မြန်မာတပ်မတော် ရေတပ်က စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း မြန်နှုန်းမြင့် လေယာဉ် ၃ စီး ၀င်ရောက်ဖြတ်သန်းသွားတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်း ဌာနက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီ ၂၈ မိနစ်ကနေ ၄ နာရီ ၃၇မိနစ်အတွင်း မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၃.၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၄.၅၄ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၂.၃ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၄ မိနစ် နေရာများသို့ အမျိုးအစားစိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ် ၃ စီး မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တပ်မတော်(ရေ) လေ့ကျင့်ခန်းဆောင်ရွက်ရာမှာ၊ ဒုံးပျံ ပစ်ခတ်လေ့ကျင့်မှုများပါရှိတဲ့အတွက် မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပေါ်စေရေး ထပ်မံ အသိပေးကြောင်းကြားမှုများ ဆောင်ရွက်သွားမယ်လို့လည်း စစ်တပ်သတင်းက ဆိုပါတယ်။
ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းရေပြင်တ၀ိုက်မှာ ရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဖေဖော်ဝါရီ ၂၂ ရက်ကနေ မတ်လ ၂ ရက်အထိ လုပ်ဆောင်သွားမယ်လို့ အသိပေးကြေညာထားပါတယ်။
တဆက်တစပ်တည်း ထုတ်ပြန်ထားတဲ့ စစ်တပ်သတင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အဲ့ဒီနေ့က ဆင်ဖြူရှင်စစ်ရေယာဉ်နဲ့ ကိုကိုးကျွန်းကို သွားရောက်ခဲ့ပြီး အဲ့ဒီရေယာဉ်ပေါ်မှာ စစ်ရေးလေ့ကျင့်မှု အစီအစဉ်နဲ့ပတ်သက်လို့ လိုအပ်တာတွေ ညွှန်ကြားခဲ့ပါတယ်။
DVB