
ယနေ့ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး၂၃ ရက်မြောက်နေ့ ၇-၃-၂၀၁၃ (ကြာသပတေးနေ့) တွင် ဦးဖြိုးမင်းသိန်း၊ လှည်းကူး မဲဆန္ဒနယ်၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကို အများပြည်သူ ဂါရ၀ပြုနိုင်ရန်အတွက် နေ့စဉ် ဖွင့်လှစ်ထားရန်နှင့် နိုင်ငံတော် အဆင့် ပြုပြင်ထိန်းသိမ်းမှုများ ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းအား
ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်၏ ရှင်းလင်းဖြေကြားချက် (အကျဉ်းချုပ်)
၁။ ပြည်ထောင်စုအစိုးရက ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း လွှဲပြောင်းပေးခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းဒေသကြီးအစိုးရက နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက် ရှိသည်။
၂။ လက်ရှိ ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်အဆင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးစီးပါက အာဇာနည်ဗိဗ္မာန်အား အများပြည်သူ ဂါရဝပြုနိုင်ရန်အတွက် ရက်သတ္တပတ် တစ်ပတ်လျှင် ပိတ်ရက် (၁)ရက်သာ ထားရှိပြီး ဖွင့်လှစ်ပေးရန် စီစဉ်ထားပြီး ဖြစ်သည်။
၃။ ပြည်ပနိုင်ငံဧည့်သည်များ လာရောက်ရာတွင် Official Visit မှာ နေပြည်တော်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာလိုသော အစီအစဉ်များကို ဧည့်သည်နိုင်ငံ၏ ဆန္ဒအရ နိုင်ငံခြားရေးဝန်ကြီးဌာနက ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိသည်။
သတင်းနှင့်ဓာတ်ပုံ-Hmuu Zaw