Headlines News :
Home » » မိုးညှင်းခရိုင် တရားသူကြီး၏ အမိန့်ဆုံးဖြတ်ချက်အပေါ် မကျေနပ်သည့်လူအုပ်က တရားသူကြီးအိမ်ကို ခဲဖြင့်ပစ်ပေါက် ဆူပူနေသဖြင့် ရဲတပ်ဖွဲ့က သေနတ်အချက် ၂၀ ကျော်ပစ်ဖောက် လူစုခွဲခဲ့ရ

မိုးညှင်းခရိုင် တရားသူကြီး၏ အမိန့်ဆုံးဖြတ်ချက်အပေါ် မကျေနပ်သည့်လူအုပ်က တရားသူကြီးအိမ်ကို ခဲဖြင့်ပစ်ပေါက် ဆူပူနေသဖြင့် ရဲတပ်ဖွဲ့က သေနတ်အချက် ၂၀ ကျော်ပစ်ဖောက် လူစုခွဲခဲ့ရ

Written By လွင့်မောင်မောင် on Saturday, December 6, 2014 | 2:18 PM


ခရိုင်တရားသူကြီး၏ အမိန့်ချမှတ်မှုအပေါ် မကျေနပ်သဖြင့် မိုးညှင်းဒေသခံများ တရားရုံးရှေ့၌ စုဝေးနေကြသည်ကို ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကိုမျိုး)

လက်ရှိတရားစီရင်ရေးအပေါ် ပြည်သူလူထုအနေဖြင့် မကျေနပ်မှုများမှာ ပိုမိုများပြားလာခဲ့ပြီး တရားသူကြီးနှင့် ပြည်သူလူထုအကြား ထိပ်တိုက်တွေ့ဆုံမှုလည်း မြင့်မားလာကြောင်း ဖြစ်စဉ်များနှင့် တရားစီရင်ရေးအပေါ် ပြည်သူများ၏ တိုင်ကြားစာများအရ သိရသည်။

လတ်တလောဖြစ်ပေါ်ခဲ့သည့် တရားသူကြီးနှင့်လူထုအကြား ထိပ်တိုက်တွေ့ဆုံမှုတစ်ခုမှာ ကချင်ပြည်နယ် မိုးညှင်းမြို့၌ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။

ယင်းဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့၌ သက်ငယ်မုဒိမ်းမှုကျူးလွန်သူအား ထောင်ဒဏ် ၁၅ နှစ်ချမှတ်မှုအပေါ် မကျေနပ်သည့်လူအုပ်က တရားသူကြီးအိမ်ကို ခဲဖြင့်ပစ်ပေါက်ဆူပူခဲ့ရာ ရဲတပ်ဖွဲ့က သေနတ်အချက် ၂၀ ကျော်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရသည့်ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများထံမှ သိရသည်။

မိုးကောင်းမြို့တွင် အောက်တိုဘာ ဒုတိယပတ်အတွင်းက ဖြစ်ပွားခဲ့သည့် အသက် ၁၅ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးငယ်အား အသက် ၅၇ နှစ်အရွယ်ရှိသည့် အခြားဘာသာဝင်တစ်ဦး ကျူးလွန်ခဲ့သည့် မုဒိမ်းမှုအား မိုးညှင်းခရိုင်တရားရုံးသို့ ရုံးပြောင်းရွှေ့စစ်ဆေးခဲ့ကာ ၎င်းအမှုကို အပြီးသတ်စီရင်ချက် ချမှတ်သည့်နေ့တွင် တရားခံအား ချမှတ်ခဲ့သည့်ပြစ်ဒဏ် နည်းသည်ဟုဆိုကာ အနည်းဆုံးလူ ၁၅၀ ခန့်ရှိသည့်လူစုက အရှေ့စုရပ်ကွက်ရှိ ခရိုင်တရားသူကြီး ဦးစောထွန်း၏အိမ်ကို ခဲများဖြင့်ပစ်ပေါက် ဆူပူခဲ့ခြင်း ဖြစ်သည်။

မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝေက “မနေ့က အမိန့်ချပြီးတဲ့နောက်မှာ မကျေနပ်တဲ့ လူအုပ်စုက တရားသူကြီးအိမ်ကို ခဲနဲ့ပေါက်ပြီး ရန်ရှာတယ်။ ဒီအတွက် ရဲတပ်ဖွဲ့က သေနတ်အချက် ၂၇ ချက်လောက် ခြောက်လှန့်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရတယ်။ ဆူပူတဲ့လူတွေက အနည်းဆုံးလူ ၁၅၀/၂၀၀ လောက်ရှိတယ်။ တကယ်တမ်း ခဲနဲ့ပစ်ပေါက်တဲ့ လူတွေကတော့ အယောက် ၅၀ လောက်ပဲ ရှိပါတယ်။ ဒီထဲမှာပါတဲ့ လူတစ်ယောက်ကို မနေ့ကဖမ်းပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်ပါပြီ။ လက်ရှိကတော့ အခြေအနေ တည်ငြိမ်သွားပါပြီ” ဟု ဒီဇင်ဘာ ၅ ရက်က ပြောကြားသည်။

မိုးညှင်းမြို့နေ အမည်မဖော်လိုသူတစ်ဦးက “မိုးကောင်းဈေးကုန်းရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းကို မိုးညှင်းခရိုင်တရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးတယ်။ အဲ့ဒီအမှု ရုံးချိန်းတိုင်းကို မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ အင်းတော်ကြီးဒေသ၊ နမ္မားဒေသက မ.ဘ.သ အဖွဲ့ဝင် ရဟန်းရှင်လူတွေက လာနားထောင်တယ်။ အဲ့ဒီအမှုကို မနေ့က စီရင်ချက်ချတယ်။ ပုဒ်မ ၃၆၆ အရ ထောင်ဒဏ်ငါးနှစ်၊ ပုဒ်မ-၃၇၆ အရ ထောင်ဒဏ် ၁၀ နှစ် စုစုပေါင်း ၁၅ နှစ် ချလိုက်တယ်။ ဒီပြစ်ဒဏ်အပေါ်ကို နည်းတယ်လို့ထင်တဲ့အတွက် တရားသူကြီးကို ရန်ရှာကြတာပါ။ နောက်တော့ သံဃာတော်တွေရယ်၊ ရဲတပ်ဖွဲ့ဝင်တွေရယ် ပူးပေါင်းပြီး အခြေအနေကို ထိန်းသိမ်းလိုက်လို့ တည်ငြိမ်သွားပါပြီ” ဟု ပြောကြားသည်။

