Pages

Saturday, August 16, 2014

စဥ့်ကူး ညောင်ဝန်းရွာသားတွေ အမှုဖွင့်တိုင်ကြားမှု ရဲစခန်း လက်မခံ

 
သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး စဥ့်ကူး မြို့နယ် ညောင်ဝန်း ကျေးရွာမှာ ရဲတပ်ဖွဲ့ဝင် တွေနဲ့ ရွာသားတွေ အကြား ပဋိပက္ခ ဖြစ်ခဲ့ကြရာမှာ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ် ဖေါက်ခဲ့တဲ့ အတွက် ကျေးရွာသားတချို့ ဒဏ်ရာရ ခဲ့တာကြောင့် စဥ့်ကူးမြို့နယ် လက်ပံလှ ရဲစခန်းမှာ ရွာသားတွေက သွားရောက်အမှု ဖွင့်ရာမှာ လက်မခံခဲ့ ဘူးလို့ သိရပါတယ်။

မနေ့က ရဲစခန်းမှာ အမှုသွားဖွင့်ရာမှာ ပါဝင်ခဲ့တဲ့ ညောင်ဝန်းရွာသူ မဌေးကြွယ်က RFA ကိုပြောပါ တယ်။

"အကြမ်းဖက်ပုံစံမျိုး ကျမတို့ရွာကို ဒီလိုဝင်လုပ်သွားတဲ့အတွက် ထိထိရောက်ရောက်လည်း အရေးယူစေချင်တယ်၊ ပစ်မိန့်ပေးတဲ့လူကိုလည်း ကျမတို့တွေက သိချင်ပါတယ်၊ ဘာအတွက်နဲ့ ကျမတို့ကို ပစ်မိန့်ပေးတာလဲဆိုတာကို ကျမတို့ဘက်က သိချင်ပါတယ်၊ အဲဒါကတော့ ကျမတို့ တစ်ရွာလုံးပါပဲ၊ အဲဒီရဲစခန်းကို ကျမတို့ဘက်က အမှုပြန်ဖွင့်မယ်၊ သူတို့ဘက်က အမှုဖွင့်တာ လက်မခံဘူးဆိုရင် မြို့နယ်တရားရုံးတက်ပြီးတော့ တရားစွဲဆိုသင့်ရင် တရားစွဲဆိုမှာပါရှင့်"

မန္တလေးတိုင်း ရဲမှူးတွေကိုယ်တိုင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေအကြား မနေ့က လာရောက်ညှိနှိုင်းပေးခဲ့စဉ်တုန်းက ပြေလည်မှုရရှိခဲ့ကြတယ်လို့ သိရပါတယ်။မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်ယာမြေတွေမှာ ၀င်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူ ၁၅ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ၀ရမ်းထုတ်ထားတဲ့အတွက် အဲဒီရွာသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် ၀င်ရောက်ဖမ်းဆီးရင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြတာပါ။

ရဲတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ ပစ်ဖောက်ခဲ့တဲ့အတွက် ရွာသား ၄ ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြသလို ညောင်ဝန်းကျေးရွာသူ အမျိုးသမီးတစ်ဦး ခြေထောက်မှာ ဒဏ်ရာရခဲ့တဲ့အတွက် မန္တလေးမြို့ ပြည်သူ့ဆေးရုံမှာ တင်ထားရပါတယ်။

RFA Burmese

ထွန်တုံးတိုက်ပွဲဆင်သူတို့ကို သမအသင်း တရားစွဲ

သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာက လယ်သမား အများအပြား  ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇  နဲ့   သမဝါယမက တရားစွဲလိုက်ပါပြီ။ 

 


 အမှတ်(၃) သမဝါယမလီမီတက်မှ စိုက်ပျိုးရေးတာဝန်ခံ ဦးစိုးလှက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

            ဒီလယ်တွေကို စစ်အစိုးရလက်ထက်ကတည်းက သိမ်းယူခဲ့တာပါ။ အရပ်သားအစိုးရ တက်လာချိန်မှာ မူလ ပိုင်ရှင်တွေက ပြန်လိုချင်၊ လက်ရှိ လုပ်ပိုင်ခွင့်ယူထားသူတို့ကလည်း လက်မလွှတ်ချင်တဲ့အတွက် အငြင်းပွားမှုဖြစ်ပွားနေတဲ့ လယ်မြေတွေလို့ ဆိုရပါမယ်။ 

  အငြင်းပွားမှုဖြစ်ပွားနေတဲ့ လယ်မြေတွေမှာ   သွားရောက်ထွန်ယက်ခဲ့တဲ့အတွက်  အခုလို တရားစွဲဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစတင်ပြီး ထွန်တုံးတိုက်ပွဲဆင်နွှဲသူ တောင်သူ (၇၀) ကျော်ထဲမှ ၁၁ ဦးကို တရားစွဲပါတယ်။ ဒီတိုက်ပွဲမှာ ပါဝင်တဲ့ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား (၁၅) ဦးခန့်ထဲကနေ ကိုမင်းသွေးသစ်တဦးတည်းကိုပဲ ရွေးချယ်တရားစွဲဆိုခဲ့ဖြစ်တယ်လို့ ကိုမင်းသွေးသစ်က ပြောပါတယ်။

            “ ၁၂ ရက်နေ့က ကျနော် သဲကုန်းတရားရုံးကို အောင်ကုန်းရွာက တောင်သူတွေ  ၅၀၅ (ခ)နဲ့ တရားစွဲခံထားရတဲ့ ရုံးချိန်းကို လာတော့ ကျနော့်ကို ရဲက ဖမ်းတယ်။ ကျနော်က ဖမ်းဝရမ်းတောင်းတော့ သူတို့ပြတယ်။ အဲဒိ ဖမ်းဝရမ်းက ရက်စွဲက ကျနော့်ကို တရားရုံးမှာ မြင်မှ ကောက်ခါငင်ကာရေးလိုက်တဲ့ ဖမ်းဝရမ်းဖြစ်နေတယ်။ အဲဒီအထဲက ရက်စွဲက ကျနော်ကို ဖမ်းတဲ့ရက်စွဲနဲ့ တရက်တည်းဖြစ်နေတယ်။ အဲဒီတော့ သဲကုန်းမြို့နယ်က အုပ်ချုပ်ရေးအပိုင်းက တရားစီရင်ရေးအပိုင်းကို လိုသလို အသုံးချလို့ရတယ်ဆိုတာ သိသာနေတယ်”

            ပထမဆုံးရုံးချိန်းကို  သြဂုတ်လ ၁ ရက်နေ့က ခေါ်ယူခဲ့တာပါ။ ရုံးချိန်းပျက်ကွက်ခဲ့တဲ့    ကိုမင်းသွေးသစ်ကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့တယ်လို့ ဆိုတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့    ကျပ် ခြောက်သိန်းနဲ့ အာမခံ ယူထားကြောင်း သူက ဆက်ပြောပါတယ်။ 
တောင်သူတွေကတော့ တဦးကို ကျပ် ငါးသောင်းနှုန်းနဲ့ အာမခံ ယူထားရကြောင်း သိရပါတယ်။

 သောကြာနေ့   ဒုတိယအကြိမ်မြောက် ရုံးချိန်းကို တရားစွဲခံရသူများ တက်ရောက်ခဲ့ပါတယ်။ သို့သော်လည်း တရားလို ဦးစိုးလှ ရောက်မလာပါ။  ရုံးချိန်း နှစ်ချိန်းစလုံး ဦးစိုးလ မလာရောက်တဲ့အတွက် တရားစွဲခံရသူများမက နစ်နာမှုတွေ ရှိကြောင်းပြော တရားစွဲခံရသူ ကိုဝမ်းဇော်က ပြောပါတယ်။

“သူတို့ကလည်း တရားစွဲသေးတယ်။ ပထမရုံးချိန်းရော ဒုတိယရုံးချိန်းရော မလာဘူး။ ကျနော်တို့ အပြင်မှာ အလုပ်ထွက်လုပ်ရင် တရက်ကို ၂,၅၀၀ ရတယ်။ အလုပ်ပျက်ခံပြီး ကျနော်တို့ဘက်က ရုံးချိန်းလာတယ်။ သူတို့ဘက်က မလာဘူး၊ နောက်တချိန်းကို တရားရုံးက ဆင့်ခေါ်စာနဲ့ ခေါ်ပေးဖို့ ကျနော်တို့ တောင်းဆိုထားတယ်။ အဲဒါမှ မလာဘူးဆိုရင် ကျနော်တို့ကိုလည်း တရားရုံးက ထပ်ခေါ်ဖို့ မစဉ်းစားနဲ့တော့”

လယ်သမားတွေနဲ့  သမအသင်းတို့ အငြင်းပွားမှုဖြစ်ပွားနေတဲ့ လယ်ယာမြေတွေကို ၁၉၉၉   ဧပြီ (၇) ရက်နေ့က ပြည်ခရိုင်ဦးစီးမှူးကိုယ်တိုင် အောင်ကုန်း၊ သင်တော၊ ကစွန်းအင်း၊ ရင်းတိုက်တန်း၊ နှောကုန်း၊ ဆောက်ခြုံကြီးကျေးရွာတွေတဝိုက် လယ် ၁၁၅၉.၅၅ ဧကကို ရေနက်ကွင်း ဖေါ်ထုတ်ဖို့ သိမ်းခဲ့တာပါ။ 

  သမ အသင်းက ၂၀၀၁ နှစ်မှာ စတင်လွှဲပြောင်းရယူပါတယ်။  ငါးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နေပါတယ်။

အဲဒီဒေသ  လယ်ဧက (၈၀၀) ခန့်ကိုလည်း အင်းမအခြေစိုက် တပ်မ (၆၆)က သိမ်းယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ကောင်းမြတ်မင်း
ဧရာဝတီblog

မွန်ပြည်နယ်အတွင်း ထားဝယ် - ရန်ကုန် ခရီးသည်တင်ယာဉ် ၁၂ စီးခန့် လေးခွအပစ်ခံရ

Displaying DSCF6970.JPG
  လေးခွဖြင့် အပစ်ခံထားရသဖြင့် မှန်အက်နေသည့် ယာဉ်ကို တွေ့ရစဉ်
 Displaying DSCF6975.JPG
|Dawei Watch| ထားဝယ်၊ သြဂုတ် ၁၆
ထားဝယ် - ရန်ကုန် ခရီးသည်တင်ယာဉ် ၁၂ စီးထက်မနည်း သြဂုတ်လ ၁၅ ရက်နေ့ ည ၁၁
နာရီဝန်းကျင်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ဖြတ်သန်းစဉ်
လေးခွဖြင့် အပစ်ခံခဲ့ရကြောင်း ရန်ကုန်-ထားဝယ်ယာဉ်လိုင်းများမှ
ယာဉ်မောင်းနှင့်ယာဉ်လိုက်များက ပြောကြားသည်။
သံဖြူဇရပ်မြို့နယ်၊ ၀ဲခမိကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာနှင့်
အေးသာယာကျေးရွာအကြား မိုင်တိုင်အမှတ် ၆၁ မိုင်တိုင်အနီးတွင် လူနှစ်ဦးက
တောင်ကုန်းနဘေးတစ်ဖက်တစ်ချက်ရှိ ရော်ဘာခြံနှင့် ညအမှောင်ကို အမှီပြုကာ
လေးခွဖြင့် ပစ်ခတ်ခဲ့၍ ရန်ကုန်မှ ထားဝယ်သို့ ပြေးဆွဲလာသည့်
ခရီးသည်တင်ယာဉ် ၈စီးနှင့် ထားဝယ်မှ ရန်ကုန်သို့ ပြေးဆွဲလသည့်
ခရီးသည်တင်ယာဉ် ၄စီး အထက်မနည်း ပစ်ခံရကြောင်း ၄င်းတို့က ရှင်းပြသည်။
“လအရောင်အောက်မှာ လေးခွနဲ့ပစ်မယ့် လူနှစ်ယောက်ကို တွေ့လိုက်တာနဲ့
ခရီးသည်တွေ ကားအပေါ်မှာ ၀ပ်လိုက်လို့ ခရီးသည်တွေမထိဘဲ့ မှန်
နှစ်ချပ်ကိုထိပြီး ကွဲသွားတယ်” ဟု ရွေဝယ်ရတနာခရီးသည်တင်ယာဉ်မှ ယာဉ်လိုက်
ကိုလှဝေက ဆိုသည်။
အဆိုပါလမ်းပိုင်းဧရိယာအတွင်း ယခုနှစ်ပိုင်းအတွင်း သံဖြူဇရပ်မြို့အထွက်
ရထားလမ်းနေရာ၊ တံတားညီနောင်နေရာ၊ လိမ္မော်ခြံနေရာတို့တွင်
ခရီးသည်တင်မော်တော်ယာဉ်များကို ကျောက်ခဲများဖြင့် ပစ်ခံရသည့် ဖြစ်စဉ်များ
ဖြစ်ခဲ့ဖူးပြီး ယခုအကြိမ်မှာ ခရီးသည်တင်ယာဉ်အများစုကို ဆက်တိုက်ပစ်ခံ
ခဲ့ရခြင်းဖြစ်ကြောင်း ထားဝယ်အခြေစိုက်ယာဉ်လိုင်းများ
ထံမှ သိရသည်။
လေးခွဖြင့်ပစ်သူများသည် ယာဉ်တစ်စီးပစ်ပြီးလျှင် လမ်းနဘေးရှိ
ရော်ဘာခြံအတွင်းသို့ ပြေးဝင်သွားခဲ့ပြီး ပြန်ထွက်လာကာ နောက်ယာဉ်တစ်စီးကို
ထပ်မံပစ်ခြင်းဖြစ်ကာ ယာဉ်အများစုမှာ နှစ်ချက်စီထိမှန်ခဲ့သည်ဟု သိရသည်။
ထိုသို့ခရီးသည်တင်ယာဉ်များ ပစ်ခံရခြင်းအား
ရန်ကုန်-ထားဝယ်ပြည်ထောင်စုလမ်းမကြီးနဘေး ရေးမြို့နယ်ဧရိယာ
၊စံပြကျေးရွာရှိ DKBA လက်နက်ကိုင်အဖွဲ့အစည်းနှင့် ရေးမြို့အထွက်
မွန်လက်နက်ကိုင်အဖွဲအစည်းတို့ကို သတင်းပို့ တိုင်ကြားခဲ့ကြောင်း
ယာဉ်လိုက် ကိုလှဝေက ပြောဆိုသည်။
“ဒီလမ်းပိုင်းမှာ ညဖက်ဆိုင်ကယ်မြင်ရင် လမ်းနဘေးလူမြင်ရင် ကြောက်နေရတယ်။
ညဖက်ခရီးသွားနေရလို့ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာချင်တယ်” ဟု
လေးခွနဲ့နှစ်ချက်ပစ်ခံရသော မိုးကောင်းကင်ခရီးသည်တင်ယာဉ်မှ
ယာဉ်မောင်းတစ်ဦးက ဆိုသည်။
မော်တော်ယာဉ်များ ပစ်ခံရခြင်းကို စုံစမ်းကာ မှတ်တမ်းပြုစုပြီး သက်ဆိုင်ရာ
အဖွဲ့အစည်းများသို့တင်ပြကာ အဖြေမှန်ဖော် ထုတ်နိုင်ရေးအတွက်
လုပ်ဆောင်သွာမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်ပုဂ္ဂလိက
ယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဌ
ဦးပိုသိန်း က ပြောသည်။
ယင်း ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုကာ ရန်ကုန်-မော်လမြိုင်-ထားဝယ်
ခရီးသည်တင်ယာဉ်လိုင်း ၂၀လိုင်း ပြေး ဆွဲလျက်ရှိသည်။

မြန်မာ့ဆက်သွယ်ရေး MPT ကို ကန်ဒေါ်လာ သန်း ၁၉၀ နီးပါး ရလိုမှုဖြင့် တရားစွဲမည့် I.I (WS) Limited ဌာနေ ကိုယ်စားလှယ် ဒေါက်တာမြတ်နုခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

““ကိုယ်ဆုံးရှုံးတာကို လူတိုင်းက ပြန်လိုချင်တာပဲလေ… အဓိက ဂုဏ်သိက္ခာပါ””

ဂျပန်က ၂ ဘီလီယံ ပေးလိုက်တဲ့ ပိုက်ဆံတွေက ဘာလုပ်မလဲ ဆိုတဲ့ မေးခွန်းရှိတယ်။ ၂ ဘီလီယံပေးလို့ ဂြိုဟ်တု (၁၅)လုံး၊ အလုံး (၂၀)တင်ပေမယ့်လည်း You are under sanction, don’t forget ဆိုတာ ရှိသေးတယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် West SAMOA အခြေစိုက် I.I (WS) Limited တို့သည် အဆိုပါ Limited ၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာမြတ်နုခိုင်၏ ကြားဝင် စေ့စပ် ညှိနှိုင်းမှုများအရ ဖိလစ်ပိုင်မှ အိန္ဒိယနိုင်ငံသို့ တယ်လီဖုန်း ခေါ်ဆိုမှုများကို မြန်မာနိုင်ငံက ကြားခံအဖြစ် ဆက်သွယ်ပေးရေး ဆိုင်ရာ သဘောတူညီချက် စာချုပ်တစ်ရပ်ကို ၂၄-၁၁-၁၉၉၉ ရက်နေ့တွင် ထိုစဉ်က ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်ဝင်းတင် ရှေ့မှောက်တွင် လက်မှတ်ရေးထိုး ခဲ့ကြသည်။

ယင်းသဘောတူ စာချုပ်အရ I.I (WS) Limited ၏ ဖိလစ်ပိုင်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဖုန်းခေါ်ဆိုမှုများ ကို မြန်မာနိုင်ငံက ငှားရမ်းထားသော ဂြိုဟ်တု ထရန်စပွန်ဒါကို အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး တစ်လလျှင် ခေါ်ဆိုမှု မိနစ် တစ်သန်းဖြင့် ခုနစ်နှစ်အထိ သုံးစွဲခွင့်ရမည် ဖြစ်သည်။

