သက်ကြီးရွယ်အိုတွေအပါအ၀င် မိကျောင်းကန်ဆန္ဒပြသမား ၁၄ ဦးကို
ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် စုစုပေါင်း ၆ လ စီ ဒီကနေ့
ချမှတ်လိုက်ပါတယ်။
ရန်ကုန်မြို့တော်ခန်းမ အ၀င်လမ်းကို ပိတ်ဆို့ဆန္ဒပြတဲ့အတွက်
ထောင်ဒဏ်ချခံရတာဖြစ်ပြီး ထောင်ကျသွားသူတွေထဲမှာ အသက် ၆၈ နှစ်အရွယ်
အဘွားအိုတွေလည်း ပါဝင်တယ်လို့ ဆန္ဒပြသူတွေရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က
ပြောပါတယ်။
“မိကျောင်းကန်ကသူတွေကို ဒုရဲမှူး ဦးတင်လှကနေပြီးတော့
ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ နဲ့ ၂ မှုဖွင့်တယ်။ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မီတီက စီမံဌာနမှူး ဦးမောင်မောင်ဇော်ကလည်း ပုဒ်မ ၁၄၃၊
၃၄၁ အရ အမှုဖွင့်တယ်။ အဲဒါကို တရားသူကြီးက ပုဒ်မ ၁၈ တခုကို ၁လ – ၁လနဲ့
နှစ်မှုတွဲ ၂ လ။ နောက်တတိယအမှုမှာကျတော့ ပုဒ်မ ၁၄၃ အတွက် ၃ လ၊ ပုဒ် ၃၄၁
အတွက် ၁ လ ဆိုပြီး စုစုပေါင်း ၆ လဖြစ်သွားတယ်။”
ထောင်ချခံရတဲ့ ၁၄ ယောက်ထဲမှာ ၁၂ ယောက်က အမျိုးသမီးတွေဖြစ်ပါတယ်။ ရန်ကုန်
မြို့တော်ခန်းမအ၀င်လမ်းမှာဖွင့်လှစ်ထားတဲ့ သပိတ်စခန်းကို ပြီးခဲ့တဲ့
ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အာဏာပိုင်တွေက သွားရောက်သိမ်းဆည်းပြီး ၁၄ ဦးကို
ဖမ်းဆီးခဲ့ပါတယ်။
ဒီနောက်ဆန္ဒပြသမား ၁၄ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နဲ့ အမှု ၂ မှု၊
မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁၊ ပြည်သူပိုင်လမ်းပိတ်ဆို့မှု ပုဒ်မ ၁၄၃
တို့နဲ့ ကျောက်တံတားမြို့နယ်ရဲ စခန်းမှူး က တရားလိုလုပ်တရားစွဲဆိုခဲ့တာပါ။
ဆန္ဒပြသူတွေကို အခုလိုထောင်ချလိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေ
ဦးရောဘတ်ဆန်းအောင်က “လူတွေကိုထောင်ချတာက ဖြစ်ပေါ်နေတဲ့ ပြဿ နာကို
ဖြေရှင်းတာမဟုတ်ဘူး။ ဖြစ်ပေါ်နေတဲ့ပြဿ နာကို
ပိုမိုကြီးထွားလာအောင်လုပ်သလိုဖြစ်တာပဲ” လို့ ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်တွင်း စစ်တပ်သိမ်းထားတဲ့မြေတွေ ပြန်လည်ရရှိရေးအတွက်
မိကျောင်း ကန်ပြည်သူတွေက မဟာဗန္ဓုလပန်းခြံမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်
မတ်လကတည်းက သပိတ်စခန်းဖွင့် တောင်းဆိုနေတာဖြစ်ပါတယ်။
DVB