၎င်းဖြစ်စဉ်တွင် ၀င်ရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့၏ ရဲကားတစ်စီးကိုလည်း ဒေါသထွက်နေသည့်လူအုပ်က ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် လေးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် မုဒိမ်းမှုတရားခံဖြစ်သူအား မြစ်ကြီးနားထောင်သို့ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လက်ရှိအချိန်တွင် တရားစီရင်ရေးမဏ္ဍိုင်မှ တရားသူကြီးများ၏ ဆုံးဖြတ်ချက်များ၊ ပြစ်မှုပြစ်ဒဏ် မျှတခြင်းမရှိသော စီရင်ချက်များအပေါ် ပြည်သူလူထု၏ မကျေနပ်မှုများ ဖြစ်ပေါ်နေပြီး ယခုဖြစ်စဉ်ကလည်း ထိုမကျေနပ်မှုများ ပေါက်ကွဲလာခြင်းကို မီးမောင်းထိုးပြသည့် ပုံစံကဲ့သို့ဖြစ်နေသည်။
လက်ရှိအခြေအနေမှာ ဥပဒေပြုရေးမဏ္ဍိုင်က အပြန်အလှန် ထိန်းကျောင်းတာတွေရှိရင် အုပ်ချုပ်ရေးမဏ္ဍိုင်က အထိုက်အလျောက် ဆောင်ရွက်ပေးတာတွေရှိတယ်။ စတုတ္ထမဏ္ဍိုင်က ထိန်းကျောင်းတာတွေ ရှိရင်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်က အထိုက်အလျောက် ဆောင်ရွက်ပေးတာရှိတယ်။ ဒါပေမဲ့ တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ကတော့ မီဒီယာတွေ ဘယ်လိုပဲထောက်ပြထောက်ပြ၊ လွှတ်တော်က ဘယ်လောက်ပဲ ထောက်ပြထောက်ပြ သူတို့က ပြင်ချင်မှပြင်မယ်။ လုပ်ချင်မှလုပ်မယ်ဆိုပြီးနေတယ် . . . . .
သာဓကအနေဖြင့် ပြည်သူ့လွှတ်တော်ရှိ တရားစီရင်ရေးဆိုင်ရာကော်မတီသို့ ကော်မတီစတင်ဖွဲ့စည်းချိန်မှ ၂၀၁၄ ခုနှစ်၊ သြဂုတ်ကုန်အထိ ပြည်သူများထံမှ တိုင်ကြားစာပေါင်း ၁၀၃၀၀ ကျော် ရောက်ရှိခဲ့သည့်အနက် ထိုအထဲတွင် တရားရေးနှင့်ပတ်သက်သော တိုင်ကြားစာထောင်နှင့်ချီရှိကြောင်း သိရသည်။ ထိုပမာဏသည် တရားစီရင်ရေးမဏ္ဍိုင်၌ရှိနေသော တရားသူကြီးဦးရေ ထောင်ဂဏန်းခန့် ရှိနေနိုင်သည့် အခြေအနေတွင် တရားသူကြီး အရေအတွက်နှင့် တိုင်စာအရေအတွက် နှိုင်းယှဉ်ပါက တိုင်စာအရေအတွက်က ပိုများနေသည်ကို တွေ့ရှိရသည်။
“တရားရေး နယ်ပယ်မှာ ပါဝင်လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေထဲမှာ အချို့က လာဘ်ပေး၊ လာဘ်ယူ ယဉ်ကျေးမှုထဲမှာ ပျော်မွေ့နေတယ်လို့ ပြောရမလိုဖြစ်နေတယ်။ တရားရုံးအဆင့်ဆင့်ကလည်း အထက်အောက် အပြန်အလှန်ချိတ်ဆက်ပြီး အကာအကွယ်ပေးနေကြတယ်” ဟူ၍ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားထားခဲ့ဖူးသည်။
ထို့ကြောင့် တရားစီရင်ရေးနှင့် ပတ်သက်၍ ပြည်သူတို့၏ မကျေနပ်ချက်များမှာ တရားစီရင်ရေး အပေါ်တွင်သာမက အရေးယူမှု အားနည်းသည့် အစိုးရအပေါ်၌ပါ မကျေနပ်ချက် ပိုမိုလာခဲ့ကြောင်း ပြည်သူများအကြား ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။      
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “လက်ရှိအခြေအနေမှာ ဥပဒေပြုရေးမဏ္ဍိုင်က အပြန်အလှန် ထိန်းကျောင်းတာတွေရှိရင် အုပ်ချုပ်ရေးမဏ္ဍိုင်က အထိုက်အလျောက် ဆောင်ရွက်ပေးတာတွေရှိတယ်။ စတုတ္ထမဏ္ဍိုင်က ထိန်းကျောင်းတာတွေ ရှိရင်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်က အထိုက်အလျောက် ဆောင်ရွက်ပေးတာရှိတယ်။ ဒါပေမဲ့ တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ကတော့ မီဒီယာတွေ ဘယ်လိုပဲထောက်ပြထောက်ပြ၊ လွှတ်တော်က ဘယ်လောက်ပဲ ထောက်ပြထောက်ပြ သူတို့က ပြင်ချင်မှပြင်မယ်။ လုပ်ချင်မှလုပ်မယ်ဆိုပြီးနေတယ်။ ပြီးတော့ သူတို့အပိုင်းကို ဝင်ရောက်စွက်ဖက်တာကို မကြိုက်ဘူးဆိုတဲ့ လေသံတွေ ရှိလာတယ်။သူတို့မှန်နေရင် ဘယ်သူမှ အလကားပြောမနေပါဘူး။ မှန်အောင်လည်း သူတို့မဆောင်ရွက်နိုင်တာကို တွေ့မြင်နေရပါတယ်။ အဲဒီတော့ တရားရေးမဏ္ဍိုင် တာဝန်ရှိသူတွေ အနေနဲ့ ကိုယ်မှားနေတာကို ကိုယ့်ဘာသာပြင်ဖို့လိုမယ်။ နောက်တစ်ချက်က တရားသူကြီး အဆင့်ဆင့်ကို ပြည်ထောင်စု အဆင့်ကနေ အောက်ခြေအထိ ဆင့်ကဲတာဝန်ပေးလို့ရတယ်။ မှန်ကန်မှုရှိအောင် ထိန်းကျောင်းလို့ရတယ်။ အဲလိုထိန်းကျောင်းမှုတွေ အားနည်းနေတယ်လို့ မြင်တယ်။ တရားသူကြီးတွေနဲ့ပတ်သက်ပြီး ပြည်သူနဲ့ မီဒီယာတွေက အော်ဟစ်ပြီး ထောက်ပြနေကြတာတွေကို ဒါကိုမဆောင်ရွက်ကြရင် ဘာဆက်ဖြစ်လာဆိုတဲ့ မေးခွန်းကြီးရဲ့ အဖြေက အကြီးမားဆုံး အပြောင်းအလဲ လုပ်ဖို့ဆိုတာ ဖြစ်လာလိမ့်မယ်” ဟု ပြောကြားခဲ့သည်။