အဆိုပါစာချုပ် လက်မှတ်ရေးထိုးပြီးနောက်တွင် MPT ဘက်မှ စာချုပ်ပါ သဘောတူညီချက်များကို တစ်ဖက်သတ် ရပ်ဆိုင်းခဲ့ရာ I.I (WS) Limited ၏ဌာနေကိုယ်စားလှယ် ဒေါက်တာမြတ်နုခိုင်မှာ စီးပွားရေး ဆုံးရှုံးမှု၊ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမှုဆိုသည်မှာ ယခင်အစိုးရ လက်ထက်အတွင်း ၎င်းအား မြန်မာပြည် သို့ ပြန်လည် ၀င်ရောက်ခွင့် မပေးခဲ့ဘဲ ပြည်ပတွင် သာ နိုင်ငံကူး လက်မှတ်အား သက်တမ်းတိုး၍ နေထိုင်ခဲ့ရခြင်း ဖြစ်သည်။

ယင်းသို့ MPT ဘက်မှ စာချုပ်ချိုးဖောက်မှုကြောင့် စုစုပေါင်း ဆုံးရှုံးမှုအနေဖြင့် စက်ပစ္စည်း တပ်ဆင်မှုအတွက် အမေရိကန် ဒေါ်လာ ၄ ဒသမ ၈ သန်း၊ အိန္ဒိယသို့ ဖြတ်သန်းခေါ်ဆိုမှု ခုနစ်နှစ်စာအတွက် ကန်ဒေါ်လာ ၈ ဒသမ ၄ သန်း၊ တစ်မိနစ်လျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃ နှုန်းဖြင့် ခုနစ်နှစ်စာအတွက် ကန်ဒေါ်လာ ၂၅ ဒသမ ၂ သန်းနှင့် ဒေါက်တာမြတ်နုခိုင်၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးမှုတို့အတွက် ကန်ဒေါ်လာ သန်း ၁၅၀ အထိ ရှိကြောင်းနှင့် နစ်နာမှုများအား ဖြေရှင်းပေးရန်အတွက် MPT သို့ သတိပေး အကြောင်းကြားစာ (နို့တစ်) နှစ်ကြိမ်ပေးပို့၍ ဖြေရှင်းပေး ရန် တောင်းဆိုထားသည်။ ယင်းတောင်းဆိုချက်များ မရရှိပါက MPT သို့ တရားစွဲဆို သွားမည်ဖြစ်ရာ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ဒေါက်တာမြတ်နုခိုင်နှင့် တွေ့ဆုံ မေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။

● I.I (WS) မှာ တာဝန်ယူခဲ့တဲ့ အပိုင်းနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

I.I (WS) မှာ အန်တီက ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ယူတယ်၊ ဌာနေကိုယ်စားလှယ် တစ်နှစ် တာဝန်ယူ ပြီးတော့မှ အဲဒီကုမ္ပဏီရဲ့ ဒါရိုက်တာ Shareholder ဖြစ်သွားတယ်။ ၁၉၉၈ ခုနှစ်လောက်က စပြီးလုပ်တာပေါ့။

● MPT နဲ့စပြီး စာချုပ်ချုပ်ခဲ့တဲ့ ခုနှစ်လည်း သိချင်ပါတယ်။

၁၉၉၉ နိုဝင်ဘာ ၂၄ ရက်ပါ။

● စာချုပ်ချုပ်ပြီး နောက်ပိုင်းမှာရော လုပ်ဆောင်ရတဲ့ အပိုင်းမှာ အခက်အခဲရှိလား။

အခက်အခဲတော့ သိပ်မရှိပါဘူး။ အဲဒီတုန်းက I.I (WS) ဆက်သွယ်ရေး လုပ်ငန်းပိုင်းဆိုင်ရာ အင်ဂျင်နီယာက ၃ ရက် တစ်ခါလောက် ဆက်သွယ်ရေးကို လာရှင်းပြတော့ အခက်အခဲတော့ သိပ်မရှိပါဘူ။

● I.I (WS) နဲ့ မြန်မာ့ဆက်သွယ်ရေးစပြီး လုပ်ကိုင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

သူ့ Proposal အရ ဆွေးနွေးကြတာပေါ့့၊ နေ့တိုင်းလိုလို ၃ ပတ် နီးပါးလောက် ဆွေးနွေးရတယ်။ အဲဒီတုန်းက ဆက်သွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ဝင်းတင်က တော်တော်ကြိုးစားတယ်။ I.I (WS) ရဲ့ ဥက္ကဋ္ဌ မစ္စတာ တားလာဆင်းနာရူးလာရယ်၊ ၀န်ကြီးရယ်၊ အင်ဂျင်နီယာချုပ် ဦးတင့်လွင်တို့ရယ် ဆွေးနွေးကြတာပေါ့။ အဲဒီလို အကျေအလည် ဆွေးနွေးပြီးတော့မှ စာချုပ်ချုပ်ဆိုတာပါ။

● စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်း MPT အနေနဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

ပထမ တစ်ချက်မှာ စာချုပ်ပါအတိုင်း အကောင်အထည် ဖော်တာပေါ့။ စာချုပ်ထဲမှာပါတဲ့ ဖိလစ်ပိုင် အခြေစိုက် မြေပြင် စခန်းမှာ အပေါ်က uplink, downlink ခေါ်တာပေါ့။ အတက်အဆင်း ဖြတ်သန်းရမယ့် ဟာတွေ၊ အိန္ဒိယက ဘုံဘေနဲ့ မက်ဒရက်(စ်) နှစ်မြို့ကို အသံဆင်းမှာဆိုတော့ စက်ကိရိယာပိုင်းနဲ့ အချိန်ကုန် သွားတာပေါ့။ တစ်နှစ်ကြာတဲ့အခါမှာ အဆင်သင့် ဖြစ်သွားတဲ့သဘောပေါ့၊ မူလပင်မစာချုပ်က မြန်မာနိုင်ငံထဲကို Test Call ဆင်းတဲ့ အဆင့်မပါဘူး။ တစ်နှစ်အတွင်းမှာ အင်ဂျင်နီယာချုပ်က ၀န်ကြီးအမိန့်နဲ့ မြန်မာနိုင်ငံထဲကို စက်ကိရိယာတွေ တပ်ဆင်ပြီးတဲ့ အခါမှာ Test လုပ်ပါပေါ့။ အသံရဲ့ ကြည်လင်ပြတ်သားမှု၊ အသံရဲ့ ခေါ်ဆိုနိုင်မှု၊ ကြံ့ခိုင်မှုအတွက် နံပါတ်တွေ ပေးတာပေါ့။ နံပါတ် ၈ သောင်းပေးတယ်။ ခေါ်ရမှာပေါ့ Test ၊ အဲဒီလိုပေးတဲ့ အချိန်မှာပဲ အားလုံးက ရပ်သွားတာ၊ အန်တီတို့က အကြိမ်ကြိမ် ဆက်သွယ်ပါတယ်။ သူတို့က ဘာမှ အကြောင်းမကြားဘဲ လုံးဝ ရပ်ဆိုင်းသွားတာပေါ့။ အကောင်အထည် ဖော်ပြီးကာမှ စာချုပ်ပါ စည်းကမ်း တွေကို ဖောက်ဖျက်သလို ဖြစ်နေတာပေါ့။ အဲဒီလိုဖြစ်စဉ် ဖြစ်နေတဲ့ အချိန်မှာပဲ (၂၀၀၂) (၂၀၀၃)ထိ စောင့်ပါတယ်။ နောင်ဝန်ကြီး အပြောင်း ဗိုလ်ချုပ်ဝင်းတင်ပြီးတော့ ဗိုလ်ချုပ်သိန်းဇော် လက်ထက်အထိ ကြိုးစားသေးတယ်။ ၂၀၀၃ နောက်ပိုင်းမှာ တခြားနိုင်ငံကို ရောက်သွား တာပေါ့။ ပြည်တွင်းကိစ္စလေးတွေ တချို့နဲ့ ပုဒ်မကြီးတွေ တပ်ထားတော့ ဘာအဆက်အသွယ်မှ မလုပ်နိုင်တော့ဘူး။ စာချုပ်သက်တမ်း ၂၀၀၇ ကုန်တဲ့ အချိန်မှာတော့ ဘာမှ မတတ်နိုင်တော့ဘူးပေါ့။ အဲဒီအချိန်ထိလည်း အကြောင်း မပြန်ပါဘူး။

● ၂၀၀၃ ခုနှစ်လောက်အထိ စောင့်တယ်ဆိုတော့ I.I (WS) အနေနဲ့ရော အန်တီ့ကို ဖိအားပေးတာမျိုးတွေ ရှိလား။

တအားဖိပေးတာပေါ့၊ ဒါပေမဲ့ ဘာမှ မတတ်နိုင်ဘူးလေ၊ ဆုံးရှုံးမှုတွေလည်း များတယ်၊ လျော်သင့် သလောက် လည်း လျော်ခဲ့တယ်။ အခြားလူတွေလို ကုမ္ပဏီက ကြိုတင်ငွေတွေနဲ့ လုပ်ဆောင်ထားတာ မဟုတ်ဘူး။ အန်တီက ဒါရိုက်တာတစ်ဦး ဖြစ်တော့ မြန်မာနိုင်ငံရဲ့ အစအဆုံး ကုန်ကျစရိတ်က အန်တီ့စရိတ်တွေပဲ ဆိုတော့ I.I (WS) အပေါ်မှာ ပေးဆပ်စရာ ဘာမှမရှိဘူး၊ မအောင်မြင်တဲ့ ဆုံးရှုံးမှု တစ်ခုပဲရှိတယ်၊ ကုမ္ပဏီက နစ်နာ ထားတာ တွေကိုတော့ ပြန်ပေးရတာပေါ့။

● ခုနပြောတဲ့ ပြည်တွင်းကအမှု ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပေးလို့ရမလား။

သင်္ဃန်းကျွန်းမှာ မိတ်ဆွေ တစ်ယောက်နဲ့ မြေ ၃ ဧကခွဲလေး ၀ယ်ထားတာပေါ့။ ကျူးကျော်ပေမယ့် သူတို့က အသာတကြည် ဖယ်ပေးတယ်။ ဆောက်လုပ်ရေးက ၂၈ ကွက်ဆိုပြီး ဆောက်မယ်လုပ်တော့ အန်တီတို့က အဲဒီမြေကို အစိုးရဘဏ်မှာ သိန်း ၁၅၀၀ နဲ့ အပေါင်ထားတယ်။ အဲဒီကိစ္စပေါ့၊ အန်တီက ဆပ်ပြီးပြီ။ တစ်ဖက်က Share တွေကို ဘာမှမယူဘဲ အလျှော့ပေးတော့ ဆပ်ဖို့ အဲဒီမိတ်ဆွေမှာ တာဝန်ရှိပေမယ့် အဲဒီမိတ်ဆွေဆပ် တာကို အစိုးရက မစောင့်နိုင်ဘူး။ သူ့ကိုပါ ဖမ်းတာပေါ့။ အဲဒီပုဒ်မနဲ့ပေါ့၊ အိမ် ၂ လုံး ရှိတာ ရောင်းပြီး အကုန် လျော်လိုက်တာပေါ့၊ အန်တီ့ အဖေအိမ် တက်ဖမ်းတယ်။ ဖမ်းတာ Notice ပေးတာမရှိပါဘူး။ အဲဒီကစပြီး အန်တီ ထွက်သွားတာပေါ့။ ဦးခင်ရီ လက်ထက်ပေါ့၊ ဒီကို ပြန်ရောက်တော့ ၂၀၁၃ အောက်တိုဘာမှာပေါ့။ အမှန်တရား ဆိုတာက ဘယ်တော့မှ တိမ်မြုပ်နေမှာ မဟုတ်ပါဘူး။

● MPT ကို တရားစွဲဖို့ ပြင်ဆင်တဲ့ အပိုင်းအနေနဲ့လည်း သိချင်ပါတယ်။

စင်ကာပူမှာ I.I (WS) ရဲ့ဥက္ကဋ္ဌနဲ့ တာဝန်ရှိတဲ့ သူနဲ့တွေ့ဆုံလာတာပေါ့။ လွန်ခဲ့တဲ့ ဧပြီလကပေါ့။ တရားစွဲဆိုရင် အန်တီထင်တာ Chance များတယ်။ စွဲဆိုနိုင်တယ်။ ဆက်သွယ်ရေး လုပ်ငန်းဆိုပေမယ့် နိုင်ငံတော်နဲ့ ဖြစ်တာပေါ့။ အလျှော့ပေးပို့ အစီအစဉ်တော့ မရှိပါဘူး။ နိုင်ငံနဲ့ ယှဉ်ပြီး တရားစွဲတဲ့နေရာမှာ ဆရာဝန် အငြိမ်းစား တစ်ယောက်အနေနဲ မဖြစ်နိုင်ဘူးလို့ ထင်စရာရှိပေမယ့် အန်တီ့ကုမ္ပဏီရဲ့ အဓိကတာဝန်ကျတဲ့ သူတွေက သူတို့ရဲ့ အဓိကကျတဲ့ US နိုင်ငံမှာ တရားစွဲတဲ့အတွက်ကြောင့် လမ်းစရိတ်လောက်ပဲ ကုန်မယ်လို့ သိထား တယ်။ ကိုယ်ဆုံးရှုံးတာကို လူတိုင်းက ပြန်လိုချင်တာပဲလေ။ အဓိက ဂုဏ်သိက္ခာပါ။ သူတို့လို နည်းပညာ တိုးတက်နေတဲ့ နိုင်ငံကြီးတစ်ခုက ကန်ထုတ် ခံလိုက်ရတာ အန်တီညံ့လို့ပဲ ဆိုတာ လက်မခံနိုင်ဘူး။ ကြိုးစားခဲ့တာပဲလေ။ နောက်ပိုင်း စစ်ဆေးစုံစမ်းပြီးတော့မှ သိလိုက်ရတာက အဓိက တာဝန်ရှိတာက MPT ပဲဆိုတာ သိရတဲ့အချိန်မှာ သူတို့က ခွင့်လွှတ်တယ်။ သူတို့က ကူညီပံ့ပိုးမယ်။ လာဖို့ အစီအစဉ်လည်း အဆင့်သင့် ရှိတယ်။ အန်တီကိုယ်တိုင် အန်တီ့နိုင်ငံသား right ကို ဖြေရှင်းချင်တယ်။

● တရားစွဲမယ့် ကိစ္စနဲ့ ပတ်သက်ပြီး MPT ကို ဘယ်လိုအကြောင်း ကြားထားတာမျိုးရှိလဲ။

MPT ဘက်ကို notice (၂)ကြိမ်ပို့ပြီးပြီ။ ပထမအကြိမ်က မေလ၊ ဒုတိယအကြိမ်က သြဂုတ်လ (၇)ရက်ကမှ ပို့တာပေါ့။ ပထမအကြိမ်တုန်းက notice ပို့ပြီး တော်တော်ကြာမှ chief engineer စောစိုင်းလင်းထွန်း ကနေပြီးတော့ we are checking ဆိုပြီး ပြန်ပို့တယ်။ ဒုတိယအကြိမ်ပို့ပြီး (၂)ပတ်စောင့်မယ်။ (၂)ပတ်စောင့်လို့ သူတို့ဘက်က အကြောင်းမပြန်ရင် မူလအစီအစဉ်အတိုင်း တရားစွဲဆိုမှာပါ။

● အရင်တုန်းကဆိုရင် ဖုန်းဈေးတွေက အရမ်းမြင့်တယ်။ အခု နောက်ပိုင်းမှာတော့ MPT က တဖြည်းဖြည်းနဲ့ လျော့ကျ လာတယ်။ ပြည်ပကုမ္ပဏီတွေကို လက်ခံလာတယ်။ အဲဒီအပေါ်မှာ အန်တီ့အမြင်လေး ပြောပြပါဦး။

သူရောင်းတဲ့ဖုန်းက ၁၅၀၀ မဟုတ်လား။ ဥပမာ ကားရောင်းပြီး ကားမောင်းမယ့် လမ်းမရှိရင် ဘယ်လိုလုပ်မလဲ။ အသံခေါ်ဖို့ ဖုန်းနံပါတ် ရတာမှန်ပေမယ့် ဒီအသံထုကြီးရဲ့ နေရာ၊ အသံလှိုင်းသွားမယ့် ဧရိယာ အဲဒါတွေ မရှိဘဲနဲ့ ဘယ်လိုလုပ်ရမလဲ။ သူတို့ရဲ့ SEA ME WE ကရော ဘယ်လောက်ကြာကြာ တိုင်းပြည်အတွက် အသုံးတော်ခံ နိုင်မလဲ။ ကိုယ်ပိုင် Satellite ရှိမှ၊ ဖုန်းခေါ်ဆိုနှုန်းကကျ Satellite မတတ်နိုင်တဲ့ Sanction ထိထားတဲ့ နိုင်ငံ တစ်ခုဟာ ဘယ်လို Satellite မှာ အသံထွက်ပြီး ရနိုင်မလဲ။ အော်ရီဒူး၊ တယ်လီနော ပိုက်ဆံရှိလို့ လာလုပ်လည်း Sanction မလွတ်ဘူးလေ။ SEA ME WE ထဲမှာ အော်ရီဒူးရော၊ တယ်လီနောရော ထိပ်တိုက် ရင်ဆိုင်ရမှာပဲ။ အော်ရီဒူး ရောင်းတော့ အော်ရီဒူး Test Call တွေ လာလုပ်တယ်။ ဒါပေမဲ့ ၃၁ တွေ ၃၂ တွေ လိုင်းဖြုတ် ထားတော့ ဘယ်လိုလုပ်မလဲ၊ လည်နေတဲ့ အ၀ိုင်းလေးကို ကြည့်နေရတဲ့ internet က သူများနိုင်ငံမှာ မရှိဘူး။ မလေးရှားမှာ ရင်းဂစ် ၁၅၀ နဲ့ လူ ၅ ယောက် ဆွဲသုံးလို့ ရတယ်။ ကိုရီးယား တစ်ကားကို မိနစ် ၃၀ နဲ့ download ပြီးတယ်။ လည်နေတဲ့ အ၀ိုင်းလေးကို ကြည့်နေရတာဟာ အသံသွားတဲ့ လမ်းကြောင်း မရှိလို့သာ မှတ်ရမှာပေါ့။

