စင်ကာပူနိုင်ငံက သုတေသနပညာရှင်တွေက အမြန်ကူးစက်နေတဲ့ ဇီကာဗိုင်းရပ်စ်ကို
ရောဂါအမျိုးအမည် ခွဲခြားဖော်ထုတ်နိုင်တဲ့ ကိရိယာကို တီထွင်နိုင်ခဲ့ပြီး
ဆေးရုံတွေမှာ မကြာခင် သုံးနိုင်တော့မှာပါ။
ဇီကာဗိုင်းရပ်စ်ဟာ ဘရာဇီးနိုင်ငံက ထောင်နဲ့ ချီတဲ့ မွေးကင်းစကလေးတွေရဲ့
ဆိုးရွားတဲ့ ဦးနှောက်ချို့ယွင်းမှုနဲ့ ဆက်စပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးဌာနက
ပြောထားပါတယ်။
အခုတော့ နိုင်ငံတကာကို အမြန်ပျံ့နှံ့ ကူးစက်နေပြီး ဖေဖော်ဝါရီ ၁၀
ရက်နေ့က တောင်အမေရိက နိုင်ငံကနေ ပြန်လာတဲ့ အမျိုးသားတဦးမှာ ဇီကာ
ဗိုင်းရပ်စ် ကူးစက်ခဲ့တာကို ပထမဆုံးတွေ့ခဲ့တယ်လို့ တရုတ်အစိုးရက
အတည်ပြုပါတယ်။
စင်ကာပူနိုင်ငံ အေစတား သုတေသန ဌာနက ပညာရှင် မာဆာဖုမိ အိနိုဥအဲက
အရင်လတွေကတည်းက စမ်းသပ်မှုစခဲ့တာ ဖြစ်လို့ စမ်းသပ်ကိရိယာ တိုးတက်မှုက
အရှိန်မြင့်နေပြီလို့ ပြောပါတယ်။
လူနာရဲ့ မျိုးဗီဇပါတဲ့ သွေးနမူနာကို အရင်စုပ်ယူပြီး ဗိုင်းရပ်စ် ရှိမရှိ
စမ်းသပ်ရတာ ပိုလွယ်တယ်၊ လုပ်ငန်းစဉ် အားလုံး ၃ နာရီသာ ကြာပြီး ၉၉
ရာခိုင်နှုန်း တိကျ သေချာတယ်လို့ အိနိုဥအဲက ပြောပါတယ်။
သုတေသန ပညာရှင် စီဘတ်စ်တျန် မော်ရာ စတျောင်းကတော့ ဗိုင်းရပ်စ်တွေကို
နှိုင်းယှဉ်လို့ မရနိုင်ပေမယ့် ကမ္ဘာ့ပျံ့နှံ့နှုန်းနဲ့ သေဆုံးနှုံးအရ ဇီကာကို
အီဘိုလာနဲ့ နှိုင်းမရနိုင်ဘူးလို့ ပြောပါတယ်။
ဇီကာ စမ်းသပ်ကိရိယာကို မတ်လကုန်ကစပြီး ဆေးရုံတွေမှာ သုံးနိုင်မယ်လို့ သုတေသန ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
DVB