လက်ရှိအစိုးရ လက်ထက်တွင် တရားစီရင်ရေးနှင့် ပတ်သက်၍ အရေးယူခဲ့သည့် အနည်းငယ်သော ဖြစ်စဉ်အချို့မှာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တရားသူကြီးတာဝန် ထမ်းဆောင်ခဲ့သူ ဦးတင်စိန်အား အဂတိလိုက်စားမှုတွင် အရေးယူခဲ့ခြင်းဖြစ်ပြီး ဦးတင်စိန်အား ထောင်ဒဏ် ၁ဝ နှစ်နှင့် ဒဏ်ငွေကျပ် ၅ဝဝဝဝ ပေးဆောင်ရန် အောက်တိုဘာလ အတွင်းက အမိန့်ချမှတ်ခဲ့သည်။
အလားတူ လာဘ်ငွေယူကာ အာဏာအလွှဲသုံးစား ပြုလုပ်သည်ဟူသော စွပ်စွဲမှုများကြောင့် ရခိုင်ပြည်နယ်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးခံနေရသော ရခိုင်ပြည်နယ် တရားလွှတ်တော်တရားသူကြီး ဒေါ်စီစီအား ၎င်း၏သဘောဆန္ဒ အလျောက်ဟုဆိုကာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်က သမ္မတဦးသိန်းစိန် အမိန့်ဖြင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုခဲ့ခြင်းသာ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ထိရောက်သော စုံစမ်းစစ်ဆေးအရေးယူမှု ပြုလုပ်ရန် လွှတ်တော်၌ တင်သွင်းခြင်းခံရသော စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစန်းကိုအား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နိုဝင်ဘာ ၁၅ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဩဂုတ်လက  ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ကိုယ်ကျင့်တရားပျက်ပြားမှုနှင့် အဂတိလိုက်စားသည်ဟုဆိုကာ လွှတ်တော်သို့ တိုင်ကြားခံရသူ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ကို ထိရောက်သော စုံစမ်းစစ်ဆေးအရေးယူမှု ပြုလုပ်ရန် လွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့သည်။
ထိုအချိန်က စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၌ ဒုတိယဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးမင်းသော်ထွေးနှင့် သက်သေများ ပါဝင်သောအဖွဲ့က နေပြည်တော်သို့ လာရောက်ပြီး လွှတ်တော်သို့ တိုင်ကြားခဲ့ခြင်းနှင့် အခြားသူများ တိုင်ကြားမှုများအပေါ် အခြေခံပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန် သူရဦးအောင်ကိုက တင်ပြခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ရှိခဲ့သည်ဟု ဆိုသော်လည်း တိုင်ကြားစွပ်စွဲခံရသူ ဦးစန်းကိုမှာ အရေးယူခံရမှု မရှိဘဲ ၎င်းကို တိုင်ကြားခဲ့သူ ဦးမင်းသော်ထွေးမှာ ရာထူးယာယီရပ်ဆိုင်းခံရခြင်း၊ ရာထူးတိုးတစ်နှစ် ရပ်ဆိုင်းခံရခြင်း၊ နေရာပြောင်းရွှေ့ တာဝန်ပေးခြင်းများ လုပ်ဆောင်ခံခဲ့ရပြီး အပြီးသတ်တွင် ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ထို့အပြင် ဦးစန်းကိုက ၁ဝ နှစ်ကျော်ကြာ ကိုယ်ထိလက်ရောက် စော်ကားမှု ပြုလုပ်ခဲ့ခြင်းများ ရှိသည်ဟု တိုင်ကြားခဲ့သော တရားရေးဝန်ထမ်း အမျိုးသမီးတစ်ဦးကိုလည်း နေရာပြောင်းရွှေ့ တာဝန်ပေးခဲ့ပြီး ထိုသို့နေရာ ရွှေ့ပြီးနောက် ၁၅ ရက်အကြာတွင် စုံစမ်းမှု တစ်စုံတစ်ရာမရှိဘဲ ရာထူးမှ ရပ်ဆိုင်းပြီး ထုတ်ပယ်လိုက်ကြောင်း သိရသည်။