● ကိုယ်ပိုင် satellite မရှိဘဲ ပြည်ပက ဆက်သွယ်ရေး ကုမ္ပဏီတွေကို လက်ခံနေရ တာကိုရော အန်တီ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဒါက MPT မှာ တာဝန်ရှိတယ်။ MPT ဟာ ပြည်သူကို ညာတယ်လို့ တပ်အပ် ပြောနိုင်တယ်။ ရိုးသားစွာနဲ့ ရှင်းပြရရင် ဆင်းကတ် အလကားပေးတောင် ၀မ်းမသာဘူး။ satellite ရှိလားလို့ မေးမယ်လေ၊ ရှိစေချင်တာပေါ့။ ဆက်သွယ်ရေးတင် မဟုတ်ဘူးပေါ့။ မြန်မာတစ်နိုင်ငံလုံးကို ကြည့်မယ်ဆိုရင် ပွင့်လင်းမြင်သာမှု မရှိသလောက် ဖြစ်နေတယ်။ ပြည်သူနဲ့ အုပ်ချုပ်သူ အစိုးရသူတို့ပြောတဲ့ မဏ္ဍိုင်တွေက လက်ပွန်းတတီး နားလည်မှု ရှိရမှာလေ။ အဲဒါမှလည်း အဆင်ပြေမှာလေ။ MPT မှာလည်း သူတို့အမိန့် နာခံရတာများတော့ အပေါ်လည်း အမှန်တရား မတင်ပြနိုင်ဘူး။ ပြည်သူကိုလည်း အမှန်တရား မချပြနိုင်တော့ MPT အနေနဲ့လည်း ဘာဆက်လုပ်မှာလဲ မသိဘူး။ ဆက်ညာနေဦးမှာပေါ့။

● ဖုန်းခေါ်ဆိုနှုန်းကလည်း MPT အနေနဲ့က လျှော့ချပေးဖို့ စဉ်းစားဆဲ အဆင့်ပဲ ရှိသေးတယ်ပေါ့။ လက်ရှိ အစိုးရ လက်ထက်မှာ MPT အနေနဲ့ ဒါကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါသလား။

သူများဟာကို ငှားသုံးရင် ငှားခ ပေးရတယ်လေ။ အဲဒါဆို သုံးစွဲတဲ့ ပြည်သူက ပိုပေးရတာ။ ကိုယ်ပိုင်ဆိုရင် နိုင်ငံတော်ပိုင် တင်ထားရင် လျှော့မှာပေါ့။ ဈေးနှုန်းလျှော့ချဖို့ဆိုရင် ကိုယ်ပိုင်ကို ရှိရမယ်။ satellite မှမဟုတ်ဘူး ကိုယ်ပိုင် နည်းလမ်း ရှိရမှာပေါ့။ ဒါက MPT မှာ တာဝန်ထမ်းဆောင်နေတဲ့ အင်ဂျင်နီယာတွေ သိမှာပေါ့။ ဒီလိုမှ မဟုတ်ရင် တယ်လီဖုန်း ခေါ်ဆိုခ လျှော့ချဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပျားရည်နဲ့ ၀မ်းချနေတာ လားတော့ မသိဘူး။

● MPT နဲ့ ပတ်သက်ပြီး တခြား ဖြည့်စွက် ပြောချင်တာမျိုး ရှိရင်ပြောပေးပါဦး။နောင်လာမယ့် ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာက သူတို့ပြောနေသလို တိုးတက် ပြောင်းလဲဖို့ reform လုပ်နေတာ ဆိုပြီး ပြောနေပေမယ့် ကိုယ်ထိသလို သူများလည်း အဲလိုဖြစ်မှာ စိုးတယ်။ Foreign Investment ကို Protect လုပ်တဲ့ ဥပဒေက တိတိကျကျ မရှိတာရယ်၊ မလိုက်နာ တာရယ်ကြောင့် အလကာပဲ။ အဲဒါကြောင့် ဒါကို alert (နှိုးဆော်)တာပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင်တော့ ဒါမျိုး အဖြစ်အပျက်လည်း ရှိတယ် ဆိုတာမျိုးပေါ့။ ပြည်သူကတော့ မလျော်နိုင်တော့ဘူး။ KDDI ဂျပန်က ၂ ဘီလီယံ ပေးလိုက်တဲ့ ပိုက်ဆံတွေက ဘာလုပ်မလဲ ဆိုတဲ့မေးခွန်းရှိတယ်။ ၂ ဘီလီယံ ပေးလို့ ဂြိုဟ်တု(၁၅)လုံး အလုံး(၂၀) တင်ပေမယ့်လည်း You are under sanction, don’t forget ဆိုတာ ရှိသေးတယ်။ ဒီ sanction မဖြည်ဘူးလား ဆိုတဲ့ အဓိပ္ပာယ်လည်း ပေါက်တယ်။ ဂျပန် ကုမ္ပဏီကလည်း ဒီ Loan ချေးငွေကိုလည်း ဆင်ဆင်ခြင်ခြင် ပေးရတာပေါ့။ ဂျပန်ရဲ့ ၂ ဘီလီယံလည်း ရေစုန်မျောသွားမှာ စိုးလို့ပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို alert လုပ်လိုက်တာပေါ့။ ပြည်သူ တွေကို နစ်နာအောင်ပြောတာ မဟုတ်ပါဘူး။ ပြည်သူတွေက ၀န်ထုပ်ဝန်ပိုး ဖြစ်နေတယ်။ ကောင်းအောင် တစ်ခု လုပ်ရင် ပိုပို လေးနေတယ်ဆိုတာ မြင်လို့ပါ။

သဉ္ဇာဆွေ - မြန်မာသံတော်ဆင့်သတင်းဌာန
 ဒေါင်းမာန်ဟုန်မှ-

ဓမ္မစေတီခေါင်းလောင်း ဆက်လက်ရှာဖွေ လာရောက်ကြည့်ရှုသူများ စည်ကားလျက်ရှိ

 
ရန်ကုန် သြဂုတ် ၁၅

  ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် လုပ်ငန်း စတင်ခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်ပတ်ပြည့်ပြီ ဖြစ်သည်။ လာရောက်ကြည့်ရှုလေ့လာသည့် ပြည်သူများမှာလည်း တဖွဲဖွဲပင်ဖြစ်သည်။ ယနေ့ နံနက် ၆ နာရီ ရေပြည့်ချိန် မီးစိမ်းပြတိုင်အနီးရှိ ဘောလုံးအစိမ်းအနက် ပြထားသောအမှတ်အသား နေရာတွင် နံနက် ၈ နာရီအထိ ရေအောက်ရှာဖွေမှုကို လုပ်ဆောင်ကာ နောက်ထပ်ဘောလုံး အစိမ်း အနက် တစ်လုံးကို ထပ်မံချထားပြီး နံနက်ပိုင်းတွင် ခေတ္တနားခဲ့သည်။

နံနက် ၁ဝ နာရီတွင် ရပ်နီးရပ်ဝေးမှ လာရောက်ကြည့်ရှုသူများ၊ သတင်းမီဒီယာသမားများ၊ ပြည်ပသတင်းဌာနမှ မှတ်တမ်းယူသူတို့ဖြင့် စည်ကားစပြုလာပါသည်။ မြစ်ပြင်မြစ်ဆုံနေရာသို့ သွားရောက်လေ့လာသော မိဘပြည်သူများအသက် အန္တရာယ်မဖြစ်စေရန် ဒေါပုံမြို့နယ် ရဲစခန်းမှ စခန်းမှူးနှင့် တာဝန်ရှိသူများက အသက်ကယ်အင်္ကျီဝတ်ကြရန်၊ စိတ်ချရသောစက်သမ္ဗန်ကို စီးရန် နှိုးဆော်ကြပ်မတ်ပေးလျက်ရှိသည်။ မြစ်ရေအကျတွင် ပင်လယ်ဝမှ လေတိုက်နေသည့်အတွက်ကမ်းစပ်တွင် မသိသာသော်လည်း မြစ်လယ်တွင် လှိုင်းထန်လျက်ရှိရာ စက်လှေအသေးဖြင့် စီးနင်း၍ ကြည့်ရှုခဲ့သောသူများမှာ လှိုင်းပုတ်ဒဏ်ကြောင့် အဝတ်အစားများ ရေစိုခြင်းကို ခံကြရသည်။

ပူဇော်ထား

မွန်းလွဲ ၁ နာရီတွင် ဧည့်ပရိ သတ်ပို၍စည်ကားလာပြီး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။ ဆရာတော်များ ပရိတ်ရွတ်ဖတ်ပူဇော်သော ဗညားလတ် သုံးထပ်သင်္ဘောပေါ်တွင် သာသနာပွဲများကို အစီအရီပူဇော်ထားပြီး အကြံအစည်အောင်မြင်မှုနှင့် သာသနာတော်ကို ဆည်းကပ်ကိုးကွယ်ရာအဖြစ် ကြံပင်နှင့် ငှက်ပျောပင်တို့ မညှိုးနွမ်းစေရန်စိုက်ထူပူဇော်ထားကြောင်း၊ သင်္ဘောပေါ်ရှိ သက်သတ်လွတ် စားသုံးနေသော လူဦးရေ ၈ဝ အတွက် အစားအသောက်များလှူဒါန်းပြီး ပြန်လာသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရှာဖွေလျက်

ညနေ ၃ နာရီ ၃ မိနစ်တွင် သုံးထပ်သင်္ဘောမှ မီးစိမ်းတိုင်အနီးရှိ ရေပေါ်အမှတ်အသား ပြုလုပ်ထားသည့် ဘောလုံးအစိမ်းအမည်းနေရာတွင် ရေငုပ်သမားများ စတင်ငုပ်ကြရာ မြစ်ကမ်းပေါ်မှ ကြည့်ရှုနေသူများ၊ စက်လှေဖြင့် တစ်ဖုံ၊ မှန်ပြောင်းဖြင့် တစ်သွယ် ကြည့်ရှုသူများ လှုပ်လှုပ်ရှားရှား ဖြစ်ကြသည်။ ထိုအချိန်တွင် မြစ်ဆုံနေရာသည် မိုးဖွဲဖွဲတစ်ကြိမ်သာ ရွာသွန်းခဲ့သည်။ ဆလုံ ရေငုပ်အဖွဲ့က လည်ပင်းတွင် ကြိုးချည်ထားသော သံတုံးကိုစွပ်၍ အသက်ရှူပိုက်နှင့် အချက်ပြကြိုး တစ်ချောင်းကိုကိုင်ကာ အလှည့်ကျဆင်း၍ ရှာဖွေလျက်ရှိပြီး ညနေ ၃ နာရီ ၁၅ မိနစ်တွင် တွန်းသင်္ဘော NAWATU ရောက်ရှိလာကာ တွန်းသင်္ဘောဦးပိုင်းတွင် ပါလာသောဆရာတော်ကြီးက ပရိတ်ရေများကို ငွေဖလားအတွင်းမှ မြစ်အတွင်းသို့ ပက်ဖျန်းကာ ဗညားလတ်သင်္ဘော ကြီးပေါ်သို့ ပြန်လည်ကြွရောက်၍ သင်္ဘောဦးခန်း လက်တန်းမှ မေတ္တာဘာဝနာ ပွားများလျက်ရှိသည်။

ဗညားလတ် သင်္ဘောပေါ်မှ လက်ကိုင်စပီကာဖြင့် ရေငုပ်ရှာဖွေနေသော လုပ်ငန်းခွင်အတွင်းသို့မဝင်ရောက်ရန်နှင့် ကိုက် ၅ဝ မှ ကြည့်ရှုလေ့လာကြရန် မေတ္တာရပ်ခံ အသိပေးလျက်ရှိသည်။ မီးစိမ်းတိုင်၏ ကိုက် ၃ဝဝ အကွာတွင် ထပ်မံငုပ် ကြပြီး ညနေ ၃ နာရီခွဲတွင် မီးစိမ်းတိုင်မှ ကိုက် ၅ဝဝ ခန့်ရှိသောနေရာတွင် ကျောက်ဆူးချ၍ ဆက်ငုပ်ကြသည်။ ပင်လယ်ဝမှ ရေတက်လာပြီဖြစ်၍ ပဲခူးမြစ်ရေအကျနှင့် မြစ်ဆုံတွင် ဆုံနေရာ လှိုင်းထလေတိုက်လျက်ရှိနေသည်။ လှိုင်းထန်လာသည့်အတွက် မြစ်ပြင်တွင် ကြည့်ရှုလေ့လာသော စက်လှေများကမ်းသို့ပြန်လှည့်သွား၍ ရှင်းလင်းလျက်ရှိပြီး ရေငုပ်သမားနှစ်ဦး ရေအောက်သို့ ထပ်မံဆင်းသွားသည်။

ညနေ ၄ နာရီအထိ ဓမ္မစေတီ ခေါင်းလောင်းရှာဖွေသော ရေငုပ်အဖွဲ့သည် မြစ်ဆုံတွင် ဆက်လက်ရှာဖွေလျက်ရှိသည်။

အဆိုပါ နေရာတွင် ခေါင်းလောင်းကြီးရှိလျှင် မြစ်ကမ်းပေါ်မှ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်တို့၏ ပို့သသောမေတ္တာနှင့် ရေလယ်မှဆရာတော်များ ရွတ်ဖတ်သရဇ္ဈယ်သည့် ပရိတ်တရားတော်တို့ ပေါင်းစည်းမိကာ ရေအောက်တွင်နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီးရရှိမည်ဟု ပြည်သူအချို့က ပြောဆိုသုံးသပ်လျက်ရှိသည်။

Myanmaalinn

ထိုင်းရှိ မြန်မာအလုပ်သမား ခရီးသွားလာခွင့် လက်မှတ် ထုတ်ပေးမည်

ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ရင်း အလုပ် လုပ်နေကြတဲ့ မြန်မာပြည် က ရွှေ့ပြောင်း အလုပ်သမားတွေအတွက် လိုအပ်လာရင် နေရပ်ရင်းပြန်နိုင်အောင် ခရီးသွားလာခွင့် အထောက်အထားတွေကို ထိုင်းနိုင်ငံမှာ ရှိတဲ့မြန်မာသံ
ရုံးက ထုတ်ပေးဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေ အဖမ်းမခံရဖို့ အတွက် ထိုင်းမြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ကနေ အခုလို အခြေအနေရောက် လာတာဖြစ်တဲ့အကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံး အလုပ်သမားရေး တာဝန်ခံ တစ်ဦးက အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း အစီအစဉ်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေ  ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေ တဲ့ အဖွဲ့ တချို့ကိုခေါ်ယူတွေ့ဆုံခဲ့ပြီးနောက်  ယာယီနိုင်ငံကူး လက်မှတ် မရှိဘဲ  နေရပ်ရင်း ကို ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအတွက် သူတို့ဆီမှာ တင်ပြတောင်းခံ လာမယ်ဆိုရင် ခရီးသွား လက်မှတ် ကိုထုတ်ပေး မှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံဘန်ကောက်မြို့က အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကတော့  ခရီးသွားလာတဲ့အခါမှာ မြန်မာသံရုံးက အထောက်အထား လက်မှတ်ထုတ်ပေးမယ့် ကိစ္စကို ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့သဘောတူညီမူ ရယူထားတယ်လို့ဆိုပါတယ်။

"ဘတ်ဘတ်ကဆိုတာပါမယ် မြန်မာသံရုံးက ခရီးသွားထောက်ခံချက် ပါမယ်ဆိုလို့ရင် လမ်းမှာ အဖမ်းအဆီးမရှိဘူး။ နောက်တစ်ခါ ခါတိုင်းလုပ်တဲ့ အခါမှာ အရင်တုန်းကဆိုပေးရတယ်။ တစ်ထောင်လား တစ်ထောင့်နှစ်ရာလား ပေးရတယ်။ အခုမြန်မာပြည်ပြန်မှာဖြစ်တဲ့အတွက်ကြောင့် ပေးစရာမလိုဘူး ဆိုတာ ထိုင်းဖက်ကလည်း အဲဒါလေးတွေကို ဆွေးနွေးထားတာဖြစ်တဲ့အတွက်ကြောင့်  အဲဒီဟာလေးတွေကို အောက်ခြေအထိအောင် ကျနော် ရှင်းပြလိုက်ခြင်းဖြစ်ပါတယ်"

ထိုင်းနိုင်ငံမှာ ရှိတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပါတ်သက်လို့ အလုပ်လုပ်ခွင့် လက်မှတ်တွေကို ထိုင်းအစိုးရက ဇွန်လကစတင်ပြီး ထုတ်ပေးနေပြီ ဖြစ်ပေမဲ့ တချို့ အလုပ်သမားတွေ အနေနဲ့ နိုင်ငံကူး လက်မှတ်လုပ်ဖို့ အတွက်က မြန်မာနိုင်ငံသားမှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမရှိကြတာကြောင့် အခက်အခဲတွေလည်း တွေ့ကြုံနေကြရတာပါ။

ဒီအတွက် မြန်မာသံရုံးက နေရပ်ရင်းပြန်ဖို့ အတွက် ခရီးသွားလက်မှတ်တွေ လုပ်ပေးမယ် ဆိုရင်တော့ အလုပ်သမားတွေအတွက် အဖမ်းဆီး ခံရပြီး ငွေကုန်ကြေးကျ များနိုင်မယ့် ကိစ္စတွေအတွက် အဆင်ပြေမူတွေ ရှိသွားနိုင်တယ် ဆိုပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ မဟာချိုင်ဒေသတာဝန်ခံ ကိုခိုင်ကြီးက အခုလိုပြောပြပါတယ်။

