နိုင်ငံတစ်ဝှမ်းလုံးရှိ ဌာနဆိုင်ရာ
ရုံး၊ကျောင်း၊အဖွဲ့အစည်းတွေရဲ့ဝန်ထမ်းတွေကို တာဝန်ချိန်အတွင်း
ကွမ်းယာစားသုံးခြင်းမရှိစေရေး ၊ ဌာနဆိုင်ရာ အဆောက်အဦးနဲ့ပရ၀ဏ်အတွင်း
ကွမ်းအရောင်းဆိုင်တွေ မရှိစေရေး စည်းကမ်းသတ်မှတ်ပြီး ထိရောက်တဲ့
အပြစ်ပေးအရေးယူခြင်းတွေနဲ့ စံနမူနာဖြစ်စေရေး ဆောင်ရွက်သွားဖို့
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ပြည်နယ်၊
တိုင်းဒေသကြီးအစိုးရအဖွဲ့တွေထံ အကြောင်းကြားစာတစ်စောင်ပေးပို့လိုက်ပါတယ်။
အဲဒီအကြောင်းကြားစာကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၊ ညွှန်ကြားရေးမှူးချုပ်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီအကြောင်းကြားစာမှာ ကွမ်းစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ရောဂါတွေ
နဲ့ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးတာတွေနဲ့
သတိပေးနှိုးဆော်တာတွေပြုလုပ်ဖို့ ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်၊ရပ်ကွက် နဲ့
ကျေးရွာအုပ်စုအဆင့် ကော်မတီတွေဖွဲ့စည်းပြီး ဥပဒေတွေ ၊
ဒေသန္တရအမိန့်တွေရေးဆွဲထုတ်ပြန်ဖို့စတာတွေပါဝင်ပါတယ်။
ဒါ့အပြင် ဆေးရုံ၊ဆေးခန်းတွေမှာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ၊
ကျောင်းသူ၊ကျောင်းသားတွေ ဆရာ၊ဆရာမတွေကို ကျန်းမာရေးအသိပညာပေးဖို့နဲ့
ကျောင်းဝင်းအတွင်း ကွမ်းစားတာ၊ စည်းကမ်းမဲ့
ကွမ်းတံထွေးထွေးမှုတွေမပြုလုပ်ဖို့ စည်းကမ်းထုတ်ပြန်ပေးဖို့ ၊ ကျူးလွန်ရင်
ပြစ်ဒဏ်ပေးမှုတွေ ဆောင်ရွက်ဖို့ ပါရှိပါတယ်။
တာဝန်ရှိသူတွေအကြားအစည်းအဝေးတွေပြုလုပ်ပြီး ဥပဒေအာဏာသက်ဝင်ရေးနဲ့
ဥပဒေစည်းကမ်းတွေနဲ့အညီ ၀န်ကြီးဌာနတွေ ၊ မြို့တော်စည်ပင်သာယာရေးကော်မတီတွေ
ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေကိုလည်း ဖော်ပြထားပါတယ်။
5 Plus News