၁၁ ကြိမ်မြောက် လွှတ်တော်အရပ်ရပ် ခေတ္တရပ်နားလိုက်တဲ့ နိုဝင်ဘာ ၂၈ ရက်မှာ
လွှတ်တော်အမတ်တွေ လစာ ၁၀ သိန်းပေးဖို့ ပြည်ထောင်စုလွှတ်တော်က
ဆုံးဖြတ်လိုက်ပါတယ်။
အမတ်လစာတိုးပေးသလို နေ့တွက်စရိတ်တွေကိုလည်း တနေ့ ကျပ် ၂ သောင်းပေးဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ မြေပုံမြို့နယ်အမတ် ဦးဖေသန်းက ပြောပါတယ်။
အရင် လွှတ်တော်အမတ်လစာ ၁ လ ကျပ် ၃ သိန်းဖြစ်ပြီး နေ့တွက်စရိတ်က ကျပ် ၁ သောင်းဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေ လစာတိုးဖို့ ဆုံးဖြတ်ခဲ့သလို
ပြည်နယ်တိုင်း အမတ်တွေလစာ ကျပ် ၅ သိန်းတိုးပေးဖို့နဲ့ နေ့တွက်စရိတ် ကျပ် ၂
သောင်းတိုးဖို့လည်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။
ပြည်နယ်တိုင်းအမတ်တွေ အရင်လစာက ကျပ် ၂ သိန်းဖြစ်ပြီး နေ့တွက်က ကျပ် ၁ သောင်း ဖြစ်ပါတယ်။
လွှတ်တော်သက်တမ်းကုန်ဆုံးဖို့ ၁ နှစ်လောက်ကျန်ရှိနေချိန်မှာ အခုလို
လွှတ်တော်အမတ်တွေ လစာတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ၀န်ထမ်းလစာတိုးဖို့
ဒီတကြိမ်လွှတ်တော်က ဆုံးဖြတ်ခဲ့ပေမယ့် ဘယ်လောက်တိုးမယ်ဆိုတာ အတိအကျ
မသိရသေးပါဘူး။
ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့
လစာချီးမြှင့်ငွေပြင်ဆင်ရေးဥပဒေကို သမ္မတထံပေးပို့သွားမှာဖြစ်ပြီး
သမ္မတလက်မှတ်မထိုးလည်း ၁၄ ရက်အတွင်း ဥပဒေက အတည်ဖြစ်မှာပါ။
ဥပဒေအတည်ဖြစ်ပြီးရင်တော့ လွှတ်တော်အမတ်တွေ တိုးမြှင့်လစာ ခံစားကြရမှာ
ဖြစ်ပါတယ်။
By ရွှေအောင် (ဒီဗွီဘီ)