"ကျနော်တို့က ကိုယ့်နိုင်ငံကို ပြန်တဲ့အခါကြရင် ရှိတဲ့ဒေသကနေ ရဲစခန်းကို သတင်းပို့ရတယ်။ ကြား အကျိုးဆောင်တစ်ယောက်နဲ့။ သတင်းပို့တဲ့အခါကျရင် ကျနော်ပြန်ပါ့မယ်လို့ဆိုပြီး ရဲကို ပြောပြီး သွားအဖမ်းခံရတယ်။ အဲ့ဒီကျ ရဲက အလကား မဖမ်းဘူး။ သူ့ရဲ့  ပိုက်ဆံသတ်မှတ်ထားတဲ့ ဈေးနှုန်း နှစ်ထောင်လေးရာ ယူလိုက်တယ်။ အဲဒါ ကျနော်တို့က သူ့ရဲ့ မှတ်ပုံတင် နဲ့ ဓါတ်ပုံရိုက်တဲ့ဈေးနှုန်း နှစ်ထောင်လေးရာ ယူလိုက်တယ်။ ပြီးသွားရင် ရဲက ကားပေါ်တင်ပေးလိုက်တယ်။ မြဝတီဂိတ်ရောက်ရင် အဲဒီမြဝတီမှာ လက်မှတ်သွားထိုးတဲ့ အခါကျရင် မြဝတီက ကိုးသုံးလုံးဂိတ်ကို သွားပို့တယ်။ အဲဒီဂိတ်မှာ နောက်ထပ်ပိုက်ဆံ ခြောက်ရာ ထပ်တောင်းတယ်။  ခြောက်ရာ မပေးတဲ့လူဆိုရင် လုံးဝ ဗမာပြည်ဖက်ကို ပြန်လို့မရဘူး။ မြဝတီ အချုပ်ထဲမှာ ထည့်ထားတယ်။ သောမောရုံး လဝကမှာ အနဲဆုံး ၂၄ နာရီ တရက် နှစ်ရက်လောက်အထိထားတယ်ပေါ့ဗျာ။ ဗမာပြည်သားတွေက ပိုက်ဆံ ခြောက်ရာမပေးဘူးဆိုပြီး အကုန်နေပစ်လိုက်တဲ့အခါကျတော့ နောက်ပိုင်းမှာ ရက်တွေတိုးတိုးပြီးတော့ခါ အလုပ်သမားတွေ စိတ်ညစ်ပြီးတော့ ပိုက်ဆံ ခြောက်ရာပေးရတယ်။ အဲဒါ ကိုးသုံးလုံးဂိတ်မှာ ပေးရတယ်။ အဲဒီတော့ ဟိုက ၆၀၀ ရယ် ဒီက ၂၄၀၀ ရယ် သုံးထောင် ကုန်တယ်။ အဲဒီ သုံးထောင်ကို အလုပ်သမားအရာရှိ ဦးသိန်းနိုင်ကပြောတဲ့ အတိုင်း သူတို့ပရိုဂရမ် အတိုင်း မှန်ကန်သွားပြီဆိုရင် ဒီနေ့ကစပြီးပြောတာပေါ့နော်။ ကျနော်တို့အလုပ်သမားတွေ အတွက် အရမ်းကို အကုန်အကျ သက်သာသွားမယ်။ ကားခပဲကုန်မယ်"

ထိုင်းအစိုးရ က အလုပ်သမားတွေလက်မှတ်လုပ်ဖို့အတွက် ၀မ်းစတော့ ဆားဗစ်စင်တာ (One Stop Service Center ) လို့ခေါ်တဲ့ စခန်းတွေကို ၂၀၁၄ ခုနှစ်အောက်တိုဘာလ (၃၀) ရက်နေ့ထိ ဆက်လက်ဖွင့်လှစ်သွားဖို့ ကြေညာထားပြီး ယာယီအလုပ်လုပ်ခွင့်ကို ၂၀၁၅ ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ သက်တမ်းပေးသွားဖို့ ထိုင်းအစိုးရ ဆုံးဖြတ်ချက်ချထားပါတယ်။ ဇွန်လ(၃၀) ရက်နေ့ကစပြီး စတင်ပြုလုပ်ခဲ့တဲ့ မှတ်ပုံတင်တဲ့အစီစဉ်မှာတော့  မြန်မာ ကမ္ဘောဒီယား လာအို ရွှေပြောင်း အလုပ်သမားပေါင်း လေးသိန်းသုံးထောင် (၄၀၃၀၀၀) ကျော်လာရောက် မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား သိန်းနဲ့ချီရှိတဲ့ တာ့(ခ်) ခရိုင်ထဲမှာတော့ ထိုင်းအစိုးရ ရွှေ့ပြောင်းလုပ်သား တသိန်းလေးသောင်းကျော် မှတ်ပုံတင်ကြမယ်လို့  ခန့်မှန်းထားတာပါ။  ဒါပေမဲ့ သြဂုတ်လ ၄ ရက်နေ့ ၁၄ရက်နေ့ထိ ၁၀ရက်အတွင်းမှာ မြန်မာနိုင်ငံသား တထောင်ကျော်သာ လာရောက်မှတ်ပုံတင်ခဲ့ကြပါတယ်။
ရွှေ့ပြောင်း အလုပ်သမားအတော်များများဟာ အလုပ်လုပ်ခွင့် လက်မှတ်ဖိုး အပြင် နောက်ဆက်တွဲ လုပ်ရမယ့် နိုင်ငံကူးလက်မှတ်ရဲ့ကုန်ကျစားရိတ်တွေကို တတ်နိုင်မူ မရှိသေးတာကြောင့် ရော နေရပ်ရင်းပြန်ဖို့အခက်အခဲတွေကြောင့် ထိုင်းအစိုးရခန့်မှန်းသလောက် ထိုင်းနိုင်ငံတွင်းမှာ   မှတ်ပုံတင်ကြတာမျိုးတွေ မရှိသေးပါဘူး။
 မအေးအေးမာ (VOA)

Friday, August 15, 2014

အရေးကြီးတဲ့ ရွေးချယ်မှု မြန်မာခေါင်းဆောင်တွေ လုပ်ရမယ်

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ လုပ်ဆောင်စရာတွေ ကျန်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အစိုးရကို တွန်းအားပေး သွားမှာဖြစ်သလို၊ ကူညီဆောင်ရွက်နိုင်တာမှန်သမျှကိုလည်း အကူအညီပေး သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ဒါပေမယ့်လည်း အရေးကြီးတဲ့ရွေးချယ်မှုတွေကိုတော့ မြန်မာခေါင်းဆောင်ပိုင်းက လုပ်ဆောင်ရမှာဖြစ်တယ်လို့ ၀န်ကြီးကယ်ရီက ပြောခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကယ်ရီဟာ ပြီးခဲ့တဲ့သီတင်းပတ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက်၊ သူမြင်တွေ့ခဲ့ရတဲ့ပြောင်းလဲမှု အခြေအနေတွေ အပေါ်မှာ ကျေနပ်အားရမိတဲ့ အကြောင်း တနေ့တုန်းက ဟာဝါရီ ဟိုနိုလူလူ တက္ကသိုလ် East Weast Center မှာ ပြောဆိုသွားတာပါ။
အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်အစိတ်လောက် မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးဆောင်ရွက်ခဲ့တဲ့အပေါ်မှာ ကျေနပ်အားရမိပြီး၊ အခုအပြောင်းအလဲအချို့ကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လို့ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ကြီးမားတဲ့ စမ်းသပ်မှုတွေကိုတော့ မြန်မာခေါင်းဆောင်တွေ ရင်ဆိုင်နေရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။
“ ဒါပေမယ့်လည်း မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲဖို့ သွားစရာ အတော်တော့ ကျန်ပါသေးတယ်။ အခုရှိနေတဲ့ နက်နဲတဲ့ စိန်ခေါ်မှုတွေကို လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲကို ဦးဆောင်နေကြသူတွေက ကိုင်တွယ်ဖြေရှင်းနေကြပါတယ်။ အဲဒီအထဲမှာ စစ်တပ်ရဲ့အခန်းကဏ္ဍသစ်ကို ဘယ်လို သတ်မှတ်မလဲ၊ ဖွဲ့စည်းပုံပြောင်းလဲရေးနဲ့ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ကိစ္စတွေ၊ ဆယ်စုနှစ်တွေ ချီကြာမြင့်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့၊  မြန်မာပြည်သူတွေ ရဲ့ လူ့အခွင့်အရေးကို ဥပဒေအရ အာမခံချက်ပေးဖို့ဆိုတာတွေ ပါဝင်ပါတယ်။
တချိန်တည်းမှာလည်းပဲ ရင်းနှီးမြုပ်နှံမှုတွေပိုဖြစ်လာဖို့ ဆွဲဆောင်တာ၊ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်တာ၊ တိုင်းပြည်ရဲ့ သစ်တောနဲ့ အခြားအရင်းအမြစ်တွေကို ကာကွယ်ဖို့ လုပ်ဆောင်နေကြာတာလည်း ရှိပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံအပြောင်းအလဲအတွက် ကြီးမားတဲ့ စမ်းသပ်မှုတွေပါ။ ဒါတွေအတွက် ကျနော်တို့အနေနဲ့ ကူညီဆောင်ရွက်ပေးသွားဖို့ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ တကယ့် အရေးကြီးတဲ့ ရွေးချယ်မှုတွေ ကိုတော့ မြန်မာခေါင်းဆောင်တွေက လုပ်ဆောင်ရမှာဖြစ်ပါတယ်။”
နှိုင်းယှဉ်ချက်အရဆိုရင် ဒေသတွင်းနိုင်ငံအချို့ အထူးသဖြင့် ထိုင်းနိုင်ငံတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီနောက်ပြန်လှည့်နေတဲ့ အခြေအနေကို ထောက်ပြပြီး၊ မြန်မာနိုင်ငံ အပြောင်းအလဲဟာ ဒေသတွင်း ထင်ရှားသိသာမှုဖြစ်စေ တယ်လို့လည်းပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆက်ပြီး အပြောင်းအလဲတွေဖြစ်သွားဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ တတ်နိုင်သမျှ အားလုံးကူညီသွား မယ်လို့ နိုင်ငံခြားရေး ၀န်ကြီးကယ်ရီက ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သူတွေကို အကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အရာရာ လုပ်ဆောင်ပေးသွားမှာပါ။ အထူးသဖြင့်တော့ လာမယ့်နှစ် ရွေးကောက်ပွဲကို အကူအညီပေးသွားမှာပါ။ ရခိုင်ပြည်နယ်က လူမှုအကြပ်အတည်းတွေကို ဖြေလျှော့နိုင်ဖို့၊ အမုန်းစကားနဲ့ ဘာသာရေး အကြမ်းဖက်မှုတွေကို အရေးယူဆောင်ရွက်ဖို့၊ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲလုပ်ဆောင်ဖို့၊ လွတ်လပ်စွာစုံရုံးခွင့် ဆန္ဒဖော်ထုတ်ခွင့်တွေကို အကာအကွယ်ပေးဖို့ ဆိုတာတွေကို မြန်မာ အစိုးရကိုလည်း ကျနော်တို့ တိုက်တွန်းသွားပါမယ်။”
ဟိုနိုလူလူတက္ကသိုလ်မှာ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်အစိုးရမူဝါဒ အမြင်တွေကို ပြောဆိုရာမှာ မြန်မာနိုင်ငံကိစ္စကိုပါ ၀န်ကြီးကယ်ရီက ထည့်သွင်းပြောသွားတာပါ။ အာရှနဲ့ပတ်သက်လို့ မြန်မာအပါအ၀င် အလားအလာကောင်းရှိတဲ့ အခြေအနေတွေကို ထောက်ပြသလိုပဲ၊ အမေရိကန်ပြည်ထောင်စု အနေနဲ့လည်း ကိုယ့်ရဲ့မဟာဗျူဟာကျကျ အကျိုးစီးပွားအတွက် ဒီဒေသနဲ့ ဆက်ဆံမှုတွေ တိုးမြင့်သွားမယ်လို့လည်း ၀န်ကြီးကယ်ရီက ပြောဆိုခဲ့ပါတယ်။
ကိုသားညွန့်ဦး(VOA)

Thursday, August 14, 2014

Nippon Foundation က ချင်းကျေး လက်ပြည် သူများ အစာပြတ်လပ်မှု သိန်းပေါင်း ၁၈၀၀ ကူညီ

 
ချင်းပြည်နယ် ကျေးလက်ဒေသပြည်သူများ အစာရေစာ ပြတ်လပ် မှုဖြေရှင်းရေး အတွက် ဂျပန်နိုင်ငံမှ Nippon Foundation က အစိုးရနှင့် ပဏာမငြိမ်းချမ်းရေး ရယူထား သည့် CNF ကို ဖြတ်သန်းပြီး ကျပ်သိန်းပေါင်း ၁၈၀၀ ကူညီ မည်ဟု ယနေ့ ကြားသိရသည်။

ကျပ်သိန်းပေါင်း ၁၈၀၀ ကို Nippon Foundation က ကာလပေါက်ဈေးအတိုင်း ၀ယ်ယူပြီး ချင်းပြည်နယ် (၉) မြို့နယ် တွင် ဖြန့်ဝေသွားမှာဖြစ်ကြောင်း နှင့် ကူညီမည့် ပမာ ဏကို CNF နဲ့ ချင်းပြည်နယ်အစိုးရမှ အောက်ပါအတိုင်း ခွဲဝေခဲ့ ကြောင်း သိရသည်။

ဖလမ်းမြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၂၀၀၊ ပလက်ဝမြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၃၀၀၊ မတူပီမြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၂၅၀၊ ထန်တလန်မြို့နယ်အတွင်း ကျပ် သိန်းပေါင်း ၃၀၀၊ ဟားခါးမြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၂၀၀၊ မင်းတပ်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၂၀၀၊ ကန်ပက်လက်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၇၅ ( ကျပ် သိန်း ပေါင်း ၁၅၀ ကူညီပြီး)၊ တွန်းဇံမြို့နယ်အတွင်း ကျပ်ငွေသိန်းပေါင်း ၇၅ ( ကျပ်သိန်းပေါင်း ၁၅၀ ကူညီပြီး)၊ တီးတိန်မြို့ နယ်အတွင်း ကျပ်သိန်းပေါင်း ၂၀၀ ဖြစ်သည်။

” နောက်လ စက်တင်ဘာလမှာ အပြီးအစီးဖြန့်ဝေနိုင်မယ်လို့ ခန့်မှန်းထားပါတယ်၊ သူတို့ Nippon Foundation  တာဝန်ရှိတွေ ကိုယ်တိုင်က ဆန်အိတ်ဝယ်ယူမှာဖြစ် တယ် ” ထန်တလန်မြို့၊ CNF ဆက်ဆံရေးရုံးမှ တာဝန်ရှိဖြစ်သူ ဆ လိုင်း ဗျက်ပုမ်က ပြောသည်။

ဆန်အိတ် ခွဲဝေဖြန့်ချိရေးနှင့် ပါတ်သက်ပြီး အသေးစိပ် အချက်အလက်များကို CNF ထန်တလန်ဆက်ဆံရေးရုံးနှင့် ချင်းပြည်နယ် အစိုးရ မှ ကောက်ခံပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ကြောင်း ထပ်ဆိုသည်။

Nippon Foundation (Japan) သည်  ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အတွင်း ချင်းပြည်နယ် တီးတိန်၊ ထန်တလန်၊ မတူပီ၊ ပ လက်ဝ မြို့နယ် ကျေးလက်ဒေသတချို့တွင် ဆန်အိတ် များ ဖြန့်ဝေပေးခဲ့သည်။

၂၀၀၆ ခုနှစ်ကတည်းက ၀ါးသုဉ်းမှုဒါဏ်ကြောင့် အစာရေစာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော ချင်းပြည်သူများသည် ယခုနှစ်တွင်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့်  အ စာရေစာ ပြတ်လပ်မှုနှင့် ဆက်လက်ရင်ဆိုင်နေရကြောင်း သ တင်းများအရ ကြားသိရသည်။

Khonumthung News Group

မြန်မာနိုင်ငံသား ၅၂ ဦး မလေးရှားတွင် ထောင်ဒဏ်ချမှတ်ခံရ

ကွာလာလမ်ပူ လေဆိပ်

မလေးရှားနိုင်ငံ တရားရုံးတခုက မြန်မာနိုင်ငံသား ၅၂ ဦးကို ဗီဇာအတု ကိုင်ဆောင်ဝင်ရောက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီချမှတ်လိုက်ပြီး သူတို့ကို တာဝန်ခံ ခေါ်ဆောင်တဲ့ ၃ ဦးကို လာမယ့်ရက်ပိုင်းအတွင်း ရုံးတင်အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့ တဲ့ မြန်မာနိုင်ငံ သားတွေ ကို ဗီဇာအတုနဲ့ မလေးရှား လူဝင်မှုကြည့်ကြပ်ရေး ဌာနက ဖမ်းဆီးပြီး လ၀က ဥပဒေနဲ့ သြဂုတ် ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ်စီ ချမှတ်တာဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ လွန်ခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးကိုသွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦး နဲ့ သူတို့တတွေကို မြန်မာပြည်ကနေ ခေါ်ဆောင် လာတဲ့ အေးဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားဆိပ်မှာ လ၀ကက ဖမ်းဆီးခဲ့တာဖြစ် ပါတယ်။

သူတို့တတွေထဲက အများစုဟာ ဗီဇာအတုတွေနဲ့ မလေးရှားနိုင်ငံကို ၀င်ရောက်ခဲ့တာကို ဖော်ထုတ်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံခဲ့ရပုံနဲ့ပတ်သက်ပြီ  မလေးရှားနိုင်ငံက မြန်မာ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးဌာန ဥက္ကဋ္ဌ ကိုလတ်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“အမှန်တကယ်က သူတို့က ဒီမှာအလုပ်လာလုပ်တာ။ အလုပ်လာလုပ်တဲ့ဟာကို သူတို့ အေးဂျင့်တွေက တခါတည်း ပါမစ်နဲ့ မခေါ်ဘဲနဲ့ ဒီရောက်မှ ပါမစ်ကို တောင်းခံမယ်ဆိုတဲ့ ပုံစံမျိုး သူတို့က သွင်းလာတာ။ ဒါပေမယ့် သူတို့လုပ်လာတဲ့ ပုံစံတွေက ဘာလဲဆိုတော့ သူတို့က ဗီဇာ အတုနဲ့ ဆိုတော့ ဒီမှာက သူတို့မှာ လမ်းကြောင်းတွေ ရှိတယ်။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးတွေလည်း ပါတယ်။ လေယာဉ်ကွင်းကနေ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးကနေ အထွက်။ ရှိုးမန်းနီး ပြဖို့ ပိုက်ဆံတွေ ပြန်အသိမ်းမှာ သူတို့ကို သံသယရှိပြီး ပြန်စစ်တာ။ သံသယရှိပြီး စစ်တော့ သူတို့ဗီဇာတွေက အတုတွေမှန်း သိသွားတယ်။ အဲဒါနဲ့ ဆွဲလိုက်တာ။”

