ အခန်းတံခါးသော့တွေကို တောင်းတယ်။ ကျောင်းထဲမှာရှိတဲ့ သံဃနာယကအဖွဲ့ ဆရာတော်တွေကိုလည်း အသားနာသွားအောင် ပြုလုပ်မယ်လို့ ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ဒီလို ပြောရတယ် ဆိုတာကလည်း သက်သေအထောက်အထားတွေရှိလို့ ပြောရတာ ဖြစ်တယ်။ ဒီကျောင်းတော်ထဲမှာတင် ပီနန်ဆရာတော်ကို တစ်ပါးတည်း အာဂန္တုအနေနဲ့ သီတင်းသုံးနေခွင့် ပြုခဲ့ပေမယ့် သူက သူ့နောက်သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေကိုပါ ကျောင်းတော်ကြီးထဲမှာလည်း နေစေခဲ့တယ်” ဟု နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဦးအံ့မောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် “ခင်ဗျားတို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ စစ်ဆေးဆုံးဖြတ်ချက်ကို လက်မခံဘူးဆိုရင် ကြိုက်တဲ့တရားရုံးမှာ သွားပြီး တရားစွဲလို့ ရတယ်” ဟု ၎င်းက ယင်းရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ ဖြစ်ရပ်မှန် အခြေအနေများကို သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်းက ရှင်းလင်းပြောကြားရာတွင် “ပီနန် ဆရာတော်ကြီးနှင့် တပည့်သံဃာတော်များသည် နိုင်ငံတော်သံဃမဟာနာယကပိုင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ၀င်ရောက်စွက်ဖက်ခြင်း၊ သင်တန်းမှူး ဆရာတော်နှင့် ၀န်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အပေါ် စွပ်စွဲပုပ်ခတ်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ခြင်း၊ ပီနန်ဆရာတော်ကြီးအား အာဂန္တုတစ်ပါးတည်းသာ သီတင်းသုံးနေထိုင်ခွင့် ပြုသော်လည်း ဆရာတော်ကြီးမှ နောက်လိုက်သံဃာတော်နှင့် လူပုဂ္ဂိုလ်များကို ကျောင်းပေါ်တွင် အင်အားသုံး နေထိုင်စေခြင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သော တရားစွဲဆိုမှု ပြုလုပ်မည်ဟု သတင်းစာများတွင် အတိအလင်း ဖော်ပြခဲ့ခြင်း၊ အနာဂတ်တွင် မလိုလားအပ်သည့် ပဋိပက္ခအသွင်ဆောင်သော ဖြစ်စဉ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ သံဃာအဖွဲ့အစည်းအတွင်း ညီညွတ်မှု ပျက်ပြားလာနိုင်ခြင်း၊ အလားတူဖြစ်စဉ်များ ပေါ်ပေါက်လာပါက ဆောင်ရွက်ရန် ခက်ခဲခြင်း အစရှိသည်တို့ကြောင့် နိုင်ငံတော်သံဃမဟာနာယအဖွဲ့သည် သံဃာထု တစ်ရပ်လုံး၏ ကိုယ်စား အရေးယူ ဆောင်ရွက်ရန် လိုအပ်လာသဖြင့် ယင်းလိုအပ်ချက်နှင့်အညီ တိုင်းသံဃနာယကအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရတို့မှ ပီနန်ဆရာတော် ဦးပညာဝံသနှင့် အပေါင်းအပါများအား အပြီးအပိုင် ဖယ်ရှားဆောင်ရွက်ရန် မဟနမှ ညွှန်ကြားခဲ့မှုကြောင့် ၂၀၁၄ ခုနှစ် ဇွန် ၁၁ ရက်ညပိုင်းတွင် ခွင့်ပြုချက်မရဘဲ သီတင်းသုံးနေသည့် သံဃာများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ခန့်အပ်ထားသည့် သင်တန်းမှူး ဆရာတော်များနှင့် ဂေါပကအဖွဲ့များကို ဖယ်ရှားရှင်းလင်း၍ ချိပ်ပိတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အဆိုပါကျောင်းတော်ကြီး၌ ခွင့်ပြုချက်မရှိဘဲ သီတင်းသုံးနေထိုင်သည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား လုပ်ထုံးနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီး၏ တပည့် ဒါယိကာမဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်သန်းနွယ်အား မေးမြန်းရာ “သူတို့ ရှင်းသွားတာတွေက လုံးဝ အဓိပ္ပာယ်မရှိဘူး။ တစ်ဖက်စောင်းနင်း ဖြစ်နေတယ်။ ပြီးတော့ ကျွန်မထောက်ပြချင်တာက သူတို့ စွပ်စွဲတဲ့ လူတွေထဲမှာ ကျောင်းထဲမှာနေထိုင်ပြီး ဘုန်းကြီးတွေနဲ့ ရောရောဝင်ဝင် နေနေတယ်ဆိုတဲ့ အချက်ကိုပါ။ ရန်ကုန်တိုင်းထဲမှာရှိတဲ့ ဘုန်းကြီးကျောင်း တော်တော်များများမှာ လူတွေ၊ သီလရှင်တွေက အတူတူနေထိုင် သီတင်းသုံး နေကြတာချည်းပါပဲ။ အဲဒီလိုမျိုး တစ်ဖက်သတ်စွပ်စွဲတာ လုံးဝအဓိပ္ပာယ် မရှိဘူး။ ပြီးတော့ ကျောင်းတိုက်မှာ တာဝန်ရှိတဲ့ ပီနန် ဆရာတော်ကြီး မရှိတဲ့အချိန်မှာ အခုလိုလုပ်တာဟာ လုံးဝမတရားဘူးလို့ ပြောချင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားက ပီနန် ဆရာတော်ကြီး ပြန်ရောက်မှဘဲ ဆရာတော် ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်သွားမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ပီနန်ဆရာတော်ကြီး၏ တပည့်ဒါယိကာမဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဒေါ်လှလှမိုးကလည်း “ဒီသတင်းစာရှင်းလင်းပွဲမှာ သူတို့ရှင်းလင်းချက်တွေဟာ အမှန်နည်းနည်းသာ ပါသလို အမှားတွေက ပိုများနေတယ်။ သူတို့ ရှင်းပြချက်တွေကို ကျွန်မတို့ လုံးဝယုံကြည်ချက် မရှိဘူး။ ပီနန် ဆရာတော်ကြီးက ဒီကျောင်းကို အစစအရာရာ ကောင်းမွန်အောင် လုပ်ဆောင်ခဲ့တယ်ဆိုတာ ကျွန်မတို့ ကျောင်းဒကာ၊ ဒါယိကာမတွေ အကုန်လုံးသိတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ဇွန် ၁၀ ရက် ည ၁၀ ခန့်မှစတင်၍ ၀င်ရောက်ကာ ကျောင်းတိုက်အား ချိပ်ပိတ်ပြီး အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော်ခုနစ်ပါးနှင့် ကျောင်းတိုက်ထဲတွင် နေထိုင်သည့် လူများကိုလည်း ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီးတို့အကြား အငြင်းပွားလျက်ရှိသော မဟာသန္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရက ဖြေရှင်းပေးရန် ပီနန်ဆရာတော်ကြီးက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template