၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၂၃ ခုနဲ့ မဟာမိတ်စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) က လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၇၀၀ ကျော် ၀င်ပြိုင်မယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
အန်ဘီအက်ဖ်အနေနဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်တွေမှာ ၃၈၁ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၁၆ ဦး၊ ပြည်သူ့လွှတ်တော်မှာ ၁၈၄ ဦးနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး စုစုပေါင်း ၇၁၀ ၀င်ပြိုင်မှာ ဖြစ်ပါတယ်။
တိုင်းရင်းသားမဟာမိတ်ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းပြီးတဲ့နောက် တိုင်းရင်းသားထဲက ဒုတိယသမ္မတ တဦး တင်မြှောက်နိုင်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ မဟာမိတ်တဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ဦးဦးလှစောက ပြောပါတယ်။
“ကျနော်တို့ ယုံကြည်တာကတော့ ပြည်ထောင်စုလွှတ်တော်ထဲမှာ ယူအက်စ်ဒီပီ သော်လည်းကောင်း၊ အန်အယ်လ်ဒီသော်လည်းကောင်း တဖက်သတ် အပြတ်အသတ် နိုင်မယ်လို့ မထင်ဘူးဗျ။ တိုင်းရင်းသားပါတီတွေအနေနဲ့ ယူအက်စ်ဒီပီနဲ့ အန်အယ်လ်ဒီလိုပဲ အင်အားကြီးတဲ့ အင်အားစုအနေနဲ့ ရှိနေလိမ့်မယ်လို့ ယုံကြည်တယ်။ အခု ဒု-သမ္မတ ဦးစိုင်းမောက်ခမ်းဟာ ယူအက်စ်ဒီပီက ဖြစ်နေတယ်။ အဲ့ဒီတော့ ဒု-သမ္မတ ဆိုတာဟာ အင်အားစုကြီးဖြစ်တဲ့ တိုင်းရင်းသားပါတီတွေထဲက တယောက်ဖြစ်သင့်တယ်ဆိုတဲ့ အယူအဆနဲ့ တင်ပြတာ ဖြစ်တယ်။”
၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေထဲက ကိုယ်စားလှယ် ၁၆၀ အနိုင်ရခဲ့ပြီး ဒီတကြိမ်မှာ ဒီ့ထက်များတဲ့ ကိုယ်စားလှယ် အနိုင်ရလိမ့်မယ်လို့ ယုံကြည်ထားကြောင်းလည်း ပြောပါတယ်။
ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း အန်ဘီအက်ဖ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီ ၂၃ ခုနဲ့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။
DVB