သူတို့ကို ဖမ်းဆီးပြီး ၁ လကျော် ထိန်းသိမ်းခဲ့ပြီး သြဂုတ် ၁၂ ရက်နေ့တုန်းကတော့ ၅၂ ဦးကို ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ပြီး ကာကြမ်း (Kajang) ထောင်ကို ပို့ဆောင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကျန်တဲ့သူ ၂၀ ဦးမှာ ဗီဇာအမှန်ရှိသူ ၁၂ ဦးပါဝင်ပြီး ကျန် ၈ ဦးကတော့ ဗီဇာတု ကိုင်ဆောင်ကြတဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ပါတယ်။ ဒီ ၈ ဦးကိုတော့ သက်ညှာစွာနဲ့ တရားစွဲဆိုခြင်းမရှိပဲ မြန်မာပြည်ပြန်ပို့မှာဖြစ်ပေမယ့် သူတို့ကို အစိုးရသက်သေအဖြစ်  လေဆိပ် ထိန်းသိမ်းရေးစခန်းမှာ ထားရှိပါတယ်။

သြဂုတ် ၁၉ ရက်နေ့ကျရင်  အေးဂျင့် ၃ ဦးကတော့ တရားရုံးမှာ အမိန့်ချမှတ်ခံရမှာဖြစ်ပါ တယ်။ ဒီ  ၃ ဦးကိုတော့ လူကုန်ကူးမှုနဲ့ တရားစွဲဆိုဖို့ အမှုဖွင့်ခဲ့တယ်လို့ ကိုလတ်က  ပြောပါတယ်။

“အခု အေးဂျင့် ၃ ယောက်ကို ၁၉ ရက်နေ့မှာ အာမခံနဲ့ ထွက်လို့မရအောင် လူကုန်ကူးမှုနဲ့ သူတို့ကို အမှုဖွင့်တယ်။ ဒီနေ့လည်းသွားတယ်။ လူကုန်ကူးမှုနဲ့ အေးဂျင့် ၃ ယောက်ကို အမှုဖွင့်ထားတယ်။”

ထောင်ချခံရ သူတွေပြန်လွတ်ဖို့ မြန်မာ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးဌာန အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေသလို  ဒီလူတွေ အကူအညီရဖို့လည်း တခြား အန်ဂျီအိုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မလေးရှား မြန်မာသံရုံးကလည်း ထောင်ဒဏ်ချမှတ်ခံရသူတွေပြန်လွတ်ဖို့ သံတမန်ရေးနဲ့ ဥပဒေရေးအရ ကူညီနေတယ်လို့ မလေးရှားမြန်မာသံရုံးနဲ့ နီးစပ်သူ ဦးသီဟက ပြောပါတယ်။

“တရားရုံးမှာ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာတော့ ကျနော်တို့က သိနေတယ်။ အဓိက ကတော့ ပွဲစားလိမ်လို့ သူတို့ ခံရတဲ့ ကိစ္စဖြစ်နေတော့လေ။ ကျနော်တို့ ထပြောဖို့ဆိုတာက သူတို့ တရားရုံးက အဲဒီလိုမျိုးထပြောဖို့ ခွင့်ပြုချက် မရှိတဲ့အခါကျတော့ ဘာမှ ပြောလို့မရဘူး။ အမှုချ ပြီးပြီ။ ပြီးသွားမှ ရှေ့နေဆီသွားပြီးတော့ အဲဒီကိစ္စကို ဘယ်လိုဆက်လုပ်ရင်ကောင်းမလဲဆိုတာ စာရွက်စာတမ်းကို သူတို့ ပြင်ဆင်ထားခိုင်းတယ်။ ပြီးရင် ပြန်ပြင်ပေါ့။ ပြန်ပြင်တဲ့အခါမှာ အယူခံဝင်တဲ့ပုံစံမျိုးပေါ့။ နောက်ဆုံး တဆင့်ပြီးတဆင့်တက်ပြီး မြန်မာသံရုံးအနေနဲ့ သံတမန်နည်းအရ လုပ်ကြည့်မယ်ပေါ့နော်။”

ဖမ်းဆီးထောင်ချခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားမှာ အလုပ်လုပ်ရဖို့  စုမြတ်နန္ဒာဝင်းအေဂျင်စီကို ကျပ်ငွေ ၁၀ သိန်းပေးဆောင်ခဲ့ရတာဖြစ်ပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာဒေသ၊ညောင်ဝန်းတွင် ရဲများမှ တောင်သူများကို သေနတ်ဖြင့် ပစ်ခတ်ခြင်းနှင့် နှစ်ဖက်ပဋိပက္ခများ ဖြစ်ပွား ။







ယနေ့၁၀း၃၀မိနစ်တွင်၊၊မြေသိမ်းသမားဂရိတ်ဝေါကုမ္ပဏီ၏မြောက်ပင့်တိုင်ကြားမှုဖြင့်၊
ရဲတပ်ဖွဲ့မှဝင်ရောက်အကြမ်းဖက်ခဲ့သည်၊မတ္တရာဒေသ၊ညောင်ဝန်းရွာမှမြေသိမ်းခံထား
ရသောတောင်သူများရှိရာလယ်ကွင်းထဲသို့ရဲအင်အား၅၀ကျော်ဝင်ရောက်လာပြီး၊တောင်
သူများကိုခြိမ်းခြောက်လူစုခွဲခိုင်းသည်၊ပထမဦးဆုံးရဲများမှသေနတ်များကိုမိုးပေါ်ထောင်
ပစ်ခဲ့ကြပြီးနောက်တောင်သူများရှိရာကိုတည့်တည့်ချိန်ရွယ်ကာထပ်မံပစ်ခတ်ခဲ့ကြသည်။

ထိုအချိန်တွင်တောင်သူဦးရေ၂၅ယောက်ခဲ့ရှိနေပြီး၊အမျိုးသမီးတစ်ဦးသေနတ်ကျည်ထိ
မှန်ခဲ့သည်၊၊သေနတ်ကျည်ထိမှန်သောအမျိုးသမီးဖြစ်သူ၊ဒေါ်သန်းကြင်နုအားတောင်သူ
များမှအရေးပေါ်ကုသနေရပြီးဆေးရုံတင်ရန်ဆောင်ရွက်ခဲ့ကြသည်၊၊

ရဲများမှသေနတ်ဖြင့်ပစ်ခတ်နေရင်းတောင်သူများကိုထပ်မံဝင်ရောက်ထိုးကြိတ်ဖမ်းဆီး
ရာ၊တောင်သူတစ်ဦးဖြစ်သူဦးမြင့်ကြည်ကိုဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးသွားကြကြောင်း၊
ထိုကဲ့သို့ရဲများမှအကြမ်းဖက်နေသည်ကိုရွာတွင်းနေတောင်သူများကြားသိခဲ့ရပြီးထိပ်တိုက်
ရင်ဆိုင်ရာနေရာသို့တောင်သူများထပ်မံရောက်ရှိခဲ့ရာ၊ရဲများနှင့်ထပ်မံ၍ရုန်းရင်းဆန်ခတ်
ဖြစ်ပွားခဲ့ကြပြီး၊ရဲများကိုယ်လွတ်ရုန်းရှောင်တိမ်းသွားကြသည်။

ယခုအခါရဲများသည်၊ညောင်ဝန်းရွာတွင်းရှိ၊အခြေခံပညာအလယ်တန်းကျောင်းအမှတ်
(၃၅)နှင့်သုခိတ္တာရုံဘုန်ကြီးကျောင်းထဲတွင်ပုန်းအောင်းနေသည့်အတွက်ရွာသားများမှ
ဖမ်းဆီးထားခံရသောတောင်သူဦးမြင့်ကြည်ကိုလွတ်ပေးရေးပိတ်ဆို့တောင်းဆိုခဲ့ကြသည်။

တောင်သူဦးမြင့်ကြည်အားရဲတပ်ဖွဲ့မှဖမ်းဆီးကစဥ့်ကူးမြို့နယ်၊လက်ပံလှရဲစခန်းကိုဖမ်းဆီး
ခေါ်ဆောင်သွားသည်၊၊တောင်သူများဖြစ်ကြသော၊ဒေါ်စိန်နု၊ဒေါ်စိန်ဥ၊ဒေါ်ကြည်ကြည်၊
ဒေါ်ပု၊ဒေါ်စန်းယုမော်နှင့်ကိုစန်းစိုးတို့မှာရဲများ၏အကြမ်းဖက်ရိုက်နှက်မှုကြောင့်ပေါက်ပြဲ
ဒဏ်ရာများရရှိထားပြီးကျေးရွာတွင်း၌ဆေးကုသခံနေရသည်၊၊

ရဲများမှအကြမ်းဖက်ရိုက်နှက်နေစဉ်ကျေးရွာတွင်းမှရွာသားများထွက်၍ရွာသားများပြန်ဝိုင်း
သည့်အခါ၊ရဲတပ်ဖွဲ့မှရွာထဲတွင်ရှိသောသုခိတ္တာရုံဘုန်းကြီးကျောင်းနှင့်အလကအမှတ်၃၅
ထဲသို့ဝင်ပြေးပေါင်းအားကြပြီး၊ရဲအများစုမှာကျေးရွာနှင့်ဝေးရာတောင်ယာအစပ်များကို
ထွက်ပြေးကြသည်။

ရွာသားများမှဘုန်းကြီးကျောင်းနှင်စာသင်ကျောင်းထဲတွင်ပိတ်မိနေသောရဲ၃၇ဦးအား
ပိတ်ဆို့ထားပြီးကျေးရွာကင်းများတင်းကြပ်စွာချထားလိုက်ပြီးဦးမြင့်ကြည်အားလွတ်ပေး
ရန်တောင်းဆိုရာ၊လက်ပံလှရဲစခန်းမှဦးမြင့်ကြည်အားကိုယ်ရေးအချက်အလက်များ
မေးမြန်းကာပြန်လွတ်ပေးခဲ့သည့်အတွက်၊ရဲ၃၇ယောက်ကိုပိတ်ဆို့ထားသောတောင်သူ
များနောက်ဆုတ်ပေးခဲ့သည်။

ညနေ(၆)နာရီခန်.တွင် ယနေ့မနက်၁၁နာရီဝန်းကျင်မှစ၍စဥ့်ကူးဒေသခံတောင်သူလယ်
သမားများကိုသေနတ်ဖြင့်ပစ်၊ဒုတ်နှင့်ရိုက်အကြမ်းဖက်ခဲ့သောရဲအင်အား၂၀၀ကျော်
ပြန်လည်ဆုတ်ခွာပြီ၊၊ဒေသခံတောင်သူများကိုအကြမ်းဖက်ခဲ့သောရဲများထဲမှရဲ၃၇ဦးသည်
ညောင်ဝန်းရွာရှိ၊သုခိတ္တာရုံဘုန်းကြီးကျောင်းတွင်ခိုအောင်းနေရာလူထုကြီးမှသေနတ်ဖြင့်
ပစ်ခတ်မိန့်ပေးသူ၊ပစ်ခတ်သူ၊နောက်ကွယ်ကညွန်ကြားသူများအားမေးမြန်းစစ်ဆေးခဲ့ရာ၊
ပစ်ခတ်သူနှင့်ပစ်ခတ်မိန့်စသည့်အချက်အလက်များရရှိခဲ့ကြပါသည်။၊

တောင်သူများနှင့်ရဲတပ်ဖွဲ.တို့၏သဘောတူညီချက်
-----------------------------------------------------------------
၁၊ရဲများမှအကြမ်းဖက်ပစ်ခတ်၍သေနတ်ဒဏ်ရာရသူဒေါ်စန်းကြင်နု၏ကျန်းမာရေး
ကုသမှုလိုအပ်ချက်။
၂၊ပစ်ခတ်တိုက်ခိုက်၍ထွက်ပြေးရာတွင်ဘုန်းကြီးနှင့်စာသင်ကျောင်းအားရိုက်ချိုး
ဝင်ရောက်ခဲ့သည့်အတွက်အဆောင်အဦးပြင်ဆင်စရိတ်။
၃၊ကျေးရွာတွင်းနေသောတောင်သူများအားပစ်ခတ်အကြမ်းဖက်ခတ်သူနှင့်တာဝန်ရှိ
သူများအားအရေးယူပေးရန်။
၎၊အကြမ်းရဲတပ်ဖွဲ့ ဝင်များအားလူထုမှတရားစွဲဆိုရေးအားသက်သေခံရန်တို့ကိုလူထု
ရှေ့မှောက်တွင်ရဲတပ်ဖွဲ့မှတာဝန်ယူလုပ်ဆောင်ပေးမည်ဖြစ်ကြောင်းခံဝန်လက်မှတ်ရေးထိုး
ခဲ့ကြသည်၊၊

အထက်ပါနောက်ဆက်တွဲဆောင်ရွက်ချက်များကိုရဲတပ်ဖွဲ့ မှ၁၅၊၈၊၂၀၁၄ရက်မနက်ဖြန်
တွင်စတင်အကြောင်းကြားဆက်သွယ်၍ဆောင်ရွက်မည်ဟုကတိပြုသောကြောင့်
ဘုန်းကြီးကျောင်းအားပိတ်ဆို့ထားသောလူထုမှရဲတပ်ဖွဲ့ဝင်အကြမ်းဖက်သမား၃၇ဦးအား၊
မှဲ.တစ်ပေါက်မစွန်း၊မထိခိုက်မနစ်နာစေပဲကောင်းမွန်စွာပြန်လည်ထွက်ခွင့်ပြုလိုက်သည်။

ရဲတပ်ဖွဲ့ဝင်၃၇ဦးပြန်လည်ထွက်ခွာချိန်တွင်ရွာအပြင်ဘက်တောင်ယာများတွင်တပ်စွဲ
ထားသောရဲတပ်ဝင်များလည်းပြန်လည်ဆုတ်ခွာခဲ့ကြကြောင်း သတင်းရရှိပါသည်။

သတင်းဓါတ်ပုံ- ကိုဟန်ဝင်းအောင်

အပစ်ရပ်ရေးတိုက်တွန်းချက် ထွက်ပေါ်ပုံ FDA ကြေညာချက်ထုတ်ပြန်


ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် FDA လို့ ခေါ်တဲ့ ဒီမိုကရေစီ မဟာမိတ်နိုင်ငံရေးပါတီ ၁၁ ပါတီက တနိုင်ငံ လုံး အတိုင်းအတာနဲ့ ပတ်သက်တဲ့ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းတဲ့ ကြေညာချက် ထွက်ပေါ် လာပုံကို အခုလို NDF ခေါ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

ကြညာချက် အပြည့်အစုံကတော့... 



ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)
 ကြေညာချက်အမှတ်( ၈/၂၀၁၄) 
ရက်စွဲ။ ၂၀၁၄ခုနှစ်၊သြဂုတ်လ(၁၄)ရက် 

 ၁။ ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) ၁၁ ပါတီစုပေါင်းအဖွဲ့သည် ၁၁-၈-၂၀၁၄ ရက်နေ့ တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တရားဝင်မှတ်ပုံတင်ထားသောနိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

 ထိုတွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီစုစုပေါင်း (၆၆)ပါတီ တက်ရောက်ဆွေးနွေးခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ် စဲရေး အမြန်ဆုံးလက်မှတ်ရေးထိုးရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ စောလျင်စွာ အကောင်အထည်ဖော် ရန် တိုက်တွန်းကြောင်းအဆို ကို တက်ရောက်လာသော နိုင်ငံရေးပါတီများ၏ သဘောထားများကို ရယူ၍ အများသဘောတူကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ 

၂။ ယင်းသို့ သဘောတူထုတ်ပြန်ရန်အတွက် ညီနောင်တိုင်းရင်းသားဖက်ဒရယ်ရေးရှင်း NBF အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDPဥက္ကဌဦးစိုင်းအိုက်ပေါင်းမှ စတင်အဆိုပြုပါသည်။ 

ယင်းအဆိုကို NLDပါတီ၊ တစညပါတီ၊ NNDP ပါတီနှင့် အခြားသော ဒီမိုကရေစီနှင့် တိုင်းရင်းသားပါတီများ က ယင်းအချိန်တွင် ကန့်ကွက်ဆွေးနွေးခြင်း မရှိခဲ့ပါ။ 

ညနေပိုင်းတွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်မှ နိုင်ငံလုံးဆိုင် ရာအပစ်အခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပပြုလုပ်ရန် တိုက်တွန်းကြောင်းအဆိုမူကြမ်း ကို ဆွေးနွေးပွဲတွင် တစ်ပိုဒ်ခြင်း ဖတ်ပြ၍ ထိုအဆိုပြုချက်ကို သဘောတူပါသလားဟု သုံးကြိမ်မေးမြန်းပါသည်။ 

ထို့နောက် သဘောမတူသူများရှိပါသလားဟု သုံးကြိမ်မေးမြန်းခဲ့ပါသည်။ သဘောမတူသူများ မရှိပါသဖြင့် ၁၁-၈-၂၀၁၄ ရက်နေ့ ညနေ ၅း၀၀နာရီခန့်တွင် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအမြန်ဆုံး လက်မှတ်
ရေး ထိုးရန် နှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် တရားဝင်ပါတီများက တိုက်တွန်းကြောင်း ကြေညာချက် ကို မိမိတို့၏လွတ် လပ်သောသဘောဆန္ဒအရ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ 

၃။ အဆိုပါ အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးရရှိလာရေး ပြည်သူအများတောင့်တနေသည့် ဆန္ဒကြီး ကို နိုင်ငံနှင့်ပြည်သူ့အပေါ် တာဝန်သိပါတီအသီးသီးက ထိုကဲ့သို့ထုတ်ပြန်ကြေညာခဲ့ခြင်းကို မိမိတို့ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA)အဖွဲ့ဝင်ပါတီများက တည်ကြည်လေးနက်စွာ ထပ်မံထောက်ခံ အပ်ပါသည်။ 

မြန်မာပြည်သူ များအတွက် ပြည်တွင်းစစ်ချောက်နှုတ်ခမ်းမှလွတ်မြောက်ပြီး လက်တွေ့ကျသော အမျိုးသား ညီညွတ်ရေး ပန်းတိုင်သို့ ရောက်ရှိစေရန်နှင့် ငြိမ်းချမ်းရေးအမြန်ဆုံးရရှိစေရန် ဆန္ဒပြင်းပြနေသည့် ပြည်သူ များ၏သဘောထား နှင့် ဖီလာဆန့်ကျင်နေသော အပြုအမှုနှင့်လုပ်ဆောင်မှုများကို မိမိတို့ ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA)အဖွဲ့ဝင်ပါတီများ အနေဖြင့် လက်မခံနိုင်ပါ။ 

