Headlines News :
Home » » ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ ပထမအကြိမ်အဖြစ် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးမှု၌ အချက် ၁၃ ချက်ပါ သဘောတူဆုံးဖြတ်ချက်ကို လက်မှတ်ရေးထိုး

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ ပထမအကြိမ်အဖြစ် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးမှု၌ အချက် ၁၃ ချက်ပါ သဘောတူဆုံးဖြတ်ချက်ကို လက်မှတ်ရေးထိုး

Written By လွင့်မောင်မောင် on Sunday, April 8, 2012 | 5:39 PM

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့သည် ပထမအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Sedona Hotel ၌ ဧပြီလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်၍ စုစုပေါင်း အဖွဲ့ဝင် ၁၉ ဦး တက်ရောက်ခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်ကာ ကိုယ်စားလှယ် ၁၄ ဦး တက်ရောက်ခဲ့ကြောင်းနှင့်  နှစ်ဘက် တွေ့ဆုံဆွေးနွေးရာတွင် အချက်ခြောက်ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်း အဓိကထား ဆွေးနွေးခဲ့သည့် အချက်ခြောက်ချက်မှာ တစ်ပြည်လုံး အတိုင်းအတာအားဖြင့် အပစ်အခတ် ရပ်စဲရမည်ဖြစ်ပြီး တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများအား ရပ်စဲပေးရန်၊ ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူပြည်သားများအဖြစ် ဘ၀ရပ်တည်နိုင်ရေး အာမခံရန်၊ ပြည်သူပြည်သားများအတွင်း ယုံကြည်ရရှိသည့် အခြေအနေ တည်ဆောက်ရန်၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ပုံစံမျိုးစုံဖြင့် ငွေကြေးတောင်းခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်းနှင့် အခြားသော နည်းလမ်းဖြင့် ငွေကြေးကူညီစေခြင်းများ မပြုလုပ်ရန်၊ အကျဉ်းသားများ လွှတ်ပေးရန်၊ ပြည်သူပြည်သားများ အား ဘ၀ပြန်လည် ထူထောင်ရေးနှင့် ပြည်သူပြည်သားများ၏ မြေယာကိစ္စများအား ဖြေရှင်းပေးရန်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် စောင့်ကြည့်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန်အောင် အစီအစဉ် လုပ်ဆောင်မှုများ စတင်ရန် တို့ဖြစ် ကြောင်း သိရသည်။

