
ရန်ကုန်၊ မတ် ၃၁
ဘင်္ဂါလီ တစ်သန်းဝန်းကျင်ရှိသည့် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများကို တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် နိုင်ငံသား စိစစ်နေသော်လည်း စိစစ်မှုခံယူရန် စာရင်းပေးထားသူ ရှစ်ရာကျော်သာရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။
ဘင်္ဂါလီလူဦးရေ များပြားသည့် ဘူးသီးတောင်၊ စစ်တွေ၊ ပေါက်တော စသည့်မြို့နယ်များက နိုင်ငံသားစိစစ်ရန် စာရင်းပေးသွင်းထားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
“တချို့ကတော့ အခြားမြို့နယ်တွေက စောင့်ကြည့်နေတာလည်း ရှိတာပေါ့။ တချို့ကတော့ ရိုဟင်ဂျာလို့ အမည်ခံပြီး စာရင်းမပေးတာလည်း ရှိတာပေါ့” ဟု ဦးခင်စိုးက ရှင်းပြသည်။
နိုင်ငံသားစိစစ်မှု ခံယူရန် မတ်လ ၃၀ ရက်နေ့အထိ စာရင်းပေး လျှောက်ထားသူများတွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မောင်တော၊ သံတွဲမြို့နယ်တို့မှ စုစုပေါင်း ၈၆၉ ဦးက စာရင်းပေးထားခြင်းဖြစ်ပြီး ယင်းအနက် ကိုယ်ရေး အချက်အလက် အပြည့်အစုံဖြင့် လျှောက်လွာတင်ရာ ၃၈၃ ဦးကို စိစစ် လက်ခံပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။
လျှောက်လွှာ လက်ခံပြီးစီးသူများအနက် ၆၆ ဦးကို မြို့နယ်အဆင့် စိစစ်ရေးအဖွဲ့က စစ်ဆေးကာ ပြည်နယ်အဆင့် စိစစ်ရေးအဖွဲ့ကို ပေးပို့ထားပြီ ဖြစ်ကြောင်း ဦးခင်စိုးက ဆက်လက် ပြောဆိုသည်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ဇန်နဝါရီလမှ စတင်ကာ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် နိုင်ငံသားစိစစ်မှုများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားများ ဥပဒေနှင့်အညီ စိစစ်ပေးနေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် မြေပုံမြို့ကို စမ်းသပ်ဧရိယာ (Pilot) အဖြစ် သတ်မှတ်ကာ၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ နိုင်ငံသားစိစစ်မှု လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ယင်းအစီအစဉ်တွင် ဘင်္ဂါလီ တစ်ထောင်ကျော်ကို နိုင်ငံသားစိစစ်ခဲ့ သည့်အနက် ၄၀ ဦးကို နိုင်ငံသား၊ ၁၆၉ ဦးကို နိုင်ငံသား ပြုခွင့်ရသူများအဖြစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခဲ့သည်။
The Voice