၎။ ထို့ကြောင့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအမြန်ဆုံး လက်မှတ်ရေးထိုးရန် နှင့် နိုင်ငံရေးဆွေးနွေး ပွဲ များ စတင်ရန် နိုင်ငံရေးပါတီများက တိုက်တွန်းကြောင်းကြေညာချက်ကို အမျိုးသားညီညွတ်ရေးအမြန် ဆုံး ဖြစ်ပေါ် စေ လိုသော ဆန္ဒမှန်ဖြင့် မိမိတို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)အဖွဲ့ဝင်ပါတီ များက ထောက် ခံ ပါကြောင်း ပြည်သူအများသိစေရန် ကြေညာချက် ထုတ်ပြန်အပ်ပါသည်။ ` 


ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ်( FDA)
 ရန်ကုန်မြို့

စားသုံးရန်မသင့်သော မုန့်စာရင်း ကျန်းမာရေးဝန်ကြီးဌာန ထပ်မံကြေညာ


ရန်ကုန်၊ သြဂုတ် ၁၂

 ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော စားသောက်ကုန်များထဲမှ အန္တရာယ်ရှိဆိုးဆေး ပါဝင်သော YIMAO-Food အမည်ရှိ ဖလိတ်ပ်ပြား မုန့်နှင့် ရွှေစံအိမ် ရှူးရှဲလက်ဖက်ကို စားသုံးရန် မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သြဂုတ်လ ၁၂ ရက်နေ့တွင် ကြေညာချက် ထပ်မံထုတ်ပြန်လိုက်သည်။
ယင်းစားသောက်ကုန်များကို အခြေခံပညာ ကျောင်းများမှတစ်ဆင့် ကောက်ယူ စစ်ဆေးထားခြင်းဖြစ်ပြီး အထက်ပါ အစားအစာ နှစ်မျိုးလုံးတွင် တားမြစ်ထားသော ဆိုးဆေးများ ထည့်သွင်းထားသည်ကို ဓာတ်ခွဲစမ်းသပ်မိကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ယခုလဆန်းပိုင်းက ကျောင်းမုန့်ဈေး တန်းများတွင် ရောင်းချနေသော ပန်းပွင့်ပုံ ဝေဖာတစ်မျိုးကို စားသုံးရန် မသင့်ကြောင်း ကြေညာခဲ့ရာ ယခုအကြိမ်သည် ကျန်းမာရေး ဝန်ကြီးဌာန၏ ယခုလအတွက် ဒုတိယမြောက် အသိပေး ကြေညာချက် ဖြစ်သည်။
အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ရောင်းချသူများသည် တားမြစ်ထားသော ဓာတုဆိုးဆေးပါ စားသောက်ကုန်များကို ရောင်းချကြောင်း စစ်ဆေးတွေ့ရှိလျှင် အမျိုးသား အစားအသောက် ဥပဒေအတိုင်း တရားစွဲဆိုသွားရန် စီစဉ်ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အစပိုင်းမှ သြဂုတ်လ ၁၂ ရက်နေ့အထိ မြို့နယ်ပေါင်း ၄၅ မြို့နယ်မှ အခြေခံပညာကျောင်း ၁၄၆ ခုကို အခြေခံပြီး မုန့်အမျိုးပေါင်း ၉၂၁ မျိုးကို ကောက်ယူ စစ်ဆေးထားပြီး ဖြစ်ကြောင်း FDA မှစုံစမ်းသိရှိရသည်။
“စစ်ဆေးထုတ်ပြန်တဲ့အခါမှာ မုန့်အမည်၊ ထုတ်လုပ်တဲ့နေရာ၊ ဓာတ်ပုံနဲ့ စနစ်တကျ ကြေညာပေးသင့်တယ်။ ဒါမှ စားသုံးတဲ့သူတွေက သိမှာလေ” ဟု တောင်တွင်းကြီးမြို့နယ် ကျောင်းကျန်းမာရေး တာဝန်ခံ ဦးကျော်ဆွေက The Voice သို့ပြောကြားသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ဓာတ်ခွဲစမ်းသပ်မှုများအပြင် တားဆီးပိတ်ပင်မှုများ၊ ဈေးကွက်အတွင်း ကွင်းဆင်း စစ်ဆေးမှုများ ပိုမိုပြုလုပ်သင့်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများမှ စားသောက်ကုန်များကို ကျန်းမာရေးနှင့် ညီညွှတ်မှုရှိ ၊ မရှိ စစ်ဆေးမှုများပြုလုပ်လျက် ရှိသည်။
မေဇော်

ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ထီးခီးနယ်စပ်သို့ လာရောက်လေ့လာ


Dawei Watch | ထားဝယ်၊ သြဂုတ် ၁၄

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီဆစ် အပါအ၀င် ၃ ဦးအဖွဲ့သည် ထားဝယ်ဒေသ အတွင်းရှိ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထီးခီးဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းတို့ကို သြဂုတ်လ ၁၀ ရက်နေ့၌ လာရောက် လေ့လာခဲ့ကြောင်း ယင်းနယ်စပ်ကုန်သွယ်ရေးစခန်း တည်ဆောက်နေသူများထံမှ သိရသည်။

ဝန်ကြီးချုပ်ဟောင်း အဘီဆစ် သည် ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနဘူရီခရိုင်နှင့်
နယ်နမိတ်ထိစပ် လျှက်ရှိသည့် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းသို့ ကုန်းလမ်းခရီးဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် နောက်လာမည့်အစိုးရ မတင်မြှောက်မီ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးအခြေအများကိုကြိုတင်လေ့လာရန် ထီးခီးနယ်စပ်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရကြောင်း ၎င်းတို့က ပြောဆိုသည်။

“နယ်စပ်ကုန်သွယ်ရေးစခန်းကို လာရောက်လေ့လာပြီး သိရှိလိုတာမေးမြန်းတာပဲ လုပ်တယ်။ သူတို့ ဘာလုပ်မယ်ဆိုတာကိုအသေးစိတ်တော့ ဘာမှမပြောဘူး” ဟု ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်း တည်ဆောက်ခွင့်ရထားသော Co Co Light House ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး ကဆိုသည်။

ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၏ ထီခီးဒေသဖွံ့ဖြိုးရေးစီမံကိန်း လေ့လာရေးခရီးစဉ်တွင်
ထီးခီး နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ၊ Co Co Light House ကုမ္ပဏီမှတာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့သည်။

ထီးခီးဒေသဖွံ့ဖြိုးရေးစီမံကိန်းကို KNU (Noble prince ကုမ္ပဏီ)၊ Co Co
Light House ကုမ္ပဏီနှင့် ထိုင်းနိုင်ငံအခြေစိုက် Siamvattanakit ကုမ္ပဏီတို့ ပူးပေါင်း  ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းဘတ်သန်း ၅၀၀ ရင်နှီးမြှုပ်နှံတည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်း စီမံကိန်းတည်ဆောက်ရန် အချိန်တစ်နှစ်ကြာမည်ဟု Siamvattanakit ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာချိုင်ယုကပြောကြားထားသည်။

ထီးခီးဒေသဖွံ့ဖြိုးရေးစီမံကိန်းတည်ဆောက်မည့် မြေဧရိယာအတွင်းမြေပြုပြင်ခြင်းလုပ်ငန်းမှာ ၅၀
ရာခိုင်နှုန်းပြီးစီးလျှက်ရှိပြီး ပွင့်လင်းရာသီတွင် အဝေးပြေးကားကွင်း၊ ဓါတ်ဆီဆိုင်၊ ဈေးဆိုင်၊ စားသောက်ဆိုင်နှင့် တည်းခိုမည့် အဆောက်အအုံ တို့ကိုစတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း Co Co Light
House ကုမ္ပဏီမှ တာဝန်ရှိသူကပြောဆိုသည်။

ယင်းစီမံကိန်း၌ဗဟိုဈေးကြီး၊ ကားအရောင်းပြခန်း၊ အားကစားခန်းမ၊ ဒေသဈေး (local market)၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေးပစ္စည်း အရောင်းပြခန်း၊ ဈေးဝယ်စင်တာ၊ ဆီ(သို့)ဂက်စ် အရောင်းဆိုင်၊VIP နားနေအဆောက်အအုံ၊ ရဲဌာန၊ ဟိုတယ်၊ ကားကွင်း၊ အစိုးရရုံးနှင့် အခွန်အခပေးဆောင် စရာမလိုသော ပစ္စည်းရောင်းသည့် အဆောက်အအုံတို့ကို ထည့်သွင်း တည်ဆောက်မည်ဟု စီမံကိန်းအချက်အလက်အရ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ထီးခီး၊ မောတောင်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများသည် ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်လျှက်ရှိပြီး ထီးခီးနှင့် မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

အဘီဆစ်သည် ယင်းလပ်၏ အတိုက်အခံ ထိုင်းဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ဖူးသည်။

Dawei Watch

မပြေလည်နိုင်သေးသော မိကျောင်းကန်မြေယာကိစ္စကို ဖြေရှင်းပေးတော့မည်မဟုတ်ဟု နယ်/လုံဝန်ကြီးပြော


ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀)၊ အမှတ် (၃၁)။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့ နယ်အတွင်းရှိ မိကျောင်းကန်မြေယာ ကိစ္စဖြေရှင်းပေးရန် အစီအစဉ်မရှိ တော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့်လုံခြုံ ရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ရန်ကုန်တိုင်းမ်သို့ ပြောသည်။

မိကျောင်းကန်မြေယာရရှိရန် သပိတ်စခန်းဖွင့်၍ တောင်းဆိုနေမှု များနှင့်ပတ်သက်ပြီး ၄င်းက ''ဘာမှ ကို လုပ်ပေးစရာအကြောင်းမရှိဘူး။သူတို့ကို ခဏခဏရှင်းပေးတာပဲ''ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
သင်္ဃန်းကျွန်းမိကျောင်းကန်အပိုင်း(၁၊၂၊၃) ပြည်သူ များက သိမ်းဆည်းခံမြေယာပြန်လည်ရရှိရန် တတိယအ ကြိမ်မြောက်သပိတ်စခန်းကို ၂ဝ၁၄ခုနှစ်မတ် ၂၄ရက်မှစ တင်၍ ရန်ကုန်မြို့တော်ခန်းမအရှေ့ မဟာဗန္ဓုလပန်းခြံ ဘေးတွင် သပိတ်စခန်းဖွင့်ခဲ့သည်။ မတ် ၃ဝရက်နှင့် ၃၁ ရက်နံနက်ပိုင်းတွင် မြို့တော်စည်ပင်မှ အင်အားသုံးဖြေရှင်း ခဲ့သည်။ မိကျောင်းကန်သပိတ် ခေါင်းဆောင်များသည် သင်္ကြန်ကာလများတွင် ၄င်းတို့၏မြေယာသိမ်းဆည်းသူ များကို ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့ကြသည်၊၊
မိကျောင်းကန်မြေယာ ပြန်လည်ရရှိရေးဆောင်ရွက် သူ မနေနွယ်သန်းက ''ဝန်ကြီးအဖွဲ့ တာဝန်ရှိတဲ့သူတွေက တာဝန်မဲ့တဲ့စကားတော့ မပြောသင့်ဘူး။ ပြည်သူတွေရဲ့ အခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းပေး ရမှာလေ။ သူတို့ကပြည်သူ့ဝန်ထမ်းတွေလေ ကျွန်မတို့ကတော့ အောင် မြင်အောင် ကြိုးစားရမှာပဲဟု''ပြောသည်၊၊

မိကျောင်းကန်မြေယာပြဿနာဖြေရှင်းရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်နှင့် သပိတ်ဦးဆောင်သူဦးစိန်သန်းအပါ အဝင် ရန်ကုန်မြို့တော် တပ်စည်ပင်မှတာဝန်ရှိသူများနှင့် ရန်ကုန်မြို့တော်ခန်းမ၌ တွေဆုံဆွေးနွေးမှု များ ပြုလုပ်ခဲ့ ကြသည်။ ထိုသို့တွေ့ဆုံမှုများကို သပိတ်စခန်းဖွင့်သူများ က ၄င်းတို့၏မြေယာရရှိရေးကို ဦးစားပေးတောင်းဆိုမှု များကြောင့် ၄င်းတို့ ဆွေးနွေးမှုပျက်ပြယ်သွားခဲ့ရသည်။
သပိတ်စခန်းဦးဆောင်သူ ဦးစိန်သန်းကို ပန်းဘဲတန်း၊ ဗဟန်း၊ ကျောက်တံတား၊ လသာမြို့နယ်များတွင် ပုဒ်မ၁၈ ဖြင့်လည်းကောင်း စည်ပင်ဥပဒေ ၆၈ ဖြင့်လည်းကောင်း တရားစွဲဆိုထားခြင်းကို ခံထားရလျက်ရှိသည်၊၊

Yangon Media Group

ဓမ္မစေတီခေါင်းလောင်းပေါ်မှ သင်္ဘောပျက်ကို တွေ့ရှိသည်မှာ မမှန်ဘဲ ခေါင်းလောင်းနစ်မြုပ်နေသည်ဟု ယူဆရသည့် နေရာအနီးတစ်ဝိုက် လက်ရှိရှာဖွေနေဆဲဖြစ်


မြစ်ထဲရှိ ခေါင်းလောင်းကြီးအား ရှာဖွေနေသည့် သင်္ဘောကြီးကို သြဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)

နှစ်ပေါင်း ၄၀၀ ကျော် ရေအောက်တွင်နစ်မြုပ်နေသည့် ဓမ္မစေတီခေါင်းလောင်းပေါ်ရှိ သင်္ဘောပျက်တစ်စီးအားတွေ့ပြီဟုဆိုသည်မှာ မဟုတ်မှန်ဘဲ ခေါင်းလောင်းနစ်မြုပ်နေသည်ဟုယူဆရသည့်အနီးတစ်ဝိုက်တွင် ရှာဖွေနေဆဲဖြစ်ကြောင်း ခေါင်းလောင်းရှာဖွေရေးအဖွဲ့မှဦးဝင်းမြင့်က သြဂုတ် ၁၃ရက် ညနေပိုင်းတွင် The Daily Eleven သို့ပြောကြားခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ် ၉ ရက်မှစတင်ကာ ရှာဖွေမှုများပြုလုပ်နေခြင်းဖြစ်ပြီး ယင်းသို့ရှာဖွေရာတွင် ခေါင်းလောင်းကြီးအပေါ်ရှိ သင်္ဘောပျက်အားတွေ့ရှိပြီး နှုန်းများ စတင်ဖယ်ရှားနေပြီဟု ပြည်တွင်းထုတ် သတင်းစာဂျာနယ်အချို့တွင် ဖော်ပြခဲ့ကြသည်။

ယင်းခေါင်းလောင်းကြီးနစ်မြုပ်နေသည်ဟုယူဆရသည့် မြစ်ကြမ်းပြင်တစ်ဝိုက်တွင် သင်္ဘောပျက်များစွာတွေ့ရှိရကြောင်း ဦးဝင်းမြင့်က သြဂုတ် ၁၃ ရက်က ပြောကြားသည်။

ဦးဝင်းမြင့်က "ဒီနေ့အထိ ခေါင်းလောင်းရှာဖွေမှုက အခက်အခဲမရှိသေးပါဘူး။ အေးအေးချမ်းချမ်းပါပဲ။ ခေါင်းလောင်းပေါ်က သင်္ဘောပျက်ကြီးတွေ့တယ်ဆိုတာက သင်္ဘောပျက်တွေက မြစ်ကြမ်းပြင်မှာ အများကြီးပါပဲ။ အရင်အခေါက်တွေရှာတုန်းကလည်း တွေ့ပါတယ်။ ဒီနေ့ရှာဖွေရေးလုပ်တဲ့သင်္ဘောတွေကိုတော့ နေရာရွှေ့ထားပါတယ်။ မြစ်ကြမ်းပြင်က သဲတွေစုပ်ထုတ်တာတော့ ဒီနေ့မလုပ်သေးပါဘူး" ဟု ပြောကြားခဲ့သည်။

သို့ရာတွင်ခေါင်းလောင်းကြီးတွေ့ရှိခြင်း မတွေ့ရှိခြင်းနှင့်ပတ်သက်၍ ၎င်းက အတိအကျပြောကြားခြင်းမရှိသေးဘဲ မကြာမီသိရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။

"ခေါင်းလောင်းကိုတွေ့ပြီလား မတွေ့သေးဘူးလားဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် အခုဘာမှမပြောနိုင်သေးပါဘူး။ မကြာခင် အားလုံးသိကြရမှာပါ။ ဒီလောက်ဆိုသဘောပေါက်ကြမှာပါ" ဟု သြဂုတ် ၁၃ ရက်က ပြောကြားသည်။

ခေါင်းလောင်းကြီးရှာဖွေမှုကို စိတ်ဝင်စားစောင့်ကြည့်နေသည့် တာမွေမြို့နယ်နေ ဦးကျော်စိန်က "ခေါင်းလောင်းကြီးကိုပြန်ဆယ်မယ့်အသံကြားကတည်းက ကျွန်တော်စိတ်ဝင်စားနေတာ။ သတင်းစာတွေဂျာနယ်တွေမှာလည်း အဲ့ဒီခေါင်းလောင်းသတင်းကို စောင့်ပြီးဖတ်ဖြစ်ပါတယ်။ ဂျာနယ်တစ်စောင်မှာရေးထားတာက ခေါင်းလောင်းကြီးပေါ်မှာရှိတဲ့ သင်္ဘောပျက်ကြီးကိုတွေ့ပြီလို့ ရေးထားတော့ ခေါင်းလောင်းကိုတွေ့တဲ့သဘောဖြစ်နေတယ်။ ဒီတော့ပိုစိတ်ဝင်စားသွားတယ်။ လူကိုယ်တိုင်လည်း နှစ်ခေါက်သွားကြည့်ပြီးပါပြီ။ ဒီခေါင်းလောင်းကြီးအကြောင်းကို စာတွေထဲမှာပဲဖတ်ဖူးတော့ အပြင်မှာ ကိုယ်တိုင်ကိုယ်ကျမြင်ဖူးချင်တယ်" ဟုဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကြီးမှာ အလေးချိန် ပိဿာ ၁ ၈၀၀၀၀၊ တန်ချိန် ၂၉၀ ကျော်ရှိပြီး ခရစ်နှစ် ၁၄၈၅ ခုနှစ်က မွန်ရှင်ဘုရင် ဓမ္မစေတီမင်းက သွန်းလုပ်ခဲ့ကာ ရွှေတိဂုံစေတီအရှေ့မြောက်ထောင့်၌ ၁၂၃ နှစ်တိုင်တိုင် တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရသိရှိရကာ အလေးချိန်နှင့်ပတ်သက်ပြီး လေ့လာသူပညာရှင်များအကြား ကွဲလွဲမှုများရှိနေသည်။

အဆိုပါဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေတွေ့ရှိဆယ်ယူရရှိခဲ့ပါက ကမ္ဘာပေါ်တွင် အကြီးဆုံးခေါင်းလောင်းဖြစ်နိုင်ဖွယ်ရှိပြီး လက်ရှိကမ္ဘာ့အကြီးဆုံးခေါင်းလောင်းမှာ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ၁၈၃၃ ခုနှစ်တွင် သွန်းလုပ်သော တန်ချိန် ၂၀၀ ကျော်ရှိသည့် ဇာကိုလိုကောခေါင်းလောင်းကြီးဖြစ်ကြောင်း သိရသည်။


Eleven Media Group

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ကျောက်ထုတ်ခွင့် မွန်ပြည်နယ်အစိုးရ ခွင့်ပြုမည်မဟုတ်

Displaying DSC07237.jpg
 တရုတ်စီးပွားရေးလုပ်ငန်းရှင်တို့မှ မြေဝယ်ယူထားသည့် တောင်တန်းကို အံဒင်ရွာမှလှမ်းမြင်ရစဉ်
ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch

|Dawei Watch| မော်လမြိုင်၊ သြဂုတ် ၁၂
မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းတွင် ကျောက်ထုတ်လုပ်ရန်အတွက် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြေလိုက်ဝယ်နေသည်ကို ပြည်နယ်အစိုးရအဖွဲ့က တားမြစ်ထားပြီး ကျောက်ထုတ်ခွင့်လည်း ပြုမည်မဟုတ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
ပြည်နယ်အစိုးရအဖွဲ့ထံ တစ်စုံတစ်ရာအသိပေးထားခြင်းမရှိဘဲ ကျောက်ထုတ်လုပ်ရန်ဟုဆိုကာ ဒေသခံများထံမှ တဆင့် မြေများ လာရောက်ဝယ်ယူနေသည်ကို တားမြစ်ထားသည့်အပြင် ကျောက်ထုတ်လုပ်ရန်အတွက် လျာထားချက်ကိုလည်း လုံးဝခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း ရေးမြို့နယ်တာဝန်ခံဝန်ကြီး နိုင်လဝီအောင်က ပြောသည်။
“သူတို့က ခိုးလုပ်လို့ သိသွားရင် အရေးယူမယ်” ဟု ၄င်းက ပြောသည်။
လက်ရှိတွင် ခေါဇာမြို့နယ်အတွင်းတွင် ဧကပေါင်းများစွာ ဝယ်ယူထားပြီးဖြစ်ကာ ရေးမြို့နယ်၊ အံဒင်ကျေးရွာဘက်တွင်လည်း ပြည်နယ်အစိုးအရအဖွဲ့ထံ အသိပေးအကြောင်းကြားထားခြင်းမရှိဘဲ ငွေကျပ်သိန်းပေါင်း ၄ ထောင်ဝန်းကျင် တန်ဖိုးရှိ မြေများကို ဝယ်ယူထားကြောင်း ကျောက်ထုတ်လုပ်ရန်အတွက် လမ်းဖောက်လုပ်ထားခြင်း၊ စက်ယန္တရားများ ယူချထားခြင်းများ ဆောင်ရွက်ထားသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် တားမြစ်ထားကြောင်း ၄င်းက ပြောသည်။
ကနဦးမြေလာဝယ်သူများမှာ နိုင်ငံသားများဖြစ်ပြီး နောက်ပိုင်းမှ တရုတ်နိုင်ငံသားများက တဆင့် ၀ယ်ခိုင်းသည်ဟု သိရပြီး ကျောက်ထုတ်ရန်ဟု သိရကြောင်း ရေးမြို့နယ် အံဒင်ရွာခံ ဦးဖိုးဇော်က ပြောသည်။
“ဈေးကြီးကြီးနဲ့ ဝယ်တယ်ဆိုတော့ တချို့ကလည်း ရောင်းကြတယ်၊ တချို့ကလည်း ဒီဟာ ဘာလုပ်လဲဆိုပြီး မရောင်းကြတာလဲရှိတယ်၊ သူတို့ဝယ်နေတာကလည်း အကုန်လုံး တကွက်လုံးကို ဝယ်နေတာမဟုတ်ဘူး။ ဟိုမှာတကွက် ဒီမှာတကွက်နဲ့ လိုက်ဝယ်တယ်၊ အခုဆို လမ်းတွေဖောက်ထားတယ်၊ စက်ပစ္စည်းတွေလည်း ရောက်နေတယ်၊ ဒါပေမယ့် ဘာမှတော့ မလုပ်ရသေးဘူး” ဟု ဦးဖိုးဇော်က ပြောသည်။
အဆိုပါကိစ္စကို မွန်ပြည်သစ်ပါတီကလည်း တားထားကြောင်း အထက်ပါ ဒေသခံက ရှင်းပြသည်။
ထို့အပြင် ရေးမြို့နယ်အတွင်းရှိ ဟံဂံကျေးရွာနှင့် အခြားကျေးရွာများတွင်လည်း တရုတ်လူမျိုးအမည်ခံဖြင့် မြေများ လာရောက်ဝယ်ယူနေကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
၂၀၁၄ ခုနှစ်အတွင်း မွန်ပြည်နယ်သို့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ခြေဆန့်ဝင်လာပြီး ရေးမြို့နယ်ကဲ့သို့ပင် မုဒုံမြို့နယ်ဘက်တွင်လည်း လယ်ယာမြေများကို ဈေးကြီးပေး လာရောက်ဝယ်ယူနေသည့်အတွက် ဒေသခံများက စိုးရိမ်မကင်းဖြစ်နေကြသည်။
Dawei Watch

ရေကာတာ စီမံကိန်း စာချုပ်များ ပြန်ပြင်နိုင်တယ်လို့ ကုမ္ပဏီပြော

 
ဟိုအရင် မြန်မာ အစိုးရနဲ့  ချုပ်ဆိုထားတဲ့ ရေကာတာဆောက်လုပ်ရေး စီမံချက်စာချုပ်တွေ ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုဖို့  ဖြစ်နိုင်တယ်လို့ Power Construction Corp of China PCCC ကုမ္ပဏီ ၊ ဒုတိယ ဥက္ကဌ Sun Hongshui က ပြောကြားလိုက်ပါတယ်။

ပြည်တွင်းမှာ လျှပ်စစ်ဓါတ်အား လိုအပ်ချက်က အရင်တုန်းကထက် များပြားလာနေတယ်လို့ လက်ရှိ မြန်မာ အစိုးရအနေနဲ့  ယူဆရင်၊ ပြည်တွင်း လိုအပ်ချက်ကို အရင် ဖြည့်ဆီးပေး ဖို့ ပြဿနာ မရှိကြောင်း၊ ပိုလျှံတဲ့ လျှပ်စစ်ဓါတ်အားတွေကို တရုတ်ပြည်ကိုဖြစ်ဖြစ် တခြား အိမ်နီးချင်းနိုင်ငံတွေကို ဖြစ်ဖြစ် တင်ပို့ရောင်းချနိုင်ကြောင်း သူကပြောပါတယ်။

Mr Sun Hongshui ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့မှာ မြန်မာအစိုးရ စွမ်းအင် အရာရှိကြီးတွေနဲ့  ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုလိုထုတ်ဖော်ပြော ကြားလိုက်တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ဧရာဝတီမြစ်ဆုံ အပါအဝင် ရေကာတာတွေ အများအပြား ဆောက်လုပ်ပြီး တရုတ်ပြည်ကို လျှပ်စစ်ဓါတ်အား တင်ပို့ရောင်းချမယ့်ကိစ္စဟာ ပြည်တွင်းက လေထု၊ ရေထု၊ ပထဝီပတ်ဝန်းကျင် ပျက်စီးမှုတွေ ရှိလာမယ့် အန္တရာယ်ကြောင့် မြန်မာလူထု က ရေကာတာ ဆောက်လုပ်ရေးစီမံကိန်းတွေကို ကန့်ကွက်ခဲ့ကြတာပါ။

RFA Burmese

AGD ဘဏ်၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းသာ ရောင်းချရသေးပြီး ၆၀ ရာခိုင်နှုန်းအထိ ရောင်းချမည့်ကိစ္စ ပြန်စဉ်းစားနေရဟု ဦးတေဇဆို


AGD ဘဏ်၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကိုသာ ယခုအချိန်ထိရောင်းချ ရသေးပြီး ၆၀ ရာခိုင်နှုန်းအထိရောင်းချ မည်ဆိုသည့်ကိစ္စမှာ ပြင်ပထွက်ရိုက်ခတ် နေသော သတင်းစကားများကြောင့် ပြန် လည်စဉ်းစားသွားရမည်ဟု အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်ဥက်္ကဋ္ဌ ဦးတေဇက ပြော သည်။

AGD ဘဏ်၏ ရှယ်ယာများကို အာဏာရှင်ဟောင်းဦးနေ၀င်း၏ မြေးဖြစ်သူ ကျော်န၀င်းမှ ၀ယ်ယူ ထားရှိပြီး ၈၀ ရာခိုင်နှုန်းအထိ ၀ယ်ယူသွား မည်ဟု ၎င်းတို့ဘက်မှ သတင်းထုတ်ပြန် ထားသော်လည်း ထိုသို့ ရှယ်ယာရာနှုန်း များစွာရောင်းချခြင်းပြု၊ မပြုကို သတ်မှတ် ထားရခြင်းမရှိသေးကြောင်း ဦးတေဇက ပြောသည်။

“ဗဟိုဘဏ်ကလည်း ၁၅ ရာခိုင် နှုန်းအထိပဲ ခွင့်ပြုပေးထားတယ်။ ကျွန် တော်တို့ဘက်ကတော့ ၆၀ ရာခိုင်နှုန်း လောက်ရောင်းဖို့ မျှော်မှန်းထားပေမယ့် အခုဖြစ်နေတဲ့အကြောင်းကိစ္စတွေကြောင့် ပြန်စဉ်းစားရမယ်”ဟု သြဂုတ် ၁၂ ရက်က အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်သော UMFCCI ၏ နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးပွဲသို့ တက်ရောက်လာ စဉ် သတင်းထောက်များ၏ မေးမြန်းချက် အပေါ် ၎င်းက ဖြေကြားခဲ့သည်။

AGD ဘဏ်အနေဖြင့် ထိုသို့ အစု ရှယ်ယာရောင်းချရခြင်းမှာ ၀င်ရောက်လာ သော နိုင်ငံခြားဘဏ်များနှင့် ယှဉ်ပြိုင်ရာတွင် အဆင်သင့်ရှိစေရန်အတွက် ရည်ရွယ် လုပ်ဆောင်ခြင်းသာဖြစ်ပြီး ပြင်ပတွင် ထွက်ပေါ်နေသော သတင်းစကားများကြောင့် စိတ်မကောင်းဖြစ်ရသည်ဟု ၎င်းကဆိုသည်။

ထို့အတူ ထွက်ပေါ်နေသော ငွေကြေးပိုင်ဆိုင်မှုသတင်းများနှင့် ပတ် သက်၍ သံသယဖြစ်သူများ အနေဖြင့် အထောက်အထားဖြင့် တရားရုံးမှတဆင့် ဖြေရှင်းဖို့ကိုလည်း ၎င်းင်းက တိုက်တွန်းခဲ့ သည်။

မိုးမင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အလှမယ် ၂ ယောက် တရုတ်ပြည် သွားပြိုင်မယ်

အိန္ဒြာသီရိကို၊ ချောစုလင်းဖြူသန့်တို့ကို ဆယ်ကြိမ်မြောက် အာဆီယံ-တရုတ် မယ်ပြိုင်ပွဲ ဒီလကုန်ပိုင်း သွားရမယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးပါတယ်။
နေရာ တရုတ်နိုင်ငံ တာ့လျန်မြို့ လို့ ဆိုတယ်။





  • အိန္ဒြာသီရိကို

ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ရှိတဲ့ အလှမယ်ပြိုင်ပွဲသတင်းတွေထဲမှာတော့ ဒါက နောက်ဆုံးထွက်လာတဲ့သတင်း ဖြစ်ပါလိမ့်မယ်။

သူတို့နှစ်ယောက်ဟာ ဒီနှစ်ဆန်းပိုင်း ရန်ကုန်မှာကျင်းပတဲ့ Miss 27th SEA Game မှာ ထိပ်တန်းဆုတွေ ရခဲ့တာပါ။

 အိန္ဒြာသီရိကိုက သရဖူရပြီး ချောစုလင်းဖြူသန့်က ဒုတိယအမြင့်ဆုံးဆုဖြစ်တဲ့  1st runner up   ရပါတယ်။

ဓာတ်ပုံတွေကို ဒီအလှမယ်၂ယောက်ရဲ့ facebook ကနေ ကူးယူ ဖော်ပြပါတယ်။
 
အိန္ဒြာသီရိကိုဟာ အရင်ခေတ် မယ်တက္ကသိုလ် မယ်ဗမာ မယ်ဒဂုန်ဘွဲ့တွေ ရခဲ့သူတို့ရဲ့ မျိုးဆက်လို့ သတင်းတပုဒ်မှာ ရေးထားပါတယ်။ အဲဒီသတင်း ဘယ်သတင်းစာဂျာနယ်မှာ ပါမှန်းတော့ မသိပါဘူး။ ကာယကံရှင်ရဲ့ 
facebook မှာ တင်ထားတာကို တွေ့တာပါ။
 

အိန္ဒြာသီရိကိုက အွန်လိုင်းမှာ လူကြိုက်များတဲ့ အလှမယ်များဆောင်ရန်ရှောင် ဆိုတဲ့စာစုတခုကို ရှယ်ထားပါသေးတယ်။  sad but true ?:P  လို့လည်း မှတ်ချက်ပြုပါတယ်။ စိတ်မကောင်းစရာပဲ ... ဒါပေမဲ့ မှန်ရဲ့လား လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။
သူ ရှယ်ထားတာက ဒီလိုပါ...
  • ဘာ Miss ဖြစ်ဖြစ် Miss ပြိုင်မယ်ဆို ဆောင်ရန်ရှောင်ရန်လေးတွေ ပြောချင်လို့
  • >> ဦးကျော်သူဆီမှာ လုပ်အားပေးပါ။
  • >> တွေ့ရာပြိုင်ကား မစီးမိပါစေနဲ့။
  • >> ယောဂီဝတ်စုံဝတ်ပြပါ။
  • >> အသားမည်းတဲ့လူတွေနဲ့ အခေါ်အပြောဆင်ခြင်ပါ။
  • >> Natinal Director ပြောသမျှ မြေဝယ်မကျ နားထောင်ပါ။ သူက အီးမပေါက်နဲ့ဆိုရင်အောင့်ထားပါ။
  • >> ၄၃၆ လက်မှတ်ထိုးထားပါ။
  • >> မိဘချမ်းသာကြောင်း မပြောပါနဲ့။ (ခရိုနီ ဘာညာပြောလိမ့်မယ်)
  • >> ဒူးမဲရင် ဖြူအောင်လုပ်ထားပါ။
  • >> အမျိုးထဲမှာ ရာထူးကြီးသူရှိရင် မသိပါစေနဲ့။
  • >> ဗိုက်အဆီချပြီး အကြောပြတ်ရာတွေ ဖျောက်ထားပါ။
  • >> ဟိုဘက်လိုလို ဒီဘက်လိုလို အိယောင်ဝါးပါ......"I feel like a soldier" ဆိုလျှင် ဒီမိုတို့
  • အတိုက်အခိုက်ခံရ၍ "ကျွန်မအားအကျဆုံးသူက အမေစုပါ" ဆိုလျှင်  
  • Top 3ထဲ တောင်မပြါ­ဖစ်တတ်သည်။
  • >> အတုမဟုတ်ကြောင်း orginal ပါဟုသတင်းစာရှင်းလင်းပွဲပြုလုပ်ပါ။
ချောစုလင်းဖြူသန့်က အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်မှာ သတင်းစာအတတ်ပညာသင်ယူသူဖြစ်ကြောင်း သူ့ဖေ့စ်ဘုတ်မှာ တွေ့ရပါတယ်။

ဒီအလှမယ် ၂ ယောက်  သွားပြိုင်မယ်ဆိုတဲ့ မယ်ပြိုင်ပွဲသတင်းအကြောင်း ထပ်မံ သိရှိရရင် ဒီဘလော့မှာ ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


အိန္ဒြာသီရိကို
  • အိန္ဒြာသီရိကို ရရှိထားတဲ့ ဆုတခု

                                ချောစုလင်းဖြူသန့် 
ဧရာဝတီ blog

မြန်မာမှာ ဘဏ်ခွဲဖွင့်နိုင်ဖို့ ဂျပန် ကုမ္ပဏီ သုံးခုက ကြိုးစားနေ

 
  မြန်မာနိုင်ငံမှာ ​ဘဏ်ခွဲတွေ ​ဖွင့်လှစ်နိုင်ဖို့အတွက် ​ဂျပန်နိုင်ငံက ​ကြိုးစားနေကြပါတယ်။ ​မြန်မာနိုင်ငံတွင်းမှာ ​စီးပွားရေး ​ရင်းနှီးမြုပ်နှံတဲ့ ​အနေနဲ့ ​ဂျပန်ကုမ္ပဏီတွေက ​ဘဏ်ခွဲသုံးခုကို ​ဖွင့်နိုင်ဖို့ ​ပြီးခဲ့တဲ့လကတည်း ​မြန်မာအစိုးရဆီမှာ ​လိုင်စင်လျှောက်ထားတာဖြစ်ပါတယ်။

လိုင်စင်ရဖို့ ​ကြိုးစားနေကြတဲ့ ​ဂျပန် ​ကုမ္ပဏီတွေကတော့ ​Bank ​of ​Tokyo-Mitsubishi ​UFJ၊ ​Sumitomo ​Mitsui ​Banking ​Corp. ​နဲ့ ​Mizuho ​Bank ​တို့ ​ဖြစ်ပါတယ်။

