
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ရှမ်းပြည်နယ် ပင်လုံမြို့မှာ မူလစီစဉ်ထားတဲ့အတိုင်း ဒီကနေ့မနက် စတင်ကျင်းပနေပါတယ်။
ဇူလိုင် ၂၇ ကနေ ၃၁ ရက်ထိ ၅ ရက်ကြာညီလာခံမှာ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ ငြိမ်းချမ်းရေးနဲ့ ၂၁ ရာစုပင်လုံညီလာခံကိစ္စတွေကို ဆွေးနွေးမယ်လို့ ညီလာခံကျင်းပရေး ကော်မတီ ပြောခွင့်ရသူ မိုင်းမျိုးအောင်က ပြောပါတယ်။
“အဓိကကတော့ ကျနော်တို့ ငြိမ်းချမ်းရေးကိစ္စပါမယ်။ ဖက်ဒရယ်ကိစ္စပါမယ်။ ပြီးရင် လက်ရှိပြည်ထောင်စုပင်လုံကိစ္စတွေ ပါမှာပေါ့။ အခု ၂၁ ရာစုပင်လုံကျင်းပဖို့ရှိရတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီးမှ ကျနော်တို့ လူငယ်တွေအနေနဲ့ ဘာသဘောထားရှိလဲ၊ ကျနော်တို့ သဘောထားဘယ်လိုရှိလဲ။ ကျနော်တို့ရဲ့အသံတွေ၊ သဘောထားတွေ ပါဝင်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ အဲဒါတွေလည်းပါဝင်ဆွေးနွေးမှာပေါ့။ ”
ဒီညီလာခံမှာ နိုင်ငံတ၀န်းက တိုင်းရင်းသားလူမျိုး ၂၂ မျိုး တက်ရောက်လာပြီး ကိုယ်စားလှယ် ၈၀၀ လောက်တက်ရောက်လာပါတယ်။
ဒီညီလာခံမှာ ဟောပြောဖို့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကတော့ ဒေါက်တာ အေးမောင်၊ ဦးစိုင်းခမ်းပန်ဖ၊ ဦးခွန်ဥက္ကာ တို့ကို ဖိတ်ကြားထားသလို အဖွဲ့အစည်း ခေါင်းဆောင်တွေလည်း တက်ရောက် ဟောပြောမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ဆိုင်းငံ့ထားဖို့ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ကိုယ်စား ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က လက်မှတ်ရေးထိုးထားစာထွက်လာခဲ့ပြီး ညီလာခံကျင်းပရေး မကျင်းပရေး အကျပ်အတည်းတွေ ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက မနေ့က ပြန်လည်ညှိနှိုင်းပြီး ပြေလည်မှု ရရှိသွားတဲ့အတွက် ညီလာခံကို စီစဉ်ထားတဲ့အတိုင်း ဒီကနေ့ ပြန်လည်ကျင်းပ တာပါ။ ညီလာခံကို ပင်လုံမြို့ ပင်လုံကျောက်တိုင်ကွင်းမှာပဲ ကျင်းပနေပါတယ်။
DVB