Headlines News :
Home » » ပီနံအိတ်စက်ရုံ လုပ်သားများ အစာငတ်ခံ ဆန္ဒပြမှု ငါးရက်ရှိသော်လည်း မပြေလည်သေး

ပီနံအိတ်စက်ရုံ လုပ်သားများ အစာငတ်ခံ ဆန္ဒပြမှု ငါးရက်ရှိသော်လည်း မပြေလည်သေး

Written By လွင့်မောင်မောင် on Saturday, June 1, 2013 | 11:59 AM

 
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ် ရေလုပ်ငန်း စက်မှုဇုန် အတွင်းရှိ စံကောင်း ပီနံအိတ် စက်ရုံ အလုပ်သမားများ အစာငတ်ခံဆန္ဒပြမှု ငါးရက်မြောက် နေ့အထိ တောင်းဆိုသည့် အချက်များကို စက်ရုံဘက်မှ လာရောက်ညှိနှိုင်းခြင်း မရှိကြောင်း ထိုစက်ရုံ အလုပ်သမား သမဂ္ဂခေါင်းဆောင် ကိုဝင်းထွန်းအောင် က မဇ္စျိမကို ပြောသည်။

“လှိုင်သာယာမြို့နယ် အလုပ်သမားရုံးကလည်း အလုပ်သမားဥပဒေတွေ ဘာတွေ ထုတ်ပြန်ထားတယ် ဆိုတာကိုပဲ ဆန္ဒဖော်ထုတ်တဲ့နေရာကို လာပြောတာရှိတယ်။ ဘာညှိနှိုင်းမှုမှ လုပ်ပေးတာ မရှိဘူး” ဟု ပြောသည်။

အချိန်ပိုကြေး ပေးရန်နှင့် လုပ်ခ၊ လစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုဖြင့် စက်ရုံအလုပ်သမား ၄၇ ဦးကို စက်ရုံပိုင်ရှင်မှ ဧပြီလတွင် အလုပ်ထုတ်ပစ်ခဲ့ရာမှ အလုပ်သမား ၅၀၀ ကျော် ဆန္ဒပြမှုများ မေလ ၁၁ ရက်နေ့က ဖြစ်ပွားလာခဲ့သည်။

ယခု အလုပ်သမား ၁၆ ဦး အစာငတ်ခံ ဆန္ဒပြခြင်းကို စံကောင်းစက်ရုံရှေ့တွင် မေလ ၂၇ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြ အမျိုးသမီးတဦး ကျန်းမာရေး ချွတ်ယွင်းလာကာ အင်းစိန်ဆေးရုံသို့ ဆေးဝါးကုသမှု ခံယူထားရသည်ဟု အစာငတ်ခံ ဆန္ဒပြနေသူ မခင်စောသီတာ က ပြောသည်။

“ကျမက စံကောင်းစက်ရုံ ရက်ကန်း အလုပ်သမားပါ။ အစာငတ်ခံဆန္ဒဖော်ထုတ်တာ ငါးရက် ရှိသွားပြီ။ ရေသောက်တာကလွဲပြီး ဘာမှ ကျမတို့ မစားဘူး။ အလုပ်ထုတ်ခံရတဲ့ ဘဝတူ အလုပ်သမားတွေ အားလုံးကို အလုပ်ပြန်ရဖို့ပဲ ကျမရင်ထဲမှာ ဆန္ဒရှိနေတယ်” ဟု ဆိုသည်။

အထုတ်ခံထားရသည့် အလုပ်သမား ၄၇ ဦး အလုပ်ပြန်ဆင်းခွင့် ရရေး၊ ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက အလုပ်သမားသမဂ္ဂနှင့် အလုပ်သမားဝန်ကြီးဌာန၏ သဘောတူညီချက်များကို ရရှိပြီးမှသာ ထုတ်ပယ်ရန်၊ စက်ရုံအတွင်းရှိ ဝန်ထမ်းများ၏ လစာတိုးမြှင့်ပေးရန် စသည့် အချက်များကို တောင်းဆိုထားသည်။

ထိုစက်ရုံ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးခင်မောင်မြတ် ကမူ ထိုစက်ရုံတွင် အလုပ်သမား ၁,၀၀၀ ကျော်သည့်အနက် ၄၅၀ သာ အလုပ်ပြန်ဆင်း၍ စက်ရုံလည်ပတ်ရန် အခက်အခဲရှိနေကြောင်း မေ ၃၁ ရက်နေ့က ကန်တော်ကြီးရှိ Royal Garden restaurant တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
“အလုပ်သမား ၄၇ ဦးကိစ္စကို ကျနော်တို့ဘက်က ခုံသမာဓိ အဆုံးအဖြတ်ကို ခံယူသွားမှာပါ၊ ခုစက်ရုံရှေ့မှာ ဆန္ဒဖော်ထုတ်နေတဲ့ စက်ရုံအလုပ်သမားတွေကိုလည်း အလုပ်က ထုတ်လည်း မထုတ်သေးပါဘူး။ သူတို့ မဝင်ဘူးဆိုရင်တော့ နေ့စားအလုပ်သမားတွေ

ခေါ်ပြီး လုပ်ငန်း ပြန်လည်ပတ်နိုင်အောင် ဆောင်ရွက်ရမှာပါ” ဟု ပြောဆိုသွားသည်။

အလုပ်သမားများဘက်မှလည်း တောင်းဆိုသည့် အချက်များကို ရရှိရန် ဆက်လက် ဆန္ဒပြသွားမည်ဟု သမဂ္ဂခေါင်းဆောင် ကိုဝင်းထွန်းအောင် က ပြောသည်။

“ဆန္ဒဖော်ထုတ်သူတွေ အလုပ်ပြန်ဆင်းရင် ဆင်းခွင့်ပေးမယ်ဆိုတာ ခုချိန်ထိ ကျနော်တို့ဆီ လာညှိနှိုင်းပြောတာ မရှိသေးပါဘူး။ စက်ရုံဘက်က တရားဝင် လာအကြောင်းမကြားသေးဘဲနဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ စက်ရုံဝင်းထဲကို ဝင်ရင် စက်ရုံဘက်ကနေ တရားစွဲဆိုမှုတွေ ရှိလာနိုင်ပါတယ်” ဟု ထောက်ပြပြောဆိုသည်။

“ခေါင်းတွေ မူးနေတယ်။ ရင်တွေ တုန်နေတာတော့ ရှိနေတယ်။ လဲကျသွားတာလောက် အထိတော့ ကျမ မဖြစ်သေးပါဘူး” ဟု အစာငတ်ခံ ဆန္ဒပြနေသူ စတိုခန်းအလုပ်သမား မမြတ်စိုးစိုးသွယ် က ပြောသည်။

အေးမြင့်စန်း | by Mizzima - News in Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template