ရန်ကုန်မှာ အမျိုးသမီး သီးသန့်ယာဉ်လိုင်းပြေးဆွဲဖို့ အတွက်
ယာဉ်ပိုင်ရှင်စာရင်းတွေ တင်ပြလာမယ်ဆိုရင် အစိုးရအနေနဲ့
အမြန်ဆုံးပြေးဆွဲခွင့်ပြုပေးမယ်လို့ ရန်ကုန်တိုင်း လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
ယာဉ်လိုင်းတချို့က ရုံးချိန်တွေမှာ အမျိုးသမီးသီးသန့် ဘတ်စ်ကားပြေးဆွဲမယ်
ဆိုရင် အစိုးရအနေနဲ့ ကန့်ကွက်ဖို့ ရှိ၊ မရှိ မေးခွန်းကို ဗဟန်းမြို့နယ်
မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ညိုညိုသင်းက ဒီနေ့
လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့တာပါ။
ဒီမေးခွန်းကို ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင်က
ပြန်လည်ဖြေကြားရာမှာ အမျိုးသမီးသီးသန့် ဘတ်စ်ကားကို မနှစ်က
ပြေးဆွဲခဲ့ဖူးပြီး စီးနင်းသူနည်းတဲ့အတွက် ၆ လလောက်အကြာမှာ
ရပ်နားလိုက်ရကြောင်း၊ ယာဉ်ပိုင်ရှင်တွေဘက်က ဆန္ဒရှိတယ်ဆိုရင်တော့
ကန့်ကွက်ဖို့မရှိဘူးလို့ ၀န်ကြီးက ပြောပါတယ်။
ရန်ကုန်မှာ ၁ ရက်ကို လိုင်းကားစီးခရီးသည် ၂ သန်းကျော်ရှိမယ်လို့
မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ) က
ခန့် မှန်းထားပြီး ဒီအထဲမှာ ခရီးသည် တ၀က်လောက်က အမျိုးသမီးတွေဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ ခရီးသည်တင် ဘတ်စ်ကား ယာဉ်လိုင်းပေါင်း ၄၀၀ လောက် ပြေးဆွဲနေပါတယ်။
By ပိုင်စိုး (ဒီဗွီဘီ)