Headlines News :
Home » » နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

Written By လွင့်မောင်မောင် on Monday, May 27, 2013 | 10:40 PM

 
နေပြည်တော် မေ ၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန် ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သည် ယနေ့ နံနက် (၁၁) နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြသည်။

ထိုသို့ တွေ့ဆုံစဉ် ရန်ကုန်တက္ကသိုလ်နှင့် နာဂိုယာ တက္ကသိုလ် အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ဂျပန်-မြန်မာ ဥပဒေရေးရာ သုတေသနဋ္ဌာန (Japan-Myanmar Legal Center) တည်ထောင်ရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ကူညီပံ့ပိုးပေးရေး၊ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ/ အတတ်ပညာ အကူအညီပေးရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ အတွက် အသေးစား ငွေကြေးလုပ်ငန်း များ  ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး မြို့ပြစီမံကိန်း ရေးဆွဲမှု၊ မြို့ပတ်ရထားလမ်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေးနှင့် ရှေးဟောင်းအဆောက် အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာနိုင်ငံတွင် မော်တော်ကားစက်ရုံများ တည်ဆောက် ထုတ်လုပ်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဂျပန် ဝန်ကြီးချုပ် တို့သည် နှစ်နိုင်ငံ စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်အားပေးကြသည်။

ရှေးဦးစွာ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာသင်ဆုပေးရေး စီမံချက်နှင့် ရန်ကုန်မြို့တော် ရေပေး ဝေရေး စနစ် တိုးတက်မြှင့်တင်ရေး စီမံချက် စာချွန်လွှာကို ဒုတိယဝန်ကြီး ဒေါ်ခင်စန်းရီနှင့် မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr. Mikio NUMATA တို့က လက်မှတ်ရေးထိုးကြသည်။

ထို့နောက် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်း သုံးရပ်အတွက် တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ ဂျပန်ယန်း ၅၁ ဒသမ ၀၅၂ ဘီလီယံအား ပေးအပ်ရေးအတွက် လဲလှယ်မှု စာချွန်လွှာ၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကြွေးလျှော်ပေးသည့် ၆၀ ရာခိုင်နှုန်းအနက် ကြွေးလျှော်ရန် ကျန်ရှိသည့် ဂျပန်ယန်း ၁၂ ဒသမ ၅ ဘီလီယံအား ကြွေးလျှော်ပေးရေး လဲလှယ်မှု စာချွန်လွှာနှင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကြွေးလျှော်ပေးသည့် ၆၀ ရာခိုင်နှုန်းအနက် ကြွေးလျှော်ရန် ကျန်ရှိသည့် နောက်ကျကြေး ဂျပန်ယန်း ၁၇၆ ဒသမ ၁ ဘီလီယံအား ကြွေးလျှော်ပေးရေး လဲလှယ်မှု စာချွန်လွှာတို့ကို ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်နှင့် ဂျပန်နိုင်ငံသံအမတ်ကြီးတို့က လက်မှတ်ရေးထိုးကြသည်။

ထို့နောက် သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတက မိမိ၏ ဖိတ်ကြားချက်ဖြင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မြန်မာ နိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိနေခြင်း ဖြစ်ပါကြောင်း၊ ဤခရီးစဉ်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်တစ်ဦး အနေဖြင့် လွန်ခဲ့သော ၃၆ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက် သည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် ဖြစ်သည့်အတွက် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် အားသစ်လောင်းသည့် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်၍ မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ၁၉၅၄ ခုနှစ်က စတင်ပြီး သံတမန် အဆက်အသွယ် ပြုလုပ်ခဲ့ပါကြောင်း၊ ယင်းအချိန်မတိုင်မီ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ကတည်းက မြန်မာ-ဂျပန် ဆက်ဆံရေးသည် ထူးခြားသည့် ဝိသေသများဖြင့် အခြေတည်ပြီး တိုးတက် ခိုင်မြဲလာခဲ့ခြင်း ဖြစ်ပါကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ် ပေါ်ထွန်း လာပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။

မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် ဂျပန်အစိုးရ နှင့် ပြည်သူများ၏ ထောက်ခံအားပေးမှုများကို မြန်မာအစိုးရနှင့် ပြည်သူများက အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ မိမိအနေဖြင့် ၂၀၁၂ ခုနှစ် ဧပြီလတွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အနက် သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါ ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံ Consortium အဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် ပိုမို ရင်းနှီး မြှုပ်နှံလာစေရန် ရည်ရွယ်ပြီး Myanmar- Japan Joint Initiative တစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကိုလည်း ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

ယနေ့တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို အခိုင်အမာ ဆက်လက်ထောက်ခံ ရပ်တည်သွားမည့်အကြောင်းကို အတည်ပြုပြောကြားခဲ့ပါကြောင်း။

ထို့အပြင် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အကူအညီ ပိုမိုပေးအပ်သွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည့်အတွက် မြန်မာပြည်သူများကိုယ်စား များစွာ ကျေးဇူးတင်ရှိပါကြောင်း။

မိမိနှင့် ဝန်ကြီးချုပ် မစ္စတာ အာဘေးတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး ကိစ္စ၊ နှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်နိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီကြီးများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်သွားရေးအတွက် အခွင့်အလမ်းနှင့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျန်ရှိသည့် ကြွေးမြီများ ရှင်းလင်းရေးကို အကောင်အထည်ဖော်ခဲ့ပြီး ယန်းချေးငွေသစ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ရန် ဂျပန်အစိုးရက ဆုံးဖြတ်ပေးခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် ပြုပြင်ပြောင်းလဲမှုများကို အားထုတ်ကြိုးပမ်းနေသည် ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရ၏ နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂျပန်အစိုးရကရော၊ ပုဂ္ဂလိက ကဏ္ဍကပါ ဝိုင်းဝန်ကူညီ ပံ့ပိုးပေးရန် ဆန္ဒရှိ ပါကြောင်း၊ ယင်းသဘောထားကို ရှင်းလင်းပြောကြားနိုင်ရန် အတွက် ရည်ရွယ်၍ ယခုခရီးစဉ်ကို လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်း။

ခရီးစဉ်တွင် မိမိနှင့်အတူ ကဏ္ဍပေါင်းစုံ စီးပွားရေးအဖွဲ့အစည်းပေါင်းစုံက အဖွဲ့ဝင်များ ပါရှိပါကြောင်း၊ မြန်မာ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများကို ဂျပန်အစိုးရ အနေဖြင့် ထပ်မံကူညီ ပေးမည်ဖြစ် ပါကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး၊ ပြည်သူတို့၏ လူမှုဘဝ မြင့်မားရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ် စသည့် ကဏ္ဍ များစွာတွင် ကျယ်ကျယ်ပြန့်ပြန့် ကူညီ ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် အတွက် ယန်းငွေ သန်း (၉၁၀၀၀) ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးတွင်လည်း နိုင်ငံရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှု အပါအဝင် အဘက်ဘက်မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သယံဇာတ ကြွယ်ဝသည့် မြန်မာနိုင်ငံနှင့် အတွေ့အကြုံနှင့် နည်းပညာကြွယ်ဝသည့် ဂျပန်နိုင်ငံတို့ အနေဖြင့် အနာဂတ် တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
http://www.president-office.gov.mm
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template