“ပြည်သူတွေနဲ့ ရင်ဆိုင်ထိပ်တိုက် တွေ့တဲ့အချိန်မှာတော့ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေချိုးဖောက် ရိုက်နှက်တာ တွေရှိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တဲ့အတွက် လာပြသူရဲ့ဆန္ဒလည်း ပြည့်သွားအောင် ကျွန်တော်တို့ လုံခြုံရေးဆိုဒ်ကလည်း လုံခြုံရေး ချိုးဖောက်မှု မရှိအောင် အားလုံး တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေအောင် သဘောမျိုးနဲ့ လုံခြုံရေးယူပေးတဲ့ သဘောပါပဲ။ အရေးယူ ဆောင်ရွက်ဖို့ မရှိပါဘူး” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အများအပြားကို တရုတ်ကောင်စစ်ဝန် ရုံးရှေ့တွင် လုံခြုံရေးချထားပြီး အင်အားနှင့် ပတ်သက်၍ ဖြေကြားနိုင်ခြင်း မရှိဟု ၎င်းက ပြောဆိုသည်။
ဆန္ဒပြသူများသည် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီခန့်အထိ ၇၃ လမ်း မင်္ဂလာဈေးမှ ၃၅ လမ်းအထိ လည်းကောင်း၊ ယင်းမှ ၆၅ လမ်းရှိ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန် ရုံးရှေ့အထိ လည်းကောင်း ရောက်ရှိခဲ့ပြီး လုံခြုံရေး ယူထားသည့် ပထမစည်းကို ဖြတ်ကျော်နိုင်ခဲ့ကာ ယင်းနေရာတွင် တစ်နာရီခန့် ထိုင်သပိတ် ပြုလုပ်ခဲ့ကြောင်း၊ ယင်းမှ ပြန်လည်ထွက်ခွာကာ ၆၆ လမ်းအတိုင်း လမ်း ၃၀ ကို ကွေ့ကာ ၇၈ လမ်း ဘူတာကြီးရှေ့အထိ လည်းကောင်း ယင်းမှ ၇၃ လမ်း မင်္ဂလာဈေးရှေ့တွင် ငြိမ်းချမ်းစွာဖြင့် ပြီးဆုံးခဲ့ကြကြောင်း ယင်းဆန္ဒပြပွဲအရ သိရှိရသည်။
ဆန္ဒထုတ်ဖော်သည့် နိုင်ငံရေး အင်အားစုများက လက်ပံတောင်းအရေးနှင့် ပတ်သက်ပြီး တင်ပြသည့် စာတစ်စောင်ကို တရုတ်ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူတစ်ဦးထံ လုံခြုံရေး တာဝန်ရှိသူများက တစ်ဆင့်လက်ခံနိုင်ရန် ဆောင်ရွက်သော်လည်း ယင်းရုံး တာဝန်ရှိသူများက ငြင်းဆိုသည်။
ယင်းလက်ပံတောင်းအရေး ဆန္ဒထုတ်ဖော်ပွဲတွင် ဦးပိုင်၊ ဝမ်ပေါင်အလိုမရှိ၊ လူသတ်အစိုးရ အလိုမရှိ၊ လယ်သမားရန်သူ တို့ရန်သူ၊ အလုပ်သမားရန်သူ တို့ရန်သူ၊ ပြည်သူ့ရန်သူ တို့ရန်သူ စသည့် ကြွေးကြော်သံများ ပါဝင်မည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။
မန္တလေးနိုင်ငံရေး အင်အားစုများက လက်ပံတောင်းအရေး ဆန္ဒထုတ်ဖော်ပွဲကို ဆက်လက်ပြုလုပ်ရန် ရှိပြီး နေ့ရက်ကို ထပ်မံကြေညာမည်ဟု ၎င်းတို့က ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လက်ပံတောင်း ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်မှုကြောင့် ဒေသခံနှင့် ရဲတပ်ဖွဲ့ကြား ပြင်းထန်သည့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ဒေသခံအချို့ ဒဏ်ရာရရှိခဲ့သည်။ လက်ပံတောင်းတောင် အရေးကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့၊ မြင်းခြံမြို့၊ မိတ္ထီလာမြို့တို့တွင် ဆန္ဒပြပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။
The Voice