“အာဏာရှင်နိုင်ငံတွေမှာ ထောက်လှမ်းရေးတွေဟာ လူထုကို ဖိနှိပ်တဲ့ လက်ကိုင်တုတ်တွေ ဒီမိုကရေစီအရောင်ပြ နိုင်ငံတွေမှာတော့ အစိုးရရှေ့နေတွေ၊ တရားသူကြီးတွေဟာ ပြည်သူတွေကို ဖိနှိပ်တဲ့ လက်ကိုင်တုတ်တွေပဲ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး တာဝန်ယူတဲ့သူတွေဟာ လူထုနဲ့ မကြာခဏ ထိပ်တိုက်တိုးရလေ့ရှိပါတယ်။ ငြိုငြင်ခံရလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရဲတွေလည်း လာဘ်စားတာတွေရှိတယ်။ လူတွေနဲ့လည်း ထိပ်တိုက်တိုးရတာတွေရှိတယ်။ ဒါပေမဲ့ တရားသူကြီးတွေဟာ ရဲတွေထက် လူပိုမုန်းခံရတယ်။ ရဲတပ်ဖွဲ့အတွင်းမှာ မှားရင် ဝန်ခံတယ်။ တိုင်ကြားရင် အဆင့်ဆင့် အရေးယူတယ်။ ပြုပြင်ပြောင်းလဲရေးတွေလုပ်တယ်။ ဒါပေမဲ့ တရားစီရင်ရေးအပိုင်းမှာတော့ မျှတမှုမရှိတဲ့ စီရင်မှုတွေကြောင့် ပြည်သူလူထုဟာ ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားရပါတယ်။ အခု သုံးလေးနှစ်မှာ ပိုဆိုးလာတယ်။ ဒါကြောင့် ဒီလိုလူထုနဲ့ ထိပ်တိုက်တိုးမှုတွေ ဖြစ်လာရတယ်။ တရားစီရင်ရေး မဏ္ဍိုင်အပေါ် ပြည်သူလူထုက မယုံကြည်တဲ့အတွက် တရားဥပဒေ စိုးမိုးမှုကိုပါ ထိခိုက်စေပါတယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားသည်။

သတင်းအယ်ဒီတာအဖွဲ့ Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template