
(သံတွဲမြို့နယ်ရှိ အခြေခံပညာ မူလတန်းကျောင်းတစ်ကျောင်းအား တွေ့ရစဉ်) အာဆီယံနိုင်ငံများအတွင်း မြန်မာနိုင်ငံသည် ပညာရေးအသုံးစရိတ် အနိမ့်ဆုံးနှင့် ကျန်းမာရေးအသုံးစရိတ် တတိယအနိမ့်ဆုံး နိုင်ငံဖြစ်ကြောင်း Action Aid Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ အသုံးစရိတ်ကို လေ့လာကြည့်ပါက ပညာရေးဝန်ကြီးဌာန အသုံးစရိတ်သည် ၀န်ကြီးဌာနအားလုံး၏ အသုံးစရိတ်တွင် ၁၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကျန်းမာရေးဌာန၏ အသုံးစရိတ်သည် ၆ ဒသမ ၅ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာ အစိုးရအသုံးစရိတ် နည်းနေပါတယ်။ ကျွန်တော်တို့ ကောက်ယူတဲ့ စစ်တမ်းအရဆိုရင်တော့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အသုံးစရိတ် ပိုသုံးတာကို ပြည်သူတွေက ကြိုက်ကြပါတယ်။ ရရှိတဲ့စစ်တမ်းအရ ဆိုရင်တော့ ၇၄ ဒသမ ၅ ရာခိုင်နှုန်းက ပညာရေးအတွက် ဘတ်ဂျက်ပိုမို သုံးစွဲဖို့ မဲပေးတဲ့ သူတွေပါ။ ကျန်းမာရေးကဏ္ဍကို ပိုသုံးစွဲဖို့ မဲပေးတဲ့သူကတော့ ၆၂ ရာခိုင်နှုန်း ရှိပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးရေးအတွက် ဆန္ဒပြုတဲ့မဲက ၂၄ ဒသမ ၄ ရာခိုင်နှုန်း ရှိပါတယ်”ဟု Action Aid Myanmar မှ Development Economist ဖြစ်သူ Bart Robertson က ပြောကြားသည်။
အဆိုပါ စစ်တမ်းမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်တစ်ခုအား လျာထားရာတွင် လူထုဆန္ဒမဲ ကောက်ယူထားသော စစ်တမ်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် အစိုးရအသုံးစရိတ်တွင် အားနည်းနေသော်လည်း ကာကွယ်ရေးကဏ္ဍတွင် အသုံးစရိတ်မြှင့်တက်နေကြောင်းနှင့် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအတွက် အသုံးစရိတ် ၀န်ကြီးဌာန စုစုပေါင်းအသုံးစရိတ်၏ ၂၉ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်။
သို့သော်လည်း ယခုနှစ်ပိုင်းအတွင်း အစိုးရအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးအား ယခင်နှစ်များထက် ပိုမိုသုံးစွဲလာကြောင်း လွန်ခဲ့သည့် သုံးနှစ်ကာလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၁ ခုနှစ်တွင် ပညာရေးအသုံးစရိတ်သည် ၅ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၃-၂၀၁၄ ခု နှစ်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။
အလားတူ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးအတွက် အသုံးစရိတ် ၁ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အသုံးစရိတ် အနည်းငယ်ကျဆင်းသွားပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၁၉ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁၇ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း သို့သော်လည်း ယင်းပမာဏမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ် အသုံးစရိတ် ၁၃ ဒသမ ၂ရာခိုင်နှုန်း၏ အထက်တွင် ရှိနေသေးကြောင်း သိရသည်။
Eleven Media Group