မုံရွာ၊ ဒီဇင်ဘာ ၂၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် ရဲတပ်ဖွဲ့၏ အကာအကွယ် ရယူကာ ဝမ်ပေါင်ကုမ္ပဏီက ခတ်ထားသော ခြံစည်းရိုးကို ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲတွင် လက်ပံတောင်း ဒေသခံ ၅၀၀ ကျော်က ပြန်လည်ဖျက်သိမ်းခဲ့ရာ ဒေသခံတောင်သူများက ခြံစည်းရိုးကို ဖြိုဖျက်နေချိန်တွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ခဲ့ကြောင်း လက်ပံတောင်း ဒေသခံများက ပြောကြားသည်။
“ဆည်းတည်းရွာနဲ့ တုံရွာကြားက အဓမ္မ သိမ်းယူခတ်ထားတဲ့ ခြံစည်းရိုး ကိုက် ၅၀ ကျော်ကို ပြန်ဖျက်လိုက်တာပါ။ ဆည်းတည်း၊ မိုးကြိုးပြင်၊ တုံရွာ စတဲ့ ကျေးရွာတွေက တောင်သူတွေ ပါတယ်။ ရဲတွေကတော့ ကိုယ်ထိလက်ရောက် လာတားတာတော့ မရှိဘူး။ သေနတ်ထောင် ပစ်တယ်” ဟု ဒေါ်ဝင်းဌေးက ဆိုသည်။
ဝမ်ပေါင်ကုမ္ပဏီက ခတ်ထားသော ခြံစည်းရိုးကို ဖျက်သိမ်းပြီးနောက်တွင် မတရားသိမ်းယူ ခံခဲ့ရေသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဆည်းတည်းရွာ၏ အရှေ့မြောက်ဘက်တွင် ဆုံးရှုံးသွားသော လယ်ယာမြေများ ပြန်လည်ရရှိရေး စခန်းကို ဖွင့်လှစ်ခဲ့ကြောင်း တုံကျေးရွာ ဒေသခံ တောင်သူများက ပြောကြားသည်။
ဒီဇင်ဘာ ၂၂ ရက်နေ့မှ စတင်ကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် ဝမ်ပေါင်ကုမ္ပဏီ ရဲတပ်ဖွဲ့၏ အကူအညီဖြင့် လျော်ကြေးရယူထားခြင်း ယာမြေများတွင် ခြံစည်းရိုးခတ်ရာမှ ဒေသခံတောင်သူများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်ရွာမှ အသက် ၅၃ နှစ်အရွယ်ရှိ ဒေါ်ခင်ဝင်းမှာ နဖူးတွင် သေနတ်ကျည်ဆံ ထိမှန်သေဆုံးခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်ဖြစ်သူ ဒေါ်ခင်စန်းလှိုင်၊ ပညာရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမင်းခင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင် ဦးဆောင်သောအဖွဲ့ကို တွေ့ဆုံရာ၌ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကို လိုက်နာရန် အားနည်းခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
“လိုက်နာမှု အားနည်းတာ မဟုတ်ပါဘူး။ အစတည်းကိုက မလိုက်နာတာပါ။ ယုံကြည်ကိုးကွယ်မှုအရ လယ်တီသိမ်နဲ့ စေတီ ရွေ့ပြောင်းတဲ့ ကိစ္စမှာဆိုရင် ရှေးမူမပျက် ပြောင်းရွေ့ပေးဖို အစီရင်ခံစာမှာ အကြံပြုခဲ့ပေမယ့် ဒေါ်လာသန်းချီ ကုန်မယ်ဆိုပြီး မလုပ်ခဲ့ဘူး” ဟု လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ပညာရှင်အဖွဲ့ဝင် ဦးမင်းခင်က ဆိုသည်။
ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဖြစ်ပွားသော ပဋိပက္ခကြောင့် လက်ပံတောင်း ဒေသခံတစ်ဦး သေဆုံးမှုနှင့် ပတ်သတ်ပြီး တရုတ်အစိုးရနှင့် ဝမ်ပေါင်ကုမ္ပဏီက မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲခဲ့ရကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သော်လည်း မြန်မာအစိုးရကမူ ရက်သတ္တတစ်ပတ် ပြည့်မြောက်သည့် အချိန်ထိ ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။
The Voice