နိုင်ငံခြားက ​ဘဏ်တွေအနေနဲ့ ​မြန်မာနိုင်ငံမှာ ​လာရောက် ​ရင်းနှီးမြုပ်နှံဖို့နဲ့ ​ဘဏ်ခွဲတွေ ​ဖွင့်လှစ်ဖို့ ​မြန်မာအစိုးရက ​အကန့်အသတ်နဲ့ ​ခွင့်ပြုထားပါတယ်။

နိုင်ငံတကာနဲ့ ​အိမ်နီးခြင်းတွေကလည်း ​မြန်မာနိုင်ငံကို ​အာရှရဲ့ ​အနာဂတ် ​ဈေးကွက်ကောင်းနေရာ ​တခုအဖြစ်မြင်နေကြတဲ့အတွက် ​အခုဆိုရင် ​မြန်မာမှာ ​ဘဏ်ခွဲဖွင့်နိုင်ဖို့ ​လိုင်စင် ​လျှောက်ထားတဲ့ ​ဘဏ် ​၂၅ ​ခု ​ရှိတယ်လို့လည်း ​သိရပါတယ်။

အဲဒီထဲက ​ဘဏ် ​၁၀ ​ခုလောက်ကတော့ ​စက်တင်ဘာလ ​ကုန်ပိုင်းမှာ ​လိုင်စင်ရနိုင်ပြီး ​ဂျပန်ကုမ္ပဏီက ​ဘဏ်တွေလည်း ​ပါဝင်နိုင်တယ်လို့ ​စက်မှု ​စီးပွားရေး ​ကဏ္ဍ ​ကျွမ်းကျင်သူတွေက ​ယူဆနေကြပါတယ်။

ABC Radio Australia

ရခိုင်ပြည်နယ်မှာဖြန့်တဲ့ အနှိုင်းမဲ့ရေသန့် "သောက်သုံးရန်မသင့်"



"အနှိုင်းမဲ့/ Zhulian/ Beyond Water/ (ဘီယန်း အမှတ်တံဆိပ် သောက်ရေသန့်)"ဟာ သောက်သုံးရန်မသင့်ဘူး ဆိုပြီး ကျန်းမာရေးဌာနရဲ့ ကြေညာချက်ကို သြဂုတ် ၁၃ ရက်နေ့ထုတ် အစိုးရသတင်းစာများမှာ တွေ့ရပါတယ်။

ရေသန့်လုပ်ငန်းလိပ်စာကို ဖော်ပြထားခြင်း မရှိပါ တဲ့။

ဒီရေသန့်ဘူးကို ဘယ်ဒေသမှာ ရောင်းနေသလဲ ဆိုတဲ့မေးခွန်း ပေါ်လာပါတယ်။

ကျန်းမာရေးဌာနအရာရှိတယောက်ရဲ့ ဖေ့စ်ဘုတ်မှာတော့ - မသောက်သင့်ဘူးဆိုပြီး သတိပေးထားချက်ဟာ "
ဘယ်မြို့မှာမဆို အကျုံးဝင်ပါတယ်၊ စတွေ့တာကတော့ ရခိုင်ပြည်နယ်မှာပါ" လို့ ရေးထားပါတယ်။
 အွန်လိုင်းမှာ တယောက်က -  ရေသန့့် ဌာနပေါင်း ၁၈ ဌာနက ထောက်ခံချက် ရထားတဲ့ Beyond Water ကို သောက်သုံးဖို့ မသင့်တော်ဘူးလို့ တင်လိုက်တော့ မှားများမှားနေမလားလို့ ပါ ဆိုပြီး မှတ်ချက်ပြုပါတယ်။

သူက ... စက်ရဲ့နည်းပညာအပေါ်ပေးထားခြင်းသည်သောက်ရေသန့်ကို လွှမ်းခြုံမှုမရှိပါ၊ ပြုပြင်သန့်စင်တဲ့စက်ကောင်းတိုင်း ရေကောင်းတယ်လို့မဆိုနိုင်ပါ၊ အခုပြထားတဲ့ပုံမှာကိုက ရိုးသားမှုအားနည်းပါတယ်၊ ဒီတံဆိပ်တွေသည် နိုင်ငံများကို ကိုယ်စားမပြုပါ၊ ပုဂ္ဂလိက အဖွဲ့အစည်းများသာဖြစ်သည်၊ တံဆိပ် ၁၀ခုရှိလို့ ၁၀နိုင်ငံလို့ပြောလို့မရပါ၊ ဒီထောက်ခံချက်တွေရှိရင် ဘယ်နိုင်ငံမဆိုကြိုက်တာလုပ်လို့ရပြီဟု သတ်မှတ်ချက်မရှိပါ လို့ ပြန်လည် ရှင်းပါတယ်။

ရေသန့်ဘူးလုပ်ငန်းပေါင်းများစွာ ရှိတဲ့ မြန်မာပြည်မှာ  စစ်ဆေးစမ်းသပ်တာတွေ လုပ်ဖို့ ကျန်းမာရေးဌာနမှာ   ဘတ်ဂျက်နဲ့ အင်အား ဒီထက် ပိုများမယ် ဆိုရင်တော့ စားသုံးသူတွေအတွက် ပိုမို အကျိုးများမှာ ဖြစ်ပါတယ်။
 
ဧရာဝတီblog

Wednesday, August 13, 2014

ကာ့ဒ်တွေကို ပြင်သစ်က လက်နက် ထောက်ပံ့မယ်

 
အီရတ် မြောက်ပိုင်းမှာ ဂျီဟတ် ဝါဒီ စစ်သွေးကြွတွေရဲ့ ထိုးစစ်ကို ရပ်တန့်စေဖို့နဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး နေကြရတဲ့ သောင်းနဲ့ချီတဲ့ အရပ်သားတွေကို ကယ်ဆယ်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။

ပြင်သစ် သမ္မတ Francois Hollande က သူ့ အစိုးရ အနေနဲ့ စစ်သွေးကြွ အဖွဲ့ ဖြစ်တဲ့ Islamic State အဖွဲ့ကို ခုခံ တိုက်ခိုက်နေတဲ့ အီရတ်နိုင်ငံက Kurds လူမျိုးတွေကို လာမယ့် နာရီပိုင်း အတွင်း လက်နက်တွေ ထောက်ပံ့ သွားမယ်လို့ ပြောလိုက်ပါတယ်။

စစ်သွေးကြွ တွေရဲ့ ဝိုင်းရံ ပိတ်ဆို့မှုကို ခံနေရတဲ့ ခန့်မှန်းခြေ ၃ သောင်းလောက် ရှိမယ့် ယာဇီဒီ လူမျိုးတွေကို ကယ်ထုတ်နိုင်ရေး နည်းလမ်းရှာဖို့ အမေရိကန် စစ်တပ် အရာရှိ ၁၃၀ လောက်က အီရတ် မြောက်ပိုင်းကို ရောက်ရှိနေပါတယ်။

အဲဒီက အခြေအနေကို မြန်မြန်ဆန်ဆန်နဲ့ အရေးတကြီး လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဆီးရီးယား မြို့ရွာ အချို့IS စစ်သွေးကြွတွေ ထပ်သိမ်း

 
ဆီးရီးယား နိုင်ငံ မြောက်ပိုင်း အလက်ပို ပြည်နယ်က မြို့ရွာ အတော်များများကို Islamic State အဖွဲ့ဝင် စစ်သွေးကြွတွေက သိမ်းပိုက် လိုက်ပြီလို့ ဆီးရီးယား နိုင်ငံက လာတဲ့ သတင်းတွေ အရ သိရပါတယ်။

အလက်ပိုမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ လောက်မှာ ရှိတဲ့ Akhtarin မြို့ကိုလည်း ဆီးရီးယား သူပုန်တွေ လက်ထဲကနေ IS စစ်သွေးကြွတွေက သိမ်းပိုက် လိုက်တယ်လို့ သိရပါတယ်။

ဒီလို သိမ်းပိုက်တာ တကယ် မှန်ရင် IS စစ်သွေးကြွတွေ အနေနဲ့ အနောက်ဘက်ကို သိသိသာသာ ချဲ့ထွင် လာနိုင်တာ ဖြစ်ပြီး၊ အလက်ပို မြို့ကို ပေးပို့နေတဲ့ ဆီးရီးယား သူပုန်တွေရဲ့ ထောက်ပံ့ရေး လမ်းကြောင်းကို ထိခိုက် သွားနိုင်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

IS အဖွဲ့ဟာ ၂၀၁၃ ခုနှစ် ကတည်းက စပြီး ဆီးရီးယား နယ်မြေတွေကို သိမ်းပိုက် လာခဲ့ရာမှာ ပြီးခဲ့တဲ့ လမှာ မြောက်ပိုင်းက Raqqa မြို့ကို သိမ်းပိုက် နိုင်ခဲ့ပြီး နောက်ပိုင်း အဲဒီ မြို့ကို သူတို့ ဌာနချုပ်အဖြစ် ခြေကုပ် ယူထားခဲ့ပါတယ်။

IS စစ်သွေးကြွ အဖွဲ့ဟာ အီရတ်က နယ်မြေ အတော်များများကိုလည်း သိမ်းပိုက် ထားနိုင်ပြီး အစ္စလာမ္မစ် နိုင်ငံ ထူထောင်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

တယ်လီနောက ဒေါ်လာ ၂၀ ထက်မပိုသည့် ဟန်းဆက်များ ရောင်းချမည်




 တယ်လီနောက စက်တင်ဘာလထဲမှာ ၁၅၀၀ ထက်မပိုတဲ့ ဆင်းကတ်တွေအပြင် ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဟန်းဆက်တွေပါ ရောင်းချသွာမယ်လို့ ပြောပါတယ်။

တယ်လီနော ဆင်းကတ်တွေကို လာမယ့် စက်တင်ဘာလမှာ စတင်ရောင်းချတော့မှာ ဖြစ်ပြီး နောင်လာမယ့် ၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ၀န်ဆောင်မှု ပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ တယ်လီနောရဲ့ စီအီးအိုက ပြောပါတယ်။

Telenorလူတိုင်းကို အင်တာနက်ဝန်ဆောင်မှု ပေးချင်တာကြောင့် ၂ ဂျီ ရော၊ ၃ ဂျီ နက်စ်ဝေါ့ရောကို ဖြန့်ချိရတာ ဖြစ်ပြီး တယ်လီနောဟန်းဆက်တွေကို ဒေါ်လာ ၂၀ ထက် မပိုတဲ့ ဟန်းဆက်တွေကိုလည်း ထုတ်လုပ်ရောင်းချသွားဖို့ ရှိနေပါတယ်။

ဆင်းကတ်အားလုံးကိုလည်း Touch Screen ဖုန်းတွေအပြင် Feature ဖုန်းတွေမှာပါ အင်တာနက် အသုံးပြုလို့ရအောင် ပြုလုပ်ပေးထားတာကြောင့် တန်ဖိုးကြီး ဟန်းဆက်များ ရှိဖို့ မလိုအပ်ဘူးလို့ ပြောပါတယ်။

ဆင်းကတ်အားလုံးကို ၁၅၀၀ ထက် ပိုပေးပြီး မ၀ယ်ကြဖို့နဲ့ ပိုပြီးရောင်းချသူတွေ ရှိနေရင်လည်း တယ်လီနောရုံးကို တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အော်ရီဒူးဖုန်း မှောင်ခိုဈေးကွက်ကို မန္တလေးက အော်ရီဒူးရုံးခန်း ရှေ့မှာ ၁၅၀၀ ထက်ပိုတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချနေတာကို တွေ့နေရတာကြောင့် တယ်လီနောလည်း မှောင်ခိုဈေးကွက် ရှိလာနိုင်မလားဆိုတာကိုတော့ စောင့် ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အာရှလူဦးရေ ၁.၁ ဘီလီယံ ရှိတဲ့ထဲက ၁၄၅ သန်းကို တယ်လီနောက ၀န်ဆောင်မှု ပေးနေတာ ဖြစ်ပြီး လက်ရှိမှာ တယ်လီနောက ၀န်ဆောင်မှုပေးနေတဲ့ ၁၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ဈေးကွက်ဟာ သက်တမ်းအနုဆုံး ဖြစ်ပါတယ်။

တယ်လီနော(မြန်မာ)ကို မြန်မာနိုင်ငံတနိုင်ငံလုံးအတွက် Telecommunication လိုင်စင် ပေးအပ်ကြောင်းကို ၂၀၁၃ ခုနှစ် ဇွန် ၂၄ ရက်နေ့မှာ ကြေညာခဲ့ပြီး မြန်မာအစိုးရနဲ့ လိုင်စင်သဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

 By ဒီဗွီဘီ

Telenor က 2G နှင့် 3G အတွက် ဆင်းမ်ကတ် တစ်မျိုးတည်း ရောင်းချမည်



စက်တင်ဘာလအတွင်း 2G နှင့် 3G မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချပေးမည့် Telenor သည် ကွန်ရက်နှစ်မျိုးစလုံး အသုံးပြုနိုင်မည့် ဆင်းမ်ကတ်တစ်မျိုးတည်းကိုသာ ရောင်းချပေးသွားမည်ဟု Telenor မှ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“ဆင်းမ်ကတ်က တစ်မျိုးတည်းထွက်မှာ။ 2G ဟန်းဆက်ထဲကို ထည့်လိုက်ရင် 2G ဖုန်းလိုင်း ဖြစ်သွားပြီးတော့ 3G ဟန်းဆက်ထဲကို ထည့်လိုက်ရင် 3G ဖုန်းလိုင်း ဖြစ်သွားမှာ”ဟု ၎င်းကပြောသည်။ Telenor သည် ကွန်ရက်နှစ်မျိုး တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ဆင်းမ်ကတ်ကို တစ်မျိုးတည်း ထုတ်လုပ်ခြင်း ဖြစ်သည်။ ဆက်သွယ်ရေး အော်ပရေတာများသည် 3G ကွန်ရက်ဆီသို့သာ ဦးတည်လုပ်ဆောင်နေသော်လည်း Telenor သည် ဈေးနှုန်းနိမ့် ဟန်းဆက်များကိုသာ ကိုင်ဆောင်ကြမည့် အခြေခံလူတန်းစားများအတွက် 2G ကွန်ရက်ကို ပူးတွဲတည်ဆောက်ခဲ့သည်ဟု သိရသည်။

မြန်နှုန်းမြင့် အင်တာနက်စနစ်ကို အသုံးပြုလိုသူများသည် 3G ကွန်ရက်ကို ထောက်ပံ့ပေးနိုင်သည့် ဟန်းဆက် များနှင့် တွဲဖက်အသုံးပြုရမည်ဖြစ်ပြီး ဘီလ်ဈေးနှုန်းသက်သာစွာဖြင့် ဈေးနှုန်းနိမ့် ဟန်းဆက်များကို အသုံးပြု လိုသူများသည် 2G ကွန်ရက်နှင့် တွဲဖက်အသုံးပြုရမည်ဖြစ်သည်။ Telenor သည် ၎င်းတို့ 3G ကွန်ရက်၌ အင်တာနက်အမြန်နှုန်း 1MB မှ အသုံးပြုသည့် အရေအတွက်ပေါ် မှုတည်၍ 7MB အထိ ရရှိမည်ဖြစ်ပြီး 2G ကွန်ရက်၌ 150KB မှ 250KB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကြေညာထားရှိသည်။ ၎င်းတို့သည် စက်တင်ဘာလအတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများတွင် မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးမည်ဖြစ်ပြီး အဆိုပါ နယ်မြေများ၌ တာဝါတိုင်ပေါင်း ၈၀၀ မှ ၁,၀၀၀ အကြား တည်ဆောက်ပေးထားမည်ဟု ပြောဆိုခဲ့သည်။

2G နှင့် 3G ကွန်ရက်ကို အဆင်ပြေစွာအသုံးပြုနိုင်သော်လည်း အင်တာနက် အမြန်နှုန်းမှာမူ တူညီမှု မရှိသည့်အတွက် အသုံးပြုခ ဘီလ်ဈေးနှုန်းအနေဖြင့်လည်း တူညီနိုင်မည်မဟုတ်ကြောင်း Telenor ကပြောဆိုထားသည်။

အင်တာနက်ဂျာနယ်

MPC မှာ အပစ်ရပ်တိုက်တွန်းတဲ့ ကြေညာချက် NLD သဘောထား မပါဝင်



 မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးဖို့ နိုင်ငံရေး ပါတီ ၆၆ ခုက ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ MPC အဖွဲ့တွေဆွေးနွေး အပြီး တိုက်တွန်းတဲ့ ကြေညာချက်အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဒီကြေညာချက်ဟာ NLD ပါတီနဲ့ နိုင်ငံရေးပါတီအားလုံးကို ကိုယ်စားမပြုဘူးလို့ ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

သမ္မတရုံးဝန်ကြီးဦးအောင်မင်းရဲ့ ဖိတ်ကြားချက်နဲ့ သြဂုတ်လ ၁၁ ရက်နေ့က MPC မှာ နိုင်ငံရေးပါတီ ၆၆ ပါတီမှ ကိုယ်စားလှယ်တွေတွေ့ဆုံခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် လူအပ်တဲ့ မူဘောင်ညှိနှိုင်းမယ်လို့ ဆိုတဲ့ ဆွေးနွေးမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံရေး ပါတီ တချို့ က အချက် ၆ ချက်ပါ သဘောထားကြေညာချက်တရပ် ထုတ်
ပြန် ခဲ့ရာ အပစ်ရပ်ရေး အမြန် လက် မှတ် ထိုးဖို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် သက်ဆိုင်သူ များ ကို တိုက်တွန်းသည် ဆိုသော အချက် ပါဝင်ပြီး ယင်းကြေညာချက်တွင် နိုင်ငံရေးပါတီ ၆၆ ပါတီကို ကိုယ်စားပြု သည့်ပုံစံ ထုတ်ပြန်ထားကြောင်း သိရပါတယ်။


MPC တွင် ကျင်းပသော နိုင်ငံရေးပါတီ ၆၆ ပါတီမှ ကိုယ်စားလှယ်များနှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တို့တွေ့ဆုံပွဲ။(ဓာတ်ပုံ-MPC)
ဧရာဝတီ blog