စောင့်ကြပ်စစ်ဆေးခြင်း (Monitoring) ကို အဆင့်သုံးဆင့် ထားရှိရန်နှင့် အဆိုပါ အဆင့်သုံးဆင့်မှာ နှစ်ဦးနှစ်ဖက် လက်ခံသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး စောင့်ကြပ်စစ်ဆေးခြင်း Local Monitoring) အခြေအနေ တိုးတက်ကောင်းမွန် လာသည့်အခါ နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှုရေး (International Monitoring)နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ပျက်စီးရန် အလားအလာ မရှိတော့သည့်အခါ
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးသည့် အကြောင်းအရာများ နှင့် ပတ်သက်၍ ဆုံးဖြတ်ချက် အချက် ၁၃ ချက်အား သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါအချက် ၁၃ ချက်မှာ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်လာရန် အတွက် အဆင့်ဆင့်တိုးတက် အကောင်အထည်ဖော် လုပ်ဆောင်သွားခြင်း (Progressive Realization) မူ သဘောထားကို သဘောတူလက်ခံကြောင်း၊ ပြည်သူလူထု ဘ၀လုံခြုံမှုကို အာမခံပေးနိုင်ရန်အတွက် နှစ်ဖက်လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ (Code of Conduct) ကို ပေါင်းစပ်ညှိနှိုင်းချမှတ်ပြီး အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံကြောင်း၊ ပြည်တွင်းဌာနေမဲ့ ပြည်သူလူထုများ(IDPs) နေရပ်ဒေသသို့ ပြန်လည်အခြေချ နေထိုင်ရန်အတွက် လိုအပ်သည့် အစီအစဉ်များကို ချမှတ်လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရာတွင် လိုအပ်သည့် ဘ၀လုံခြုံမှု Life  Security) စားနပ်ရိက္ခာလုံခြုံမှု (Food Security) အသက်မွေးဝမ်းကျောင်း လုံခြုံမှု (Livelihood Security) အစီအစဉ်များ(Programs) ကို ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကာ ဆောင်ရွက်သည့်နေရာတွင်လည်း အားလုံး ပါဝင်နိုင်သည့် (Inclusive Participation)  နှင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု (Transparency and Accountability) ရှိရှိလုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံကြောင်း၊ ရေတိုလတ်တလော ဖြေရှင်းရန်ကိစ္စများကို အကောင်အထည်ဖော် လုပ်ဆောင်သွားရမည်ဖြစ်ပြီး ရေရှည်အတွက် မိုင်းရှင်းလင်းရေး (Demining) ၊ ပြည်တွင်းဌာနေမဲ့များ နှင့် ဒုက္ခသည်များကို စနစ်တကျ ပြန်လည်နေရာချထားရေး (IDPS/Refugees Systematic Return and Resettlement  )၊ နိုင်ငံသားဖြစ်ရေး (Citizenship) ၊ တရားဥပဒေ စိုးမိုးရေး (Rule of Law) နှင့် ရေရှည် တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်သည်ဟု သဘောတူဆုံးဖြတ်ကြောင်း၊ ပြည်သူပြည်သားများအတွင်း ယုံကြည်မှုရသည့် အခြေအနေ တည်ဆောက်ရန် ငြိမ်းချမ်းရေးကိစ္စဆိုင်ရာ လုပ်ငန်းများကို မြန်မာအစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) ဗဟို ကို ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ခရိုင်မြို့နယ် ကျေးရွာအုပ်စု အဆင့်ဆင့်များတွင်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များဖွဲ့ပြီး ပူးပေါင်းလုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံကြောင်း၊ အလုပ်သမားဥပဒေ အတိုင်း အကောင်အထည်ဖော် လုပ်ဆောင်နေပြီး ပြင်ဆင်ဖြည့်စွက်ရမည့် အချက်များကို ပြင်ဆင်ဖြည့်စွက်ရေး ပြီးပါက ဆက်လက်အတည်ပြုပြီး ယင်းဥပဒေကို နှစ်ဦးနှစ်ဖက်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သဘောတူလက်ခံကြောင်း၊NGOs ၏အခန်းကဏ္ဍ အထူးသဖြင့် Local NGOs များ၏ပူးပေါင်း ပါဝင်မှုအားကောင်းအောင် လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံကြောင်း၊ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းနှင့် သက် ဆိုင်သော အကျဉ်းသားများကို လွှတ်ပေးရန်အတွက် စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံသို့ တင်ပြကာ နိုင်ငံတော်သမ္မတမှ ထည့်သွင်းစဉ်း စားသွားရန် သဘောတူ လက်ခံကြောင်း၊ သက်ဆိုင်ရာ မြေယာဥပဒေရေးဆွဲခြင်း မပြီးသေးသည့် ကာလတွင် မြေယာပြဿနာများကို ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်ထံသို့ တင်ပြပြီး ဖြေရှင်းရန် သဘောတူလက်ခံ ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ KNU မှချမှတ်ထားသည့် မြေယာဂရန်များကို အသိအမှတ်ပြုပြီး ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်သည့် မြေယာများနှင့် ဌာနေမဲ့ IDPs ၏ မြေယာကိစ္စများကိုလည်း ညှိနှိုင်း ဖြေရှင်းသွားမည်ဟု သဘောတူ လက်ခံကြောင်း၊ လူထုများအတွက် မြေယာကိစ္စကို မျှမျှတတဖြစ်ရန် သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့မှ ညှိနှိုင်း၍ အကောင်းဆုံးနည်းလမ်းကို ရှာပြီး ဖြေရှင်းသွားမည်ဟု သဘောတူ လက်ခံကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ် မှန်ကန်အောင် အစီအစဉ် လုပ်ဆောင်မှုများ စတင် သဘောတူလက်ခံပြီး စောင့်ကြပ်စစ်ဆေးခြင်း (Monitoring)) ကိုအဆင့်သုံးဆင့် ထားရှိရန်နှင့် အဆိုပါ အဆင့်သုံးဆင့်မှာ နှစ်ဦးနှစ်ဖက် လက်ခံသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး စောင့်ကြပ်စစ်ဆေးခြင်း (Local    Monitoring) အခြေအနေ တိုးတက်ကောင်းမွန်လာသည့်အခါ နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှုရေး (International Monitoring) နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ပျက်စီးရန် အလားအလာ မရှိတော့သည့်အခါ ပွင့်လင်းသော စောင့်ကြပ်ကြည့်ရှုရေး (Open Monitoring) တို့ဖြစ်ပြီး ၎င်းအဆင့်များကို အဆင့်ဆင့် လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံကြောင်း၊ နှစ်ဦးနှစ်ဖက် လက်ခံသည့်  Local Monitoring အတွက် နှစ်ဦးနှစ်ဖက် သဘောတူသည့် နာမည်စာရင်းကို မေလနောက်ဆုံးပတ်တွင် ပေးပြီး နောက်ထပ် အစည်းအဝေး တစ်ခုတွင် ဆွေးနွေး အတည်ပြုရန် သဘောတူ လက်ခံကြောင်းနှင့် မှတ်ချက်အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ဦးဆောင်ပါဝင်မှုကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း စသည့် အချက်များဖြစ်ကြောင်း သိရသည်။
ကရင် အမျိုးသားအစည်းအရုံး (KNU) သည် ၂၀၁၂ ခုနှစ် ဇန်န ၀ါရီလ ၁၂ ရက်နေ့က ဘားအံမြို့ တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ပဏာမ သဘောတူညီချက် ငါးချက်အား လက်မှတ်ရေးထိုးခဲ့ပြီး မတ်လ ၄ ရက် နေ့ကလည်း ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template