
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ ထိုင်းရဲတပ်ဖွဲ့ကို နည်းပညာ အကူအညီ ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှာ ဗြိတိန်သံ အမတ်က ကမ်းလှမ်း ခဲ့တယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ ထိုင်းသတင်းဌာန ကော့ဆောင် သတင်းက ထုတ်ပြန်ပါတယ်။
ထိုင်းရဲတပ်ဖွဲ အကြီးအကဲနဲ့ ဗြိတိန် သံအမတ်တို့ အောက်တိုဘာ ၂ ရက်နေ့ တွေ့ဆုံရာမှာ ပစ္စည်းကိရိယာ ကျွမ်းကျင်သူနဲ့ တခြား အကူအညီ တွေပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံ သား ဒေးဗစ်မေလာနဲ့ ဟန်နာ ၀ှစ်သာရစ်တို့က လိပ်ကျွန်းမှာ အသတ်ခံရပြီး ၂ ပတ်ကျော်အကြာ အခုလို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက လူသတ်မှုအတွက် ထိုင်းရဲတပ်ဖွဲ့တွေက အစွမ်းကုန် ကြိုးစားဆောင်ရွက် နေသလို စုံစမ်း စစ်ဆေးမှုက အချိန်ယူရမယ်လို့ ပြောပါတယ်။
ဗြိတိန်က ကမ်းလှမ်းတဲ့ နည်းပညာအကူအညီ ယူ၊ မယူကိုတော့ တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။ ရှေ့နောက်မညီတဲ့ ထုတ်ပြန်ချက်ကြောင့် လူသတ်မှုအပေါ် ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ခံနေရပါတယ်။
By ဒီဗွီဘီ