Home »
ပြည်တွင်းသတင်း
» ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် အင်တာဗျူးနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ် ပြည်ပမီဒီယာများနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်းနှင့် ဒီပဲယင်း အရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားမှုမရှိကြောင်း တာဝန်ရှိသူများက ရှင်းလင်းခဲ့
ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် အင်တာဗျူးနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲပြုလုပ် ပြည်ပမီဒီယာများနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်းနှင့် ဒီပဲယင်း အရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားမှုမရှိကြောင်း တာဝန်ရှိသူများက ရှင်းလင်းခဲ့
ဘန်ကောက်ပို့စ် သတင်းစာတွင် ယခုလဆန်းပိုင်းက ဖော်ပြခဲ့သည့်
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် အင်တာဗျူးနှင့်ပတ်သက်ပြီး သတင်းစာ
ရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ ဆရာစံလမ်းရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင်
ပြုလုပ်ခဲသည်။ ယင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊
သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းနှင့်
ဦးခင်ညွှန့်၏ မီဒီယာတွေ့ဆုံမှုများကို အဓိကစီစဉ်ပေးသူ ဗိုလ်မှူးဟောင်း
ဝင်းမောင်မောင်တို့က ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်အနေဖြင့်
ပြည်ပမီဒီယာများနှင့် တွေ့ဆုံမှုမရှိခဲ့ကြောင်း နှင့် ဒီပဲယင်း
အရေးကိစ္စနှင့် ပတ်သက်ပြီး ပြောကြားမှုမရှိခဲ့ကြောင်း
ရှင်းလင်းပြောကြားခဲ့သည်။
ရဲမှူးကြီးဝင်းနိုင်ထွန်းက ''၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကို
ဗန်ကောက်ပို့စ်မှာ အင်တာဗျူးတဲ့ သတင်းက အခုရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်
ထွက်ပေါ်လာတယ်။ အဲဒီထဲမှာ Highlight လုပ်ပြီး ထွက်ပေါ်လာတဲ့
သတင်းအချို့ကတော့ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒီပဲယင်း အရေးအခင်းမှာ
ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့အတွက် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တချို့
စေလွှတ်ပြီးတော့ နီးစပ်ရာတပ်စခန်းကို ရွှေ့တယ်ဆိုတဲ့ အချက်တစ်ချက်က
ပိုပြီးတော့ Highlight ဖြစ်လာပြီးတော့ အသားပေး ဖော်ပြတဲ့ သတင်းတစ်ရပ်အနေနဲ့
ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီသတင်း ဖြစ်ရပ်တွေပေါ်မှာ မူတည်ပြီးတော့ပဲ
ဝန်ကြီးချုပ်ဟောင်းဟာ ပြည်ပမီဒီယာမှာ ပြောဆိုခြင်း ရှိ မရှိ Highlight
လုပ်တဲ့သတင်း အချက်အလက်တွေ ပြောဆိုခြင်း ရှိ မရှိ ဆိုတာကို တာဝန်အရ
ကျွန်တော်ကိုယ်တိုင်ပဲ သွားရောက်တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။
အဲဒီရက်က ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ ဖြစ်တယ်။ အဲဒီနေ့ဟာ
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ သူက ရဟန်းခံရှင်ပြု ဒုလဘ၀တ်တဲ့ အခမ်းအနား
ကျင်းပတဲ့ ရက်လည်းဖြစ်ပါတယ်။ အဲဒီညမှာပဲ ကျွန်တော်သွားရောက်ပြီးတော့
တာဝန်အရ လျှောက်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့
သူ့အနေနဲ့ ကျွန်တော်တို့ကို အသေးစိတ် ပြန်ရှင်းပြပါတယ်။
ဝန်ကြီးချုပ်ဟောင်းဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်ပိုင်းမှာ
ဒီမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခါ ပြည်တွင်း မီဒီယာတွေကိုသာ အဓိကထားပြီး
တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်။ ပြည်ပမီဒီယာတွေကိုတော့ တွေ့ဆုံမှု လုံးဝ
မပြုလုပ်ခဲ့ဘူးဆိုတာကို ရှင်းပြပါတယ်။ ဒါ့အပြင် အခုသတင်းဖြစ်ပေါ်နေတဲ့
ဗန်ကောက်ပို့စ်မှာ အင်တာဗျူးတဲ့ ကိစ္စဟာတွေဟာ သူ့အနေနဲ့ တွေ့ဆုံမေးမြန်းမှု
ပြုခဲ့ခြင်းမရှိဘူးဆိုတာတွေ နောက်တစ်ခါ ဟိုက်လိုက်လုပ်ထားတဲ့ ဗန်ကောက်ပို့က
သတင်းအ ချက်အလက်တွေဟာလည်း မှန်ကန်မှုမရှိဘူး သူပြောဆိုတာ မဟုတ်ဘူးဆိုတဲ့
အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း
ဝန်ကြီးချုပ်ဟောင်းကို ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ ကျွန်တော့်အနေနဲ့ အသိပေး
ရှင်းလင်းခြင်းဖြစ်ပါတယ်'' ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နှင့် မီဒီယာသမားများ တွေ့ဆုံမှုများကို
အဓိက ပြုလုပ်ပေးသူ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်ကလည်း '' ဧပြီ ၈
ရက်နေ့မှာ ထုတ်တဲ့ ဘန်ကောက်ပို့စ်မှာ Cover Story ဆိုပြီး ပါလာတာ ရှိပါတယ်။
အဲဒါကို မီဒီယာကတစ်ဆင့် ရှင်းလင်းလိုတာပါ။ အဲဒီမှာ အချက် နှစ်ချက်ကို အဓိက
ငြင်းဆိုချင်ပါတယ်။ ပထမတစ်ချက်က ဗန်ကောက်ပို့ သတင်းထောက်နဲ့
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့
တွေ့ဆုံခြင်း ရှိ မရှိဆိုတဲ့ အပိုင်းပါ။ ဦးခင်ညွှန့်ဟာ ဇန်န၀ါရီ ၁၃ မှာ
နေအိမ်အကျယ်ချုပ် လွတ်မြောက်ခဲ့ပါတယ်။ အဲဒီမှာမီဒီယာတွေလည်း သိမှာပါ။
နိုင်ငံရေး လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ပြည်တွင်း မီဒီယာတွေကတစ်ဆင့်တော့
ပြောသင့်ပြောထိုက်တာ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမယ့်ဟာလေးတွေကိုတော့
ဝိုင်းဝန်းပြီး တင်ပြချင် တာလေးတွေရှိရင်တော့ ပြောချင်တယ်လို့တော့
ပြောတာရှိတယ် အဲဒီမူအတိုင်းပဲ ဦးခင်ညွှန့်ဟာ ပြည်ပမီဒီယာတွေနဲ့ အခုချိန်ထိ
တွေ့ဆုံခဲ့ခြင်း မရှိဘူးဆိုတာ တင်ပြချင်ပါတယ်။ ဒါကြောင့်
ဘန်ကောက်ပို့စ်မှာပါတဲ့ ဘန်ကောက်ပို့စ် သတင်းထောက်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ
မဟုတ်ဘူး ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ လွှင့်ထုတ်တဲ့သတင်းတွေမှာ
ပြည်ပမှာရောက်နေတဲ့ တစ်ယောက်နဲ့ ဘီဘီစီက ဆက်သွယ်ပြီး
လွင့်ထုတ်သွားတာတွေဟာလည်း တကယ်တမ်း ဆက်စပ်မှု မရှိပါဘူး။ အဲဒီမှာ
ရေးထားတာဆိုရင်လည်း ဧပြီ ၁ ရက်နေ့က ၀န်ကြီးချုပ်နဲ့တွေ့ ဆုံတဲ့သဘောမျိုး
ရေးထားပါတယ်။ တကယ်တမ်း တွေ့ဆုံမှု မရှိပါဘူး။ ဧပြီ ၁ရက်နေ့ဟာ
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ဖြစ်ပြီးတော့ ဘယ် သတင်းထောက်နဲ့မှလည်း
တွေ့ဆုံခြင်းမရှိပါဘူး။ နောက် ဒုတိယ အချက်ကတော့ ဒီပဲယင်း အရေးအခင်းနဲ့
ပတ်သက်ပြီး ပြောသွားတဲ့ ကိစ္စပါ။ အဲဒီပွဲမှာ ကျွန်တော်ရှိနေပါတယ်။
ဒီပဲယင်းကိစ္စကို ဘာမှ ပြောသွားတာ မရှိဘူးဆိုတာ
ကျွန်တော်ကောက်ချက်ချလို့ရတယ်။ ဒါနဲ့ ပတ်သက်တဲ့ အထောက်အထားတွေလည်း
ကျွန်တော့မှာ အခိုင်အမာရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီပဲယင်းကိစ္စမှာ
ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဒီတွေ့ဆုံပွဲမှာ ပြောဆိုခြင်း
လုံးဝမရှိခဲ့ဘူးဆိုတာ ကျွန်တော် လုံးဝ ငြင်းချက်ထုတ်ကြောင်း
အသိပေးတင်ပြလိုပါတယ်'' ဟုပြောကြားခဲ့သည်။ |