
စစ်ကိုင်းတိုင်း ဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှ စံပြကျေးရွာက စာပေဟောပြောပွဲမှာ ဘာသာ၊ သာသနာ ကို ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းတွေသုံးပြီး ဟောပြော ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD ပြန်ကြားရေးအရာရှိ စာရေးဆရာ ထင်လင်းဦးကို ချောင်းဦးမြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ဦးစီးမှူးက ပုဒ်မ ၂ခုနဲ့ တရားစွဲ လိုက်တယ်လို့ သိရပါတယ်။
ပုဒ်မ ၂၉၅(က) ဘာသာ၊ သာသနာ ညှိးနွမ်းစေမှုနဲ့ ပုဒ်မ ၂၉၈ ဘာသာ၊ သာသနာကို စော်ကား ပုတ်ခတ်ပြော ဆိုမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲတာ ဖြစ်တယ်လို့ ချောင်းဦးမြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းခိုင် က ပြောပါတယ်။
"ကျနော်တို့ရဲ့ ဗုဒ္ဓဘာသာကို ယုံကြည်မှုပေါ့၊ သူက အထင်အမြင်သေးအောင် သူက ပြောထားတာတွေက အများကြီးပါပါတယ်ခင်ဗျ၊ အချက်အလက်တွေ တော်တော်လေးများပါတယ်၊ လူအများကြီးရဲ့ ယုံကြည်ကိုးကွယ်မှုကိုပေါ့နော်၊ ဘာသာသာသနာကို စော်ကားပုတ်ခတ်ပြောဆိုတဲ့ ပြစ်မှုဆိုင်ရာဥပဒေပေါ့နော်၊ ပုဒ်မ ၂၉၅(က)ရယ်၊ နောက်ပြီးတော့ ၂၉၈ ရယ်အဲ့ဒီ ၂ ခုဖြစ်ပါတယ်"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ သုံးပန်လှကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီးကျင်းပတဲ့ စာပေဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦးက ဘာသာရေး၊ လူမျိုးရေးနဲ့ အယူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းဟောပြောခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ ချောင်းဦးမြို့နယ် သံဃနာယကအဖွဲ့ရဲ့ တာဝန်ပေးချက်နဲ့ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းခိုင်က တရားလိုလုပ်ပြီး စာရေးဆရာ ဦးထင်လင်းဦးကို တရားစွဲခဲ့ တာဖြစ်ပါတယ်။
အဲ့ဒီအမှုကို လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စတင်စစ်ဆေးသွားမှာဖြစ်ပြီး စာရေးဆရာ ထင်လင်းဦးကို မရမ်းကုန်းမြို့နယ် တရားရုံးကတဆင့် ချောင်းဦးမြို့နယ်တရားရုံးကို လာရောက်အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်စာ ထုတ်ထားတယ်လို့ သိရပါတယ်။
RFA Burmese